နည်းပရိယာယ်
Vol. 47 Ch. 643
ကန်ရွှမ်းကလန်၏ ရွေးချယ်ခံများမှာ ချူချင်း၏ ဦးဆောင်မှုဖြင့် အမြင့်ဆုံး ကျောက်စိမ်းပြားရှိရာသို့ ပျံဝဲတက်သွားကြသည်။
တောင်ထွတ်များပေါ်တွင် တလက်လက် လင်းလက်တောက်ပနေသော ကျောက်စိမ်းပြားများ၏ အလင်းရောင်မှာ အမှန်တကယ်ပင် စိတ်နှလုံးအား ညှို့ငင်ဆွဲဆောင်နိုင်ပေသည်။
ချူချင်း၊ ဇူယွမ်နှင့် အခြားသော ရွေးချယ်ခံများမှာ တောင်တန်းများအနီးသို့ ရောက်ရှိလာသည်နှင့်အတူ အကန့်အသတ်မဲ့သော စွမ်းအင်လှိုင်းများအား ခံစားလိုက်မိကြသည်။ ပြင်းထန်လှသော စွမ်းအင်ဖိအားများကြောင့် ပျံသန်းနေသော ပုံရိပ်များမှာ မြေပြင်ပေါ်သို့ ပြုတ်ကျကုန်ကြ၏။
ချုချင်းမှ သူ၏လက်အား ဝေ့ယမ်းကာ စကားဆိုလိုက်သည်။ "ငါတို့ ကျောက်စိမ်းပြားဆီ ပျံသွားဖို့ မဖြစ်နိုင်လောက်ဘူး ထင်တယ်။"
ချူချင်းမှာ တောင်ထွတ်ခုနစ်ခု၏အနီး တစ်နေရာသို့ လျင်မြန်စွာပင် ဆင်းသက်လိုက်သည်။ အခြားသူများမှာလည်း ချူချင်းနှင့်အတူ လျင်မြန်စွာ ဆင်းသက်လိုက်ကြ၏။
ချုချင်း၏ အမူအရာမှာ ပုံမှန်နှင့်မတူပဲ အလွန်ပင် လေးနက်တည်ကြည်နေလျက် ရှိသည်။ သူသည် ကန်ရွှမ်းကလန်မှ ရွေးချယ်ခံများအား ဦးဆောင်ကာ ဆက်လက်လျှောက်လှမ်းခြင်းမပြုပဲ အရှေ့အရပ်သို့သာ လှမ်းမျှော်ကြည့်လိုက်သည်။
တောင်ထွတ်ဆီသို့ သွားရာလမ်းတလျှောက်တွင် ပုံရိပ်သုံးခုမှာ လမ်းအားပိတ်ထားလျက် အဆင့်ဆင့် ထိုင်နေကြလေသည်။
ထိုပုံရိပ်သုံးခုမှာ ကျောင်းထိုက်ရှင်း၊ ကျန်းထိုက်ချင်နှင့် ကျင်းချန်းဇယ်တို့ပင် ဖြစ်သည်။
တောင်တန်းအပြင်ဖက်မှ ပုံရိပ်များစွာမှာလည်း ထိုမြင်ကွင်းအား စိတ်ဝင်တစားဖြင့် စောင့်ကြည့်နေလျက် ရှိကြသည်။ စိတ်လှုပ်ရှားစရာကောင်းသော ရင်ဆိုင်ယှဉ်ပြိုင်ပွဲတစ်ခုသည် မကြာမီအချိန်အတွင်း၌ပင် ဖြစ်ပေါ်လာတော့မည်ဖြစ်ကြောင်း အားလုံးမှ ကောင်းစွာနားလည်ထားကြသည်။
ကျောင်းထိုက်ရှင်းမှာ အမြင့်ဆုံးနေရာတွင်ရှိနေသော ကျောက်စိမ်းပြားအား မြင့်မြတ်သောနန်းတော်မှသာ ရယူမည်ဟု ကြေညာခဲ့သည်။ သို့သော် ချူချင်းဦးဆောင်သော ကန်ရွှမ်းကလန်မှာ ထိုကြေညာချက်အား လက်ခံခြင်း မပြုခဲ့ပေ။ ထို့ကြောင့် အမြင့်ဆုံးနေရာတွင်ရှိနေသော ကျောက်စိမ်းပြားအား ရရှိနိုင်ရန် ရင်ဆိုင်ယှဉ်ပြိုင်ကြမည့် အင်အားကြီးကလန်ကြီးနှစ်ခု၏ တိုက်ပွဲကောင်းတစ်ခုအား မြင်တွေ့ရတော့မည်ပင် ဖြစ်သည်။
ဆံနွယ်ဖြူများ လွင့်ခါနေလျက်ရှိသော ကျောင်းထိုက်ရှင်းမှာ အေးစက်ခက်ထန်သော အမူအရာဖြင့် စကားဆိုလိုက်သည်။ "ချုချင်း...အခုချိန်ထိ မင်းနောက်ဆုတ်လိုက်ဖို့ နောက်မကျသေးဘူးနော်။ ငါတို့မင်းတို့ကို နောက်ဆုတ်ဖို့ အခွင့်အရေး ပေးထားတုန်းပဲ။"
ချုချင်းမှ ရယ်မောကာ ပြောလိုက်သည်။ "ကျောင်းထိုက်ရှင်း အခုလိုအချိန်မှာ ဘာလို့အပိုစကားတွေ ပြောနေသေးတာလဲ။ မင်းက ငါသိတဲ့ ကျောင်းထိုက်ရှင်းနဲ့တောင် မတူတော့သလိုပဲ။"
ကျောင်းထိုက်ရှင်းမှ မျက်မှောင်ကျုံ့ကာ ပြောလိုက်သည်။ "ငါက အချိန်မဖြုန်းချင်ရုံလေးပါပဲ။ ဒါပေမယ့် မင်းတို့အားလုံးက အရမ်းကို သေချင်နေတယ်ဆိုမှတော့ ငါလည်းမတားနေတော့ပါဘူး။ ဘာပဲပြောပြော ဒီလိုနေရာမှာ သေရတယ်ဆိုတာလည်း ဂုဏ်ပုဒ်တစ်ခုပဲမလား။"
ကျောင်းထိုက်ရှင်းမှ လက်ကိုဝေ့ယမ်းကာ စကားဆိုလိုက်သည်။
"သူတို့ကို လက်ဆောင်တွေ ပေးလိုက်ပါဦး..."
ကျောင်းထိုက်ရှင်း၏ စကားအား ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် မြင့်မြတ်သောနန်းတော်မှ ရွေးချယ်ခံများ၏ နှုတ်ခမ်းထက်တွင် အကြံအစည်များ ခိုအောင်းနေဟန်ရှိသော အပြုံးတစ်ခု ပေါ်လာလေသည်။ ထို့နောက် ၎င်းတို့အားလုံးမှာ စာလိပ်ငယ်လေးများအား ဆင့်ခေါ်လိုက်ကြသည်။
"ဗြိ....."
မြင့်မြတ်သောနန်းတော်မှ ရွေးချယ်ခံများမှာ လက်ထဲတွင်ရှိနေသော စာလိပ်ငယ်လေးများအား ဆွဲဖြဲလိုက်ကြ၏။ ထိုစာလိပ်ငယ်လေးများထံမှ ပြင်းထန်လှသော စွမ်းအင်ဖိအားများ ထွက်ပေါ်လာကာ ပတ်ဝန်းကျင်မှာလည်း မိုးခြိမ်းသံအလား ကျယ်လောင်လှသော အသံထုကြီးဖြင့် ဖုံးလွှမ်းသွားရသည်။
စာလိပ်ငယ်များထံမှ အသင်္ချေမျှသော လျှပ်စီးအမျှင်တန်းများ ထွက်ပေါ်လာကာ ရှေးဟောင်းပန်းချီကားချပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားလျက် ကောင်းကင်တစ်ခွင်အား ကာရံထားလိုက်လေသည်။
ကောင်းကင်အား လွှမ်းခြုံထားသော ထိုပန်းချီကားထံမှ စိတ်နှလုံးများကိုပင် တုန်လှုပ်စေနိုင်သော စွမ်းအင်ဖိအားမျိုး ထွက်ပေါ်နေလျက် ရှိသည်။
တောင်တန်းအပြင်ဖက်မှ စောင့်ကြည့်နေသော သူများမှာလည်း ပြောင်းလဲသွားသော ကောင်းကင်အခြေအနေအား အလျင်အမြန်ပင် သတိပြုမိသွားကြသည်။
"အဲ့ဒါဘာကြီးလဲ။ အရမ်းပြင်းလွန်းတဲ့ စွမ်းအင်ဖိအားတွေ ထွက်နေပါလား။"
"မူလရတနာ တစ်ခုခုလား....."
"မြင့်မြတ်သောနန်းတော်ကို ရန်ကိုသွားမစသင့်တာ။ သူတို့ဆီမှာ ဒီလိုမျိုး ဝှက်ဖဲတွေ ဘယ်လောက်တောင် ရှိနေမလဲ မပြောတက်ဘူး။"
"........"
အလှပန်းတစ်ရာနန်းတော်ဖက်တွင်ရှိနေသော ကျိုးချူးချင်ယုနှင့် လုလျိုတို့မှာလည်း စိုးရိမ်ပူပန်နေသော မျက်ဝန်းများဖြင့် တစ်ဦးကိုတစ်ဦး ကြည့်ရှုမိလိုက်ကြသည်။ ကောင်းကင်အား ဖုံးလွှမ်းထားသော ရှေးဟောင်းပန်းချီကားထံမှ ပြင်းထန်လှသော စွမ်းအင်ဖိအားများအား ၎င်းတို့လည်း ရှင်းလင်းစွာ ခံစားနေမိသည်။
ချူချင်းမှာ ကောင်းကင်ထက်တွင် ရှိနေသော ပန်းချီကားအား စူးစိုက်ကြည့်ရှုလိုက်ပြီးနောက် ဖြည်းညင်းစွာ စကားဆိုလိုက်သည်။ "ကွပ်မျက်ခြင်းပန်းချီကားလား...."
ခုန်းရှန်နှင့် လီချင်းချန်တို့၏ အမူအရာမှာ ခက်ထန်သွားရသည်။
"ကွပ်မျက်ခြင်းပန်းချီကား...ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...."
မြင့်မြတ်သောနန်းတော်တွင် သူတော်စင်အဆင့်ရှိသော မူလရတနာတစ်ခုရှိပြီး ကွပ်မျက်ခြင်းပန်းချီကားဟု ခေါ်ဆိုကြသည်။ ထိုမူလရတနာမှာ အလွန်ပင် စွမ်းအားကြီးလှပြီး အတိတ်ကာလ၌ မြင့်မြတ်သောနန်းတော်၏ နန်းဆောင်သခင်ရှန့်ယွမ်မှာ ထိုကွပ်မျက်ခြင်းပန်းချီကားအား အသုံးပြုလျက် မျိုးနွယ်စုခေါင်းဆောင်ကန်ရွှမ်းအား သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။
ထိုကဲ့သို့ စွမ်းအားကြီးလှသော မူလရတနာမျိုးသည် နန်းဆောင်သခင်၏ ဝှက်ဖဲအနေဖြင့်သာ ထားရှိသင့်သည် ဖြစ်ပါသော်လည်း ယခုအခါတွင် ရွေးချယ်ခံများ၏ လက်ထဲသို့ ရောက်ရှိနေသည်။ ထိုသည်မှာ အခြေအမြစ်မရှိသော ကိစ္စရပ်တစ်ခု ဖြစ်သည့်အပြင် ရွေးချယ်ခံအဆင့်မျှဖြင့်လည်း ထိုပန်းချီကားအား အသက်သွင်းနိုင်စရာ အကြောင်းမရှိပေ။
"ချူချင်း မင်းကတကယ် အမြင်စူးရှတာပဲ။ ဟုတ်တယ်။ ဒါက ကွပ်မျက်ခြင်းပန်းချီကားပဲ။ ဒါပေမယ့် ဒါကနန်းဆောင်သခင် ကိုယ်တိုင်စီရင်ပေးလိုက်တဲ့ တစ်ခါပဲ သုံးလို့ရမယ့် ကွပ်မျက်ခြင်းပန်းချီကား။" ကျောင်းထိုက်ရှင်းမှ ခပ်ဖွဖွပြုံးကာ ပြောလိုက်သည်။
ကျောင်းထိုက်ရှင်း၏စကားကြောင့် လီချင်းချန်နှင့် အခြားသော ရွေးချယ်ခံများမှာ စိတ်နှလုံးများပင် တုန်လှုပ်သွားကြရသည်။ ကွပ်မျက်ခြင်းပန်းချီကားမှာ အစစ်အမှန် မူလရတနာတစ်မျိုးဖြစ်ပြီး ကျောင်းထိုက်ရှင်းတို့ လက်ထဲတွင် ကိုင်ဆောင်ထားသော တစ်ကြိမ်သာ အသုံးပြုနိုင်မည့် မူလကွပ်မျက်ခြင်းပန်းချီကားအား တုပထားသော စာလိပ်ငယ်များကိုပင် အထင်အမြင် မသေးသင့်ပေ။
"ဘာပဲဖြစ်ဖြစ် တစ်ကြိမ်သုံးလို့ရရင်ကို မင်းတို့အကုန်လုံးကို သတ်ပစ်ဖို့ လုံလောက်နေပြီလေ။" ကျောင်းထိုက်ရှင်းမှ လက်ကိုဝေ့ယမ်းကာ ပြောလိုက်သည်။ "လုပ်လိုက်တော့။"
ဝုန်း....
ကောင်းကင်အား လွှမ်းမိုးသွားသော ပန်းချီကားထံမှ မိုးခြိမ်းသံတမျှ ကျယ်လောင်လှသော အသံများ ထွက်ပေါ်လာသည်။ ပတ်ဝန်းကျင်တွင်ရှိနေသော ချီစွမ်းအင်များအားလုံးကို ပန်းချီကားမှ စုပ်ယူလိုက်လေသည်။
ချပ်....
အချိန်အနည်းငယ်မျှ ကြာမြင့်သွားပြီးနောက် ပန်းချီကား၏အလယ်မှ အနည်းငယ်ကျယ်သော အပေါက်တစ်ခု ဖြစ်ပေါ်လာကာ များပြားလှသော အလင်းလုံးများ ထွက်ပေါ်လာသည်။
ထိုအလင်းလုံးများမှာ အလွန်ပြင်းထန်သော ချီစွမ်းအင်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး အန္တရာယ်ရှိသော အငွေ့အသက်များ ထွက်ပေါ်နေလျက် ရှိသည်။
ဝုန်း.....
ကောင်းကင်ထက်မှ များပြားလှသော အလင်းလုံးများ ကျဆင်းလာလေသည်။ အလင်းလုံးများမှာ အလွန်ပင် များပြားလှပြီး ပြင်းထန်လှသော ချီစွမ်းအင်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သောကြောင့် ချူချင်းသည်ပင် ရှောင်ရှားရန် ခက်ခဲနေလောက်သည်။
တောင်တန်းအပြင်ဖက်တွင် စောင့်ကြည့်နေကြသောသူများမှာ ထိုမြင်ကွင်းအား ထိတ်လိန့်ကြောက်ရွံ့စွာဖြင့် ကြည့်ရှုနေကြသည်။ မည်သူကမှ မြင့်မြတ်သောနန်းတော်သည် ထိုမျှအန္တရာယ်များသော ဝှက်ဖဲအား လျင်မြန်စွာ ထုတ်ယူသုံးစွဲလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။
ကန်ရွှမ်းကလန်မှ ရွေးချယ်ခံများသည်ပင် ထိုတိုက်ခိုက်မှုအား ခက်ခဲစွာ ခုခံမည့်ဟန် ရှိသည်။
မြင့်မြတ်သောနန်းတော်အား ရန်မစသင့်သည်မှာ အမှန်တကယ်ပင် ဖြစ်သည်။
လီချင်းချန်၊ ခုန်းရှန်နှင့် အခြားသော ရွေးချယ်ခံများမှာ ကြောက်ရွံထိတ်လန့်သဖြင့် အမူအရာများ ပြောင်းလဲကုန်ကြပြီ ဖြစ်သည်။
သို့သော် ထိုအချိန်မှာပင် ချုချင်းမှာ ကောင်းကင်ထက်သို့ ပျံတက်သွားပြီးနောက် ကျောင်းထိုက်ရှင်းအားကြည့်ကာ စကားဆိုလိုက်သည်။ "ကျောင်းထိုက်ရှင်း မင်းကငါတို့ကန်ရွှမ်းကလန်ကို အရမ်းအထင်သေးနေတဲ့ပုံပဲ။ ဒီလောက်လေးနဲ့ ငါတို့ကန်ရွှမ်းကလန်က ရွေးချယ်ခံတွေအကုန်လုံးကို သတ်ပစ်လို့ရမယ်လို့ တကယ်ကြီးထင်နေတာလား။"
ချူချင်းမှာ လက်နှစ်ဖက်အား ထိကပ်လိုက်ပြီးနောက် ဖြည်းညင်းစွာ ပြန်လည်ခွာထုတ်လိုက်သည်။ ချူချင်း၏ လက်ဝါးနှစ်ဖက်ကြားတွင် စွမ်းအင်အမျှင်တန်းများ ထွက်ပေါ်လာကာ ခရမ်းပြာရောင် ထီးတစ်လက်အသွင် ဖြစ်ပေါ်လာလေသည်။
ထိုထီးပေါ်တွင် မူလမှော်စာလုံးများ ရေးသားထားလျက် ရှိသည်။ ထီးမှာ ပေါ်ပေါက်လာသည်နှင့်တစ်ပြိုင်နက် ပတ်ဝန်းကျင်ရှိ ချီစွမ်းအင်များအား စုပ်ယူလိုက်၏။
ဝှစ်...
သေးငယ်သောခရမ်းပြာရောင်ထီးလေးမှာ ချီစွမ်းအင်များအား စုပ်ယူပြီးသည်နှင့်တစ်ပြိုင်နက် ပေထောင်ကျော်မျှအထိ ကျယ်ပြန့်သွားကာ ကန်ရွှမ်းကလန်၏ ရွေးချယ်ခံများအား အုပ်မိုးထားလိုက်သည်။
ဝုန်း....ဝုန်း...
များပြားလှသော အလင်းလုံးများမှာ ခရမ်းပြာရောင်ထီးပေါ်သို့ ကျဆင်းလာကြသည်။ စွမ်းအင်လှိုင်းဂယက်များမှာလည်း အဆက်မပြတ် ထွက်ပေါ်နေလျက် ရှိလေသည်။
လီချင်းချန်နှင့် အခြားသော ရွေးချယ်ခံများမှာ ခရမ်းပြာရောင်ထီးအား အံအားသင့်စွာဖြင့် ကြည့်ရှုလိုက်ကြပြီးနောက် ရေရွတ်လိုက်သည်။ "ဒါက...ကလန်ခေါင်းဆောင်ရဲ့ ထျန်းလော့ထီးလား..."
ကန်ရွှမ်းကလန်၏ ကလန်ခေါင်းဆောင်ထံ၌ ထျန်းလော့ထီးဟုခေါ်တွင်သော မူလရတနာတစ်မျိုး ရှိသည်။ ထိုမူလရတနာသည် သူတော်စင်အဆင့် မဟုတ်ပါသော်လည်း ရှားပါးကောင်းကင်အဆင့်မြင့် ရတနာတစ်မျိုး ဖြစ်သည်။ ထိုကဲ့သို့သော ရတနာအား ချူချင်းအား ပေးအပ်ထားလိမ့်မည်ဟု မည်သည့်ရွေးချယ်ခံကမှ ထင်မှတ်မထားခဲ့ပေ။
ကလန်ခေါင်းဆောင်ချင်းယန်မှာ ချူချင်းအား မြင့်မြတ်သောနန်းတော်နှင့် ထိပ်တိုက်တွေ့ဆုံခဲ့ရပါက အသုံးပြုနိုင်ရန် လျှို့ဝှက်စွာ ပေးအပ်ထားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
ကျောင်းထိုက်ရှင်းမှာ မျက်မှောင်ကျုံ့လျက် ကန်ရွှမ်းကလန်၏ ရွေးချယ်ခံများအား ကာကွယ်ပေးထားသော ခရမ်းပြာရောင်ထီးအား ကြည့်ရှုလိုက်သည်။ ကြည့်ရသည်မှာ ယခုပုံစံတိုင်းဆိုလျှင် ကွပ်မျက်ခြင်းပန်းချီကားဖြင့် ကန်ရွှမ်းကလန်မှ ရွေးချယ်ခံများအား အလွယ်တကူ သုတ်သင်နိုင်လိမ့်မည် မဟုတ်ချေ။
"ဟားဟား.....စိတ်ဝင်စားဖို့ကောင်းသားပဲ။ မြင့်မြတ်သောနန်းတော်ကို တိုက်ခိုက်ဖို့အတွက် သူတို့ရဲ့ ကလန်ခေါင်းဆောင်ချင်းယန်က ချူချင်းကို ထျန်းလော့ထီး ပေးထားတာဖြစ်မယ်။" ကျင်းချန်းဇယ်မှ ရယ်မောကာ ပြောလိုက်သည်။
ကျန်းထိုက်ချင်မှ သူမ၏နီထွေးသော နှုတ်ခမ်းသားလေးအား ရှုံ့မဲ့ကာ စကားဆိုလိုက်သည်။ "အဲ့ထျန်းလော့ထီးရဲ့ အကာအကွယ်နဲ့ဆိုရင် ငါတို့ရဲ့ ကွပ်မျက်ခြင်းပန်းချီကားက သူတို့ကို သတ်နိုင်တော့မှာ မဟုတ်ဘူး။"
ကျောင်းထိုက်ရှင်းမှ ရယ်မောကာ ပြောလိုက်သည်။ "ပြဿနာမရှိပါဘူး။ ငါကလည်း သူတို့ကို အဲ့လောက်လွယ်လွယ်နဲ့ သတ်လို့ရလိမ့်မယ်လို့ မတွေးထားဘူး။ ကွပ်မျက်ခြင်းပန်းချီကားကို သုံးတာက သူတို့ကို သတ်ဖို့မဟုတ်ဘူး။ ဒီနေရာမှာ ပိတ်ထားခဲ့ဖို့ပဲ။"
ကျောင်းထိုက်ရှင်းမှာ လက်အားဝေ့ယမ်းလိုက်သည်နှင့်တစ်ပြိုင်နက် ကောင်းကင်အား လွှမ်းမိုးထားသော ပန်းချီကားထံမှ မြူခိုးများ ထွက်ပေါ်လာလေသည်။
"ဒီမြူခိုးတွေက စိတ်ဝိဉာဉ်ကို ချုပ်နှောင်နိုင်တယ်။ အဲ့ဒါကြောင့် သူတို့က ဘယ်တော့မှ မလွတ်မြောက်နိုင်တဲ့ အကျဉ်းထောင်ထဲ ပိတ်မိနေသလို ဖြစ်နေရလိမ့်မယ်။"
ကျောင်းထိုက်ရှင်းမှာ မြင့်မြတ်သောနန်းတော်မှ ရွေးချယ်ခံများအားကြည့်ကာ ပြောလိုက်သည်။ "မင်းတို့တွေက ကွပ်မျက်ခြင်းပန်းချီကားကို ဆက်ပြီးထိန်းထား။"
ထို့နောက် ကျောင်းထိုက်ရှင်းမှာ ကျန်းထိုက်ချင်နှင့် ကျင်းချန်းဇယ်အားကြည့်ကာ ပြောလိုက်သည်။ " ငါတို့သုံးယောက်က တောင်ထွတ်မှာရှိတဲ့ ကျောက်စိမ်းပြားကို သွားယူလိုက်မယ်။ ပြီးတော့မှ သူတို့ကို လာကစားတော့မယ်။"
ကျောင်းထိုက်ရှင်းမှာ ထိုစကားများကို ပြောပြီးသည်နှင့် တစ်ဖက်သို့လှည့်ကာ ထွက်ခွာသွားတော့သည်။ ကျန်းထိုက်ချင်နှင့် ကျင်းချန်းဇယ်မှာလည်း ကျောင်းထိုက်ရှင်း၏နောက်မှ လိုက်ပါသွားကြ၏။ ၎င်းတို့မှာ ကန်ရွှမ်းကလန်၏ ရွေးချယ်ခံများအား ပိတ်ဆို့ထားသော မြူခိုးများအားကြည့်ကာ ကျေနပ်အားရစွာ ပြုံးရယ်လိုက်ကြသေးသည်။ ကန်ရွှမ်းကလန်၏အဆင့်မျှဖြင့် မြင့်မြတ်သောနန်းတော်အား ယှဉ်ပြိုင်နိုင်ရန် မည်သို့မျှ ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။
၎င်းတို့မှာ ကျယ်လောင်စွာ ရယ်မောရင်းဖြင့်ပင် တောင်ထွတ်ဆီသို့ တက်လှမ်းသွားကြလေတော့သတည်း.....