အခန်း (၉၀၁-၉၀၃)
Vol. 61 Ch. 901-903
အခန်း (၉၀၁)
အာရုဏ်ဦး၏ ပထမဆုံး အလင်းရောင်ခြည်သည် အခန်းအတွင်းသို့ ဝင်ရောက်လာသည်နှင့် ချန်အာ၏ မျက်တောင်များမှာ တသိမ့်သိမ့် တုန်ခါသွားပြီး မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်လေသည်။ သူမ မြင်ကွင်းထဲသို့ ပထမဆုံး ဝင်ရောက်လာသည်မှာ ကုတင်ပေါ်တွင် လှဲလျောင်းကာ အိပ်မောကျနေသည့် ရွှယ်အန်းပင် ဖြစ်သည်။
၎င်းသည် ပက်လက်လန်လျက် အိပ်ပျော်နေပြီး အသက်ရှူသံများမှာ ဟောက်သံသဲ့သဲ့အဖြစ် ပြောင်းလဲ ထွက်ပေါ်နေသည်ကို ကြည့်ခြင်းအားဖြင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေမှန်း သိသာလှပေသည်။
ချန်အာသည် သူ့အား ငေးငိုင်စွာ ကြည့်နေရင်း ရုတ်တရက်ဆိုသကဲ့သို့ သူမ၏ နှလုံးသားထဲတွင် စူးခနဲ နာကျင်မှုကို ခံစားလိုက်ရသည်။
ဒီလိုပဲ ဆက်ဖြစ်နေတုန်းပါလား...
သူမ မျှော်လင့်ခဲ့သော အံ့ဖွယ်ရာ တစ်စုံတစ်ရာ ဖြစ်ပေါ်မလာခဲ့ပေ။
တကယ်တမ်းကျတော့... သခင်လေးက ငါ့ကို မလိုချင်တော့တာပဲ ဖြစ်မယ်...
ထိုအတွေးနှင့်အတူ ချန်အာသည် မျက်ရည်များကို ထိန်းချုပ်ကာ တတ်နိုင်သမျှ အသံတိတ်ပြီး ကုတင်ပေါ်မှ ဆင်းလိုက်သည်။ ထို့နောက် ကုတင်ဘေးရှိ စားပွဲပေါ်တွင် တင်ထားရန် လက်ဖက်ရည်ပူပူ တစ်ခွက်ကို ဦးစွာ ဖျော်လိုက်သည်။ အဘယ်ကြောင့်ဆိုသော်သော် သခင်လေး၌ အိပ်ရာထလျှင် လက်ဖက်ရည်ပူပူတစ်ခွက် သောက်လေ့ရှိသော အကျင့်ရှိသောကြောင့် ဖြစ်သည်။
လက်ဖက်ရည် ဖျော်နေစဉ်မှာပင် ဤသည်မှာ သခင်လေးအတွက် သူမ ဖျော်ပေးရသည့် နောက်ဆုံး လက်ဖက်ရည်ခွက် ဖြစ်ကောင်းဖြစ်နိုင်သည်ဟု တွေးမိကာ ချန်အာ၏ မျက်ရည်များမှာ အကြိမ်ကြိမ် ကျဆင်းလာခဲ့ရသည်။
ထို့နောက် သူမသည် မျက်နှာသစ်ရန် ရေတစ်ဇလုံ သွားယူရန် ရည်ရွယ်လိုက်သည်။
သို့သော် ထိုအချိန်မှာပင် တံခါးကို အလျင်အမြန် ခေါက်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီးနောက် ဆိုင်ရှင် ယန်ဇီလင်း၏ အော်ခေါ်သံပါ ထွက်ပေါ်လာလေတော့သည်။
"သခင်လေးရွှယ်၊ မိန်းကလေးချန်အာ၊ နိုးကြပြီလားဗျို့"
စကားလုံးများမှာ ယဉ်ကျေးသော်လည်း သူ၏ လေသံထဲရှိ ဝင့်ကြွားမှုများမှာ လျှံကျလုမတတ်ပင် မြင်ရသည်။ ချန်အာမှာ တုန်လှုပ်သွားပြီး သူမ၏ မျက်နှာသွင်ပြင်မှာ ချက်ချင်းဆိုသလို စက္ကူကဲ့သို့ ဖြူဖျော့သွားလေသည်။
နောက်ဆုံးတော့ ရောက်လာကြပြီပဲ...
မျှော်လင့်ချက်မဲ့ခြင်းများသည် ချန်အာ၏ နှလုံးသားထဲတွင် ပြည့်နှက်သွားသည်။
သို့သော် ထိုခဏ၌ ပျင်းရိသော အသံတစ်သံသည် သူမ၏ နောက်ကျောဘက်ဆီမှ ထွက်ပေါ်လာခဲ့သည်။
"ချန်အာ... သွားပြီး တံခါးဖွင့်ပေးလိုက်ပါ"
ချန်အာ၏ စိတ်ဝိညာဉ်များ တုန်ရှသွားပြီး လှည့်ကြည့်လိုက်ရာ ရွှယ်အန်းမှာ မည်သည့်အချိန်က နိုးနေသည်မသိဘဲ ယခုအခါ ကုတင်အစွန်းတွင် ထိုင်ကာ သမ်းဝေနေသည်ကို တွေ့လိုက်ရသည်။
"သခင်လေး..."
ရွှယ်အန်းက အကျောဆန့်လိုက်ပြီး သူမအား အပြုံးနုနုဖြင့် ကြည့်ကာ ပြောလိုက်သည်။
"သွားဖွင့်လိုက်လေ"
"ရှင်... ဟုတ်ကဲ့"
ချန်အာသည် ခေါင်းငိုက်စိုက်ကျသွားပြီး ခဲဆွဲထားသကဲ့သို့ လေးလံနေသော ခြေထောက်များကို တရွတ်တိုက်ဆွဲကာ တံခါးဆီသို့ လျှောက်သွားလိုက်သည်။ သူမအတွက်မူ ထိုရိုးရှင်းသော သစ်သားတံခါးသည် ဤအချိန်တွင် အလွန်တရာ လေးလံနေသကဲ့သို့ ထင်မှတ်ရသည်။ ၎င်းကို ဖွင့်လိုက်ခြင်းသည် အရာအားလုံး ပြန်လည်ပြင်ဆင်မရနိုင်တော့မည့် အခြေအနေသို့ ရောက်သွားစေမည်ဟု ဆိုလိုခြင်း ဖြစ်သည်။
ထို့ကြောင့် သူမသည် နောက်ဆုံး လက်ကျန်မျှော်လင့်ချက်လေးကို ဖက်တွယ်ရင်း ရွှယ်အန်းကို လှည့်ကြည့်လိုက်သော်လည်း သခင်လေးမှာ ခေါင်းငုံ့၍ လက်ဖက်ရည်ကိုသာ သောက်နေသည်ကို တွေ့လိုက်ရသည်။ ဝမ်းနည်းပူဆွေးမှုများ လှိုင်းလုံးပမာ တက်လာကာ ချန်အာသည် တုန်ရီစွာဖြင့် တံခါးကို ဖွင့်ပေးလိုက်ရတော့သည်။
သူမ ထင်ထားသည့်အတိုင်းပင် အပြင်ဘက်တွင် ရပ်နေသူမှာ ဆိုင်ရှင် ယန်ဇီလင်းမှလွဲ၍ တခြားသူ မဟုတ်ပေ။ ပုံမှန်အားဖြင့် ကြမ်းတမ်းပြီး အပြစ်ရှာတတ်သော ဤဆိုင်ရှင်သည် ယခုအခါတွင်မူ မျက်နှာပြည့် ပြုံးဖြီးနေသည်။
အထူးသဖြင့် မျက်ရည်များ စိုရွှဲနေသော ချန်အာ၏ ပါးပြင်များကို မြင်လိုက်ရသောအခါ သူ၏ မျက်လုံးများမှာ ပိုလို့ပင် အရောင်တောက်လာသည်။
တကယ်လှတဲ့ မိန်းမပျိုလေးပါလား...
ဤသည်မှာ သူမ၏ အရွယ်မရောက်တရောက်ခင်ပုံစံသာ ရှိသေးသည်။
နောက်ထပ် နှစ်အနည်းငယ်လောက် စောင့်ပြီး သူမ အရွယ်ရောက်လာချိန်တွင် ရှိလာမည့် ဆွဲဆောင်မှုမျိုးကို တွေးကြည့်ရုံသာတက်နိုင်သည်။
ထိုအတွေးနှင့်အတူ ယန်ဇီလင်းသည် ချန်မိသားစုမှ သခင်လေး၏ ကံကောင်းမှုကိုပင် မနာလို ဖြစ်မိသွားသည်။ အကယ်၍ သခင်လေးချန်သာ ကြားမဝင်ခဲ့ပါက မည်သို့ပင်ဖြစ်စေ ဤကောင်မလေးကို လက်လွတ်ခံမည် မဟုတ်ပေ။
ယန်ဇီလင်း၏ ခေါင်းထဲတွင် မကောင်းသောအကြံမှာ ရှုပ်ထွေးနေသော်လည်း ပြုံးဖြီးနေသော မျက်နှာထားဖြင့် မေးလိုက်သည်။
"မိန်းကလေးချန်အာ... သခင်လေးရွှယ် နိုးပြီလားခင်ဗျ"
ချန်အာက ခေါင်းအနည်းငယ် ညိတ်ပြလိုက်သည်။ ထိုအချိန်တွင် အခန်းထဲမှ ရွှယ်အန်း၏ ဂရုမစိုက်သော လေသံ ထွက်ပေါ်လာသည်။
"ဝင်ခဲ့ပါ"
ယန်ဇီလင်းက တဟားဟား ရယ်မောလိုက်ပြီး အခန်းထဲသို့ ဝင်သွားလိုက်သည်။
"သခင်လေးရွှယ်... မနေ့ညက ကောင်းကောင်း အိပ်ပျော်ရဲ့လား"
ယန်ဇီလင်းက ရွှင်မြူးစွာ မေးလိုက်သော်လည်း သူ၏ မျက်လုံးများမှာမူ ဟိုဟိုဒီဒီ ကစားနေသည်။
"ကောင်းပါတယ်"
ရွှယ်အန်းသည် မျက်နှာမပျက်ဘဲ ဖြေလိုက်ပြီး သူ၏ လက်ဖက်ရည်ကိုသာ ဆက်လက် သောက်နေသည်။ အခန်းထဲရှိ လေထုမှာ ရုတ်တရက် တင်းမာသွားသယောင် ထင်ရသည်။
ယန်ဇီလင်းသည် စိတ်ထဲတွင် မထီမဲ့မြင် ပြုလိုက်မိသည်။ ဒီအခြေအနေ ရောက်နေတာတောင် ဟန်လုပ်နေတုန်းလား...
ထို့ကြောင့် သူ လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းပြလိုက်ကာ ပြောလိုက်သည်။
"ဒါဆိုရင်လည်း လိုရင်းကိုပဲ ပြောပါတော့မယ်၊ မနေ့က ပြောထားတဲ့ စကားကို သခင်လေးရှဲ့ မှတ်မိရဲ့လား"
ယဲ့ရှောင်ချန်သည် လက်နှစ်ဖက်ကို ဘေးတွင်ချကာ ရပ်နေရာမှာ တစ်ကိုယ်လုံး တုန်ရီနေပြီး သူမ၏ ခေါင်းမှာ အလိုအလျောက်ပင် ငိုက်ကျသွားသည်။
ရွှယ်အန်းက ဖျော့တော့သော အပြုံးတစ်ခု ပေးလိုက်ပြီး ပြောသည်။
"ဒါပေါ့... မှတ်မိတာပေါ့"
"ကောင်းပါပြီ၊ အခု အရှေ့ဘက်မှာ နေလည်း ထွက်လာပြီဆိုတော့ ငွေအသပြာ နှစ်ဆယ်ကို ကျေးဇူးပြုပြီး ပေးသနားပါဦး သခင်လေးရွှယ်"
ရွှယ်အန်းသည် အသံတစ်စုံတစ်ရာ မပြုဘဲ လက်ဖက်ရည်ကိုသာ ဆက်သောက်နေသည်။ ထိုသည်မှာ ယန်ဇီလင်း စိတ်မရှည်သည့် လက္ခဏာများ ပြလာသည် အထိပင်ဖြစ်သည်။
ထိုအခါမှသာ ရွှယ်အန်းသည် သူ၏ လက်ဖက်ရည်ခွက်ကို စားပွဲပေါ်တင်လိုက်ပြီး ပေါ့ပေါးစွာမေးလိုက်သည်။
"ဆိုင်ရှင်ယန်... ခင်ဗျား ဒီငွေအသပြာ နှစ်ဆယ်ကို လိုချင်တာ သေချာရဲ့လား"
ယန်ဇီလင်းလည်း အံ့အားသင့်သွားသည်။ သူ ဘာကို ဆိုလိုတာလဲ၊ အကြွေးကို မပေးဘဲ နေချင်တာလား...၊ သူသည် ထိုစာသင်သားလေးမှည မာနကြောင့် ပြဿနာရှာချင်နေတာ ဖြစ်မယ်ဟု သူ တွက်ဆလိုက်သည်။
ထိုသို့ တွေးလိုက်ပြီးနောက် ယန်ဇီလင်း၏ မျက်နှာပေါ်တွင် အေးစက်စက် အပြုံးတစ်ခု ပေါ်လာသည်။
"သခင်လေးရွှယ် ပြောတာက ဟာသတစ်ခုလို ရယ်ရတာပဲဗျာ၊ ခင်ဗျားပဲ နေထွက်ရင် ငွေပြန်ဆပ်မယ်၊ မဆပ်နိုင်ရင် မိန်းကလေးချန်အာကို ကျုပ်လက်ထဲ အပ်မယ်လို့ မနေ့က ခင်ဗျားကိုယ်တိုင် ပြောခဲ့တာလဲ၊ ဘာလဲ... အခုမှ စကား ပြန်ရုပ်သိမ်းချင်တာလား"
ရွှယ်အန်းသည် ယန်ဇီလင်းကို ပြုံးသယောင်ယောင် မျက်နှာထားဖြင့် ကြည့်ကာ ခေါင်းခါလိုက်သည်ယ
"မရုပ်သိမ်းပါဘူး... ဆိုင်ရှင်ယန် အနေနဲ့ ဒီငွေအသပြာ ၂၀ကို လက်ခံပြီးတာနဲ့ မကြာခင်မှာပဲ ပြန်ပြီး လာပေးရမှာကို စိုးရိမ်လို့ပါ"
ထိုစကားများကြောင့် ယန်ဇီလင်းမှာ ပြောစရာစကား မရှိလောက်အောင် ရယ်ချင်စိတ်ဖြစ်သွားပြီး သူ့ရင်ထဲတွင် အထင်သေးစိတ်များ ပြည့်နှက်သွားသည်။ မွဲတေနေတဲ့ စာသင်သားလေးက ဒီအချိန်ထိ လေကြီးနေတုန်းပဲ...
"ဟားဟား... သခင်လေးရွှယ်က ဟာသပြောတာ တကယ်တော်တာပဲ၊ ရှင်းရှင်းပဲ ပြောရအောင်ဗျာ... ခင်ဗျားဆီမှာ ပိုက်ဆံမရှိဘူးဆိုတာ ကျုပ်သိပါတယ်၊ တစ်ညတည်းနဲ့ ငွေအသပြာ ၂၀ရအောင် ရှာဖို့ဆိုတာ ခင်ဗျားမပြောနဲ့၊ ကျုပ်လို စီးပွားရေးသမားတောင် ခက်ခဲတဲ့ ကိစ္စဗျ၊ ဒါကြောင့် ရှက်နေစရာ မလိုပါဘူး... မိန်းကလေးချန်အာကိုသာ ကျုပ်လက်ထဲ ထည့်ပေးလိုက်ပါ၊ မြို့တော်ကို စာမေးပွဲသွားဖြေဖို့ လမ်းစရိတ်တောင် ကျုပ် နည်းနည်းပါးပါး ထောက်ပံ့ပေးလိုက်ဦးမယ်... ဘယ်လိုလဲ"
၎င်းတို့ နှစ်ဦး စကားပြောနေစဉ် ဘေးတွင် ရပ်နေသော ချန်အာ၏ မျက်ရည်များမှာ မရပ်မနား ကျဆင်းနေသည်။ ယန်ဇီလင်း၏ စကားကို ကြားသောအခါ သူမ တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ခါသွားပြီး အမြင်အာရုံများ မိုက်ခနဲ ဖြစ်ကာ မျှော်လင့်ချက်မဲ့ခြင်းများဖြင့် ပြည့်နှက်သွားသည်။
အရာအားလုံးပြီးဆုံးသွားပြီဟု သူမ ခံစားလိုက်ရသောကြောင့် ဖြစ်သည်။ သူမသည် သခင်လေးကို စွန့်ခွာရတော့မည်ဖြစ်ပြီး ဤလူယုတ်မာတို့၏ ကစားစရာ ဖြစ်ရတော့မည်။
ထိုသို့ တွေးလိုက်မိပြီးနောက် ချန်အာသည် မျက်ရည်များ ဖြိုင်ဖြိုင်ကျလျက် နောက်သို့ လှည့်ကာ ရွှယ်အန်း၏ ရှေ့တွင် ဒူးထောက်ချလိုက်သည်။
"သခင်လေး... သခင်လေးအတွက် အရမ်းခက်ခဲမယ်ဆိုတာ ကျွန်မ သိပါတယ်... ကျွန်မကို ရောင်းစားလိုက်ပါ... ချန်အာ အပြစ်မတင်ပါဘူး"
သူမ စကားပြောနေရင်းပင် မျက်ရည်များဖြင့် ရွှဲနစ်နေလေသည်။ သို့သော် ထိုအချိန်မှာပင် နွေးထွေးသော လက်တစ်ဖက်သည် သူမ၏ ပခုံးပေါ်သို့ ညင်သာစွာ ကျရောက်လာပြီး ရွှယ်အန်း၏ ပေါ့ပါးသော ရယ်သံပါ ထွက်ပေါ်လာသည်။
"ဘာတွေ လျှောက်ပြောနေတာလဲ၊ ဘယ်သူက မင်းကို ရောင်းစားမယ်လို့ ပြောလို့လဲ"
ဘယ်လို...
ချန်အာမှာ လန့်ဖျပ်သွားပြီး မျက်ရည်များဖြင့် ပေကျံနေသော မျက်နှာဖြင့် ရွှယ်အန်းကို မော့ကြည့်လိုက်သည်။
ယန်ဇီလင်း၏ မျက်နှာထားမှာ မည်းမှောင်သွားပြီး စကားစလိုက်သည်။
"သခင်လေးရှဲ့... ခင်ဗျား..."
သူသည် ရှဲ့အန်းအား ကတိမတည်သူဟု စွပ်စွဲချင်နေပြီ ဖြစ်သည်။
သို့သော် ထိုအချိန်မှာပင် ရွှယ်အန်းသည် သူ၏ ရင်ဘတ်ထဲမှ ငွေတုံးတစ်တုံးကို ပေါ့ပေါ့ပါးပါး ထုတ်ယူလိုက်ပြီး ပစ်ပေးလိုက်ကာ ဂရုမစိုက်သော လေသံဖြင့် ပြောလိုက်သည်။
"ရော့... ခင်ဗျား လိုချင်တဲ့ ငွေ"
ယန်ဇီလင်းသာမက ချန်အာသည်လည်း ထိုနည်းတူပင် မှင်သက်သွားသည်။
ထို့နောက် ယန်ဇီလင်းသည် မယုံနိုင်သော မျက်နှာထားဖြင့် ငွေတုံးကို ကောက်ယူကာ သေချာ စစ်ဆေးကြည့်လိုက်ပြီး သွားဖြင့်ပင် အကြိမ်ကြိမ် ကိုက်ကြည့်လေသည်။
သို့သော် မည်သို့ပင်ကြည့်စေကာမူ ၎င်းသည် အစစ်အမှန် ငွေတုံးတစ်တုံး ဖြစ်နေသည်။
သူ့ လက်ထဲတွင် ချိန်ဆကြည့်လိုက်ရုံမျှဖြင့် အသပြာ ၂၀ ထက် ကျော်လွန်ကြောင်း အတပ်ပြောနိုင်လေသည်။
"ဒါ... ဒါက..."
ယန်ဇီလင်း ဆွံ့အသွားသည်။ ရွှယ်အန်းက ငွေအသပြာ ၂၀ တကယ် ထုတ်ပေးနိုင်လိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။ ချန်အာသည် ယန်ဇီလင်းနှင့် ရွှယ်အန်းကို တစ်လှည့်စီ ကြည့်နေပြီး သူမ၏ မျက်နှာတွင် မယုံကြည်နိုင်မှုများ အပြည့်ဖြစ်နေသည်။ သခင်လေး၏ ငွေကြေးအခြေအနေကို အသိဆုံးမှာ သူမပင် ဖြစ်သည်။ အသပြာ ၂၀မပြောနှင့် ကြေးပြား ၂ပြားတောင် ၎င်းတို့ မထုတ်နိုင်ပေ။
ထို့အပြင် မနေ့ညက သခင်လေးသည် တစ်ညလုံး အိပ်ပျော်နေခဲ့ခြင်းဖြစ်သည်။ ဤငွေများသည် ကောင်းကင်ပေါ်က ပြုတ်ကျလာခဲသည်များလား...
ထိုအချိန်တွင် ရွှယ်အန်းသည် လက်ကို နောက်ပစ်ကာ မတ်တပ်ရပ်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။
"ဆိုင်ရှင်ယန် လိုချင်တဲ့ ငွေလည်း ရပြီဆိုတော့ ကျေးဇူးပြုပြီး ထွက်သွားပေးပါတော့"
ရွှယ်အန်းသည် အလွန် ယဉ်ကျေးသော လူတစ်ယောက် ဖြစ်နေသည်။
တစ်စုံတစ်ယောက်ကို ထွက်သွားခိုင်းချိန်တွင်ပင် ကျေးဇူးပြုပြီး ဟူသော စကားလုံးကို ထည့်သုံးတတ်သည်။
ယန်ဇီလင်း၏ မျက်နှာမှာ အစိမ်းဖြစ်လိုက် အဝါဖြစ်လိုက် ပြောင်းသွားပြီး သံသယများနှင့် ဒေါသများ ပြည့်နှက်နေသော်လည်း ရွှယ်အန်း၏ မောင်းထုတ်သည့် အမူအရာကို ကြောက်ရွံ့သွားသဖြင့် ခေါင်းငိုက်စိုက်ချကာ အခန်းထဲမှ တိတ်တဆိတ် ထွက်ခွာသွားရတော့သည်။
အခန်း (၉၀၂) သတင်းဆိုး ရောက်လာခြင်း
အခန်းထဲတွင် သခင်နှင့် အစေခံနှစ်ဦးတည်းသာ ကျန်ရစ်သောအခါ ရွှယ်အန်းသည် ကြောင်ငေးနေသော ချန်အာ၏ နှာခေါင်းထိပ်လေးကို လက်ဖြင့် ဖွဖွလေး ပွတ်ဆွဲလိုက်ပြီး ပြုံးလျက် မေးလိုက်သည်။
"ဘာဖြစ်လို့လဲ... သခင်လေးက ရောင်းမစားလိုက်လို့ စိတ်ပျက်သွားတာလား"
သူ စကားဆုံးသည်နှင့် တပြိုင်နက် ယဲ့ရှောင်ချန်သည် ရှေ့သို့ ရုတ်တရက် တိုးဝင်လာပြီး ရွှယ်အန်းကို တင်းကျပ်စွာ ဖက်တွယ်လိုက်ကာ သူ၏ ရင်ခွင်ထဲတွင် မျက်နှာအပ်လျက် ထိန်းချုပ်မရနိုင်အောင် ရှိုက်ကြီးတငင် ငိုကြွေးလေတော့သည်။
ရွှယ်အန်း၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွားပြီးနောက် စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။
ယန်အာ... ကိုယ် မင်းကို သစ္စာဖောက်တဲ့ အလုပ်မျိုး ဘာတစ်ခုမှ မလုပ်ခဲ့ပါဘူး...
အမှန်တွင် သူသည် ချန်အာအပေါ်၌ သမီးတစ်ယောက်လိုသာ သဘောထားခြင်းဖြစ်သည်။ ဤကောင်မလေးသည် သူ၏ သမီးအရင်းထက် နှစ်အနည်းငယ်မျှသာ ပိုကြီးသောကြောင့် ဖြစ်သည်။
ထိုအချိန်တွင် ချန်အာက ရှိုက်သံများကြားမှ ပြောလိုက်သည်။
"သခင်လေး... ကျွန်မ... ကျွန်မ တကယ် ထင်ခဲ့တာ... သခင်လေးက ကျွန်မကို ရောင်းစားတော့မယ်လို့လေ၊ အဲဒီတုန်းက ချန်အာ အရမ်းကြောက်ခဲ့တာ သိလား"
ရွှယ်အန်းက တိတ်တဆိတ် ရယ်မောလိုက်ပြီးနောက် ချန်အာ၏ ပခုံးကို ပုတ်ပေးလိုက်ပြီး နှစ်သိမ့်ပေးလိုက်သည်။
"ကဲပါ... ကဲပါ... မငိုနဲ့တော့၊ ငါက မင်းကို ဘယ်လိုလုပ် ရောင်းစားရက်မှာလဲ"
အဆုံးတွင် ရွှယ်အန်း၏ အာမခံချက်ကြောင့် ချန်အာ တဖြည်းဖြည်း စိတ်အေးသွားလေသည်။
သူမ၏ ရင်ထဲမှ ကြီးမားသော ဝန်ထုပ်ဝန်ပိုးကြီး လျော့ကျသွားသောကြောင့် ဤကောင်မလေးမှာ မယုံနိုင်လောက်အောင် ပျော်ရွှင်သွားပြီး မျက်နှာလေးမှာလည်း ဝမ်းသာပီတိများဖြင့် လင်းလက်လာသည်။
သိပ်ကောင်းတာပဲ...
သူမ အရောင်းစားခံရတော့မည် မဟုတ်သကဲ့သို့ သခင်လေး၏ အစေခံမလေးအဖြစ်လည်း ဆက်လက် တာဝန်ထမ်းဆောင်နိုင်တော့မည်။
ရိုးသားဖြူစင်သော ဤကောင်မလေးအတွက်မူ ဤအရာသည် ကမ္ဘာပေါ်တွင် အပျော်ရွှင်ရဆုံး ကိစ္စရပ်ပင် ဖြစ်သည်။
သို့သော် သူမ အနည်းငယ် ဇဝေဇဝါ ဖြစ်နေဆဲဖြစ်သည်။
"ဒါပေမဲ့ သခင်လေး... အဲဒီ ငွေတွေက..."
ဤကောင်မလေးမှာ အလွန်အမင်း စိုးရိမ်ပူပန်နေသည်။ ထိုငွေများကြောင့် သူမ၏ သခင်လေး ဒုက္ခရောက်မည်ကို ကြောက်ရွံ့နေခြင်း ဖြစ်သည်။
သူမ၏ စိုးရိမ်ပူပန်မှုကို မြင်လိုက်ရသောအခါ ရွှယ်အန်း မရယ်ဘဲ မနေနိုင်တော့ချေ။
"မပူပါနဲ့... အဲဒီငွေတွေနဲ့ ပတ်သက်ပြီး ဘာပြဿနာမှ ရှိလာမှာ မဟုတ်ပါဘူ၊ ပြီးတော့..."
ရွှယ်အန်း၏ မျက်ဝန်းများ အရောင်လက်သွားပြီး ဆက်ပြောလိုက်သည်။
"ခဏနေရင် ဟိုဆိုင်ရှင်ယန်က ငိုယိုပြီး အဲဒီငွေတွေကို ငါတို့ဆီ ပြန်လာပေးလိမ့်မယ်"
ရွှယ်အန်း ပြောသည့်စကားမှာ အမှန်တရားပင် ဖြစ်သည်။ ငွေကြောင့် မည်သည့် ပြဿနာမှ တက်လာစရာ အကြောင်းမရှိပေ။
အဘယ်ကြောင့်ဆိုသော် ပြဿနာရှာနိုင်မည့် လူများအားလုံးကို သူ သတ်ဖြတ်ပြီးဖြစ်သောကြောင့် ဖြစ်သည်။
သို့သော် ချန်အာမှာ ဤအကြောင်းကို မသိသဖြင့် လုံးဝ ဇဝေဇဝါ ဖြစ်သွားရသည်။
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...
လောဘကြီးတဲ့ ဆိုင်ရှင်ယန်က သူရပြီးသား ငွေတွေကို ဘယ်လိုလုပ် ပြန်လာပေးမှာလဲ...
နားထောင်ရတာတင် စိတ်ကူးယဉ်ဆန်လွန်းလှသည်။ သို့သော် သူမ ဆက်မမေးရဲပေ။ သခင်လေး အသည်းအသန် ဖျားနာပြီးကတည်းက ပြောင်းလဲသွားသည်ကို သူမ သတိထားမိသောကြောင့် ဖြစ်သည်။
သူ၏ အပြုအမူများသည် ပိုမို ဗိုလ်ကျစိုးမိုးလာရုံသာမက သီးခြား အရည်အသွေးတစ်ခုကိုပါ ပိုင်ဆိုင်လာခဲ့သည်။
ထိုအရည်အသွေးသည် သခင်လေး ပြုံးလိုက်သည်နှင့် တပြိုင်နက် ကမ္ဘာလောကကြီးတွင် သူ့ကို ဒုက္ခပေးနိုင်မည့်အရာ မရှိတော့သည့်ပမာ ထင်မှတ်ရစေပြီး တစ်ပါးသူများကို ဖော်ပြမရနိုင်သော လုံခြုံမှုမျိုးကို ပေးစွမ်းနိုင်လေသည်။
ထို့ကြောင့် ချန်အာသည် ထိုခေါင်းရှုပ်စရာ ကိစ္စများကို ဆက်မတွေးတော့ပေ။
ဘယ်သူက ဂရုစိုက်နေမှာလဲ၊ သခင်လေးက အဆင်ပြေတယ်လို့ ပြောရင် အဆင်ပြေတာပဲ နေမှာပေါ့...
အခန်းထဲတွင် သခင်နှင့် အစေခံ နှစ် ယောက် စကားလက်ဆုံကျနေစဉ် ယန်ဇီလင်သည် ငွေအသပြာ ၂၀ ကို ကိုင်ဆောင်လျက် မည်းမှောင်သော မျက်နှာထားဖြင့် အိမ်ရှေ့ခန်းမဆောင်သို့ ပြန်ရောက်လာသည်။
ယန်ယွဲ့သည် စိတ်လှုပ်ရှားစွာဖြင့် အရှေ့တွင် စောင့်ဆိုင်းနေပြီး သူမ၏ ဖခင် ပြန်ရောက်လာသည်ကို မြင်လိုက်ရသောအခါ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။
သူမ၏ဖခင်သည် နောက်ဖေးဆောင်သို့ ဘာသွားလုပ်သည်ကို သူမ ကောင်းကောင်း သိသည်။
သူမအနေဖြင့် အလွန် ကိုယ်ချင်းစာသနားမိသော်လည်း မိသားစုတာဝန် ဟူသော ဝန်ထုပ်ဝန်ပိုးအောက်တွင် ပိမိနေသဖြင့် တိတ်တဆိတ်သာ ကြည့်နေနိုင်ပြီး ကူညီရန် စွမ်းအားမရှိပေ။
ဤအချက်က သူမကို နာကျင်စေသည်။
ထို့ကြောင့် သူမ ဂနာမငြိမ်ဖြစ်ကာ နေစရာမရှိအောင် ဖြစ်နေရခြင်း ဖြစ်သည်။
သို့သော် ထိုအချိန်မှာပင် တစ်စုံတစ်ခု မှားယွင်းနေသည်ကို သူမ သတိထားမိလိုက်သည်။
အဘယ်ကြောင့်ဆိုသော် သူမဖခင်၏ မျက်နှာမှာ ပြာနှမ်းနေပြီး ထွက်ခွာသွားစဉ်က ရှိခဲ့သည့် ပျော်ရွှင်သော အငွေ့အသက်များ လုံးဝ ပျောက်ဆုံးနေသောကြောင့် ဖြစ်သည်။
ဘာဖြစ်ခဲ့တာလဲ...
မတော်တဆမှု တစ်ခုခုများ ဖြစ်ခဲ့တာလား..
ယန်ယွဲ့၏ ရင်ခုန်သံများ ရပ်တန့်သွားသလို ခံစားလိုက်ရပြီး သူမ အလျင်အမြန်ပင် ဖခင်ထံသို့ သွားလိုက်သည်။
"အဖေ... ဘာဖြစ်ခဲ့လို့လဲ"
ယခုအချိန်တွင် ယန်ဇီလင်၏ မျက်နှာမှာ အလွန်တရာ အရုပ်ဆိုး အကျည်းတန်နေပြီး ပြင်းထန်သော ဒေါသများဖြင့် ပြည့်နှက်နေသည်။
ထို့ကြောင့် သမီးဖြစ်သူ၏ စိုးရိမ်တကြီး ကြည့်နေသော မျက်ဝန်းများကို မြင်လိုက်ရသောအခါ ဒေါသစိတ်ကို မထိန်းချုပ်နိုင်တော့ဘဲ လက်ကိုမြှောက်ကာ ပါးရိုက်ပစ်လိုက်သည်။
ယန်ယွဲ့မှာ ပါးရိုက်ခံလိုက်ရသဖြင့် ယိုင်နဲ့သွားပြီး သူမ၏ ပါးပြင်ကို အုပ်ကိုင်လျက် မယုံနိုင်စွာကြည့်လိုက်သည်။
"အဖေ..."
"ဟမ်း... သစ္စာဖောက်ကောင်မ၊ နင်က ဟိုအစေခံကောင်မလေးကို သနားနေတာမလား၊ ကဲ... အခု ဖြစ်သွားတဲ့ ပုံစံကို နင် ကျေနပ်ပြီလား"
ယန်ဇီလင်က ကြမ်းတမ်းစွာ အော်ဟစ်လိုက်သည်။
ယန်ယွဲ့မှာ မကြာခဏ အရိုက်ခံနေရသူဖြစ်သဖြင့် အနည်းငယ် ဝမ်းနည်းမိသော်လည်း အလွန်ခံစားမနေတော့ပေ။ သို့သော် ဖခင်ဖြစ်သူ၏ စကားများကို ကြားလိုက်ရသောအခါ သူမ ဇဝေဇဝါ ဖြစ်သွားရသည်။
"အဖေ... ဘာတွေ ပြောနေတာလဲ၊ သမီး နားမလည်ဘူး..."
"ဟမ့်"
ယန်ဇီလင်က ငွေတုံးကို ဆွဲထုတ်လိုက်ပြီး ကောင်တာပေါ်သို့ ဆောင့်တင်လိုက်သည်။
"မြင်လား... အဲဒီ အသုံးမကျတဲ့ ရွှယ်အန်းက ငွေအသပြာ ၂၀ တကယ် ထုတ်ပေးလိုက်တယ်"
ဘယ်လို...
ယန်ယွဲ့လည်း မှင်သက်သွားသည်။
အဖြစ်အပျက်များ ဤမျှအထိ ပြောင်းလဲသွားလိမ့်မည်ဟု သူမ လုံးဝ မထင်ထားခဲ့ပေ။
ယန်ယွဲ့၏ အမြင်တွင် ရွှယ်အန်းသည် ချန်အာကို အပေါင်ပစ္စည်းသဖွယ် အသုံးချပြီး သူ၏ အကြပ်အတည်းမှ လွတ်မြောက်ရန် ကြိုးပမ်းနေသည်ဟုသာ ထင်ခဲ့သည်။
ထို့ကြောင့်ပင် ရွှယ်အန်းကို သူမ အလွန်အမင်း အထင်သေးခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခုအခါ အခြေအနေ ပြောင်းလဲသွားပုံမှာ သူမ၏ မျက်နှာကို ကျယ်လောင်စွာ ဖြတ်ရိုက်လိုက်သကဲ့သို့ ရှိပြီး ဘာလုပ်ရမှန်းမသိ ဖြစ်သွားစေသည်။
သူမ၏ မျက်နှာမှာ ပူလောင်စွာ နာကျင်နေသော်လည်း ယန်ယွဲ့၏ နှလုံးသားရှိ နက်ရှိုင်းသော နေရာတွင်မူ စိတ်သက်သာရာရမှုနှင့် ဝမ်းမြောက်မှုတို့ဖြင့် ပြည့်နှက်သွားသည်။
မည်သို့ပင်ဆိုစေကာမူ သနားစရာကောင်းပြီး ချစ်ခင်ဖွယ်ကောင်းသော ထိုအစေခံကောင်မလေးသည် မကောင်းဆိုးဝါး လက်အတွင်းသို့ ကျရောက်မည့်ဘေးမှ လွတ်မြောက်သွားပုံရသည်။
သို့သော် ထိုအချိန်မှာပင် ယန်ဇီလင်က ယုတ်မာသော လေသံဖြင့် ပြောလိုက်သည်။
"ငါ အဲဒီ ရွှယ်အန်းကို လျှော့တွက်မိသွားတယ်၊ ဒါပေမဲ့ ဒါနဲ့ပဲ ပြီးသွားပြီလို့ သူ ထင်နေတာလား၊ အဲဒီ အစေခံကောင်မလေးကို သခင်လေးချန် ကိုယ်တိုင်က သဘောကျနေတာကွ"
ထိုစကားကို ကြားလိုက်ရသောအခါ ယန်ယွဲ့၏ ရင်ထဲ ထပ်မံ ထိတ်လန့်သွားရပြန်သည်။
ဟုတ်သားပဲ...
ဒီမြို့မှာ ချန်မိသားစုရဲ့ စကားဆိုတာ ဥပဒေပဲ၊ ဘယ်သူကများ အာခံရဲမှာလဲ...
ရွှယ်အန်းက အခု ငွေပေးလိုက်ရင်တောင် သခင်လေးချန်က ဒီကိစ္စကို ဒီတိုင်း လွှတ်ထားပြီး ချန်အာကို အလွတ်ပေးပါ့မလား...
ယန်ယွဲ့၏ နှလုံးသားသည် နောက်တစ်ကြိမ် စိုးရိမ်ပူပန်မှု တိမ်တိုက်မည်းများ ဖုံးလွှမ်းသွားရပြန်သည်။
ယန်ဇီလင်၏ မျက်နှာပေါ်တွင်မူ ကောက်ကျစ်သော အပြုံးတစ်ခု ပေါ်လာသည်။
အဘယ်ကြောင့်ဆိုသော် သူ အဖြေရှာတွေ့သွားပြီ ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ သခင်ရော အစေခံပါ ဤမြို့မှ ထွက်ခွာနိုင်မှာ မဟုတ်ပေ။
သူ့အတွက်ကတော့ ငွေတစ်တုံး အပိုရလိုက်သဖြင့် မမျှော်လင့်ထားသော ကံကောင်းခြင်းသာ မဟုတ်ပေလား။
ထိုသို့ တွေးမိပြီးနောက် သူသည် ငွေတုံးကို သေချာစွာ စစ်ဆေးကြည့်လိုက်သည်။
အင်း... အမှားအယွင်း မရှိဘူး၊ တကယ့် ငွေအစစ်ပဲ...
ယန်ဇီလင်သည် တဖြည်းဖြည်း ပို၍ ကျေနပ်လာသည်။
သို့သော် ထိုအချိန်မှာပင် ဆိုင်အကူတစ်ယောက်သည် ထိတ်လန့်နေသော မျက်နှာထားဖြင့် ပြေးဝင်လာသည်။
"ဆ... ဆိုင်ရှင်... ကြီး... မတော်တဆမှုကြီး တစ်ခုဖြစ်ပျက်သွားပြီဗျ"
ယန်ဇီလင်၏ မျက်နှာလည်း ပျက်သွားပြီး ငေါက်ငမ်းလိုက်သည်။
"ငတုံးကောင်... မနက်စောစောစီးစီး ဆိုင်ဖွင့်ကာစ ရှိသေးတယ်... ဘာလို့ နာရေးသတင်း လာပို့သလို အော်ဟစ်နေရတာလဲ။ မင်း တစ်နေ့စာ လုပ်ခဖြတ်ခံချင်လိုဘလား"
ဆိုင်ရှင်ယန်သည် အလွန် အယူသည်းသူ ဖြစ်သည်။
အထူးသဖြင့် ယခုလို ဆိုင်ဖွင့်ကာစ အချိန်တွင် ဆိုင်အကူက ပြာပြာသလဲဖြင့် ဘေးဒုက္ခအကြောင်း လာပြောနေခြင်းသည် နိမိတ်မကောင်းဟု ယူဆသည်။
သို့သော် ဆိုင်အကူမှာ ယန်ဇီလင်၏ ဆူပူသံကို ကြားပုံမရဘဲ တစ်ကိုယ်လုံး တုန်ရီနေပြီး အကြောက်လွန်ကာ သွားများပင် တဂတ်ဂတ် ရိုက်ခတ်နေသည်။
"ဆ... ဆိုင်ရှင်... ချန်... ချန်မိသားစု..."
"ချန်မိသားစု ဘာဖြစ်လို့လဲ"
ယန်ဇီလင်သည် လက်ဖက်ရည်ခွက်ကို အေးဆေးစွာ ကောက်ကိုင်လိုက်ပြီး တစ်ငုံ သောက်လိုက်သည်။
ထို့နောက် တုန်ရီနေသော အသံဖြင့် ဆိုင်အကူ ပြောလိုက်သည်ကို သူ ကြားလိုက်ရသည်။
"ချန်မိသားစု... ချန်မိသားစုက လူတွေသေသွားပြီတဲ့"
ယန်ဇီလင်သည် မျက်မှောင်ကြုတ်လိုက်ပြီး ပြောလိုက်သည်။
"ငတုံးကောင်... မင်း မနက်စောစောစီးစီး အရက်သောက်လာတာလား၊ ချန်မိသားစု သေသွားတယ်ဆိုတာ ဘာစကားလဲ၊ ချန်မိသားစုက တစ်ယောက်ယောက်သာ ဒီစကားကို ကြားသွားရင် မင်းအသက်ကို နတ်ဘုရားတောင် ကယ်နိုင်မှာ မဟုတ်ဘူးဆိုတာ သိရဲ့လား”
အခန်း (၉၀၃) - ဘိုးဘေး... အသက်ချမ်းသာပေးပါခင်ဗျာ
ယခုအချိန်၌ ဆိုင်အကူလေးမှာ ငိုမဲ့မဲ့မျက်နှာထားဖြင့် ဖြစ်နေရှာသည်။
"ဆိုင်ရှင်... ကျွန်တော်ပြောနေတာ အမှန်တရားပါ၊ ချန်မိသားစုတစ်ခုလုံး... ချန်မိသားစုထဲက လူတိုင်း အသတ်ခံလိုက်ရပါပြီ"
"ဖူး"
ယန်ဇီလင်သည် လက်ဖက်ရည်တစ်ငုံသောက်ထားပြီး မျိုပင်မချရသေးသောပဲ ကြမ်းပြင်ပေါ်သို့ မှုတ်ထုတ်လိုက်မိလေသည်။ သူ၏မျက်နှာတွင် ထိတ်လန့်အံ့သြရိပ်များ အထင်းသားပေါ်လွင်လျက် မေးလိုက်သည်။
"မင်း... ဘာပြောလိုက်တာလဲ"
ဆိုင်အကူလေးမှာ တံတွေးတစ်ချက်ကို ခဲယဉ်းစွာ မျိုချလိုက်ပြီး ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ပြောရှာသည်။
"သတင်းက အခုလေးတင် ထွက်လာတာပါ၊ တစ်ညတည်းနဲ့ အစေခံတွေ၊ အစောင့်တွေ အကုန်လုံး အပါအဝင် စုစုပေါင်း လူ ၃၁၂ ယောက်... အားလုံး ရုတ်တရက် သေဆုံးသွားပါပြီ"
"ခွမ်း"
ယန်ဇီလင်၏ လက်ထဲမှ လက်ဖက်ရည်ခွက်သည် ကြမ်းပြင်ပေါ်သို့ လွတ်ကျသွားပြီး ကွဲကြေသွားကာ ပူလောင်သော လက်ဖက်ရည်များ သူ၏ကိုယ်ပေါ်သို့ စင်ကုန်လေသည်။
သို့သော် ယန်ဇီလင်သည် ထိုအရာကို သတိမထားနိုင်တော့ဘဲ ဆိုင်အကူလေးကို ကြောင်တောင်တောင် စိုက်ကြည့်နေမိသည်။
"မင်း... မင်း ဘာပြောလိုက်တယ်"
ဆိုင်အကူလေးသည် အသက်ပြင်းပြင်းရှူသွင်းပြီး စိတ်ကိုငြိမ်အောင် ကြိုးစားလိုက်သည်။
"ဆိုင်ရှင်... ကျွန်တော် ဈေးထဲကနေ ဒီသတင်းကို ကြားခဲ့တာပါ၊ သတင်းက တောမီးလို ပျံ့နေတာ၊ ပြီးတော့ တကယ့်အမှန်တရားပါ"
ယန်ဇီလင်၏ မျက်နှာသည် အနီရောင်မှ အဖြူရောင်သို့ပြောင်းပြီးမှ အပြာရောင်အဖြစ်သို့ ပြောင်းလဲသွားလေသည်။
ရုတ်တရက် သူက အလျင်စလို မေးလိုက်သည်။
"ဒါဆို... သခင်လေး ချန်ကျားယုကရော"
ဆိုင်အကူလေးက ခေါင်းခါလိုက်သည်။
"သခင်လေးချန်ဆိုတာလည်း မရှိတော့ဘူး၊ ချန်မိသားစုထဲက ဘယ်သူမှ အသက်ရှင် မကျန်ရစ်ခဲ့တော့ဘူး၊ အားလုံးသေကုန်ပြီ၊ နောက်ဖေးခြံဝင်းထဲမှာ မွေးထားတဲ့ လူစားတဲ့ အမဲလိုက်ခွေးတွေတောင် အပိုင်းပိုင်း အဖြတ်ခံထားရတာပါ... ပြီးတော့..."
ထိုနေရာအရောက်တွင် ဆိုင်အကူလေး၏ မျက်နှာ၌ ထိတ်လန့်ကြောက်ရွံ့မှုများ အထိုင်းသား ပေါ်လာသည်။
"ပြီးတော့ ဘာဖြစ်လဲ"
ယန်ဇီလင်သည် မျက်လုံးများ နီရဲလျက် အက်ကွဲသောအသံဖြင့် မေးလိုက်သည်။
"ပြီးတော့... မြို့တော်က သခင်လေးချန်နဲ့ ရင်းနှီးတဲ့ သူဌေးသား သခင်လေးတွေ အကုန်လုံးလည်း သေကုန်ပြီတဲ့"
အခန်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားလေသည်။
ယန်ဇီလင်၏ ခြေထောက်များ တုန်ယင်လာသည်ကို ခံစားလိုက်ရသည်။
ဘေးတွင် ရပ်နေသော ယန်ယွဲ့၏ မျက်နှာမှာလည်း သွေးဆုတ်ဖြူရော်နေပြီး သူမ တစ်ကိုယ်လုံးရှိ အမွေးအမျှင်များ ထောင်ထလာသည်။
ထိုအချိန်တွင် လမ်းမပေါ်မှ ဆူညံပွက်လောရိုက်နေသော ခြေသံများနှင့် ဆွေးနွေးငြင်းခုံသံများ အခန်းထဲသို့ ဝင်ရောက်လာသည်။
"ဘုရားရေ... မင်းပြောတာ အတည်ကြီးလား"
"အဓိပ္ပာယ်မရှိတာ၊ ငါ့အစ်ကိုက အစိုးရရုံးမှာ လုပ်တာကွ... သူ ကိုယ်တိုင် မြင်ခဲ့တာတဲ့၊ ချန်အိမ်တော်ဝင်း မြေပြင်တစ်ခုလုံး သွေးတွေစိုရွဲနေပြီး အလောင်းတွေရဲ့ အခြေအနေက ဆိုးရွားလွန်းလို့ အတွေ့အကြုံရှိတဲ့ ခရိုင်အရာရှိ လု တောင်မှ တော်တော်ကြာတဲ့အထိ စကားမပြောနိုင်အောင် ကြောက်လန့်သွားတယ်တဲ့"
"ရှီး... ဒါဆို မင်းပြောချင်တာက... ချန်မိသားစုတော့ သွားပြီပေါ့"
"ဒါပေါ့ သွားပြီပေါ့၊ အိမ်တော်ထိန်းကအစ အကုန်သေကုန်တာပဲ၊ ဘယ်လိုလုပ် မသွားဘဲ နေမလဲ"
"ငါပြောသားပဲ... ချန်မိသားစုက သိပ်မောက်မာလွန်းပြီး အာဏာရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ယောက်ကို သွားထိပါးမိတာ နေမှာပါ"
"ကျွတ်... ကျွတ်... အဲဒီဆရာကြီးကလည်း ရက်စက်လွန်းလိုက်တာ၊ လူပေါင်း ရာချီတဲ့ အသက်တွေလေ"
"ဟားဟား... ငါ့အမြင်ပြောရရင်တော့ အဲဒီလူတွေထဲမှာ မသေသင့်တဲ့သူ တစ်ယောက်မှ မပါပါဘူးကွာ"
"မိသားစုတစ်ခုလုံးကို တစ်ညတည်းနဲ့ မျိုးဖြုတ်ပစ်လိုက်ပြီး ခြေရာလက်ရာမကျန် ထွက်သွားနိုင်တာ၊ ဒါပြိုင်ဘက်ကင်းတဲ့ စွမ်းရာ်ပဲ... ဒါ သာမန်မဟုတ်တဲ့ သိုင်းပညာရှင်တစ်ယောက်ပဲ ဖြစ်ရမယ်"
ဤစကားများသည် ဆိုင်အကူလေး၏ စကားမှာ လုပ်ကြံဖန်တီးထားခြင်း မဟုတ်ကြောင်း ခိုင်မာသွားစေသည်။
သို့သော် သတင်းက မှန်လေလေ ယန်ဇီလင်လည်း ပို၍ ကြောက်လန့်လေလေ ဖြစ်လာသည်။
ထိုအခိုက်အတန့်တွင် သူသည် ယနေ့ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်ကို ရုတ်တရက် သတိရသွားသည်။
ငွေတုံးကို ဘယ်တော့မှ လက်လွှတ်မည်မဟုတ်ဟု သူထင်ထားခဲ့သော ရွှယ်အန်းသည် အမှန်တွင်တွင် လွယ်လွယ်ကူကူပင် ပေးလိုက်ခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် အထဲတွင် ရွှယ်အန်း ပြောခဲ့သော စကားများမှာ ယခု ပြန်စဉ်းစားကြည့်လျှင် တစ်စုံတစ်ခု ထူးခြားနေသယောင် ရှိသည်။
နောက်မှ ငိုယိုအော်ဟစ်ပြီး ငွေတုံးကို ပြန်တောင်းပန်ရလိမ့်မယ်တဲ့...
ယန်ဇီလင်၏ တစ်ကိုယ်လုံး တုန်တက်သွားလေသည်။
အဘယ်ကြောင့်ဆိုသော် ထိုစကားများကို ပြောစဉ်က ရွှယ်အန်း၏ နှုတ်ခမ်းထောင့်စွန်းမှ မသိမသာ ပေါ်လာသော အပြုံးကို သူပြန်မြင်ယောင်လာသောကြောင့် ဖြစ်သည်။
ထိုအပြုံးသည် အရာအားလုံးကို ဖောက်ထွင်းမြင်နေသလိုထင်ရသည်။
ထိုအချိန်တွင် ယန်ဇီလင်၏ မျက်လုံးထောင့်စွန်းမှ စားပွဲပေါ်ရှိ ငွေတုံးကို လှမ်းမြင်လိုက်သည်။ သူသည် ပထမတွင် ကြောင်သွားသော်လည်း ချက်ချင်းပင် ငွေတုံးရှိရာသို့ ပြေးသွားလိုက်သည်။
သူ၏လက်များ တုန်ယင်နေလျက် ငွေတုံးကို လှန်လိုက်ပြီး အပြင်ဘက်မှ အလင်းရောင်ဖြင့် ငွေတုံးကျောဘက်ရှိ တံဆိပ်ကို ကြည့်ရှုလိုက်သည်။
သာမန်အားဖြင့် ငွေတုံးများတွင် ခိုးယူခြင်းကို ကာကွယ်ရန် သက်ဆိုင်ရာ အိမ်တော်များ၏ တံဆိပ်ကို ခတ်နှိပ်ထားလေ့ရှိသည်။
အနည်းငယ် မှုန်ဝါးနေသော်လည်း သေချာကြည့်လိုက်သောအခါ ငွေတုံး၏ ကျောဘက်တွင် ချန် ဟူသော စာလုံးသေးသေးလေးကို တွေ့လိုက်ရလေသည်။
ထိုစာလုံးကို မြင်လိုက်ရသောအခါ ယန်ဇီလင်၏ တစ်ကိုယ်လုံး တုန်ယင်သွားပြီး ကြမ်းပြင်ပေါ်သို့ ခွေခွေလေး လဲကျသွားလေတော့သည်။
သူ အရာအားလုံးကို နားလည်သွားပြီ ဖြစ်သည်။
ရွှယ်အန်းတစ်ယောက် မနေ့က အဘယ်ကြောင့် ထိုမျှ ယုံကြည်မှုရှိစွာ လောင်းကြေးထပ်ခဲ့သည်ကို အံ့သြစရာ မလိုတော့ပေ။
သူ့မျက်နှာတွင် ထိတ်လန့်ရိပ် အနည်းငယ်မျှ မပေါ်ခဲ့သည်မှာလည်း အံ့သြစရာ မဟုတ်တော့ပေ။
တကယ်တော့... သူက အရာအားလုံးကို ပြင်ဆင်ပြီးသား ဖြစ်နေခဲ့တာကိုး...
သို့သော် ထိုအတွေးက ယန်ဇီလင်၏ နှလုံးသားကို ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားစေသည်။
အဘယ်ကြောင့်ဆိုသော် ထိုအရာက လူပေါင်းရာချီသော အသက်များနှင့် ရင်းထားရခြင်း ဖြစ်သည်။
ထို့အပြင် ချန်မိသားစုတွင် အလွန်စွမ်းအားကြီးသော သိုင်းပညာရှင်များစွာ ရှိနေသည်။
သို့သော် တစ်ညတည်းနှင့် ထိုသူအပေါင်းတို့သည် စာပေအငွေ့အသက်များ ပြည့်နှက်နေပုံရသော စာသင်သားလူငယ်လေး တစ်ယောက်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။
ဤအချက်က ယန်ဇီလင်ကို ဘယ်လိုလုပ် မကြောက်လန့်စေဘဲ နေမည်နည်း။
ထိုအချိန်၌ပင် ယန်ယွဲ့သည်လည်း သူမဖခင်၏ အပြုအမူတွင် တစ်စုံတစ်ခုကို ရိပ်မိလိုက်ပြီး ကြမ်းပြင်ပေါ်မှ ငွေတုံးကို ကောက်ယူကာ သေချာစစ်ဆေးလိုက်သောအခါ ထိတ်လန့်လွန်းသဖြင့် အသံပင် မထွက်နိုင်တော့ချေ။
အမှန်တရားသည် ရှင်းလင်းသွားပြီ ဖြစ်သည်။
အရူးတစ်ယောက်ပင်လျှင် ဘာဖြစ်ခဲ့သည်ကို ခန့်မှန်းနိုင်ပေသည်။
ယန်ယွဲ့သည် သူမ၏ ဆံပင်များ ထောင်ထလာပြီး နှုတ်ခမ်းများ ထုံကျင်သွားသည်ကို ခံစားလိုက်ရသည်။
ဒါဆို... သူက ဒီလိုလူစားမျိုး ဖြစ်နေတာလား...
မနေ့က ရွှယ်အန်းအပေါ် အဆုံးမရှိ လှောင်ပြောင်ခဲ့မိသည်များကို သူမ ပြန်တွေးမိလိုက်သည်။
ရုတ်တရက် ယန်ယွဲ့တစ်ယောက် ငိုချင်စိတ်များ ပေါက်လာလေသည်။
တကယ်တော့ သူမကသာ အရူးဖြစ်နေခဲ့တာကိုး...
ထိုအချိန်တွင် ကြမ်းပြင်ပေါ်တွင် ခွေလဲနေသော ယန်ဇီလင်သည် ရုတ်တရက် ဝုန်းခနဲ ထရပ်လိုက်ပြီး ယန်ယွဲ့လက်ထဲမှ ငွေတုံးကို ဆွဲယူကာ နောက်ဖေးခြံဝင်းဆီသို့ ပြေးထွက်သွားလေသည်။
ယန်ယွဲ့သည် ခေတ္တမျှ ကြောင်အသွားသော်လည်း ချက်ချင်းပင် သူ့နောက်သို့ အပြေးလိုက်သွားသည်။
သို့သော် သူမသည် မှာကြားရန် မမေ့လျော့ခဲ့ပေ။
"တံခါးတွေ ပိတ်လိုက်တော့... ဒီနေ့ ဆိုင်ပိတ်မယ်"
"ဟုတ်ကဲ့ပါ"
ထိုအချိန် ရွှယ်အန်း၏ အခန်းထဲတွင် ရွှယ်အန်း မျက်နှာသစ်နေသည်ကို ချန်အာသည် ပျော်ရွှင်သော မျက်နှာထားဖြင့် ကူညီပြုစုပေးနေလေသည်။
ရွှယ်အနက သူ့ကို ကူညီစရာမလိုကြောင်း အကြိမ်ကြိမ် ပြောသော်လည်း ချန်အာက လက်မလျှော့ပေ။
ရွှယ်အန်းလည်း ရွေးချယ်စရာမရှိတော့သဖြင့် သူမသဘောအတိုင်း လွှတ်ထားလိုက်ရသည်။
"သခင်လေး..."
"ဟင်"
"အခု သခင်လေးရောဂါလည်း ပျောက်သွားပြီဆိုတော့ မြို့တော်ကို ဘယ်တော့လောက် သွားကြမလဲ"
"နောက်ရက်အနည်းငယ်လောက်ဆို သွားကြတာပေါ့"
"ဟုတ်... သခင်လေး မြို့တော်ရောက်ရင် တော်ဝင်စာမေးပွဲမှာ ပထမယူပြီး ကျွန်မတို့ကို အထင်သေးတဲ့သူတွေကို ပညာပြပေးလိုက်ပါ"
ချန်အာက ပျော်ရွှင်စွာ ပြောလိုက်သည်။
ရွှယ်အန်းသည် စိတ်ထဲတွင် ပြုံးလိုက်မိသည်။
တော်ဝင်စာမေးပွဲမှာ ပထမရဖို့တဲ့လား...
သူလိုချင်သည်က တစ်လောကလုံးကို ဖြစ်သည်။
"ဒါနဲ့ သခင်လေး... နှစ်သစ်မကူးခင်တုန်းက တန်မိသားစုက သခင်မလေး စာရေးလာသေးတယ် မဟုတ်လား၊ မြို့တော်ရောက်ရင် သူတို့အိမ်မှာ တည်းလို့ရတယ်တဲ့လေ၊ ကျွန်မ စာတွေတောင် ထည့်ပိုးပြီးပြီ၊ ကျွန်မ ကြားတာတော့ ကျွန်မတို့ အိမ်နီးချင်းဟောင်း တန်မိသားစုက အခုဆို မြို့တော်မှာ အတော်လေး ကြီးကျယ်တဲ့ အိမ်တော်ဖြစ်နေပြီတဲ့၊ ဟီးဟီး... အရင်တုန်းက အိမ်နီးချင်းဖြစ်ခဲ့တုန်းကဆို သခင်လေးက အဲဒီတန်သခင်မလေးနဲ့ အတူဆော့ကစားဖူးသေးတယ်..."
ချန်အာလေးမှာ တကျက်ကျက် ပြောဆိုနေလေသည်။
သို့သော် ရွှယ်အန်းမှာ မည်သည့်တုံ့ပြန်မှုမှ မလုပ်ပေ။
အမှန်စင်စစ် ဤခန္ဓာကိုယ်၏ မှတ်ဉာဏ်အပိုင်းအစများထဲတွင် တန်မိသားစုဟူသည် ရှိနေခဲ့သည်မှာ မှန်ပါသည်။
သို့သော် တန်သခင်မလေး ဆိုသူပဲဖြစ်ဖြစ်၊ စာပေဆိုသည့်အရာပဲဖြစ်ဖြစ် ရွှယ်အန်း စိတ်ဝင်စားမှု အနည်းငယ်မျှ မရှိပေ။
သူ မြို့တော်သို့ သွားရသည့် အကြောင်းရင်းမှာ ထိုစဉ်က သူခံစားမိလိုက်သော စွမ်းအားအငွေ့အသက်ကို လိုက်ရှာရန်အတွက်သာ ဖြစ်သည်။
ထိုအချိန်မှာပင် အခန်းတံခါး ရုတ်တရက် ပွင့်သွားပြီး ယန်ဇီလင်သည် အသက်လုရှူရင်း အခန်းထဲသို့ ပြေးဝင်လာသည်။
"ဆိုင်ရှင်ယန်... ရှင်..."
ချန်အာမှာ လန့်ဖျပ်သွားပြီး စိုးရိမ်တကြီးဖြင့် တစ်စုံတစ်ခု ပြောရန် ပြင်လိုက်သည်။
ဆိုင်ရှင်ယန်က ကတိဖျက်ပြီး တစ်ခုခု လုပ်တော့မည်ဟု သူမ ထင်လိုက်မိခြင်း ဖြစ်သည်။
သို့သော် ထိုအချိန်မှာပင် ဆိုင်ရှင်ယန်သည် ရွှယ်အန်း၏ ရှေ့တွင် ဒုန်း ခနဲ မြည်အောင် ဒူးထောက်ချလိုက်ပြီး သည်းထန်စွာ ငိုကြွေးလျက် အကြိမ်ကြိမ် ဦးခိုက်လိုက်လေသည်။
"သခင်လေးရွှယ်... အသက်ချမ်းသာပေးပါ၊ ဘိုးဘေးရွှယ်... ကျွန်တော့်အသက်ကို ချမ်းသာပေးပါဗျာ”