← Chapters

ရဲတင်းလွန်းလှခြင်း

Vol. 46 Ch. 638

ရဲတင်းလွန်းလှခြင်း

Vol. 46 Ch. 638

ကောင်းကင်ထက်တွင် ရှိနေသော ဇူယွမ်မှာ ပုံရိပ်ဖမ်းကြေးမုံပြင်အား ဖျက်စီးလိုက်ပြီးနောက် ချီစွမ်းအင်များအား ဖြည်းညင်းစွာ ပြန်လည်ရုတ်သိမ်းလိုက်သည်။ ထို့နောက် အဝေးမှစောင့်ကြည့်နေကြသော ကျိုးချူးချင်ယု၊ လီချွမ်းကျင်နှင့် နင်ကျန်းတို့အား ကြည့်ရှုလိုက်သည်။

မည်သို့ပင်ဆိုစေကာမူ ယခုအချိန်မှာ စကားစမြည်ပြောဆိုရန် အချိန်အခါ မဟုတ်သေးသောကြောင့် ဇူယွမ်မှာ စိုးရိမ်ပူပန်နေသော မျက်ဝန်းများဖြင့် အဆိပ်ချီများဖြင့် ပြည့်နှက်နေသော စိတ်ဝိဉာဉ်ဖိနှိပ်ခြင်းတောင်တန်းအား လှည့်ကြည့်လိုက်သည်။ ဇူယွမ်မှာ အနည်းငယ်မျှပင် တွေဝေတုံ့ဆိုင်းမနေပဲ ထိုတောင်တန်းပေါ်သို့ ပျံဝဲဆင်းသက်လိုက်သည်။

ယခုအချိန်၌ အရေးအကြီးဆုံးမှာ ယောင်ယောင်အား အလျင်မြန်ဆုံး တွေ့ရှိရန်ပင် ဖြစ်သည်။

ဇူယွမ်မှာ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်နှင့်တစ်ပြိုင်နက် စိတ်ဝိဉာဉ်နာကျင်မှုအား ခံစားလိုက်ရသည်။ ၎င်းမှာ တောင်တန်းပေါ်တွင် ရှိနေသော စိတ်ဝိဉာဉ်ဖိနှိပ်ခြင်းကျောက်ဆောင်များထံမှ ထွက်ပေါ်နေသော စွမ်းအင်လှိုင်းများကြောင့်ပင် ဖြစ်ပေလိမ့်မည်။

ဇူယွမ်၏ စိတ်ဝိဉာဉ်မှာ ဖိနှိပ်ခြင်း ခံနေရပါသော်လည်း ချီစွမ်းအင်များမှာ အကောင်းပကိအတိုင်း စီးဆင်းလည်ပတ်နေဆဲပင် ဖြစ်သည်။

ဇူယွမ်မှာ အဆိပ်ချီများအား ရွှေရောင်ချီစွမ်းအင်များဖြင့် ကာဆီးထားလျက် စိတ်ဝိဉာဉ်ဖိနှိပ်ခြင်းတောင်တန်းအနှံ့ လှည့်ပတ်ကြည့်ရှုလိုက်သည်။

ဇူယွမ်မှာ တောင်တန်းအနှံ့ ကြည့်ရှုလျက် မျက်မှောင်ကျုံ့ကာ အော်ဟစ်လိုက်၏။

"ယောင်ယောင်....."

ဇူယွမ်၏ အော်ဟစ်သံမှာ တောင်တန်းတလျှောက် ပဲ့တင်ထပ်သွားလေသည်။

သို့သော် မည်သည့်တုန့်ပြန်မှုတစ်စုံတစ်ရာမှ ပြန်လည်ကြားရခြင်း မရှိပါချေ။

ဇူယွမ်မှာ အလွန်ပင် စိုးရိမ်သောကရောက်နေရပြီ ဖြစ်သည်။ ယောင်ယောင်များ တစ်ခုခုဖြစ်သွားခဲ့လျှင်ဟူသော အတွေးမှာလည်း သူ၏သွေးကြောများအား ဆူပွက်လာစေသည်။

ယောင်ယောင်သာ တစ်ခုခုဖြစ်သွားခဲ့ပါက မြင့်မြတ်သောနန်းတော်မှ တပည့်များအား တစ်ယောက်မကျန် ရှင်းလင်းသုတ်သင်လိုက်လျှင်ပင် သူ၏နှလုံးသားထဲမှ အာဃာတများအား ဖြေဖျောက်ပစ်နိုင်လိမ့်မည် မဟုတ်ပေ။

ဇူယွမ်မှာ စိတ်ဝိဉာဉ်ဖိနှိပ်ခြင်းတောင်တန်းတလျှောက် အချိန်အနည်းငယ်မျှ ဆက်လက်ရှာဖွေနေပြီးနောက် အဆိပ်ချီများဖြင့် ပြည့်နှက်နေသော တောင်တန်းအတွင်းပိုင်းတစ်နေရာဆီသို့ ဝင်ရောက်သွားလိုက်သည်။

ဇူယွမ်မှာ ခြေလှမ်းများ အလွန်ပင် လေးလံနေပြီး နှလုံးသားတစ်ခုလုံး ကြေမွနေသည်ဟု ခံစားနေရသည်။ ဇူယွမ်မှာ ဆက်လက်လျှောက်လှမ်းရန် အားအင်များမရှိတော့သည့်အလား မြေပြင်ပေါ်တွင် ဒူးထောက်ကျသွားရ၏။

"ယောင်ယောင်.....ယောင်ယောင်....." ဇူယွမ်မှာ အရူးတစ်ယောက်ကဲ့သို့ ယောင်ယောင်၏အမည်အား ရေရွတ်နေမိသည်။

"နင်ဘာလုပ်နေတာလဲ။"

ထိုအချိန်၌ တောင်တန်းတစ်နေရာမှ ကြည်လင်ပြတ်သားသည့် အသံတစ်ခုအား ကြားလိုက်ရသည်။

ဇူယွမ်၏ အမူအရာမှာ ပြောင်းလဲသွားရပြီးနောက် အသံကြားရာနေရာသို့ လှည့်ကြည့်လိုက်သောအခါတွင် မြေပြင်ပေါ်သို့ ရုတ်တရက်ပေါ်ထွက်လာသော ရင်းနှီးနေသည့် ပုံရိပ်လေးအား တွေ့ရှိလိုက်ရသည်။ သူမသည် အဝတ်အစားများပေါ်တွင် ပေကျံနေသော ဖုန်မှုန့်များအား ခါထုတ်လျက် တောက်ပနေသော မျက်ဝန်းလေးများဖြင့် ဇူယွမ်အား ကြည့်ရှုနေလျက် ရှိသည်။

ထိုပုံရိပ်လေးမှာ ယောင်ယောင်ပင် ဖြစ်လေသည်။

"ယောင်ယောင်....." ဇူယွမ်မှာ အံ့အားသင့်စွာဖြင့်  ရေရွတ်လိုက်မိသည်။

အဘယ့်ကြောင့် ယောင်ယောင်မှာ မြေပြင်တွင်းမှ ပေါ်ထွက်လာရပါသနည်း....

ယောင်ယောင်မှာ ခပ်ဖွဖွပြုံးလိုက်ပြီးနောက် ဇူယွမ်အားကြည့်ကာ စကားဆိုလိုက်သည်။ " စိတ်ဝိဉာဉ်ဖိနှိပ်ခြင်းတောင်တန်းက ငါ့ကိုဖိနှိပ်နိုင်လိမ့်မယ်လို့ နင်ထင်နေတာတော့ မဟုတ်ပါဘူးနော်။ အမှန်တော့ ငါအဲ့နှစ်ကောင်ကို သတ်ပစ်မလို့ပဲ။ ဒါပေမယ့် ဒီနေရာမှာရှိတဲ့ လျှို့ဝှက်ရောင်စဉ်ခုနစ်သွယ် ရတနာတည်နေရာတစ်ခုကို အာရုံခံလိုက်မိတာနဲ့ပဲ သူတို့ကိုဂရုမစိုက်ပဲ ထားခဲ့လိုက်တာ။"

ယောင်ယောင်မှာ ရောင်စဉ်ခုနစ်သွယ် လင်းလက်တောက်ပနေသော သလင်းကျောက်တစ်ခုအား ထုတ်ယူပြသကာ ပြုံး၍ပြောလိုက်သည်။ "တွေ့လား။ ငါရောင်စဉ်ခုနစ်သွယ် ရတနာတစ်ခုကို ထပ်ရှာလာခဲ့နိုင်ပြီ။ နင့်အကြွေးတွေ အကုန်ဆပ်ပေးနိုင်ဖို့က သိပ်မလိုတော့ပါဘူး။"

ယောင်ယောင်မှာ သူမ၏လုပ်ရပ်အား ကျေနပ်အားရနေဟန် ရှိသည်။

ဝှစ်....

ဇူယွမ်မှာ ယောင်ယောင်ထံသို့ ပြေးဝင်ကာ တင်းကြပ်စွာ ဖက်တွယ်ထားလိုက်သည်။ ဇူယွမ်၏ ဖက်တွယ်ထားမှုမှာ တင်းကြပ်လွန်းလှသဖြင့် ယောင်ယောင်မှ တွန်းဖယ်ရန် ကြိုးစားပါသော်လည်း စိတ်ဝိဉာဉ်စွမ်းအင် အားနည်းနေသောကြောင့် အလုပ်မဖြစ်ခဲ့ချေ။

"ယောင်ယောင်....မင်းအဆင်ပြေနေတာ တော်သေးတာပေါ့..." ဇူယွမ်မှာ ယောင်ယောင်အား ပွေ့ဖက်ထားရင်းဖြင့် ထိုစကားလုံးများကိုသာ အထပ်ထပ်အခါခါ ပြောဆိုနေလျက် ရှိသည်။ ဇူယွမ်မှာ ယောင်ယောင်အား အလွန်ပင် စိုးရိမ်ပူပန်နေခဲ့ရခြင်း ဖြစ်၏။

ယောင်ယောင်မှာ ဇူယွမ်အား တွန်းဖယ်ခြင်း မပြုတော့ပဲ သူမ၏နှုတ်ခမ်းသားလေးကိုသာ ခပ်ဖွဖွ ဖိကိုက်လိုက်မိသည်။ ယခုကဲ့သို့ ဇူယွမ် အလွန်အမင်း အသိစိတ်ပျောက်လောက်အောင် စိုးရိမ်ပူပန်နေသည်ကို မြင်တွေ့ရခြင်းမှာ သူမအတွက် ပထမဆုံးအကြိမ်ပင် ဖြစ်သည်။ စွမ်းအင်ဝင်ပေါက်ရှစ်ခုအား ရှာဖွေတွေ့ရှိခြင်း မရှိခဲ့သော အချိန်များကပင် ဇူယွမ်မှာ ယခုကဲ့သို့ ကြောက်ရွံ့တုန်လှုပ်နေခြင်း မရှိခဲ့ဖူးပေ။ လက်ရှိအချိန်၌ ဇူယွမ်မှာ မည်မျှအထိ စိုးရိမ်သောကရောက်နေရသည်ကို ယောင်ယောင်မှ ခံစားနားလည်သွားမိသည်။

ယောင်ယောင်မှာ နှလုံးသားထဲမှ ထူးခြားသော ခံစားချက်အမျှင်တန်းတစ်ခုအား ရှာဖွေတွေ့ရှိသွားသကဲ့သို့ ခံစားလိုက်မိသည်။ ထိုနူးညံ့သိမ်မွေ့လှသော ခံစားချက်အမျှင်တန်းလေးမှာ သူမ၏ စိတ်ဝိဉာဉ်အား အနက်ရှိုင်းဆုံးနေရာထိ လင်းလက်တောက်ပသွားစေသကဲ့သို့ ခံစားရသည့်အတွက် နဂိုပန်းနုရောင်သမ်းနေတက်သော ပါးပြင်နုနုလေးများသည်ပင် မက်မွန်သီးရောင် ပေါက်လာရသည်။

ကမ္ဘာလောကကြီးတစ်ခုလုံး ရပ်တန့်သွားသည့်အလား အသက်ရှူရန်ပင် မေ့လျော့သွားရသည့်အလား ခံစားနေမိသည်။

ယောင်ယောင်မှာ ဇူယွမ်၏ကျောပြင်အား ဖြည်းညင်းစွာပုတ်လျက် နူးညံ့လှသောအသံဖြင့် ပြောလိုက်သည်။ "ဘာမှမဖြစ်ပါဘူး။ ငါတကယ်အဆင်ပြေပါတယ်။"

ယောင်ယောင်၏ ချိုမြလှသော စကားသံမှာ ဇူယွမ်၏ နှလုံးသားထဲမှ စိုးရိမ်ပူပန်မှုများအား ဖြည်းညင်းစွာ ပျောက်ကွယ်သွားစေ၏။ ဇူယွမ်မှာ စိတ်သက်သာရာ ရသွားဟန်ဖြင့် အသက်ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်ပြီးနောက် ယောင်ယောင်၏ ခန္ဓာကိုယ်လေးအား တင်းကြပ်စွာ ထွေးပွေ့ထားသည်ကို သတိရမိသွားသည်။

"ယောင်ယောင်ရဲ့ ခန္ဓာကိုယ်လေးက တကယ်နွေးထွေးပြီး ထွေးပွေ့ထားချင်စရာကောင်းတာပဲ။" ဇူယွမ်မှာ အတွေးစအချို့အား တွေးမိသွား၏။

ယခုကဲ့သို့ ယောင်ယောင်အား တင်းကြပ်စွာ ထွေးပွေ့ထားရခြင်းမှာ ဇူယွမ်အတွက် ပထမဆုံးအကြိမ်ပင် ဖြစ်သည်။

ဇူယွမ်မှာ ယောင်ယောင်၏ ဖွေးနုသော ရွှေလည်တိုင်လေးနှင့် နီရဲနေသော နားဖျားလေးအား ငုံ့ကြည့်လိုက်ပြီးနောက် စိတ်မထိန်းနိုင်ဟန်ဖြင့် ယောင်ယောင်၏ နားဖျားလေးအား ခပ်ဖွဖွ ဖိကိုက်လိုက်လေသည်။

ဇူယွမ်မှာ ထွေးပွေ့ထားသော ယောင်ယောင်၏ ခန္ဓာကိုယ်လေးမှာ ချက်ချင်းဆိုသလို တောင့်တင်းသွားသည်ကို ခံစားလိုက်ရသည်။

ဇူယွမ်မှာ အသိစိတ်ပြန်ဝင်လာပြီးနောက် ယောင်ယောင်၏ ခန္ဓာကိုယ်လေးအား အလောတကြီး လွှတ်ပေးလိုက်၏။ ယောင်ယောင်၏ မျက်နှာမှာ ခရမ်းချဉ်သီး တစ်လုံးကဲ့သို့ ရဲတွတ်နေကာ ရှက်ရွံ့ဒေါသထွက်နေဟန်ဖြင့် ဇူယွမ်အား ကြည့်ရှုနေလေသည်။

ဇူယွမ်မှ လျင်မြန်စွာ စကားဆိုလိုက်သည်။ "ယောင်ယောင်.....ငါပြောတာ နား...နားထောင်ပါဦး။ ငါ....ငါလည်း....ငါဘာလုပ်လိုက်မိမှန်း မသိဘူး။"

ယောင်ယောင်မှ မျက်မှောင်ကျုံ့ကာ ပြောလိုက်သည်။ "ဇူယွမ်....နင်တော်တော် ရဲတင်းလွန်းတယ်။"

ယောင်ယောင်မှာ လက်သီးဆုပ်လျက် စိတ်ဝိဉာဉ်မီးတောက်အား ထွက်ပေါ်စေလိုက်သည်။

ဇူယွမ်မှာ ယောင်ယောင်အားကြည့်ကာ ပြောလိုက်သည်။ "ယောင်ယောင်....ယောင်ယောင်....ငါ့ကိုရှင်းပြခွင့်ပေးပါဦး။"

ဝုန်း....

စိတ်ဝိဉာဉ်မီးတောက်မှာ လေထုကိုပင် လောင်ကျွမ်းစေလျက် ဇူယွမ်ထံသို့ ပျံဝဲလာလေတော့သည်။

"အား......"

ဇူယွမ်မှာ ခေါင်းအားကုပ်လျက် အော်ဟစ်ကာ ထွက်ပြေးရလေသည်။

ဝုန်း....ဝုန်း....

"အား......အား......"

စိတ်ဝိဉာဉ်ဖိနှိပ်ခြင်းတောင်တန်း၏ အပြင်ဖက်တွင် ရှိနေကြသော ကျိုးချူးချင်ယု၊ လီချွမ်းကျင်နှင့် နင်ကျန်းတို့မှာ ကျယ်လောင်လှသော အော်ဟစ်သံများကြောင့် တစ်ဦးကိုတစ်ဦး နားမလည်နိုင်စွာ ကြည့်ရှုလိုက်ကြသည်။

စိတ်ဝိဉာဉ်ဖိနှိပ်ခြင်းတောင်တန်းထဲမှာ မြင့်မြတ်သောနန်းတော်က ရွေးချယ်ခံ နောက်တစ်ယောက်များ ရှိနေတာလား.....

ဘယ်သူကများ ဇူယွမ့်ကို နှိပ်စက်နေတာပါလိမ့်......

All Chapters