← Chapters

အခန်း (၉၂၂-၉၂၄)

Vol. 62 Ch. 922-924

အခန်း (၉၂၂-၉၂၄)

Vol. 62 Ch. 922-924

အခန်း (၉၂၂) ဓားတစ်ချောင်းဖြင့် မြို့တော်ကို လှုပ်ခတ်ခြင်း

ဖက်ထုပ်များသည် မွှေးပျံ့၍ အရသာရှိလှရာ၊ ဟင်းချိုသည် အတန်အသင့် ချဉ်စပ်နေသည်။ အေးမြ၍ စိုစွတ်သော နွေဦးညတွင် ဖက်ထုပ်တစ်ပန်းကန်မျှ စားသောက်ခြင်းသည် ခန္ဓာကိုယ်တစ်ခုလုံး နွေးထွေး၍ စိတ်ကျေနပ်မှုများ ခံစားရစေသည်။ ဟွီစန်းသည် ကျီလဲ့ခန်းမ၏ မိန်းကလေးများကို အဆက်မပြတ် မိတ်ဆက်လျက် ဖက်ထုပ်များ စားသောက်နေသည်။

“ကျီလဲ့ခန်းမမှာ ထိပ်တန်းကချေသည်လေးဦးရှိတယ်။ မနေ့က ကွေ့ဖန်လမ်းကြားမှာ တွေ့ခဲ့တဲ့ သခင်မလေးနျဲ့က သူတို့ထဲမှ တစ်ယောက်ပဲ။ သူ့အပြင် ဟွာဖန်းမျှော်စင်နဲ့ နူးညံ့သောကျောက်စိမ်းရိပ်မြုံမှာ နာမည်ကြီးတဲ့ တခြားကချေသည်တွေရှိသေးတယ်။ သူတို့တွေက အလှအပမှာ ပြိုင်ဆန်ရှားပဲ”

“နှမြောစရာကောင်းတာက ကျုပ် ကံကောင်းလွန်းလို့သာ သခင်မလေးနျဲ့ကို မြင်ဖူးခဲ့တာ၊ ကျန်တဲ့လူတွေကတော့ လမ်းလှမ်းကိုမမှီနိုင်ဘူး။ သူတို့အားလုံးကို တွေ့ခွင့်ရရင် ကျုပ်တော့ နောင်တမရဘဲ သေနိုင်ပြီ”

ရွှယ်အန်းသည် ဟွီစန်း၏ စကားကို နားထောင်နေစဉ် မည်သည့်စကားမျှ မပြောဘဲ ဖက်ထုပ်များကိုသာ ဖြည်းညှင်းစွာ စားသောက်နေသည်။ သို့သော် ချန်းအာသည် သခင်လေးကို လမ်းလွဲစေရန် တမင်တကာ ဦးဆောင်နေသည်ဟု ထင်မှတ်နေသည့်အတွက် ဟွီစန်းကို အမှန်တကယ် သည်းမခံနိုင်တော့သဖြင့် ပြင်းပြင်းထန်ထန် စိုက်ကြည့်လိုက်သည်။

“ထွီ၊ တဏှာရူး”

“ဟေး ကလေးမလေး၊ စကားကို ဘယ်လိုပြောလိုက်တာလဲ ‘အစားအစာနဲ့ ကာမဆိုတာ လူသားတွေရဲ့ သဘာဝဆန္ဒ’ ဆိုတဲ့အကြောင်း မင်း သိသင့်တယ်။ ယောက်ျားတစ်ယောက်က အလှတရားကို မြတ်နိုးတယ်ဆိုတာ ကမ္ဘာကြီးမှာ သာမန်ပဲ၊ ဘာများမှားနေလို့လဲ” ဟွီစန်းသည် အကြောင်းပြချက်များဖြင့် စတင်ငြင်းခုံလိုက်သည်။

“ဟမ်း၊ မကောင်းတဲ့လူတွေနဲ့ စကားကိုမပြောချင်ဘူး”

“ကျုပ် မကောင်းတဲ့လူနဲ့ တူတယ်လား"

“မဟုတ်လို့လား”

“ဟုတ်တယ်လား”

“..”

၎င်းတို့နှစ်ဦးသည် အဆုံးမဲ့စွာ ရန်ဖြစ်နေကြစဉ် အနီးနားပတ်ဝန်းကျင်တစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွားသည်။ လမ်းမသည် ကနဦးတွင် လူဦးရေကျဲနေသော်လည်း ဖြတ်သွားဖြတ်လာလူများရှိနေသေးသည်။ သို့သော် ရုတ်တရက်ဆိုသလိုပင် လမ်းတစ်ခုလုံး လူသူကင်းမဲ့လာသည်။ အနီးနားရှိ ကချေသည်များမှ ထွက်ပေါ်လာသည့် ရယ်မောသံများပင် ပျောက်ကွယ်သွားလေသည်။ ကြီးမားသော တိတ်ဆိတ်ငြိမ်သက်မှုသည် အရာအားလုံးကို လွှမ်းခြုံထားသည်။ ဤဆိုးရွားသော ငြိမ်သက်မှုသည် ဟွီစန်း၏ မျက်နှာကို သိသိသာသာ ပြောင်းလဲသွားစေသည်။

“ညီလေးရွှယ်၊ ဒါက... "

သို့သော် ရွှယ်အန်းသည် သတိမမူဟန်ဖြင့် ခေါင်းငုံ့၍ ဖက်ထုပ်များကို ဆက်လက်စားသောက်လျက် ပြောလိုက်သည်။

“စကားမပြောနဲ့ စားစရာရှိတာစား”

ဟွီစန်းသည် တွန့်ဆုတ်သွားသော်လည်း နောက်ဆုံးတွင် ခေါင်းငုံ့ကာ တုန်ယင်လျက် စားသောက်နေသည်။ ရွှယ်အန်းသည် ဖက်ထုပ်တစ်ပန်းကန်လုံး ကုန်ဆုံးသွားမှသာ နောက်ဆုံးတွင် ပါးစပ်ကို ကျေနပ်စွာသုတ်၍ အမှောင်ထဲသို့ စိုက်ကြည့်ကာ အေးစက်စက်အပြုံးဖြင့် ပြောလိုက်သည်။

“ဒီကိုရောက်နေပြီဆိုမှတော့ ထွက်လာခဲ့ပါတော့လား"

ရွှယ်အန်း၏ ထိုစကားလုံးများကြောင့် အလင်းမရောက်နိုင်သော အမှောင်ထုထဲတွင် ပုံရိပ်များ ထွက်ပေါ်လာသည်။ ခဏအကြာတွင်ဖက်ထုပ်ခုံပတ်လည်တွင် အနက်ရောင်ဝတ်စုံနှင့် မျက်နှာကြောတင်းမာသည့် လူတစ်ရာကျော်မျှ ပေါ်ပေါက်လာသည်။ ဤလူများသည် ဖက်ထုပ်ဆိုင်ကို လုံးလုံးလျားလျား ဝိုင်းရံထားကြကာ လေထုသည် ရုတ်တရက် အလွန်တင်းမာလာသည်။ ဆိုင်ပိုင်ရှင်သည် စားပွဲအောက်တွင် ကြောက်ရွံ့စွာ ပုန်းအောင်းနေလေသည်။ ဟွီစန်း၏ မျက်နှာ ဖြူဖျော့လာ၍ လက်များ တုန်ခါလွန်းသဖြင့် လက်ထဲရှိ တူများကိုပင် တည်ငြိမ်စွာ မထိန်းချုပ်နိုင်တော့ပေ။

ရွှယ်အန်းသာလျှင် ထိုအဖွဲ့ကို တည်ငြိမ်စွာ လေ့လာပြီးနောက် အနည်းငယ် သက်ပြင်းချလိုက်သည်။

“ချန်မိသားစုက တကယ်လည်း လွှမ်းမိုးတဲ့လူတွေပါလား၊ ဒီလိုအသေးအဖွဲကိစ္စကြောင့်နဲ့ လူတွေအများကြီးလွှတ်လိုက်ရတယ်လို့။ သူတို့တွေ ကျုပ်ကို အသားအဆာသွတ်အဖြစ် ကြိတ်ဖို့ စီစဉ်ထားကြတာလား”

“ဟုတ်တယ်” လှောင်ပြောင်မှုနှင့် ရက်စက်ကြမ်းကြုတ်မှုများဖြင့် ပြည့်နှက်နေသော အသံတစ်ခု ထွက်ပေါ်လာ၍ လူအုပ်ကြီးက တိတ်တဆိတ် လမ်းဖယ်ပေးလာသောအခါ ချန်ဟောက်စီသည် ၎င်းအနက် ဖြည်းညှင်းစွာ လျှောက်လှမ်းလာသည်။

“အမှန်တိုင်းပြောရရင် ဒီည မင်းကို ရှင်းနိုင်လိမ့်မယ်လို့ မထင်ခဲ့ဘူး။ ဘာလို့လဲဆိုတော့ မင်းသာ ကွေ့ဖန်လမ်းကြားမှာ ပုန်းနေပြီး အပြင်ထွက်မလာရင် ကျုပ် မင်းကို ဘာမှလုပ်နိုင်မှာမဟုတ်ဘူး။ ဒါပေမယ့် ကောင်းကင်ဘုံကတောင် ကျုပ်ကို ကူညီနေပုံပဲ။ မင်းက ဖက်ထုပ်စားဖို့ အပြင်ကို ထွက်လာရဲတယ်ပေါ့လေ။ ကျုပ် မင်းကို မသတ်ဝံ့ဘူးလို့ တကယ်ထင်နေတာလား” ချန်ဟောက်စီ၏ မျက်နှာတွင် ကြောင်တစ်ကောင်သည် ကြွက်နှင့်ကစားနေသည့် စိတ်ကျေနပ်မှုမျိုး ပြသလာသည်။

ရွှယ်အန်းသည် တိတ်တဆိတ် နားထောင်လျက် စားပွဲကို လက်ချောင်းများဖြင့် ခေါက်နေသည်။ ရွှယ်အန်းသည် အလွန်ဖြူဖျော့နေသော ဟွီစန်းကို ရုတ်တရက် လှည့်ကြည့်လိုက်သည်။

“ခင်ဗျား ပြောတာ မှန်တယ်၊ ဒီကဖက်ထုပ်တွေက တကယ်စားလို့ကောင်းတာပဲ။ ဒါကြောင့် နောက်တစ်ပွဲလောက် ထပ်ယူဦးမှပဲ”

ဟွီစန်းသည် မျက်ရည်များပင် ဝဲလာသည်။

'အခုက ဘယ်အချိန်ရောက်နေတယ်ဆိုတာ မသိဘူးလား။ အစားအသောက်ကို စဉ်းစားနေတုန်းလား'

သို့သော် ချန်ဟောက်စီသည် လက်ပိုက်၍ စိမ်ပြေနပြေ ကြည့်နေသည်။ သူ၏အမြင်တွင် ရွှယ်အန်းသည် အချိန်ဆွဲနေခြင်းသာဖြစ်သည်။ သူသည် သေခါနီး သားကောင်များနှင့် ကစားရရသည့် ခံစားချက်ကို အလွန်နှစ်သက်သည်။ ၎င်းသည် အခြားလူများ၏အသက်ကို သူ၏လက်ထဲတွင် ချုပ်ကိုင်နိုင်သကဲ့သို့သော စိတ်လှုပ်ရှားမှုများ ပေးစွမ်းသည်။

ရွှယ်အန်းသည် ထိုအချိန်တွင် စားပွဲအောက်တွင် တုန်ယင်နေသည့် အဘိုးကြီးလော့ကို ပြောလိုက်သည်။

“စိတ်မရှိပါနဲ့ ကျုပ်ကို ဝမ်သုန်နောက်တစ်ပွဲလောက် လုပ်ပေးပါ၊ ငရုတ်ကောင်းတော့ လျှော့ပေးပါ”

အဘိုးကြီးလော့သည် စကားပင်မပြောနိုင်တော့ဘဲ သစ်ရွက်တစ်ရွက်ကဲ့သို့ တုန်ယင်နေသည်။ ကျီလဲ့ခန်းမ၏လမ်းပေါ်တွင် ဆယ်စုနှစ်များစွာကြာ စျေးဆိုင်ဖွင့်ခဲ့သူတစ်ဦးအနေဖြင့် ချန်မိသားစုသည် မည်မျှလွှမ်းမိုးခဲ့သည်ကို သူ ကောင်းစွာသိနေသည်။ သူသည် ဤညတွင် သေခြင်းတရားမှ လွတ်မြောက်နိုင်မည့်ပုံမပေါ်ပေ။ ထိုကြောင့် သူသည် ယခုအချိန် မည်သို့မျှ ဝမ်သုန်များ ချက်ပြုတ်နိုင်မည်နည်း။

ထိုအချိန်တွင် ချန်ဟောက်စီက လှောင်ရယ်လိုက်သည်။

"ကောင်လေး၊ ရုန်းကန်မနေနဲ့တော့။ မင်းဘယ်လောက်အချိန်ဆွဲပြီး မသိချင်ယောင်ဆောင်နေပါစေ။ မင်းကံကြမ္မာကို ပြောင်းလဲနိုင်မှာမဟုတ်ဘူး။ စိတ်ချပါ၊ ကျုပ် မင်းကို သေချာဂရုစိုက်ပေးမှာပါ၊ ဘဝမှာ မမေ့နိုင်စရာအကောင်းဆုံးညဖြစ်စေရမယ်လို့ ကျုပ် ကတိပေးတယ်။ အိုး၊ မင်းရဲ့အစေခံလေးကိုလည်း မင်းမရှိတော့ရင် ကျုပ် ကောင်းကောင်းဂရုစိုက်ပေးမှာပါ၊ ဘာပဲဖြစ်ဖြစ် ကျုပ် ညီအစ်ကိုတွေက အသားမစားရတာ တော်တော်ကြာနေပြီလေ" ချန်ဟောက်စီသည် ထိုသို့ပြော၍ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ရယ်သံသည် မောက်မာမှုများ အောင်ပွဲခံမှုများဖြင့် ပြည့်နှက်နေသည်။

“ကြည့်ရတာတော့ ခင်ဗျားက ဒီလိုအပြုအမူမျိုးကို ကောင်းကောင်းကျွမ်းကျင်ပုံပဲ။ ဒီလိုကိစ္စမျိုးကို ခဏခဏ လုပ်ခဲ့တာပေါ့လေ” ရွှယ်အန်း၏တည်ငြိမ်သော အသံသည် ရယ်သံများကို ထိုးဖောက်၍ လူတိုင်း၏နားထဲသို့ ရောက်ရှိလာသည်။

ချန်ဟောက်စီက ထိတ်လန့်သွားပြီးနောက် ကြမ်းကြုတ်စွာ ပြောလိုက်သည်။

“ဟုတ်တယ်ဆိုတော့ရော ဘာဖြစ်လဲ”

ရွှယ်အန်းက သက်ပြင်းချလိုက်သည်။

“တကယ်တော့ ကျုပ် ဝမ်သုန်တစ်ပွဲလောက်စားချင်ရုံပါ၊ ဒါပေမယ့် ခင်ဗျားက ဒီလိုသေကြောင်းကြံစည်နေမှတော့ ကျုပ်ကို အပြစ်မတင်နဲ့ပေါ့”

'ဘာ'

ချန်ဟောက်စီသည် သူ နားကြားမှားခဲ့သည်ဟု ထင်မှတ်ခဲ့သည်။ ရွှယ်အန်းသည် လူများစွာဖြင့် ဝန်းရံခံထားရသော်လည်း ချန်ဟောက်စီကို သေကြောင်းကြံစည်နေသူဟု ပြောဝံ့ခြင်းဖြစ်သလော။ ဤလူငယ်သည် ရူးသွပ်သွားခြင်းဖြစ်သလော။

ရွှယ်အန်းသည် ထိုအချိန်တွင် ဘာသိဘာသာ ပြောလိုက်သည်။

“အရမ်းနောက်မကျခင် ကျုပ်ဆီ တစ်ခါတည်းလာကြ။ ကျုပ်ကို သတ်ပြီးရင် ခင်ဗျား ဝမ်သုန် စားလို့ရပြီ"

“သတ်ကြ” ချန်ဟောက်စီက နက်မှောင်၍ ကြောက်မက်ဖွယ်ကောင်းသော အမူအရာဖြင့် လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။

ထိုလူများသည် လျင်မြန်စွာ ချီတက်သွားကြ၍ ရွှယ်အန်းကို ဓါးဖြင့် အပိုင်းပိုင်းဖြတ်တောက်ရန် ပြင်ဆင်လိုက်သည်။ ထိုအချိန်တွင် မိုးရည် စက်များကျလာသည်။ ယခုနှစ်၏ ပထမဆုံးနွေဦးမိုး ကျရောက်လာသည်။ နွေဦးမိုးသည် တခဏချင်းမှာပင် ထျန်ရှန်မြို့တော်ကို ဖုံးအုပ်သွားသော ကန့်လန့်ကာတစ်ခုကဲ့သို့ ကျဆင်းလာသည်။ သို့သော် ချန်မိသားစု၏ လုပ်ကြံသတ်ဖြတ်သူများသည် ဓားများဖြင့် အရှေ့သို့ ချီတက်သောကြောင့် မိုးရွာနေသော မြင်ကွင်းကို မည်သူမျှ ခံစားချင်စိတ်မရှိပေ။ ချန်ဟောက်စီသည် ၎င်းတို့အနောက်မှ ကြည့်လျက် သူ၏မျက်နှာတွင် ယုတ်ညံ့သောအပြုံးတစ်ခု ပေါ်ပေါက်လာသည်။

ရွှယ်အန်းသည် ဝါးတူတစ်ချောင်းကို ကောက်ကိုင်၍ ညင်သာစွာ သက်ပြင်းချလိုက်သည်။

“မိုးရွာနေပြီ၊ စိုထိုင်းအောင် လုပ်နေတာပဲ”

ရွှယ်အန်းသည် ထိုသို့ပြောပြီးနောက် လက်ကို ပေါ့လျော့စွာ ဝှေ့ယမ်းလိုက်သည်။ ဝါးတူသည် လေထုထဲသို့ ဖြတ်သန်းကာ နေကဲ့သို့ တောက်ပသည့် ဓားအလင်းရောင်မျိုး ထွက်ပေါ်လာ၍ မိုးရေများကို ခုတ်ဖြတ်ပြီးသည်နှင့် လူအုပ်ကြီးဆီ ရောက်ရှိသွားသည်။ အနက်ရောင်ဝတ်ထားသော လုပ်ကြံသတ်ဖြတ်သူများ၏ လှုပ်ရှားမှုများ ချက်ချင်းရပ်တန့်သွားသည်။ တစ်ချိန်တည်းမှာပင် ဝေးကွာသော ကောင်းကင်ယံတွင် နွေဦး၏ မိုးခြိမ်းသံများ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ထိုအသံများ ကျရောက်လာသည်နှင့် ဤလုပ်ကြံသတ်ဖြတ်သူများ၏ ခန္ဓာကိုယ်များသည် ထက်ပိုင်းပြတ်ထွက်သွားကြသည်။ သွေးများ မြေပြင်ပေါ်သို့ လွင့်စဉ်သွားရာ၊ မိုးရေနှင့် ရောနှော၍ သွေးညှိနံ့များ ထူထပ်စွာ ပျံ့နှံ့လာသည်။ ပြီးနောက် ဤရှည်လျားသောလမ်းတွင် ချန်ဟောက်စီတစ်ဦးတည်းသာ ထိုနေရာတွင် ငေးငိုင်စွာ ရပ်တန့်နေသည်။

“ကျုပ် ပြောတယ်၊ ဒါကို ခင်ဗျားကိုယ်တိုင်လုပ်ခဲ့တာဆိုတော့ တခြားလူတွေကို အပြစ်တင်လို့ မရဘူး" ရွှယ်အန်းသည် သူ့ကို တိတ်တဆိတ် စိုက်ကြည့်လိုက်သည်။

“မဟုတ်ဘူး...” ချန်ဟောက်စီသည် အလွန်တုန်လှုပ်သွားခဲ့သည်။

သို့သော် အလွန်နောက်ကျနေပြီဖြစ်သည်။ ရွှယ်အန်းက လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် လက်ထဲရှိ ဝါးတူသည် လင်းလက်သော ဓားအလင်းရောင်အဖြစ် ပြောင်းလဲကာ ချန်ဟောက်စီ၏ လည်ချောင်းကို တိုက်ရိုက်ထိုးဖောက်သွားသည်။ ပြီးနောက် အဝေးသို့လွင့်ထွက်သွားကာ အုတ်နံရံနှင့် ထိုးစိုက်သွားလေသည်။ ချန်ဟောက်စီသည် အကြိမ်အနည်းငယ် တွန့်လိမ်ပြီးနောက် အဆုံးတွင် မျက်လုံးများ ပြူးကျယ်လျက် သေဆုံးသွားလေသည်။

ရွှယ်အန်းသည် ကြောင်အမ်းအမ်းဖြစ်နေသော ဟွီစန်းကို လှည့်ကြည့်၍ ပြုံးပြလိုက်သည်။

“ဒီမိုးကလည်း တကယ်ငြီးငွေ့ဖို့ကောင်းတာပဲ။ အစားအသောက်စားတာကိုတောင် လာနှောင့်ယှက်နေတယ်”

ရွှယ်အန်းသည် စကားပြောနေစဉ် သူ၏လက်ကို ဓားအဖြစ်အသုံးပြု၍ ကောင်းကင်သို့ ခုတ်ဖြတ်လိုက်သည်။ ဓားစွမ်းအင်များ ကောင်းကင်သို့ မြင့်တက်သွားကာ ထူထပ်သော တိမ်များကို တဖြည်းဖြည်း ဖြတ်တောက်သွားလေသည်။ မိုးရွာသွန်းမှုသည်လည်း တဖြည်းဖြည်း ရပ်တန့်သွားသည်။

ရွှယ်အန်းသည် အဘိုးကြီးလော့ကို ငုံ့ကြည့်ကာ ပြုံးပြလိုက်သည်။

“ကောင်းပြီ၊ ကျုပ်ကို ဝမ်သုန် နောက်တစ်ပွဲလောက် လုပ်ပေးပါဦး”

မည်သူမျှ စကားမပြောဝံ့ပေ။ ဤဓားတစ်ချောင်း၏ စွမ်းအင်ဖြင့် ကျန်းတုတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ ဤသည်မှာ မြို့တော်ကိုပင် ရွေ့လျားနိုင်သည့် ဓားချက်ဖြစ်သည်။

အခန်း (၉၂၃) စိန်များကဲ့သို့ကြယ်ပွင့်များ၊ လခြမ်းသဏ္ဌာန် ချိတ်ကဲ့သို့ လမင်း

နျဲ့ယိဟန်သည် ကျီလဲ့ခန်းမ၏ အခန်းထဲတွင် ငြိမ်သက်စွာ ထိုင်နေသည်။ ရုတ်တရက်ဆိုသလိုပင် အခန်းအပြင်ဘက်မှ အစေခံများ၏ အသံများ ထွက်ပေါ်လာသည်။

“မမမေ့”

“မမမေ့ကို နှုတ်ဆက်ပါတယ်”

ထိုအခါ အမျိုးသမီး၏အသံ ထွက်ပေါ်လာသည်။

“အင်း၊ မင်းတို့ သခင်မ အထဲမှာလား"

“သခင်မလေး အခန်းထဲမှာပါ”

၎င်းတို့သည် စကားပြောနေစဉ် တံခါးကိုတွန်းဖွင့်လာခဲ့ရာ၊ ပြည့်ဖြိုး၍ အသက်လေးဆယ်နီးပါးရှိသော အမျိုးသမီးတစ်ဦးသည် သိမ်မွေ့စွာ ဝင်ရောက်လာသည်။ ငေးငိုင်နေသော နျဲ့ယိဟန်သည် ထိုအမျိုးသမီးကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် အလျင်အမြန် မတ်တတ်ထရပ်လိုက်သည်။

“မမ”

အမျိုးသမီး၏မျက်နှာသည် ရေကဲ့သို့ ငြိမ်သက်နေ၍ သူမသည် ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ထိုင်ပါ”

နျဲ့ယိဟန်သည် အနည်းငယ် လန့်ဖျပ်သွားသော်လည်း ခေါင်းငုံ့၍ တိတ်တဆိတ် ထိုင်ချလိုက်သည်။ ကျီလဲ့ခန်းမ၏ကြယ်ပွင့်ကချေသည်မှ ‘မမ’ ဟု ခေါ်ခဲ့သော အမျိုးသမီးသည် ကျီလဲခန်း၏နောက်ကွယ်ရှိ သြဇာကြီးမားသည့် ခန်းမစီမံခန့်ခွဲသူ မေ့ရှားမှလွဲ၍ အခြားလူမဟုတ်ပေ။ သို့သော် ဤမေ့ရှားသည် ကျီလဲ့ခန်းမသို့ မကြာခဏ လာရောက်လေ့မရှိသောကြောင့် သူမကို လူသိနည်းကြသည်။ သို့သော် အတွင်းသိအစဉ်းသိများသည် ဤအမျိုးသမီး မည်မျှကြောက်မက်ဖွယ်ကောင်းသည်ကို သိထားကြသည်။

အဆက်အသွယ်များနှင့် အာဏာချုပ်ကိုင်ထားမှု၌ မေ့ရှား၏ ခိုင်မာမှုသည် အမျိုးသားများအနက်ပင် ပြိုင်ဆန်ရှားပေသည်။ ဤသည်မှာ ကျီလဲ့ခန်းမသည် ဖရိုဖရဲဖြစ်နေသော ဆောင်ကြာမြိုင်လမ်းမတွင် မတုန်မလှုပ် ရပ်တည်နိုင်ရသည့် အကြောင်းရင်းဖြစ်၍ ချန်မိသားစုကပင် အနည်းငယ် ကြောက်ရွံ့နေရသည့် အကြောင်းပြချက်ဖြစ်သည်။ ယနေ့တွင် သူမ ရောက်လာရှိလာခြင်းသည် နျဲ့ယိဟန်ကို စိတ်လေးစေသည်။ အမှန်တကယ်ပင် ထိုင်ခုံတွင် ထိုင်ပြီးသည်နှင့် မေ့ရှားက တိုက်ရိုက်မေးမြန်းလိုက်သည်။

“ဒီနေ့ မင်း လူငယ်တစ်ယောက်ကို ကြိုဆိုဖို့ အောက်ထပ်ကို ကိုယ်တိုင်ဆင်းသွားရုံသာမကဘဲ ဂုဏ်ပြုဧည့်သည်အဖြစ် ဖိတ်ခေါ်လိုတဲ့ ဖဲကြိုးဖြူကိုလည်း ထုတ်ပြခဲ့တယ်လို့ ငါ ကြားထားတယ် ဟုတ်လား” အသံသည် ခံစားချက်ကင်းမဲ့နေသော်လည်း ဒေါသမပါရှိဘဲ အထက်စီးဆန်သော အခွင့်အာဏာများ ပါဝင်နေသည်။

နျဲ့ယိဟန်သည် တုန်ယင်သွားပြီးနောက် တီးတိုးပြန်ဖြေလိုက်သည်။

“ဟုတ်ကဲ့”

ထိုမှတစ်ဆင့် အချိန်အတော်ကြာ တိတ်ဆိတ်သွားလေသည်။ ပြီးနောက် မေ့ရှားသည် သူမ၏လက်ကို ဆန့်လိုက်သည်။

“ပြပါဦး”

“ဘာကိုလဲ” နျဲ့ယိဟန်က စိတ်ရှုပ်ထွေးသွားပုံပေါ်သည်။

မေ့ရှားသည် အထင်အမြင်သေးစွာဖြင့် ပြောလိုက်သည်။

“အရူးမလေး၊ ဟန်လုပ်မနေနဲ့။ မင်းလို့ ဂုဏ်ယူဝင့်ကြွားစွာတဲ့လူကို ကိုယ်တိုင်သွားကြိုဆိုအောင် လုပ်နိုင်တဲ့လူက သာမန်မဟုတ်ဘူးဆိုတာ သေချာတယ်။ သူ ဘာရေးခဲ့တာလဲ။ ငါ့ကို မပြတော့ဘူးလား”

နျဲ့ယိဟန်သည် လျှာထုတ်ပြ၍ ကူကယ်ရာမဲ့စွာ ပြုံးပြလိုက်သည်

“မမရဲ့ မျက်လုံးအောက်က ဘာမှမလွတ်မြောက်နိုင်ပါလား”

ဤသို့ဖြင့် နျဲ့ယိဟန်သည် ရွှယ်အန်းရေးထားသော စာရွက်ကို ဂရုတစိုက် ထုတ်ပေးလိုက်သည်။ ထိုသို့မြင်သောအခါ မေ့ရှား၏ မျက်လုံးထဲတွင် အပြောင်းအလဲတစ်ခု လှုပ်ခတ်သွားသည်။ စာရွက်ကို လက်ခံရရှိပြီးနောက် ဖွင့်ကြည့်လိုက်သောအခါ သူမသည်လည်း အံ့အားသင့်သွားသည်။

“ဘယ်လိုထင်လဲ၊ မမ” နျဲ့ယိဟန်က မထိန်းချုပ်နိုင်ဘဲ ဂုဏ်ယူစွာ မေးမြန်းလိုက်သည်။

“ကောင်းတယ်၊ ကောင်းတယ်၊ သိပ်ကောင်းတယ်” မေ့ရှားသည် စာရွက်ကို စိုက်ကြည့်လျက် ထိုစကားလုံးများကို သုံးကြိမ်သုံးခါ ထပ်တလဲလဲ ပြောလိုက်သည်။

“ဒီသီချင်းက အံ့သြစရာကောင်းလောက်အောင် ဖန်တီးထားတာလို့ ကျွန်မလည်း ခံစားရတယ်။ စာကြောင်းတိုလေးထဲမှာ သူ့ရဲ့လေးနက်တဲ့ ခံစားချက်တွေကို ဖော်ညွှန်းထားတာ ဒီသုံးနှစ်အတွင်းမှာ အကောင်းဆုံးကဗျာလို့တောင် ဆိုနိုင်တယ်” နျဲ့ယိဟန်က ပြုံးရွှင်စွာ ပြောလိုက်သည်။

သို့သော် မေ့ရှားသည် နှုတ်ဆိတ်လျက် စာရွက်ကို အချိန်အတော်ကြာ လေ့လာပြီးနောက် ပြန်ခေါက်ကာ သက်ပြင်းချလိုက်သည်။

“စကားလုံးတွေက လှပေမယ့် နှမြောစရာပဲ..."

နျဲ့ယိဟန်၏ အမူအရာ ပြောင်းလဲသွားသည်။

“ဘာကနှမြောစရာကောင်းတာလဲ”

“ကဗျာရေးတဲ့လူက အသက်ရှည်မှာမဟုတ်လို့ နှမြောစရာကောင်းတယ်လို့ ပြောတာ"

ဤစကားသည် နျဲ့ယိဟန်ကို မိုးကြိုးနှင့် ထိမှန်သွားသကဲ့သို့ ခံစားရစေသည်။ အချိန်အတော်ကြာပြီးနောက် အသိပြန်ကပ်လာသောအခါ သူမသည် တုန်လှုပ်ချောက်ချားစွာ ပြောလိုက်သည်။

“ဘာလို့ဒီလိုပြောတာလဲ မမ”

“ဘာလို့လဲဆိုတာကို ပြောပြဖို့လိုသေးလို့လား ယိဟန်”

“မဟုတ်မှလွဲရော... ”

“ဟုတ်တယ်၊ ချန်မိသားစုကြောင့်ပဲ” မေ့ရှားက ခေါင်းညိတ်ပြလိုက်သည်။

“ငါ ကွေ့ဖန်လမ်းကြားကို ဒီလောက်နောက်ကျမှ ဘာလို့ရောက်လာတာလဲဆိုတာ မင်းသိလား။ ချန်မိသားစုက ကွေ့ဖန်လမ်းကြားနားမှာ ချုံခိုတိုက်ခိုက်ဖို့ လူတွေ စေလွှတ်လိုက်တယ်ဆိုတဲ့အကြောင်း သတင်းရခဲ့လို့ပဲ။ ပြီးတော့ ဒီသတင်းကို ချန်မိသားစုရဲ့ သခင်လေးချန်ဟောက်စီကိုယ်တိုင်က ငါ့ကို ပို့ခဲ့တာ၊ သီချင်းရေးစပ်ခဲ့တဲ့ သခင်လေးကို ပစ်မှတ်ထားနေတာဆိုပြီး”

မေ့ရှား ပြောလာသည် စကားလုံးတိုင်းသည် နျဲ့ယိဟန်၏ အမူအရာကို ပို၍ ဖြူဖျော့လာစေကာ နောက်ဆုံးတွင် သူမ၏မျက်နှာသည် စက္ကူကဲ့သို့ ဖြူဆွတ်နေကာ သူမ၏ခန္ဓာကိုယ်သည်လည်း ထိန်းမနိုင်သိမ်းမရ တုန်လှုပ်နေသည်။ ချန်ဟောက်စီကို စော်ကားလိုက်သည်နှင့် ရွှယ်အန်း အန္တရာယ်ကျရောက်လာမည်ဖြစ်ကြောင်း သူမ သိနေသည်။ သို့သော် အန္တရာယ်သည် ဤမျှလျင်မြန်စွာ ရောက်ရှိလာမည်ဟု သူမ မမျှော်လင့်ထားပေ။

ချန်ဟောက်စီသည် သူ၏ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များဖြင့် လူသိများ၍ ကွေ့ဖန်လမ်းကြား နောက်ကွယ်ရှိ မေ့ရှားကို ဤသို့အသိပေးခြင်းဖြင့် ကွေ့ဖန်လမ်းကြား၏ ကယ်တင်မှုကို ထိထိရောက်ရောက် ပိတ်ဆို့ခဲ့သည်။ နျဲ့ယိဟန်သည် သူမ၏ ထက်မြက်သော ဉာဏ်ရည်ဉာဏ်သွေးဖြင့် ဤအရာအားလုံးကို နားလည်နိုင်သော်လည်း ၎င်းအချက်ကို ပို၍နားလည်လေ ပို၍စိုးရိမ်မိလေဖြစ်နေသည်။

“သူ့ကို ကယ်တင်ဖို့ တခြားနည်းလမ်း မရှိဘူးတော့လား၊ မမ” နျဲ့ယိဟန်က တီတိုးမေးမြန်းလိုက်ရာ၊ သူမအသံတွင် တောင်းဆိုမှုများနှင့် ပြည့်နှက်နေသည်။

မေ့ရှားက သက်ပြင်းချလိုက်ပြီးနောက် ခေါင်းခါလိုက်သည်။

“ငါလည်း နောင်တရမိပါတယ်၊ ဒါပေမယ့် ဒီကျီလဲ့ခန်းမမှာ ငါတို့လန်ကွေ့လမ်းကြားကလူတွေက ချန်မိသားစုရဲ့မျက်နှာကို ကြည့်စရာမလိုဘူးဆိုပေမယ့် ချန်ဟောက်စီက ငါကို ကြိုသတိပေးခဲ့တဲ့အပြင် သူက ကွေ့ဖန်လမ်းကြားထဲမှာ လှုပ်ရှားတာမဟုတ်တော့ အခု ထွက်ပေါက်တွေအားလုံးကို ပိတ်ထားပြီးပြီ။ ဒီကိစ္စကို ငါတောင် ဝင်စွက်ဖက်လို့ မရနိုင်ဘူး”

နျဲ့ယိဟန်သည် တိတ်ဆိတ်စွာ ခေါင်းငုံ့ထားလိုက်သည်။ ၎င်းတို့သည် နေ့တစ်ဝက်မျှသာ တွေ့ဆုံခဲ့သော်လည်း သူမသည် ရွှယ်အန်းအပေါ် လေးနက်သော အတွေးအမြင်များရှိနေသည်။ လက်ရာမြောက်သော တေးသီချင်းမျိုး ရေးသားနိုင်သည့် အထီးကျန်ဆန်သော လူငယ်သည် ကျီလဲ့ခန်းမ၏ အမှောင်ညတွင် လူရမ်းကားများ၏ လက်ချက်ဖြင့် အရှက်ရစွာ သေဆုံးသွားရမည်ဖြစ်လေသလော။ ဤသည်မှ အမှန်တကယ် ခါးသီးလွန်းလှသည်။ ထိုအချိန်တွင် အပြင်ဘက်တွင် မိုးများရွာသွန်းလာသည်။

မေ့ရှားသည် ပြတင်းပေါက်သို့သွားကာ အပြင်ဘက် မိုးရေများကို ငေးကြည့်၍ သက်ပြင်းချလိုက်သည်။

"မိုးရွာနေပြီပဲ၊ အခု လမ်းမများပေါ်က သွေးတွေ မြန်မြန်သန့်စင်တော့မှာပေါ့"

နျဲ့ယိဟန်သည် မိုးရေများကို ငေးကြည့်ကာ အတွေးနယ်ချဲ့နေသည်။ သို့သော် ထိုအချိန်တွင် အနက်ရောင် ကောင်းကင်ယံတွင် တောက်ပသော အလင်းရောင်တစ်ခု ဖြတ်သန်းလာသည်။

အစပိုင်းတွင် အမူအရာကင်းမဲ့နေသော မေ့ရှားသည် မျက်နှာအမူအရာ ပြောင်းလဲသွား၍ ထိတ်လန့်တကြားအော်ဟစ်လိုက်သည်။ “ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဒီလို ဓားရည်ရွယ်ချက်မျိုးက ဘယ်လိုလုပ်ပြီး... "

သူမ၏ စကားများမပြီးဆုံးမီတွင် ပြင်းထန်သည့်နေရောင်ကဲ့သို့သော ဓားအလင်းတန်းတစ်ခုသည် ကောင်းကင်ကို ထိုးဖောက်သွားလေသည်။ ပြီးနောက် ဓားအလင်းတန်းသည် မီးရှူးမီးပန်းများကဲ့သို့ ကောင်းကင်ယံတွင် ပေါက်ကွဲသွားခဲ့သည်။ ချက်ချင်းဆိုသလိုပင် ကြယ်များကို ဖုံးကွယ်ထားသည့် တိမ်တိုက်မည်းများ လုံးလုံးလျားလျား အက်ကွဲလာကာ ကြယ်များနှင့် ပြည့်နှက်နေသည့် ကောင်းကင်ကြီး ပေါ်လွင်လာ၏။ မိုးသည်လည်း သဘာဝအတိုင်း ရပ်တန့်သွားသည်။

မေ့ရှားသည် ဤဖြစ်စဉ်ကို ကြည့်ပြီးနောက် အလွန်အမင်း ကြောက်ရွံ့ထိတ်လန့်မှုကြောင့် ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်လာသည်။ သူမ၏ မျက်လုံးများတွင် အဆုံးမဲ့သော ကြောက်ရွံ့မှုများ ဖြစ်တည်လာသည်။ နှစ်ပေါင်းများစွာကြာ သိုင်းပညာ လေ့ကျင့်၍ ဓားကျွမ်းကျင်မှု၌ အထူးပြုခဲ့သော သူမသည် ကနဦး ဓားအလင်းရောင်၏ ကြောက်မက်ဖွယ်စွမ်းအင်ကို အပြည့်အဝ သဘောပေါက်နိုင်သည်။ ဤသည်မှာ အလွန်ပြင်းထန်သော စွမ်းအင်တစ်ခုဖြစ်သည်။ ကောင်းကင်နှင့်မြေကြီးကို ဖြိုခွဲနိုင်သော နတ်ဘုရားတစ်ပါးနှင့် ရင်ဆိုင်နေရသကဲ့သို့ လုံးလုံးလျားလျား ခုခံချင်စိတ်မရှိဘဲ ဒူးထောက်၍ ကိုးကွယ်ချင်စိတ်သာ ခံစားနေရသည်။ ထို့အပြင် ကျန်းတုတွင် မည်သူမျှ ထိုသို့သောဓားစွမ်းမျိုး ပြုလုပ်နိုင်မည်မဟုတ်ကြောင်း မေ့ရှား သေချာသိနေသည်။

'မဟုတ်မှလွဲရော...'

သူမစိတ်ထဲတွင် ပေါ်လာသော အတွေးများသည် မေ့ရှားကို ထိတ်လန့်စေသည်။

“မမမ၊ ခုနကဟာက ဘာလဲ” နျဲ့ယိဟန်သည်လည်း ထိတ်လန့်တကြား မေးမြန်းလိုက်သည်။

မေ့ရှားသည် အသက်ပြင်းပြင်းရှူရှိုက်လျက် စိတ်တည်ငြိမ်အောင် ကြိုးစားလိုက်သည်။

“မင်း ခုနက မြင်လိုက်ရတဲ့အရာက တကယ့်စွမ်းအားရှင်တစ်ယောက်ရဲ့... နတ်စွမ်းအင်ပဲ"

“အဲဒါက ချန်မိသားစုထဲက တစ်ယောက်ယောက်လား” နျဲ့ယိဟန်သည် အံ့အားသင့်သွားသော်လည်း သံသယအပြည့်ဖြင့် မေးမြန်းလိုက်သည်။

“ချန်မိသားစုတဲ့လား” မေ့ရှားသည် လှောင်ရယ်ပြီးနောက် ပြတင်းပေါက်အပြင်ဘက်ရှိ ကြယ်ရောင်ကောင်းကင်ကို လှည့်ကြည့်လိုက်သည်။ ယခုအခါ ညကောင်းကင်ယံရှိ ကြယ်များသည် စိန်များကဲ့သို့ ထွန်းလင်းနေ၍ လမင်းသည်လည်း ကွေးညွတ်သောချိတ်တစ်စင်းနှင့် ဆင်တူပေသည်။

“ငါ ခန့်မှန်းတာ မမှားဘူးဆိုရင် မကြာခင်မှာ... ချန်မိသားစု ပျောက်ကွယ်သွားတော့မယ်"

အခန်း (၉၂၄) ထန်မိသားစု၌ တုန်လှုပ်မှုများ

ထိုအချိန် ထန်မိသားစုသည်လည်း တုန်လှုပ်သွားလေသည်။ ထန်လင်းအာသည် ရွှယ်အန်း၏ တည်နေရာကို သိချင်သောကြောင့် နောက်ယောင်ခံလိုက်ရန် တစ်စုံတစ်ယောက်ကို စေလွှတ်ထားခဲ့သည်။ ထို့ကြောင့် ရွှယ်အန်းသည် ကျီလဲ့ခန်းမသို့ ဝင်ရောက်သွားသည်နှင့် ယိယန်ခန်းမတွင်ရှိသော ထန်လင်းအာသည် ၎င်းအကြောင်းကို သိထားပြီဖြစ်သည်။ မှန်ကန်စွာပြောရမည်ဆိုလျှင် သူမ၏ အစေခံဖြစ်သော ချင်းအာသည် နောက်ဆုံးရအခြေအနေကို နာရီအနည်းငယ်တိုင်း အနောက်ခြံဝန်းသို့ အလျင်အမြန် သတင်းပို့နေသောကြောင့် ထိုအကြောင်းနှင့်ပတ်သက်၍ မသိချင်လျှင်ပင် မဖြစ်နိုင်ပေ။

“သခင်မလေး၊ အစ်ကိုရွှယ် ကျီလဲ့ခန်းမထဲ ဝင်သွားပါတယ်"

သူမသည် ခဏအကြာတွင် ပြန်ပြေးလာပြန်သည်။

“သခင်မလေး၊ အစ်ကိုရွှယ် လန်ကွေ့ခန်းမထဲကို ဝင်သွားပါတယ်"

အစီရင်ခံမှုတစ်ခုစီတိုင်းတွင် ထန်လင်းအာ၏ အမူအရာသည် ပို၍ဆိုးရွားလာသည်။ ရွှယ်အန်းသည် ထန်မိသားစုအိမ်တော်မှ ထွက်ခွာပြီးနောက် ကျီလဲ့ခန်းမသို့ ဦးတည်သွားကာ နာမည်ကြီးလန်ကွေ့ခန်းမသို့ပင် ဝင်ရောက်မည်ဟု သူမ မထင်မှတ်ခဲ့ပေ။

'သူ ဘာလုပ်ဖို့စဉ်းစားနေတာလဲ'

ကာမဂုဏ်တွင် မွေ့လျော်ရန် ရည်ရွယ်နေခြင်းဖြစ်လေသလော။ ထန်လင်းအာ၏ စိတ်ထဲတွင် ဤမေးခွန်းများ ပေါ်ပေါက်လာ၍ သူမသည် ဒေါသစိတ်ဖြင့် အံကြိတ်လိုက်သည်။

'ယောက်ျားတွေအားလုံးက အကုန် ဒီလိုပဲလား'

သို့သော် ချင်းအာ အစီရင်ခံလာသည့် နောက်သတင်းသည် ဤအသေးအဖွဲကိစ္စများအားလုံးကို ချက်ချင်းမေ့လျော့သွားစေသည်။

“သခင်မလေး၊ အစ်ကိုရွှယ် လန်ကွေ့ခန်းမထဲမှာ ချန်မိသားစုက အကြီးဆုံးသခင်လေးနဲ့ ရန်ခဲ့ပြီး အခု သခင်လေးချန်က ဒေါသပုံထပြီး ပြန်ထွက်သွားပြီ"

ထန်လင်းအာသည် ချင်းအာ၏ စကားများကို ကြားသောအခါ ထိတ်လန့်သွားသည်။ ဤသည်မှာ ချန်မိသားစုဖြစ်သည်။ စီးပွားရေးသမားတစ်ဦးအနေဖြင့် ထန်လင်းအာသည် အရှေ့ဘက်ဈေးကွက်ကို လွှမ်းမိုးထားသည့် ချန်မိသားစု မည်မျှအစွမ်းထက်သည်ကို သဘာဝကျကျ သိရှိထားသည်။ မှန်ကန်စွာပြောရမည်ဆိုလျှင် ၎င်းတို့ ထန်မိသားစုပင် အရှေ့ဘက်ဈေးကွက်တွင် စီးပွားရေးပြုလုပ်ချင်ပါက၊ ချန်မိသားစုကို နာခံမှုရှိစွာ လက်ဆောင်ပဏ္ဏာများ ပေးဆောင်ရမည်ဖြစ်မည်။

ရွှယ်အန်းသည် ကျီလဲ့ခန်းမကဲ့သို့ နေရာမျိုးတွင် ချန်ဟောက်စီနှင့် ပဋိပက္ခဖြစ်ရန်ပင် သတ္တိရှိခဲ့သည်။ ဤသည်မှာ သေကြောင်းကြံစည်နေခြင်းသာဖြစ်သည်။ ထန်လင်းအာသည် စိုးရိမ်စိတ်များဖြင့် ပြည့်နှက်နေသည်။ ချင်းအာသည် အနည်းငယ် တုံ့ဆိုင်းနေ၍ စကားပြောချင်ဟန်ရှိသော်လည်း ရပ်တန့်လိုက်သည်။

“တခြားဘာရှိသေးလဲ”

“သခင်မလေး၊ အစ်ကိုရွှယ်က လန်ကွေ့ခန်းမမှာ စာတစ်စောင်ရေးလိုက်တော့ လန်ကွေ့ခန်းမရဲ့ ထိပ်တန်းကချေသည်နျဲ့က သူ့ကို ဒုတိယထပ်ထိ ကိုယ်တိုင်ကိုယ်ကျ လာဖိတ်ခေါ်ပြီး ပဝါအဖြူကို ချိတ်ဆွဲထားတယ်ဆိုတဲ့အကြောင်းလည်း သတင်းပို့တဲ့လူက ပြောထားပါသေးတယ်”

ထိုသို့ပြောပြီးနောက် ချင်းအာ၏ ပါးပြင်များ အနည်းငယ်နီသွား၍ သူမ၏မျက်လုံးများတွင် မျက်ရည်များဖြင့် ပြည့်နှက်လာသည်။ ထန်လင်းအာသည်လည်း အံ့အားသင့်သွားပြီးနောက် ထိုင်ခုံပေါ်သို့ လဲကျသွားခဲ့ရာ၊ သူမ၏စိတ်ထဲတွင် မရေတွက်နိုင်သော အတွေးများဖြင့် ပြည့်နှက်လာသည်။ သူ၏ ဆွဲဆောင်မှုသည် အမှန်တကယ် အံ့ဩဖွယ်ကောင်းလှသည်။

လက်လွတ်စပယ် ရေးသားလိုက်သော မှတ်စုတစ်ခုမျှဖြင့် လန်ကွေ့ခန်းမ၏ ထိပ်တန်းကချေသည်ကို ကိုယ်တိုင်ကိုယ်ကျ ကြိုဆိုစေကာ သူ့အခန်းတွင် ခစားရန် တလိုတလား ကမ်းလှမ်းသည်အထိ ပြုလုပ်နိုင်ခဲ့သည်။ ဤခေတ်တွင် ယောက်ျားများသည် ကချေသည်များနှင့် အပျော်အပါးလိုက်စားရာ နေရာများသို့ သွားရောက်လည်ပတ်ခြင်းသည် သာမန်ဖြစ်စဉ်ဖြစ်သည်။ သို့သော် ပြင်းထန်သော မာန်မာနရှိသည့် ထန်လင်းအာသည် ဤအချက်ကို လက်ခံရန် ခက်ခဲနေဆဲဖြစ်သည်။

ချင်းအာသည် ထိုအချက်ကို သဘာဝအတိုင်း သတိပြုမိသွားသောကြောင်း သူမကို နှစ်သိမ့်တော့မည့်အချိန်တွင် ထန်လင်းအာသည် သူမ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

“ဆက်စုံစမ်းနေ။ ချန်မိသားစုရဲ့ လှုပ်ရှားမှုတွေကို သေချာအာရုံစိုက်ဖို့ မမေ့နဲ့"

“ဟုတ်ကဲ့” ချင်းအာသည် စိုးရိမ်စိတ်များဖြင့် ထွက်ခွာသွားသည်။

ထန်လင်းအာသည် အခန်းထဲတွင် တည်ငြိမ်စွာ ထိုင်လျက် တစ်နေ့တာ၏ အဖြစ်အပျက်များ သူမစိတ်ထဲ ဝင်ရောက်လာခဲ့ရာ၊ ငိုရမဲ့မဲ့ ရယ်ရမဲ့မဲ့ ဖြစ်နေမိသည်။ သူမသည် မိခင်အတွက် လက်စားချေနိုင်ခဲ့ရာ၊ ပြစ်မှုကျူးလွန်သူကိုလည်း သုတ်သင်နိုင်ခဲ့သည်။ သို့သော် သူမ၏ တစ်သက်တာဆက်ဆံရေးသည် မှန်းဆ၍ မရနိုင်သည်အထိ ရှုပ်ထွေးလာခဲ့သည်။

'ငါ ဘာလုပ်ရမလဲ'

ထန်လင်းအာသည် ကိုယ့်ကိုယ်ကို သနားစိတ်ဖြင့် နစ်မွန်းနေချိန် ချင်းအာသည် ထိတ်လန့်တကြား ပြေးဝင်လာသည်။

“သခင်မလေး၊ သခင်မလေး၊ တစ်ခုခုမှားနေပြီ"

ထန်လင်းအာသည် ရုတ်တရက် မတ်တတ်ထရပ်၍ အော်ဟစ်လိုက်သည်။

“ဘာဖြစ်တာလဲ”

“ချန်မိသားစု... ချန်မိသားစုက သူတို့ရဲ့တိုက်ခိုက်ရေးသမားတွေကို ကျီလဲ့ခန်းမဆီ ရုတ်တရက် စေလွှတ်လာတယ်။ သူတို့က အစ်ကိုရွှယ်ကို ပစ်မှတ်ထားနေကြတာ"

ထန်လင်းအာ၏ မျက်လုံးများတွင် အေးစက်မှုများ လင်းလက်လာပြီးနောက် မှေးမှိန်သွားလေသည်။

“သွားတော့ရော သူတို့ ဘာလုပ်နိုင်မှာလဲ ချန်မိသားစုက လူတွေက ကွေ့ဖန်ခန်းမမှာ ပြဿနာရှာရဲမှာ မဟုတ်ဘူး”

သူမသည် ထိုသို့ပြောပြီးနောက် ထိုင်ချတော့မည်အချိန်တွင် ချင်းအာက စိုးရိမ်ပူပန်စွာ ပြောလာသည်။

“သခင်မလေး၊ ကျွန်မ စကားမဆုံးသေးပါဘူး။ အစ်ကိုရွှယ်က အဆောက်အဦးထဲမှာမနေဘဲ ချန်းအာနဲ့ အမျိုးသားတစ်ဦးနဲ့အတူ ကျီလဲ့ခန်းမရဲ့ လမ်းပေါ်မှာ ဖက်ထုပ် စားနေတယ်"

“ဘာ၊ မင်း တကယ်ပြောနေတာလား” ထန်လင်းအာသည် အလွန်ဖြူဖျော့သွားသည်။

“လုံးဝသေချာပါတယ်၊ အစ်ကိုရွှယ်ကို ကယ်တင်ဖို့ နည်းလမ်းတစ်ခုကို အမြန်စဉ်းစားမှဖြစ်မယ် သခင်မလေး" ချင်းအာ သည် စိတ်ပျက်အားငယ်မှုကြောင့် ငိုယိုလုနီးပါး ခံစားနေရသည်။

ထန်လင်းအာသည် လေးနက်သော အမူအရာဖြင့် အခန်းထဲတွင် ခေါက်ထုတ်ခေါက်ပြန် လျှောက်နေသည်။

“ဒီရွှယ်အန်းဆိုတဲ့ လူကတော့ အမြဲစိတ်ပူအောင်လုပ်နေတာပဲ။ သန့်ရှင်းသပ်ရပ်တဲ့ဘဝနဲ့ နေထိုင်တယ်ဆိုရင်တောင် အခုအချိန် ကွေ့ဖန်ခန်းမကနေ ထွက်မလာသင့်ဘူး။ ချန်မိသားစုကို စော်ကားရင် ဘာဖြစ်သွားနိုင်လဲဆိုတာ ရှင် မသိဘူးလား” ထန်လင်းအာသည် တီးတိုးရေရွတ်နေသည်။

ထိုအချိန်တွင် ထန်ရှန်းသည် တံခါးကို တွန်းဖွင့်၍ ဝင်လာသည်။

“အဖေ၊ ဒီကိုဘာကိစ္စရှိလို့လဲ" ထန်လင်းအာက အနည်းငယ် အံ့သြသွားသည်။

ထန်ရှန်း၏အမူအရာသည် ရေသေကဲ့သို့ နက်မှောင်နေသည်။

“စကားထပ်မပြောနဲ့တော့၊ ဒီကိစ္စတစ်ခုလုံးကို အဖေ သိပြီးပြီ။ လင်းအာ အခု အဖေမှာ မေးခွန်းတစ်ခုပဲ ရှိတယ်”

ထန်လင်းအာ၏ အမူအရာသည် လေးနက်သွားသည်။

“ပြောပါ၊ အဖေ”

“ရွှယ်အန်းနဲ့ ပတ်သက်ပြီး သမီးရဲ့ ခံစားချက်က ဘယ်လိုလဲ"

ထန်လင်းအာက အနည်းငယ် အံ့အားသင့်သွားပြီးနောက် ခေါင်းငုံ့ချလိုက်သည်။ ထန်ရှန်းသည် အသက်ပြင်းပြင်းရှူရှိုက်လိုက်သည်။

“ဒီအချိန်က နုံအတဲ့ မိန်းကလေးအဖြစ် ပြုမူနေရမယ့်အချိန် မဟုတ်ဘူး။ သူ့အပေါ်ထားတဲ့ သမီးရဲ့ခံစားချက်တွေ နက်ရှိုင်းတာလား မနက်ရှိုင်းတာလားဆိုတဲ့ အဖြေတစ်ခုပဲ အဖေ လိုချင်တယ်”

“ဟုတ်ပါတယ် အဖေ” ထန်လင်းအာသည် ခဏတာ တိတ်ဆိတ်နေပြီးနောက် ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။

ထန်ရှန်းက ခေါင်းညိတ်ပြလိုက်သည်။

“ကောင်းပြီ၊ ဒီလိုခံစားနေမှတော့ ဘယ်လောက်ပဲကုန်ကျပါစေ ဒီအသက်အရွယ်ရောက်မှ မျက်နှာပျက်ရမယ်ဆိုရင်တောင် ချန်မိသားစုကို တားဆီးပြီး ရွှယ်အန်းကို ကာကွယ်ပေးကြတာပေါ့”

ထိုမှသာ ထန်လင်းအာသည် သူမ ဖခင်၏ရည်ရွယ်ချက်ကို နားလည်သွား၍ သူမ၏ နှလုံးသား နွေးထွေးလာသည်။

“အဖေ၊ အခု သမီးတို့ ဘာလုပ်ကြမလဲ”

“ချန်မိသားစုက အစွမ်းထက်ပေမယ့် ကောင်းကင်ကို လက်နဲ့ကာနိုင်တဲ့အထိတော့ မဟုတ်သေးပါဘူး။ ထျန်ရှန်မြို့တော်ထဲမှာလည်း သူတို့ကြောက်ရတဲ့လူတွေ ရှိပါသေးတယ်။ အခု အဖေတို့ရဲ့တစ်ခုတည်းသောရွေးချယ်မှုက ဒီအခြေအနေကို ပြောင်းလဲဖို့ အစွမ်းထက်တဲ့ပုဂ္ဂိုလ်တစ်ဦး ချက်ချင်းရှာပြီး အကူအညီတောင်းဖို့ပဲ"

ဤအချက်သည် အထိရောက်ဆုံးရွေးချယ်မှုဖြစ်ကြောင်း သဘောပေါက်သွားသောကြောင့် ထန်လင်းအာက ခေါင်းညိတ်လိုက်သည်။

“ဒါဆို ဘယ်သူ့ကို အကူအညီတောင်းဖို့ စီစဉ်ထားလဲ အဖေ"

“ဒီလူမှာ အဆင့်အတန်းရော ရာထူးရော နှစ်မျိုးလုံးရှိရမယ်၊ မဟုတ်ရင် ချန်မိသားစုကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး။ ကျန်းတုကို အိမ်ရှေ့မင်းသား ပြန်ရောက်လာတယ်ဆိုတဲ့ကြောင်း အဖေ သတင်းရထားတယ်။ တကယ်လို့ အဖေတို့သာ သူ့ကို ကြားဝင်စွက်ဖက်အောင် အကူအညီတောင်းနိုင်ရင် အရာအားလုံးကို ပြောင်းလဲဖို့ အခွင့်အရေးရှိနိုင်တယ်”

ထန်လင်းအာ၏မျက်နှာသည် အလွန်တောက်ပလာ၏။

“အိမ်ရှေ့မင်းသားက မြို့တော်ကို တကယ် ပြန်ရောက်နေတာလား။ သိပ်ကောင်းတာပဲ။ သမီး လှည်းယဉ် အမြန်ပြင်ဆင်ပြီး သူ့ဆီ ချက်ချင်းအကူအညီသွားပြီး တောင်းဆိုရမယ်”

ထန်လင်းအာသည် ဤအိမ်ရှေ့မင်းသားဟူသော ပုဂ္ဂိုလ်နှင့် အလွန်ကောင်းမွန်သော ဆက်ဆံရေးရှိသည်။ အမှန်တကယ်တွင် ထန်မိသားစုသည် ကျန်းတုတွင် ဤမျှကြီးပွားတိုးတက်နိုင်ရသည့် အဓိကအကြောင်းရင်းသည် ယန်ရှီက ၎င်းတို့အနောက်တွင်ရှိနေသောကြောင့်ဖြစ်သည်။

ထန်ရှန်းက ခေါင်းခါလိုက်သည်။

“ဒီကိစ္စက အရမ်းအရေးကြီးတယ်။ ချန်မိသားစုမှာလည်း အင်အားကြီးကျောထောက်နောက်ခံရှိတော့ အိမ်ရှေ့မင်းသား ဝင်စွက်ဖက်ရင် ပေးဆပ်စရာရှိတာ ပေးဆပ်ရလိမ့်မယ်။ ဒါကြောင့် သမီးတစ်ယောက်တည်း သွားလို့မဖြစ်ဘူး။ အဖေ ရက်ရောတဲ့လက်ဆောင်တစ်ခု ပြင်ဆင်ပြီးပြီ၊ အဖေတို့ ချက်ချင်းထွက်ခွာကြမယ်”

ထန်လင်းအာသည် စီးပွားရေး၌ ပါရမီရှင်ဟု ခေါ်ခံခဲ့ရသော်လည်း စီးပွားရေးလောကတွင် ဆယ်စုနှစ်များစွာမျှ ကျင်လည်ခဲ့သော သူမ၏ဖခင်နှင့် အလွန်ဝေးကွာနေသေးကြောင်း သူမ နားလည်သွားသည်။ သူမသည် ဤအေးဆေးတည်ငြိမ်မှု၌ပင် ကိုယ့်ကိုယ်ကို သိမ်ငယ်နေမိသည်။ သားအဖနှစ်ဦးသည် မနှောင့်နှေးဝံ့ဘဲ ချက်ခြင်းထ၍ အိမ်ရှေ့မင်းသားနှင့် တွေ့ဆုံရန် ထျန်ရှန်လမ်းမ အရှေ့ဘက်နန်းတော်သို့ သွားရောက်ရန် စီစဉ်လိုက်ကြသည်။ သို့သော် ထိုအချိန်တွင် အလင်းတန်းတစ်ခုသည် ကောင်းကင်ယံသို့ တိုက်ရိုက်ထိုးဖောက်ကာ ကောင်းကင်ရှိ မြူခိုးများနှင့် မိုးရေများကို ဖျက်ဆီးပစ်လိုက်သည်။

“အဲဒါဘာလဲ ဥက္ကာပျံလား” ထန်လင်းအာသည် အံ့သြထိတ်လန့်စွာ မော့ကြည့်လိုက်သည်။

သို့သော် ထန်ရှန်း၏မျက်နှာအမူအရာတွင် ထိတ်လန့်မှုများ ရုတ်တရက် ပေါ်ပေါက်လာသည်။

“အဲဒါက... အင်အားကြီးပုဂ္ဂိုလ်တစ်ယောက် နတ်စွမ်းအင်ကို ထုတ်ဖော်ပြသနေတာပဲ။ ထျန်ရှန်မြို့တော်မှာ ဘယ်အချိန်က ဒီလိုတုနှိုင်းမရအောင် အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တစ်ဦး ရောက်နေတာပါလိမ့်”

ထန်ရှန်းနှင့် ထန်လင်းအာတို့ ထိုနေရာတွင် တုန်လှုပ်ခြောက်ခြားစွာ ရပ်တန့်နေချိန် အစေခံတစ်ဦးသည် လမ်ပေါ်မှ ယိမ်းယိုင်လျက် ပြေးလာလေသည်။ ထန်အိမ်တော်အဝင်ဝသို့ ရောက်သောအခါ အစေခံ၏မျက်နှာတွင် ဖော်မပြနိုင်သော ထိတ်လန့်မှုများနှင့် ပြည့်နှက်ကာ မောဟိုက်လျက်ရှိသည်။

All Chapters