← Chapters

ကောင်းချီးများပေါ်ပေါက်လာခြင်း

Vol. 46 Ch. 639

ကောင်းချီးများပေါ်ပေါက်လာခြင်း

Vol. 46 Ch. 639

ကျိုးချူးချင်ယုတို့သုံးဦးမှာ စိတ်ဝိဉာဉ်ဖိနှိပ်ခြင်းတောင်တန်းအတွင်းမှ ထွက်လာကြသော ယောင်ယောင်နှင့် သနားစဖွယ် အနေအထားဖြစ်နေသော ဇူယွမ်အား အံ့အားသင့်စွာဖြင့် ကြည့်ရှုနေမိကြသည်။ အစောပိုင်း၌ မည်သူမျှ ရပ်တန့်မရလောက်အောင် ဒေါသထွက်နေခဲ့သော ဇူယွမ်သည် ယခုအခါတွင် အလုံးစုံ သနားစဖွယ် အမူအရာ ဖြစ်နေရသည်။

"ဇူယွမ် မင်းခုနက အထဲက အဆိပ်ချီတွေများ မိလာတာလား။ " နင်ကျန်းမှ အံ့အားသင့်စွာဖြင့် မေးမြန်းလိုက်သည်။

ဇူယွမ်မှာ ကန်ရေပြင်တစ်ခုအလား တည်ငြိမ်နေသော ယောင်ယောင်အား တစ်ချက်မျှ ကြည့်ရှုလိုက်ပြီးနောက် ရှက်ရွံ့စွာဖြင့်ရယ်မောကာ စကားဆိုလိုက်သည်။ "ဟားဟား....မဟုတ်ပါဘူး။ ရွေးချယ်ခံနှစ်ယောက်ကို ချရတာက ငါထင်တာထက်ပိုပြီး ပင်ပန်းတယ်ကွ။ တိုက်ခိုက်ပြီးတော့မှပဲ ခန္ဓာကိုယ်က နာလာတော့တာ။ "

ကျိုးချူးချင်ယုတို့မှာ ဇူယွမ်၏ အကြောင်းပြချက်အား အကြွင်းမဲ့ ယုံကြည်သွားကြသည်။ မြင့်မြတ်သောနန်းတော်၏ ရွေးချယ်ခံနှစ်ဦးအား သတ်​ဖြတ်ပစ်ရန်မှာ လွယ်ကူသော ကိစ္စရပ်တစ်ခု မဟုတ်ပါချေ။

"ယောင်ယောင် နင်ဘာမှမဖြစ်တာ တော်သေးတာပေါ့။ " ကျိုးချူးချင်ယုမှာ အရှေ့သို့ လျှောက်လှမ်းလာပြီးနောက် ယောင်ယောင်၏လက်အား ဆုပ်ကိုင်ကာ စိတ်သက်သာရာ ရနေဟန်ဖြင့် စကားဆိုလိုက်သည်။

ယောင်ယောင်မှာလည်း နွေးထွေးကြင်နာသော အမူအရာဖြင့် ကျိုးချူးချင်ယု၏လက်အား ပြန်လည်ဆုပ်ကိုင်လိုက်လေသည်။ ကျိုးချူးချင်ယု၊ လီချွမ်းကျင်နှင့် နင်ကျန်းတို့မှာ သူမအား ကယ်တင်ရန်အတွက် ဤနေရာသို့ ရောက်လာကြခြင်းဖြစ်ကြောင်း ယောင်ယောင်မှ သိရှိနေသောကြောင့် သူမ၏နှလုံးသားမှာ နွေးထွေးနေသကဲ့သို့ ခံစားမိရသည်။

ကျိုးချူးချင်ယုတို့မှာ ရဲဝင့်စွာစွန့်စားလျက် ဤနေရာသို့ ရောက်ရှိလာကြခြင်းပင် ဖြစ်သည်။

"ယောင်ယောင့်ကို ထောင်ချောက်ဆင်တာက မြင့်​မြတ်သောနန်းတော်ကဆိုပေမယ့် ဒီကိစ္စမှာ ကောင်းကင်တစ္ဆေကလန်ကလည်း ပါဝင်ပက်သတ်ခဲ့တယ်။ မြင့်မြတ်သောနန်းတော်က ယောင်ယောင့်ကို ထောင်ချောက်ဆင်ထားတဲ့အကြောင်းကိုလည်း ကောင်းကင်တစ္ဆေကလန်ကပဲ ငါတို့ဆီ လျှို့ဝှက်သတင်းပေးလာတာ။ " လီချွမ်းကျင်မှ ဇူယွမ်ရှိရာဖက်သို့လှည့်ကာ ပြောလိုက်သည်။ "ငါတို့ဆီ သတင်းပေးတာ ဘယ်သူဖြစ်မလဲဆိုတာတော့ မင်းသိလောက်တယ်မလား။ "

ဇူယွမ်မှာ ခေါင်းညိတ်ပြလိုက်သည်။ လီချွမ်းကျင်တို့ထံ ယောင်ယောင်၏အကြောင်းအား လျှို့ဝှက်သတင်းပေးပို့လာသူမှာ ကျိန်းရွှီးမှလွဲ၍ မည်သူမျှ မဖြစ်နိုင်ပါချေ။ လက်ရှိအချိန်၌ ကောင်းကင်တစ္ဆေကလန်တွင် ကျိန်းရွှီး၏ အနေအထားမှာ သူ၏ဆန္ဒသဘောထားအား ပွင့်လင်းမြင်သာစွာ ထုတ်ဖော်ပြသနိုင်သော အခြေအနေ မဟုတ်သေးသောကြောင့် လီချွမ်းကျင်တို့ထံသာ လျှို့ဝှက်၍ သတင်းစကားပါးပေးခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

ကောင်းကင်တစ္ဆေကလန်၏ တပည့်တစ်ဦးအနေဖြင့် ယခုကဲ့သို့ သတင်းစကားပါးပေးခြင်းကပင် ကျိန်းရွှီးလုပ်နိုင်သော အနေအထား၏ အကန့်အသတ်သို့ ရောက်ရှိနေပြီပင် ဖြစ်သည်။

ထို့ကြောင့် ဇူယွမ်မှာ ကျိန်းရွှီးအား အမှန်တကယ်ပင် ကျေးဇူးတင်မိပေသည်။

ကန်းမင်တိုက်ကြီးထံမှ အတူတကွ ထွက်ခွာလာကြသော မိတ်ဆွေသူငယ်ချင်းများမှာ ယခုအချိန်ထိ နှလုံးသားများ နွေးထွေးနေကြဆဲပင် ဖြစ်သည်။

"မြင့်မြတ်သောနန်းတော်ကကောင်တွေက ယောင်ယောင့်ကို ထောင်ချောက်ဆင်တာ ငါ့ကြောင့်ပဲ။ " ဇူယွမ်မှ ပြောလိုက်သည်။ ယောင်ယောင်မှာ ဇူယွမ်၏ အကြွေးများအား ဆပ်ပေးရန်အတွက် ယခုရက်ပိုင်းအတွင်း ရတနာတည်နေရာများသို့ ဆက်တိုက်ဆိုသလို ထွက်ခွာနေသည်ပင် ဖြစ်သည်။ ထိုကဲ့သို့ ရတနာတည်နေရာများအား အဆက်မပြတ် သွားရောက်နေခြင်းကို မြင့်မြတ်သောနန်းတော်မှ သတိထားမိသွားကာ ယောင်ယောင်အား ထောင်ချောက်ဆင်ရန် ကြိုးစားခဲ့ခြင်းပင် ဖြစ်ပေလိမ့်မည်။

"နင်နည်းနည်းလောက် ပိုပြီးသတိထားပေးရင် ကောင်းလိမ့်မယ်။ ယောင်ယောင်သာ တစ်ခုခုဖြစ်ရင် ငါနင့်ကိုခွင့်လွှတ်မှာ  မဟုတ်ဘူး။ " ကျိုးချူးချင်ယုမှ လက်သီးထောင်ပြကာ ဇူယွမ်အား ပြောလိုက်သည်။

ဇူယွမ်မှာ ကျိုးချူးချင်ယုအား အားယူကာ ပြုံးပြလိုက်သည်။

"ဝေါင်း...."

ယင်းတို့အားလုံး စကားစမြည် ပြောဆိုနေကြစဉ်မှာပင် ကမ္ဘာမြေပြင် တုန်ဟီးမတက် ဟိန်းဟောက်သံတစ်ချက်အား ကြားလိုက်ရပြီးနောက် ကြီးမားခမ်းနားလှသော သားရဲကြီးတစ်ကောင် ကောင်းကင်ထက်မှ ပျံဝဲဆင်းသက်လာလေသည်။

သားရဲကြီးမှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှပြီး ၎င်း၏ခြေဖဝါးအောက်၌ ပြင်းထန်လှသော ချီစွမ်းအင်များ ဝေ့ဝဲနေလျက် ရှိသည်။ ထိုသားရဲကြီးမှာ ထန်ထန်ပင် ဖြစ်၏။

ထန်ထန်၏ မျက်ဝန်းများမှာ အေးစက်ခက်ထန်နေပါသော်လည်း ဇူယွမ်၊ ယောင်ယောင်နှင့် အခြားသူများအား အန္တရာယ်ကင်းစွာ တွေ့ရှိလိုက်ရသည်နှင့်တစ်ပြိုင်နက် ချစ်စဖွယ်ခွေးလေးတစ်ကောင်အလား မျက်ဝန်းများ ဝိုင်းစက်သွားရသည်။

ဝှစ်.....

ထန်ထန်၏ ကြီးမားလှသော သားရဲခန္ဓာကိုယ်ကြီးမှာ ချစ်စဖွယ်သတ္တဝါလေးအသွင်သို့ ပြောင်းလဲသွားသည်။

ထန်ထန်မှာ ဇူယွမ်၏ခေါင်းပေါ်သို့ ခုန်တက်လိုက်ပြီးနောက် ယောင်ယောင်အား နှုတ်ဆက်ကာ သူ၏သေးငယ်သော လက်သည်းလေးများဖြင့် ဇူယွမ်၏ ဆံပင်များအား ဖွပစ်လိုက်သည်။

ယောင်ယောင်မှာ ထန်ထန်သည် သူမအား အလွန်အမင်း စိုးရိမ်နေခဲ့ခြင်းဖြစ်ကြောင်း ခံစားမိပေသည်။ ထို့အပြင် ထန်ထန်မှာ ပြင်းထန်သော တိုက်ပွဲတစ်ခုအား ရင်ဆိုင်ခဲ့ရခြင်း ဖြစ်ပေလိမ့်မည်။

ယောင်ယောင်မှာ ဇူယွမ်၏ခေါင်းပေါ်တွင် ရှိနေသော ထန်ထန်အား ပွတ်သပ်ပေးလိုက်ပြီးနောက် နူးညံ့ညင်သာစွာ စကားဆိုလိုက်သည်။ "စိတ်မပူနဲ့တော့နော်။ အခုအားလုံး အဆင်ပြေသွားပြီ။ "

ထန်ထန်ရောက်ရှိပြီး မကြာမီမှာပင် ကောင်းကင်ထက်မှ ပုံရိပ်လေးခု ထပ်မံဆင်းသက်လာကြသည်။ ထိုပုံရိပ်လေးခုအား ဦးဆောင်ထားသူမှာ ခုန်းရှန်ဖြစ်ပြီး ကျောင်းဇူလည်း ထိုအထဲတွင် ပါဝင်နေလျက် ရှိသည်။

"မြင့်မြတ်သောနန်းတော်က ရွေးချယ်ခံတွေ ဘယ်မှာလဲ။ " ခုန်းရှန်မှ မျက်မှောင်ကျုံ့လျက် ယောင်ယောင်နှင့် ဇူယွမ်အားကြည့်ကာ မေးလိုက်သည်။ ဓားကပ်ဘေးတောင်ထွတ်မှ တပည့်တစ်ဦးအနေဖြင့် ဇူယွမ်နှင့် ယောင်ယောင်အား အတော်ပင် မျက်မုန်းကျိုးမိပါသော်လည်း ထိုအရေးကိစ္စသည် ကလန်အတွင်း၌သာဖြစ်သင့်ကြောင်း ခုန်းရှန်မှ ကောင်းစွာသိရှိထားသည်။ ထို့ကြောင့် လီချင်းချန်ထံမှ ယောင်ယောင်အကြောင်း သတင်းစကား ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် ခုန်းရှန်မှာ စိတ်ဝိဉာဉ်ဖိနှိပ်ခြင်းတောင်တန်းထံသို့ အလျင်အမြန် ထွက်လာခဲ့ခြင်း ဖြစ်လေသည်။

"ဒီနေရာကို မြင့်မြတ်သောနန်းတော်က လိန်ကြွင်းနဲ့ထျယ်မို ရောက်နေတယ်ဆို။ သူတို့နှစ်ယောက်လုံးက ဘယ်သူမှ အားမနည်းကြဘူး။ နှစ်ယောက်လုံးက မြင့်မြတ်သောနန်းတော်က ရွေးချယ်ခံ အဆင့်သတ်မှတ်ချက်မှာ အလယ်အလတ်လောက် ရှိတဲ့သူတွေချည်းပဲ။ "

ကျောင်းဇူမှ ဇူယွမ်အားကြည့်ကာ ဖြည်းညင်းစွာ စကားဆိုလိုက်သည်။ " မင်းကတော်တော် သတိလက်လွတ်ဖြစ်တဲ့ကောင်ပဲ။ ဒီနေရာကို ဘာလို့တစ်ယောက်ထဲ လာရတာလဲ။ တကယ်လို့ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။ "

ဇူယွမ်မှာ အနည်းငယ် ပြုံးလိုက်မိသည်။ ကျောင်းဇူသည် နှစ်သက်သဘောကျစရာ မကောင်းပါသော်လည်း ဤနေရာသို့ အပြေးအလွှား လာရောက်လာခဲ့ခြင်းမှာ အမှန်တကယ်ပင် ကျေးဇူးတင်စရာ ဖြစ်သည်။

"ဇူယွမ်က လိန်ကြွင်းရော ထျယ်မိုရောကို သတ်ပစ်လိုက်ပြီလေ။ " ကျိုးချူးချင်ယုမှ ဝင်ရောက်ပြောဆိုလိုက်သည်။

ကျိုးချူးချင်ယု၏စကားကြောင့် အလွန်ပင် အံ့အားသင့်သွားရပြီးနောက် ကျောင်းဇူမှ မယုံကြည်နိုင်ဟန်ဖြင့် ပြောလိုက်သည်။ " မင်းဘာတွေ လျှောက်ပြောနေတာလဲ။ လိန်ကြွင်းနဲ့ထျယ်မိုက မြင့်မြတ်သောနန်းတော်က ရွေးချယ်ခံတွေနော်။ သူတို့က ဇူယွမ်ကို မယှဉ်နိုင်ဘူးဆိုတာ ဖြစ်နိုင်မလား။ နောက်ဆုံး မယှဉ်နိုင်ဘူးပဲ ထားပါတော့။ ဇူယွမ်လက်ထဲက မလွတ်ဘူးဆိုတာ ဖြစ်နိုင်မှာတဲ့လား။ "

ခုန်းရှန်မှာလည်း ကျိုးချူးချင်ယု၏ စကားများမှာ အခြေအမြစ် ကင်းမဲ့လွန်းလှသည်ဟု ခံစားနေရသည်။ ကန်ရွှမ်းကလန်၏ ရွေးချယ်ခံများအကြားတွင်ပင် လိန်ကြွင်းနှင့်ထျယ်မို နှစ်ဦးစလုံးအား သတ်ဖြတ်နိုင်မည့်သူမှာ အနည်းငယ်မျှသာ ရှိသည်။

ကျိုးချူးချင်ယုမှာ တောင်ကုန်းတစ်ခုအား ညွှန်ပြကာ စကားဆိုလိုက်သည်။ " မယုံရင်သွားကြည့်ပါလား။ အလောင်းက အဲ့နေရာမှာ ရှိနေတုန်းပဲဟာကို။ "

ခုန်းရှန်၊ ကျောင်းဇူနှင့် အခြားသူများမှာ ကျိုးချူးချင်ယု ညွှန်ပြရာသို့ ကြည့်ရှုလိုက်သောအခါတွင် တောင်ကုန်းပေါ်တွင် သေဆုံးလျက်သား ရှိနေသော ရုပ်အလောင်းအား တွေ့ရှိလိုက်ရလေသည်။

ခုန်းရှန်၏ အမူအရာမှာ ထိန်းချုပ်မထားနိုင်လောက်အောင် ပျက်ယွင်းသွားရသည်။

" လိန်ကြွင်းကတော့ ဇူယွမ် ချထည့်လိုက်တာ အလောင်းတောင် မကျန်ဘူး။ " နင်ကျန်းမှ စကားဆိုလိုက်သည်။

ခုန်းရှန်တို့မှာ အချိန်တစ်ခုကြာအောင် မည်သည့်စကားမှ မဆိုနိုင်ပဲ တိတ်ဆိတ်သွားရသည်။ ထိုစကားသာ အမှန်တကယ်ဆိုပါက ဇူယွမ်မှာ မကြာမီအချိန်အတွင်းမှာပင် ကန်ရွှမ်းကလန်၏ ထိပ်သီးပိုင်းသို့ ရောက်ရှိလာတော့မည့် အနေအထားပင် ဖြစ်သည်။

ကျောင်းဇူ၏ အမူအရာမှာလည်း ကြည့်ရှု၍မကောင်းလောက်အောင် ပျက်ယွင်းနေရလေသည်။

ကျောင်းဇူသည် ရွေးချယ်ခံဟူသော ဂုဏ်ပုဒ်ဖြင့် ဇူယွမ်အား အမြဲတစေ အနိုင်ကျင့်ဖိနှိပ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုအခါတွင် သူ၏လုပ်ရပ်များမှာ ပြက်လုံးတစ်ခုသာသာမျှသာ ရှိတော့သည်။ သူသည် လိန်ကြွင်းသို့မဟုတ် ထျယ်မိုတို့နှင့်ပင် စွမ်းအင်ချင်းယှဉ်၍ မမှီနိုင်သော်လည်း ဇူယွမ်မှာ ယင်းတို့နှစ်ဦးလုံးအား သတ်ဖြတ်ပစ်လိုက်ပြီပင် ဖြစ်သည်။ ပြောရမည်ဆိုလျှင် ဇူယွမ်မှာ သူ့ထက် များစွာသာလွန်သွားပြီပင် ဖြစ်လေသည်။

ခုန်းရှန်မှာ လေးနက်သောမျက်ဝန်းများဖြင့် ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။ " ဘာမှမဖြစ်သွားတာ ကောင်းတာပေါ့။ "

"အကိုတော်တို့ကို စိတ်ပူစေခဲ့မိသလို ဖြစ်သွားတယ်။ " ဇူယွမ်မှာ ခုန်းရှန်အား အရိုအသေပြုကာ ပြောလိုက်သည်။

" အဲ့ဒါဆိုရင် ဒီနေရာက ထွက်ခွာဖို့ ပြင်ဆင်ကြရအောင်။ ဒီနေရာက ကောင်းကင်တစ္ဆေကလန်ရဲ့ အခြေချစခန်းနဲ့ တော်တော်နီးတယ်။ ငါတို့အကြာကြီး မနေသင့်ဘူး။ သူတို့က မြင့်မြတ်သောနန်းတော်နဲ့ အတူတူ အလုပ်လုပ်နေကြတာ။ " ခုန်းရှန်မှ ပြောလိုက်သည်။

အခြားသူများမှလည်း ခုန်းရှန်၏စကားအား ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။

ဝုန်း....

၎င်းတို့အားလုံး ထွက်ခွာတော့မည့် အချိန်မှာပင် ပတ်ဝန်းကျင်ရှိ ချီစွမ်းအင်များမှာ ဆူပွက်လာကာ ကြီးမြတ်သောရှန်းဟွတောင်တန်း၏ အနက်ရှိုင်းဆုံး နေရာများထံမှလည်း စွမ်းအင်လှိုင်းလုံးကြီးများ ကောင်းကင်သို့ ထိုးထွက်လာကြသည်။

ထိုစွမ်းအင်လှိုင်းလုံးကြီးများမှာ သာမန်မျက်စိဖြင့်ပင် မြင်တွေ့နေရလေသည်။

" ဘာတွေဖြစ်နေတာလဲ။ " ကျောင်းဇူမှ အထိတ်တလန့်ဖြင့် ရေရွတ်လိုက်ကြသည်။

ယောင်ယောင်မှာ ကြီးမြတ်သောရှန်းဟွတောင်တန်း၏ အနက်ရှိုင်းဆုံးအရပ်သို့ လေးနက်စွာ ကြည့်ရှုလိုက်ပြီးနောက် ဖြည်းညင်းစွာ စကားဆိုလိုက်သည်။ "ကြီးမြတ်သောရှန်းဟွတောင်တန်းကို ကာရံထားတဲ့ အစီအရင်က ကျိုးပြတ်သွားပြီ။ တောင်တန်းရဲ့ အနက်ရှိုင်းဆုံးနေရာက ကောင်းချီးတွေ ထွက်ပေါ်လာတော့မယ်။ "

ခုန်းရှန်၊ ကျောင်းဇူနှင့် အခြားသူများအားလုံးမှာ ယောင်ယောင်၏စကားကြောင့် အလွန်ပင် စိတ်လှုပ်ရှားသွားကြရသည်။

ဇူယွမ်မှာလည်း စိတ်လှုပ်ရှားစွာဖြင့် နှုတ်ခမ်းများအား လျှာဖြင့်သပ်လိုက်ပြီးနောက် ကြီးမြတ်သောရှန်းဟွတောင်တန်း၏ အနက်ရှိုင်းဆုံးနေရာအား လှမ်းမျှော်ကြည့်ရှုလိုက်သည်။

ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ၏ အကောင်းမွန်ဆုံး ကောင်းချီးများ ယခုအခါ စတင်ပေါ်ပေါက်လာပြီပင် ဖြစ်လေတော့သတည်း.....

All Chapters