← Chapters

ရှန်းဟွကျောက်စိမ်းပြား

Vol. 46 Ch. 640

ရှန်းဟွကျောက်စိမ်းပြား

Vol. 46 Ch. 640

များစွာသော ကလန်အသီးသီးမှာ ကြီးမြတ်သောရှန်းဟွတောင်တန်း၏ အနက်ရှိုင်းဆုံးနေရာမှ ထွက်ပေါ်လာသော ထူးခြားဆန်းကြယ်သည့် စွမ်းအင်လှိုင်းများအား သတိပြုမိလာကြသည်။ ထိုသို့ ထွက်ပေါ်လာရသည့် အကြောင်းအရင်းအား သတိပြုမိသွားကြပြီးနောက် လူတိုင်းမှာ အလွန်ပင် စိတ်လှုပ်ရှားလာကြလေတော့သည်။

ကလန်များစွာမှ တပည့်များမှာ ကြီးမြတ်သောရှန်းဟွတောင်တန်း၏ အနက်ရှိုင်းဆုံးနေရာအား လိုချင်ရမ္မက်များ တောက်လောင်နေသော မျက်ဝန်းများဖြင့် အာသာငမ်းငမ်း ကြည့်ရှုနေလျက် ရှိသည်။ ယခုဆိုလျှင် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ၏ အကောင်းမွန်ဆုံး ကောင်းချီးများ ပေါ်ထွက်လာတော့မည်ပင် ဖြစ်သည်။

ထိုကြီးကျယ်ခမ်းနားသော ကောင်းချီးများ၏ အစိတ်အပိုင်း အနည်းငယ်ကိုမျှ ရရှိလျှင်ပင် ကောင်းကင်ဘုံသို့ ခြေတစ်လှမ်း နီးစပ်သွားနိုင်ပေသည်။

..........

ကန်ရွှမ်းကလန်၏ အခြေချစခန်း၌

ချူချင်း၊ လီချင်းချန်၊ ခုန်းရှန်နှင့် အခြားသော ရွေးချယ်ခံများအားလုံးမှာ မြင့်မြတ်သောနန်းတော်၏ ရွေးချယ်ခံနှစ်ဦးအား သတ်ဖြတ်ပစ်ခဲ့သော ဇူယွမ်အား ဝိုင်းဝန်းကြည့်ရှုနေကြသည်။

၎င်းတို့အားလုံး၏ မျက်ဝန်းများမှာ အံ့အားသင့်ခြင်းနှင့် လေးနက်ခြင်း အငွေ့အသက်များ ရောယှက်ပါဝင်နေပေသည်။

ရွေးချယ်ခံများ မဟုတ်သည့် ဂူဟွမ်ချီတို့ကဲ့သော တပည့်များမှာမူ အလွန်ပင် စိတ်လှုပ်ရှားနေကြဟန်ရှိပြီး လေးစားအားကျမှုများ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ဇူယွမ်အား ငေးမောကြည့်ရှုနေလျက် ရှိကြသည်။

ရှန်းဟွပုံရိပ်ယောင်ကမ္ဘာသို့ စတင်ဝင်ရောက်လာသည့် အချိန်မှစ၍ ကန်ရွှမ်းကလန်နှင့် မြင့်မြတ်သောနန်းတော်တို့အကြားတွင် မရေမတွက်နိုင်သော တိုက်ပွဲပေါင်းများစွာ ဖြစ်ပေါ်ခဲ့ရပြီး ကန်ရွှမ်းကလန်မှာ တိုက်ပွဲအများစုတွင် အရေးနိမ့်နေခဲ့ရသည်။ ထိုသို့ အရေးနိမ့်ခဲ့ရခြင်း အရေအတွက် များပြားလာသောအခါ၌ ကန်ရွှမ်းကလန်မှ တပည့်များ၏ နှလုံးသားတွင် အငြိုးအတေးများ ဖြစ်ပေါ်လာရ၏။

ယခုအခါတွင်မူ ဇူယွမ်မှာ မြင့်မြတ်သောနန်းတော်၏ ရွေးချယ်ခံနှစ်ဦးအား သတ်ဖြတ်ပစ်လိုက်ခြင်းဖြင့် ယင်းတို့၏ရင်ထဲမှ အငြိုးအတေးများအား သက်သာသွားစေခဲ့သည်။

ကန်ရွှမ်းကလန်၏ တပည့်များအားလုံးမှာ ဇူယွမ်အတွက် အလွန်ပင် ဂုဏ်ယူနေကြလေသည်။

မည်သို့ပင်ဆိုစေကာမူ ဇူယွမ်မှ ယခုကဲ့သို့ ရွေးချယ်ခံ နှစ်ဦးအား တစ်ပြိုင်နက်တည်း သတ်ပစ်နိုင်ခဲ့ခြင်းမှာ ယုံကြည်လက်ခံနိုင်ရန် ခက်ခဲနေဆဲပင် ဖြစ်သည်။ ဇူယွမ်မှာ ကန်ရွှမ်းကလန်၏ မူလသူတော်စင်တောင်ထွတ်မှ တပည့်ခေါင်းဆောင်တစ်ဦးအဆင့်သာ ရှိနေဆဲ ဖြစ်လေသည်။

"အဟမ်း..." ချူချင်းမှ ချောင်းဟန့်ကာ စကားဆိုလိုက်သည်။ "ငါတို့ရဲ့ ဂျူနီယာညီတော်လေး  ဇူယွမ်က သီးခြားကျင့်ကြံမှုအပြီး အများကြီးတိုးတက်လာတာပဲ။ ဒါငါတို့ကန်ရွှမ်းကလန်အတွက် တကယ်ကောင်းမွန်တဲ့ ကိစ္စတစ်ခုပဲ။"

"ဘာပဲဖြစ်ဖြစ် မြင့်မြတ်သောနန်းတော်ကို လျှော့တွက်ထားလို့တော့ မရဘူး။ အခုဆို ကြီးမြတ်သောရှန်းဟွတောင်တန်းရဲ့ အနက်ရှိုင်းဆုံးနေရာကို ကာရံထားတဲ့ အစီအရင်က ကျိုးပျက်သွားပြီဆိုတော့ မြင့်မြတ်သောနန်းတော်ကလည်း လှုပ်ရှားတော့မှာ သေချာတယ်။"

လူတိုင်းမှာ ချူချင်း၏စကားအား ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။ ယခုအချိန်တွင် ဇူယွမ်ကြောင့် မြင့်​မြတ်သောနန်းတော်အား ဦးချိုးထားနိုင်ပါသော်လည်း ကန်ရွှမ်းကလန်အနေဖြင့် အင်အားကြီးကလန်ကြီးတစ်ခုဖြစ်သော မြင့်မြတ်သောနန်းတော်အား မည်သို့မျှ အထင်သေးစွာတွေးတောခြင်း မပြုသင့်ပေ။

"ငါတို့လည်း ကြီးမြတ်သောရှန်းဟွတောင်တန်းရဲ့ အနက်ရှိုင်းဆုံးနေရာကိုသွားဖို့ ပြင်ဆင်ထားသင့်ပြီ။ " ချူချင်းမှ ကြီးမြတ်သောရှန်းဟွတောင်တန်း၏ အနက်ရှိုင်းဆုံးနေရာအားကြည့်ကာ ပြောလိုက်သည်။ ချူချင်းကဲ့သို့သော အလွန်တရာ အပျင်းကြီးလှသည့်သူသည်ပင် အကောင်းမွန်ဆုံး ကောင်းချီးများနှင့်ပက်သတ်၍ စိတ်လှုပ်ရှားနေလေသည်။

အခြားတပည့်များအားလုံး၏ မျက်ဝန်းများမှာလည်း စိတ်လှုပ်ရှားမှုများဖြင့် တောက်ပနေလျက် ရှိသည်။

ကန်ရွှမ်းကလန်၏ တပည့်များမှာ ပြင်ဆင်စရာရှိသည်များကို လျင်မြန်စွာ ပြင်ဆင်လိုက်ကြပြီးနောက် ကောင်းကင်ထက်သို့ ပျံဝဲသွားလိုက်ကြသည်။ ချူချင်း၊ ခုန်းရှန်၊ လီချင်းချန်တို့၏ ဦးဆောင်မှုဖြင့် ကန်ရွှမ်းကလန်၏ တပည့်အုပ်စုမှာ မိုးကုပ်စက်ဝိုင်းအား ကျော်ဖြတ်ကာ ကြီးမြတ်သောရှန်းဟွတောင်တန်း၏ အနက်ရှိုင်းဆုံးအရပ်သို့ ဦးတည်သွားကြလေတော့သည်။

ကလန်အသီးသီးမှ တပည့်အုပ်စုများမှာလည်း တစ်စုပြီးတစ်စု ကြီးမြတ်သောရှန်းဟွတောင်တန်း၏ အနက်ရှိုင်းဆုံးအရပ်အနီးသို့ ရောက်ရှိလာကြသည်။

ကြီးမြတ်သောရှန်းဟွတောင်တန်း တလျှောက်လုံးမှာ လူများစွာဖြင့် ပျားပန်းခပ်မျှ စည်ကားသိုက်ဝန်းနေလေသည်။

ကန်ရွှမ်းကလန်၏ တပည့်အုပ်စုမှာ ကလန်အသီးသီးအား ကျော်ဖြတ်လျက် ကြီးမြတ်သောရှန်းဟွတောင်တန်း၏ အတွင်းပိုင်းသို့ ဝင်ရောက်လာကြသည်။ အခြားကလန်များမှ တပည့်များမှာလည်း ကန်ရွှမ်းကလန်မှာ အင်အားကြီးကလန်ကြီးတစ်ခုဖြစ်သောကြောင့် လမ်းပိတ်ထားရန် မဝံ့ရဲပဲ အလျင်အမြန်ပင် ဘေးသို့ဖယ်ခွာပေးကြသည်။ အခြားကလန်များမှ တပည့်များမှာ ကန်ရွှမ်းကလန်၏ တပည့်အုပ်စုမှ ဇူယွမ်အား သတိပြုမိသွားကြသည်။

"ကန်ရွှမ်းကလန်က ဇူယွမ်က မြင့်မြတ်သောနန်းတော်က ရွေးချယ်ခံနှစ်ယောက်ကိုတောင် သတ်ပစ်ခဲ့တာဆို။"

"ဟမ်....ဟုတ်လို့လား။ မဖြစ်နိုင်ပါဘူး။"

"မြင့်မြတ်သောနန်းတော်က ဇူယွမ်နဲ့ ထူးခြားတဲ့ဆက်ဆံရေးရှိတဲ့ ဇူရှောင်ယိုကို ထောင်ချောက်ဆင်ခဲ့တာလေ။ အဲ့ဒါနဲ့ ဇူယွမ်က တအားကို စိတ်ရိုင်းဝင်သွားတာ။ ဇူရှောင်ယိုကို ထောင်ချောက်ဆင်တဲ့နေရာမှာရှိနေတဲ့ မြင့်မြတ်သောနန်းတော်က လိန်ကြွင်းနဲ့ထျယ်မို နှစ်ယောက်လုံး တစ်ယောက်မှ မလွတ်ဘူး။ နှစ်ယောက်လုံးကို သတ်ပစ်လိုက်တာ။"

"တော်တော်ကြောက်ဖို့ကောင်းတာပဲ။ ဇူယွမ်က နှစ်ယောက်တစ်ယောက်ချလိုက်တာပေါ့လေ။ ဒါတောင် မြင့်မြတ်သောနန်းတော်က ရွေးချယ်ခံနှစ်ယောက်က သူ့ကိုမနိုင်ပဲ သေသွားရတယ်တဲ့လား။"

"ကန်ရွှမ်းကလန်မှာ ချူချင်း၊ ခုန်းရှန်၊ လီချင်းချန်ကလွဲပြီး အဲ့လောက်စွမ်းအားကြီးတဲ့သူ ရှိနေဦးမယ်လို့ ထင်တောင်မထင်ထားမိဘူး။"

"........"

ကလန်များအားလုံးမှာ ထိုအကြောင်းအရာတစ်ခုတည်းကိုသာ တီတိုးပြောဆိုနေလျက် ရှိကြသည်။ ကလန်အသီးသီးမှ ရွေးချယ်ခံများမှာလည်း သတိထားနေသော မျက်ဝန်းများဖြင့် ဇူယွမ်အား အကဲခတ်နေကြလေသည်။

မြင့်မြတ်သောနန်းတော်မှ ရွေးချယ်ခံနှစ်ဦးအား သတ်ပစ်နိုင်ခဲ့ပြီးနောက် ဇူယွမ်၏ကျော်ကြားမှုမှာ တမုဟုတ်ချင်း ထိုးတက်လာခဲ့သည်။

ဇူယွမ်မှာမူ ဝေဖန်ဆွေးနွေးသံများနှင့် အကဲခတ်နေသော အကြည့်များအား လျစ်လျုရှုထားလျက်သာ ရှိသည်။ မြင့်မြတ်သောနန်းတော်မှ ရွေးချယ်ခံနှစ်ဦးအား သတ်ပစ်နိုင်ခဲ့ခြင်းမှာ ပြောပလောက်သော အောင်မြင်မှုတစ်ခုလည်း မဟုတ်ပါချေ။

ဇူယွမ်မှာ ဖြစ်နိုင်မည်ဆိုပါက ကျင်းချန်းဇယ်ကိုသာ သတ်ဖြတ်ပစ်ချင်ခြင်း ဖြစ်သည်။

စိတ်ဝိဉာဉ်ဖိနှိပ်ခြင်းတောင်တန်းပေါ်တွင် ရှိနေခဲ့သော အဆိပ်ချီများမှာ ကျင်းချန်းဇယ်ထံမှဖြစ်ပြီး ဇူယွမ်မှာ ထိုရန်ကြွေးအား ပြန်လည်မရယူရသေးပေ။ ထို့အပြင် ကြီးမြတ်သောရှန်းဟွတောင်တန်း၏ အပြင်ဖက်၌ ရှိစဉ်ကာလတွင်းမှာလည်း ကျင်းချန်းဇယ်မှာ သူ့အား ရွေးချယ်ခံတစ်ဦး၏ ဂုဏ်သိက္ခာကိုပင် မငဲ့ကွက်ပဲ ချောင်းမြောင်းတိုက်ခိုက်ခဲ့သေးသည်။ အစစ်အမှန်နဂါးရေစင်သာ မရှိခဲ့ပါက ဇူယွမ်မှာ ထိုစဉ်အချိန်၌ပင် အသက်သေဆုံးသွားလောက်ပြီ ဖြစ်သည်။ ထို့ကြောင့် ကျင်းချန်းဇယ်ထံမှ ထိုရန်ကြွေးအား မဖြစ်မနေ ပြန်လည်ရယူရန် လိုအပ်ပေသည်။

ဇူယွမ်သည် ရန်ကြွေးများအား တစ်ခုမကျန် မှတ်မိနေတက်သူ ဖြစ်သည်။ ကျင်းချန်းဇယ်မှာ သူ့အား အကြိမ်ကြိမ်အခါခါ ရန်စခဲ့ခြင်းဖြစ်သောကြောင့် ထိုရန်ကြွေးအား အသက်စွမ်းအင်ဖြင့်သာ ပြန်လည်ပေးဆပ်သင့်သည်။

ဇူယွမ်မှာ အတွေးများကြား နစ်မြုပ်နေစဉ်မှာပင် ပတ်ဝန်းကျင်မှ အံ့အားသင့်စွာ အော်ဟစ်သံများအား ကြားလိုက်ရသည်။ အနီးတွင်ရှိနေသော ကန်ရွှမ်းကလန်၏ တပည့်များထံမှလည်း အာမေဋိတ်သံများ အစီအရီ ထွက်ပေါ်လာလေသည်။

ဇူယွမ်မှာ ထိုအသံများကြောင့် အတွေးစများပြတ်တော​က်ကာ အနည်းငယ် လန့်သွားရသည်။

ဇူယွမ်မှာ ခေါင်းမော့ကာ ကြည့်ရှုလိုက်သောအခါတွင် ကြီးမြတ်သောရှန်းဟွတောင်တန်း၏ အနက်ရှိုင်းဆုံးနေရာတွင်ရှိနေသော တိတ်ဆိတ်ငြိမ်သက်နေသည့် ရှေးဟောင်းတောင်တန်းကြီးတစ်ခုအား တွေ့ရှိလိုက်ရသည်။ ကောင်းကင်အနှံ့ ပြည့်နှက်နေအောင် ထွက်ပေါ်နေသော စွမ်းအင်လှိုင်းများမှာလည်း ထိုတောင်တန်းကြီးထံမှ ထွက်ရှိနေခြင်း ဖြစ်လေသည်။

ဇူယွမ်မှာ တောင်ထိပ်နေရာအား အာရုံစိုက်ကာ လေ့လာကြည့်ရှုလိုက်သည်။ မြူခိုးများရစ်သီနေခြင်းကြောင့် ​မြင်ကွင်းမှာ မသဲကွဲပါသော်လည်း ဇူယွမ်မှာ တောင်ထိပ်နေရာအား အလွန်ပင် စိတ်ဝင်စားနေမိသည်။

ရှေးဟောင်းတောင်တန်း၏ တောင်ထိပ်နေရာ၌ ခပ်မှိန်မှိန် လင်းလက်တောက်ပနေသော အရာတစ်ခု ရှိနေသည်။

ရှေးဟောင်းတောင်တန်းကြီးမှာ ရှန်းဟွတံဆိပ်ပြားနှင့် ပုံသဏ္ဍာန်ချင်း ဆင်တူနေလျက်ရှိပြီး တောင်တန်းကြီး၏ထိပ်ဖျား၌ တောင်ထွတ်ခုနစ်ခု ရှိနေလေသည်။ တောင်ထွတ်များမှာ တစ်ခုထက်တစ်ခု ပိုမိုမြင့်မားသောအသွင်ရှိပြီး အလွန်ခမ်းနားဆန်းကြယ်သော ခံစားချက်အား ပေးစွမ်းနေလျက် ရှိသည်။

တောင်ထွတ်တစ်ခုချင်းစီမှာ ကျောက်စိမ်းရောင်များ မှေးမှိန်စွာ လင်းလက်တောက်ပနေလျက်ရှိပြီး ကျောက်စိမ်းပြားတစ်ခုစီ ဖြစ်တည်နေလျက် ရှိသည်။

ကျောက်စိမ်းပြားများထံမှ ဆန်းကြယ်သော ရောင်စဉ်များ ထွက်ပေါ်နေလျက်ရှိပြီး အတောက်ပဆုံး ကျောက်စိမ်းပြားထံမှ ထွက်ပေါ်နေသော ရောင်စဉ်မှာ ရှစ်သွယ်ခန့် ရှိပေသည်။

ကလန်အသီးသီးမှ ရွေးချယ်ခံများမှာ ထိုမြင်ကွင်းအား ကြည့်ရှုနေရင်းဖြင့် မျက်ဝန်းများ၌ လိုချင်ရမ္မက်များ တောက်လောင်လာကြရသည်။

ခုန်းရှန်၊ လီချင်းချန်တို့မှာလည်း မျက်လုံးအဝိုင်းသားဖြင့် မည်သည့်စကားမှ မဆိုနိုင်လောက်အောင် ဖြစ်နေရလေသည်။ အချိန်အနည်းငယ်မျှ  ကြာမြင့်သွားပြီးနောက် တစ်ဦးကိုတစ်ဦးကြည့်ကာ ရေရွတ်လိုက်ကြသည်။ "ကျောက်စိမ်းပြားထဲမှာ ဘာရှိနေတာလဲ။"

ချူချင်းမှ သူ၏ပြောင်လက်နေသော ဦးခေါင်းအားပွတ်ကာ ပြောလိုက်သည်။ "ဘာလဲဆိုတာ အခုထိ မခန့်မှန်းနိုင်သေးဘူးလား။"

ဇူယွမ်မှာ ကျောက်စိမ်းပြားများအား ကြည့်ရှုနေရင်းဖြင့် လျှာတသပ်သပ် ဖြစ်နေရသည်။ ရောင်စဉ်ရှစ်သွယ် ဖြာထွက်လင်းလက်နေသော ကျောက်စိမ်းပြားထဲတွင် ရှိနေမည့်အရာမှာ ဒဏ္ဍာရီထဲတွင်သာ ရှိနိုင်သည်ဟူသော ရောင်စဉ်ရှစ်သွယ်ရတနာပင် ဖြစ်ပေလိမ့်မည် ဖြစ်သည်။

ကြီးမြတ်သောရှန်းဟွတောင်တန်း၏ အ​ကောင်းမွန်ဆုံး ကောင်းချီးများမှာ အမှန်တကယ်ပင် စိတ်ကူးထားသည်ထက် ပိုမိုကောင်းမွန်နေသေးသည်။

ယခုဆိုလျှင် ထိုကျောက်စိမ်းပြားများအား ရရှိနိုင်ရန်အတွက် သွေးချောင်းစီးမည့် အဖြစ်အပျက်များအား ကျော်လွှားနိုင်ရန်သာ ကျန်ရှိလေတော့သည်။

All Chapters