← Chapters

တတိယမြောက်သူတော်စင်မှော်စာလုံး

Vol. 46 Ch. 641

တတိယမြောက်သူတော်စင်မှော်စာလုံး

Vol. 46 Ch. 641

ကြီးမြတ်သောရှန်းဟွတောင်တန်း၏ အနက်ရှိုင်းဆုံးနေရာ၌ ခမ်းနားကြီးကျယ်လှသော ရှေးဟောင်းတောင်တန်းကြီးတစ်ခု ဆိတ်ငြိမ်စွာ တည်ရှိနေလျက် ရှိသည်။ တောင်တန်းများ၏ထိပ်တွင် တောင်ထွတ်ခုနစ်ခု တည်ရှိနေလျက်ရှိပြီး ဆန်းကြယ်သော ကျောက်စိမ်းရောင် ရောင်စဥ်အလင်းတန်းများ ထွက်ပေါ်နေလျက် ရှိသည်။

ကလန်အသီးသီးမှ တပည့်များအားလုံးမှာ လိုချင်ရမ္မက်များ တောက်လောင်နေသော မျက်ဝန်းများဖြင့် ထိုတောင်ထွတ်ခုနစ်ခုထံမှ ထွက်ပေါ်နေသော ရောင်စဉ်အလင်းတန်းများအား ကြည့်ရှုနေကြသည်။

ရောင်စဉ်ရှစ်သွယ်ရတနာဟူသည်မှာ ဒဏ္ဍာရီလာ ပုံပြင်တစ်ပုဒ်မျှသာ ကြားဖူးနားဝဖြစ်ခဲ့ရသော ၎င်းတို့အားလုံးအတွက် ယခုမျက်စိရှေ့တွင် မြင်တွေ့နေရသော ရောင်စဉ်ရှစ်သွယ် ဖြာထွက်လင်းလက်နေသည့် ကျောက်စိမ်းပြားသည် အံ့အားသင့်စရာပင် ဖြစ်သည်။

ကန်ရွှမ်းကောင်းကင်ဒေသ တစ်ခွင်လုံး၌ပင် နတ်ဘုံခန်းဝါအဆင့်သို့ တက်ရောက်သောအခါ၌ နတ်ဘုံခန်းဝါ နိဗ္ဗာန်ရှစ်ခုအား ဖွင့်လှစ်နိုင်သူမှာ နှစ်တစ်ရာ၌ တစ်ခါမျှပေါ်ထွန်းရန်ပင် ရှားပါးလွန်းလှသည်။

ယခုမျက်စိရှေ့တွင် မြင်တွေ့နေရသော ကောင်းချီးများမှာ မည်မျှပင် အဖိုးတန်လှကြောင်း လူတိုင်းမှ သိရှိနားလည်နေကြသည်။

ဝှစ်.....ဝှစ်.....

လေတိုးသံများ အဆက်မပြတ် ကြားနေရသကဲ့သို့ ကလန်အသီးသီးမှ တပည့်များမှာလည်း တစ်စုပြီးတစ်စု ရောက်ရှိလာလျက် ရှိသည်။

မြင့်မြတ်သောနန်းတော်၊ အလှပန်းတစ်ရာနန်းတော်နှင့် အခြားသော အင်အားကြီးကလန်များအားလုံးလည်း ဤနေရာသို့ အသီးသီး ရောက်ရှိလာကြပြီ ဖြစ်သည်။

၎င်းတို့၏ မျက်ဝန်းများမှာလည်း အခြားသူများကဲ့သို့ပင် လိုချင်ရမ္မက်များဖြင့် တောက်လောင်နေလျက် ရှိလေသည်။

ပုံမှန်အားဖြင့် ပြုံးတုံ့တုံ့ ဖြစ်နေတက်သော ကျောင်းထိုက်ရှင်းသည်ပင် မျက်နှာပေါ်၌ အပြုံးများပျောက်ကွယ်ကာ လိုချင်ရမ္မက်များ တောက်လောင်နေသော အမူအရာ ရှိနေလျက် ရှိသည်။

ကျင်းချန်းဇယ်မှာ တောင်ထွတ်ခုနစ်ခုပေါ်ရှိ ကျောက်စိမ်းပြားများအားကြည့်ကာ တောက်ပနေသော မျက်ဝန်းများဖြင့် စကားဆိုလိုက်သည်။  "ရောင်စဉ်ရှစ်သွယ်ရတနာက တကယ်ရှိနေလိမ့်မယ်လို့တောင် မထင်ထားမိဘူး။ ဘာပဲဖြစ်ဖြစ် ဒီကိုလာရတာ အလကားတော့ မဖြစ်ဘူးပဲ။"

ကျန်းထိုက်ချင်မှာ သူမ၏လျှာလေးဖြင့် ပန်းဆီရောင်နှုတ်ခမ်းအားသပ်ကာ ပြောလိုက်သည်။ "ကျောက်စိမ်းပြားတွေက တစ်ခုနဲ့တစ်ခု အဆင့်မတူကြဘူး။ ကြည့်ရတာ အမြင့်ဆုံးမှာရှိနေတဲ့ ကျောက်စိမ်းပြားက တခြားဟာတွေရဲ့ အချုပ်ဖြစ်မှာပဲ။"

ကျောင်းထိုက်ရှင်းမှ ကျန်းထိုက်ချင်၏စကားအား ခေါင်းညိတ်ထောက်ခံလိုက်သည်။ တောင်ထွတ်ခုနစ်ခုမှာ အဆင့်အလိုက် တည်ရှိနေခြင်းဖြစ်ပြီး အမြင့်ဆုံးနေရာတွင်ရှိနေသော ကျောက်စိမ်းပြားမှာ ထူးခြားဆန်းကြယ်လွန်းလှသော ခံစားချက်အား ပေးစွမ်းနိုင်လေသည်။ ယင်းကျောက်စိမ်းပြားအား ကြည့်ရှုရသည်မှာ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ စတင်ဖြစ်တည်လာစဉ်မှစ၍ တည်ရှိနေခဲ့ပုံ ရသည်။

တောင်ထွတ်ခုနစ်ခုလုံးတွင် ရှိနေသော ကျောက်စိမ်းပြားများတွင် ကောင်းချီးရတနာများ ပါဝင်နေခြင်း ဖြစ်ပါသော်လည်း အမြင့်ဆုံးတောင်ထွတ်တွင်ရှိနေသော ရတနာမှာ အကောင်းမွန်ဆုံး ဖြစ်ပေလိမ့်မည်။

ကျောင်းထိုက်ရှင်းမှာ တောင်ထွတ်ပေါ်တွင် ရှိနေသော ကျောက်စိမ်းပြားများအား တစ်ချက်မျှ ကြည့်ရှုလိုက်ပြီးနောက် ကန်ရွှမ်းကလန်၏ တပည့်အုပ်စုအားကြည့်ကာ စကားဆိုလိုက်သည်။ "ဇူယွမ်က ငါတို့ကို အရူးလုပ်နိုင်ခဲ့တာ အခါခါရှိပြီ။ နန်းဆောင်သခင်က ဘာလို့ငါတို့ကို တာဝန်ပေးတာလဲဆိုတာ အခုတော့ နားလည်လာပြီ။ အခုချိန်ထဲကသာ အဲ့ကောင်ကို မရှင်းထားရင် အနာဂတ်မှာ သူက ငါတို့မြင့်မြတ်သောနန်းတော်အတွက် သေချာပေါက် အဆိပ်အတောက်တစ်ခု ဖြစ်လာလိမ့်မယ်။"

ရွေးချယ်ခံနှစ်ဦးအား လက်လွှတ်ဆုံးရှုံးလိုက်ရခြင်းမှာ မြင့်မြတ်သောနန်းတော်၏ ဂုဏ်သိက္ခာအား များစွာကျဆင်းစေခဲ့သည်။

ကျင်းချန်းဇယ်မှာ တည်ငြိမ်နေသော မျက်ဝန်းများဖြင့် ဇူယွမ်၏ပုံရိပ်အား စူးရဲစွာ ကြည့်ရှုလိုက်သည်။ ယောင်ယောင်အား ထောင်ချောက်ဆင်ခဲ့သည်မှာ ကျင်းချန်းဇယ်၏ အကြံအစည်ပင်ဖြစ်ပြီး အောင်မြင်လိမ့်မည်ဟုလည်း တထစ်ချ ယုံကြည်ထားခဲ့သည်။ သို့သော် ဇူယွမ်မှာ ထိုအကြံအစည်အား ပျက်စီးစေခဲ့ရုံသာမက မြင့်မြတ်သောနန်းတော်၏ ရွေးချယ်ခံနှစ်ဦးကိုပါ  အသက်သေဆုံးစေခဲ့သည်။

ကျင်းချန်းဇယ်မှ ခံစားချက်ကင်းမဲ့နေသော အမူအရာဖြင့် စကားဆိုလိုက်သည်။ "စိတ်မပူပါနဲ့။ ဇူယွမ်ကို အခွင့်အရေးရတာနဲ့ ငါကိုယ်တိုင်ပဲ ကိုင်တွယ်လိုက်ပါ့မယ်။"

"မြင့်မြတ်သောနန်းတော်ရဲ့ ဂုဏ်သိက္ခာကို လာထိပါးလာတာက ဘယ်လောက်ရူးသွပ်တဲ့ လုပ်ရပ်လဲဆိုတာ သူသိသွားစေရမယ်။"

........

"ကျောက်စိမ်းပြားရှိတဲ့ တောင်တန်းတွေကို ရှန်းဟွတံဆိပ်ပြား ရှိတဲ့သူတွေပဲ ဝင်လို့ရလိမ့်မယ်။" လီချင်းချန်မှ ကန်ရွှမ်းကလန်၏ တပည့်များအားကြည့်ကာ စကားဆိုလိုက်သည်။

ချူချင်းမှ ခေါင်းညိတ်ပြကာ ပြောလိုက်သည်။ "ငါတို့ရွေးချယ်ခံတွေ အကုန်လုံးဆီမှာ ပြီးပြည့်စုံတဲ့ ရှန်းဟွတံဆိပ်ပြားတွေ ရှိနေတာပဲ။ အဲ့ဒါကြောင့် ပုံမှန်တပည့်တွေကတော့ ဒီနောက်ဆုံးတိုက်ပွဲမှာ ပါနိုင်တော့မှာ မဟုတ်ဘူး။"

"အရေးကြီးတဲ့မေးခွန်းက ဘယ်ကျောက်စိမ်းပြားကို ငါတို့အဓိကထားကြမှာလဲ။" ခုန်းရှန်မှ လေးနက်သောအမူအရာဖြင့် ပြောလိုက်သည်။

ကျောက်စိမ်းပြားများမှာ အဆင့်အလိုက် ရှိနေခြင်းဖြစ်ပြီး အမြင့်ဆုံးနေရာတွင်ရှိနေသော ကျောက်စိမ်းပြားသုံးခုထံမှ ရောင်စဉ်ရှစ်သွယ် အလင်းတန်းများ ဖြာထွက်နေခြင်း ဖြစ်သည်။

ပြောရမည်ဆိုလျှင် ထိုကျောက်စိမ်းပြား သုံးခုထံ၌သာ ရောင်စဉ်ရှစ်သွယ်ရတနာ ရှိနေခြင်းဖြစ်သည်။

လီချင်းချန်မှ ညင်သာစွာ စကားဆိုလိုက်သည်။ "အမြင့်ဆုံးမှာရှိနေတဲ့ ကျောက်စိမ်းပြားက အားလုံးရဲ့ အချုပ်ဖြစ်မယ် ထင်တယ်။ လူတိုင်းလည်း အဲ့ဒါကို ရှင်းရှင်းလင်းလင်း မြင်မှာပါ။"

အခြားသော ရွေးချယ်ခံများမှာ လီချင်းချန်အား ခေါင်းညိတ်ပြလိုက်ကြသည်။

လီချင်းချန်မှ ဖြည်းညင်းစွာ ဆက်လက်ပြောလိုက်သည်။ "ဘာပဲဖြစ်ဖြစ် မြင့်မြတ်သောနန်းတော်ကလည်း အဲ့ဒါကိုပစ်မှတ်ထားမယ်ဆိုတာ သေချာတယ်။ ဖြစ်လာမယ့်တိုက်ပွဲကိုတော့ ငါတို့ရှောင်လွှဲလို့ရမှာ မဟုတ်ဘူး။"

အခြားသော ရွေးချယ်ခံများမှာ မျက်ဝန်းများ ကျဉ်းမြောင်းသွားကြသည်။ ကျောင်းထိုက်ရှင်း၊ ကျန်းထိုက်ချင်နှင့် ကျင်းချန်းဇယ်တို့မှာ ကန်ရွှမ်းကောင်းကင်ဒေသ၏ ရွေးချယ်ခံများစာရင်းတွင် ထိပ်သီးငါးဦးနေရာ၌ ပါဝင်နေကြသူများ ဖြစ်သည်။

ရောင်စဉ်ရှစ်သွယ် ရတနာကဲ့သို့သော ဒဏ္ဍာရီလာ နတ်ဘုံခန်းဝါ ရတနာမျိုး ပေါ်ပေါက်လာသောအချိန်တွင် ၎င်းတို့သုံးဦးလုံးမှာ အနည်းငယ်မျှ အလျှော့ပေးရန် ဆန္ဒရှိကြလိမ့်မည် မဟုတ်ပေ။ မြင့်မြတ်သောနန်းတော်၏ စွမ်းအင်အစစ်အမှန်အား ထုတ်ဖော်ပြသကြလိမ့်မည်ပင် ဖြစ်သည်။

စွမ်းအင်ချင်း နှိုင်းယှဉ်လာပါက ကန်ရွှမ်းကလန်အနေဖြင့် မြင့်မြတ်သောနန်းတော်အား အသာစီးရနိုင်ရန် မလွယ်ကူပေ။

မြင့်မြတ်သောနန်းတော်နှင့် ရင်ဆိုင်ရန်မှာ အခြားသော အင်အားကြီးကလန်ကြီးများနှင့် ရင်ဆိုင်ရသည်ထက် ပိုမိုခက်ခဲနိုင်သည့်အပြင် အဆုံးသတ်ရလဒ်မှာလည်း မမျှော်လင့်ထားနိုင်သည်များ ဖြစ်လာနိုင်ပေသည်။

ရွေးချယ်ခံများအားလုံးမှာ မည်သည့်ကျောက်စိမ်းပြားအား ရွေးချယ်ရမည်ကို ခေါင်းခဲနေရသည်။

ရွေးချယ်ခံများအားလုံး တိတ်ဆိတ်ငြိမ်သက်နေကြသောအချိန်တွင် ဇူယွမ်မှာ ခေါင်းအားမော့လျက် အမြင့်ဆုံး နေရာတွင်ရှိနေသော ကျောက်စိမ်းပြားအား ကြည့်ရှုလိုက်သည်။ ဇူယွမ်မှာ ရုတ်တရက် အံ့အားသင့်သွားရပြီးနောက် လက်ဖျားများပင် တုန်ခါလာရသည်။

အနားတွင်ရှိနေသော ယောင်ယောင်မှာ ဇူယွမ်၏အပြုအမူအား သတိထားမိသွားပြီးနောက် တိုးညင်းစွာ မေးမြန်းလိုက်သည်။ "ဘာဖြစ်လို့လဲ။"

ဇူယွမ်မှာ မျက်ဝန်းများအား ပွတ်သပ်လိုက်သည်။ ဇူယွမ်၏ မျက်ခုံးကြားတွင်ရှိနေသော အနက်ဖော်သူတော်စင်မှော်စာလုံးမှာ အလိုအလျောက် စတင်လည်ပတ်လာပြီးနောက် လက်ဝါးထက်တွင် ရှိနေသော မြေဓာတ်စွမ်းအင် သူတော်စင်မှော်စာလုံးမှာလည်း မှေးမှိန်စွာ ထင်ရှားလာသည်။

ဇူယွမ်မှာ ယောင်ယောင်အား ကြည့်ရှုလိုက်ပြီးနောက် သတင်းစကားအား ချီစွမ်းအင်ဖြင့်ထုပ်ပိုးကာ ပြောပြလိုက်သည်။ "တတိယမြောက် သူတော်စင်မှော်စာလုံး...."

ဇူယွမ်မှာ အမူအရာအား တည်ငြိမ်နေရန် ထိန်းသိမ်းထားရပါသော်လည်း စိတ်နှလုံးမှာ ပေါက်ထွက်မတက် လှုပ်ရှားနေပြီပင် ဖြစ်သည်။ သူ၏ခန္ဓာကိုယ်တွင်ရှိနေသော သူတော်စင်မှော်စာလုံး နှစ်ခုမှာလည်း တတိယမြောက် သူတော်စင်မှော်စာလုံးအား အာရုံခံမိနေပြီဖြစ်ကြောင်း အချက်ပြနေကြသည်။

တတိယမြောက် သူတော်စင်မှော်စာလုံးမှာ အမြင့်ဆုံး နေရာတွင်ရှိနေသော ကျောက်စိမ်းပြားအတွင်း ရှိနေခြင်းပင် ဖြစ်သည်။

ယောင်ယောင်မှာ တည်ငြိမ်စွာဖြင့်ပင် ထန်ထန်၏ဦးခေါင်းအား ပွတ်သပ်ပေးလိုက်သည်။ တတိယမြောက် သူတော်စင်မှော်စာလုံးမှာ ပေါ်ထွက်လာခဲ့ပြီပင် ဖြစ်သည်။

ထိုအချိန်မှာပင် မြင့်မြတ်သောနန်းတော်မှ ရွေးချယ်ခံများမှာ ကောင်းကင်ထက်သို့ ပျံဝဲသွားကြသည်။ ကျောင်းထိုက်ရှင်း၏ နှုတ်ခမ်းထက်၌ အပြုံးတစ်ခု တွဲလဲခိုနေလေသည်။

ကျောင်းထိုက်ရှင်း၏ အမူအရာမှာ အလွန်ပင် တည်ငြိမ်အေးချမ်းနေဟန် ရှိသည်။ ကန်ရွှမ်းကောင်းကင်ဒေသ၏ နံပါတ်တစ် ရွေးချယ်ခံမှာ သူ၏ဂုဏ်ပုဒ်များအတိုင်းပင် တည်ငြိမ်လွန်းလှပေသည်။

ကျောင်းထိုက်ရှင်းမှာ လက်နှစ်ဖက်အား ကျောဖက်တွင် ယှက်သိုင်းထားလျက် တည်ငြိမ်စွာဖြင့် စ​ကားဆိုလိုက်သည်။ "ငါက မြင့်မြတ်သောနန်းတော်က ကျောင်းထိုက်ရှင်းပဲ။ တခြားကလန်တွေ အကုန်လုံးကို ငါတောင်းဆိုချင်တာလေး တစ်ခုရှိတယ်။ အဲ့ဒါကတော့ အမြင့်ဆုံးနေရာမှာ ရှိနေတဲ့ ကျောက်စိမ်းပြားကို ငါတို့မြင့်မြတ်သောနန်းတော်အတွက် ထားပေးဖို့ပဲ။"

ကျောင်းထိုက်ရှင်း၏ဟန်ပန်မှာ တည်ငြိမ်နေပါသော်လည်း စိတ်နှလုံးတုန်ခါရလောက်သော ခြိမ်း​ခြောက်မှုတစ်ရပ်ပင် ဖြစ်လေတော့သတည်း...

All Chapters