← Chapters

အခန်း (၉၁၆-၉၁၈)

Vol. 62 Ch. 916-918

အခန်း (၉၁၆-၉၁၈)

Vol. 62 Ch. 916-918

အခန်း (၉၁၆) နှုတ်ဆက်ပါတယ် ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ

ယောင်ချောင်ဖန်သည် အလွန်ထိတ်လန့်သွားသောကြောင့် ခြေထောက်များ တုန်ယင်လျက် ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။

“ဦးလေး ကျွန်တော့်ကို ကယ်ပါဦး”

ထန်ရှန်းသည်လည်း ထိတ်လန့်သွားသည်။ ရွှယ်အန်းသည် လူများစွာရှေ့တွင် လူသတ်ဖြတ်ဝံ့မည်ဟု သူ ဘယ်သောအခါမှ မထင်မှတ်ခဲ့ပေ။ ထို့ကြောင့် ယောင်ချောင်ဖန်၏ အကူအညီတောင်းသံကို ကြားလိုက်သောအခါ ထန်ရှန်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။

“ရွှယ်အန်း၊ မင်းက နေ့ခင်းကြောင်တောင်ကြီး လူသတ်ရဲတယ်ပေါ့လေ၊ သူ့ကို ဖမ်းကြစမ်း"

ထိုအခါ တန်မိသားစု၏ အစေခံများနှင့် အစောင့်များသည် ရွှယ်အန်းကို ဖမ်းဆီးရန် လှုပ်ရှားလိုက်ကြသည်။ သို့သော် ရွှယ်အန်းသည် အနည်းငယ်မျှ မတုန်လှုပ်ဘဲ ခြေထောက်ကို ခပ်ကြမ်းကြမ်း ဆောင့်နင်းခြင်းဖြင့် သူ့ဆီ ချီတက်လာသော အစေခံအားလုံးကို အဝေးသို့ လွင့်ထွက်သွားအောင် ပြုလုပ်လိုက်သည်။ ပြီးနောက် ရွှယ်အန်းသည် ယောင်ချောင်ဖန်ဘက်သို့ လှည့်ကြည့်ပြီးနောက် လက်ညှိုးတစ်ချောင်း ထုတ်ပြကာ ပြုံးလိုက်သည်။

“တစ်”

“မဟုတ်ဘူး” ယောင်ချောင်ဖန်သည် လုံးလုံးလျားလျား စိတ်အာရုံပျက်ပြားနေသည်။

ရွှယ်အန်း၏အကြည့်သည် အလွန်ကြောက်မက်ဖွယ်ကောင်းသောကြောင့်ဖြစ်သည်။ ဤသည်မှာ သတ္တဝါအားလုံး၏ သေရေး ရှင်ရေးကို လျစ်လျူရှုကာ အထက်စီးမှ ငုံ့ကြည့်နေသည့် ခံစားချက်ကင်းမဲ့သော အသွင်အပြင်မျိုးဖြစ်သည်။ ယင်းနှင့် နှိုင်းယှဉ်ပါက ကျန်းဟုတွင် ယောင်ချောင်ဖန် မြင်တွေ့ဖူးခဲ့သည့် ရက်စက်ကြမ်းကြုတ်သူများသည် မွေးကင်းစကလေးငယ်မျှသာဖြစ်သည်။

“နှစ်” ရွှယ်အန်းက တည်ငြိမ်စွာ ရေတွက်လိုက်သည်။

ယောင်ချောင်ဖန်သည် အနောက်လှည့်၍ တံခါးဆီ ထွက်ပြေးသွားလေသည်။ သို့သော် သူ၏လက်များ တံခါးနှင့် ထိမိသည့် အခိုက်အတန့်တွင် ရွှယ်အန်းသည် ဘာသိဘာသာ ရေတွက်လျက် သူ့အရှေ့သို့ ရောက်ရှိလာခဲ့သည်။

"ရှစ်"

“ခုနက နှစ်အထိပဲ ရေပြီးတာမဟုတ်ဘူးလား" ယောင်ချောင်ဖန်သည် အလွန်ထိတ်လန့်သွားပြီးနောက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“ကျုပ် ခင်ဗျားကိုပြောဖို့ မေ့သွားတာ၊ ခင်ဗျား ထွက်ပြေးဖို့ တွေးနေတာဆိုရင်တော့ ကျုပ်လည်း ရေချင်သလိုပဲ ရေတော့မှာ” ရွှယ်အန်းက ပြုံးလိုက်သည်။

“အခု ရေဖို့ ဂဏန်းနှစ်ခုပဲ ကျန်တော့တယ်၊ ကျုပ်သာ ခင်ဗျားနေရာမှာဆိုရင် အခု ကဗျာတစ်ပုဒ်လောက် စပ်နေလောက်ပြီ”

“ရွှယ်အန်း၊ ကျုပ် ဝန်ခံပါတယ်၊ ကျေးဇူးပြုပြီး ကျုပ် အသက်ကို ချမ်းသာပေးပါ။ ကျုပ် ခင်ဗျားကို မဆန့်ကျင်တော့ပါဘူး” ယောင်ချောင်ဖန်က စိတ်ပျက်အားလျော့စွာ ပြောလိုက်သည်။

မည်သို့ကြိုးစားနေပါစေ သေဆုံးရမည့်အတူတူ သံစဉ်တစ်ခုကို ကဗျာရေးစပ်နိုင်လိမ့်မည် မဟုတ်ပေ။

သို့သော် ရွှယ်အန်းက ဂရုမစိုက်ပေ။

“ကိုး”

“ရွှယ်အန်း၊ ရှင် တကယ်ပဲ ဘာဖြစ်ချင်နေတာလဲ။ ကျွန်မရဲ့ ဖုန်းအာကို ရှင် သတ်ရဲတယ်ပေါ့လေ” ယောင်ယွီသည် အရှေ့သို့ ပြေးဝင်လာစဉ် ထိုသို့အော်ဟစ်လိုက်သည်။

ဤခေတ်ကာလတွင် အမျိုးသမီးများသည် အဆင့်အတန်းနိမ့်သော်လည်း ယောင်ယွီသည် ထန်ရှန်း တရားဝင်အသိအမှတ်ပြုထားသည့် ဇနီးကြီးဖြစ်သည့်အတွက် အရေးပါသောရာထူးမျိုး ကိုင်ဆောင်ထားသည်။ သူမ၏ ရုတ်တရက် ချီတက်မှုသည် ရွှယ်အန်းက သူမကို ထိပ်တိုက်ရင်ဆိုင်ဝံ့မည်မဟုတ်ခြင်းဟူသော ယုံကြည်မှုအပေါ် အခြေခံထားခြင်းဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ အမျိုးသားတစ်ဦးသည် အမျိုးသမီးတစ်ဦးကို မည်သို့မျှ ရင်ဆိုင်တိုက်ခိုက်မည်နည်း။ သို့သော် ဤတစ်ခါတွင် သူမ မှားယွင်းသွားခဲ့သည်။ ယောင်ယွီသည် အရှေ့သို့ ပြေးဝင်လာရုံလာရှိသေးသော်လည်း ရွှယ်အန်းသည် သူမကို လွင့်ပျံသွားသည်အထိ ရိုက်နှက်လိုက်ရာ၊ လေထုထဲတွင် အကြိမ်ပေါင်းများစွာ လှည့်ပတ်ပြီးနောက် မြေပြင်ပေါ်သို့ ပြန်ကျလာသောအခါ သတိလစ်သွားလေသည်။ ဤရိုက်ချက်သည် မိုးခြိမ်းသံသကဲ့သို့ ထိတ်လန့်ဖွယ်ကောင်းလှသည်။ စာကြည့်ခန်းထဲရှိ လူတိုင်း ထိတ်လန့်သွားကြသည်။

ထန်ရှန်း၏မျက်နှာ အလွန်ဖျော့တော့သွား၍ ဒေါသစိတ်ကြောင့် ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေသည်။

“ရွှယ်အန်း၊ မင်း"

“ကျုပ်ကို ကျေးဇူးတင်စရာ မလိုပါဘူး၊ ရပါတယ်” ရွှယ်အန်းက ဘာသိဘာသာ ပြန်ပြောလိုက်သည်။

ပြီးနောက် ယောင်ချောင်ဖန်ကို လှည့်ကြည့်၍ ပြောလိုက်သည်။

“စိတ်တော့မရှိနဲ့၊ ဒါပေမယ့် အချိန်ကျနေပြီ အဆင်သင့်ဖြစ်ပြီလား”

ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေသော ယောင်ချောင်ဖန်သည် အနည်းငယ်မျှ မတုံ့ဆိုင်းဝံ့ဘဲ မြေပြင်ပေါ်တွင် ဒူးထောက်ချလိုက်သည်။

“ရွှယ်အန်း၊ ကျုပ် တကယ် မှားသွားပါတယ်။ ကျေးဇူးပြုပြီး ကျုပ် အသက်ကို ငဲ့ညှာပေးပါ။ ကျုပ် တကယ် တကယ်မှားသွားတာပါ"

ထိုသို့ပြောလျက် မြေပြင်ကို ခေါင်းနှင့် အကြိမ်ကြိမ် ရိုက်လိုက်သည်။ သို့သော် ရွှယ်အန်းသည် သူ့ကို တိတ်တဆိတ် စိုက်ကြည့်ပြီးနောက် အံ့အားသင့်နေသော ထန်လင်းအာဆီ လှည့်ကြည့်ကာ ပြုံးလိုက်သည်။

“ခင်ဗျားကို ပြောဖို့ မေ့သွားတာ၊ ခင်ဗျားရဲ့အမေကိုသတ်ဖို့ ပူးပေါင်းကြံစည်ခဲ့တာက ဒီလူနှစ်ယောက်ဖြစ်နိုင်တယ်”

“ဘာ” ထန်လင်းအာက ထိတ်လန့်စွာ အော်ဟစ်လိုက်သည်။

ထန်ရှန်းသည် ရုတ်တရက် မတ်တတ်ထရပ်၍ ရွှယ်အန်းကို စေ့စေ့ကြည့်လိုက်သည်။

“ဘာလို့ အဲလိုပြောတာလဲ”

“ခင်ဗျား သူ့ကို မေးကြည့်လို့ရတယ်” ရွှယ်အန်းက အပြုံးဖြင့် ပြန်ပြောလိုက်သည်။

ရွှယ်အန်းသည် မြေပြင်တွင် တုန်လှုပ်နေသော ယောင်ချောင်ဖန်ဆီသို့ လက်ဟန်ပြလိုက်သည်။ ယောင်ချောင်ဖန်၏ ခန္ဓာကိုယ်တစ်ခုလုံး အလွန်တုန်လှုပ်သွားကာ သူ၏မျက်နှာသည် တစ္ဆေတစ်ကောင်ကဲ့သို့ ဖြူဖျော့သွားသည်။ အကြောင်းမူကား၊ ရွှယ်အန်းသည် ဤမျှသိုဝှက်သော ကိစ္စရပ်ကို မည်သို့ သိရှိလာသည်ကို သူ အမှန်တကယ် နားမလည်နိုင်သောကြောင့်ဖြစ်သည်။ ထိုအချိန်တွင် ထန်လင်းအာသည် အတွေးနယ်ချဲ့လိုက်ရာ၊ အတိတ်က အဖြစ်အပျက်များ အားလုံး သူမ၏ အတွေးထဲသို့ တိုးဝင်လာသည်။

အထူးသဖြင့် ယောက်ယွီတစ်ယောက် တန်မိသားစုထဲသို့ လက်ထပ်ပြီးနောက် သူမ မိခင်၏ရောဂါသည် လျင်မြန်စွာ ဆိုးရွားလာ၍ အဆုံးတွင် သေဆုံးသွားခဲ့သည်။ ထိုအချိန်တွင် သူမသည် ငယ်ရွယ်လွန်းသောကြောင့် သူမမိခင်သည် ရုတ်တရက် သေဆုံးသွားသည်ဟုသာ ခံစားခဲ့ရသည်။ သူမသည် ဤသို့ယုတ်ညံ့သော အကြောင်းအရာမျိုးကို တစ်ကြိမ်တစ်ခါမျှ မစဉ်းစားခဲ့ဖူးပေ။ သို့သော် ယနေ့တွင် ရွှယ်အန်းက ထိုသို့ပြောလာသောအခါ သံသယဖြစ်ဖွယ် အချက်များစွာကို သူမ ရုတ်တရက် သတိထားမိသွားသည်။

“ယောင်ချောင်ဖန်၊ ဘာတွေဖြစ်ခဲ့တာလဲ။ ကျွန်မကို သေချာရှင်းပြစမ်းပါဦး” သူမသည် အေးစက်စွာ မေးမြန်းလိုက်သည်။

ယောင်ချောင်ဖန်သည် ငြင်းချင်သေးသော်လည်း ရွှယ်အန်း၏ အကြည့်များ သူ့ထံ ရောက်ရှိလာသည်။ ယောင်ချောင်ဖန်သည် ခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ်သွားသကဲ့သို့ ခံစားလိုက်ရကာ သူ၏ပါးစပ်ကို ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘဲ သူနှင့် ယောင်ယွီတို့သည် သားအမိများဖြစ်ကြ၍ တန်မိသားစုနှင့် လက်ထပ်ခြင်းသည်လည်း အမွေဆက်ခံမှုများကို သိမ်းယူရန်ဖြစ်သည့် ရည်ရွယ်ချက်များကိုပင် ဝါးပြွန်မှ ပဲများ ထွက်လာကဲ့သို့ အဖြစ်မှန်များကို ဖွင့်ဟလာခဲ့သည်။

သေဆုံးသွားသော သက်လတ်ပိုင်း စာပေပညာရှင်သည် ထန်လင်းအာ၏ မိခင်ကို သတ်ဖြတ်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ဤသို့ဖြင့် အမှန်တရားများ လုံးလုံးလျားလျား ပေါ်ထွက်လာခဲ့သည်။ ယောင်ချောင်ဖန်သည် အရာအားလုံးကို ထုတ်ပြောပြီးနောက် သူ၏ခန္ဓာကိုယ် အနည်းငယ် တုန်လှုပ်လာ၍ ခန္ဓာကိုယ်၏ ထိန်းချုပ်မှုကို ပြန်လည်ရရှိလာသည်။ သို့သော် ထိုအချိန်တွင် ထန်လင်းအာသည် အထိန်းအကွပ်မဲ့စွာ ဒေါသထွက်လာ၍ သူမ နံဘေးက စားပွဲပေါ်မှ ပန်းအိုးကြီးတစ်လုံးကို ဆွဲယူကာ ယောင်ချောင်ဖန်၏ ခေါင်းထံ ရိုက်ချလိုက်သည်။

ဘန်း

ပန်းအိုးသည် အစိတ်စိတ်အမြွှာအမြွှာ ကွဲထွက်သွားသည်။ ယောင်ချောင်ဖန်၏ ဦးခေါင်းမှ သွေးများ ချက်ချင်းထွက်လာသည်။ သို့သော် ဤသည်မှာ အစပျိုးရုံသာရှိသေးသည်။ ထန်လင်းအာသည် ဒေါသကြောင့် ဆင်ခြင်တုံတရားများ ဆုံးရှုံးသွား၍ ငယ်ဘဝတွင် ထန်ရှန်းနှင့်အတူ စွန့်စားမှုများ ပြုလုပ်ခဲ့ကာ ပြင်းထန်သော စိတ်နေသဘောထားရှိသူဖြစ်သည့် သူမသည် သာမန်အမျိုးသမီး မဟုတ်ပေ။ သူမ မိခင်ကို သတ်ဖြတ်ရန် ကြံစည်ခဲ့သူများသည် ဤသားအမိဖြစ်ကြောင်း သိရှိသွားသည့်အတွက် ၎င်းတို့အပေါ် မုန်းတီးမှုသည် အရိုးထဲထိ နက်ရှိုင်းနေသည်။

သူမသည် လှည့်ပတ်ကြည့်ရှုလိုက်သောအခါ အနီးနားရှိ စာပေပညာရှင်တစ်ဦး၏ ခါးပတ်ပေါ်တွင် အလှဆင်ထားသည့် ရတနာဓားတစ်ချောင်းကို ချက်ချင်း တွေ့ရှိလိုက်သည်။ သူမသည် ၎င်းကို ဆွဲယူပြီးနောက် ယောင်ချောင်ဖန်ကို ပြင်းထန်စွာ စတင် ခုတ်ထစ်လိုက်သည်။ သို့သော် ရတနာဓားသည် ချွန်ထက်သော လက်နက်မျိုးမဟုတ်သည့်အတွက် ယောင်ချောင်ဖန်၏ အသားကို လှီးဖြတ်ရုံသာ ပြုလုပ်နိုင်ခဲ့သည်။ ဤသို့ဆိုလျှင်ပင် ယောင်ချောင်ဖန်သည် မချိမဆံ့ နာကျင်စွာ အော်ဟစ်လိုက်ဆဲဖြစ်သည်။

“မဖြစ်ဘူး ငါ မှားသွားပါတယ်ဟာ။ အဲလိုလုပ်ဖို့ယောင်ယွီပြောခဲ့တာပါ၊ မလုပ်ပါနဲ့တော့”

ထန်လင်းအာ၏ မျက်လုံးများသည် နီရဲနေ၍ သူမသည် ယောင်ချောင်ဖန်၏ တောင်းဆိုမှုကို လုံးလုံးလျားလျား လျစ်လျူရှုလိုက်သည်။ သူမသည် ယောင်ချောင်ဖန်ကို ဓားဖြင့် အစွမ်းကုန် ထိုးနှက်နေခဲ့ရာ၊ ထိုးနှက်ချက်တိုင်းဖြင့် သူမ၏မျက်နှာထံ သွေးများ လွင့်စဉ်လာသည်။ နောက်ဆုံးတွင် အချက်ပေါင်း ဒါဇင်နှင့်ချီအောင် ထိုးနှက်ပြီးနောက် ယောင်ချောင်ဖန်၏ အော်သံများ တဖြည်းဖြည်း အားနည်းလာ၍ သူသည် မြေပြင်ပေါ်သို့ အသက်မဲ့စွာ လဲကျသွားခဲ့သည်။ အခန်းထဲတွင် တိတ်ဆိတ်မှုများဖြင့် ပြည့်နှက်နေသည်။ လူတိုင်းသည် ထန်လင်းအာကို ကြောက်ရွံ့မှုအပြည့်ဖြင့် ကြည့်နေကြသည်။

ထိုအချိန်တွင် လက်တစ်ဖက်သည် ထန်လင်းအာ၏ ပခုံးကို ညင်သာစွာ ပုတ်လာသည်။

“တော်လောက်ပြီ၊ သူ သေနေပြီ၊ ထပ်မလုပ်နဲ့တော့”

ထန်လင်းအာ၏ ခန္ဓာကိုယ် တုန်လှုပ်သွားသည်။ သူမသည် ရွှယ်အန်းကို လှည့်ကြည့်လိုက်သောအခါ သူမ၏ စိတ်ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေသည့် မျက်လုံးများ တဖြည်းဖြည်းချင်း ကြည်လင်လာသည်။ ပြီးနောက် သူမသည် လက်ထဲတွင် ရတနာဓားကို ရုတ်တရက် ပစ်ချကာ မြေပြင်ပေါ်တွင် ဒူးထောက်လျက် နှလုံးကြေကွဲစွာ ငိုကြွေးလိုက်သည်။

“ရွှယ်အန်း... ကျွန်မ ကျေးဇူးတင်ပါတယ်” ထန်လင်းအာက ငိုကြွေးလျက် ပြောလိုက်သည်။

ထိုကျေးဇူးစကားများသည် သူမ၏ နက်နဲသော နှလုံးသားအိမ်ထဲမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ ရွှယ်အန်းမရှိပါက သူမ မိခင်ကို သတ်ဖြတ်ခဲ့သူအား မည်သည့်အခါမျှ သိရှိနိုင်မည် မဟုတ်ပေ။

ထိုအချိန်တွင် ထန်ရှန်းသည် ညှိုးရော်သောအကြည့်ဖြင့် ထစ်ငေါ့စွာ ပြောလာသည်။

“ရွှယ်..."

ရွှယ်အန်းသည် လက်ကို ဝှေ့ယမ်း၍ အရေးမထားစွာ ပြောလိုက်သည်။

“မိသားစုခေါင်းဆောင်ထျန်၊ ကျုပ်က သခင်မလေးထျန်နဲ့ ဖြေရှင်းစရာရှိလို့ ဒီကိုရောက်လာတာပါ၊ အခု ဒီကိစ္စတွေကို သိခဲ့ရတော့ ကျုပ်လည်း လျစ်လျူရှုပြီး မနေနိုင်ဘူး"

ရွှယ်အန်းသည် ယောင်ချောင်ဖန်ကို မြင်တွေ့ချိန်မှစ၍ တစ်စုံတစ်ခုလွဲမှားနေကြောင်း ခံစားခဲ့ရသည်၊ ထို့ကြောင့် နောက်ထပ်စုံစမ်းမေးမြန်းမှုများတွင် ကွဲလွဲမှုများစွာကို တွေ့ရှိခဲ့ရသည်။ ထိုအချိန်တွင် အင်မော်တယ် ဝါးမြိုခြင်းအမိန့်တော်ကို အသုံးပြုနေစဉ် ရွှယ်အန်း၏ ခွန်အားသည်လည်း တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာခဲ့သည်။ သူသည် နတ်အာရုံဖြင့် စူးစမ်းလေ့လာရန် အသုံးပြုခဲ့သောကြောင့် အမှန်တရားများကို သိရှိခဲ့လေသည်။ ဤသည်မှာ ယနေ့တွင် ရဲရင့်စွာ လူသတ်ခဲ့သည့် အပြုအမူ၏ နောက်ကွယ်က အကြောင်းပြချက်ဖြစ်သည်။ ရွှယ်အန်း၏ စကားကိုကြားသောအခါ ထန်ရှန်းသည် အရှက်ရမိသွားသည်။

ထိုအချိန်တွင် ရွှယ်အန်းသည် စာတစ်စောင်နှင့် ဟောင်းနွမ်းနေသော အိတ်တစ်လုံးကို ထုတ်ယူ၍ ထန်လင်းအာ၏နံဘေးတွင် ချလိုက်သည်။

“သခင်မလေးထန်၊ ခင်ဗျားရဲ့ အချစ်ရဆုံးသူ ဖြစ်ရတာ ကျုပ် ကံကောင်းတယ်ဆိုပေမယ့် ကျုပ်တို့တွေ ကံမပါတော့၊ ဒီလောက်နဲ့ပဲ ကိုယ့်လမ်းကိုယ်လျှောက်ကြတာပေါ့ ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ"

ရွှယ်အန်းသည် ထိုသို့ပြောပြီးနောက် လူအုပ်ကြီးကို ခပ်ဖျော့ဖျော့ ပြုံးပြ၍ လှည့်ထွက်သွားလေသည်။ ထန်လင်းအာသည် ရွှယ်အန်း၏ နောက်ကျောကို ကြည့်နေစဉ် ငယ်စဉ်က သူမ ပေးခဲ့သည့် အိတ်ကို ပွေ့ပိုက်ထားလျက် မျက်ရည်များ စီးကျလာသည်။ ထန်ရှန်းသည် တုံ့ဆိုင်းမှုများ နောင်တများဖြင့် တုန်လှုပ်သွားသည်။ ရွှယ်အန်း၏ ယနေ့စွမ်းဆောင်ရည်သည် မျှော်လင့်ထားသည်ထက် များစွာသာလွန်နေသည်။

အရည်အချင်းရှိ လူငယ်များကို မြင်တွေ့လေ့ရှိသော ထန်ရှန်းလျှင်ပင် ရွှယ်အန်းကို သဘောကျမိကာ သားမက်တော်ရန် စိတ်ကူးမိခဲ့သည်။ သို့သော် ယခုအခါ အရာအားလုံး အလွန်နောက်ကျသွားလေသည်။ ထန်ရှန်းသည် ထိုနေရာတွင် ထိုင်လျက်သာ နောင်တရနေမိသည်။ စာကြည့်ခန်းထဲရှိ အခြားလူများသည် တစ်ဦးနှင့် တစ်ဦး အကြည့်ချင်း ဖလှယ်ကြလိုက်သောအခါ ၎င်းတို့၏ မျက်လုံးများတွင် တုန်လှုပ်ချောက်ချားမှုများ မြင်တွေ့လိုက်ရသည်။ ယနေ့ အဖြစ်အပျက်များ ပျံ့နှံ့သွားသည်နှင့် ရွှယ်အန်း၏ ဂုဏ်သတင်းသည် ကောင်းကင်ဘုံသို့ မြင့်တက်သွားကာ ထျန်ရှန်မြို့တော်တွင် ရေပန်းအစားဆုံး ပါရမီရှင်လူငယ်ဖြစ်လာမည်ဟု ၎င်းတို့ နားလည်သွားကြသည်။

အခန်း (၉၁၇) ဝေ့ယန်၌ ထာဝရပျော်ရွှင်မှု

“ချင်းအာ၊ သခင်လေးက ဘာလို့ ပြန်မလာသေးတာလဲ” ချန်းအာ၏ မျက်နှာသည် စိုးရိမ်မှုများဖြင့် ပြည့်နှက်နေသည်။

ချင်းအာသည်လည်း စိတ်ထဲတွင် အတော်လေးစိုးရိမ်နေသော်လည်း ဟန်လုပ်၍သာ ပြောလိုက်သည်။

“ချန်းအာ၊ အရမ်းလည်း စိုးရိမ်နေစရာ မလိုပါဘူး။ သခင်မလေးက အစ်ကိုရွှယ်နဲ့အတူ လိုက်သွားတာဆိုတော့ ဘာမှမဖြစ်လောက်ပါဘူး"

“ကောင်းပါပြီ” ချန်းအာက အနည်းငယ် ကူကယ်ရာမဲ့ ပြန်ဖြေပြီးနောက် တံခါးအဝင်ဝတွင် မေးစေ့ကို လက်ဖြင့်ထောက်လျက် ထိုင်ကာ မစောင့်ဆိုင်းနိုင်တော့သည့်ဟန်ဖြင့် အပြင်ဘက်သို့ စိုက်ကြည့်နေလေသည်။

ထိုသို့မြင်သောအခါ ချင်းအာသည် အားမလိုအားမရဖြစ်စိတ်နှင့် ရယ်ချင်စိတ်တို့ကို ရောနှောခံစားလိုက်သည်။

“ဒီမှာထိုင်နေတာနဲ့ အစ်ကိုရွှယ်က မြန်မြန်ပြန်ရောက်လာနိုင်ပါ့မလား”

“ဒါပေမယ့် ဒီမှာထိုင်နေရင် သခင်လေးပြန်လာတဲ့အခါ ပထမဆုံး တွေ့နိုင်လိမ့်မယ်လေ” ချန်းအာက စိတ်အားထက်သန်စွာ ပြောလိုက်သည်။

ချင်းအာက တစ်ခုခုပြောတော့မည့်အချိန်တွင် ချန်းအာက ရုတ်တရက် ထခုန်၍ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။

“သခင်လေးပဲ၊ သခင်လေး ပြန်လာပြီ”

ချင်းအာသည် လျင်မြန်စွာ လှည့်ကြည့်လိုက်သည်။ အမှန်တကယ်ပင် ရွှယ်အန်းသည် ခြံဝင်းထဲသို့ ခပ်ဖျော့ဖျော့ ပြုံး၍ လှမ်းဝင်လာကြောင်း သူမ မြင်တွေ့လိုက်ရသည်။ ချင်းအာ၏ နှလုံးသားတွင် မရေရာသော စိတ်ခံစားမှုများ ဖြတ်သန်းသွားလေသည်။ သူသည် အချိန်အတော်ကြာမှ ပြန်ရောက်လာခဲ့သည်။ ထို့ကြောင့် အခြေအနေများ ပြောင်းလဲသွားခြင်းဖြစ်လေသလော။

ထိုသို့တွေးပြီးနောက် ချင်းအာသည် ကမန်းကတန်း အော်ခေါ်လိုက်သည်။

“အစ်ကိုရွှယ် ပြန်ရောက်လာပြီ”

ရွှယ်အန်းက ခေါင်းညိတ်ပြလိုက်သည်။

“ဟုတ်တယ်၊ ပြန်လာပြီ”

“အိုး၊ ဒါနဲ့ သခင်မလေးက ဘာလို့ပါမလာတာလဲ”

“သခင်မလေးထန်က ခဏလောက်တော့ ပြန်လာနိုင်ဦးမှာ မဟုတ်ဘူး” ရွှယ်အန်းက ချန်းအာကို လှည့်ကြည့်၍ ပြောလိုက်သည်။

“ချန်းအာ၊ ပစ္စည်းတွေ သွားသိမ်းလိုက် ကျုပ်တို့သွားကြမယ်”

'သွားတော့မယ်တဲ့လား'

ချင်းအာနှင့် ချန်းအာနှစ်ဦးစလုံး အလွန်ထိတ်လန့်သွားကြသည်။

“သခင်လေး၊ ကျွန်မတို့က ဘာလို့ထွက်သွားဖို့လိုတာလဲ” ချန်းအာက မေးလိုက်သည်။

“ဟုတ်ပါတယ် အစ်ကိုရွှယ်၊ မဟုတ်မှလွဲရော ကျွန်မတို့သခင်က တစ်ခုခုပြောလို့လား” ချင်းအာသည်လည်း ကမန်းကတန်း မေးလာသည်။

“သူ ဘာမှမပြောပါဘူး၊ ဒါပေမယ့် ကျုပ်အရာအားလုံးကို သေချာ ရှင်းပြပြီးပြီဆိုတော့ ထွက်ခွာဖို့ အချိန်တန်ပြီလေ” ရွှယ်အန်းက ပြုံး၍ ခေါင်းခါပြလိုက်သည်။

ချင်းအာက ပို၍ပင် စိတ်ရှုပ်ထွေးလာသည်။ ချန်းအာသည် အနည်းငယ် စိတ်ရှုပ်နေသော်လည်း၊ ဤစိတ်ထားရိုးရှင်းသော အစေခံသည် ရွှယ်အန်း၏ စကားကို အမြဲသစ္စာရှိရှိ လိုက်နာခဲ့သဖြင့် နာခံစွာ ခေါင်းညိတ်ပြလိုက်သည်။

“ကောင်းပါပြီ၊ ကျွန်မ ပစ္စည်းတွေ ထုပ်ပိုးလိုက်ပါ့မယ်” ထိုသို့ ပြောပြီးနောက် ပစ္စည်းများ ထုပ်ပိုးရန် အခန်းထဲသို့ ဝင်သွားလေသည်။

ချင်းအာက တစ်ခုခုမေးချင်နေသော်လည်း ရွှယ်အန်း၏ ဝမ်းနည်းသော မျက်လုံးများကို မြင်သောအခါ သူမ၏စကားများကို မျိုချလိုက်ရသည်။ မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ အဆိုးဆုံး ရလဒ်ဖြစ်သည်။ ခဏအကြာတွင် ချန်းအာသည် အိတ်ငယ် တစ်လုံးကို ကိုင်ဆောင်၍ ထွက်လာခဲ့သည်။

“သခင်လေး၊ အကုန်လုံး ထုပ်ပိုးပြီးပါပြီ”

ရွှယ်အန်းက ခေါင်းညိတ်ပြလိုက်သည်။

“မိန်းကလေး ချင်းအာ၊ ကျုပ်တို့ သခင်မလေးထန်ကို နှုတ်ဆက်ခဲ့တယ်ဆိုတဲ့အကြောင်း ကျေးဇူးပြုပြီး စကားအမှာပါးပေးပါ”

ထိုသို့ပြောပြီးနောက် ရွှယ်အန်းသည် အိတ်ငယ်လေးကို ကိုင်ဆောင်ထားသည့် ချန်းအာကို ဦးဆောင်ကာ ထွက်ခွာသွားခဲ့သည်။ ချင်းအာသည် ခေတ္တအံ့အားသင့်စွာ ရပ်တန့်နေပြီးနောက် အိပ်မက်မှ နိုးထလာသကဲ့သို့ ရွှယ်အန်းနှင့် ချန်းအာတို့ကို ထန်မိသားစု၏ ပင်မတံခါးဆီ လိုက်ပို့ရန် ကမန်းကတန်း ပြေးထွက်လာသည်။

“မိန်ကလေးချင်းအာ၊ ကျေးဇူးပြုပြီး ဒီမှာပဲ ရပ်လိုက်ပါ” ရွှယ်အန်းက လှည့်မကြည့်ဘဲ ပြောပြီးနောက် ထွက်သွားလေသည်။

ချင်းအာသည် ရွှယ်အန်း၏ နောက်ကျောကို ငေးငိုင်စွာ စိုက်ကြည့်လျက် သူမ၏နှလုံးသားသည် ပိုင်းခြား၍မရနိုင်သည့် ရောထွေးနေသောခံစားချက်များဖြင့် ပြည့်နှက်နေသည်။ သို့သော် ထိုအချိန်တွင် ငိုကြွေးမြည်တမ်းသည့် သက်ပြင်းချသံတစ်ခု သူမ အနောက်မှ ထွက်ပေါ်လာသည်။ ချင်းအာက လှည့်ကြည့်လိုက်သောအခါ ထိတ်လန့်သွားသည်။

“သခင်မ... သခင်မလေး”

အမှန်တကယ်ပင် ချင်းအာ၏နောက်တွင် ရပ်နေသူသည် မည်သည့်အချိန်ကမှန်းမသိ ပေါ်ပေါက်လာသည့် ထန်လင်းအာဖြစ်သည်။ ထိုအချိန်တွင် ထန်လင်းအာ၏ မျက်နှာသည် ဖြူဖျော့နေ၍ သူမက ခပ်ပါးပါး ခေါင်းညိတ်ပြလိုက်သည်။

“ချင်းအာ၊ လူကြီးမင်းရွှယ်... ထွက်သွားတုန်းက ဘာမှမပြောခဲ့ဘူးလား"

“အစ်ကိုရွှယ်က သူ ထွက်သွားပြီဆိုတဲ့အကြောင်း သခင်လေးကို စကားအမှာပါးလိုက်ပါတယ်" ချင်းအာသည် အလွန်စိတ်နှလုံးနာကျင်စွာဖြင့် ခေါင်းငုံ့လိုက်သည်။

ထန်လင်းအာသည် ထိုစကားများကို ကြားသောအခါ မျက်လုံးများ တဖြည်းဖြည်း မှိန်ဖျော့သွားကာ ရွှယ်အန်း သူမထံ ပြန်ပေးခဲ့သည့် အိတ်ကို လက်ဖြင့် ဖြည်းညှင်းစွာ ဆုပ်ကိုင်လိုက်သည်။

“သခင်မလေး၊ ဘာတွေမှားသွားလို့လဲ။ သခင်ကြီးက သဘောမတူလို့လား၊ ဒါမှမဟုတ်ရင် အစ်ကိုရွှယ်က ဘာလို့ဒီလိုပြတ်ပြတ်သားသား ထွက်သွားတာလဲ" ချင်းအာက မေးလိုက်သည်။

“သဘောမတူတာ ဟုတ်လား။ မဟုတ်ဘူး၊ သဘောမတူတဲ့လူက သူပဲ” ထန်လင်းအာက ခါးသီးစွာ ပြုံးလိုက်သည်။

အစပိုင်းတွင် ထန်လင်းအာက “သူ”ဟု ရည်ညွှန်းနေသည့်အတွက် ချင်းအာက ရုတ်တရက် နားမလည်ခဲ့သော်လည်း ခဏအကြာတွင် သဘောပေါက်သွားသည့်အတွက် ဖျော့တော့သွားလေသည်။

“သခင်မလေး၊ အစ်ကိုရွှယ်က သဘောမတူဘူးလို့ ပြောနေတာလား”

ထန်လင်းအာသည် မောပန်းနွမ်းနယ်စွာ ခေါင်းညိတ်ပြပြီးနောက် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် သူမ မျက်လုံးများ လင်းလက်လာသည်။

“ချင်းအာ၊ သူ ဝေးဝေးမသွားနိုင်သေးချိန် သူ့အနောက်ကို ပါးနပ်တဲ့ အစေခံတချို့ မြန်မြန်လွှတ်လိုက်။ သူ အခြေချနေထိုင်တဲ့ နေရာကို သိထားမှဖြစ်မယ်”

“နားလည်ပါပြီ” ချင်းအာက ချက်ချင်း ခေါင်းညိတ်ပြလိုက်သည်။ ချင်းအာသည် ပြင်ဆင်ရန် ထွက်သွားခဲ့သည်။

ထန်လင်းအာသည် ထိုနေရာတွင် ရပ်တန့်လျက် လင်းလက်သော မျက်လုံးများဖြင့် တီးတိုးပြောလိုက်သည်။

"ဒီတော့ ရှင် ကျွန်မကို ဒီလိုငြင်းပယ်ဖို့ တွေးနေတယ်ပေါ့လေ၊ ရှင် ကျွန်မလုံ့လကို လျှော့တွက်လိုက်တာပဲ”

ထန်မိသားစုအိမ်တော်တွင် မငြိမ်မသက်ဖြစ်နေစဉ် ချန်းအာကို ဦးဆောင်လာသည့် ရွှယ်အန်းသည် ယိယန်လမ်းမှ ထွက်ခွာကာ လူစည်ကားသော လမ်းမကြီးပေါ်တွင် ရပ်တန့်လိုက်သည်။ ချန်းအာသည် ရွှယ်အန်းအနားသို့ တိုးကပ်လိုက်သည်။

“သခင်လေး၊ ကျွန်မတို့ အခု ဘယ်သွားကြမလဲ”

ရွှယ်အန်းသည် ကြီးမားသော မြို့တော်ကို ငေးကြည့်ပြီးနောက် အဆုံးတွင် ယိယန်လမ်းနှင့် လမ်းတစ်လမ်းသာ ဝေးကွာသည့် ကျီလဲ့ခန်းမတွင် သူ၏အကြည့်များ ရပ်တန့်သွားသည်။ အရှေ့ဈေး၏ အနောက်ဘက်ခြမ်းတွင်ရှိသော ကျီလဲခန်းမသည် ထျန်ရှန်မြို့တော်တွင် အစည်ကားဆုံးနေရာများအနက် တစ်ခုဖြစ်သည်။ ထိုသို့စည်ကားနေရသည့် အကြောင်းရင်းသည် ကျန်းတု၏ ကမ္ဘာအနှံ့ အကျော်ကြားဆုံး ကချေသည်များ စုစည်းနေခြင်းကြောင့်ဖြစ်သည်။

ဤနေရာသည် ထျန်ရှန်မြို့တော်၏ ဇိမ်ခံခန်းမများရှိသည့် စီရင်စုဟု ဆိုနိုင်သည်။ ကျော်ကြားသော ကချေသည်များ၊ ရဲရင့်သော ပုဂ္ဂိုလ်များအပြင် ကြော့မော့သော ကိုယ်ရည်ကိုယ်သွေးရှိသူ အမျိုးမျိုးတို့သည် ဤနေရာတွင် စုဝေးနေသည့်အတွက် ဆယ်မိုင်မီးရှူးမီးပန်းလမ်းမဟု ကျော်ကြားသော အမည်မျိုး ရရှိထားသည်။ သို့သော် ရွှယ်အန်း၏ မျက်လုံးများတွင်မူ ကျီလဲ့ခန်းမ၏အထက်တွင် ရင်းနှီးသော အရောင်အဝါများ စွဲကျန်ရစ်နေသည်။

ဤအရောင်အဝါသည် အလွန်အားနည်းနေသောကြောင့် တစ်စုံတစ်ယောက်သည် ၎င်းကို ချန်ရစ်ထားခဲ့သည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်ကြောင်း ဖော်ပြနေသည်။ ထို့ကြောင့် ရွှယ်အန်းသည် ကျန်းတုသို့ ပထမဆုံး ရောက်ရှိလာစဉ်က ၎င်းကို သတိမထားမိခဲ့ပေ။ ယခုမူ ရွှယ်အန်း၏စွမ်းအင်များ အလွန်တိုးတက်ကောင်းမွန်သောကြောင့် ၎င်းကို တစ်ချက်တည်း ကြည့်ရုံဖြင့် မြင်တွေ့လိုက်သည်။

သူ၏နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်ပေါက်လာပြီးနောက် မျက်နှာချင်းဆိုင် လမ်းမကို ညွှန်ပြလိုက်သည်။

“ချန်းအာ"

“ရှင်”

“ဒီနေ့၊ ဒီသခင်လေးက မင်းကို ဆောင်ကြာမြိုင်ကို ခေါ်သွားပေးမယ်”

ချန်းအာသည် လမ်းတစ်ဖက်ရှိ ကျီလဲ့ခန်းမကို ပဟေဋ္ဌိဖြစ်စွာ လှည့်ကြည့်လိုက်ပြီးနောက် ခေါင်းကို ကုတ်ခြစ်လိုက်သည်။

“သခင်လေး၊ ဆောင်ကြာမြိုင်က ဘာလဲ။ ပြီးတော့ ကျွန်မတို့ အဲဒီနေရာကို ဘာလို့သွားကြမှာလဲ”

ရွှယ်အန်းက ရယ်မောပြီးနောက် ချန်းအာ၏ ဦးခေါင်းကို ညင်သာစွာ ပုတ်လိုက်သည်။

"မေးခွန်းတွေက များလိုက်တာ၊ သခင်လေး နောက်ကိုသာ လိုက်ခဲ့စမ်းပါ၊ ပြီးရင် နားလည်သွားလိမ့်မယ်”

“ဟုတ်”

ချန်းအာသည် ရွှယ်အန်းနှင်အတူ ကျီလဲခန်းမသို့ လိုက်ပါသွားသည်နှင့် သူမ၏ မျက်လုံးများသည် တဖြည်းဖြည်း ပြူးကျယ်လာသည်။ လမ်းဘေး အဆောက်အဦးများ၏ သပ်ရပ်စွာ ပြင်ဆင်ထားသော တံစက်မြိတ်များအောက်တွင် တောက်ပစွာ ၀တ်စားဆင်ယင်ထားသည့် အမျိုးသမီးအများအပြားသည် တိုင်လုံးများကို မှီလျက် အောက်သို့ လက်ဟန်ခြေဟန်ဖြင့် ညွှန်ပြကာ စကားစမြည်ပြောနေကြသည်။

ရွှယ်အန်းနှင့် ချန်းအာတို့ကို တွေ့သောအခါ အမျိုးသမီးအားလုံး ခဏတာ အံ့အားသင့်သွားပြီးနောက် ပါးစပ်ကို အုပ်၍ တခစ်ခစ်ရယ်မောကာ အချင်းချင်း ပြောလိုက်ကြသည်။

“ဘယ်လောက်တောင် ထူးခြားလိုက်သလဲလို့၊ ကျီလဲ့ခန်းမကို လာလည်တာတောင် အစေခံ ခေါ်လာတယ်တဲ့လား"

“ဒီလူငယ်က တော်တော်ချောသား၊ ကျွန်မ အကြိုက်ပဲ။ ညီအစ်မတို့ သူ့ကို ကျွန်မဆီက မလုကြနဲ့နော်"

“ကျွတ်၊ ပါးစပ်ကို ဆွဲဖြဲပစ်လိုက်လို့။ သူ့ကို ဆွဲဆောင်မှုရှိတယ်လို့ထင်တာ နင် တစ်ယောက်တည်းလို့ထင်နေလား”

အမျိုးသမီးများသည် ရွှတ်နောက်နောက် ကျိန်ဆဲပြီးနောက် ရွှယ်အန်းကို ပရောပရည်ပြုသော အကြည့်များဖြင့် ရံဖန်ရံခါ ကြည့်နေကြသည်။ ကျီလဲ့ခန်းမသို့ လာလေ့ရှိသောသူများသည် ဟိတ်ဟန်များသော စာပေပညာရှင်များ သို့မဟုတ် မြင့်မြတ်သူများဖြစ်သည့်အတွက် ဤအမျိုးသမီးများသည် ထိုကဲ့သို့ရောင်းဝယ်ဖောက်ကားမှုကို ကျင့်သားရနေကြလေသည်။ သို့သော် ထိုပုဂ္ဂိုလ်များသည် ယေဘူယျအားဖြင့် အသက်အရွယ်ကြီးရင့်ကြသည်။

ရွှယ်အန်းကဲ့သို့ ငယ်ရွယ်သူကို ကျီလဲ့ခန်းမတွင် တွေ့ရှိရခြင်းသည် ရှားပါးသော မြင်ကွင်းတစ်ခုဖြစ်သည်။ ပို၍ရှားပါးသည်မှာ သူ၏နုပျိုချောမောသော အသွင်အပြင်သည် ဤအမျိုးသမီးများ၏ နှလုံးသားကို များစွာနှိုးဆွစေသည်။

သို့သော် ဤအခိုက်အတန့်တွင် ချန်းအာသည် ဆောင်ကြာမြိုင်၏ ဆိုလိုရင်းကို သဘောပေါက်သွားသောကြောင့် မျက်နှာမှ နားရွက်များအထိ နီမြန်းသွားလေသည်။

“သခင်လေး၊ ဒါက မီးရှူးမီးပန်းနဲ့ မိုးမခလမ်း မဟုတ်လား။ ကျွန်မတို့တွေ ဒီကို ဘာလာလုပ်တာလဲ”

“ထုံးစံအတိုင်း... လူတစ်ယောက် ရှာဖို့ လာတာပေါ့" ရွှယ်အန်းက ပြုံး၍ ပြန်ဖြေလိုက်သည်။

အခန်း (၉၁၈) ဤခရီးစဉ်သည် အချစ်နှင့် အလှရှုခင်းများအကြောင်းဖြစ်၏

“လူတစ်ယောက် ရှာဖို့လား” ချန်းအာ၏ခေါင်းသေးသေးလေးတွင် မေးခွန်းအမှတ်အသားများဖြင့် ပြည့်နှက်နေသည်။

ဤဘရိုကိတ်နှင့် မိုးမခပန်းကဲ့သို့သော နေရာတွင် သခင်လေးက မည်သို့သောလူကို ရှာဖွေချင်ရသနည်း။ သို့သော် ရွှယ်အန်းသည် ချန်းအာ၏ မေးခွန်းကို မဖြေဘဲ ဧရိယာတစ်ဝိုက်ကို လှည့်ပတ်ကြည့်ရှုလိုက်သည်။ ခဏအကြာတွင် သူ ရှာနေသည့်လူကို တွေ့ရှိသွားသည်။ လမ်းမ၏ အောက်ဘက်ပိုင်းမှ အမျိုးသားတစ်ဦး ပေါ်လာသည်။ ဤအမျိုးသားသည် အသက်သုံးဆယ်ခန့်ရှိ၍ ခမ်းနားထည်ဝါသောအဝတ်အစားများ ၀တ်ဆင်ထားသော်လည်း သူ၏အသွင်အပြင်သည် အလွန်မဖွယ်မရာဆန်လှသည့်အပြင် မျက်ကွင်းများ ညိုမည်း၍ လမ်းပေါ်ရှိ လှပသောမိန်းကလေးများကို အဆက်မပြတ် လှည့်ကြည့်နေသည်။ သူသည် အပျော်အပါးယစ်မူးသူဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိနိုင်သည်။ ရွှယ်အန်းသည် အနည်းငယ်ပြုံးကာ ရှေ့သို့ လှမ်းကာ ထိုလူ၏လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။

“အစ်ကို၊ ခဏနေပါဦး”

ထိုလူသည် လန့်ဖျပ်သွားပြီးနောက် ရွှယ်အန်းကို စူးစမ်းချင်စိတ်ဖြင့် လေ့လာလိုက်သည်။ “မိတ်ဆွေ၊ ကျုပ်တို့တွေ တွေ့ဖူးတယ်လို့တော့ ကျုပ် မထင်ဘူးနော်”

“ဒါပေါ့၊ မတွေ့ဖူးပါဘူး” ရွှယ်အန်းက ပြုံးလိုက်သည်။

“ဒါဆို ကျုပ်ကို ဘာလို့တားနေတာလဲ” ရွှယ်အန်း၏ ၀တ်စုံသည် အထူးတလည် ကြီးကျယ်ခမ်းနားခြင်းမရှိသော်လည်း ကျက်သရေရှိသော အရောင်အဝါမျိုးဖြင့် ပြုမူနေကြောင်း မြင်လိုက်ရသဖြင့် အမျိုးသားသည် ပေါ့ပေါ့တန်တန် မဆက်ဆံဝံ့ပေ။

အထူးသဖြင့် ရွှယ်အန်းအနောက်တွင် လိုက်ပါလာသော ချန်းအာကို မြင်လိုက်ရပြီးနောက် ခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ်သွားကာ သူ၏မျက်လုံးများတွင် အံ့သြထိတ်လန့်နေသော အကြည့်များ ပေါ်ပေါက်လာသည်။ သူ၏အမြင်အရ ချန်းအာကဲ့သို့ လှပသော အစေခံတစ်ယောက်ရှိသော ရွှယ်အန်းသည် ထူးခြားသော အဆင့်အတန်းမျိုး ပိုင်ဆိုင်ထားသူတစ်ဦးဖြစ်ပေလိမ့်မည်။ သူသည် ချမ်းသာသော ကုန်သည်မိသားစု၏ လူချမ်းသာသခင်လေးတစ်ဦးဖြစ်၍ မြို့တော်သို့ အပျော်အပါးလိုက်စားရန် လာရောက်လည်ပတ်ခြင်း ဖြစ်နိုင်လေသလော။ အမျိုးသားသည် ထိုသို့ စဉ်းစားနေသည်။

ရွှယ်အန်းက ဘာသိဘာသာ ပြောလိုက်သည်။

“အစ်ကို့ကို တစ်ချက်တည်းကြည့်ရုံနဲ့ အစ်ကိုက အပျော်အပါးလောကမှာ လက်ဟောင်းတစ်ယောက်ဆိုတာ ကျုပ် ပြောနိုင်တယ်။ ကျုပ်က ဒီအပိုင်းမှာ အသစ်ဆိုတော့ အရာတော်တော်များများနဲ့ မရင်းနှီးဘူးလေ၊ ဒီချန်းလဲ့ခရိုင်မှာ မယုံနိုင်လောက်အောင် လှပပြီး အနုပညာအရ ကျွမ်းကျင်တဲ့ မိန်းကလေးတစ်ယောက်ရှိမရှိ မေးမြန်းချင်လို့ပါ”

ထိုသို့သောအခါ အမျိုးသား၏ မျက်လုံးများ လင်းလက်လာ၍ အပြုံးဖြင့် ပြောလိုက်သည်။

“ခင်ဗျားက လူမှန်ဆီ ရောက်လာတာပဲ။ ကျုပ်ဆိုတဲ့ ဟွီစန်းက အခြားအရာတွေမှည မကြွားရဲပေမယ့် ဘယ်မိန်းကလေးက လှတယ်၊ ဘယ်မိန်းကလေးက အရည်အချင်းရှိတယ်ဆိုတာတော့ ရှင်းရှင်းလင်းလင်း သိတယ်ဗျ”

“ဒါပေမယ့် ငါ့ညီ၊ ခင်ဗျား ဘယ်လိုပုံစံမျိုး ရှာနေတာလဲ၊ ပြီးတော့ ငွေကရော ဘယ်လောက်သုံးဖို့ စီစဉ်ထားလဲ” ဟွီစန်းသည်ရွှယ်အန်းကို စူးစိုက်၍ ကြည့်လိုက်သည်။

ရွှယ်အန်းက ရယ်မောလိုက်သည်။

“ဘယ်လိုပုံစံမျိုးက ပိုကောင်းမလဲဆိုတာ ကျုပ်လည်း သေချာမသိဘူး၊ ဒီချန်းလဲ့ခရိုင်က ကျယ်ကျယ်ပြန့်ပြန့် နာမည်ကြီးတယ်လို့ပဲ ကြားထားတော့ ကိုယ်တိုင် လာကြည့်ချင်လိုက် ရောက်လာတာ။ ကျုပ် ငွေဘယ်လောက်သုံးဖို့စီစဉ်ထားလဲဆိုတာကတော့..."

“ဈေးအကြီးဆုံးထဲက ရွေးကြတာပေါ့”

ထိုသို့ပြောသောအခါ ဟွီစန်းသည် အလွန်ပျော်ရွှင်သွားသည်။

'ထင်တဲ့အတိုင်းပဲ'

သူ၏ခန့်မှန်းချက်များ မမှားယွင်းပါက၊ ဤသည်မှာ သီးခြားနေထိုင်လေ့ရှိသည့် သြဇာကြီးမားသော မိသားစု၏ လူချမ်းသာသခင်လေး ဖြစ်ရပေလိမ့်မည်။ မဟုတ်ပါက၊ သူသည် မည်သို့မျှ ဤသို့ယုံကြည်မှု ရှိနိုင်မည်နည်း။ ချန်းလဲ့ခရိုင်သည် သိုက်တူးသည့် နယ်မြေတစ်ခုအဖြစ် လူသိများကြသည်။ ငွေရာဂဏန်းခန့်မျှ မပိုင်ဆိုင်ပါက၊ ထိပ်တန်း ကချေသည်နှင့် တွေ့ဆုံရန် မမျှော်လင့်နိုင်ပေ။ လူငယ်၏ ဈေးအကြီးဆုံးကို လိုချင်သည်ဟူသော စကားများအရ သူ၏မိသားစုသည် များပြားလှသည့် စည်းစိမ်ဥစ္စာများ ပိုင်ဆိုင်သည်ဟု ညွှန်ပြနေခြင်းဖြစ်သည်။ ဟွီစန်းသည် စိတ်ထဲတွင် ဝမ်းမြောက်သော်လည်း မျက်နှာအမူအရာကို ထိန်းချုပ်ထားလိုက်သည်။

“ကြည့်ရတာတော့ ကျုပ်တို့က တကယ်တူညီတဲ့ ဝါသနာအိုးတွေပဲ ဖြစ်ရမယ်။ ဒီလိုဆိုမှတော့ ကျုပ် ခင်ဗျားကို နေရာတစ်ခုဆီ ခေါ်သွားပေးမယ်။ ဒါပေမယ့် အဲဒီနေရာက ပိုက်ဆံရှိရုံတင်မရဘဲ စာပေစွမ်းရည်လည်းရှိဖို့ လိုအပ်တယ်"

ထိုအချိန်တွင် ဟွီစန်းသည် ရွှယ်အန်းကိုကြည့်၍ ရုပ်ရည်အသွင်အပြင် လိုအပ်သည်ဟူသော စကားလုံးများကို မျိုချလိုက်သည်။ ဇီဇာအကြောင်ဆုံးသူများပင် ရွှယ်အန်း၏ ရုပ်ရည်ကို အပြစ်ရှာနိုင်မည် မဟုတ်ပေ။

ရွှယ်အန်းက ပြုံး၍ ပြန်ဖြေလိုက်သည်။

“အဲဒါဆိုရင် အစ်ကို့ကို ဒုက္ခပေးလိုက်ပါဦးမယ်”

“ဒုက္ခမဟုတ်ပါဘူး” ဟွီစန်းသည် ရွှင်လန်းမှုများဖြင့် ပြည့်နှက်နေသည်။

ဆောင်ကြာမြိုင်ကို လူချမ်းသာ ဖောက်သည်တစ်ဦးနှင့် မိတ်ဆက်ပေးနိုင်ပါက၊ သူရရှိမည့် ဆုကြေးငွေသည် နည်းပါးမည် မဟုတ်ပေ။ သူသည် ထုံးစံအတိုင်း အလွန်ပျော်ရွှင်နေသည်။ ဟွီစန်းက ဦးဆောင်လမ်းပြနေချိန် ချန်းအာသည် စိုးရိမ်ပူပန်နေသော အမူအရာဖြင့် ရွှယ်အန်းအနားသို့ တိုးကပ်လာသည်။

“သခင်လေး၊ အခု ကျွန်မတို့မှာ... ငွေနှစ်စကျော်ပဲရှိတော့တာလေ။ အစားအသောက်နဲ့ တည်းခိုဖို့အတွက်လည်း သိမ်းထားဖို့ လိုသေးတာ၊ အခု အဲ့ငွေတွေကို သုံးလိုက်ရင် ကျွန်မတို့ ဘာဆက်လုပ်ကြမှာလဲ"

ရွှယ်အန်းသည် ချန်မိသားစုကို ဖျက်ဆီးခဲ့သည့်နေ့တွင် အစားအသောက်စရိတ်များကို ကာမိစေရန် ငွေပေးအပ်ခဲ့သည်။ ဆိုင်ပိုင်ရှင်ယန်သည် နောက်ပိုင်းတွင် ငိုယိုတောင်းဆို၍ ပိုက်ဆံပြန်ပေးခဲ့သော်လည်း ရွှယ်အန်းသည် မြို့တော်သို့ လာသည့်လမ်းတွင် ငွေအားလုံးနီးပါး အသုံးပြုခဲ့သည်။ ထိုကြောင့် ယခုအခါ သခင်နှင့် အစေခံတို့နှစ်ဦးစလုံးတွင် စုစုပေါင်း ငွေနှစ်စကျော်သာ ကျန်ရစ်တော့သည်။ ချန်းအာသည် သဘာဝအတိုင်း အလွန်စိုးရိမ်နေပါသည်။ ထို့အပြင် ရွှယ်အန်း၏စကားများအရ သူသည် ထိပ်တန်း ကချေသည်ကို ရှာဖွေနေပုံရသည်။

ငွေများ မည်သည့်နေရာမျှ ရောက်ရှိလာမည်ဟူသောအချက်ကို ဖယ်ကြဉ်ထားလျှင်ပင် သခင်လေးသာ အမှန်တကယ် ရှေ့ဆက်မည်ဆိုပါက သူမ မည်သို့ ပြုလုပ်ရမည်နည်း။ ချန်းအာ၏ နှလုံးသားသည် ဖော်မပြနိုင်သော ခံစားချက်များဖြင့် ပြည့်နှက်နေသည်။ ရွှယ်အန်းသည် ထိုအကြောင်းအရာကို သတိပြုမိသောကြောင့် ခပ်ပါးပါး ရယ်မောလျက် သူမ၏ ခေါင်းကို ပုတ်လိုက်သည်။

“ကဲပါ၊ မင်းရဲ့ သခင်က စဉ်းစားဆင်ခြင်တတ်ပါတယ်။ နောက်ထပ် ထပ်မပြောနဲ့တော့”

“ဟုတ်” ချန်းအာသည် စကားမပြောဝံ့တော့ဘဲ ခေါင်းငုံ့လိုက်သည်။

ဟွီစန်းသည် ဤခရိုင်နှင့် အလွန်ရင်းနှီးသူဖြစ်ရာ၊ ရွှယ်အန်းနှင့်အတူ လမ်းများစွာမျှ ဖြတ်ကျော်ပြီးနောက် သပ်ရပ်စွာ ပြင်ဆင်ထားသော ခြံဝင်းတစ်ခုအရှေ့သို့ ရောက်ရှိလာသည်။ လမ်းပေါ်တွင် ရပ်နေလျှင်ပင် ခြံဝင်းထဲတွင် တည်ဆောက်ထားသည့် မြင့်မားသော သစ်သား အဆောက်အဦးများကို မြင်တွေ့နိုင်သည်။ အခြားမည်သည်မျှ မပြောလျှင်ပင် ဤနေရာ၏ ခမ်းနားမှုသည် လမ်းတစ်လျှောက်တွင် တည်ဆောက်ထားသော ဆောင်ကြာမြိုင်များထက် များစွာသာလွန်လှသည်။

“ညီလေးရွှယ်၊ ဒါက ကျုပ်ပြောတဲ့ လန်ကွေ့ဖန်ပဲ။ ကျွတ်၊ ကျွတ် ခင်ဗျား တကယ်အချိန်ကိုက်ရောက်လာတာလို့ ဆိုရမယ်။ ဒီနေ့က လန်ကွေ့ဖန်ရဲ့ သခင်မလေးနျဲ့ ကမ္ပည်းပြား ချိတ်ဆွဲတဲ့နေ့ပဲ” ဟွီစန်းသည် မျက်လုံးမှေးကျဉ်းသွားသည်အထိ ရွှယ်အန်းကို ပြုံးပြလိုက်သည်။

ရွှယ်အန်းက လန်ကွေ့ဖန်ကို မော့ကြည့်၍ ဖျတ်ခနဲ ပြုံးလိုက်သည်။

“ကြည့်ရတာ ကျုပ်တော့ ဒီနေ့တော်တော် ကံကောင်းပုံပဲ”

“ဟုတ်တယ်။ ညီလေးရွှယ်၊ ကျေးဇူးပြုပြီး ကျုပ်နောက်ကို လိုက်ခဲ့ပါ”

ဟွီစန်းသည် စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ရွှယ်အန်းကို လန်ကွေ့ဖန်သို့ ဦးဆောင်သွားခဲ့သည်။ ထိုအချိန်သည် မီးများ ထွန်းညှိချိန်ဖြစ်၍ ခြံဝင်းသည် မရေတွက်နိုင်သည့် နူးညံ့သိမ်မွေ့သော မီးပုံးများဖြင့် တန်ဆာဆင်ထားသောကြောင့် အလွန်လင်းထိန်နေသည်။ တစ်ချိန်တည်းမှာပင် ခြံဝင်းအတွင်းရှိ ပန်းများနှင့် အပင်များသည် အပြည့်အဝ ပွင့်လန်းနေသောကြောင့် မီးပုံးများ၏ ရောင်ပြန်ဟပ်မှုဖြင့် လှပသော ပန်းချီကားချပ်တစ်ချပ်၏ အလယ်တွင် လမ်းလျှောက်နေသကဲ့သို့ ထင်မှတ်ရစေသည်။ ၎င်းအဆောက်အအုံငယ်များအတွင်းမှ ရယ်မောသံများ ရံဖန်ရံခါ ကြားနေရသည်။

မိန်းကလေးများသည် ဧည့်သည်များ လက်ခံနေပြီဖြစ်ကြောင်း ရွှယ်အန်း နားလည်လိုက်သည်။ လန်ကွေ့ဖန်၏ အလယ်ဗဟိုရှိ အဆောက်အဦးငယ်သည် မီးရောင်များဖြင့် အထူးတလည် တောက်ပနေသည်။ ထို့အပြင် တံခါးအပြင်ဘက်ရှိ ဟင်းလင်းပြင်တွင် ကြောက်မက်ဖွယ်ကောင်းသော အစောင့်များစွာရှိနေသည်။ ၎င်းတို့အားလုံးသည် အထက်တန်းလွှာ အိမ်တော်အမျိုးမျိုး၏ အစောင့်များ ဖြစ်ပုံရသည်။

ဟွီစန်းသည် ပြင်းပြင်းထန်ထန် ပင့်သက်ရှိုက်လိုက်သည်။

"ချန်မိသားစု၊ ယွမ်မိသားစုအပြင် တော်ဝင်မိသားစုက လူတချို့တောင်ရှိနေတာပဲ။ ဒီနေရာမှာ အရေးပါတဲ့ ပုဂ္ဂိုလ်တွေ ဘယ်လိုလုပ် ရောက်နေကြတာလဲ" ဤသို့ဖြင့် သူသည် ရွှယ်အန်းထံ လှည့်ကြည့်၍ ပြောလိုက်သည်။

မင်းသားများနှင့် အထက်တန်းလွှာ ပုဂ္ဂိုလ်များစွာ ရှိနေသောကြောင့် ၎င်းတို့ ဝင်သွားခဲ့လျှင်ပင် သခင်မလေးနျဲ့ကို မြင်တွေ့နိုင်မည် မဟုတ်သောကြောင့် ယနေ့တွင် ၎င်းတို့ မဝင်သွားပါက အကောင်းဆုံးဖြစ်ပေလိမ့်မည်။ သို့သော် မမျှော်လင့်ထားသည်မှာ ထိုအချိန်တွင် ရွှယ်အန်းက လှေကားထစ်များဆီ စိမ်ပြေနပြေ လျှောက်လှမ်း၍ အဆောက်အဦးငယ်ထဲသို့ ဝင်သွားခဲ့သည်။

ဟွီစန်းက အံ့သြသွားပြီးနောက် တိတ်တဆိတ် သက်ပြင်းချ၍ သူ့အနောက်သို့ တုံ့ဆိုင်းစွာ လိုက်လာခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ရောက်ရှိနေပြီဖြစ်သောကြောင့် ပွဲကြည့်ပရိတ်သတ်အဖြစ် ကြည့်ရှုရန် ဝင်သွားသင့်လေသည်။ အဆောက်အဦးငယ်၏ ခန်းမကြီးသည် တောက်ပစွာ ထွန်းညှိထား၍ လူများစွာသည် ထိုနေရာတွင် နေရာယူထားကြလေသည်။ ထိုနေရာရှိ လူများသည် တင့်တယ်သော အဝတ်အစားများ ၀တ်ဆင်ထားကြ၍ ဝံ့ကြွားသော အပြုအမူများအရ ၎င်းတို့သည် သာမန်လူများမဟုတ်ကြပေ။ ရွှယ်အန်း ဝင်လာသောအခါ ၎င်းတို့အားလုံးသည် သူ့ကို တစ်ချက်လှည့်ကြည့်လိုက်သည်။ သို့သော် ဟွီစန်းကို မြင်သောအခါ လူအများအပြားက အထင်အမြင်သေးစွာဖြင့် ပြန်လှည့်သွားကြသည်။

တစ်စုံတစ်ယောက်သည် မထီမဲ့မြင်ပြု၍ပင် ပြောလိုက်သည်။

"ဟွီစန်း၊ အမှိုက်သရိုက်ကောင်။ ခင်ဗျား ဒီကိုလာရဲတယ်ပေါ့လေ။ သခင်မလေးနျဲ့က ခင်ဗျားကို ရွေးမယ်လို့ တကယ်ထင်နေတာလား”

ဟွီစန်း၏ မျက်နှာတွင် ဟန်လုပ်အပြုံးတချို့ ပေါ်ပေါက်လာသည်။

“ကျုပ် မဝံ့ရဲပါဘူးဗျာ။ မိတ်ဆွေတစ်ယောက်ကို လိုက်ပို့ရင်း ပွဲကြည့်ဖို့ လာခဲ့တာပါ”

“ဝါး၊ ဒီအစေခံမလေးက တစ်ခုခုပဲ”

ချန်းအာက မျက်လွှာချလျက် လျှောက်လှမ်းလာသောအခါ တစ်စုံတစ်ဦးသည် ၎င်းတို့ကို သရော်လှောင်ပြောင်လိုက်သည်။ ထိုသို့ကြားသောအခါ ချန်းအာ၏ ဦးခေါင်းသည် ပို၍ပင် အောက်ငိုက်စိုက်သွားကာ သူမ၏ ပါးပြင်များ ခရမ်းရောင်သန်းလာသည်။ ရွှယ်အန်းက တစ်ချက်လှည့်ကြည့်လိုက်သည်။ စကားပြောသူသည် အနက်ရောင်ကို ရွှေရောင်အနားသတ်ထားသော အဝတ်အစားများ ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးဖြစ်၍ သူ၏မျက်နှာသည် ကြမ်းကြုတ်သော အသွင်အပြင်မျိုး ရှိနေသည်။

ဟွီစန်းသည် ခါးသီးသော အမူအရာဖြင့် တီးတိုးပြောလိုက်သည်

“ပြန်ပြောမနေနဲ့၊ သူက ချန်မိသားစုရဲ့ အကြီးဆုံးသားပဲ။ ခင်ဗျား သူ့ကို နှိုးဆော်လို့ ကောင်းတာ ဘာတစ်ခုမှဖြစ်လာမှာ မဟုတ်ဘူး"

ရွှယ်အန်းသည် ပြုံးရုံမျှသာပြုံး၍ ထိုင်ခုံတစ်ခုတွင် ထိုင်လိုက်သည်။ သို့သော် ချန်မိသားစု၏အကြီးဆုံးသားသည် ရွှယ်အန်းကို လွှတ်ပေးရန် ရည်ရွယ်ချက်မရှိပုံပေါ်သည်။ သူ၏မျက်လုံးများသည် ရွှယ်အန်းအနောက်တွင် ရပ်နေသော ချန်းအာကို စိုက်ကြည့်နေသည်။ သူသည် ခဏအကြာတွင် မောက်မာစွာ မတ်တတ်ထရပ်ကာ ရွှယ်အန်းအနားသို့ လျှောက်လှမ်းပြီးနောက် ချန်းအာကို လက်ညှိုးထိုး၍ ပြောလိုက်သည်။

“ကျုပ် ဒီအစေခံလေးကို လိုချင်တယ်၊ စျေးဘယ်လောက်လဲ”

All Chapters