အခန်း (၂၂၇-၂၃၀)
Vol. 20 Ch. 227-230
အခန်း (၂၂၇)။
“ဒါက သိုင်းသူတော်စင်တစ်ပါးရဲ့ အစစ်အမှန် စွမ်းအားလား။ အရမ်းကို သန်မာလွန်းတယ်။ တကယ်လို့ ငါသာ အတိတ်ကျမ်းကို မကျင့်ကြံခဲ့ဘူးဆိုရင်၊ ဒီသွေးစက်ငါးစက်က ငါ့ကို ဒဏ်ရာပြင်းပြင်းထန်ထန် ရစေဖို့ လုံလောက်တယ်။ ငါ တစ္ဆေအင်မော်တယ် ဖြစ်နေရင်တောင်၊ ငါ့စိတ်ဝိညာဉ်ကို ခန္ဓာကိုယ်ထဲကနေ ထုတ်ယူလို့ ရမှာမဟုတ်ဘူး…”
သန်မာသော အေးစက်စက် ယင်လေပြင်းတစ်ခုသည် နင်ဂျာဘုန်းကြီး၏ ခန္ဓာကိုယ်ကို ပတ်ရစ်ထားပြီး၊ အလွန်မြန်ဆန်စွာ ပျံသန်းနေသည်။ အေးစက်စက် ယင်လေပြင်းအတွင်းမှာ၊ ဟုန်ယွိ၏ အတွေးများသည် လှုပ်ရှားနေသည်။
သူ၏နောက်တွင်၊ ရှင်းယုဆန်နှင့် မဟူရာဝံပုလွေဘုရင် ဘီရှီဟွာတို့သည် နောက်မှ အမှီ လိုက်မလာနိုင်ခဲ့ပေ။
ချန်ပီယံမြို့စား၏ လက်ချောင်းမှ စိမ့်ထွက်လာသော သွေးစက်ငါးစက်သည် ဟုန်ယွိ၏ နတ်ဘုရား စိတ်ဝိညာဉ်ကို ထိမှန်ခဲ့ပြီး၊ ဟုန်ယွိသည် ဖျက်ဆီးခြင်းကျောက်စိမ်းအဆောင်၏ ပေါက်ကွဲမှုထက် ပိုမို ပြင်းထန်သော ထိခိုက်မှုကို ချက်ချင်း ခံစားရသည်။
ထိုသန်မာသော ယန်ချီစွမ်းအင်သည် ဟုန်ယွိကို နေမင်းကြီး၏ အလယ်ဗဟိုတွင် ရောက်ရှိနေသလို၊ သို့မဟုတ် မြေကြီး၏အလယ်ဗဟိုရှိ မီးတောင်၏ချော်ရည်ထဲတွင် ရေချိုးနေသလို ခံစားရစေသည်။
သူ၏ခန္ဓာကိုယ်အတွင်းရှိ အတွေးများအားလုံးသည် မြစ်များနှင့် တောင်များကဲ့သို့ ကျယ်ပြန့်သော တန်ခိုးကြီးသော သိုင်းဆန္ဒကြောင့် ပြိုကွဲသွားခဲ့သည်။
ဟုန်ယွိ သိသည်မှာ၊ အကယ်၍ သူ့နေရာမှာ အခြား တစ္ဆေအင်မော်တယ်တစ်ပါးသာ ဖြစ်ခဲ့လျှင်၊ ဤသွေးစက်ငါးစက်သည် သူ့ကို မသတ်ဖြတ်နိုင်ခဲ့ လျှင်ပင်၊ နတ်ဘုရား စိတ်ဝိညာဉ်ကို ခန္ဓာကိုယ်ထဲမှ ထွက်ခွာရန် စွမ်းနိုင်တော့မည် မဟုတ်သလို မည်သည့်တာအိုပညာကိုမျှ အသုံးပြုနိုင်မည် မဟုတ်တော့ပေ။
ဤအခိုက်အတန့်တွင်၊ ဟုန်ယွိသည် သိုင်းသူတော်စင်နယ်ပယ်ရှိ အစစ်အမှန် ပညာရှင်တစ်ဦး၏ ကြောက်မက်ဖွယ်ရာ စွမ်းအားနှင့် ၎င်းတို့၏ သွေးချီစွမ်းအင်နှင့် သိုင်းဆန္ဒတို့က နတ်ဘုရား စိတ်ဝိညာဉ်ကို မည်မျှထိခိုက်ပျက်စီးစေနိုင်သည်ကို နောက်ဆုံးတွင် နားလည်ခဲ့သည်။
သိုင်းသူတော်စင် များသည် တာအိုပညာကျင့်ကြံသူများအတွက် အစစ်မှန် ရန်သူများ ဖြစ်သည်။
မည်သည့်တာအိုပညာရပ် သို့မဟုတ် အတွေးမျှင်များဖြစ်စေ သိုင်းသူတော်စင်တစ်ပါး၏ ခန္ဓာကိုယ် အနီးသို့ ချဉ်းကပ်ရန် မစွမ်းနိုင်ပေ။ သိုင်းသူတော်စင်တစ်ပါးကို သတ်ဖြတ်ရန် တစ်ခုတည်းသော နည်းလမ်းမှာ ဖျက်ဆီးခြင်းကျောက်စိမ်းအဆောင် သို့မဟုတ် ပေါက်ကွဲမီးလျှံနတ်ဘုရား အဆောင်ဓားကို အသုံးပြုပြီး ပေါက်ကွဲမှု၏ စွမ်းအားဖြင့် ပြိုကွဲစေကာ ရန်သူ၏ ခန္ဓာကိုယ်ကို ထိခိုက်ပျက်စီးသွားရန် ဖြစ်သည်။
သို့သော် ၎င်းနည်လမ်းသည်လည်း အလွန်ခက်ခဲသည်။ အကြောင်းမှာ သိုင်းသူတော်စင်တစ်ဦး၏ ခန္ဓာကိုယ်သည် အလွန်ဖျတ်လတ်ပြီး၊ မျက်စိတစ်မှိတ်အတွင်း ခြေလှမ်းငါးဆယ် အကွာအဝေးကို ဖြတ်ကျော်နိုင်သည်။ ဥပမာအားဖြင့်၊ ဝူအိမ်တော်ထိန်း၏ တိုင်ရှန်တာအိုဂိုဏ်းက “လျှပ်တပြက်အလင်းရိပ်ဖြတ်သန်းခြင်း” ပညာရပ်သည် ပို၍ပင် ကြောက်စရာကောင်းသည်။ ယမ်းမှုန့်ဖြင့် သူ့ကို ဖောက်ခွဲရန် အသုံးပြုလျှင်ပင်၊ ပေါက်ကွဲမှုမဖြစ်မီ သူ ထွက်ပြေးသွားနိုင်သည်။
အကယ်၍ အချင်းဝက် မိုင်ရာပေါင်းများစွာကို ဖျက်ဆီးနိုင်သော ယမ်းမှုန့်မျိုးဖြစ်မှသာ စွမ်းနိုင်လိမ့်မည်။ သို့သော် ထိုယမ်းမှုန့်မျိုးပင် ကျောက်စိမ်းအဆောင်ထက် ဖျက်ဆီးနိုင်မည် မဟုတ်ပေ။
ပေါက်ကွဲမီးလျှံနတ်ဘုရားအဆောင်ဓား ပေါက်ကွဲပြီးနောက်၊ အချင်းဝက် ခြေလှမ်းနှစ်ဆယ်အတွင်း အရာအားလုံး ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားမည် ဖြစ်ပြီး၊ ဖျက်ဆီးခြင်းကျောက်စိမ်းအဆောင်သည် အချင်းဝက် ခြေလှမ်းလေးဆယ်မှ ငါးဆယ်အတွင်း အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သည်။
သိုင်းသူတော်စင်တစ်ပါးကို တစ်ချက်တည်းဖြင့် သတ်ဖြတ်ရန် ခက်ခဲနေဆဲဖြစ်သည်။
ထို့အပြင်၊ သိုင်းသူတော်စင်၏ ခန္ဓာကိုယ်သည် သန်မာပြီး၊ ဓားနှင့်ဆေဘာများဖြင့် မထိခိုက်နိုင်သော သံချပ်ကာကို ၀တ်ဆင်ထားသည်။ ပေါက်ကွဲမှု၏ ဗဟိုတွင် မရှိသရွေ့၊ သူသည် ဘေးကင်းလုံခြုံမည် ဖြစ်သည်။ အကယ်၍ အပြင်ပဒဏ်ရာ သို့မဟုတ် အတွင်းဒဏ်ရာများ ရရှိခဲ့လျှင်တောင်၊ သိုင်းသူတော်စင်တစ်ပါး၏ သန်မာသော ပြန်လည်ကုစားနိုင်စွမ်းဖြင့်ဆို၊ တစ်လမပြည့်မီ ဤဒဏ်ရာများမှ ပြန်လည်ကောင်းမွန်လာမည် ဖြစ်သည်။
“သိုင်းသူတော်စင်တစ်ပါးရဲ့ အမြင်မှာ, ငါတို့လိုတာအိုပညာရှင်တွေက ဘယ်လိုပုံစံဖြစ်မလဲဆိုတာ ငါ သိချင်မိတယ်။ ငါ့ရဲ့ နတ်ဘုရား စိတ်ဝိညာဉ်က သိုင်းသူတော်စင်ကို တကယ် ထိခိုက်စေနိုင်ဖို့ဆိုရင်၊ အရင်ဆုံး မိုးကြိုးကပ်ဘေးဒဏ်ကို ဖြတ်ကျော်ရမယ် ထင်တာတယ်။ ဒါပေမယ့် ဒီနေ့မှာ၊ ရှင်းယုဆန် နဲ့ မဟူရာဝံပုလွေဘုရင် ဘီရှီဟွာတို့သာ ကျားတစ်ကောင် သားကောင်စောင့်ကြည့်သလို ငါ့ကို စောင့်ကြည့်နေတာမျိုး မရှိခဲ့ရင်၊ ငါ ချန်ပီယံမြို့စားနဲ့ ကောင်းကောင်း တိုက်ခိုက်ချင်မိသား။ သိုင်းသူတော်စင်နဲ့ ငါ ဘယ်သူက ပိုသန်မာလဲ ကြည့်ချင်မိတယ်။ ဒါပေမယ့် သူနဲ့ တိုက်ခိုက်ဖို့ အခွင့်အရေးတွေ အများကြီးရှိပါသေးတယ်လေ။ ဒါကြောင့် လောနေစရာ မလိုဘူး။”
သိုင်းသူတော်စင် ချန်ပီယံမြို့စားသည် သန်မာသော်လည်း၊ ဟုန်ယွိသည် သူနှင့် တိုက်ခိုက်ရန်နှင့် အနိုင်ယူရန်ပင် ယုံကြည်မှု ရှိသည်။
ယခုလေးတင် အကြိမ်အနည်းငယ် တိုက်ကွက်ဖလှယ်မှုတဆင့် ဟုန်ယွိ၏ မဟာနေမင်းဗုဒ္ဓမီးလျှံ သည် တစ်ချက် ဟိန်းဟောက်ရုံဖြင့် ဖျက်ဆီးခံခဲ့ရပြီး၊ အခြားတာအိုပညာရပ်များသည်လည်း များစွာ အသုံးဝင်မည် မဟုတ်ပေ။ ချီဝိညာဉ်ဝဲဂယက်ကို အသုံးပြုခဲ့လျှင်ပင်၊ စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ် တစ်သားတည်း ဖြစ်နေသည့် သိုင်းသူတော်စင်တစ်ပါးကို ဆန့်ကျင်ရန် လုံလောက်မည် မဟုတ်ပေ။
သို့သော် ပြိုင်ဘက်၏ သွေးသည်လည်း ဟုန်ယွိကို ထိခိုက်စေနိုင်မည် မဟုတ်ပေ။
ဟုန်ယွိသည် သူ့ရန်သူကို ဖြည်းဖြည်းချင်း ထိခိုက်စေနိုင်မည်ဟု ယုံကြည်မှုရှိသည်။ သူသည် ချန်ပီယံမြို့စားကို အားအင်ကုန်ခမ်းအောင် လုပ်ပြီး၊ သူ၏ သွေးချီစွမ်းအင်ကို အားနည်းစေကာ၊ နောက်ဆုံးတွင် သတ်ဖြတ်မည် ဖြစ်သည်။
အတိတ်ကျမ်းကို ကျွမ်းကျင်ထားသောကြောင့်၊ ဟုန်ယွိသည် ဤသို့လုပ်ဆောင်ရန် နည်းလမ်းများစွာ ရှိသည်။ သူ၏ ဝိညာဉ်ထိခိုက်စေသည့် ပညာရပ်များဖြင့်၊ သူသည် ရန်သူကို လှည့်ပတ်ကာ သုံးရက်သုံးည တိုက်ပွဲဝင်နိုင်သည်။ သူသည် သိုင်းသူတော်စင်တစ်ဦးကို မသတ်ဖြတ်နိုင်ဟု သူ မယုံကြည်ပေ။
သို့သော် ယခုအခါ တိုက်ပွဲဝင်ရန် အချိန်အခါ မဟုတ်သေးပေ။
“ချန်ယင်းရှာ၊ စုန်းတစ္ဆေဂိုဏ်းချုပ် ယုဝူဒေါင်က ထွက်ပြေးသွားပြီ။ ကျွမ်းကျင်ပညာရှင် အများပြားလည်း လိုက်လံဖမ်းဆီးဖို့ လိုက်သွားကြပြီ။ သူတို့က နောက်ကွယ်ကနေ တိတ်တဆိတ် လိုက်နေကြတယ်။ ဒါက ငါတို့အတွက် နောက်ကွယ်ကနေ လုယူဖို့ အကောင်းဆုံး အခွင့်အရေးပဲ!”
ချန်ယင်းရှာသည် ပျက်သုန်းခြင်းပုဆိန်နှင့် မတည်မြဲခြင်းဓားကို ဖိနှိပ်ရန် စွမ်းအင်ကို ထုတ်လွှတ်နေစဉ်၊ ရုတ်တရက် ထူးဆန်းသော လေပြင်း တိုက်ခတ်မှုတစ်ခုက ကောင်းကင်ယံမှ ဆင်းသက်လာသည်။ ထူးဆန်းသော လေပြင်းတိုက်ခတ်မှု အတွင်းမှ၊ ဘုန်းကြီးအိုတစ်ပါး ဆင်းသက်လာ သည်။ တစ်ချိန်တည်းတွင်၊ ထူးဆန်းသော လေပြင်းတိုက်ခတ်မှုသည် ဟုန်ယွိ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်။ ထို့နောက်၊ ဟုန်ယွိသည် သူ့မျက်လုံးများကို ဖွင့်လိုက်သည်။ သူသည် သူ့ခန္ဓာကိုယ်ထဲသို့ ပြန်လည်ရောက်ရှိခဲ့ပြီ ဖြစ်သည်။
“ဒါက…”
ချန်ယင်းရှာ၏ မျက်လုံးများက လက်ခနဲ ဖြစ်သွားပြီး၊ သူမသည် ခြေလှမ်းဆယ်လှမ်း အကွာအထိ ဆုတ်ကာ ရပ်တန့်လိုက်သည်။
သူမသည် နင်ဂျာဘုန်းကြီး၏ အငွေ့အသက်ကို ခံစားရပြီး၊ ဤထူးဆန်းသော လေပြင်းတိုက်ခတ်မှုမှ ဆင်းသက်လာသော ဘုန်းကြီးအိုသည် အလွန်ကြောက်မက်ဖွယ်ရာ ဖြစ်ကြောင်း သိရှိသည်။ တစ္ဆေအင်မော်တယ်တစ်ပါး အနေဖြင့်၊ သူမသည် သိုင်းသူတော်စင်များကို သတိထားရန် အလိုလိုအသိစိတ်ရှိသည်။
အထူးသဖြင့် အကွာအဝေး နီးကပ်လွန်းသောအခါ၊ သိုင်းသူတော်စင်တစ်ဦးသည် တစ္ဆေအင်မော်တယ်တစ်ဦးကို ချက်ချင်း ပြင်းထန်စွာ ဒဏ်ရာရစေနိုင်သည် သို့မဟုတ် သတ်ဖြတ်နိုင်သည်။
“အော်မိတောဖူ……”
နင်ဂျာဘုန်းကြီးသည် မြေပြင်ပေါ်သို့ ဆင်းသက်လာပြီး လျင်မြန်စွာ တည်ငြိမ်သွားသည်။ ဟုန်ယွိနှင့် ချန်ယင်းရှာကို မြင်သောအခါ၊ လက်နှစ်ဖက်ကို ယှက်ပြီး ဗုဒ္ဓတရားစကားကို ရွတ်ဆိုလိုက်သည်။
“နှုတ်ဆက်ပါတယ်၊ နှုတ်ဆက်ပါတယ်!”
ဟုန်ယွိသည်လည်း ထရပ်လိုက်ပြီး ပြန်လည်ဦးညွတ်ကာ နှုတ်ဆက်ရင်း ပညာရှင်တစ်ဦး၏ ပုံမှန်ကျင့်ဝတ်ကို ပြသလိုက်သည်။ ထို့နောက်၊ ချန်ယင်းရှာကို ပြောလိုက်သည်၊ “သွားကြစို့၊ မဟုတ်ရင် နောက်ကျလိမ့်မယ်!”
“ကောင်းပြီ! ငါလည်း ယုဝူဒေါင် ပျံထွက်သွားတာကို မြင်ခဲ့တယ်၊ ဒါပေမယ့် မင်းရဲ့ နတ်ဘုရား စိတ်ဝိညာဉ်က ခန္ဓာကိုယ်ထဲ ပြန်မရောက်သေးလို့ ငါ အလျင်စလို မလှုပ်ရှားခဲ့ဘူး။ ဒီဘုန်းတော်ကြီးရဲ့ ဓမ္မဘွဲ့အမည်က နင်ဂျာဘုန်းကြီး ဖြစ်မယ်ထင်တယ်။ စုန်းတစ္ဆေဂိုဏ်းရဲ့ ကောင်းကင်စုန်းမြို့မှာ၊ သိုင်းသူတော်စင်ဆိုလို့ ဘုန်းကြီးတစ်ပါးပဲ ရှိတယ်။ ငါ ဒိုင်ဇင်ဘုရားကျောင်း ကို သွားလည်တုန်းက မင်းကို တစ်ခါတွေ့ခဲ့ဖူးတယ် ထင်တယ်။”
ချန်ယင်းရှာက ပြောနေရင်း၊ ဟုန်ယွိကို တစ်ချက်ကြည့်လိုက်သည်။ ဟုန်ယွိသည် သူမဆိုလိုရင်းကို နားလည်သည်။ သူတို့နှစ်ဦးစလုံးသည် သူတို့၏ အတွေးများကို ထုတ်လွှတ်ပြီး မီတာသုံးဆယ်ကျော် အမြင့်သို့ ပျံတက်သွားသည်။ ဤအကွာအဝေးတွင်၊ နင်ဂျာဘုန်းကြီး မည်မျှပင် သန်မာစေကာမူ၊ ခုန်တက်နိုင်မည် မဟုတ်ပေ။
“မိုးကြိုးနတ်ဘုရားတာအိုဂိုဏ်းလား..။ ငွေငါးမန်းဘုရင်လား…”
နင်ဂျာဘုန်းကြီးသည် ချန်ယင်းရှာနှင့် ဟုန်ယွိတို့ ပျံတက်သွားသည်ကို မြင်ပြီး၊ ထိုတာအိုပညာရပ်၏ အတွေးများကို ဂရုတစိုက် ခံစားကြည့်သည်။ ထို့နောက် ရုတ်တရက် မေးလိုက်သည်။
“ဟုတ်တယ်၊ ငါပဲ။” ချန်ယင်းရှာက ခေါင်းညိတ်ပြီး၊ ဟုန်ယွိကို ကြည့်လိုက်သည်။ “နင်ဂျာဘုန်းကြီး၊ နင် ဘာလို့ သူ့ကို ဒီကို ခေါ်လာတာလဲ…။”
“လက်ရှိအခြေအနေမှာ၊ သူက သံသယမရှိ သေဆုံးသွားနိုင်တယ်။ ဒိုင်ဇင်ဘုရားကျောင်းရဲ့ နောက်ဆုံး မျိုးစေ့တစ်စေ့ ပျက်သုန်းသွားမယ်ဆိုတာ နှမြောစရာလို့ ငါ ခံစားရတယ်။ ဒါ့အပြင်၊ ငါသင်ယူထားတာက ဒိုင်ဇင်ဘုရားကျောင်းရဲ့ တာအိုပညာရပ်ပဲ။ ဒါကြောင့်၊ ငါ သူ့ကို အန္တရာယ်ကနေ ကယ်တင်တာ။ ဒါက အသေးမွှား အားထုတ်မူလေးပါပဲ။” ဟုန်ယွိက မျက်နှာပေါ် မည်သည့်အမူအရာမှ မပြဘဲ ပြောလိုက်သည်၊ “သွားကြစို့။ ယုဝူဒေါင်ကို အဝေးကြီး ထွက်ပြေးသွားစေလို့ မရဘူး။ မဟုတ်ရင် သူ့ကို ရှာဖွေဖို့ ခက်ခဲလိမ့်မယ်။”
“ခဏစောင့်ပါ..”
နင်ဂျာဘုန်းကြီးသည် ဟုန်ယွိ ထွက်သွားတော့မည်ကို မြင်ပြီး အလျင်အမြန် ပြောလိုက်သည်။
“ဘာကိစ္စလဲ…” ဟုန်ယွိက မေးလိုက်သည်။
“ကျေးဇူးရှင်၊ မင်းနာမည်ကို မေးလို့ရမလား။ ကျေးဇူးရှင်ကရော ဒိုင်ဇင်ဘုရားကျောင်းက ဘယ် တာအိုပညာကို ကျင့်ကြံထားတာလဲ…..” နင်ဂျာဘုန်းကြီးသည် ချန်ယင်းရှာကို တစ်ချက်ကြည့်လိုက် သည်။ စကားလုံးများက လျှာဖျားတွင် ရှိနေသော်လည်း၊ ပြန်လည်မျိုချလိုက်သည်။
“ဒီနေ့ ကျွန်တော် ဆရာကြီးကို ရုတ်တရက် အတွေးပေါ်ပြီး ကယ်တင်ခဲ့တာ။ ကျွန်တော့် နာမည်ကိုတော့၊ ဆရာကြီးအနေနဲ့၊ သိပ်အများကြီး မမေးမြန်းတာ အကောင်းဆုံးပဲ။ တကယ်လို့, ဒီသတင်း အပြင်ထွက်သွားရင်၊ ကျွန်တော် ပြဿနာအများကြီး ကြုံတွေ့ရလိမ့်မယ်။ သေချာတာက, ဒိုင်ဇင်ဘုရားကျောင်းရဲ့ နောက်ဆုံး မျိုးစေ့တစ်ဦးအနေနဲ့၊ ကျွန်တော် ဆရာကြီးနဲ့ အချိန်အကြာကြီး စကားပြောချင်ပါတယ်။ ကျွန်တော့် လက်အောက်ခံ ဒိုင်ဇင်ဘုရားကျောင်းအနီး ရှန်မိသားစုက တပည့်တွေလည်း စစ်သည်တွေ သတ်ဖြတ်တာခံခဲ့ရပြီး၊ ထွက်ပြေးလွတ်မြောက်လာတဲ့ လူတွေကတော့ ကျွန်တော့် အကာအကွယ်အောက်မှာ ရှိနေတယ်။ ဒါပေမယ့် အခုဟာ အချိန်ကောင်း မဟုတ်ဘူး။ ဆရာကြီး၊ ဆရာကြီးအနေနဲ့ ပုန်းအောင်းဖို့ နေရာတစ်ခုရှာတာ အကောင်းဆုံးပဲ။ ချန်ယင်းရှာနဲ့ ကျွန်တော် ယုဝူဒေါင်ကို လိုက်ဖမ်းပြီး စကြဝဠာအိတ်ကို လုယူပြီးရင်၊ ဆရာကြီးဆီ ပြန်လာခဲ့မယ်။ ကျွန်တော် ဘယ်တာအိုပညာရပ်ကို ကျင့်ကြံထားလဲဆိုတာ၊ ဆရာကြီး သိနေပုံရတယ်။ ဒါကြောင့် မေးစရာမလိုဘူး။”
ဟုန်ယွိသည် စာအုပ်ဖတ်ပြနေသလို လျင်မြန်စွာ ပြောလိုက်သည်။
“ပုန်းအောင်းနေပါ။ ချန်ပီယံမြို့စား၊ မဟူရာဝံပုလွေဘုရင် ဘီရှီဟွာတို့နဲ့ မတိုက်ခိုက်နဲ့။ အသက်ရှင်နေသရွေ့ မျှော်လင့်ချက်ရှိတယ်။”
“စကြဝဠာအိတ်ကို ရယူပြီးရင်၊ မင်းတို့ ငါ့ဆီ ပြန်လာရမယ်။ စကြဝဠာအိတ်ရဲ့ သန့်စင်သော ယန်စွမ်းအင်ကို အလွယ်တကူ ခံစားနိုင်တယ်။ ငါ့သွေးကို ထည့်သွင်းမှပဲ အဲဒီအငွေ့အသက်ကို လုံးဝ ဖုံးကွယ်နိုင်မှာ။” နင်ဂျာဘုန်းကြီးက ရုတ်တရက် ပြောလိုက်သည်။
“အိုး…..၊ ဒီလိုကိစ္စလည်း ရှိသေးတယ်လား…..။”
ဟုန်ယွိက အနည်းငယ် ခေါင်းညိတ်ပြီး၊ ၎င်းတို့နှစ်ဦးသည် ပြင်းထန်စွာ ပျံတက်လာသည်။ အေးစက်စက် ယင်လေပြင်းတစ်ခုစီသည် သူတို့၏ ခန္ဓာကိုယ်များကို ကိုယ်စီပတ်ရစ်ထားပြီး၊ တစ်ချက် လှုပ်ရှားလိုက်ရုံဖြင့် လင်းယုန်များကဲ့သို့ ပျံထွက်သွားသည်။ နင်ဂျာဘုန်းကြီးသည် မြေပြင်ပေါ်တွင် ကျန်ရစ်ခဲ့ပြီး၊ ဟုန်ယွိတို့ ထွက်သွားသော ဦးတည်ရာအရပ်သို့ ကြည့်ရင်း အတွေးထဲတွင် နစ်မျောနေသည်။
“နောက်ဆုံးတော့ အမိတ္တဘသုတ္တန်ဟာ ပေါ်ထွက်လာပြီလား…” နင်ဂျာဘုန်းကြီးသည် အနည်းငယ် တုန်လှုပ်သွားသည်။ သူသည် ရုတ်တရက် သူ့ခန္ဓာကိုယ်ကို ဖားပြုတ်တစ်ကောင်ကဲ့သို့ ကျုံ့လိုက်ပြီး သစ်တောထဲရှိ ချုံပုတ်တစ်ခုထဲတွင် ပုန်းအောင်းလိုက်သည်။ သူ၏ခန္ဓာကိုယ်ကို ဆူးပင်များနှင့် မြက်ပင်များက ဖုံးအုပ်ထားပြီး၊ ထို့နောက် သူ့အငွေ့အသက်ကို လုံးဝ ဖုံးကွယ်လိုက်သည်။
ဤအငွေ့အသက် ဖုံးကွယ်နည်းပညာသည် အလွန်အစွမ်းထက်သည်။ နင်ဂျာဘုန်းကြီး ပုန်းအောင်းပြီးနောက်၊ ပတ်ဝန်းကျင်ရှိ မြက်ပင်များထဲတွင် အင်းဆက်များသည် တစီ တစီ မြည်လာသည်။ ဘုန်းကြီးအိုသည် ပတ်ဝန်းကျင်နှင့် လုံးဝပေါင်းစပ်သွားပုံရပြီး၊ ၎င်းတို့အကြား ခွဲခြားမရတော့ပေ။
“အမိတ္တဘသုတ္တန်ဟာ ငါတို့ ဒိုင်ဇင်ဘုရားကျောင်းရဲ့ အကြီးမားဆုံး လျှို့ဝှက်ချက်တစ်ခုပဲ။ မျိုးဆက်တစ်ခုလုံးမှာ၊ ဒီသုတ္တန်ကို ကျောင်းထိုင် ဆရာတော်ပဲ ဖတ်ရှုနိုင်ပြီး၊ ကျောင်းထိုင်ဆရာတော်ပဲ ကျင့်ကြံနိုင်တယ်။ ဒိုင်ဇင်ဘုရားကျောင်း ပျက်သုန်းချိန်မှာ၊ ကျောင်းထိုင်ဆရာတော်က အမိတ္တဘသုတ္တန်ကို ဆရာဦးလေး ယင်ယွဲ့ထံ ပေးအပ်ပြီး သိမ်းဆည်းထားဖို့ ပြောခဲ့တယ်။ သိမ်းဆည်းထားရင်း ကံကြမ္မာရှိသူ ကျင့်ကြံနိုင်မယ်တဲ့။ အခု၊ ဒီလူငယ်လေး လက်ထဲမှာ ရောက်နေတယ်လား…။ ဒီလူငယ်က ဘယ်သူလဲ။ သူက ငွေငါးမန်းမိစ္ဆာနဲ့ ဒီလောက် ရင်းနှီးတဲ့ဆက်ဆံရေးရှိတယ်။ သူတို့က တာအိုလက်တွဲဖော်တွေလို့ ထင်ရတယ်။ ဒိုင်ဇင်ဘုရားကျောင်း အပြင်ဘက်က ရှန်မိသားစုကိုလည်း အင်ပါယာတရားရုံးက ဖျက်ဆီးခဲ့တာလား။ အင်ပါယာတရားရုံး၊ အင်ပါယာတရားရုံး၊ ဘယ်လောက် ရက်စက်လိုက်သလဲ! မြက်ပင်တွေကို ဖြတ်ပြီး အမြစ်တွေကိုပါ ဖယ်ရှားလိုက်တယ်။ ရှန်မိသားစုဟာ ဒိုင်ဇင်ဘုရားကျောင်း အနီးမှာ နေထိုင်ကြပေမယ့်၊ ရိုးသားဖြူစင်တဲ့လူတွေပါ။ သူတို့ကိုလည်း ဖျက်ဆီးခဲ့တယ်။ ရက်စက်လွန်းလှတယ်….။”
ပုန်းအောင်းနေသော်လည်း၊ နင်ဂျာဘုန်းကြီးသည် မတွေးဘဲ မနေနိုင်ပါချေ။
သူ့နှလုံးသားထဲတွင်၊ သူ အချိန်အတော်ကြာအောင် မမြင်ခဲ့ရသော မျှော်လင့်ချက်တစ်ခုကို တွေ့မြင်သွားခဲ့ပုံရသည်။
“အရင်တုန်းက၊ ကျောင်းထိုင်ဆရာတော်ဟာ တကယ်လို့, အတိတ်အမိတ္တဘသုတ္တန်သာ ကမ္ဘာပေါ်မှာ ပြန်လည် ပေါ်ထွက်လာရင်၊ ဒိုင်ဇင်ဘုရားကျောင်းကို ပြန်လည်တည်ဆောက်ဖို့ အခွင့်အလမ်းရှိလာမယ်လို့ ဟောကိန်းထုတ်ခဲ့တယ်။ အခု မျှော်လင့်ချက်ရှိလာပြီလား။ ဒါ့အပြင်၊ ဒီလူငယ်ရဲ့အတွေးတွေက ထူးခြားပုံရပြီး၊ ငါ့ကို အသုံးချချင်တဲ့စိတ်လည်း ရှိပုံမရဘူး။ သူ ငါ့ကို ကယ်တင်တုန်းက သူ့မှာ ဘယ်လိုရည်ရွယ်ချက်မျိုးမှ မရှိခဲ့ဘူးဆိုတာ ငါ ခံစားရတယ်။ မဟုတ်ရင်၊ သူ ငါ့ကို ထိန်းချုပ်ပြီးမှ တစ်ယောက်တည်း ပုန်းအောင်းဖို့ ထားခဲ့မှာပေါ့။ ဒါပေမယ့် ချန်ပီယံမြို့စား က မတူဘူး။ သူက ငါနဲ့ တစ်ယောက်ချင်း တိုက်ခိုက်ချင်တယ်လို့ ပုံဖော်ထားပေမယ့်၊ တကယ်တမ်းမှာ သူက ငါ့ကို သူ့လက်အောက်ခံအဖြစ် ထိန်းချုပ်ချင်တာ။ ဟွန်း…။ ငါက သိုင်းသူတော်စင်တစ်ပါးပဲ။ ပြီးတော့ တော်ဝင်ချန်မင်းဆက်နဲ့ ပြန်လည်သင့်မြတ်ဖို့ မဖြစ်နိုင်တဲ့ ရန်ငြိုးရှိတယ်။ မင်းရဲ့သေးသိမ်တဲ့ အပြုအမူနဲ့ ငါ့ကို ဘယ်လိုလုပ် ထိန်းချုပ်နိုင်မှာလဲ။ မင်း တကယ်ပဲ မင်းကိုယ်မင်း ရှေးခေတ်သူတော်စင်ဧကရာဇ်တစ်ပါး ဖြစ်ပြီး၊ သူတော်စင်နဲ့ ဘုရင်ဆန်တဲ့ အငွေ့အသက်ကို ပိုင်ဆိုင်ထားတယ်လို့ ထင်နေတာလား…”
“ဟုန်ယွိ၊ မင်း နင်ဂျာဘုန်းကြီးကို ကယ်တင်ခဲ့တယ်။ မင်း သူ့ကို မင်းရဲ့ လက်အောက်ခံအဖြစ် လိုချင်တယ်လို့ ငါ ခံစားရတယ်။ ဒါပေမယ့် မင်းက ဒီအတိုင်း ထွက်သွားခွင့် ပေးလိုက်တာလား? ဘာလို့ ဒီလိုလုပ်တာလဲ….။”
ချန်ယင်းရှာနှင့် ဟုန်ယွိတို့သည် ကောင်းကင်သို့ ပျံတက်လာပြီးနောက် ပျံသန်းသွားကြသည်။ ပျံသန်းနေရင်း၊ ချန်ယင်းရှာက ရုတ်တရက် မေးလိုက်သည်။
“သိုင်းသူတော်စင်တွေဟာ ဂုဏ်သိက္ခာကြီးမားတယ်။ နင်ဂျာဘုန်းကြီးဟာ လမ်းဆုံးနေပြီဆိုပေမယ့်၊ သူ့ကိုယ်ပိုင်စရိုက်က ခိုင်မာမာတယ်။ ချန်ပီယံမြို့စားက ရက်ရောတဲ့ပုံစံ ပြခဲ့ပေမယ့်၊ တကယ်တမ်းမှာ သူ နင်ဂျာဘုန်းကြီးကို လက်အောက်ခံအဖြစ် ထိန်းချုပ်ချင်တယ်။ တကယ်လို့, သူ့ လက်အောက်ခံ ဖြစ်လာရင်၊ သူ့အင်အားက အများကြီး တိုးလာမယ်။ ဒါပေမယ့် ဒီအတွေးက မမှန်ကန်ဘူး။ သူဟာ ပန်၊ ရှီ၊ ယွမ်၊ ဒါမှမဟုတ် ဟုန်တို့လို သူတော်စင်နဲ့ ဘုရင်ဆန်တဲ့ အငွေ့အသက် မျိုး ပိုင်ဆိုင်ပြီး ရှေးခေတ်သူတော်စင်ဧကရာဇ်တစ်ပါး ဖြစ်ခဲ့ရင်၊ လူသားအင်မော်တယ်တောင်မှ သူ့အောက်ခံ ဖြစ်လာရမယ်။ သိုင်းသူတော်စင်ဆို ပြောစရာတောင် မလိုဘူး။ ဒါပေမယ့် သူက အဲဒီလိုလူမျိုး မဟုတ်ဘူး။ နင်ဂျာဘုန်းကြီးလို လူမျိုးဟာ ဘယ်သူရဲ့ ထိန်းချုပ်မှုကိုမှ လက်မခံဘူး။ ငါမှာ သူ့ကို ထိန်းချုပ်ချင်တဲ့ ရည်ရွယ်ချက်မရှိဘူး။ ငါက သူနဲ့ စကားပြောပြီး အနာဂတ်မှာ မိတ်ဆွေ ဖြစ်ချင်ရုံလောက်ပဲ။ ဒါပေမယ့် အခု ဒီအကြောင်းတွေ မပြောဘဲနေကြစို့။ ငါတို့ ယုဝူဒေါင်ကို လိုက်လံဖမ်းဆီးဖို့ အပြည့်အဝ ပျံသန်းရမယ်။ လမ်းတစ်လျှောက် အထူးသတိထားရမယ်။ အနှစ်သာရနတ်ဘုရားကျောင်းနဲ့ ယွမ်တူနိုင်ငံက တာအိုပညာရှင်တွေလည်း ငါတို့ကို စောင့်မျော်နေမှာ စိုးရတယ်။”
ဟုန်ယွိသည် ခေါင်းယမ်းလိုက်ပြီး၊ သူ၏ စွမ်းအင်ကို စုစည်းကာ မြန်ဆန်စွာ ပျံသန်းသွားသည်။
“ဟုတ်တယ်! ငါတို့ အခြေအနေကို ကြည့်ပြီး လှုပ်ရှားရမယ်။ ဒါပေမယ့် ဉဒေါင်းဘုရင်လို အလွန် အစွမ်းထက်တဲ့ ပညာရှင်တွေရှိနေရင်၊ ငါတို့ အလျင်စလို မလှုပ်ရှားတာ အကောင်းဆုံးပဲ။ သူတို့ကို စကြဝဠာအိတ်ကို ယူသွားခွင့်ပေးလိုက်ပါ။” ချန်ယင်းရှာက ပြောသည်။
“သေချာတာပေါ့။ စကြဝဠာအိတ် မရှိရင်တောင်၊ ငါတို့ ဆက်လက် ကျင့်ကြံနိုင်သေးတယ်။ မှော်ရတနာတစ်ခုအတွက် ငါတို့အသက်ကို စွန့်လွှတ်ဖို့ မထိုက်တန်ဘူး။”
ဟုန်ယွိသည် ချန်ယင်းရှာ၏ သတိပေးချက် မရှိလျှင်ပင် ဤသဘောတရာားကို နားလည်ပါသည်။
“ရှေ့ကို ကြည့်စမ်း..”
သူတို့နှစ်ဦး ပျံသန်းနေစဉ်၊ ချန်ယင်းရှာ ရုတ်တရက် လက်ညှိုးထိုးပြလိုက်သည်။ ဟုန်ယွိသည် လီအနှစ်ဆယ်အကွာရှိ လွင်ပြင်တစ်ခုပေါ်တွင် လင်းလက်နေသော အလင်းရောင်တစ်ခုကို တွေ့လိုက်သည်။ တစ်ချိန်တည်းတွင်၊ စုန်းတစ္ဆေဂိုဏ်း၏ ဧကရာဇ်အလောင်းများသည် ပြင်းထန်စွာ ပျံသန်းနေပြီး၊ ၎င်းတို့၏ အလောတကြီး ဟိန်းဟောက်သံများနှင့်အတူ တစ္ဆေတသောင်းအမိန့်ပေးအလံ၏ ထူးခြားသော အနက်ရောင် အငွေ့အသက်ကို တွေ့မြင်ရသည်။
ထို့အပြင်, ဟုန်ယွိသည် စုန်းတစ္ဆေဂိုဏ်း၏ ဂိုဏ်းအကြီးအကဲသုံးဦးနှင့် ဂိုဏ်းချုပ် ယုဝူဒေါင်တို့သည် ပျံသန်းနေခြင်း မရှိတော့ဘဲ၊ မြေပြင်ပေါ်တွင် ထိုင်နေပြီး တစ္ဆေတသောင်းအမိန့်ပေးအလံနှင့် ဧကရာဇ်အလောင်းဆယ့်လေးပါးကို အသုံးပြု၍ လူများစွာ၏ တိုက်ခိုက်မှုကို ခုခံနေသည်ကို တွေ့လိုက်သည်။
ကောင်းကင်တွင်၊ ဗုဒ္ဓပုတီးစေ့များနှင့် တူသော အလင်းရောင်အလုံးများစွာသည် လီအနှစ်အကွာအဝေးအတွင်း ကောင်းကင်ယံကို ဖုံးအုပ်ထားသည်။ ၎င်းသည် စုန်းတစ္ဆေဂိုဏ်း၏ လူလေးဦးကို ကြီးမားသော အဖုံးတစ်ခုဖြင့် ဖုံးအုပ်ထားသလို ဖြစ်နေပြီး၊ ၎င်းတို့ ပျံသန်းရန် မဖြစ်နိုင်အောင် ပိတ်ဆို့ထား သည်။
သိုင်းပညာရှင်တစ်စုသည် သူတို့ကို တိုက်ခိုက်နေသည်။ ထို့အပြင် နတ်လင်းယုန်ဘုရင်၏ နတ်ဘုရား စိတ်ဝိညာဉ်မှ ထူးခြားသော အလင်းရောင် အလုံးတစ်ခုလည်း ပါဝင်သည်။
ယွန်မင်နိုင်ငံ၏ မဟာသခင်များ ဖြစ်ကြသည့် နာလန်ဟိုင်နှင့် နာလန်ယန်ယူတို့ကို မတွေ့ရပေ။ ဟုန်ယွိသည် ဤလူနှစ်ဦးသည် နတ်လင်းယုန်ဘုရင်နှင့် ချန်ပီယံမြို့စား၏ အခြားလက်အောက်ခံများ လျှို့ဝှက်တိုက်ခိုက်ခံရပြီး ဖမ်းဆီးခံထားရမည်ဟုပင် ခန့်မှန်းမိသည်။
“အယ်….။ ဝူအိမ်တော်ထိန်း၊ အဲဒီ ခွေးအိုကြီး။ မိုးကြိုးလျှပ်စီးဆေဘာကျမ်း၊ ဒါက နတ်လက်ကောင်းကင်ဆေဘာ ဝေတိုင်ကန် ဖြစ်ရမယ်!”
တစ်ချိန်တည်းတွင်၊ ဟုန်ယွိသည် ၎င်းတို့ထဲမှ တစ်ဦးမှာ ရွှေနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ကောင်းကင်ပေတံကို ကိုင်ဆောင်ထားသော သက်ကြီးရွယ်အိုတစ်ဦး ဖြစ်ကြောင်း သတိပြုမိသည်။ အခြားတစ်ဦးမှာ ဆံပင်ဖြူဖွေးနေသော်လည်း ချောမောနုပျိုနေသော မျက်နှာနှင့် သက်ကြီးရွယ်အိုတစ်ဦးဖြစ်သည်။ သူ့လက်တွင် ဖြိုခွဲခြင်းဆေဘာနှင့်ဆင်တူသည့် ဆေဘာကြီးတစ်လက်ကို ကိုင်ဆောင်ထားကာ မိုးကြိုးလျှပ်စီးဆေဘာကျမ်းကို ထုတ်ဖော်နေသည်။
ဤလူနှစ်ဦးထဲမှ တစ်ဦးမှာ ဝူအိမ်တော်ထိန်း ဖြစ်သည်။ အခြားသက်ကြီးရွယ်အိုတစ်ဦးမှာလည်း ဟုန်ယွိ သေချာသိထားသည့် တောင်ပိုင်းပြည်နယ်၏ အုပ်ချုပ်ရေးမှူး ဝေတိုင်ကန် ဖြစ်သည်။ ချန်ပီယံမြို့စား၏ ဖုံးကွယ်ထားသော ကျမ်းကျင်ပညာရှင်များမှာ ဤသိုင်းသူတော်စင် နှစ်ဦးဖြစ်သည်။
အခန်း (၂၂၈)။
“ခင်ဗျားကို ကျုပ်သံဖိနပ်တွေ စုတ်ပြတ်အောင် ရှာဖွေချိန်မှာ ရှာလို့မတွေ့ဘဲ၊ မထင်မှတ်ဘဲ ဒီအချိန်မှာ လာတွေ့နေရတယ်လို့။ ဝူအိမ်တော်ထိန်း၊ ခင်ဗျားဆိုတဲ့ ခွေးအိုကြီးက ဒီမှာ ရှိနေတာလား။ ခင်ဗျား ကျုပ်ကို လာမသတ်တာ မဆန်းပါဘူး။ ခင်ဗျားက အရေးကြီးတဲ့ အမိန့်တစ်ခု ရပြီး တောရိုင်းဒေသကို မှော်ရတနာ လုယူဖို့ ရောက်လာခဲ့တာနေမယ်။ ဒါကြောင့် ခင်ဗျား ကျုပ်ကို လိုက်သတ်ဖို့ အချိန်မရှိတာပေါ့။ တော်ဝင်ချန်က ဒီရတနာကို တကယ်အလေးထားနေတာပဲ။ သိုင်းသူတော်စင် နှစ်ယောက်ကိုတောင် ဖန်ဆင်းရှင်ဗူးသီးထဲမှာ ဖုံးကွယ်ထားပြီး ချုံခိုတိုက်ခိုက်ဖို့ စီစဉ်ထားတယ်ပေါ့။ နတ်လင်းယုန်ဘုရင်ရဲ့ မှော်ရတနာက ဘာလဲ။ တစ်ချက်ပစ်လွှတ်ရုံနဲ့ ကောင်းကင်ကို ဖုံးအုပ်နိုင်ပြီး တာအိုပညာရှင်တွေတောင် မပျံသန်းနိုင်အောင် စွမ်းဆောင်နိုင်တာလား…။”
ဟုန်ယွိသည် အောက်က အခြေအနေကို ကြည့်ရင်း စိတ်ထဲတွင် တွေးတောလိုက်သည်။
ဝူအိမ်တော်ထိန်း၊ ဒီခွေးအိုကြီး ဒီတစ်ခေါက်တော့ သေချာပေါက် သေရမယ်။
အရင်တုန်းက ဟုန်ယွိသည် သူ့ပြိုင်ဘက် မဟုတ်ခဲ့သော်လည်း ယခု ဟုန်ယွိ၏ စွမ်းအားသည် များစွာ တိုးတက်လာပြီး၊ တစ္ဆေအင်မော်တယ်အဆင့်ရှိ ထိပ်တန်းပညာရှင်တစ်ဦး ဖြစ်လာခဲ့ပြီ။ သူ့ရန်သူဟောင်းကို မြင်လိုက်ရသည့်အခါ၊ သူ့မျက်လုံးတွေက သဘာဝအလျောက် နီရဲလာပြီး၊ တတ်နိုင်သမျှ အမြန်ဆုံး သတ်ဖြတ်ပစ်ချင်လာသည်။
“အဲဒါက နတ်လင်းယုန်ဘုရင်ရဲ့ ဝိညာဉ်ဂါထာဗုဒ္ဓပုတီးစေ့တွေပဲ။ သိုင်းသူတော်စင် အဆင့်ရှိ ထင်ရှားကျော်ကြားတဲ့ ဘုန်းတော်ကြီး စာရိရဆီကနေ သန့်စင်ထားတဲ့ မှော်ရတနာ တစ်ခုပဲ။ ဒီမှော်ရတနာကို အသုံးပြုတဲ့အခါ၊ အလင်းရောင် ထုတ်လွှတ်ပြီး တစ္ဆေအင်မော်တယ်ကိုတောင် ဖုံးအုပ်နိုင်တယ်။ အခု နတ်လင်းယုန်ဘုရင်က ဒီရတနာကို ထုတ်လွှတ်ပြီး ကောင်းကင်ယံကို ဖုံးအုပ်ထားတာဟာ စုန်းတစ္ဆေဂိုဏ်းရဲ့ ဂိုဏ်းအကြီးအကဲတွေ မပျံသန်းနိုင်အောင် တားဆီးဖို့ပဲ။ ဒီ မှော်ရတနာက အရမ်းစွမ်းထက်ပြီး၊ အသုံးပြုဖို့ဆို ဝိညာဉ်စွမ်းအင် အများကြီး သုံးစွဲရတယ်။ ဒါကြောင့် များသောအလားဖြင့် ပေါ့ပေါ့တန်တန် အသုံးမပြုကြဘူး….။”
“အိုး? သူတော်စင်ရဲ့ အရိုးတွေကနေ သန့်စင်ထားတဲ့ မှော်ရတနာ တစ်ခုပေါ့။”
ဟုန်ယွိ သိထားသည်မှာ၊ သိုင်းသူတော်စင်အဆင့်ရှိ ကျွမ်းကျင်သူတစ်ဦး သေဆုံးပြီး မီးသင်္ဂြိုဟ်တဲ့ အခါ၊ အချို့အရိုးတွေဟာ မီးမလောင်ဘဲ၊ စိန်များကဲ့သို့ မယုံနိုင်လောက်အောင် အလွန်မာကျောပြီး လက်ရာမြောက် အရိုးအနှစ်သာရ ပုတီးစေ့တွေ ဖြစ်လာကြသည်။ ၎င်းတို့သည် တာအိုပညာရှင်များ အတွက် မှော်ရတနာအဖြစ် သန့်စင်ဖို့ အကောင်းဆုံး ပစ္စည်းများ ဖြစ်သည်။
ထိုကဲ့သို့ မှော်ရတနာမျိုးသည် အလွန်သန်မာပြီး သန့်စင်ဖို့ ခက်ခဲသည်။
“အဲဒါ နတ်လက်ကောင်းကင်ဆေဘာ ဝေတိုင်ကန်လား။ ဒီလူက ဆေဘာသူတော်စင် ဂွန်ယန်ယုရဲ့ ဆက်ခံသူပဲ။ မင်း သင်္ဘောပေါ်မှာ ဖမ်းမိခဲ့တဲ့ ဝေလျှံချန်းက သူ့သားပဲ။ ဒီလူကလည်း တကယ့် အစစ်မှန် သိုင်းသူတော်စင်ပဲ။ သူက သိုင်းသူတော်စင် ခန္ဓာကိုယ်ကို ကျွမ်းကျင်ပြီးပြီ၊ ဆေဘာပညာကလည်း ထက်မြတယ်။ ကံမကောင်းစွာပဲ၊ သူ့မှာ ကောင်းမွန်တဲ့ ဆေဘာမရှိဘူး။ မဟုတ်ရင်၊ ဧကရာဇ်အလောင်း ငါးကောင်တောင် သူ့ပြိုင်ဘက် မဖြစ်နိုင်ဘူး”
ချန်ယင်းရှာသည် ထိုလူအုပ်ကို ရှင်းရှင်းလင်းလင်း မြင်ရသည့်အခါ မျက်ခုံးတွန့်သွားသည်။ “အယ်…၊ အဲဒီအဘိုးကြီးက ဘယ်သူလဲ။ သူလည်း အစစ်မှန် သိုင်းသူတော်စင်ပဲ။ ဝေတိုင်ကန်က သိုင်းသူတော်စင် ဖြစ်တာ မထူးဆန်းပေမယ့်၊ ဘာလို့ နောက်ထပ် သိုင်းသူတော်စင် တစ်ယောက် ရှိနေပြန်တာလဲ။ သိုင်းသူတော်စင်တွေ ဒီကမ္ဘာမှာ ဒီလောက် များနေပြီးလား….” ချန်ယင်းရှာ၏ အသံထဲမှာ ထိတ်လန့်မှု ပါဝင်နေသည်။
သိသာစွာပင်၊ ဝူအိမ်တော်ထိန်းသည်လည်း စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ် တစ်သားတည်း ဖြစ်နေသည့် ကြောက်မက်ဖွယ် သိုင်းသူတော်စင်အဆင့် ပညာရှင်တစ်ဦး ဖြစ်ကြောင်း သူမ သိမြင်နိုင်ခဲ့သည်။
ဤပညာရှင်နှစ်ဦး၊ နတ်လင်းယုန်ဘုရင်နှင့် ဝိညာဉ်ဂါထာဗုဒ္ဓပုတီးစေ့ဆိုသည့် မှော်ရတနာနှင့်အတူ ၎င်းတို့အင်အားသည် အလွန်ကြောက်မက်ဖွယ်ရာ ဖြစ်နေပြီ။
“ဒီခွေးအိုကြီးက နာမည်မရှိတဲ့ သိုင်းသူတော်စင်တစ်ဦး မဟုတ်ဘူး။ သူက အရေးပါတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲ” ဟုန်ယွိသည် ချန်ယင်းရှာ၏ အံ့ဩတကြီးသံကို ကြားပြီး အေးစက်စွာ ရယ်လိုက်သည်။ “သူက ဟုန်ရွှန်ကျိရဲ့ အရေးကြီးဆုံး လက်အောက်ငယ်သားတစ်ယောက် ဖြစ်သလို၊ ဝူဝမ်မြို့စားစံအိမ်ရဲ့ အိမ်တော်ထိန်းလည်း ဖြစ်တယ်။ အဲဒီနေ့က ဟုန်ရွှန်ကျိရဲ့ အမိန့်နဲ့ ပစိဖိတ်ရေတပ်ထဲ ဖောက်ထွင်းဝင်ရောက်ပြီး ငါ့ကို ဖမ်းဆီးပြီး၊ ငါ့သိုင်းပညာကို ဖျက်ဆီးဖို့ ရောက်လာခဲ့တာ။ ဒါပေမယ့် ဒီနေ့၊ ဘယ်သူက ဘယ်သူရဲ့ သိုင်းပညာကို ဖျက်ဆီးနိုင်မလဲ ကြည့်ရမယ်…။”
“အိုး? ဒီအဘိုးကြီးမှာ ဒီလို နောက်ခံရှိတယ်ပေါ့။ သူ့သိုင်းပညာကို ကြည့်ရတာ တိုင်ရှန်တာအိုဂိုဏ်းရဲ့ သိုင်းပညာနဲ့ တူတယ်။ ကောင်းကင်ဘုံသေမင်းဘီးပညာလည်း ဖြစ်နိုင်တယ်။ တကယ့်ကို အထင်ကြီးစရာပဲ။ အထူးသဖြင့် သူ့လက်ထဲက ကောင်းကင်တိုင်းထွာပေတံ နှစ်ချောင်းပဲ။ ဒါတွေက ထောင်ကျန်းဘုရင်ရဲ့ ပစ္စည်းတွေဖြစ်ပြီး၊ နတ်ဘုရားတွေနဲ့ တစ္ဆေသရဲတွေကိုတောင် သတ်နိုင်တယ်။ အရမ်းသန်မာတယ်။ ဒါပေမယ့် ငါတို့ အတူတူပူးပေါင်းရင်၊ သူ့ကို သတ်နိုင်တယ်” ချန်ယင်းရှာက ခပ်ဖွဖွ ရယ်လိုက်သည်။
“ယင်းရှာ၊ မင်း ဘာမှ လုပ်စရာမလိုဘူး။ ဒါက ငါ့ကိစ္စပဲ။ ငါ သူ့ကို ကိုယ်တိုင် အနိုင်ယူပြီး ယွိသခင်လေးရဲ့ စွမ်းအားကို မြည်းစမ်းခိုင်းချင်တယ်။ ထပ်ပြီး၊ ငါ သူ့ကို အနိုင်ယူပြီးရင်၊ ကျိုးဟန်လိုပဲ သူ့သိုင်းပညာကို ဖျက်ဆီးပြီး ထောင်ထဲ ထည့်ပစ်မယ်။ ကျွန်တစ်ယောက်အနေနဲ့ ကိုယ့်သခင်ကို အနိုင်ကျင့်ရင် ဘယ်လို အကျိုးဆက်တွေ ရှိလာမလဲဆိုတာ သူ့ကို သိစေရမယ်…..။” (ကျိုးဟန်ကို မှတ်မိမည်ထင်ပါသည်။ သူအိမ်ကထွက်လာစဉ် သူ့နောက်မှ လိုက်ပါခဲ့သည့် အစေခံတစ်ဦး ဖြစ်သည်။)
ဟုန်ယွိ၏ အသံထဲမှာ ထက်ရှသည့် အငွေ့အသက်တစ်ခု ပါဝင်နေသည်။
“သေချာပေါက်၊ သူ့ကို ဒီလို အလွယ်တကူ သေမသွားစေရဘူး!”
“မင်း ငါ့ကို မလိုဘူးဆိုမှတော့ ငါ မတိုက်ခိုက်ရုံပေါ့” ချန်ယင်းရှာက တည်ငြိမ်စွာ ပြောလိုက်သည်။ “ဒါပေမယ့် ဟုန်ယွိ၊ မင်း အခုပဲ တိုက်ခိုက်မလို့လား။ ဝိညာဉ်ဂါထာဗုဒ္ဓပုတီးစေ့ကို မဖြိုခွဲနိုင်ရင်၊ အထဲဝင်ဖို့ ခက်ခဲလိမ့်မယ်လေ….။”
“မလိုဘူး။ ရှောင်အန်ရန်၊ ကျန်းဘိုဟန်၊ အမှန်တရားတာအိုဂိုဏ်းနဲ့ ဖန်ရှင်းတာအိုဂိုဏ်းက တာအိုသခင်တွေ ပေါ်မလာသေးဘူး။ သူတို့က နာလန်ယန်လူးနဲ့ နာလန်ဟိုင်တို့ကို လိုက်ဖမ်းနေတာလည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် ဖန်ဆင်းရှင်ဗူးသီးထဲမှာ ပုန်းနေပြီး ချုံခိုတိုက်ခိုက်ဖို့ ပြင်ဆင်နေတာလည်း ဖြစ်နိုင်တယ်။ ငါတို့ စောင့်ကြည့်ကြည့်ရအောင်။” (ဤနေရာမှစ၍ ကံကောင်းခြင်းဗူးသီးကို ဖန်ဆင်းရှင်ဗူးသီးဟု ပြောင်းလဲပြန်ဆိုပါသည်။ ဖန်ဆင်းရှင်တာအိုပညာနှင့် လိုက်ဖက်မူရှိအောင်လို့ပါ။)
ဟုန်ယွိသည် ဝူအိမ်တော်ထိန်းကို အရမ်းသတ်ပစ်ချင်သော်လည်း သူသည် အလွန်တည်ငြိမ်နေဆဲပဲ။ တဒင်္ဂဒေါသ၏ အကျိုးဆက်ကြောင့် သူ့အစီအစဉ်ကို ပျက်ဆီးခံမည် မဟုတ်ပေ။
“ယုဝူဒေါင်၊ မင်း ဝိညာဉ်ဂါထာဗုဒ္ဓပုတီးစေ့ရဲ့ အလင်းရောင်ထဲ ပိတ်မိပြီး လုံးဝ မပျံသန်းနိုင်တော့ဘူး။ မင်း ထွက်ပြေးနိုင်မယ်လို့ ထင်နေတုန်းလား။ ဧကရာဇ်အလောင်းတွေနဲ့ စကြဝဠာအိတ်ကို လိမ်လိမ်မာမာနဲ့ အပ်နှင်းလိုက်ရင်၊ မင်းတို့အသက်တွေကို ငါတို့ ချမ်းသာပေးနိုင်တယ်။ မင်းတို့ အားလုံးက တစ္ဆေအင်မော်တယ်အဆင့် မဟာသခင် သုံးယောက်ပဲ။ မင်းတို့ တော်ဝင်ချန်မင်းဆက်နဲ့ ပူးပေါင်းရင် အောင်မြင်မှုတွေ ရယူနိုင်ပြီး ဆုချီးမြှင့်ခံရမယ်။ မင်းတို့ကို မတရားဆက်ဆံကြမှာ မဟုတ်ဘူး…။” ဝေတိုင်ကန်က အော်ပြောပြီး၊ သူ့လက်ထဲက ဆေဘာကို ပြင်းထန်စွာ ဝှေ့ယမ်းလိုက်သည်။ ဆေဘာအလင်းရောင်များ ထွက်ပေါ်လာရင်း၊ လေထဲမှာ လှိုင်းထန်သည့် အသံများ လွင့်ထွက်လာပြီး၊ သူ၏ ထိုဆေဘာခုတ်ချက်က လေထုကို ရေလှိုင်းတွေအဖြစ် ပြောင်းလဲလိုက်သလိုပဲ။
ဒီဆေဘာပညာရပ်အဆင့်က တကယ့်ကို အံ့ဖွယ်ပဲ။
ဘန်း….၊ ဘန်း…၊ ဘန်း…၊ ဘန်း…၊
ဆေဘာခုတ်ချက် ဆယ်ဂဏန်းလောက်က ဟိန်းဟောက်နေသော ဧကရာဇ်အလောင်းတွေအပေါ် ထိမှန်လိုက်ပြီး၊ မီးပွားများစွာ ထွက်ပေါ်လာသည်။ ဧကရာဇ်အလောင်းများသည် နာကျင်စွာ ဟစ်ကြွေးပြီး၊ ဝေတိုင်ကန်၏ ပြင်းထန်သော ဆေဘာခုတ်ချက်ကြောင့် နောက်သို့ တွန်းထုတ်ခံရသည်။
ဝေတိုင်ကန်၏ ဆေဘာတစ်ချက် ချင်းစီသည် တောင်တစ်လုံးကို ပိုင်းဖြတ်နိုင်သည့် စွမ်းအားများ ပါဝင်ပြီး၊ ခုတ်ပိုင်းချက်တိုင်းမှာ ပေါင် ၅၀၀ ကျော် ခွန်အား ပါဝင်နေသည်။
ဝေတိုင်ကန်ကို ဝိုင်းရံထားသည့် ဧကရာဇ်အလောင်း ငါးကောင်ရှိသည်။
ဝူအိမ်တော်ထိန်းဘက်မှာလည်း ဧကရာဇ်အလောင်း ငါးကောင်ရှိသည်။ ထိုအချိန်တွင် ဝူအိမ်တော်ထိန်းသည် ကောင်းကင်တိုင်းထွာပေတံကို အသုံးပြုပြီး၊ သူ့တိုက်ခိုက်မှုတွေဟာ လျှပ်စီးလက်သလို လျှင်မြန်သည်။ ပေတံနှင့် ဧကရာဇ်အလောင်း တစ်ကောင်ကို ထိမှန်တိုင်း၊ ဧကရာဇ် အလောင်းများသည် လှည့်ပတ်လှိမ့်ထွက်ကာ ခြေလှမ်းဆယ်ပေအကွာအထိ ပြုတ်ကျသွားပြီး၊ တစ်ချက် ဟိန်းဟောက်ပြီးနောက် ပြန်လည် ပျံတက်လာခဲ့သည်။
စုန်းတစ္ဆေဂိုဏ်း၏ မဟာအကြီးအကဲ သုံးဦးသည် တစ်ဦးချင်းစီမှာ ဧကရာဇ်အလောင်း သုံးကောင်စီ ရှိပြီး၊ ဂိုဏ်းချုပ် ယုဝူဒေါင်မှာ ဧကရာဇ်အလောင်း ငါးကောင်ရှိသည်။ စုစုပေါင်း ဧကရာဇ်အလောင်း ၁၄ ကောင်ရှိသည်။ ဧကရာဇ်အလောင်းများ၏ ရုပ်ခန္ဓာကိုယ် ခွန်အားသည် အလွန်သန်မာပြီး၊ လက်နက်များကြောင့် မထိခိုက်နိုင်ပေ။ သိုင်းသူတော်စင်တွေတောင် သူတို့ကို သတ်ဖြတ်လို့ မရပါဘူး။ ထို့အပြင်၊ သူတို့သည် အတွင်းအူတိုင်တွေကို ပစ်လွှတ်နိုင်သည်။ သူတို့၏ သဘာဝရန်သူဖြစ်သည့် အရာနှင့် မတွေ့မချင်း၊ လူထောင်ချီရှိသည့် စစ်တပ်ကတောင် သူတို့နှင့် မယှဉ်နိုင်ပါဘူး။
သို့သော်, ထိုဧကရာဇ်အလောင်းများသည် သိုင်းသူတော်စင်များကို သိသာစွာ မယှဉ်နိုင်ကြပါဘူး။ သိုင်းသူတော်စင်နှစ်ဦးသည် ဧကရာဇ်အလောင်း ဆယ်ကောင်ကို ပိတ်ဆို့ထားပြီး၊ ကျန်သည့် ဧကရာဇ်အလောင်း လေးကောင်ကိုမူ အခြား မဟာဆရာသခင်အဆင့် သိုင်းပညာရှင်တစ်စုက ပိတ်ဆို့ထားသည်။
ထိုသိုင်းပညာရှင်များသည် အားလုံး အစိမ်းရောင် ခရမ်းရောင် ရွှေရောင်ချပ်ဝတ်တွေ ၀တ်ဆင်ထားပြီး၊ ချပ်ဝတ်ပေါ်မှာ နဂါးပုံစံ၊ စပါးအုံးမြွေပုံစံ မဟုတ်သည့် မြွေကြီးတစ်ကောင်ပုံစံ ရှိသည်။
လှံရှည်များကို ကိုင်ဆောင်ထားပြီး၊ ချပ်ဝတ်တန်ဆာအပြည့် ဝတ်ဆင်ထားသည့် ထိုသိုင်းပညာရှင်များသည် အလွန်သန်မာကြသည်။ ဟုန်ယွိသည် သူတို့ကို ကြည့်ပြီး အံ့ဩသွားသည်။ သိုင်းပညာအရဆို, တစ်ဦးချင်း တိုက်ပွဲမှာ သူသည် ဤလူတွေထဲက တစ်ယောက်ကိုတောင် အနိုင်ယူနိုင်မှာ မဟုတ်ပါဘူး။
ဟုန်ယွိ၏ လက်ရှိ သိုင်းပညာသည် မဟာဆရာသခင်အဆင့်ထဲ မဝင်ရောက်သေးသော်လည်း၊ သူ့တိုက်ခိုက်ရေးစွမ်းအားသည် အလွန်သန်မာပါသည်။ ချီဇီယန်လို ကနဦးမဟာဆရာသခင်အဆင့် ပညာရှင်တောင် သူ့ပြိုင်ဘက် မဟုတ်ပါဘူး။ ဆိုလိုသည်မှာ၊ သူ့ရှေ့က ဤသိုင်းပညာရှင်များသည် အလယ်အလတ်အဆင့် မဟာဆရာသခင်တွေ ဖြစ်ပြီး၊ စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို ပေါင်းစည်းထားနိုင်သည့် မဟာဆရာသခင်အဆင့် အမျိုးအစားတွေ ဖြစ်ကြပါသည်။
သူ့ရှေ့မှာ လူအရေတွက် စုစုပေါင်း ဆယ့်ရှစ်ယောက်ရှိသည်။
“ဒါဆို, ဒါက စကြဝဠာနဂါးအစောင့်တပ်ပေါ့….။”
ဟုန်ယွိသည် ဝေ့လျှံချန်း ပြောခဲ့ဖူးသည့်စကားကို ချက်ချင်း သတိရလိုက်သည်။ တော်ဝင်ချန်မှာ ဧကရာဇ်အုတ်ဂူကို စောင့်ကြပ်ပြီး ဧကရာဇ်ကို လျှို့ဝှက်စွာ ကာကွယ်ပေးရသည့် လျှို့ဝှက်တော်ဝင်အစောင့်တပ်ဖွဲ့ တစ်ဖွဲ့ရှိပြီး၊ ဘယ်တော့မှ ထွက်ပေါ်လာခြင်း မရှိပါဘူး။ ထိုလျှို့ဝှက်အစောင့် တပ်ဖွဲ့ကို စကြဝဠာနဂါးအစောင့်တပ်ဟု ခေါ်သည်။
“ဒါပေမယ့်၊ ဒါက မထူးဆန်းပါဘူး။ မဟာဆရာသခင်အဆင့် ကျွမ်းကျင်သူတွေဟာ ကမ္ဘာမှာ နည်းနည်းပဲ ရှိပေမယ့်၊ သိုင်းသူတော်စင်လို ရှားပါးတာတော့ မဟုတ်ဘူး။ တော်ဝင်ချန်ဟာ ဒီကမ္ဘာရဲ့ အကြီးဆုံး သန့်ရှင်းတဲ့ နယ်မြေတစ်ခုဖြစ်ပြီး၊ လူသန်းပေါင်းများစွာကို ထိန်းချုပ်ထားတယ်။ ကောင်းကင်အထွဋ်ထိပ်နယ်မြေထက် အဆပေါင်းရာချီ ပိုသန်မာတယ်။ ဒီလိုအင်အားမျိုးရှိတာ မထူးဆန်းဘူး။ ဒီစကြဝဠာနဂါးအစောင့်တပ်ရဲ့ ချပ်ဝတ်တွေကို ဘာနဲ့ လုပ်ထားတာလဲ။ ဘာလို့ ဒီလောက် မာကြောနေတာလဲ။ သူတို့လက်ထဲက လှံရှည်တွေကလည်း နတ်ဘုရားလက်နက်တွေ ဖြစ်ပုံရတယ်…..”
ဟုန်ယွိသည် စကြဝဠာနဂါးအစောင့်တပ်ကို မြင်လိုက်ရသည့်အခါ၊ အရင်ဆုံး အံ့ဩသွားပြီး၊ ထိုနောက် စိတ်သက်သာရာ ရသွားပါသည်။
ဤစကြဝဠာနဂါးအစောင့်တပ် ဆယ့်ရှစ်ယောက်သည် ဧကရာဇ်အလောင်း လေးကောင်၏ တိုက်ခိုက်မှုကို ပိတ်ဆို့ထားသည်။ သူတို့၏ လှံရှည်တွေ လှုပ်ရှားလိုက်တိုင်း၊ တစ္ဆေသရဲများ၏ နာနာကျင်ကျင် အော်ညီးသံတွေ ထွက်ပေါ်လာပြီး၊ မဟာဆရာသခင်အဆင့်၏ စစ်မှန်သော စွမ်းအားကို ပြသနေသည်။
ဤစကြဝဠာ နဂါးအစောင့်တပ် ဆယ့်ရှစ်ယောက်သည် ဤကမ္ဘာတွင် မည်သည့်အရာကိုမျှ ဂရုမစိုက်ဘဲ လက်နက်အပြည့်အစုံဖြင့် စစ်မြေပြင်တွင် အကြောက်တရားမရှိ ထိုးဖောက်ဝင်ရောက်နိုင်သည့် အဆင့်ရှိသည်ဟု ဟုန်ယွိ သံသယရှိသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့အားလုံးသည် မဟာဆရာသခင်အဆင့် ကျွမ်းကျင်သူများ ဖြစ်ကြသောကြောင့်ပင်။
သိုင်းလောကတွင်, သူတို့ထဲက တစ်ယောက်ချင်းစီတိုင်းသည် ကိုယ်ပိုင်ဂိုဏ်းတစ်ခု တည်ထောင်ပြီး တပည့်တွေ စုဆောင်းနိုင်သည်။ စာပေပညာရှင် တချို့နှင့် တွေ့ဆုံပြီး သူတို့အကြောင်းကို အနည်းငယ် ချဲ့ကားပြီး ရေးခိုင်းလိုက်မည်ဆိုပါ သူတို့၏ကျော်ဇောဂုဏ်သတင်းသည် ရာစုနှစ်ပေါင်းများစွာ ထင်ရှားနိုင်သည့် အဆင့်မျိုးဖြစ်သည်။
သို့သော်, ယခုအခါ၊ သူတို့သည် မည်သူမှ မသိသည့် အမှောင်ထဲမှာ ပုန်းအောင်းနေရသည့် စစ်သည်တွေသာသာ ဖြစ်နေသည်။
စကြဝဠာနဂါးအစောင့်တပ်သည် ဝင်္ကပါတစ်ခုအနေဖြင့် ဧကရာဇ်အလောင်း လေးကောင်ကို ဝိုင်းရံထားပြီး၊ သူတို့၏လှံရှည်တွေက တဖျပ်ဖျပ် လှုပ်ရှားနေသည်။ သူတို့သည် ထိုအလောင်းကောင်များကို သတ်ဖြတ်ဖို့ မဟုတ်ဘဲ၊ ပင်ပန်းအောင်လုပ်ပြီး အရှင်ဖမ်းဖို့ ကြိုးစားနေပုံရသည်။
အဘယ့်ကြောင့်ဆိုသော် ဧကရာဇ်အလောင်းများသည် အလွန်သန်မာကြသည်။ သူတို့ကို မည်သည့်လက်နက်မျှ မထိခိုက်စေနိုင်သလို ပျံသန်းနိုင်ကြသည်။ သူတို့ကို ဖမ်းယူပြီး စစ်တပ်မှာ အသုံးပြုမည်ဆိုလျှင်၊ ပြိုင်ဘက်ကင်း စစ်သားတွေ ဖြစ်လာကြလိမ့်မည်။
ဟုန်ယွိ သိထားသလောက်ဆို ချန်ပီယံမြို့စားသည် ဖန်ဆင်းရှင်ဗူးသီးကို အသုံးပြုပြီး ကောင်းကင်အလောင်းတွေကို အများကြီး ဖမ်းဆီးထားသည်။
စုန်းတစ္ဆေဂိုဏ်း တစ်ခုလုံးမှာ ကောင်းကင်အလောင်း အနည်းဆုံး ရာဂဏန်းရှိသည်။ အကယ်၍ ၎င်းတို့အားလုံးကို ဖမ်းယူနိုင်မည် ဆိုလျှင်၊ အင်အား က အလွန်ကြီးထွားလာလိမ့်မည်။ ယွန်မင်နိုင်ငံ၏ သံမဏိဗုဒ္ဓမြင်းတပ်ထက် အများကြီး သာလွန်လိမ့်မည်။
“အင်ပါယာတရားရုံးက တောရိုင်းဒေသမှာ မှော်ရတနာ လုယူဖို့ အင်အားတွေ ဒီလောက်အများကြီး သုံးစွဲထားတယ်။ ဧကရာဇ်အလောင်းတွေနဲ့ ကောင်းကင်အလောင်း တွေကို ဖမ်းယူနိုင်ခဲ့ရင်၊ ပျံသန်းနိုင်တဲ့ စစ်တပ်တစ်ခု ဖွဲ့စည်းနိုင်မယ် ထင်တယ်။ ဒါဟာ သမိုင်းမှာ ပထမဆုံး ပျံသန်းနိုင်တဲ့ စစ်တပ်တစ်ခု ဖြစ်လာမယ်။ အင်ပါယာတရားရုံးက တကယ့်ကို လေးနက်တဲ့ အစီအစဉ်တွေ ရှိနေတာပဲ။ စကြဝဠာအိတ်နဲ့အတူ ပျံသန်းနိုင်တဲ့ စစ်တပ်တစ်ခု ရှိမယ်ဆိုရင်၊ ယွန်မင်၊ ဟွာလျှို၊ ယွမ်တူနဲ့ အခြားနိုင်ငံတွေကို ဖျက်ဆီးနိုင်မယ်။ သူတို့ဟာ ကြီးမားကျယ်ပြန့်တဲ့ နယ်မြေတွေကို သိမ်းပိုက်ပြီး မကြုံစဖူး မင်းဆက်တစ်ခုကို တည်ထောင်နိုင်လိမ့်မယ်။ ကံဆိုးစွာနဲ့ စုန်းတစ္ဆေဂိုဏ်းဟာ တောရိုင်းဒေသမှာ ရာစုနှစ်ပေါင်းများစွာ ဆက်ခံလာခဲ့ပြီး၊ သူတို့ စုဆောင်းထားတဲ့ ပျံသန်းနိုင်သောအလောင်းတွေကို အင်ပါယာတရားရုံးက အခွင့်ကောင်းယူ သိမ်းပိုက်ကြတော့မယ်။”
ဟုန်ယွိသည် အောက်က တိုက်ပွဲကို ကြည့်ရင်း၊ ထိုအတွေး ပေါ်လာချိန်မှာ အင်ပါယာတရားရုံး၏ ကြီးမားသော ရည်မှန်းချက်တွေကို နားလည်လိုက်သည်။
“တကယ်လို့ သူတို့သာ ယွန်မင်ကို အနိုင်ယူပြီး လွင်ပြင်ဒေသတွေကို သိမ်းပိုက်လိုက်ရင်၊ ဟွာလျှိုကို အနိုင်ယူပြီး အနောက်ဒေသတွေကို သိမ်းပိုက်လိုက်ရင်၊ တော်ဝင်ချန်မင်းဆက်ဟာ ဘယ်လောက်ထိ သန်မာလာမလဲ။ ချန်ဧကရာဇ်ရဲ့ သမိုင်းစာအုပ်ထဲက အောင်မြင်မှုတွေဟာ ရှေးခေတ်သူတော်စင်ဧကရာဇ်နဲ့ တန်းတူဖြစ်သွားနိုင်တယ်။ ဒါမှမဟုတ် ကျော်တောင် ကျော်လွန်သွားနိုင်တယ်….။”
“သတိထား၊ တစ်ယောက်ယောက် လာနေတယ်…။”
ချန်ယင်းရှာက ရုတ်တရက် ပြောလိုက်သည်။
ဟုန်ယွိ ကြည့်လိုက်တော့, မိုးကုပ်စက်ဝိုင်းကနေ အေးစက်စက် ယင်လေပြင်းတစ်ခု လွင့်မျောလာနေသည်ကို တွေ့လိုက်သည်။ ထိုအေးစက်စက် ယင်လေပြင်းထဲမှာ သွေးနီရောင် တိမ်တိုက်အလင်းတစ်ခု ရှိနေပြီး၊ ၎င်းသည် အလွန်မြန်ဆန်စွာ ပျံသန်းလာနေပြီး၊ ကောင်းကင်မှာ ရှည်လျားသည့် အလင်းတန်းတစ်ခု ချန်ထားရစ်ခဲ့သည်။
“ဒီအေးစက်စက် ယင်လေပြင်းထဲမှာ သန့်စင်တဲ့ ယန်စွမ်းအင် ရှိနေတယ်လား…။”
ဟုန်ယွိ ထိတ်လန့်သွားပါသည်။ သူ ရှင်းရှင်းလင်းလင်း ခံစားမိသည်က, ထိုအေးစက်စက် ယင်လေပြင်းထဲက သွေးနီရောင် တိမ်တိုက်အလင်းထဲမှာ သန့်စင်သော ယန်စွမ်းအင် ထူထပ်စွာ ပါဝင်နေပြီး၊ မိုးကြိုးထိမှန်ထားသည့် သစ်ပင်တစ်ပင်ကဲ့သို့ ခံစားရသည်။
“အမြန်ပုန်းကြစို့။ ဒါ မိုးကြိုးကပ်ဘေး ဖြတ်ကျော်ဖူးတဲ့ ကျွမ်းကျင်သူတစ်ဦးပဲ။ ထပ်ပြီးပြောရရင်၊ ဒီသွေးနီရောင် တိမ်တိုက်က အနှစ်သာရ နတ်ဘုရား ကျောင်းရဲ့ အစွမ်းထက်ဆုံး တာအိုပညာရပ် ဖြစ်တဲ့ အနှစ်သာရသွေးအလင်း ထွက်ပြေးခြင်းနည်းလမ်းပဲ။ ဒီလူက အနှစ်သာရ နတ်ဘုရားကျောင်းရဲ့ မဟာအကြီးအကဲ သူတော်စင်တူယွမ် ဖြစ်ရမယ်။ သူက တောရိုင်းဒေသကို မိုနိုဂိုတာရီကို လိုက်လံဖမ်းဆီးဖို့ လာခဲ့တာလား…။”
ချန်ယင်းရှာသည် အတွေ့အကြုံရှိသူဖြစ်ပြီး၊ သွေးနီရောင် တိမ်တိုက်ကို မြင်သည့်အခါ၊ ချက်ချင်း ဟုန်ယွိကို ဆွဲလိုက်ပြီး၊ သူတို့နှစ်ယောက်သည် တောင်ကုန်းငယ်တစ်ခုပေါ်မှာ ဆင်းသက်ပြီး၊ သစ်တောထဲမှာ ပုန်းအောင်းလိုက်ကြသည်။
“မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ထားသည့် ကျွမ်းကျင်သူတစ်ဦး။ သူတော်စင်တူယွမ် ဉဒေါင်းဘုရင်ထက် ပိုသန်မာလား…”
ဟုန်ယွိက ထိတ်လန့်စွာ ပြောလိုက်သည်။
မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ထားသည့် ကျွမ်းကျင်သူများကို အထင်သေး၍ မရပေ။ သူတို့တစ်ဦးချင်းစီသည် ကောင်းကင်နှင့် မြေကြီးကြားမှာ လွတ်လပ်စွာ သွားလာနိုင်ပြီး၊ ပြိုင်ဘက်ကင်းပုဂ္ဂိုလ်တွေ ဖြစ်ကြသည်။ စဉ်းစားကြည့်ပါ။ မိုးကြိုးလျှပ်စီးကတောင် သူတို့ကို ဘာမှ မလုပ်နိုင်လျှင်၊ မည်သူကရော သူတို့ကို တိုက်ခိုက်နိုင်မည်နည်း။
မိုးကြိုးသည် ကောင်းကင်ဘုံ၏ ဆန္ဒကို ကိုယ်စားပြုသည်။ သာမန်လူတွေထဲ လူတစ်ယောက်သည် မကောင်းမှုတွေ အများကြီး ပြုလုပ်ခဲ့လျှင်၊ မိုးကြိုးပစ်ခံရမည်ဟု အမြဲယုံကြည်ကြသည်။ ယင်းက ကောင်းကင်ဘုံက သူ့ကို မနှစ်သက်တော့ဘဲ၊ သတ်ပစ်ချင်သည့် သဘောဖြစ်သည်။ သို့သော် မိုးကြိုးကပ်ဘေးဒဏ်ခံ ကျွမ်းကျင်သူများကို ကောင်းကင်ဘုံကတောင် သတ်ဖြတ်နိုင်စွမ်း မရှိပေ။
“သေချာပေါက် ဉဒေါင်းဘုရင်ကပဲ သန်မာတာပေါ့။ ဟွန်း…၊ ဒီသူတော်စင်တူယွမ်က မိုးကြိုးကပ်ဘေး တစ်ကြိမ်ပဲ ကျော်ဖြတ်ရသေးတာ။ ဉဒေါင်းဘုရင်နဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။ သူက အနှစ်သာရနတ်ဘုရားကျောင်းရဲ့ မဟာအကြီးအကဲတစ်ဦးပဲ၊ အနှစ်သာရနတ်ဘုရားကျောင်းရဲ့ အမြင့်မြတ်ဆုံး ယဇ်ပုရောဟိတ်မင်းလို နက်ရှိုင်းတဲ့သူ မဟုတ်ဘူး။ အနှစ်သာရနတ်ဘုရားကျောင်းရဲ့ အမြင့်မြတ်ဆုံး ယဇ်ပုရောဟိတ်မင်းကပဲ ဉဒေါင်းဘုရင်လိုလူနဲ့ ယှဉ်နိုင်တယ်။ ဒါပေမယ့် သူတော်စင် တူယွမ်ကလည်း အနှစ်သာရနတ်ဘုရားကျောင်းရဲ့ ထိပ်တန်းပုဂ္ဂိုလ်တွေထဲက တစ်ယောက်ပဲ။ အနှစ်သာရနတ်ဘုရားကျောင်းမှာ သူနဲ့ ပခုံးချင်းယှဉ်နိုင်တဲ့သူ ငါးယောက်ထက် မပိုဘူး…။”
ချန်ယင်းရှာ၏ မျက်လုံးတွေက လက်ခနဲ ဖြစ်သွားပြီး၊ သူမ ထိုစကားပြောနေရင်း သူမ၏ အတွေးတွေလည်း လျှပ်တပြက် ဖြတ်ပြေးနေသည်။ သူမ ဘာတွေးနေမှန်း မည်သူမှ မသိနိုင်ပေ။
“သူတော်စင်တူယွမ်လား…။ စကြဝဠာအိတ်က သေချာပေါက် သူတော်စင်တူယွမ်လက်ထဲ ကျရောက်သွားမှာပဲ။ သူ့နောက်ကို လိုက်ပြီး တစ်ချက်တည်းနဲ့ သတ်ပစ်ကြစို့။ ပြီးရင် စကြဝဠာအိတ်ကို ရယူမယ်” ဟုန်ယွိက ရောက်လာသူ၏ နာမည်ကို ကြားပြီးနောက် ရုတ်တရက် ပြောလိုက်သည်။ “အခု ငါတို့ရဲ့စွမ်းအား၊ ငါတို့ရဲ့မှော်ရတနာတွေနဲ့ဆိုရင်၊ ဉဒေါင်းဘုရင်လို ပညာရှင်တစ်ဦးကို သတ်ဖြတ်ဖို့က မဖြစ်နိုင်ဘူး။ ဒါပေမယ့် ဒီသူတော်စင်တူယွမ်ကို သတ်ဖြတ်ဖို့တော့ အလွန် ဖြစ်နိုင်ချေရှိပါတယ်။ ထပ်ပြောရရင်, သူက စကြဝဠာအိတ်ကို လုယူဖို့ လာတာဆိုတော့၊ သေချာပေါက် ပြန်လည် တိုက်ခိုက်ခံရပြီး ဒဏ်ရာရမှာပဲ…။”
“သူတော်စင်တူယွမ်ကို သတ်မယ်ပေါ့…” ချန်ယင်းရှာက ဟုန်ယွိ၏ အစီအစဉ်ကို ကြားသည့်အခါ၊ သူမမျက်လုံးတွေလည်း လက်ခနဲ ဖြစ်သွားသည်။ “ဒါပေမယ့်၊ ပုစဉ်းက ကျီးကန်းကို ခိုးကြည့်နေပြီး၊ ကျီးကန်းနောက်မှာ လင်းယုန်ရှိနေတယ်ဆိုတဲ့ အဖြစ်ပျက်မျိုး ဖြစ်ပေါ်လာမှာ ငါ စိုးရိမ်တယ်…။”
“မဖြစ်နိုင်လောက်ဘူး…! ဒီတစ်ခေါက် သူတော်စင်တူယွမ်က စကြဝဠာအိတ်ကို ရုတ်တရက် လာလုတာပဲ။ ပုစဉ်းက ကျီးကန်းကို ခိုးကြည့်နေပြီး၊ ကျီးကန်းနောက်မှာ လင်းယုန်ရှိနေမှာကို သူ မကြောက်ဘူး။ မိုနိုဂိုတာရီကို လိုက်လံဖမ်းဆီးဖို့ ပူးပေါင်းထားတဲ့ ပညာရှင်တွေကြားထဲမှာ တစ်ခုခု ဖြစ်သွားရမယ်။ အခု သူတစ်ယောက်တည်းပဲ ရောက်ရှိလာတယ်။ အနှစ်သာရနတ်ဘုရားကျောင်းမှာ နတ်ဆိုးနတ်ဘုရားရဲ့သွေးနဲ့ ချက်ထားတဲ့ ထူးကဲ့တဲ့ ရတနာဝိုင်တစ်မျိုး ရှိတာကို မင်း သိတယ်မဟုတ်လား။ တစ်စက်တည်းနဲ့ နတ်ဘုရား စိတ်ဝိညာဉ်ကို ပြန်လည် ပြုပြင်နိုင်တယ်။ အဲဒါက အတိတ်ကျမ်းနဲ့ ယှဉ်နိုင်တယ်။ ကောင်းကင်မြွေဘုရင်၊ ဉဒေါင်းဘုရင်နဲ့ အခြားသူတွေမှာ ပြဿနာတစ်ခုခု ဖြစ်သွားရမယ်။ သူတို့က ဒဏ်ရာအကြီး အကျယ်ရတာ ဖြစ်ရင်ဖြစ်၊ ဒါမှမဟုတ် ထောင်ချောက်ထဲ ပိတ်မိနေတာပဲ ဖြစ်မယ်။ သူတော်စင်တူယွမ် တစ်ယောက်တည်းပဲ ကျန်ခဲ့တာ။ ရှင်းယုဆန် က တိုက်ပွဲအတွင်းမှာ ဉဒေါင်းဘုရင်ရဲ့ ကိုယ်ပွားကို ဆင့်မခေါ်ခဲ့တာကို မင်း မမြင်ဘူးလား?”
ဟုန်ယွိ၏ မျက်လုံးတွေထဲမှာ ဉာဏ်ပညာ အလင်းရောင်က လက်ခနဲ လင်းလက်သွားခဲ့ပြီး၊ စကားလုံးတစ်လုံးချင်းစီဖြင့် ခွဲခြမ်းစိတ်ဖြာ ပြသည်။
“ဟုန်ယွိ၊ မင်းက တကယ့်ကို သေသေချာချာ တွေးတောတတ်သူပဲ။ ဒါပေမယ့် အန္တရာယ်များတာထက်စာရင် ဘေးကင်းနေတာက ပိုကောင်းတယ်။ သူတော်စင်တူယွမ်ကို သတ်ဖြတ်နေချိန် နောက်ထပ် ပညာရှင်တစ်ယောက် ထပ်ပေါ်လာရင် ဘယ်လိုလုပ်မလဲ?” ချန်ယင်းရှာက ပြောသည်။
“အရင်အတိုင်းပဲ၊ ငါက သူတော်စင်တူယွမ်နဲ့ အရင်တိုက်မယ်။ မင်းက ငါ့နောက်ကနေ စောင့်နေပြီး၊ အချိန်ကျရင် တိုက်ခိုက်လိုက်။ တကယ်လို့ တစ်ခုခု ဖြစ်လာရင်၊ ငါ့ရဲ့ နတ်ဘုရား စိတ်ဝိညာဉ် စွမ်းအားနဲ့ ငါ ထွက်ပြေးနိုင်တယ်။ မင်းလည်း ထွက်ပေါ်မလာဖို့ ရွေးချယ်နိုင်တယ်” ဟုန်ယွိက လက်ကို ဆန့်ထုတ်ပြီး ဆုံးဖြတ်ချက်ချလိုက်သည်။
ချန်ယင်းရှာသည် ဟုန်ယွိ၏ အစီအစဉ်က ပြီးပြည့်စုံကြောင်း မြင်ပြီး ခေါင်းညိတ်လိုက်သည်။
“သူတို့ တိုက်ခိုက်လာပြီ။ လခွမ်း…။ တော်ပါသေးရဲ့။ သူတို့က တကယ့်ကို ကောင်းကောင်း ပုန်းကွယ်ထားတာပဲ။ တစ္ဆေအင်မော်တယ် နှစ်ယောက်တောင် ရှိသေးတယ်…။”
ဟုန်ယွိနှင့် ချန်ယင်းရှာတို့ စကားပြောနေစဉ်၊ အေးစက်စက် ယင်လေပြင်းနှင့် သွေးနီရောင် တိမ်တိုက်ဟာ စုန်းတစ္ဆေဂိုဏ်းနှင့် တော်ဝင်ချန်၏ လူတွေအပေါ်ကို ပျံသန်းရောက်ရှိလာသည်။ ရုတ်တရက်၊ တော်ဝင်ချန်၏ လူများသည် မကြုံစဖူး စွမ်းအားဖြင့် ပေါက်ကွဲထွက်လာခဲ့သည်။
ဘန်း…။
နတ်လင်းယုန်ဘုရင်၏ ခန္ဓာကိုယ်ပေါ်က ဖန်ဆင်းရှင်ဗူးသီးသည် လက်ခနဲ လင်းလက်သွားခဲ့သည်။
အေးစက်စက် ယင်လေပြင်းတစ်ခုသည် အထဲမှ ထွက်ပေါ်လာပြီး၊ ရှောင်အန်ရန်၊ ကျန်းဘိုဟန်ဆိုသည့် တစ္ဆေအင်မော်တယ် ပညာရှင်နှစ်ဦးနှင့် အခြား တာအိုသခင်ပညာရှင် ခုနစ်ဦးတို့သည့် ဖန်ဆင်းရှင်ဗူးသီးထဲက ထွက်လာပြီး၊ သူတို့လက်ထဲမှ အလင်းရောင်အမျိုးမျိုးသည် ကောင်းကင်ယံသို့ ပစ်လွှတ်သွားကြသည်။
ထိုမျှတင်မကပေ, ထိုတစ္ဆေအင်မော်တယ် နှစ်ဦးအပြင်၊ ဖန်ဆင်းရှင်ဗူးသီးထဲက မိန်းမပျိုတစ်ယောက်နှင့် လှပသော အမျိုးသမီးတစ်ဦးလည်း ထွက်ပေါ်လာသည်။
ထိုမိန်းမပျိုနှင့် လှပသော အမျိုးသမီးတို့သည် ကောင်းကင်ယံရှိ သွေးနီရောင်တိမ်တိုက်ဆီသို့ လရောင်ပုံစံ လျှပ်စီးအလင်းလုံးများဖြင့် ဆက်တိုက် ပစ်လွှတ်လိုက်သည်။
“ယောင်ချီဂိုဏ်းရဲ့ ထိုက်ယင်ထိုက်ရှန်ခန်းမရဲ့ ထိုက်ယင်နတ်ဘုရားမိုးကြိုးပေါ့….” ချန်ယင်းရှာက ပြောသည်။
“ဒါက ယောင်ချီဂိုဏ်းရဲ့ ဂိုဏ်းချုပ် ယောင်ချင်းဟွေနဲ့ ယောင်ယွဲ့ရှင်းတို့ပဲ” ဤပညာရှင်နှစ်ဦးသည် အမေနှင့်သမီးဖြစ်ပြီး၊ ယောင်ချီဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် သူမသမီးတို့ ဖြစ်ရမည်ဟု ဟုန်ယွိသည် ချက်ချင်း သိလိုက်သည်။
ယောင်ချီဂိုဏ်းသည် သံမဏိချပ်ဝတ်တပ် သင်္ဘောပျံရှစ်စင်းနှင့် ပင်လယ်ပြင်ထဲ ထွက်သွားသည်ဆိုသည့် သတင်းကို ဟုန်ယွိ ကြားထားပြီးဖြစ်သည်။ အင်ပါယာတရားရုံး၏ အမိန့်ကို သူတို့လည်း လက်ခံရရှိလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ဤအမေနှင့်သမီး နှစ်ဦးစလုံးသည် ယောင်ယွဲ့ရူနှင့် တစ်ပုံစံတည်း ပုံသွင်းထားသလိုပင်။
ဟုန်ယွိသည် ဟွာနွန်ယင်နှင့် ဟွာနွန်းယွီတို့ ညီအစ်မနှစ်ယောက်ကို ကယ်တင်ခဲ့စဉ်က, ယောင်ယွဲ့ရူနှင့် တိုက်ခိုက်ခဲ့ရပြီး သူမကို အနိုင်မယူနိုင်ခဲ့ပါ ဘူး။ မျက်ဆံနှစ်ထပ်ရှိသည့် ထိုမိန်းမပျိုသည် အလွန်သန်မာသည်ဟု သူ အမြဲခံစားရသည်။
“ယောင်ချီဂိုဏ်းရဲ့ ယောင်ချင်းဟွေနဲ့ ဟုန်ရွှန်ကျိတို့ဟာ ငယ်ရွယ်စဉ်က ရင်းနှီးတဲ့ဆက်ဆံရေးရှိခဲ့တယ်လို့ ငါကြားဖူးတယ်။ ယောင်ယွဲ့ရှင်းနဲ့ ယောင်ယွဲ့ရူတို့ကရော ငါနဲ့ သွေးသားဆက်နွယ်မှုများ ရှိနေမလား” ဟုန်ယွိက ရုတ်တရက် တွေးလိုက်သည်။
“သိုင်းသူတော်စင် သုံးယောက်နဲ့ တစ္ဆေအင်မော်တယ် ငါးယောက်။ ဒီတစ်ခေါက် အင်ပါယာတရားရုံးက စကြဝဠာအိတ်ကို ရယူဖို့ အများကြီး အားထုတ်ထားတာပဲ….။”
ချန်ယင်းရှာသည် ရုတ်တရက် ပေါ်ထွက်လာသော တိုက်ခိုက်ရေးစွမ်းအားကို ကြည့်ပြီး စိတ်လှုပ်ရှားသွားသည်။ ချန်ပီယံမြို့စား၊ ဝူအိမ်ထိန်းနှင့် ဝေတိုင်ကန်တို့သည် သိုင်းသူတော်စင်တွေ ဖြစ်ကြပြီး၊ ရှောင်အန်ရန်၊ ကျန်းဘိုဟန်၊ နတ်လင်းယုန်ဘုရင်၊ ယောင်ချင်းဟွေနဲ့ ယောင်ယွဲ့ရှင်းတို့က တစ္ဆေအင်မော်တယ်တွေ ဖြစ်တယ်။
သိုင်းသူတော်စင် သုံးယောက်နဲ့ တစ္ဆေအင်မော်တယ် ငါးယောက်။ ဘယ်လောက်ထိ ပြင်းထန်တဲ့ အင်အားလဲ။
ဘန်း…။
မြေကြီးတုန်လှုပ်စေသည့် ပေါက်ကွဲသံတွေ ထွက်ပေါ်လာပြီး၊ မှိုသဏ္ဍာန် တိမ်တိုက်တစ်ခု ထွက်ပေါ်လာသည်။ ဝူအိမ်ထိန်းနှင့် ဝေတိုင်ကန်တို့၏ ဟိန်းဟောက်သံတွေလည်း ကြားရသည်။ တစ်ချိန်တည်းမှာပင်၊ သိုင်းသူတော်စင် နှစ်ဦးသည် သူတို့၏ လက်နက်တွေကို၊ သူတို့၏ သွေးများဖြင့် လွှမ်းခြုံထားသည့် လက်နက်တွေကို၊ သွေးရောင်တိမ်တိုက်ဆီ ပစ်လွှတ်လိုက်သည်။
အခန်း (၂၂၉)။
“သူတော်စင်ယွမ်တူက မိုးကြိုးကပ်ဘေး ကျင့်ကြံသူဆိုရင်တောင်၊ သူ ဒီလိုတိုက်ခိုက်မှုကို ခံနိုင်မယ် မထင်ဘူး…။”
မြေကြီးတုန်လှုပ်စေသည့် ပေါက်ကွဲသံတစ်ခု၊ မျက်လုံးကန်းလောက်သည့် တောက်ပသော အလင်းရောင်၊ တဟုန်ထိုး လှိမ့်တက်လာသော လေလှိုင်းများနှင့် ပြင်းထန်သော ယင်အတွေးလှိုင်းများက လွှမ်းခြုံလာသည်။ သွေးချီစွမ်းအင်တွေက စုစည်းလာပြီး၊ သိုင်းသူတော်စင်၏ လက်သီးဆန္ဒက အသက်ဝင်လာသည်။
တော်ဝင်ချန်အင်ပါယာတရားရုံး၏ ပညာရှင်များသည် ရုတ်တရက် အင်အားအပြည့်ဖြင့် သူတို့၏ တိုက်ခိုက်ရေးစွမ်းအားကို ကိုယ်စီထုတ်လွှတ်ပြီး မိုးကြိုးကပ်ဘေးဒဏ် ကျင့်ကြံသူဖြစ်သည့် သူတော်စင်ယွမ်တူနှင့် ထိပ်တိုက်ရင်ဆိုင်ရသည့်အခါ၊ ပြင်းထန်သော လှုပ်ရှားမှုတွေ၊ ထင်သာမြင်သာရှိသည့် အရာများနှင့် ထင်သာမြင်သာမရှိသည့် စွမ်းအင်လှိုင်းများက ဟုန်ယွိ၏ အတွေးများတွင် ရောင်ပြန်ဟပ်လာသည်။
ဟုန်ယွိသည် သူ့အတွေးတွေကို အသုံးပြုပြီး တိုက်ပွဲကွင်းပြင်ကို စောင့်ကြည့်စဉ်၊ သာန်မျက်စိဖြင့် မြင်ရသည်ထက် ပိုမိုအသေးစိတ် သိမြင်နိုင်ခဲ့သည်။ ဤလူများစွာ၏ စွမ်းအားကိုလည်း သူ ချက်ချင်း နားလည်နိုင်ခဲ့သည်။
“ကောင်းလိုက်တာ…။ ဝူအိမ်တောထိန်းဆိုတဲ့ ဒီခွေးအိုကြီးက ဒီနေ့မှာတော့ သူ့စွမ်းအားကို တကယ် ထုတ်ပြလာပြီ။ အဲဒီနေ့က သူ ငါ့ကို သတ်ဖြတ်ဖို့ မဟုတ်တဲ့အတွက် သူ့စွမ်းအားကို ထိန်ချန်ထားတာ ငါသိတယ်။ တကယ်ပဲ၊ ငါခန့်မှန်းတာ မမှားဘူး။ ဟွန်း…။ ကောင်းကင်ဘုံသေမင်းဘီးရဲ့ အစစ်မှန် ပုံစံကို ငါသိအောင် လုပ်ပေးလိုက်တာပဲ။ ကျောက်ဖေးရုန်ရဲ့ ကောင်းကင်ဘုံသေမင်းဘီးက ဝူအိမ်တော်ထိန်း ရှေ့မှာဆို ဟာသတစ်ခုပဲ…။”
အမှန်ပင်၊ ဝူအိမ်တော်ထိန်းက ကောင်းကင်တိုင်းထွာပေတံကို ပစ်လွှတ်လိုက်သည့်အခါ၊ ဟုန်ယွိ၏ အတွေးများနှင့် စိတ်အာရုံများသည် ဤခွေးအိုကြီး၏ နက်ရှိုင်းပြီး နားမလည်နိုင်သော လက်သီးဆန္ဒကို ချက်ချင်း ခံစားမိသည်။
ဟုန်ယွိ၏ အာရုံထဲမှာ၊ ဝူအိမ်တော်ထိန်း လှုပ်ရှားလိုက်သည်နှင့် သူ့ခန္ဓာကိုယ်ပေါ်ရှိ လျှို့ဝှက်ချက် များစွာသည် ရုတ်တရက် ပြင်းထန်သော အော်ရာတစ်ခုနှင့်အတူ ပေါက်ကွဲ ထွက်ပေါ်လာသည်။
ထိုအော်ရာနှင့် စွမ်းအင်သည် နတ်ဘုရားတစ်ပါး၏ အငွေ့အသက်နှင့် တူသည်။
ရုတ်တရက်ဆိုသလို, ဝူအိမ်တော်ထိန်း၏ ခန္ဓာကိုယ်ထဲမှ နတ်ဘုရားများစွာ ထွက်ပေါ်လာသည့် အတိုင်းပင်။
ထိုနတ်ဘုရားများ ထွက်ပေါ်လာသည့်အခိုက်, ၎င်းတို့သည် ဧရာမဘီးကြီးတစ်ခုကိုထမ်းပြီး သယ်ဆောင်လာပုံရသည်။ ထိုဘီးကြီးထဲမှာ ရှင်ခြင်း၊ သေခြင်း၊ ယင်၊ ယန်၊ ကောင်းကင်နှင့် မြေကြီး၏ ဖရိုဖရဲဖြစ်မှုအားလုံး ပါဝင်နေသည်။ ၎င်းသည် အရာအားလုံး၏ မွေးဖွားခြင်းနှင့် ပျက်သုန်းခြင်းနှင့် ရှင်ခြင်းနှင့်သေခြင်းကို ထိန်းချုပ်နေသည့် ဧရာမဘီးတစ်ခုလိုပင်။
ထိုဘီးကြီး လှည့်ပတ်လိုက်သည့်အခါ၊ ကောင်းကင်နှင့် မြေကြီးထဲမှ အရာအားလုံး မွေးဖွားလာနိုင်သည်။။ ထိုဘီးကြီး လှည့်ပတ်လိုက်သည့်အခါ၊ ကောင်းကင်နှင့် မြေကြီးထဲမှ အရာအားလုံး ပျက်သုန်းသွားနိုင်သည်။
ထို့အပြင်, ထိုဘီးကြီးကို လှည့်နေသူများသည် ကောင်းကင်နှင့် မြေကြီး၏ နတ်ဘုရားများ ဖြစ်သည်။
ကောင်းကင်နှင့် မြေကြီး၏ နတ်ဘုရားများနှင့်အတူ၊ ရှင်ခြင်းနှင့် သေခြင်းဘီးကို လှည့်ပတ်ခြင်း…။
ဤပညာရပ်သည် ဟုန်ရွှန်ကျိက ဒိုင်ဇင်ဘုရားကျောင်း၊ တိုင်ရှန်တာအိုဂိုဏ်းနှင့် ဂိုဏ်းအမျိုးမျိုးမှ သိုင်းပညာနှင့် တာအိုပညာရပ်များ၏ သီအိုရီတွေကို ပေါင်းစပ်ပြီး ဖန်တီးထားသည့် အနှိုင်းမဲ့သိုင်းပညာ တစ်ခုဖြစ်သည်။
ဟုန်ယွိသည် ဝူအိမ်တော်ထိန်းက သူ့စွမ်းအားကို ထုတ်လွှတ်လိုက်သည့်အခါ၊ သူ့ခန္ဓာကိုယ် အပ်စိုက်မှတ်ထဲက နတ်ဘုရား စိတ်ဝိညာဉ် အငွေ့အသက်သည် ဤကောင်းကင်ဘုံသေမင်းဘီးကို ထောက်ပံ့ပေးနေသည်ကို ရှင်းရှင်းလင်းလင်း ခံစားမိသည်။ ထိုအငွေ့အသက်သည် သွေးနီရောင် တိမ်တိုက်ထဲသို့ ပြင်းထန်စွာ ဝင်ရောက် တိုက်ခိုက်ပြီး၊ မီးတောင် ပေါက်ကွဲသကဲ့သို့ သွေးနီရောင် တိမ်တိုက်ကို ပြင်းထန်သည့် ထိုးနှက်မှုတစ်ခု ပေးလိုက်သည်။
နှိုင်းယှဉ်ကြည့်လျှင်၊ နတ်လက်ကောင်းကင်ဆေဘာ ဝေတိုင်ကန်၏ အစစ်မှန် သိုင်းသူတော်စင် ခန္ဓာကိုယ်သည် အများကြီး နိမ့်ကျသွားသည်။ လက်သီးဆန္ဒ၊ အရှိန်ဟုန်၊ အော်ရာအရာမှာ ဝူအိမ်တော်ထိန်း၏ သိုင်းပညာက သူ့ကို လုံးဝ ဖိနှိပ်ထားနိုင်သည်။
“ဒါက စစ်မှန်တဲ့ ကောင်းကင်ဘုံသေမင်းဘီးပေါ့…။ တကယ့်ကို ကြောက်မက်ဖွယ်ရာ သိုင်းပညာတစ်ခုပဲ။ ဟုန်ရွှန်ကျိက တကယ့်ကို ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦးလို့ ပြောရမယ်။ တိုင်ရှန်တာအိုဂိုဏ်းရဲ့ သူတော်စင် မိန်းမပျိုအဖြစ် မွေးဖွားလာပြီး ခံစားချက်မဲ့တာအိုကို ကျင့်ကြံခဲ့တဲ့ ငါ့အမေ သူနဲ့လက်ထပ်ခဲ့တာ မဆန်းပါဘူး။ ဟွန်း….။”
ဟုန်ယွိက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ ငယ်စဉ်ကာလက သူ့မိခင်၏ အကြင်နာ မေတ္တာတရားကို တွေးမိပြီး၊ သူသည် သဘာဝအတိုင်း မတရားမှုကို ခံစားလိုက်ရသည်။
“ဒါပေမယ့်၊ ပစိဖိတ်ရေတပ်အတွင်း အဲဒီနေ့တုန်းက ဝူအိမ်ထိန်းဆိုတဲ့ ဒီခွေးအိုကြီးက ကောင်းကင်ဘုံသေမင်းဘီးရဲ့ လက်သီးဆန္ဒကို တကယ် အသုံးပြုခဲ့ရင်၊ ငါ တကယ်ပဲ ခုခံနိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် ဒါက ဒီခွေးအိုကြီး သနားညှာတာလို့ မဟုတ်ဘူး။ ဟုန်ရွှန်ကျိရဲ့ အမိန့်ကြောင့်ပဲ။ သူ ငါ့ကို သတ်ဖို့ မဝံ့မရဲ ဖြစ်ခဲ့တာ။ ဟုန်ရွှန်ကျိသာ ငါ့ကို သတ်ဖို့ အမိန့်ပေးခဲ့ရင်၊ ဒီ ခွေးအိုကြီးက သေချာပေါက် ညှာတာမှာ မဟုတ်ဘူး။ ဒါပေမယ့် အဲဒီနေ့က ဒီလက်သီးဆန္ဒကို အသုံးပြုခဲ့ရင်တောင်၊ အတိတ်ကျမ်းကို ကျင့်ကြံထားတဲ့ ငါ့ကို တကယ်ပျက်စီးအောင် လုပ်နိုင်မယ် မထင်ဘူး…။”
“ဟွန်း…။ အခု ခင်ဗျားဆို ခွေးအိုကြီး ဝူအိမ်တော်ထိန်းက ကောင်းကင်ဘုံသေမင်းဘီးရဲ့ လက်သီးဆန္ဒကို ကျင့်ကြံထားရင်တောင်၊ ခင်ဗျားမှာ နတ်ဘုရားခုနစ်ပါးပဲ ရှိသေးတယ်။ ကျုပ်ရဲ့ တာအိုပညာရပ်တွေနဲ့ ခင်ဗျားကို သေတဲ့အထိ ညှဉ်းပန်းနှိပ်စက်နိုင်သေးတယ်….။”
ထိုအချိန်တွင် ဟုန်ယွိသည် ဝူအိမ်တော်ထိန်း၏ စွမ်းအားနှင့် ကောင်းကင်ဘုံသေမင်းဘီး၏ စစ်မှန်သော နက်နဲမှုကို အမှန်တကယ် ခန့်မှန်းနိုင်ခဲ့သည်။
ဝူအိမ်တော်ထိန်းသည် ကောင်းကင်ဘုံသေမင်းဘီးကို အသုံးပြုသောအခါ၊ သူ့ခန္ဓာကိုယ်ပေါ်က ဖုံးကွယ်ထားသည့် အပ်စိုက်အမှတ် ခုနစ်ခုနှင့် နတ်ဘုရားခုနစ်ပါး၏ အငွေ့အသက်ကို ကျင့်ကြံထားခဲ့သည်။
ထို့ကြောင့် ဟုန်ယွိသည် ဝူအိမ်တော်ထိန်း ကောင်းကင်ဘုံသေမင်းဘီးကို အသုံးပြုစဉ်မှာ, ကောင်းကင်ယံတွင် နတ်ဘုရားခုနစ်ပါးက ရှင်ခြင်းနှင့် သေခြင်းဘီးကို သယ်ဆောင်လာသည့် မြင်ကွင်းကို ဝေဝေဝါးဝါး ခံစားရခြင်း ဖြစ်ပါသည်။
ဟုန်ယွိ၏ အာရုံထဲမှာ၊ ဝူအိမ်တော်ထိန်းက ကောင်းကင်ဘုံသေမင်းဘီးကို အသုံးပြုသည့်အခါ၊ နတ်ဘုရားခုနစ်ပါးက ရှင်ခြင်းနှင့် သေခြင်းဘီးကို ကောင်းကင်ယံတွင် ထမ်းနေပြီး လှည့်ပတ်နေသည့် မြင်ကွင်းကို ဝိုးတဝါး ခံစားမိသည်။
သိသာစွာပင်၊ ဝူအိမ်တော်ထိန်းသည်လည်း အပ်စိုက်မှတ် ကျင့်စဉ်ကို ကျွမ်းကျင်စွာ ကျင့်ကြံထားသူ ဖြစ်သည်။
သိုင်းသူတော်စင်အဆင့်မှာ၊ သွေးပြောင်းလဲခြင်း ပြီးဆုံးပြီးနောက်၊ အပ်စိုက်မှတ် ကျင့်စဉ်ကို စတင်ကျင့်ကြံနိုင်ပြီ။
သို့သော်, ထိုနတ်ဘုရားခုနစ်ပါးသည် ဟုန်ယွိကို ဝိုးတဝါး ခံစားရစေရုံသာ ဖြစ်ပြီး၊ ရှင်းလင်းပြတ်သားပြီး အနှိုင်းမဲ့ ဖိနှိပ်ခြင်း အင်အားမျိုး မဟုတ်ခဲ့ပေ။ ယင်းက ဝူအိမ်တော်ထိန်း၏ ထိုအပ်စိုက်မှတ် ခုနစ်ခုကျင့်ကြံမူသည် လုံးဝ အောင်မြင်ပြီးမြောက်ခြင်း မဟုတ်ဘဲ၊ ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိသာ ကျင့်ကြံထားကြောင်း ဟုန်ယွိ သိသည်။
ဤအရာကလည်း ယုတ္တိရှိပေသည်။
လူသားအင်မော်တယ် မဟုတ်လျှင်၊ အနှိုင်းမဲ့ သိုင်းပညာရပ်ကို ရရှိထားပြီးနောက်၊ အပ်စိုက်မှတ်တွေကို တိုင်းတာပြီး၊ ကျင့်ကြံမှုနည်းလမ်းကို နားလည်ထားရင်တောင်၊ အပ်စိုက်မှတ် တွေကို ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိသာ ကျင့်ကြံနိုင်ပါသည်။
အစစ်မှန် လူသားအင်မော်တယ်တစ်ဦးသာ အပ်စိုက်မှတ်တွေကို လုံးဝ ကျင့်ကြံနိုင်ပြီး၊ လူ့ခန္ဓာကိုယ်၏ အစစ်မှန် အလားအလာများကို ဖွင့်လှစ်နိုင်ပါသည်။
မိုးကြိုးနတ်ဘုရားတာအိုဂိုဏ်း၏ တောက်ပသောမိုးကြိုးကိုယ်ထည်ပညာရပ်တောင်၊ မိုးကြိုးနှင့် လျှပ်စီး၏ စွမ်းအင်ကို အသုံးပြုပြီး အပ်စိုက်အမှတ်တွေကို ၅၀ ရာခိုင်နှုန်းအထိသာ ကျင့်ကြံနိုင်သည်။
“ဗုဒ္ဓတိုက်ပွဲမှတ်တမ်းအရ၊ ဒိုင်ဇင်ဘုရားကျောင်းရဲ့ လူသားအင်မော်တယ် ပညာရှင်တွေ၊ ဒါမှမဟုတ် လေဟာနယ်ဖြိုခွဲခြင်း နယ်ပယ်နဲ့ နီးကပ်နေတဲ့ သူတွေဟာ၊ သူတို့ရဲ့ အော်ရာကို အမှန်တကယ် ထုတ်လွှတ်ပြီး အပ်စိုက်အမှတ်တွေကို အပြည့်အဝ ဖွင့်လှစ်ပြီးတဲ့အခါ၊ တာအိုပညာရှင်တွေကို နတ်ဘုရားတွေရဲ့ မြင်ကွင်းတွေကို မြင်စေနိုင်ပြီး၊ သူတို့ရဲ့ ခန္ဓာကိုယ်ကလည်း ကောင်းကင်ကြီးလို ဖြစ်နေတယ်တဲ့။ ဟုန်ရွှန်ကျိ လူသား အင်မော်တယ်တစ်ဦး ဖြစ်လာခဲ့ရင် ဘယ်လိုဖြစ်မလဲဆိုတာ ငါ သိချင်မိသား…။”
ဟုန်ယွိက ထပ်မံ တွေးလိုက်မိသည်။
လေဟာနယ်ဖြိုခွဲခြင်း နယ်ပယ်ကို နီးကပ်နေသည့် လူသားအင်မော်တယ် ပညာရှင်တစ်ဦးသည်၊ တာအိုပညာရှင်များ၏ အမြင်အာရုံထဲမှာ၊ ထိုလူသည် ဒဏ္ဍာရီထဲက ရှေးခေတ်ကောင်းကင်ဘုံ၏ ပုံရိပ်သဖွယ်ဖြစ်လာပြီး။ သူ့ခန္ဓာကိုယ်၏ အပ်စိုက်မှတ်တွေမှ မရေတွက်နိုင်သည့် နတ်ဘုရားများစွာ ထွက်ပေါ်လာသည်။
အပ်စိုက်မှတ်တစ်ခုချင်းစီသည် နတ်ဘုရားတစ်ပါး၏ အော်ရာတစ်ခုကို ကျင့်ကြံနိုင်သည်။ အပ်စိုက်မှတ်အားလုံးကို ၁၀၀ ရာခိုင်နှုန်း အပြည့်အဝ ဖွင့်လှစ်ပြီး ကျင့်ကြံပြီးစီးသည့်အခါ၊ ထိုလူ၏ အငွေ့အသက်သည် ကောင်းကင်နှင့်မြေကြီး၏ နတ်ဘုရားတွေလို ဖြစ်လာပြီး၊ နတ်ဆိုးအားလုံးနှင့် အင်မော်တယ်အားလုံးကို အနိုင်ယူနိုင်သည့် ပြိုင်ဘက်ကင်း ဖြစ်လာလိမ့်မည်။ (အော်ရာနှင့် အငွေ့အသက် အတူတူပင်။)
ထိုကဲ့သို့ သိုင်းပညာရှင်မျိုးသည် လက်ချောင်းတစ်ချောင်းပင် လှုပ်ရှားဖို့ရန် အလိုအပ်ပါချေ။ မျက်လုံးအကြည့် တစ်ချက်၊ သို့မဟုတ် အငွေ့အသက်တစ်ခုတည်းဖြင့်ပင် တစ္ဆေအင်မော်တယ်ကို အစိတ်စိတ်အမွှာမွှာ ဖျက်ဆီးနိုင်သည်။
ဤကဲ့သို့ သိုင်းပညာအဆင့်သည် ကောင်းကင်နှင့် မြေကြီး၏ နတ်ဘုရားများ၏ မွေးဖွားခြင်းကို သိမ်းပိုက်ထားပြီး၊ မည်သည့်တာအိုပညာရပ်၊ သို့မဟုတ် မည်သည့်တာအိုပညာရှင်မှ သူ့ပြိုင်ဘက် မဖြစ်နိုင်တော့ပါဘူး။
သို့သော် ရှေးခေတ်ကတည်းကနေ ယနေ့ခေတ်အထိ ထိုအဆင့်ရှိ သိုင်းပညာရှင်များသည် မိုနိုဂိုတာရီလို ပုဂ္ဂိုလ်မျိုးထက်ပင် ပိုရှားပါးပါသည်။ ထိုကဲ့သို့ သိုင်းပညာရှင်များသည် ကွန်ဖြူးရှပ်ဝါဒီ ပညာရှင်တွေနှင့် ဆင်တူပြီး၊ နှစ် ၅၀၀ မှာ တစ်ယောက်ပင် မပေါ်ပေါက်နိုင်ပါဘူး။
ဟုန်ယွိသည် သူ ကျောက်စိမ်းမြို့တော်ကို ပြန်ရောက်ပြီး ဟုန်ရွှန်ကျိနှင့် ရင်ဆိုင်တိုက်ခိုက်သည့်အခါ၊ ဟုန်ရွှန်ကျိသည် အပ်စိုက်မှတ် မည်မျှ ကျင့်ကြံထားပြီး၊ နတ်ဘုရား အငွေ့အသက် မည်မျှ ပိုင်ဆိုင်ထားကာ၊ အပ်စိုက်မှတ်တွေကို မည်မျှအထိ စုစည်းထားနိုင်ပြီလဲဆိုသည်ကို မြင်နိုင်မလား ဟု ခန့်မှန်းနေအ်သည်။
ဟုန်ရွှန်ကျိသည် ဟုန်ယွိ၏ ဖခင်ဖြစ်သော်လည်း၊ သူ့မသိစိတ်ထဲမှာ ဟုန်ယွိသည် ထိုအေးစက်စက် ဖခင်ကို တစ်သက်လုံး ရန်သူအဖြစ် သတ်မှတ်ထားပြီးသား ဖြစ်သည်။
ဖခင်နှင့်သားတို့ ရန်သူဖြစ်နေခြင်းသည် စာပေသခင်ကြားခြင်း၏ ဖြောင့်မတ်ခြင်းလမ်းစဉ်နှင့် မလိုက်ဖက်သော်လည်း၊ တစ်ဖက်က သူ့ကို နေ့ရောညပါ အဖော်ပြုခဲ့သည့် မိခင်ဖြစ်ပြီး၊ တစ်ဖက်က ဟုန်ယွိကို ခက်ထန်စွာ ဆက်ဆံခဲ့ပြီး နှစ်အနည်းငယ်ကြာမှ တစ်ခါတစ်လေသာ တွေ့မြင်ဖူးသည့် ဖခင်ဖြစ်သည်။ ဟုန်ယွိသည် ဘယ်သူက ပိုအရေးကြီးသည်ကို သေချာပေါက် သိသည်။
ဟုန်ယွိသည် တစ္ဆေအင်မော်တယ် ဖြစ်လာပြီး၊ အတိတ်ကျမ်းကို ကျင့်ကြံထားကာ၊ ချန်ယင်းရှာနှင့် တာအိုလက်တွဲဖော် ဖြစ်လာခဲ့သည်။ သူလက်ထဲမှာ မှော်ရတနာတွေ အများကြီး ရှိနေသော်လည်း သူ့ဖခင် ဟုန်ရွှန်ကျိကို အနိုင်ယူပြီး၊ နောင်တရအောင် လုပ်ဆောင်နိုင်ဖို့ အခွင့်အလမ်း သိပ်မရှိပေ။
ဟုန်ယွိသည် သူ့ဖခင်ကို သတ်ဖြတ်ဖို့အထိ ရည်ရွယ်ချက် မရှိပေ။ သူ့ကို နောင်တရစေချင်ရုံပင်။ ဟုန်ရွှန်ကျိ၏ အကျင့်စရိုက်အရ၊ သူ့ကို လက်နက်ချ နောင်တရစေဖို့ဆိုသည်မှာ သတ်ဖြတ်ခြင်းထက် ပိုခက်ခဲမည်ကို ဟုန်ယွိ သိသည်။
ကောင်းကင်နှင့် မြေကြီး၏ နတ်ဘုရားတွေနှင့်အတူ၊ ရှင်ခြင်းနှင့် သေခြင်းဘီး၊ ထိုကဲ့သို့ ကြီးကျယ်ခမ်းနားသည့် သိုင်းပညာတစ်ရပ်ကို ဖန်တီးခဲ့သူက မည်သို့ ခေါင်းငုံ့ ဦးညွှတ်နိုင်မည်နည်း။ ခေါင်းငုံ့ ဦးညွှတ်နိုင်ခဲ့မည်ဆိုလျှင်, သူသည် ယခုလို မြေကြီးတုန်လှုပ်စေသည့် သိုင်းပညာတစ်ရပ်ကို မည်သို့ ဖန်တီးနိုင်မည်နည်း။
စွမ်းအားအရ၊ ဟုန်ရွှန်ကျိသည် ဒိုင်ဇင်ဘုရားကျောင်းကို ဖျက်ဆီးရာတွင် အရေးပါသည့် အခန်းကဏ္ဍက ပါဝင်ခဲ့သူ ဖြစ်သည်။ ဟုန်ယွိသည် သူ၏လက်ရှိစွမ်းအားက အတိတ်တုန်းက ဒိုင်ဇင်ဘုရားကျောင်း၏ စွမ်းအားနှင့် နှိုင်းယှဉ်နိုင်သည်ဟု တွေးမထားပေ။
ထို့အပြင်, ဟုန်ရွှန်ကျိသည် ဒိုင်ဇင်ဘုရားကျောင်းကို ဖျက်ဆီးပြီးနောက်၊ တော်ဝင်ချန်တရားရုံးနှင့် အကျိုးအမြတ်များစွာ မျှဝေခဲ့သည်။ အခု သူ့စွမ်းအားသည် ထိုအချိန်တုန်းက ဒိုင်ဇင်ဘုရားကျောင်းထက် ပိုသန်မာနေလိမ့်မည်။
“ဘယ်လိုပဲဖြစ်ဖြစ်၊ ဟုန်ရွှန်ကျိ၊ ခင်ဗျား ကျုပ်အမေရှေ့မှာ ဉီးညွတ်ပြီး တောင်းပန်ရတယ်။ ခင်ဗျား, လူသားအင်မော်တယ် ဖြစ်နေရင်တောင်၊ လေဟာနယ်ဖြိုခွဲခြင်းနယ်ပယ်ကို ရောက်နေရင်တောင်မှပဲ။ ခင်ဗျား လူသားအင်မော်တယ်တစ်ပါး ဖြစ်လာရင်, ကျုပ်က မိုနိုဂိုတာရီလို မိုးကြိုးကပ်ဘေး ခုနစ်ကြိမ်၊ ရှစ်ကြိမ် ဖြတ်ကျော်ဖူးသူ ဖြစ်နေရမယ်။ ခင်ဗျားက လေဟာနယ်ဖြိုခွဲနိုင်သူတစ်ဦး ဖြစ်လာခဲ့ရင်၊ ကျုပ်က ယန်နတ်ဘုရားတစ်ပါး ဖြစ်လာရမယ်။ ကျုပ် ခင်ဗျားကို နောင်တတရားနဲ့အတူ ဉီးညွတ်ခိုင်းမယ်….။”
ဟုန်ယွိက လက်သီးဆုပ်ကို တင်းကျပ်စွာ ဆုပ်ထားပြီး၊ သူ့မျက်လုံးတွေ လက်ခနဲ တောက်ပသွားသည်။
“သူတော်စင်တူယွမ် အဆင်မပြေဘူး…။”
ချန်ယင်းရှာက ရုတ်တရက် ပြောလိုက်သည်။
သူမသည် ဟုန်ယွိက လက်သီးကို တင်းပျပ်စွာဆုပ်ထားပြီး သူ့မျက်လုံးတွေ လက်ခနဲ ဖြစ်သွားသည်ကို မြင်တွေ့ခဲ့သော်လည်း ဟုန်ယွိ၏ စိတ်ထဲမှာ အတွေးပေါင်း ထောင်သောင်းမက ပြေးလွှားနေသည်ကို မသိခဲ့ပါဘူး။
“အခု အချိန်မဟုတ်သေးဘူး။ သူတို့တိုက်ခိုက်နေတာကို စောင့်ကြည့်ကြစို့။ တော်ပါသေးရဲ့၊ သူတော်စင်တူယွမ်က သူ့သတ်ဖြတ်ခြင်းအကွက် ဖော်ထုတ်နေပြီ။ ဒါက အနှစ်သာရနတ်ဘုရားကျောင်းရဲ့ တာအိုပညာလား။ တကယ်ကို အံ့ဖွယ်ပဲ။ သိုင်းပညာနဲ့ တာအိုပညာက တစ်ခုတည်း ဖြစ်လာသလိုပဲ။ သွေးအနှစ်သာရနဲ့ အသက်ဓာတ်စုစည်းခြင်း၊ အခွင့်အရေးရရင် အနှစ်သာရနတ်ဘုရားကျောင်းရဲ့ အဖိုးတန်ဆုံးကျမ်း အနှစ်သာရနှင့်သွေးစုစည်းမှုကျမ်းကို သေချာလေ့လာမယ်….။”
ဟုန်ယွိ၏ အတွေးများသည် မျက်စိတစ်မှိတ်အတွင်း လျှပ်တပြက် ဖြတ်သန်းသွားခဲ့သည်။ သူ့အတွေးတွေ လျှပ်တပြက် ဖြတ်သန်းနေအချိန်မှာ၊ သူတော်စင်တူယွမ်၏ သွေးနီရောင် တိမ်တိုက်သည် တော်ဝင်ချန် အင်ပါယာတရားရုံး၏ ကျွမ်းကျင်ပညာရှင်များ၏ ရုတ်တရက် တိုက်ခိုက်မှုကို ခံရပြီး သိသာစွာ ပျက်စီးသွားသည်။ သွေးနီရောင် တိမ်တိုက်အတွင်းမှ ကြည်လင်ပြတ်သားသည့် အော်ဟစ်သံတစ်ခုကို ဝိုးတဝါး ကြားရသည်။
“အား! မင်းတို့က သေမင်းကို ဖိတ်ခေါ်နေတာပဲ…”
သွေးနီရောင် တိမ်တိုက်သည် သိုင်းသူတော်စင်နှစ်ဦးနှင့် တစ္ဆေအင်မော်တယ်ငါးဦးတို့၏ တိုက်ခိုက်မူ ခံခဲ့ရပြီး။ ပေါက်ကွဲသွားခဲ့သည်။ ပေါက်ကွဲပြီးနောက် တိမ်တိုက်များသည် သိသိသာသာ လွင့်ပျယ်သွားခဲ့ပြီး အတွင်းမှ စူးရှရှအော်ဟစ်တစ်ချက် ထွက်ပေါ်လာသည်။
ထိုအသံက အလယ်အပိုင်းကုန်းမြေ ကောင်းကင်နိုင်ငံ၊ တော်ဝင်ချန်၏ ဘာသာစကားဖြစ်ပြီး၊ အနောက်ပိုင်းနယ်မြေ ချရာဒေသ၏ ဘာသာစကား မဟုတ်ပေ။ ထို့ကြောင့် အသံက အနည်းငယ် အဆင်မပြေ ဖြစ်နေသည်။ (ချာရာဒေသနှင့် ဟွာလျှိုနိုင်ငံတို့သည့် အတူတူပင် ဖြစ်ပါသည်)။
ဟုန်ယွိသည် သူ၏အတွေးများကို အသုံးပြုပြီး ဂရုတစိုက် အာရုံခံကြည့်သည့်အခါ၊ သွေးနီရောင် တိမ်တိုက်အတွင်းမှာ အရပ်မြင့်မြင့် ဖြောင့်တန်းနေသော ခန္ဓာကိုယ်နှင့် အဖြူရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့် အဘိုးအိုတစ်ဦး ရှိနေပုံရသည်။ ထိုအဘိုးအိုသည် သူ့ဦးခေါင်းတွင် အဖြူရောင် အဝတ်ထည်စက်ဝိုင်းများဖြင့် စည်းနှောင်ထားပြီး၊ အဖြူရောင် အဝတ်ထည်ကိုစက်ဝိုင်းကို ကျောက်မျက်များနှင့်အတူ တန်ဆာဆင်ထားသည်။ သူ့ပုံစံက နှာတံမို့မို့၊ မျက်လုံးညိုရောင်နှင့် မုတ်ဆိတ်က ရင်ဘတ်နားထိ ရှည်လျားသည့် သက်ကြီးရွယ်အိုတစ်ဦး ဖြစ်သည်။ (အဖြူထည်စက်ဝိုင်းများသည် သန့်ရှင်းခြင်း၊ ငြိမ်သက်ခြင်းနှင့် မြင့်မြတ်သော တည်ရှိခြင်း၏ အမှတ်အသားဖြစ်သည်။ အဖြူရောင်သည် သန့်ရှင်းမှုနှင့် ဝိညာဉ်ရေးဆိုင်ရာ အဆင်သင့်ဖြစ်မှုကို ကိုယ်စားပြုသည့် သို့မဟုတ် သေခြင်းနှင့် သေဆုံးခြင်းဆိုင်ရာ သတိပေးချက်ဖြစ်သည့် ဘာသာရေးဆိုင်ရာ အကြောင်းအရာများတွင် မကြာခဏ မြင်တွေ့ရသည်။ အဓိပ္ပါယ်သည် အကြောင်းအရာပေါ်တွင် များစွာမူတည်သော်လည်း အဖြူရောင်သည် ယဉ်ကျေးမှုနှင့် ဘာသာတရားများစွာရှိ သန့်ရှင်းစင်ကြယ်ခြင်း၊ အပြစ်ကင်းခြင်းနှင့် ဖြောင့်မတ်ခြင်း သဘောတရားများနှင့် ကျယ်ပြန့်စွာ ဆက်စပ်နေသည်။)
ဤချရာသက်ကြီးရွယ်အိုသည် စိတ်ဝိညာဉ်ပုံရိပ် မဟုတ်ဘဲ၊ အစစ်အမှန် ဖြစ်သည်။
“ဘယ်လောက် သန်မာလိုက်တဲ့ ခန္ဓာကိုယ်လဲ” ဟုန်ယွိသည် စိတ်ထဲမှာ အော်ဟစ်လိုက်မိသည်။
“ဘယ်လို မှော်ရတနာမျိုးလဲ….” ချန်ယင်းရှာ၏ မျက်လုံးတွေက လက်ခနဲ လင်းလက်သွားသည်။
ဟုန်ယွိသည် ထိုသက်ကြီးရွယ်အို၏ ခန္ဓာကိုယ်ကို ကြည့်လိုက်သည့်အခါ၊ သူ၏သွေးချီစွမ်းအင်သည် မယုံနိုင်လောက်အောင် ကြီးမားကြောင်း သိလိုက်သည်။ မှန်ပေသည်။ တကယ်ကို အစွမ်းထက်သည်။ ၎င်းသည် အစစ်မှန် သိုင်းသူတော်စင်၏ သွေးချီစွမ်းအားနှင့် မယှဉ်သာသော်လည်း ကြီးမားနေဆဲ ဖြစ်သည်။
တစ်ချက်ကြည့်လိုက်ရုံဖြင့် ဟုန်ယွိသည် ဤချရာအဘိုးအို၏ ခန္ဓာကိုယ်သည် ဆင်တစ်ကောင်ကဲ့သို့ ဝဖြိုးထူထဲသည်ဟု ခံစားမိသည်။ မဟုတ်ဘူး၊ ဆင်တစ်ကောင်ထက်ပင် ပိုထူထဲသည်။ ဝဖြိုးဆူထွက်နေသည့် ဝက်အကောင်ရေ ရာပေါင်းများစွာနှင့် သိုးအကောင်ရေ ရာပေါင်းများစွာ ပေါင်းထားသည့်အတိုင်း ဝဖြိုးထူထဲသည်။
ထိုထူထဲသော သွေးများသည် မသန့်စင်မူတွေကို ဖယ်ရှားပြီး၊ သွေးကို ပြဒါးကဲ့သို့ သိပ်သည်းနိုင်အောင် သန့်စင်ထားသော သိုင်းသူတော်စင်တစ်ဦး၏ သွေးများကဲ့သို့ မဟုတ်ဘဲ၊ သဘာဝ မှော်ရတနာများ၏ စွမ်းအင်ဖြင့် စုစည်းထားပုံရပါသည်။
ကြီးမားသော်လည်း သိပ်သည်းနိုင်ခြင်းမရှိပေ။
ယင်းက ဟုန်ယွိ၏ သူတော်စင်တူယွမ်၏ သွေးအပေါ် အကဲဖြတ်မှု ဖြစ်သည်။
သူတော်စင်တူယွမ်၏ ခန္ဓာကိုယ်ထဲမှ ထူထဲသော သွေးများသည် ဟုန်ယွိနှင့် ချန်ယင်းရှာတို့၏ နှစ်ယောက်ပေါင်း သွေးပေါင်းစည်းမှုနှင့် ယှဉ်နိုင်သည်။ သို့သော်, သန်မာမှုနှင့် သန့်စင်မူအဆင့်သည် မဟာဆရာသခင်အဆင့် သိုင်းပညာရှင်တစ်ဦးနှင့်သာ ယှဉ်နိုင်ပါသည်။
သို့သော်, အနှစ်သာရနတ်ဘုရားကျောင်း၏ တာအိုပညာရပ်များသည် နတ်ဘုရား စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို အပြန်အလှန် လွှဲပြောင်းပေးနိုင်သည် ဟု ဟုန်ယွိ သိထားသည်။ အမှန်တကယ်လည်း တာအိုပညာရပ်များကို လူတစ်ယောက်၏ ဒဏ်ရာတွေကို ကုစားဖို့နှင့် သွေးပြန်လည် ဖြည့်တင်းဖို့ အတွက်လည်း အသုံးပြုနိုင်သည်။ ထူထဲသော သွေးစွမ်းအားကို ပိုင်ဆိုင်ထားသူများသည် တိုက်ပွဲတွင် အားသာချက်ကြီးတစ်ခု ဖြစ်သည်။
ဟုန်ယွိသည် သူတော်စင်တူယွမ်၏ သွေးကို လေ့လာနေချိန်မှာ၊ ချန်ယင်းရှာက သူ့မှော်ရတနာကို ကြည့်ရူနေပါသည်။
သူတော်စင်တူယွမ်၏ ပျံသန်းနိုင်ခြင်းသည် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ထားသော သူ၏နတ်ဘုရား စိတ်ဝိညာဉ်ကြောင့် မဟုတ်ပါဘူး။ နတ်ဘုရား စိတ်ဝိညာဉ်က မိုးကြိုးကပ်ဘေး ကျော်ဖြတ်ထားလျှင်ပင်၊ ခြင်တစ်ကောင်ထက် ပိုမိုမြန်ဆန်စွာ ပျံသန်းနိုင်မှာ မဟုတ်ပါဘူး။
သူ ယခုလို လျင်မြန်စွာ ပျံသန်းနိုင်ရခြင်းမှာ သူ့ခန္ဓာကိုယ် အောက်ပိုင်းမှာ သုံးပေမှ လေးပေအထိ အရှည်ရှိသည့် ကော်ဇောပျံတစ်ချပ် ရှိနေသောကြောင့်ပင်။ သို့မဟုတ်, စောင်ဖုံးတစ်ထည်လည်း ဖြစ်နိုင်သည်။
ထိုအမည်မသိ ကော်ဇောပျံကို မည်သည့်ပစ္စည်းဖြင့် ပြုလုပ်ထားမှန်း မသိသော်လည်း၊ ထူးဆန်းသည့် ရောင်စုံ မှော်သင်္ကေတများဖြင့် ဖုံးအုပ်ထားပြီး၊ ထိုမှော်သင်္ကေတများထံမှ ထူထဲသော သွေးချီစွမ်းအင်ကို ထုတ်လွှတ်နေပြီး၊ ကော်ဇောပျံကို သွေးနီရောင် တိမ်တိုက်တွေက ဝိုင်းရံထားသည်။
“အနှစ်သာရ နတ်ဘုရားကျောင်းရဲ့ မူလသွေးဝိညာဉ် ကော်ဇောပျံပဲ။ ဒီကော်ဇောပျံက အနှစ်သာရ နတ်ဘုရားကျောင်းရဲ့ အင်မော်တယ်ပစ္စည်း တစ်ခု ပဲ။ အသုံးပြုတဲ့အခါ၊ လိုသလို ပျံသန်းနိုင်တယ်!” ချန်ယင်းရှာက ပြောသည်။
“အိုး၊ ကမ္ဘာကြီးဟာ ဘယ်လောက် ဆန်းကြယ်လိုက်လဲ….” ဟုန်ယွိက ပြောသည်။
“သူတော်စင်တူယွမ်…၊ ခင်ဗျား စကြဝဠာအိတ်ကို လုယူဖို့ ရောက်လာတာလား။ ဒါဆို ဒီနေ့ ခင်ဗျား ပြန်သွားနိုင်မှာ မဟုတ်တော့ဘူး!” ဝေတိုင်ကန်၏ အသံက နတ်ဘုရားမှော်သားရဲတစ်ကောင် ဟိန်းဟောက်ကဲ့သို့ ထွက်ပေါ်လာသည်။
“မူလယန်ပုဆိန်….၊ ကောင်းကင်နဲ့ မြေကြီးကို ပိုင်းဖြတ်ခြင်း….။”
တစ်ချိန်တည်းဆိုသလို၊ ဖန်ရှင်းတာအိုဂိုဏ်း၏ ရှောင်အန်ရန်သည် သူ၏အစွမ်းထက်ဆုံး တာအိုပညာရပ်ကို အသုံးပြုသည်။
“ဝိညာဉ်ဂါထာ ဗုဒ္ဓပုတီးစေ့….။”
နတ်လင်းယုန်ဘုရင်လည်း သူ့မှော်ရတနာ ဖြစ်သည့် ဝိညာဉ်ဂါထာ ဗုဒ္ဓပုတီးစေ့ကို အသုံးပြုပြီး၊ ဧရာမရွှေရောင်ပိုက်ကွန်တစ်ခုကို သူတော်စင်တူယွမ်ဆီသို့ လွှတ်တင်လိုက်ပါသည်။
“မင်းတို့အားလုံးက သေလမ်းရှာနေတာပဲ….။”
မူလသွေးဝိညာဉ်ကော်ဇောပျံမှာ ထိုင်နေသည့် အနှစ်သာရနတ်ဘုရားကျောင်း၏ မဟာအကြီးအကဲ သူတော်စင်တူယွမ်က ထပ်မံ ဟစ်ကြွေးပြီး၊ ရုတ်တရက် ထရပ်လိုက်သည်။ သူထရပ်စဉ် ဤသူတော်စင်တူယွမ်သည် ရှန်ထိုက်ဇူထက်ပင် ခေါင်းတစ်လုံးမြင့်မားပြီး၊ ဧရာမနတ်ဘုရားတစ်ပါး အလား ထင်မှတ်ရသည်။
သူတော်စင်တူယွမ် ထရပ်လိုက်စဉ်, သူ့လက်ထဲမှာ တဖိတ်ဖိတ် တောက်ပနေသည့် သေးငယ်သော ဓားမောက်တစ်လက်ကို ကိုင်ထားသည်။ သူသည် မည်သူ့ကိုမှ မကြည့်ဘဲ၊ သူ့လက်မောင်းကို ဓားမောက်ဖြင့် လှီးဖြတ်လိုက်ပါသည်။
ဖျန်း….။
သွေးစီးကြောင်းတစ်ခု ရေပန်းတစ်ခုလို ထွက်ပေါ်လာသည်။ သို့သော်, ထိုသွေးစီးကြောင်းသည် မြေပေါ်သို့ ကျဆင်းသွားခြင်းမရှိဘဲ၊ လေထဲမှာ ဧရာမလက်ဖဝါးကြီးတစ်ခုအဖြစ် ပုံဖော်လာသည်။
“အနှစ်သာရသွေးနဲ့ အနှစ်သာရချီ…၊ နတ်ဘုရားတစ်ပါးရဲ့ မဟာလက်ဝါး….။”
ဘန်း….။ အေးစက်စက် ယင်လေပြင်းက ထိုဧရာမလက်ဖဝါးကြီးအပေါ်ကို လွှမ်းခြုံလာပြီး၊ ကျယ်လောင်သည့် အက်ကွဲသံတွေ ထွက်ပေါ်လာသည်။ ထိုဧရာမလက်ဖဝါးကြီးသည် ရုတ်တရက် ပြင်းထန်စွာ ကျယ်ပြန့်လာခဲ့သည်။
ထို့အပြင်၊ ဟုန်ယွိသည် ဤဧရာမလက်ဖဝါးကြီးက သွေးဖြင့် ဖွဲ့စည်းထားခြင်း မဟုတ်ဘဲ အသားနှင့် အရေပြားများ ကြီးထွားလာပြီဲး၊ ရှင်းလင်း ပြတ်သားသည့် လက္ခဏာတွေ ပေါက်ဖွားလာသည်ကို မြင်လိုက်ရပါသည်။ လက်ဖဝါးကြီးသည် ပေတစ်ရာမြင့်မားသည့် ဧရာမ လက်ဖဝါးကြီး တစ်ခုလိုပင်။ အလွန်အမင်း အစစ်မှန်ဆန်လွန်းသည်။
ထိုခံစားချက်က ထိုဧရာမလက်ဖဝါးကြီးသည် စိတ်ဝိညာဉ်ဖြင့် ပုံရိပ်ဖော်ထားသည့် တာအိုပညာရပ် မဟုတ်ဘဲ၊ အစစ်အမှန် လူ့လက်ဖဝါးတစ်ခုကဲ့သို့ ဟုန်ယွိကို ထင်မြင်စေသည်။
ထိုခံစားချက်သည် မီးလျှံနဂါးကိုးကောင်ကို ရင်ဆိုင်ကြုံတွေ့ခဲ့ရစဉ်ကနှင့် အလားတူသည်။ ထိုမီးလျှံနဂါးကိုးကောင်သည် ပုံရိပ်ယောင်နဂါးတွေ မဟုတ်ဘဲ၊ အစစ်မှန် နဂါးများဖြစ်သည်။
“မိုးကြိုးကပ်ဘေးဒဏ် ကျင့်ကြံသူတစ်ဦးရဲ့ တာအိုပညာရပ်ဟာ တဖြည်းဖြည်း ပုံရိပ်ယောင်အနေထားကနေ စစ်မှန်မှုဆီ ပြောင်းလဲသွားတာလား။ မိုးကြိုးကပ်ဘေးဒဏ် ဖြတ်သန်းမူအကြိမ်ရေ ပိုများလာလေ၊ တာအိုပညာရပ်က ပိုစစ်မှန်လာလေများလား...” ဟုန်ယွိက စိတ်ထဲမှာ တွေးလိုက်သည်။
ယခုလို တာအိုပညာရပ်မျိုးသည် သိုင်းသူတော်စင်တစ်ပါး၏ အော်ဟစ်သံဖြင့် ဖယ်ရှား၍ မရနိုင်တော့ပါဘူး။ ဤသည်မှာ မိုးကြိုးကပ်ဘေးဒဏ် ကျင့်ကြံသူများ၏ စွမ်းအားပင် ဖြစ်သည်။
“အားလုံး သတိထားကြ…။”
ထိုအချိန်တွင်, ဝူအိမ်တော်ထိန်း၊ ဝေတိုင်ကန်၊ နတ်လင်းယုန်ဘုရင်၊ ရှောင်အန်ရန်၊ ကျန်းဘိုဟန်၊ ယောင်ချီဂိုဏ်း၏ ဂိုဏ်းချုပ် ယောင်ချင်းဟွေနှင့် သူမသမီး ယောင်ယွဲ့ရှင်းတို့သည် ထိုတိုက်ခိုက်မှု၏ စွမ်းအားကို နားလည်လိုက်ပုံရသည်။ သူတို့သည် ချက်ချင်း စုစည်းလိုက်ကြပြီး၊ အကာအကွယ် စက်ဝိုင်းတစ်ခုကို ဖွဲ့စည်းလိုက်ကြသည်။ တစ်ဦးချင်းစီသည် သူတို့၏ အစွမ်းထက်ဆုံး တာအိုပညာရပ်တွေကို အသုံးပြုပြီး၊ ကောင်းကင်ယံမှ ဖိချလာသည့် ဧရာမလက်ဖဝါးကြီးကို တိုက်ခိုက်လိုက်ကြသည်။
ဘန်း….။ ဧရာမလက်ဖဝါးကြီး၏ အလယ်ဗဟိုမှာ ဧရာမအပေါက်ကြီးတစ်ခု ပေါက်ကွဲထွက်လာသည်။ သွေးနှင့် အသားစအများ အပြားသည် ပျံထွက် သွားကြသည်။ ထိုသွေးနှင့် အသားစများသည် အလွန်အမင်း စစ်မှန်သည့် ခံစားချက်ကို ပေးစွမ်းသည်။
ဧရာမလက်ဖဝါးကြီး၏ အလယ်ဗဟိုသည် ပေါက်ထွက်သွားသော်လည်း ထိုလက်ဖဝါးကြီးက ဆက်လက် ပျံသန်းလာဆဲ ဖြစ်ပြီး၊ စုန်းတစ္ဆေဂိုဏ်း၏ မဟာအကြီးအကဲသုံးဦးနှင့် ဂိုဏ်းချုပ် ယုဝူဒေါင်ကို ဖမ်းဆုပ်လိုက်ပြီး၊ ရုတ်တရက်ဆိုသလို သူတို့ကို ကောင်းကင်ယံသို့ ဆွဲတင်လိုက်လေသည်။
မဟာအကြီးအကဲသုံးဦးနှင့် ဂိုဏ်းချုပ် ယုဝူဒေါင်တို့သည် အသည်းအသန် ပြန်လည် တိုက်ခိုက်ကြသည်။ ရုတ်တရက် တစ္ဆေတသောင်းအမိန့်ပေးအလံက ပေါက်ကွဲထွက်လာပြီး၊ အနက်ရောင် တိမ်တိုက်တွေ လှိမ့်တက်လာကာ၊ နာကျည်းဝိညာဉ်များ၏ ငိုကြွေးအော်ဟစ်သံများ ထွက်ပေါ်လာသည်။
သို့သော်, သူတော်စင်တူယွမ်က ရုတ်တရက် နောက်ထပ် ပေါက်ကွဲစွမ်းအားတစ်ခု ထုတ်လွှတ်လိုက်သည်။ သူ့ဓားမောက်ကို အသုံးပြုပြီး သူ၏ အခြားလက်မောင်းတစ်ဖက်ကို လှီးဖြတ်ပြန်ကာ သွေးစီးကြောင်းတစ်ခု လွင့်ပျံသွားစေပြန်သည်။ ထို့နောက် ဧရာမလက်ဖဝါးကြီးတစ်ဖက်ကို ထပ်မံ စုစည်းလိုက်သည်။
ထိုလက်ဖဝါးကြီးသည် ရုတ်တရက် ဆုပ်ကိုင်လိုက်ပြီး၊ အက်ကွဲသံတစ်ခုနှင့်အတူ၊ မဟာအကြီးအကဲသုံးဦးနှင့် ဂိုဏ်းချုပ် ယုဝူဒေါင်တို့ကို ကာကွယ်ထားသည့် အနက်ရောင်တိမ်တိုက်ကို ဖျက်ဆီးလိုက်သည်။ ဧကရာဇ်အလောင်း ၁၄ ကောင်တို့သည် ပြင်းထန်စွာ ဟစ်အော်ကြပြီး ကောင်းကင်ယံသို့ ပျံတက်သွားကြသည်။ သို့သော် နတ်ဘုရား မဟာလက်ဖဝါးကြီးက ၎င်းတို့အားလုံးကို လွင့်ပျံထွက်သွားစေသည်။
ဆက်ဆိုက်ဆိုသလို သူတော်စင်တူယွမ်၏ နတ်ဘုရား မဟာလက်ဖဝါးကြီးက ထပ်မံ ဆုပ်ကိုင်ပြန်သည်။ စုန်းတစ္ဆေဂိုဏ်း၏ တစ္ဆေအင်မော်တယ် လေးဦးသည် စွမ်းအားအားလုံး ဆုံးရှုံးသွားကြသည့်အလား လက်ဖဝါးထဲသို့ နာခံစွာဖြင့် ပြုတ်ကျသွားကာ၊ ထို့နောက် အရိပ်အယောင်ပင် မကျန်ဘဲ ပျောက်ကွယ်သွားခဲ့သည်။
“ပုံရိပ်ယောင် ခွဲထုတ်ခြင်းအသွင်အပြင်….”
သူတော်စင်တူယွမ်သည် စုန်းတစ္ဆေဂိုဏ်း၏ တစ္ဆေအင်မော်တယ် လေးဦးကို ဖမ်းဆီးပြီးနောက်၊ ရုတ်တရက် ထူးဆန်းသည့် လက်ဟန်တံဆိပ်တစ်ခုကို ဖွဲ့စည်းလိုက်သည်။ သူ့ခန္ဓာကိုယ်က နောက်ဆုတ်သွားပြီး၊ လျှပ်တပြက်အတွင်း ထူထပ်သော သွေးမြူခိုးတစ်စု ပျံ့နှံ့သွားသည်။
ထို့နောက်၊ သွေးမြူခိုးများသည် အောက်သို့ ဆင်းလာပြီး၊ သူတော်စင်တူယွမ်နှင့် တစ်ပုံစံတည်း တူသည့် ပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်။ သူ့အောက်မှာ မူလသွေးဝိညာဉ်ကော်ဇောပျံ ရှိနေသည်။ သူတော်စင်တူယွမ်နှင့် မူလသွေးဝိညာဉ်ကော်ဇောပျံတို့သည် ရုတ်တရက် အကွေးအဝိုက်အဖြစ် ပျံသန်းကာ ကောင်းကင်ယံသို့ ပြေးထွက်ပြီး ချက်ချင်း ပျောက်ကွယ်သွားသည်။
“ပုံရိပ်ယောင်ခွဲထုတ်ခြင်း အသွင်အပြင်၊ ဘယ်လောက်ကောင်းမွန်တဲ့ တာအိုပညာရပ်လဲ။ တကယ့်ကို ကောင်းမွန်လွန်းတယ်။ ကံကောင်းထောက်မပြီး၊ ငါတို့ ဘေးကနေ စောင့်ကြည့်နေခဲ့လို့။ ငါတို့ တိုက်ပွဲအလယ်မှာဆို သူတော်စင်တူယွမ်က အမှန်တကယ် ထွက်ပြေးသွားပြီး၊ ပုံရိပ်အတု ချန်ထားခဲ့တာကို သိမှာမဟုတ်ဘူး….။”
ဘေးမှ ကြည့်ရူနေသည့် ပရိသတ်များအနေဖြင့်၊ ဟုန်ယွိနှင့် ချန်ယင်းရှာတို့သည် အရာအားလုံးကို ရှင်းလင်းစွာ မြင်နိုင်ခဲ့သည်။ သူတော်စင်တူယွမ် ထွက်ခွာသွားပြီးနောက်၊ သူတော်စင်တူယွမ်နှင့် တစ်ပုံစံတည်းတူသည့် အတုပုံရိပ်က အောက်က ပညာရှင်များနှင့် အသည်းအသန် တိုက်ခိုက်နေခြင်း ဖြစ်သည်။
“သူက တကယ်ပဲ အကျိုးအမြတ်ရသွားပြီ။ စုန်းတစ္ဆေဂိုဏ်းရဲ့ ပညာရှင်လေးဦးသာ ဒဏ်ရာရမနေခဲ့ရင်၊ သူ ဒီလောက်မြန်မြန် အခွင့်ရေးယူနိုင်မှာ မဟုတ်ဘူး။ သူရဲ့အဲဒီပညာရပ်က အနှစ်သာရနတ်ဘုရားကျောင်းရဲ့ အထွက်အထိပ် တာအိုပညာရပ်ပဲ။ အတုပုံရိပ်ဆိုပြီး အထင်သေးလို့ မရဘူး။ တကယ်လည်း အမွေးတိုင်တစ်ဝက် ထွန်းညှိအချိန်အတွင်း၊ ဒီအတုပုံရိပ်က အစစ်မှန် ခန္ဓာကိုယ်ရဲ့ စိတ်ဝိညာဉ် စွမ်းအားကို ပိုင်ဆိုင်ထားတယ်။ ဒါပေမယ့် ပေးဆပ်ရတဲ့ တန်ဖိုးကတော့၊ သူ ပြန်ရောက်တဲ့အခါ သူ့နတ်ဘုရား စိတ်ဝိညာဉ် ထိခိုက်ပျက်ဆီးမယ်။ အနှစ်သာရသွေးလည်း အများကြီး ဆုံးရှုံးသွားမယ်။ ပြန်လည်ကုစားဖို့ဆိုရင် အနည်းဆုံး ရှစ်နှစ်ကနေ ဆယ်နှစ်အထိ အချိန်ယူရမယ်။ သူ့အားနည်းချက်ကို အခွင့်ကောင်းယူပြီး သတ်ပစ်ကြစို့။ သူ့နောက် လိုက်ရအောင်…။”
ချန်ယင်းရှာက ပြောရင်း၊ ဟုန်ယွိနှင့်အတူ ပျံတက်သွားပြီး၊ ကောင်းကင်ယံသို့ အလျင်အမြန် ပျံသန်းသွားသည်။
သူတော်စင်တူယွမ်သည် နတ်ဘုရား မဟာလက်ဖဝါးကို အသုံးပြုပြီး သိုင်းသူတော်စင် နှစ်ဦး၊ တစ္ဆေအင်မော်တယ် ငါးဦးနှင့် လူအုပ်ကြီး၏ တိုက်ခိုက်မှုတွေကို ပိတ်ဆို့ပြီး၊ စုန်းတစ္ဆေဂိုဏ်း၏ တစ္ဆေအင်မော်တယ် လေးဦးကိုတောင် ဖမ်းဆီးနိုင်ခဲ့သည်။ သူ၏လျှို့ဝှက်ဆန်းကြယ်သည့် လုပ်ဆောင်ချက်များက ပြိုင်ဘက်ကင်း ပုံစံဖြစ်ပြီး၊ သူ့စိတ်ဝိညာဉ် စွမ်းအားသည် အကန့်သတ်မဲ့ ဖြစ်ပုံရသည်။ တကယ်ဆို သူလည်း အကျိုးအမြတ် ရယူနိုင်ခဲ့သည်။ သို့သော် သူရရှိခဲ့သည့် ဒဏ်ရာတွေက ပိုပြင်းထန်ပါသည်။
ဂိုဏ်းချုပ် ယုဝူဒေါင် အပါအဝင်၊ စုန်းတစ္ဆေဂိုဏ်း၏ တစ္ဆေအင်မော်တယ် လေးဦးသည် ဤပြင်းထန်သည့် တိုက်ပွဲအတွင်းမှာ အားနည်းနေသည့် အခြေအနေမှာ ရှိနေခဲ့ပြီး၊ သူတို့၏ နတ်ဘုရား စိတ်ဝိညာဉ်များသည် ဒဏ်ရာရထားပြီး၊ စွမ်းအားတွေ ကုန်ခမ်းနေပြီ။
ယခုအချိန်မှာ ဟုန်ယွိပင် သူတို့ကို ဖမ်းဆီးနိုင်မည့် အခြေအနေတွင် ဖြစ်နေပြီ။ သူတော်စင်တူယွမ်လို ပညာရှင်တစ်ဦးအတွက်တော့ ပိုပြီးတော့ပင် ပြောစရာမလိုချေ။
အခုအချိန်မှာ မိုးကြိုးကပ်ဘေးဒဏ် ကျင့်ကြံသူ သူတော်စင်တူယွမ်၏ အားအနည်းဆုံး အချိန်ဖြစ်သည်။ ဟုန်ယွိနှင့် ချန်ယင်းရှာတို့ လိုက်လံဖမ်းဆီးခြင်းမရှိပါမှ ထူးဆန်းနေဦးမည်။
“အလယ်ပိုင်းကုန်းမြေ ကောင်းကင်နိုင်ငံရဲ့ ပညာရှင်တွေဟာ တကယ့်ကို အဆုံးမရှိဘူး။ တစ္ဆေအင်မော်တယ် ငါးဦးတောင်ရှိတယ်။ သိုင်းသူတော်စင် နှစ်ဦးလည်း ပါသေးတယ်။ ဒီတစ်ခေါက်၊ ဉဒေါင်းဘုရင်၊ ကောင်းကင်မြွေဘုရင်နဲ့ အခြားသူတွေ မိုနိုဂိုတာရီနဲ့ တိုက်ပွဲဝင်နေတဲ့ အခွင့်အရေးကို ငါအရမယူနိုင်ခဲ့ဘူးရင်၊ စကြဝဠာအိတ်ကို ငါ ရယူနိုင်မှာ မဟုတ်ဘူး။ ငါ တကယ်ကို ကံကောင်းတယ်။ မိုနိုဂိုတာရီက ငါ့စိတ်ဝိညာဉ် ပျက်စီးသွားပြီလို့ ထင်ခဲ့တယ်။ ဒါပေမယ့်၊ မကောင်းဆိုးဝါးနတ်ဘုရားရဲ့ သွေးက ငါ့စိတ်ဝိညာဉ်ကို လုံးဝ ပြန်လည်ပြုပြင်နိုင်တယ်ဆိုတာ သူ မသိခဲ့ဘူး။ ဒီတစ်ခေါက် ငါ့ဒဏ်ရာတွေက အရမ်းပြင်းထန်တယ်။ ငါပြန်ပြီး တံခါးပိတ် ကျင့်ကြံဖို့ လိုနေပြီ။ စကြဝဠာအိတ်ထဲမှာ ဘာတွေများရှိနေမလဲ….။”
ကောင်းကင်ယံရှိ တိမ်တိုက်တွေအတွင်းမှာ….။
အနှစ်သာရနတ်ဘုရားကျောင်း၏ မဟာအကြီးအကဲ သူတော်စင်တူယွမ်သည် မူလသွေးဝိညာဉ်ကော်ဇောပျံပေါ်မှာ လုံးဝ စိတ်ဝိညာဉ်စွမ်းအား ကုန်ရှုံးသွားသည့် တစ္ဆေအင်မော်တယ် လေးဦးကို ကြည့်ပြီး ပြုံးလိုက်သည်။
သူ့လက်မောင်းနှစ်ဖက်စလုံး ဖြတ်လှီးခံရပြီး၊ သွေးတွေ မရပ်မနား စီးဆင်းနေသည်။ သို့သော် အေးစက်စက် ယင်လေပြင်း တိုက်ခတ်နှင့်အတူ၊ အဖြူရောင်အလင်းရောင်တစ်ခုက သူ့ ဒဏ်ရာတွေကို မြူခိုးများသဖွယ် ဖုံးအုပ်လိုက်သည်။ သူ့ဒဏ်ရာပေါ်က အသားနှင့်အရေပြားတို့သည် အံ့ဖွယ်ရာအဖြစ် ပြန်လည်ပိတ်သွားပြီး၊ ဓားဒဏ်ရာတစ်ခု၏ အရိပ်အယောင်တောင် မမြင်ရတော့ပါဘူး။
၎င်းသည် အနှစ်သာရနတ်ဘုရားကျောင်း၏ ထူးခြားသည့် ပြန်လည်ကုစားခြင်း တာအိုပညာရပ်ဖြစ်သည့် နတ်ဘုရားကုသခြင်းပညာရပ်ဖြစ်သည်။
သူ့ဒဏ်ရာတွေ ပြန်လည် ပျောက်ကင်းသွားချိန်မှာ သူတော်စင် တူယွမ်သည် စကြဝဠာအိတ်ကို လက်ထဲမှာ ကိုင်ထားသည်။ မဟုတ်ဘူး၊ စကြဝဠာသားရေအိတ်ဟု ခေါ်သင့်သည်။ သူသည် အထဲမှာ မည်သည့်အရာများရှိနေမည်ကို ကြည့်ချင်နေခဲ့သည်။
သို့သော်, သူသည် တခဏမျှ တွန့်ဆုတ်ပြီးနောက်၊ သူတော်စင် တူယွမ်က မကြည့်ခဲ့ပေ။ ယင်းအစား၊ သူသည် သူ့အိတ်ကပ်ထဲက လက်ဖဝါးအရွယ် သလင်းကျောက်တစ်ခုကို ထုတ်ယူလိုက်သည်။
ထိုသလင်းကျောက်သည် လှပပြီး မည်သည့်အညစ်ကြေးမှ မရှိဘဲ ကြည်လင်နေပါသည်။ သို့သော်, သလင်းကျောက်၏ အလယ်ဗဟိုမှာ တောက်ပသည့် သွေးနီရောင် အစက်တစ်စက်ကို ချိတ်ပိတ်ထားသည်။
ထိုသွေးစက်သည် သလင်းကျောက်၏ အလယ်ဗဟိုမှာ ချိတ်ပိတ်ခံထားရပြီး၊ ၎င်းထံမှထုတ်လွှတ်သော အလင်းရောင်သည် လူတစ်ယောက်အား မယုနိုင်လောက်အောင် ကြီးမြတ်သည်ဟု ခံစားရစေပါသည်။
“ငါတို့အနှစ်သာရ နတ်ဘုရားကျောင်းမှာ မကောင်းဆိုးဝါးနတ်ဘုရားရဲ့ သွေးစက်က ဒါဇင်ပေါင်း အနည်းငယ်လောက်ပဲ ရှိတယ်။ ဒီတစ်ခေါက် ငါ သုံးစက်ပဲ ယူလာခဲ့တယ်။ ဒါက နောက်ဆုံးတစ်စက်ပဲ! နှမြောစရာပဲ။ ငါ ဒါကို မသုံးချင်ရင်တောင်၊ ငါ့စိတ်ဝိညာဉ် ပြန်လည်ကုစားဖို့ သုံးရဦးမယ်။ ဟွန်း…။ ကောင်းကင်ဘုံသေမင်းဘီးရဲ့ လက်သီးဆန္ဒက ငါ့စိတ်ဝိညာဉ်ကို ဒဏ်ရာရစေခဲ့တယ်…။”
သူတော်စင်တူယွမ်က တီးတိုးပြောရင်း၊ သလင်းကျောက်ကို ဖျက်ဆီးပြီး မကောင်းဆိုးဝါးနတ်ဘုရား၏ သွေးစက်ကို ထုတ်ယူဖို့ ပြင်ဆင်လိုက်သည်။
မကောင်းဆိုးဝါးနတ်ဘုရား၏ သွေးသည် သွေးတစ်စက်တည်းဖြင့်ပင် တစ္ဆေအင်မော်တယ်တစ်ပါး ဖြစ်လာနိုင်သည့် မှော်ဆေးဝါးတစ်လက်ဟု ပြောဆိုခဲ့ကြသည်။
သူ သလင်းကျောက်ကို ဖျက်ဆီးဖို့ ပြင်ဆင်နေချိန်မှာပင်၊ နတ်ဘုရားမြှား ကိုးစင်းက လေဟာနယ်ကို ထိုးဖောက်ဖြတ်သန်းပြီး၊ သူ့ဆီကို ပြင်းထန်စွာ ပစ်လွှတ်လာနေသည်။
အခန်း (၂၃၀)။
ရွှီး…. ရွှီး.. ရွီး.. ရွှီး.....
အကန့်သတ်မဲ့မြှား ကိုးချောင်းသည် တစ်ခုနှင့်တစ်ခု ပေါင်းစပ်သွားပြီး ပြင်းထန်စွာ လည်ပတ်နေကာ အားကောင်းသော လေတိုးသံကို ထုတ်လွှတ်သည်။ ၎င်းတို့ ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် လေထုများ ပျက်စီးသွားပြီး လေစီးကြောင်းသည် မြေမှုန့်အဖြစ်သို့ ကြေမွသွားကာ ဖရိုဖရဲ ဖြစ်နေသော မြင်ကွင်းကို ဖန်တီးခဲ့သည်။
မြှားများသည် ပြင်းထန်စွာ ပေါက်ကွဲသွားပြီး အကန့်သတ်မဲ့မြှားများပေါ်ရှိ မှော်သင်္ကေတများမှ စုစည်းထားသော ကြီးမားသော ရွှေရောင်မြှားပုံစံ ဖြစ်သည့် အစစ်မှန် နေမီးလျှံ အများအပြား ထွက်ပေါ်လာသည်။
တစ်ချိန်တည်းမှာပင် ဧရာမ မြှားပေါ်တွင် ယခုလေးတင် စုစည်းထားသော အစစ်မှန် နေမီးလျှံသည် အလျင်အမြန် ပျံသန်းနေသော လေစီးကြောင်း များကြောင့် ဆုတ်ဖြဲခံရပြီး အဝတ်စအရွယ် ရွှေရောင် မီးတိမ်တိုက်များစွာအဖြစ်သို့ ပြောင်းလဲသွားပါသည်။
ထိုရွှေရောင် မီးတိမ်တိုက်များ၏ အပြင်ဘက်တွင် အနက်နှင့် အဖြူ အရောင်နှစ်ရောင်သာ ရှိပါတော့သည်။
၎င်းသည် မဟာယင်ယန်ဖရိုဖရဲတွင်းနက်အစီအရင်၏ အကန့်သတ်မဲ့မြှားများအပေါ် သက်ရောက်မှုပင် ဖြစ်သည်။
ပြင်းထန်သော ဆွဲငင်အားနှင့် ထူးဆန်းသော လေတိုးသံများသည် မဟာယင်ယန်ဖရိုဖရဲတွင်းနက်အစီအရင်မှ ထွက်ပေါ်လာသည်။ မိုင်ပေါင်းများစွာ အကွာအဝေးအတွင်းရှိ ကောင်းကင်တစ်ခုလုံးကို ဤအစီအရင်က ဆွဲယူနေပုံရသည်။
မြှားကိုးချောင်းသည် တစ်ပြိုင်တည်း ပစ်လွှတ်လိုက်သည်။ သူတော်စင် တူယွမ်ကဲ့သို့သော မိုးကြိုးကပ်ဘေး ကျွမ်းကျင်သူပင် ထိတ်လန့်သွားပြီး သူ၏ စိတ်နှလုံးထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင် ပေါ်လာပါသည်။
တာအိုပညာနှင့် မိုးကြိုးကပ်ဘေးဒဏ်ကို ဖြတ်ကျော်ဖူးပြီး နတ်ဘုရားတစ်ပါး ဖြစ်တည်မူဖြစ်သော သူတော်စင် တူယွမ်၏ အမြင်တွင်၊ ပစ်လွှတ်လိုက်သော အကန့်သတ်မဲ့မြှားသည် ကောင်းကင်ယံမှ ကျဆင်းလာနေသော ဧရာမ ဥက္ကာခဲကြီးနှင့် တူနေပါသည်။ မြှားသည် အလွန်မြန်သောကြောင့် ရှောင်တိမ်းရန် နည်းလမ်းမရှိဘဲ ထိပ်တိုက် ရင်ဆိုင်ရုံသာ ရှိပါတော့သည်။
ကောင်းကင်ယံမှ ကျဆင်းလာသော ဥက္ကာခဲများသည် မည်မျှမြန်ဆန်လိုက်မည်နည်း။ ပြင်းထန်သော အမြန်နှုန်းနှင့် လေစီးကြောင်းနှင့် ပွတ်တိုက်မှုကြောင့် ကျောက်တုံးများပင် ပြာဖြစ်သွားနိုင်သည်။
တာအိုပညာရှင်များ၏ အမြန်နှုန်းသည် ဤအမြန်နှုန်း၏ ရာခိုင်နှုန်း တစ်ရာပုံ တစ်ပုံကိုပင် ယှဉ်နိုင်မည် မဟုတ်ပေ။ မိုးကြိုးကပ်ဘေး ကျွမ်းကျင်သူ သူတော်စင် တူယွမ်ပင် အချိန်မီ တုံ့ပြန်နိုင်ရုံသာ တတ်နိုင်ခဲ့ပြီး ရှောင်တိမ်းရန် အချိန်မရှိခဲ့ပေ။ ဤအရာက အကန့်သတ်မဲ့မြှား ကိုးချောင်း၏ စွမ်းအား မည်မျှ အစွမ်းထက်သည်ကို ပြသနေသည်။
ဤအကန့်သတ်မဲ့မြှား ကိုးချောင်းကို ဟုန်ယွိမှ ပစ်လွှတ်ခဲ့ခြင်း ဖြစ်သည်။
သူနှင့် ချန်ယင်းရှာတို့သည် သူတော်စင် တူယွမ်ကို လိုက်ဖမ်းခဲ့ပြီး၊ နောက်ဆုံးတွင် သူ့ကို မှီသွားခဲ့သည်။ အစီအစဉ်အရ ချန်ယင်းရှာသည် အောက်တွင် ပုန်းနေမည်ဖြစ်ပြီး ဟုန်ယွိက ဦးဆောင်တိုက်ခိုက်မည်။ သို့သော် မက်မွန်နတ်ဘုရားဂိုဏ်း၏ နံပါတ်တစ် ဓမ္မရတနာများ ဖြစ်သည့် ကောင်းကင်တုန်ခါလေးနှင့် အကန့်သတ်မဲ့မြှားတို့ကို ဟုန်ယွိအား သဘာဝအတိုင်း ပေးအပ်ထားခဲ့သည်။ (ဓမ္မရတနာဟူသည် မှော်ရတနာများကို ဆိုလိုပါသည်)။
ဟုန်ယွိသည် ဓမ္မရတနာများ အသုံးပြုရာတွင် အသားမကျသော်လည်း သူတော်စင် တူယွမ်ကဲ့သို့သော ထိပ်တန်း အစွမ်းထက်ပုဂ္ဂိုလ် မိုးကြိုးကပ်ဘေး ကျွမ်းကျင်သူနှင့် ရင်ဆိုင်ရသောအခါ ၎င်းတို့ကို အသုံးပြုရန်မှတပါး ရွေးချယ်စရာ မရှိပေ။
သူတော်စင် တူယွမ်သည် ယခုအချိန်တွင် ဒဏ်ရာရထားသော်လည်း သူသည် မိုးကြိုးကပ်ဘေးဒဏ် ကျွမ်းကျင်သူတစ်ဦး ဖြစ်နေသေးသည်။ ကမ္ဘာပေါ်တွင် မည်သည့်မိုးကြိုးကပ်ဘေး ကျွမ်းကျင်သူမဆို ပြိုင်ဘက်ကင်းပြီး၊ မြေကြီးတုန်လှုပ်စေသော တည်ရှိမှုမျိုး မဟုတ်ပါလော။ မိုးကြိုးကပ်ဘေး ကျွမ်းကျင်သူတစ်ဦးကို လျစ်လျူရှုခြင်းသည် မိမိ၏ အသက်ကို အလေးမထားခြင်းနှင့် တူသည်။
ဟုန်ယွိ၏ အတွေးများသည် စေ့စပ်သေချာပြီး၊ ယခုလို အရေးကြီးသော အချိန်မျိုးတွင် မာနကြီးပြီး၊ အမှားမျိုးကို သဘာဝအတိုင်း ပြုလုပ်မည် မဟုတ်ပေ။
အကန့်သတ်မဲ့မြှား ကိုးစင်း၏ စွမ်းအားသည် အလွန် ပြင်းထန်သည်ဟု ဆိုနိုင်သည်။ ဤအကန့်သတ်မဲ့မြှား ကိုးစင်းသည် မရေမတွက်နိုင်သော ကျွမ်းကျင်သူများ၏ အနှစ်သာရသွေး၊ ဝိညာဉ်များကို စုပ်ယူပြီး၊ ဤပြိုင်ဘက်ကင်းသော တိုက်ခိုက်မှုကို ထုတ်ဖော်နိုင်ဖို့အတွက် ယင်ယန်ဖရိုဖရဲ တွင်းနက် အစီအရင်ထဲမှာ သိုလှောင်ထားသည်။
ဧကရာဇ်စေလွှတ်သော ဖူဘိုရေတပ်၏ သင်္ဘောပေါ်တွင် ဘီအန်တပ်ရင်းမှ ကျွမ်းကျင်သူ ခုနစ်ဦး၏ သွေးအနှစ်သာရနှင့် နတ်ဘုရား ဝိညာဉ်များ၊ ဖူဘိုရေတပ် ဗိုလ်ချုပ်ကြီး ရှောင်ထျန်းယောင်၏ သွေးအနှစ်သာရနှင့် နတ်ဘုရား ဝိညာဉ်များ၊ ရှောင်ရှောနန်နှင့် နတ်ဘုရားဓားတပ်ရင်းမှ တာအိုဘုန်းကြီးများ၏ နတ်ဘုရား ဝိညာဉ်များ၊ ထို့ပြင် ယွန်မင်နှင့် အကျဉ်းစခန်းတပ်ရင်းမှ ခေါင်းဆောင် သုံးဦး၏ နတ်ဘုရား ဝိညာဉ်များနှင့် သွေးအနှစ်များ ပါဝင်သည်။
ယခု ထိုမျှများပြားသော လူများ၏ သွေးအနှစ်သာရနှင့် နတ်ဘုရား ဝိညာဉ်များအားလုံး ပေါက်ကွဲထွက်လာခြင်းသည် ကမ္ဘာကြီးကို တုန်လှုပ်စေသည့် တိုက်ခိုက်မူဟု မဆို၍မရပေ။
"ဒါက တစ္ဆေအင်မော်တယ်လေးတစ်ယောက်ပဲ။ ငါ့ကို သတ်ဖို့ ကြိုးစားရဲတယ်ပေါ့။ သူက သေဘေးကို လုံးဝ မသိဘူးပဲ။"
မည်သို့ပင်ဆိုစေ, သူတော်စင် တူယွမ်သည် မိုးကြိုးကပ်ဘေး ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်၊ ထို့ကြောင့် သူသည် ချက်ချင်း တုံ့ပြန်လိုက်သည်။ ရုတ်တရက် သူပါးစပ်ကိုဖွင့်ပြီး သွေးရောင် မြူခိုးတစ်လုတ်ကို အန်ထုတ်လိုက်သည်။ ၎င်းသည် ဧရာမ လက်ကြီးတစ်ဖက်အဖြစ် ပုံပေါ်လာပြီး သူ့ဆီသို့ ပျံသန်းလာသော အကန့်သတ်မဲ့မြှား ကိုးချောင်းကို ဆုပ်ကိုင်လိုက်သည်။ ခဏလေးအတွင်းမှာပင် ထိုလက်ကြီးက အကန့်သတ်မဲ့မြှား ကိုးချောင်းကို ဖမ်းမိသွားပါသည်။
"ပေါက်ကွဲစမ်း။"
ဟုန်ယွိသည် အလျင်အမြန် ပျံသန်းနေရင်း၊ ကောင်းကင်တုန်ခါလေးကို ဆွဲကိုင်လိုက်သည်။ သူ၏ နတ်ဘုရား စိတ်ဝိညာဉ် စွမ်းအားကို ထိုလေးထဲသို့ ပြင်းထန်စွာ ထည့်သွင်းလိုက်ပြီး ထပ်မံ ပစ်လွှတ်လိုက်သည်။
ဘန်း…။ လေးညှို့ပေါက်ကွဲသံက ကောင်းကင်ကို ဖြတ်တောက်သွားသည့် ဓါးသွားတစ်ခုကဲ့သို့ပင်။ ကောင်းကင်တုန်ခါလေးမှ လှိုင်းလုံးများက ပျံ့နှံ့ထွက်လာပြီး၊ ဧရာမ လက်ကြီးဖြင့် ဖမ်းဆုပ်ထားသော အကန့်သတ်မဲ့မြှား ကိုးချောင်းဆီသို့ ကူးပြောင်းသွားပါသည်။
ဘန်း…။
အကန့်သတ်မဲ့မြှား ကိုးချောင်း၏ စွမ်းအားသည် တဖန် နှစ်ဆ တိုးမြင့်သွားခဲ့သည်။ မြှား၏ ကိုယ်ထည်မှ ပြင်းထန်သော ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ ရုတ်တရက် ဧရာမ လက်ကြီးသည် အပိုင်းအစများစွာအဖြစ် ပြိုကွဲသွားသည်။ သွေးများ၊ အသားများနှင့် အရိုးဖြူများ မြေပြင်ပေါ် သို့ ကျလာသော်လည်း မြေပြင်ကို မထိမီ သွေးမြူခိုး မှိန်မှိန်အဖြစ်သို့ ပြောင်းလဲသွားသည်။
အနှစ်သာရ နတ်ဘုရားကျောင်း၏ "မဟာနတ်ဘုရားလက်ဝါး" သည် သူတော်စင် တူယွမ်၏ လက်ထဲတွင် ပုံရိပ်ယောင်များကို အထည်ကိုယ် ဒြဗ်ဖော်နိုင်သည့် အာနိသင်ရှိသော်လည်း၊ သူတော်စင် တူယွမ်သည် မိုးကြိုးကပ်ဘေးကို တစ်ကြိမ်သာ ဖြတ်ကျော်ဖူးသူ ဖြစ်သောကြောင့် သူ့တွင် လုံလောက်သော သန့်စင်သော ယန်စွမ်းအင် မရှိပေ။ ထို့ကြောင့် ပုံရိပ်ယောင်ကို လက်တွေ့အစစ်မှန်အဖြစ်သို့ သဘာဝအတိုင်း မပြောင်းလဲနိုင်ခဲ့ပေ။ ပျက်စီးသွားသည်နှင့် မှော်စွမ်းအား၏ ပံ့ပိုးမှု ဆုံးရှုံးသွားပြီး ပျောက်ကွယ်သွားမည် ဖြစ်သည်။
ချန်ယင်းရှာသည် ကောင်းကင်တုန်ခါလေးနှင့် သွေးပဋိဉာဉ် ဖွဲ့ခဲ့သော်လည်း၊ ယခုအခါ သူမသည် ဟုန်ယွိ၏ တာအိုလက်တွဲအဖော် ဖြစ်သည်။ ထို့ကြောင့် ကောင်းကင်တုန်ခါလေးအတွင်းရှိ ချန်ယင်းရှာ၏ စိတ်ဝိညာဉ်တံဆိပ်သည် ဟုန်ယွိ၏ တာအိုပညာ အသုံးပြုမှုကို သဘာဝအတိုင်း တားဆီးမည် မဟုတ်ပေ။
ထို့ကြောင့် ဟုန်ယွိအတွက် ကောင်းကင်တုန်ခါလေးကို ထိန်းချုပ်ရန် အလွန် အဆင်ပြေသည်။ မြှားကိုးချောင်း၏ မူလစွမ်းအားအပြင် ဟုန်ယွိ၏ ရုတ်တရက် စွမ်းအားတိုးမြှင့်မှုလာကြောင့် အကန့်သတ်မဲ့မြှားများကို မက်မွန်နတ်ဘုရားဂိုဏ်း၏ ဂိုဏ်းချုပ် လျှိုထျန်းယွဲ့၏ လက်ထဲတွင် ရှိစဉ်က စွမ်းအားနီးပါး ရရှိစေခဲ့သည်။
"ကောင်းကင်တုန်ခါလေး၊ အကန့်သတ်မဲ့မြှားလား။ နတ်ဘုရားသွေးမိုးကြိုး။"
သူတော်စင် တူယွမ်၏ လက်ဖဝါးသည် မြှားကိုးချောင်းဖြင့် ဖောက်ထွင်းခံရပြီးနောက် မက်မွန်နတ်ဘုရားဂိုဏ်း၏ နာမည်ကျော် နတ်ဘုရားပစ္စည်းကို ချက်ချင်း မှတ်မိလိုက်သည်။ သို့သော် သူ လုံးဝ တွန့်ဆုတ်မနေခဲ့ပေ။ သူ ပါးစပ်ကိုဖွင့်ပြီး သွေးချီစွမ်းအင်တစ်လုတ်ကို အန်ထုတ်လိုက်သည်။
ဤသွေးမြူလုံးသည် လူ့ခေါင်းအရွယ်သာ ရှိသော်လည်း လေထဲတွင် ရုတ်တရက် ကျယ်ပြန့်လာသည်။ ချက်ချင်းဆိုသလို ၎င်းသည် တောင်ကုန်းတစ်ခုကဲ့သို့ တစ်ဧကပတ်လည် အရွယ်အစားအထိ ရောက်ရှိလာပါသည်။
တစ်ချိန်တည်းမှာပင် တောင်ကုန်းအရွယ် သွေးလုံးကြီးသည် လျှပ်စီးများ တဖျတ်ဖျတ် လင်းလာပါသည်။ လျှပ်စီးမြွေများ ရစ်ပတ်နေပြီး ၎င်းသည် မြှားကိုးစင်းနှင့် တိုက်မိသွားသည်။
၎င်းသည် အနှစ်သာရ နတ်ဘုရားကျောင်း၏ နတ်ဘုရားသွေးမိုးကြိုး ဖြစ်သည်။
"အနှစ်သာရ နတ်ဘုရားကျောင်းရဲ့ တာအိုပညာရပ်တွေက သွေးအနှစ်သာရကို အသုံးပြုပြီး၊ စိတ်ဝိညာဉ်ကို အသက်သွင်းရတယ်။ သွေးနဲ့ စိတ်ဝိညာဉ်နှစ်ခုကို အပြန်အလှန် ပြောင်းလဲနိုင်တယ်။ ဒါက ယန်ကနေ ယင်ကို ပေါက်ဖွားစေနိုင်ပြီး ယင်ကနေလည်း ယန်ကို ပေါက်ဖွားစေနိုင်တဲ့ သဘောပဲ။ တကယ်ကို အံ့သြစရာပဲ။ ဒါ့အပြင် နတ်ဘုရားသွေးမိုးကြိုးက ယင်းရှာရဲ့ မိုးကြိုးပညာထက် အများကြီး ပိုအစွမ်းထက်တယ်။ ပိုပြီးလည်း လက်တွေ့ဆန်တယ်။ မိုးကြိုးကပ်ဘေးမှာ ရှင်သန်ခဲ့တဲ့ ကျွမ်းကျင်သူဆိုတဲ့အတိုင်းပဲ။"
သူတော်စင် တူယွမ်၏ နတ်ဘုရားသွေးမိုးကြိုး ပေါ်လာသောအခါ ဟုန်ယွိသည် သူ၏ နက်ရှိုင်းသော ဝိညာဉ်၏ အတွင်းပိုင်းမှ တုန်လှုပ်မှုကို ခံစားလိုက်ရသည်။
သူသည် တဖန်ထပ်မံ၍ ထိုရင်းနှီးဖူးသော ဖျက်ဆီးခြင်း ခံစားချက်ကို ခံစားခဲ့ရသည်။ ၎င်းသည် မွေးဖွားခြင်းနှင့် သေဆုံးခြင်းဆန္ဒကို ပေါင်းစပ် ဖန်တီးထားသည့် မိုးကြိုး၏ ဆန္ဒပင် ဖြစ်သည်။
သူနှင့် ချန်ယင်းရှာတို့သည် အင်မော်တယ်ပစ္စည်း အဝါရောင်ကျောက်စိမ်း၏ အကူအညီဖြင့် အချိန်အကြာကြီး ကျင့်ကြံခဲ့ပြီး၊ လျှပ်စီးစွမ်းအား၏ သဘောသဘာဝများကို ရင်းနှီးကျွမ်းဝင်အောင် လုပ်နိုင်ခဲ့ခြင်း မရှိပါက၊ သူသည် သူတော်စင် တူယွမ်၏ နတ်ဘုရားသွေးမိုးကြိုးကြောင့် ရှုပ်ထွေးသွား ပြီး သူ၏ တာအိုနှလုံးသားပင် တုန်လှုပ်သွားနိုင်ပါသည်။
အဆုံးတွင်, သန်မာသော စိတ်ဝိညာဉ်ကို ပိုင်ဆိုင်ထားသော တစ္ဆေအင်မော်တယ်များပင် မိုးကြိုးစွမ်းအားကြောင့် မတုန်လှုပ်ဘဲ မနေနိုင်ပေ။
ဘန်း…။
နောက်ထပ် ကျယ်လောင်သောအသံ ထွက်ပေါ်လာသည်။
အကန့်သတ်မဲ့မြှား ကိုးစင်းသည် တောင်အရွယ်အစားရှိ "သွေးနတ်ဘုရားမိုးကြိုး"ကြောင့် လုံးဝ ပျက်စီးသွားသည်။ ရှည်လျားသော ဟစ်ကြွေးသံနှင့်အတူ အကန့်သတ်မဲ့မြှား ကိုးစင်းသည် ကြိုးပြတ်သွားသော စွန်များကဲ့သို့ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ နတ်ဘုရားသွေးမိုးကြိုးသည် တစ်ဝက်ကျော် ကျုံ့ဝင်သွားသော်လည်း ၎င်းသည် ကြယ်တံခွန်ကဲ့သို့ အားကောင်းနေဆဲ ဖြစ်သည်။ ၎င်းသည် ဟုန်ယွိ၏ စိတ်ဝိညာဉ်ဆီသို့ ပျံသန်းလာပြီး တည့်တည့် ဝင်တိုက်သည်။
ဘန်း…။
ဟုန်ယွိ၏ စိတ်ဝိညာဉ်သည် ချက်ချင်း ပေါက်ကွဲသွားသည်။ ဧရာမ ကောင်းကင်တုန်ခါလေးလည်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။
"လာခဲ့စမ်း…။"
သူတော်စင် တူယွမ်သည် ဟုန်ယွိ၏ စိတ်ဝိညာဉ် ပျက်စီးသွားသည်ကို မြင်သောအခါ စိတ်အေးသက်သာ ဖြစ်သွားခြင်းမရှိပေ။ သူသည် သူ့ဘဝတွင် အရာများစွာကို ကြုံတွေ့ခဲ့ရပြီး တိုက်ပွဲများစွာကို တိုက်ခိုက်ခဲ့ဖူးသည်။ သူသည် မည်သို့ လွယ်လွယ်ကူကူ စိတ်ဖြေလျှော့ နိုင်မည်နည်း။ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ကျောက်စိမ်းရောင် ပန်းကန်လုံးလေးတစ်ခုကို ထွက်ပေါ်လာပါသည်။ ထိုပန်းကန်လုံးတွင် ပုံများစွာကို ထွင်းထုထားသည်။ ထိုရုပ်ပုံများစွာ ရေးထွင်းထားပြီး၊ နတ်ဘုရားများ၊ နတ်ဆိုးများ၊ ထို့ပြင် ကျမ်းစာများပင် ပါဝင်သည်။
သူ ၎င်းကို ပစ်တင်လိုက်ရာ ပန်းကန်လုံးသည် ချက်ချင်း ပျံတက်သွားသည်။ ၎င်းပေါ်ရှိ ရုပ်ပုံများသည် လည်ပတ်သွားပြီးနောက် ဝိညာဉ်လေပွေကဲ့သို့ အားကောင်းသော ဆွဲအားကို ထုတ်လွှတ်သည်။
၎င်းသည် အနှစ်သာရ နတ်ဘုရားကျောင်း၏ နောက်ထပ် ရတနာတစ်ခု ဖြစ်ပြီး၊ အစစ်မှန် နတ်ဘုရားပန်းကန်လုံးဟု ခေါ်သည်။ ပန်းကန်လုံးပေါ်တွင် အလွန်မင်း အစွမ်းထက်သော အစီအရင် မှော်သင်္ကေတများ ရေးထိုးထားသည်။ အနည်းငယ် အသက်သွင်းရုံဖြင့် လူတစ်ဦး၏ ဝိညာဉ်ကို စုပ်ယူရန် ဆွဲအားကို ထုတ်လွှတ်မည် ဖြစ်သည်။
သူသည် ယခုလေးတင် ဟုန်ယွိ၏ စိတ်ဝိညာဉ်ကို ဖျက်ဆီးခဲ့ပြီး၊ အစစ်မှန် နတ်ဘုရားပန်းကန်လုံးကို အသုံးပြုခဲ့သည်။ သူတော်စင် တူယွမ်သည် ဟုန်ယွိ၏ ကျန်ရှိသော အတွေးများကို ပန်းကန်လုံးထဲသို့ စုပ်ယူရန် ရည်ရွယ်ထားသည်မှာ ရှင်းနေပါသည်။
"မင်းက ငါ့ကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ရဲတယ်ပေါ့။ ငါ အခုနက သွေးအနှစ်သာရနဲ့ စိတ်ဝိညာဉ်စွမ်းအား အများအပြားကို အသုံးပြုခဲ့ပေမယ့် မင်းလို တစ္ဆေအင်မော်တယ်လေးတစ်ယောက်က ငါ့ကို ဘယ်လိုလုပ် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်နိုင်မှာလဲ။ ဒါပေမယ့် မင်းကြောင့် ငါ အလွန် ခက်ခက်ခဲခဲ စုဆောင်းခဲ့ရတဲ့ သန့်စင်တဲ့ ယန်စွမ်းအင် တစ်စွန်းတစ်စကို နတ်ဘုရားသွေးမိုးကြိုးအဖြစ် သိပ်သည်းလိုက်ရတာ နှမြောစရာပဲ။"
"ဒါပေမယ့် ငါ ကောင်းကင်တုန်ခါလေးနဲ့ အကန့်သတ်မဲ့မြှား ကိုးချောင်းကို ရခဲ့တယ်ဆိုတော့, တန်ပါတယ်လေ။"
သူ ပြောနေစဉ်တွင် သန့်စင်သော ယန်စွမ်းအင် ပါဝင်သည့် ပူနွေးသော လေပြင်းတစ်ချို့သည် သူတော်စင် တူယွမ်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး ကောင်းကင်တုန်ခါလေးကို သူ့ဆီသို့ ပြန်လည် သယ်ဆောင်လာသည်။
တစ္ဆေအင်မော်တယ် ကျွမ်းကျင်သူများသည် ပျံသန်းသောအခါ အေးစိမ့်သော လေပြင်းတစ်ချို့ကို ထွက်ပေါ်လာကြသည်။ သာမန်လူများသည် ထိုလေပြင်းကြောင့် ဖျားနာနိုင်သည်။ ခန္ဓာကိုယ် ခိုင်မာသူများပင် အရိုးခိုက်အောင် အေးသည်ဟု ခံစားရနိုင်သည်။ သူတော်စင် တူယွမ်၏ အတွေးလေပြင်းသည် တကယ်တမ်းတွင် သန့်စင်သော ယန်စွမ်းအင် ဖြစ်သည်။ ၎င်းသည် နွေရာသီ၏ နေရောင်ခြည်မှ ပူပြင်းသော လေလှိုင်းများ ကဲ့သို့ ဖြစ်သည်။ ၎င်းသည် မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ခဲ့သော ကျွမ်းကျင်သူ၏ အစွမ်းထက်သော စိတ်ဝိညာဉ်ပင် ဖြစ်သည်။ သူတော်စင် တူယွမ်သည် ကောင်းကင်တုန်ခါလေးကို သယ်ဆောင်ပြီးနောက် သူ၏အတွေးကို ချက်ချင်း ထိုလေးထဲသို့ ထည့်သွင်းလိုက်ပါသည်။ သူသည် အတွင်းရှိ စိတ်ဝိညာဉ်တံဆိပ်ကို အတင်းအကြပ် ဖျက်ဆီးပြီး လေးကို သူ့အတွက် ယူနိုင်ရန် ကြိုးစားနေသည်။
"အိုး…။ နောက်တစ်ယောက် ရှိသေးတယ်လား။"
ထိုအခိုက်အတန့်တွင် သူတော်စင် တူယွမ်၏ အတွေးသည် လေးထဲသို့ ဝင်ရောက်သွားသောအခါ ချန်ယင်းရှာက မဟာယင်ယန်ဖရိုဖရဲတွင်းနက် အစီအရင်ကို အသုံးပြု၍ ပြန်လည် တိုက်ခိုက်နေသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။ ဤပြန်လည်တိုက်ခိုက်မှုက သူတော်စင် တူယွမ်ကို အံ့အားသင့်စေခဲ့သည်။
ဘန်း…။
လေထဲတွင် ပျံဝဲနေသော အစစ်မှန် နတ်ဘုရားပန်းကန်လုံးသည် အခြား အစွမ်းထက်သော ဆွဲငင်အားတစ်ခုနှင့် ကြုံတွေ့ရပုံရသည်။ ၎င်းသည် ရွေ့လျားမှုကို ရပ်တန့်သွားပြီးနောက် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
"နတ်ဆိုးနတ်ဘုရားဘုရင် ငါးပါး။ ဝိညာဉ်ဝဲဂယက်။"
ဤအခိုက်အတန့်တွင် ဟုန်ယွိ၏ ပျက်စီးသွားသော အတွေးများသည် အံ့ဖွယ်နည်းဖြင့် တစ်ဖန် ပြန်လည်စုစည်းသွားသည်။ ထို့အပြင် ၎င်းသည် သိပ်သည်းသွားပြီး သူ၏ အစွမ်းထက်ဆုံး လှုပ်ရှားမှုကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။
ယာကရှာနတ်ဆိုးဘုရင် ရှက်ချာဆာနတ်ဆိုးဘုရင် အသုရာနတ်ဆိုးဘုရင် ကင်းကောင် မင်စီလာဘုရင်တို့ ပေါ်လာပြီးနောက်၊ ချက်ချင်း ပျက်စီးသွား သည်။ ထို့နောက် ဧရာမ ချီဝိညာဉ်ဝဲဂယက်သည် သူတော်စင် တူယွမ်၏ ခေါင်းပေါ်သို့ ကျရောက်လာသည်။
"အား။"
သူတော်စင် တူယွမ်သည် မူလကတည်းက ဒဏ်ရာ အပြင်းအထန် ရရှိထားပြီး ဖြစ်သည်။ သူသည် အကန့်သတ်မဲ့ မြှားကို ဖျက်ဆီးရန်အတွက် သူ၏ စစ်မှန်သော ယန်စွမ်းအင်၏ တစ်စိတ်တစ်ပိုင်းကို နတ်ဘုရားသွေးမိုးကြိုးအဖြစ် သိပ်သည်းစေရန် အသုံးပြုခဲ့သည်။ သို့သော် သူသည် ကောင်းကင် တုန်ခါလေးအတွင်းမှ ချန်ယင်းရှာ၏ ချောင်းမြောင်းတိုက်ခိုက်မှုကို ခံခဲ့ရပြီး သူ၏ အာရုံစူးစိုက်မှုကို ဆုံးရှုံးခဲ့ရသည်။ ယခု ဟုန်ယွိက သူ့ကို အလစ်အငိုက်မိစေကာ ပြင်းထန်စွာ တိုက်ခိုက်လာခဲ့ပြီး သူ့ကို အနာအကျင်ဆုံး နေရာကို ထိမှန်စေခဲ့သည်။ ဟုန်ယွိ၏ ချီဝိညာဉ်ဝဲဂယက်သည် နတ်ဆိုးနတ်ဘုရားငါးပါးကို ဖျက်ဆီးခြင်းမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ထိုအခိုက်အတန့်တွင် ၎င်း၏ စွမ်းအားသည် သူတော်စင် တူယွမ်၏ အထွတ်အထိပ် ကာလကိုထက် ကျော်လွန်သွားသည်။ ၎င်းသည် ချက်ချင်း အကျိုးသက်ရောက်မူ ရှိခဲ့သည်။
ဧရာမ ချီဝိညာဉ်ဝဲဂယက်ကြီး ပေါ်လာသည့်အခိုက် သူတော်စင် တူယွမ်၏ ခန္ဓာကိုယ်ပေါ်ရှိ အတွေးများကို ၎င်းထဲသို့ စုပ်ယူသွားသည်။
"စိတ်ဝိညာဉ် အနှစ်သာရ၊ အေးခဲစမ်း။"
ဤအရေးကြီးသော အခိုက်အတန့်တွင် သူတော်စင် တူယွမ်သည် မိုးကြိုးကပ်ဘေးဒဏ် ကျွမ်းကျင်သူ၏ စွမ်းအားကို နောက်ဆုံးတွင် ထုတ်ဖော်လိုက်သည်။ ရုတ်တရက် သူ၏ ခန္ဓာကိုယ်က တုန်ခါသွားသည်။ သူ၏ အတွေးများအားလုံး ဖိနှိပ်လိုက်ပါသည်။ တစ်ချိန်တည်းမှာပင် သိုင်းသူတော်စင်၏ ထူးခြားသော အော်ရာက သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။
သူသည် သူ၏စိတ်ဝိညာဉ် အနှစ်သာရကို သူ၏သွေးအနှစ်သာရနှင့် ပေါင်းစပ်လိုက်သည်။ ၎င်းသည် အနှစ်သာရ နတ်ဘုရားကျောင်း၏ ထူးခြားသော တာအိုပညာရပ်တစ်ခု ဖြစ်သည်။
သို့သော်! သူ၏ နတ်ဘုရား စိတ်ဝိညာဉ်ကို ဖိနှိပ်လိုက်သည်နှင့် တစ်ပြိုင်နက် အောက်သို့ ပြုတ်ကျသွားခဲ့သော အကန့်သတ်မဲ့မြှား ကိုးစင်းသည် ပြင်းထန်စွာ ပြန်လည် ပျံတက်လာသည်။ တစ်ချက် လှုပ်ရှားသွားသည်နှင့် သူ၏ခန္ဓာကိုယ်ကို ဖောက်ထွင်းသွားသည်။
ဘန်း..။
သူ၏ ကြီးမားသော ခန္ဓာကြီးသည် ဓမ္မရတနာကော်ဇောပျံပေါ်သို့ ပြိုကျသွားပါသည်။ သွေးမြူတစ်လုတ် ပေါ်ထွက်လာပြီး ပြင်းထန်သော လေပူစီးကြောင်းအဖြစ် ပြောင်းလဲကာ ပျံထွက်သွားသည်။ ဟုန်ယွိသည် ထိုလေပူစီးကြောင်း၏ အစိတ်အပိုင်း အနည်းငယ်ကိုသာ စုပ်ယူလိုက်ရ သည်။ ကျန်ရှိသော လေပူစီးကြောင်းသည် ချီဝိညာဉ်ဝဲဂယက်၏ အတားဆီးမှုကြားမှ အတင်းအကြပ် ရုန်းထွက်ကာ အပြင်ဘက်သို့ ပျံသန်းသွားခဲ့ သည်။
သို့သော်!
ထိုအချိန်တွင် ဧရာမ လျှပ်စီးမီးတိုင်ကြီးတစ်ခု ကျဆင်းလာသည်။ တစ်ချက်တည်းဖြင့် သူတော်စင် တူယွမ်၏ ကျန်ရှိနေသည့် ထွက်ပြေးနေသော စိတ်ဝိညာဉ် အနှစ်သာရ တစ်ဝက်ကို လုံးဝ ဖျက်ဆီးပစ်လိုက်သည်။
၎င်းသည် ချန်ယင်းရှာက အင်မော်တယ်ပစ္စည်း အဝါရောင်ကျောက်စိမ်းမှတဆင့် ထုတ်လွှတ်လိုက်သော ကောင်းကင်လျှပ်စီးပင် ဖြစ်ပါတော့သည်။
စာစဉ် (၂၀) ပြီးပါပြီ။
ဘာသာပြန်သူ နေဇင်။