အချိန်များကုန်လွန်သွားခြင်း
Vol. 47 Ch. 644
မြူခိုးများမှာ ကောင်းကင်တစ်ခွင်လုံးအား ဖုံးကွယ်ကာရံထားပြီး နေအလင်းရောင်များကိုပါ ပိတ်ဆို့ထားလေသည်။ ထိုမြူခိုးများမှာ ကန်ရွှမ်းကလန်၏ ရွေးချယ်ခံများအား ပိတ်ဆို့ထားလျက် ရှိသည်။
ကန်ရွှမ်းကလန်၏ ရွေးချယ်ခံများမှာ မြူခိုးများအကြား ပိတ်မိနေရပြီး မည်သည့်အရာကိုမျှ ရှင်းလင်းသဲကွဲစွာ မမြင်နိုင်ပဲ ဖြစ်နေရသည်။
ထို့အပြင် အဖျက်စွမ်းအင်ကြီးစွာ အဆက်မပြတ် ကျရောက်လာနေလျက်ရှိသော အလင်းလုံးများ၏ရန်ကိုလည်း ကြောက်ရွံ့နေရသေးသည်။
ချူချင်းမှာ မျက်မှောင်ကျုံ့လိုက်ပြီးနောက် လက်နှစ်ဖက်အား အတူတကွ ချိတ်ဆက်ကာ စွမ်းအင်လှိုင်းများအား ထွက်ပေါ်စေလျက် ထျန်းလော့ထီး၏ ကာကွယ်နိုင်စွမ်းကို တိုးမြှင့်လိုက်သည်။
"ကျောင်းထိုက်ရှင်း၊ ကျန်းထိုက်ချင်နဲ့ ကျင်းချန်းဇယ်တို့က တောင်ထိပ်ပေါ်ကို တက်နေကြပြီ။" ယောင်ယောင်မှ ရုတ်တရက် စကားဆိုလိုက်သည်။
လီချင်းချန်၊ ခုန်းရှန်နှင့် အခြားသော ရွေးချယ်ခံများ၏ အမူအရာမှာ ပြောင်းလဲသွားရသည်။ ကျောင်းထိုက်ရှင်းတို့မှသာ ကျောက်စိမ်းပြားအား ဦးစွာရရှိသွားခဲ့ပါက ကန်ရွှမ်းကလန်အနေဖြင့် မြင့်မြတ်သောနန်းတော်၏လက်ထဲမှ ပြန်လည်ရယူရန်မှာ အတော်ပင် ခက်ခဲသွားလိမ့်မည် ဖြစ်သည်။ အင်အားသုံး၍ ရယူရန် ကြိုးစားခဲ့လျှင်ပင် ကျောင်းထိုက်ရှင်းမှာ ကန်ရွှမ်းကလန်၏လက်ထဲသို့ ကျောက်စိမ်းပြား အရောက်ခံမည့်အစား ဖျက်စီးပစ်လိုက်မည့်သူမျိုးသာ ဖြစ်သည်။
"စိတ်ဝိဉာဉ်ကို ဝေဝါးစေတဲ့ ဒီမြူခိုးထောင်ချောက်ထဲက အရင်ထွက်နိုင်အောင် လုပ်ရအောင်။" လီချင်းချန်၊ ခုန်းရှန်နှင့် အခြားသော ရွေးချယ်ခံများမှာ မြူခိုးများအတွင်း တိုးဝင်သွားလိုက်ကြသည်။
သို့သော် မကြာမီမှာပင် စိတ်ပျက်လက်ပျက်ဖြစ်နေသော အမူအရာဖြင့် ပြန်လည်ရောက်ရှိလာကြလေသည်။
"ဒီမြူခိုးတွေက ငါတို့ရဲ့ စိတ်ဝိဉာဉ်တွေကို ဝေဝါးစေတယ်။ ခြေတစ်လှမ်းတိုးလိုက်တိုင်း ဦးတည်ရာပျောက်ပျောက်သွားတယ်။ ငါတို့ဒီထဲက ထွက်နိုင်ဖို့ တော်တော်ခက်ခဲလိမ့်မယ်။" လီချင်းချန်မှ ရှင်းပြပြောဆိုလိုက်သည်။
"ဒီထဲက ထွက်နိုင်ဖို့ဆိုရင် မြူခိုးတွေကို ဖြိုခွဲနိုင်တဲ့ထိ အားကောင်းတဲ့ ချီစွမ်းအင် ဒါမှမဟုတ် မြူခိုးတွေရဲ့ လှည့်စားမှုကို ခံနိုင်ရည်ရှိလောက်အောင် သန်မာနေတဲ့ စိတ်ဝိဉာဉ်စွမ်းအင် ရှိမှရမယ်။" ခုန်းရှန်မှ မျက်မှောင်ကျုံ့ကာ ပြောလိုက်သည်။ ခုန်းရှန်နှင့် လီချင်းချန်တို့အနေဖြင့် မြူခိုးထဲမှ ထွက်ခွာနိုင်သည်ထိ စွမ်းရည်ရှိသူများ ဖြစ်ကြပါသော်လည်း ထိုသို့ထွက်ခွာနိုင်ရန်အတွက် စွမ်းအင်အများအပြား ကုန်ဆုံးရလိမ့်မည် ဖြစ်သည်။ ထို့ကြောင့် ထွက်ခွာနိုင်ခဲ့လျှင်ပင် မြင့်မြတ်သောနန်းတော်မှ ရွေးချယ်ခံများနှင့် ဆက်လက်တိုက်ခိုက်နိုင်တော့မည် မဟုတ်ပေ။
ချူချင်းမှ ဖြည်းညင်းစွာ စကားဆိုလိုက်သည်။ "ငါဒီမြူခိုးတွေထဲက ဖောက်ထွက်သွားနိုင်တယ်။ ဒါပေမယ့် ငါနဲ့အတူလိုက်ဖို့ လူနှစ်ယောက်လိုတယ်။ ကျောင်းထိုက်ရှင်းတို့ သုံးယောက်လုံးကို ငါတစ်ယောက်ထဲနဲ့ မတိုက်နိုင်ဘူး။ ကျောင်းထိုက်ရှင်း တစ်ယောက်ကိုပဲ ငါရင်ဆိုင်ပေးထားလို့ရမှာ။"
ရွေးချယ်ခံများမှာ နှုတ်ဆိတ်သွားကြရသည်။ ချူချင်းသည် ကျောင်းထိုက်ရှင်းအား ရင်ဆိုင်ပေးမည်ဟု ဆိုလာပါသော်လည်း ကျန်ရှိနေသော ကျန်းထိုက်ချင်နှင့် ကျင်းချန်းဇယ်တို့မှာလည်း အထင်သေး၍ရနိုင်သော သူများမဟုတ်ကြပေ။ ခုန်းရှန်နှင့် လီချင်းချန်တို့သည်ပင်လျှင် ၎င်းတို့နှစ်ယောက်အား တိုက်ခိုက်လျှင် အနိုင်ရမည်ဟု ယုံကြည်ချက် မရှိကြချေ။
ထို့အပြင် လီချင်းချန်နှင့် ခုန်းရှန် နှစ်ဦးစလုံးမှာ ချီစွမ်းအင်အရာ၌ သန်မာပါသော်လည်း စိတ်ဝိဉာဉ်စွမ်းအင်များ အားနည်းကြပေသည်။ ထို့ကြောင့် မြူခိုးထဲမှ ရုန်းထွက်ရန် ကြိုးစားလိုက်သည်နှင့်ပင် ချီစွမ်းအင် အများအပြား ဆုံးရှုံးသွားရမည် ဖြစ်သည်။
ထိုအခြေအနေသို့ ရောက်ရှိသွားပါက ခုန်းရှန်နှင့် လီချင်းချန် နှစ်ဦးစလုံးမှာ ကျန်းထိုက်ချင်နှင့် ကျင်းချန်းဇယ်တို့၏ ပြိုင်ဖက်များ ဖြစ်လာနိုင်တော့မည် မဟုတ်ပေ။
"ငါနဲ့ဇူယွမ်က ဒီမြူခိုးအတားအဆီးကို ကောင်းကောင်းကျော်ဖြတ်နိုင်တယ်။" ကြည်လင်သော အသံလေးတစ်ခုမှ တိတ်ဆိတ်မှုအား ဖြိုခွင်းလိုက်လေသည်။ ကန်ရွှမ်းကလန်၏ ရွေးချယ်ခံများအားလုံးမှာ ယောင်ယောင်အား ကြည့်ရှုလိုက်ကြသည်။
လီချင်းချန်၏ မျက်ဝန်းများမှာ ပြူးကျယ်သွားရသည်။ ၎င်းတို့အားလုံးမှာ စိတ်ဝိဉာဉ်စွမ်းအင် အလွန်အားကောင်းသော ယောင်ယောင်အား မေ့လျော့နေခဲ့ကြခြင်း ဖြစ်သည်။ စိတ်ဝိဉာဉ်အား ဝေဝါးစေသော ယင်းမြူခိုးများသည်ပင် ယောင်ယောင်အပေါ် အနည်းငယ်မျှ အကျိုးသက်ရောက်မှု မရှိချေ။
ယောင်ယောင်မှာ မြူခိုးအား အခက်အခဲမရှိ ချိုးဖောက်နိုင်မည်ဖြစ်သောကြောင့် မြင့်မြတ်သောနန်းတော်မှ ကျန်းထိုက်ချင်ကိုလည်း တိုက်ခိုက်နိုင်လိမ့်မည် ဖြစ်သည်။
သို့သော် ပြဿနာရှိသည်မှာ ဇူယွမ် ဖြစ်သည်။
"ဇူယွမ်က ကျင်းချန်းဇယ်ကို ချနိုင်ပါ့မလား...." ခုန်းရှန်မှ သံသယရှိသော အမူအရာဖြင့် မေးမြန်းလိုက်သည်။
ဇူယွမ်မှာ မြင့်မြတ်သောနန်းတော်မှ ရွေးချယ်ခံ နှစ်ဦးအား သတ်ဖြတ်ထားနိုင်သူ ဖြစ်ပါသော်လည်း ကျင်းချန်းဇယ်မှာ သာမန်ရွေးချယ်ခံတစ်ဦး မဟုတ်ပေ။ ကျင်းချန်းဇယ်သည် ရှန်ဇူတိုက်ကြီး၏ ငါးယောက်မြောက် အထူးချွန်ဆုံး ရွေးချယ်ခံနေရာအား ရရှိထားသူ ဖြစ်သည်။
ခုန်းရှန်ကိုယ်တိုင်သည်ပင် ကျင်းချန်းဇယ်အား အနိုင်ရရှိအောင် တိုက်ခိုက်နိုင်လိမ့်မည်ဟု ယုံကြည်ချက် မရှိပေ။
အခြားသော ရွေးချယ်ခံများမှာလည်း ခုန်းရှန်ကဲ့သို့ပင် အနည်းငယ် တွေဝေနေကြသည်။ မြူခိုးထဲမှ ထွက်သွားကြမည့်သူများမှာ မြင့်မြတ်သောနန်းတော်၏ အသန်မာဆုံး ရွေးချယ်ခံ သုံးဦးနှင့် ရင်ဆိုင်တိုက်ခိုက်ရမည်ပင် ဖြစ်သည်။ ဇူယွမ်မှာ လုံလောက်အောင် မသန်မာခဲ့ပါက သူ့အတွက် အသက်အန္တရာယ်ပင် ရှိနိုင်ပေသည်။
ဇူယွမ်မှာ မြင့်မြတ်သောနန်းတော်၏ ရွေးချယ်ခံ နှစ်ဦးအား သတ်ဖြတ်ထားခဲ့သူ ဖြစ်သည်။ ထို့ကြောင့် ကျင်းချန်းဇယ်မှာလည်း အခွင့်အရေး ရလာခဲ့ပါက ဇူယွမ်အား အနည်းငယ်မျှပင် သက်ညှာမှုပေးနေမည် မဟုတ်ပေ။
ချူချင်းမှာ အနည်းငယ်မျှ တွေးတောလိုက်ပြီးနောက် ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။ "ဂျူနီယာညီတော် ဇူယွမ်ရော ဘယ်လိုလုပ်ချင်လဲ။ မင်းကိုယ့်ကိုယ်ကို ဖိအားပေးစရာ မလိုဘူးနော်။ မဖြစ်နိုင်ဘူးဆိုရင် ငါတို့အဲ့ကျောက်စိမ်းပြားကို လက်လျှော့လိုက်ကြမယ်။ ဘာမှမဖြစ်ဘူး။"
ဇူယွမ်မှ တည်ငြိမ်သောအမူအရာဖြင့် ပြောလိုက်သည်။ "ကျွန်တော် စီနီယာအကိုတော်နဲ့အတူ တိုက်ခိုက်ချင်တယ်။"
အမြင့်ဆုံးနေရာတွင်ရှိနေသော ကျောက်စိမ်းပြားထဲတွင် ဇူယွမ် မည်သို့မျှ လက်လျှော့လိုက်ရန် မဖြစ်နိုင်သော တတိယမြောက် သူတော်စင်မှော်စာလုံး ရှိနေလေသည်။ ထို့အပြင် ကျင်းချန်းဇယ် သန်မာသည်မှာ မှန်ကန်ပါသော်လည်း ဇူယွမ်သည်လည်း ယခင်ကကဲ့သို့ အားနည်းသူတစ်ဦး မဟုတ်တော့ပေ။
ဇူယွမ်မှာ ရွေးချယ်ခံတစ်ဦး၏ ဂုဏ်သိက္ခာအား ထိန်းသိမ်းခြင်းမရှိပဲ သူ့အပေါ် ချောင်ခိုတိုက်ခိုက်ခဲ့သော ကျင်းချန်းဇယ်အား ရန်ကြွေးဆပ်ချင်နေပြီ ဖြစ်သည်။
ချူချင်းမှာ လေးနက်သော မျက်ဝန်းများဖြင့် ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။ "ကောင်းပြီလေ။ ဂျူနီယာညီတော် ဇူယွမ်က သတ္တိရှိတယ်ဆိုမှတော့ ငါတို့သုံးယောက် မြူခိုးထဲကထွက်ပြီး ကျောင်းထိုက်ရှင်းတို့နဲ့ တိုက်ကြတာပေါ့။"
ချူချင်းမှ လီချင်းချန်နှင့် ခုန်းရှန်အားကြည့်ကာ ပြောလိုက်သည်။ "ထျန်းလော့ထီးကို မင်းတို့နဲ့ ထားခဲ့မယ်။ ဒီမူလရတနာကို ဆက်ထိန်းထားနိုင်ဖို့ စွမ်းအင်ပမာဏ များများလိုတယ်။ မင်းတို့နှစ်ယောက်ပေါင်းပြီး အကာအကွယ်ကို ဆက်ထိန်းထားကြ။"
"ငါတို့သုံးယောက် ကျောင်းထိုက်ရှင်းတို့နဲ့ စာရင်းရှင်းနေတဲ့အချိန် ကျန်တဲ့သူတွေကလည်း မြင့်မြတ်သောနန်းတော်က ရွေးချယ်ခံတွေကို ဆက်ထိန်းပေးထား။"
လီချင်းချန်နှင့် ခုန်းရှန်တို့မှ ခေါင်းညိတ်ပြလိုက်ကြသည်။
လိုအပ်သည်များကို မှာကြားပြီးသည့်နောက် ချူချင်းမှာ အနည်းငယ်မျှပင် တုံ့ဆိုင်းနေခြင်းမရှိပဲ ယောင်ယောင်နှင့် ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။ "သွားရအောင်။"
ယောင်ယောင်နှင့် ဇူယွမ်မှာ တစ်ဦးကိုတစ်ဦး ကြည့်ရှုလိုက်ကြပြီးနောက် ခေါင်းညိတ်လိုက်ကြသည်။
ဝှစ်....
ချူချင်းမှာ ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလိုက်ပြီးနောက် အလင်းတန်းတစ်ခုအလား မြူခိုးများအကြား တိုးဝင်သွားလေသည်။
ဇူယွမ်နှင့် ယောင်ယောင်မှာလည်း စိတ်ဝိဉာဉ်စွမ်းအင်အား နိုးထစေလိုက်ပြီးနောက် ချုချင်းနောက်မှ လျင်မြန်စွာ လိုက်ပါသွားကြသည်။
ထွက်ခွာသွားသော ပုံရိပ်သုံးခုအား ကြည့်ရှုကာ လီချင်းချန်နှင့် ခုန်းရှန်တို့မှာ ရင်တမမ ဖြစ်နေကြရသည်။ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်း မြင့်မြတ်သောနန်းတော်မှ အထူးချွန်ဆုံး ရွေးချယ်ခံများနှင့် ယှဉ်ပြိုင်တိုက်ခိုက်ကြရမည့် သမိုင်းဝင်တိုက်ပွဲသည် ချူချင်း၊ ယောင်ယောင်နှင့် ဇူယွမ်တို့၏ ပခုံးပေါ်သို့ ကျရောက်သွားပြီ ဖြစ်သည်။
ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်း မြင့်မြတ်သောနန်းတော်နှင့် ကန်ရွှမ်းကလန်တို့၏ အနိုင်အရှုံးအား ဤတိုက်ပွဲမှ ဆုံးဖြတ်ပေးလိမ့်မည် ဖြစ်သည်။
.........
ကျောက်စိမ်းတောင်ထွတ်၏ အပြင်ဖက်၌
များပြားလှသောသူများမှာ အမြင့်ဆုံးတောင်ထွတ်တွင်ရှိနေသော မြူခိုးများအား အံ့အားသင့်စွာ ကြည့်ရှုနေကြသည်။
"ကန်ရွှမ်းကလန်က ရွေးချယ်ခံတွေကတော့ ထောင်ချောက်မိနေပြီ။"
"ကျောင်းထိုက်ရှင်း၊ ကျန်းထိုက်ချင်နဲ့ ကျင်းချန်းဇယ်တို့ကတော့ ကျောက်စိမ်းပြားဆီ သွားနေကြပြီဟေ့။"
"ကြည့်ရတာ ကျောက်စိမ်းပြားကို မြင့်မြတ်သောနန်းတော်ကပဲ အရင်ရတော့မယ် ထင်ပါရဲ့။ ကန်ရွှမ်းကလန်ကတော့ ဒီကိစ္စပြီးရင် ခေါင်းထောင်နိုင်မှာတောင် မဟုတ်တော့ဘူး။"
"မြင့်မြတ်သောနန်းတော်က ပိုအရည်အချင်းရှိတာ သိသာနေပါပြီကွာ။"
"......."
တီတိုးဝေဖန်သံများမှာ ပတ်ဝန်းကျင်တစ်ခွင် ပျံလွင့်နေကြလျက် ရှိသည်။ စောင့်ကြည့်နေကြသော လူအများစုမှာ မြင့်မြတ်သောနန်းတော်မှသာ အသာစီးရလိမ့်မည်ဟု ခန့်မှန်းနေကြ၏။
ကျိုးချူးချင်ယု၊ လုလျို၊ လီချွမ်းကျင်နှင့် နင်ကျန်းတို့မှာလည်း သက်ပြင်းချရုံမျှသာ တက်နိုင်ကြသည်။
ဝှစ်....
ထိုအချိန်မှာပင် မြူခိုးများအကြားမှ အလင်းတန်းများအလား ပုံရိပ်သုံးခု ထွက်ပေါ်လာသည်။
"ကန်ရွှမ်းကလန်ဖက်က တစ်ယောက်ယောက် ထွက်လာတဲ့ပုံပဲ။"
"ဘယ်သူလဲ။"
"အရှေ့မှာရှိနေတာ ချူချင်းပဲ....ပြီးတော့ အနောက်မှာပါလာတာက ဇူရှောင်ယိုနဲ့ ဇူယွမ်ပဲကွ။"
"ချူချင်းကတော့ ထားပါတော့။ ဘာလို့ ပါလာတဲ့နှစ်ယောက်က ခုန်းရှန်နဲ့ လီချင်းချန် မဟုတ်ရတာလဲ။" လူများစွာမှာ အံ့အားသင့်နေကြရသည်။
ယောင်ယောင်မှာ အမြဲတစေ နှုတ်ဆိတ်နေတက်သူဖြစ်ပြီး ဇူယွမ်မှာလည်း လူသိလာသည်မှာ မကြာသေးသော တပည့်ခေါင်းဆောင်တစ်ဦးသာ ဖြစ်သည်။ ထို့ကြောင့် လူအများ၏အမြင်တွင် ချူချင်း၏ဘေး၌ ပါလာသင့်သောသူမှာ ခုန်းရှန်နှင့် လီချင်းချန်ပင် ဖြစ်သည်။
မြင့်မြတ်သောနန်းတော်၏ ရွေးချယ်ခံများမှာလည်း မြူခိုးများအကြားမှ ထွက်လာကြသော ချူချင်းတို့အား မြင်တွေ့ပါသော်လည်း အနည်းငယ်မျှပင် ပိတ်ဆို့တားဆီးခြင်းမပြုပဲ လမ်းပင်ဖယ်ပေးလိုက်ကြသေးသည်။
"အဟက်...သွားကြစမ်းပါစေ....အကိုတော်ကျောင်းထိုက်ရှင်းတို့လက်ထဲ မချိမဆန့် ဖြစ်တဲ့အချိန်ကြရင် ကန်ရွှမ်းကောင်းကင်ဒေသရဲ့ အရှင်သခင်က ငါတို့မြင့်မြတ်သောနန်းတော်ပဲဆိုတာ သူတို့သိသွားကြလိမ့်မယ်။"
"မင်းတို့ကန်ရွှမ်းကလန်ရဲ့ ရွှေရောင်အချိန်တွေက ကုန်ဆုံးသွားတာ ကြာပေါ့။"