ကြီးကျယ်သောတိုက်ပွဲ
Vol. 46 Ch. 642
ကျောင်းထိုက်ရှင်းမှာ ကောင်းကင်ထက်တွင် လက်နှစ်ဖက်အား ကျောဖက်တွင် ယှက်သိုင်းထားသော အနေအထားဖြင့် ကလန်အသီးသီးအားကြည့်ကာ ကျယ်လောင်စွာ စကားဆိုလိုက်သည်။ သူ၏စကားမှာ အလွန်ပင် မောက်မာလှပါသော်လည်း မည်သူကမှ ငြင်းဆန်ရဲခြင်း မရှိပေ။
အင်အားကြီးကလန်ကြီးများမှ ရွေးချယ်ခံများသည်ပင် မည်သည့်တုန့်ပြန်စကားမှ မဆိုနိုင်ပဲ နှုတ်ဆိတ်နေနေလျက် ရှိကြသည်။
ကျောင်းထိုက်ရှင်း၏ စကားတစ်ခွန်းမှာ ပတ်ဝန်းကျင်တစ်ခွင်လုံးအား တိတ်ဆိတ်ငြိမ်သက်သွားစေသည်။
ကန်ရွှမ်းကောင်းကင်ဒေသ၏ နံပါတ်တစ် ရွေးချယ်ခံဖြစ်သည်နှင့်အညီ ကျောင်းထိုက်ရှင်း၏ လွှမ်းမိုးနိုင်စွမ်းမှာ လွန်စွာကြီးမားလွန်းလှသည်။
မည်သို့ပင်ဆိုစေကာမူ ယခုကန်ရွှမ်းကောင်းကင်ဒေသ၏ လူငယ်မျိုးဆက်၌ များစွာသော ပါရမီရှင်များ ရှိနေကြခြင်းဖြစ်ပြီး ရဲတင်းလွန်းလှသော ကျားနှင့်နဂါးများလည်း ပေါများနေချိန် ဖြစ်သည်။ " ဟေး....ငါကလုတမန်ပဲ။ ငါကဂုဏ်သိက္ခာရှိစွာနဲ့ နှစ်ပေါင်းများစွာ နေရာတွေအများကြီးကို သွားလာနေခဲ့တာ။ ဘယ်သူ့အမိန့်အောက်မှာမှ နေခဲ့တဲ့ကောင် မဟုတ်ဘူး။ မင်းကဘာကောင်မို့လို့ အမိန့်လာပေးနေတာလဲ။"
ထိုစကားကြောင့် တီတိုးဝေဖန်သံများ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာရပြီး အခြားသော ရွေးချယ်ခံများမှာလည်း ကျောင်းထိုက်ရှင်း ပြောဆိုခဲ့သော စကားများအား ပြန်လည်စဉ်းစားလာကြပြီ ဖြစ်သည်။
ကျောင်းထိုက်ရှင်း၏ မျက်ဝန်းများမှာ အေးစက်ခက်ထန်သွားရပြီးနောက် ပြင်းထန်လှသော ချီစွမ်းအင်များ ချက်ချင်းဆိုသလို ပေါက်ကွဲထွက်ပေါ်လာတော့သည်။ ကျောင်းထိုက်ရှင်းမှာ ထိုစကားဆိုသည့်သူအား ချီစွမ်းအင်များဖြင့် တိုက်ခိုက်ရန် ကြံစည်လိုက်ပါသော်လည်း ထိုသူမှာ စွမ်းအင်များအား ဖုံးကွယ်ထားဟန်ရှိသောကြောင့် မည်သူမှန်း ရှာ၍မတွေ့ပဲ ဒေါသများဖြင့်သာ တောက်လောင်နေရသည်။
ကြည့်ရသည်မှာ ကျောင်းထိုက်ရှင်းသည် ကန်ရွှမ်းကောင်းကင်ဒေသမှ ပါရမီရှင် လူငယ်များအား အထင်သေးခဲ့မိပုံရသည်။ ၎င်းတို့သည် စွမ်းအင်အရာ၌ ကျောင်းထိုက်ရှင်းနှင့် ယှဉ်ပြိုင်နိုင်မည် မဟုတ်သော်လည်း အခြားသော အရည်အချင်းများ၌ ကျောင်းထိုက်ရှင်းထက် ပို၍သာလွန်နေနိုင်ပေသည်။
ကျောင်းထိုက်ရှင်းမှာ မြင့်မြတ်သောနန်းတော်၏ ဂုဏ်သိက္ခာနှင့် သူ၏ကန်ရွှမ်းကောင်းကင်ဒေသတစ်ခုလုံးမှ နံပါတ်တစ် ရွေးချယ်ခံဟူသော ဂုဏ်သိက္ခာကို အသုံးပြုကာ လူတိုင်းအား ဖိအားပေးရန် ကြံရွယ်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် မည်သူမှန်းမသိရသော တစ်စုံတစ်ယောက်ထံမှ မောက်မာလှသော တန်ပြန်စကားအား ကြားလိုက်ရခြင်းကြောင့် ကျောင်းထိုက်ရှင်းမှာ ကြိုးစားသမျှ သဲထဲရေသွန် ဖြစ်သွားခဲ့ရလေသည်။
ယခုဆိုလျှင် ကလန်အသီးသီးမှ တပည့်များ၏ အမူအရာမှာ ကျောင်းထိုက်ရှင်းအား အလေးမထားသည့်အလား သက်တောင့်သက်သာ ရှိနေကြပြီ ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရလျှင် ကျောင်းထိုက်ရှင်း၏ အကြံအစည်မှာ ပျက်စီးသွားရပြီပင် ဖြစ်သည်။
ချူချင်းမှာ သူ၏ပြောင်လက်နေသော ဦးခေါင်းအားပွတ်လျက် ကန်ရွှမ်းကလန်၏ ရွေးချယ်ခံများအားကြည့်ကာ ပြောလိုက်သည်။ "မင်းတို့တကယ်ကြီး အမြင့်ဆုံးမှာရှိနေတဲ့ ကျောက်စိမ်းပြားကို လက်လျှော့ကြဖို့ တွေးနေတာလား။"
ခုန်းရှန်မှာ သူ၏ဓားအား ပိုက်ထားလျက် တည်ငြိမ်သောအမူအရာဖြင့် စကားဆိုလိုက်သည်။ "စစ်မရောက်ခင် မြှားကုန်နေတာက ငါ့ရဲ့ဓားကို စော်ကားနေတာပဲ။"
လီချင်းချန်မှ အသက်ပြင်းပြင်းတစ်ချက်အား ရှူထုတ်ကာ ပြောလိုက်သည်။ "ကန်ရွှမ်းကလန်အနေနဲ့တော့ ဘယ်လိုမှ လက်လျှော့လိုက်ဖို့ မသင့်တော်ဘူး။ ကျောင်းထိုက်ရှင်းကို ရင်ဆိုင်ရမယ် ဆိုရင်တောင်မှ ငါတို့ကလန်ရဲ့ ဂုဏ်သိက္ခာအတွက် ရှေ့ဆက်တိုးသင့်တယ်။"
အခြားသော ရွေးချယ်ခံများမှာ အခြေအနေများအား အလေးအနက် တွေးတောသုံးသပ်နေကြသည်။ ယခုအချိန်၌ပင် ကျောင်းထိုက်ရှင်းနှင့် ရင်ဆိုင်ရမည်ကို ကြောက်ရွံ့နေပါက အနာဂတ်တစ်ချိန်တွင် ကန်ရွှမ်းကလန်အနေဖြင့် ကန်ရွှမ်းကောင်းကင်ဒေသအတွင်း ပြန်လည်ဦးမော့လာရန် ဖြစ်နိုင်တော့မည် မဟုတ်ပါချေ။
ဇူယွမ်မှာ ရွေးချယ်ခံများ၏ ဆုံးဖြတ်ချက်အား မြင်တွေ့လိုက်ရပြီးနောက် စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းချလိုက်မိသည်။ ကန်ရွှမ်းကလန်အနေဖြင့် အမြင့်ဆုံးနေရာတွင်ရှိနေသော ကျောက်စိမ်းပြားအား လက်လျှော့ခဲ့ပါက ဇူယွမ်အတွက် အမှန်တကယ်ပင် စိတ်ဒုက္ခရောက်ရလိမ့်မည် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် တတိယမြောက် သူတော်စင်မှော်စာလုံးမှာ ထိုအမြင့်ဆုံးနေရာတွင်ရှိနေသည့် ကျောက်စိမ်းပြားအတွင်း ရှိနေခြင်းကြောင့်ပင် ဖြစ်သည်။
ချုချင်းမှာ ကောင်းကင်အား တစ်ချက်မျှ ကြည့်ရှုလိုက်ပြီးနောက် သက်ပြင်းချကာ စကားဆိုလိုက်သည်။ "မင်းတို့ကောင်တွေက အပြောကတော့ ကောင်းကြတယ်နော်။ တကယ်တမ်း နောက်ဆုံးကျ ကျောင်းထိုက်ရှင်းကို တိုက်ရမှာ ငါပဲမလား။"
ကန်ရွှမ်းကလန်မှ ရွေးချယ်ခံများအားလုံး ပြုံးစစ ဖြစ်သွားကြသည်။ လီချင်းချန်မှာလည်း ခပ်ဖွဖွရယ်မောကာ ပြောလိုက်၏။ " စီနီယာအကိုတော် ချူချင်းသာ ကျောင်းထိုက်ရှင်းကို အနိုင်တိုက်လိုက်မယ်ဆိုရင် ကျွန်မတို့ရဲ့ ကလန်ခေါင်းဆောင်ကလည်း အရမ်းပျော်သွားလိမ့်မယ်ဆိုတာ ကျွန်မရဲရဲကြီး အာမခံရဲတယ်။"
ချူချင်းမှ သူ၏ပြောင်လက်နေသော ဦးခေါင်းအားပွတ်ကာ ပြောလိုက်သည်။ "ဘယ်လိုလုပ် အဲ့လောက်လွယ်မလဲဟ။"
ချူချင်းမှာ ကောင်းကင်ထက်တွင် ရှိနေသော ကျောင်းထိုက်ရှင်းအားကြည့်ကာ သက်ပြင်းချလျက် ပြောလိုက်သည်။ " ကျောင်းထိုက်ရှင်း မင်းတို့မြင့်မြတ်သောနန်းတော်က အမြင့်ဆုံးနေရာမှာ ရှိနေတဲ့ ကျောက်စိမ်းပြားကို အပိုင်သိမ်းဖို့ တွေးနေတယ်ဆိုရင် ငါတို့ကန်ရွှမ်းကလန်ကို သဘောတူမတူ အရင်မေးဖို့ လိုလိမ့်မယ်။"
ဝှစ်....
ချူချင်းမှ ကောင်းကင်ထက်သို့ ပျံဝဲလာသည်နှင့်အတူ လူတိုင်းမှာလည်း ချူချင်းအား ကြည့်ရှုလိုက်ကြသည်။
"ကန်ရွှမ်းကလန်က ထင်တဲ့အတိုင်း ရှေ့ထွက်လာသားပဲ။"
"ချူချင်းကလည်း တကယ်ကို လျှော့တွက်မရတဲ့သူမျိုးပဲ။ ကျောင်းထိုက်ရှင်းကတော့ ပွဲကြီးပွဲကောင်း နွှဲရတော့မှာပေါ့ကွာ။"
"ကန်ရွှမ်းကောင်းကင်ဒေသက ရွေးချယ်ခံတွေအားလုံးထဲမှာ ကျောင်းထိုက်ရှင်းကို ယှဉ်နိုင်တာ ချူချင်းတစ်ယောက်ပဲ ရှိတယ်။"
"သူတို့နှစ်ယောက်ရဲ့ ကံကြမ္မာကိုက တိုက်ခိုက်ဖို့ အခွင့်ပါလာတာ ဖြစ်ရမယ်။"
"......."
ကျောင်းထိုက်ရှင်းမှာ ချူချင်းအား ကြည့်ရှုလိုက်ပြီးနောက် ဖြည်းညင်းစွာ စကားဆိုလိုက်သည်။ "ချူချင်း မင်းကလွယ်တဲ့ကိစ္စကို ခက်အောင်လုပ်နေတာလား။"
ချူချင်းမှ ရယ်မောကာ ပြောလိုက်သည်။ "ဒီနေရာက ရတနာတွေပေါ်မှာ မင်းတို့မြင့်မြတ်သောနန်းတော်အပိုင်ပါဆိုပြီး တံဆိပ်တုံးခပ်ထားလို့လား။ ဘာလို့ ငါတို့ကန်ရွှမ်းကလန်က ရတနာတွေအတွက် ပြိုင်ဆိုင်ခွင့် မရှိရမှာလဲ။"
ကျောင်းထိုက်ရှင်းမှာ ခံစားချက်ကင်းမဲ့နေသော မျက်ဝန်းများဖြင့် ချူချင်းအား ကြည့်ရှုလိုက်သည်။
ချူချင်း၏ အမူအရာမှာလည်း အနည်းငယ်မျှပင် ပြောင်းလဲသွားခြင်းမရှိပဲ ရယ်ကာမောကာဖြင့်ပင် ကျောင်းထိုက်ရှင်းအား ကြည့်ရှုနေလေသည်။
ကျောင်းထိုက်ရှင်းနှင့် ချူချင်း နှစ်ဦးစလုံး၏ မျက်ဝန်းများထဲ၌ သတ်ဖြတ်လိုသော အငွေ့အသက်များ တရိပ်ရိပ် တက်လာကြသည်။
အခြားသော ရွေးချယ်ခံများမှာ ထိုမြင်ကွင်းအား ကြည့်ရှုနေရင်းဖြင့် စိတ်နှလုံးများပင် တုန်လှုပ်လာရသည်။ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်းသို့ စတင်ရောက်ရှိလာသည့် အချိန်မှစ၍ မြင့်မြတ်သောနန်းတော်နှင့် ကန်ရွှမ်းကလန်တို့မှာ အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ပါကြသော်လည်း ယခုအချိန်ထိ ချူချင်းနှင့် ကျောင်းထိုက်ရှင်းတို့မှာ ထိပ်တိုက်တွေ့ဆုံခဲ့ခြင်း မရှိသေးချေ။
ကန်ရွှမ်းကောင်းကင်ဒေသ၏ အထူးချွန်ဆုံး ရွေးချယ်ခံ နှစ်ဦးမှာ ယခုအခါတွင် ထိပ်တိုက်ရင်ဆိုင်ကြတော့မည်ပင် ဖြစ်သည်။
ကျောင်းထိုက်ရှင်းမှ ဖြည်းညင်းစွာ စကားဆိုလိုက်သည်။ "ချူချင်း မင်းတို့က ငါတို့ရဲ့လမ်းကို ပိတ်ချင်တယ်ဆိုမှတော့ မင်းတို့ကန်ရွှမ်းကလန်က ရွေးချယ်ခံတွေအကုန်လုံး ဒီနေရာမှာ သေဆုံးရတော့မှာအတွက်လည်း ငါတို့မြင့်မြတ်သောနန်းတော်ကို အပြစ်မတင်ပါနဲ့။"
ကျောင်းထိုက်ရှင်း၏ သတ်ဖြတ်လိုစိတ်များမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီပင် ဖြစ်သည်။
ချူချင်းမှ အေးစက်ခက်ထန်စွာ ပြောလိုက်သည်။ "မင်းမှာ အဲ့လောက်ထိ အရည်အချင်းရှိလို့လား။"
ကျောင်းထိုက်ရှင်းမှာ စောင့်ကြည့်နေကြသော လူအုပ်ကြီးအားကြည့်ကာ ပြောလိုက်သည်။ "ငါတို့မြင့်မြတ်သောနန်းတော်နဲ့ တိုက်ခိုက်ချင်တဲ့သူ ဒီထဲမှာ ရှိသေးလား။"
မည်သူကမှ ကျောင်းထိုက်ရှင်း၏စကားအား ဖြေကြားခြင်း မပြုကြချေ။ လူတိုင်းမှာ အင်အားကြီးကလန်ကြီး နှစ်ခုဖြစ်သော မြင့်မြတ်သောနန်းတော်နှင့် ကန်ရွှမ်းကလန်တို့၏ ကြီးကျယ်ခမ်းနားသော တိုက်ပွဲကိုသာ စောင့်ကြည့်ရန် အသင့်ဖြစ်နေကြသည်။
ကျောင်းထိုက်ရှင်းမှာ မည်သည့်စကားမှ ဆက်လက်ပြောဆိုခြင်း မရှိတော့ပဲ ပြင်ဆင်စရာရှိသည်များကို အသင့်ပြင်ထားလိုက်တော့သည်။
ထိုအချိန်မှာပင် အခြားသော အင်အားကြီးကလန်ကြီးများမှာလည်း ဆုံးဖြတ်ချက်ချရန် တွေးတောနေရပြီ ဖြစ်သည်။ ရောင်စဉ်ရှစ်သွယ် ကျောက်စိမ်းပြားမှာ သုံးခုသာ ရှိသည့်အတွက် ဖြစ်ပေါ်လာမည့် တိုက်ပွဲအား မည်သို့မျှ ရှောင်လွှဲရနိုင်လိမ့်မည် မဟုတ်ပေ။ အမြင့်ဆုံးနေရာတွင်ရှိနေသော ကျောက်စိမ်းပြားအား မြင့်မြတ်သောနန်းတော်နှင့် ကန်ရွှမ်းကလန်တို့မှ ယှဉ်ပြိုင်ရယူကြမည်ဖြစ်သောကြောင့် ကျန်ရှိနေသော ကျောက်စိမ်းပြားနှစ်ခုအတွက် ယှဉ်ပြိုင်တိုက်ခိုက်ကြရမည် ဖြစ်သည်။
အလှပန်းတစ်ရာနန်းတော်နှင့် ကောင်းကင်တစ္ဆေကလန်တို့မှာ ဒုတိယမြောက် အမြင့်ဆုံးနေရာတွင်ရှိနေသော ကျောက်စိမ်းပြားအား ယှဉ်ပြိုင်ရယူရန် ဆုံးဖြတ်လိုက်ကြသည်။ ကလန်နှစ်ခုလုံးမှာ အငြိုးအတေးများစွာလည်း ရှိနေကြသောကြောင့် တိုက်ခိုက်ကြရန် အချိန်မစောင့်နိုင်ပဲ ဖြစ်နေရလေသည်။
ဓားလမ်းစဉ်ကလန်နှင့် မြောက်ပိုင်းနဂါးပင်လယ်ခန်းမတို့မှာမူ စိတ်အေးလက်အေးဖြင့်သာ တတိယမြောက် အမြင့်ဆုံးနေရာတွင်ရှိနေသော ကျောက်စိမ်းပြားအား ယှဉ်ပြိုင်ရယူရန် ဆုံးဖြတ်လိုက်ကြသည်။ ၎င်းတို့သည် ကလန်နှစ်ခုကြား မည်သည့်အညိုးအတေးမှ မရှိသောကြောင့် ကျောက်စိမ်းပြားအား ပိုင်ဆိုင်နိုင်ရန်အတွက်သာ ယှဉ်ပြိုင်တိုက်ခိုက်ကြမည် ဖြစ်သည်။
အင်အားကြီးကလန်ကြီး ခြောက်ခုလုံးမှာ ထိပ်ဆုံးတွင် ရှိနေသော ကျောက်စိမ်းပြားသုံးခုအား အသီးသီး ယှဉ်ပြိုင်ရယူရန် ဆုံးဖြတ်ပြီးကြပြီးဖြစ်သောကြောင့် ကျန်ရှိနေသော ကျောက်စိမ်းပြားလေးခုမှာ အခြားသော ကလန်များအတွက် အာရုံစိုက်စရာ ဖြစ်လာသည်။
အခြေအနေမှာ တင်းမာလျက်ရှိပြီး ပတ်ဝန်းကျင်တစ်ခွင်၌လည်း သတ်ဖြတ်လိုသော အငွေ့အသက်များ တိတ်တဆိတ်ပျံ့နှံ့နေသည်ဟုပင် ထင်မှတ်ရလေသည်။
အချိန်အချို့ကြာမြင့်သွားပြီးနောက်
မြင့်မြတ်သောနန်းတော်မှာ ကျောင်းထိုက်ရှင်း၏ ဦးဆောင်မှုဖြင့် အမြင့်ဆုံးနေရာတွင်ရှိနေသော ကျောက်စိမ်းပြားရှိရာသို့ ဦးတည်ပျံဝဲသွားကြသည်။
ချူချင်းမှာ အသက်ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်ပြီးနောက် လေးနက်စွာဖြင့် စကားဆိုလိုက်သည်။ "ကန်ရွှမ်းကလန်က ရွေးချယ်ခံတွေ ငါ့နောက်လိုက်ခဲ့ကြ။ မြင့်မြတ်သောနန်းတော်ကို သင်ခန်းစာ ပေးလိုက်ကြရအောင်။"
ဝှစ်....
ချူချင်းမှ ဦးဆောင်၍ ကောင်းကင်ထက်သို့ ပျံဝဲသွားသည်။
ခုန်းရှန်နှင့် လီချင်းချန်တို့မှာလည်း အလျင်အမြန်ပင် လိုက်ပါသွားကြသည်။
ဇူယွမ်နှင့် ယောင်ယောင်မှာလည်း အကြည့်ချင်းဖလှယ်လိုက်ကြပြီးနောက် ချက်ချင်းဆိုသလိုပင် လိုက်ပါပျံသန်းသွားကြသည်။
ဂူဟွမ်ချီနှင့် အခြားသော ကန်ရွှမ်းကလန်၏ တပည့်များစွာမှာ ကောင်းကင်ထက်သို့ ပျံသန်းထွက်ခွာသွားကြသော ရွေးချယ်ခံများအားကြည့်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။ "ရွေးချယ်ခံတွေ အောင်ပွဲခံပြီး ပြန်လာမယ့်အချိန်ကို စောင့်နေမယ်ဗျို့..."
ဤသို့ဖြင့် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်းရှိ ကြီးကျယ်ခမ်းနားကာ အန္တရာယ်များလှသော တိုက်ပွဲကြီးတစ်ခုသည် စတင်တော့မည်ပင် ဖြစ်လေတော့သတည်း......