အခန်း (၉၂၈-၉၃၀)
Vol. 62 Ch. 928-930
အခန်း (၉၂၈) ရေလှိုင်းများ မြင့်တက်လာခြင်း
ရွှယ်အန်းသည် လုံးဝ မယိမ်းယိုင်ဘဲ သူ၏လက်ကို လက်သီးအဖြစ် ဆုပ်လိုက်သည်။ တစ္ဆေကျင့်ကြံသူသည် ထွက်ပြေးရန် အခွင့်အလမ်းမရှိကြောင်း သိရှိသွားသောကြောင့် ခါးသီး စွာ ကျိန်ဆဲလိုက်သည်။
"ကျုပ်ကို သတ်လိုက်တာနဲ့ အရာအားလုံးကို ဖြေရှင်းနိုင်မယ်လို့ ထင်နေတာလား ကောင်လေး။ အသုံးမဝင်ဘူးကွ။ လူတစ်ယောက်က ကျုပ်အတွက် လက်စားလာချေလိမ့်မယ်။ ကျုပ် ခင်ဗျားကို ငရဲပြည်ကနေ စောင့်နေမယ်”
ရွှယ်အန်းက ထိုသို့ကြားသောအခါ အေးစက်စွာ လှောင်ရယ်လိုက်သည်။
"လက်စားလာချေမယ်တဲ့လား။ ကောင်းပြီလေ၊ ကျုပ် စောင့်နေမယ်။ ဒါပေမယ့် ငရဲပြည်ဟုတ်လား... ခင်ဗျားမှာ ငရဲပြည်သွားဖို့ အခွင့်အရေးရှိနေသေးတယ်လို့ ထင်နေတာလား"
ထိုသို့ပြောပြီးနောက် ရွှယ်အန်းသည် သူ၏လက်သီးကို ပြင်းပြင်းထန်ထန် ဆုပ်ကိုင်လိုက်သည်။ ပြတ်သားသော အသံတစ်ခုထွက်ပေါ်လာပြီးနောက် ရွှယ်အန်းသည် တစ္ဆေကျင့်ကြံသူ၏ ဝိညာဉ်ကို ချေမှုန်းပစ်လိုက်သည်။ ပြီးနောက် အနက်ရောင် ချီလှိုင်းလုံးကြီးများ ကောင်းကင်သို့ မြင့်တက်သွားခဲ့ရာ၊ ၎င်းအနက် နာကျင်သည့် အော်ဟစ်သံများ ကြားလိုက်ရသည်။
"ကောင်းပြီ၊ အခု ခင်ဗျားတို့ကို ပိတ်လှောင်ထားတဲ့လူကို ကျုပ် ကွပ်မျက်လိုက်ပြီ။ လူဝင်စားမှုသံသရာကို ဝင်လို့ရပြီ” ရွှယ်အန်းသည် ၎င်းတို့ကို တိတ်တဆိတ် စောင့်ကြည့်ပြီးနောက် ပြောလိုက်သည်။ ရွှယ်အန်းသည် ဤသို့ဖြင့် လက်ကို ပေါ့လျော့စွာ ဝှေ့ယမ်းလိုက်သည်။
ထိုအခါ အနက်ရောင်ချီများ တဖြည်းဖြည်း ပျောက်ကွယ်သွားကာ ကောင်းကင်ယံ၌ ဖောက်ထွင်းမြင်နိုင်သည့် ဝိညာဉ်အရိပ်များစွာ ပေါ်ထွက်လာသည်။ ဤဝိညာဉ်ရိပ်များသည် ရွှယ်အန်းကို အလေးပြုပြီးနောက် အရပ်ရပ်သို့ ပြန့်ကျဲသွားကြသည်။ ထိုအရာများ ပြုလုပ်ပြီးနောက် ရွှယ်အန်းသည် ကြောက်ရွံ့တုန်လှုပ်မှုကြောင့် အေးခဲတောင့်တင်းနေသော ချန်သဲ့ကို လှည့်ကြည့်လိုက်သည်။ သူ၏အကြည့်ကို ရင်ဆိုင်ရသောအခါ ချန်သဲ့သည် ချက်ချင်းပင် မြေပြင်ပေါ်သို့ ဒူးထောက်၍ အရူးအမူး ရှိခိုးဦးချလိုက်သည်။
“ဒီနတ်ဆိုးက ကျွန်တော့်ကို အတင်းအကြပ် စေခိုင်းလို့ လုပ်ခဲ့ရတာပါ အရှင်။ ကျွန်တော်တို့ ချန်မိသားစုလည်း နစ်နာသူတွေပါ၊ ကျေးဇူးပြုပြီး အသက်ကိုချမ်းသာပေးပါ”
“နစ်နာသူတွေတဲ့လား” ရွှယ်အန်းက အေးစက်စွာ လှောင်ရယ်လိုက်သည်။
"အစက ခင်ဗျား ပြောခဲ့တာ ဒီလိုမဟုတ်ပါဘူး"
ချန်သဲ့သည် ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းလာ၍ သူသည် စကားထပ်ပြောရန် ဟန်ပြင်လိုက်သည်။ ရွှယ်အန်းက သူ၏လက်ကို မြှောက်လိုက်သည်နှင့် ဓားအာအို၏အလင်းရောင်သည် လေထုကို ဖြတ်သန်းသွားလေသည်။ ချန်သဲ့၏ ဦးခေါင်းသည် လေထုထဲသို့ ပျံတက်သွားပြီးနောက် သွေးများ နေရာအနှံ့သို့ လွင့်စဉ်သွားကာ သူ၏အလောင်းသည်လည်း မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ ပြုတ်ကျသွားခဲ့သည်။
ဤသို့ဖြင့် အရှေ့ဘက်ဈေးကွက်ကို ဆယ်စုနှစ်များစွာ လွှမ်းမိုးခဲ့သော ချန်မိသားစုသည် သမိုင်းမှ ပယ်ဖျက်ခံခဲ့ရသည်။ ဤအရာအားလုံးကို ပြုလုပ်ပြီးနောက် ရွှယ်အန်းသည် နေရာတစ်ဝိုက် လှည့်ပတ်ကြည့်ရှုပြီးနောက် လှည့်ထွက်သွားခဲ့သည်။ သို့သော် သူ ထွက်သွားပြီး မကြာမီတွင် မှိန်ဖျော့ဖျော့ အနက်ရောင်အမှုန်တစ်ခုသည် ကောင်းကင်ယံသို့ ပျံသန်းသွားကာ မိုးကုပ်စက်ဝိုင်းဆီသို့ ချက်ချင်းပျောက်ကွယ်သွားလေသည်။
ရွှယ်အန်းသည် ထွက်ခွာနေစဉ် နောက်လှည့်မကြည့်ဘဲ ခပ်ပါးပါး ပြုံးလိုက်သည်။ ထိုအချိန်တွင် ချန်မိသားစု၏ တံခါးအပြင်ဘက်၌ ချန်းအာသည် စိုးရိမ်ပူပန်စွာ စောင့်ဆိုင်းနေသည်။ အိမ်တော်ထဲမှ အဆက်မပြတ် ထွက်ပေါ်လာသော အော်ဟစ်သံများသည် ချန်းအာ၏ လှပသော မျက်နှာကို ပို၍ပင် ဖြူဖျော့လာစေသည်။ သူမသည် အထဲဝင်၍ပင် အခြေအနေကို ကြည့်ချင်မိသည်။ သို့သော် အခြားနေရာသို့ မသွားဘဲ ဤနေရာတွင် စောင့်နေရန်သာ ရွှယ်အန်းက သူမကို ညွှန်ကြားထားခဲ့သည်။
ချန်းအာသည် ရွှယ်အန်း၏ အမိန့်ကို မလွန်ဆန်ဝံ့သောကြောင့် ဤနေရာတွင်သာ စောင့်နေရသည်။ ထိုအချိန်တွင် လှည်းယဉ်တစ်စင်း မောင်းနှင်လာသည်။ တံခါးဝသို့ရောက်သောအခါ လှည်းယဉ်သည် တဖြည်းဖြည်း ရပ်တန့်သွားကာ ခမ်းနားထည်ဝါသော အဝတ်အစားများ ဝတ်ဆင်ထား၍ မွန်မြတ်သော အသွင်အပြင်ရှိသော်လည်း မျက်လုံးနှင့် မျက်ခုံးတို့တွင် ရက်စက်ကြမ်းကြုတ်မှုအရိပ်အမြွက်တချို့ ထင်ဟပ်နေသည့် အမျိုးသားတစ်ဦး ဆင်းသက်လာသည်။ ချန်မိသားစု၏ ကွဲအက်နေသော တံခါးကို မြင်လိုက်ရသဖြင့် သူ၏ အမူအရာ လေးနက်လာသည်။
ပြီးနောက် တံခါးဝတွင် စောင့်ဆိုင်းနေသည် ချန်းအာကို သတိပြုမိသွားသောကြောင့် ပထမဦးစွာ လန့်ဖျပ်သွားပြီးနောက် သူ၏အမူအရာ ပြန်လည်တည်ငြိမ်လာသည်။
“ဒါက မိန်းကလေးချန်းအာပဲဖြစ်ရမယ်”
"ရှင်... ရှင်က ဘယ်သူလဲ” ချန်းအာသည် တုန်ယင်နေသည်။
“ကျုပ်က ယန်ဖင့်၊ အဋ္ဌမမြောက်မင်းသားလို့လည်း ခေါ်နိုင်တယ်" အမျိုးသားက ပြုံးလိုက်သည်။
“မင်းသားလား” ချန်းအာ၏မျက်နှာတွင် တုန်လှုပ်ချောက်ချားမှုများ ပေါ်လွင်လာသည်။
ယန်ဖင့်က ပြုံး၍ ခေါင်းညိတ်ပြပြီးနောက် ချန်မိသားစုကို မော့ကြည့်လိုက်သည်။
"မင်းရဲ့ သခင်လေးက အထဲဝင်သွားတာ ဘယ်လောက်ကြာပြီလဲ“
ရွှယ်အန်း၏အမည်ကို ကြားလိုက်သည်နှင့် ချန်းအာက နိုးကြားလာ၍ ခေါင်းခါပြလိုက်သည်။
“ကျွန်မ မသိဘူး"
ယန်ဖင့်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
“မိန်းကလေးချန်းအာ၊ ကျုပ်မှာ အန္တရာယ်ပြုလိုစိတ် မရှိပါဘူး၊ သိချင်ရုံပါပဲ”
“ကျွန်မလည်း မသိလို့ပါ”
ရန်ပင်းက တစ်ခုခုပြောရန် ဟန်ပြင်လိုက်ချိန် လှည်းယဉ်တစ်စင်း ရောက်ရှိလာပြန်သည်။ ပြီးနောက် ထိုလှည်းယဉ်ထဲမှ ယန်ရှီ ဆင်းသက်လာသည်။
“အယ်... ဒါက... " ချန်းအာသည် ယန်ရှီကို မှတ်မိသွားသောကြောင့် ခေတ္တရပ်တန့်ပြီးနောက် ပြောလိုက်သည်။
“မိန်းကလေးချန်းအာ” ယန်ရှီက ပြုံးပြလိုက်သည်။
ပြီးနောက် ယန်ရှီသည် ယန်ဖင့်ကို လှည့်ကြည့်၍ ပြောလိုက်သည်။
“အဋ္ဌမမင်းသားလည်း ချက်ချင်းကို ရောက်လာတာပါလား"
ယန်ရှီကို တွေ့သောအခါ၊ ယန်ဖင့်၏ သူငယ်အိမ်များ အနည်းငယ် ကျုံ့သွားပြီးနောက် အေးစက်စွာ လှောင်ရယ်လိုက်ကြသည်။
“အိမ်ရှေ့မင်းသားလည်း မနှေးလှပါဘူး”
ယန်ရှီသည် ယန်ဖင့်၏ စကားများကို မကြားဟန်ဖြင့် တဖြည်းဖြည်း တိတ်ဆိတ်လာသော ချန်မိသားစုကို ငေးကြည့်၍ ပြောလိုက်သည်။
“ချန်မိသားစုရဲ့ လုပ်ငန်းအများစုက အဋ္ဌမမင်းသားဆီ လက်ဆောင်ပဏ္ဏာဆပ်ထားတာကို ကျုပ် မှတ်မိသလိုပဲ။ အခု ချန်မိသားစု ပြိုလဲသွားပြီဆိုတော့ အဋ္ဌမမင်းသားရဲ့ ဆုံးရှုံးမှုတွေက နည်းမယ်မထင်ဘူး”
ထိုသို့ကြားသောအခါ ယန်ဖင့်၏မျက်နှာ ရုတ်တရက် ဖြူဖျော့လာ၍ မျက်လုံးများတွင် ဒေါသရိပ်များ ပေါ်ပေါက်လာသော်လည်း သူသည် အမူအရာကို လျင်မြန်စွာ ထိန်းချုပ်လိုက်သည်။
"ဟား၊ ငွေလေး နည်းနည်းလောက်ကိုများ စကားထဲထည့်ပြောဖို့တောင် မထိုက်တန်ဘူး”
ယန်ရှီသည် ယန်ဖင့်ကို လေးလေးနက်နက် စိုက်ကြည့်ပြီးနောက် ပြုံးပြလိုက်သည်။
“ဒီစကားက မင်း ပြောလာမယ့် စကားမျိုးလို့ မထင်ရပါလား"
“ ..”
ယန်ဖင့်က ပြန်ပြောတော့မည့်အချိန်တွင် ချန်မိသားစု၏ အနောက်ဘက်ခြံဝန်းမှ ကောင်းကင်သို့ အနက်ရောင်အလင်းတန်းတစ်ခု မြင့်တက်သွားကာ ၎င်းတို့ပတ်ဝန်းကျင်တွင် အေးစက်သော လေထုများ တစ်ဟုန်းထိုး ဝေ့ဝဲလာသည်။ ယန်ဖင့်၏ မျက်နှာအမူအရာ သိသိသာသာ ပြောင်းလဲသွားကာ သူ၏မျက်လုံးထဲတွင် ထိတ်လန့်မှုတချို့ ပေါ်ပေါက်လာသည်။
'မဖြစ်နိုင်တာ။ သက်ရှိအင်မော်တယ်တောင် ဒီလူကို မတားဆီးနိုင်ဘူးလား' သူသည် စိတ်ထဲတွင် တုန်လှုပ်ခြောက်ခြားနေသည်။
ထိုမှတစ်ဆင့် အနက်ရောင်အလင်းတန်းများ ပျောက်ကွယ်သွား၍ ချန်မိသားစုပေါ်တွင် ဖိနှိပ်ထားသည့် အုံ့မှိုင်းသော ကောင်းကင်သည်လည်း ကြည်လင်ပြတ်သားလာသည်။ ပြီးနောက် အဖြူရောင် ဝတ်ဆင်ထားသော ရွှယ်အန်းသည် ဂိတ်တံခါးမှ ဖြည်းညှင်းစွာ ထွက်လာသည်။
“သခင်လေး” ချန်းအာက ဝမ်းသာအားရ အော်ခေါ်လိုက်သည်။
ရွှယ်အန်းက ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။
ယန်ဖင့်၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသော်လည်း ယခုအခါ သူ၏မျက်နှာသည် အပြုံးများဖြင့် ပြည့်နှက်နေ၍ အရှေ့သို့ တိုးလာပြီးနောက် လေးစားစွာ ဦးညွှတ်လိုက်သည်။
“ဒါက လူကြီးမင်းရွှယ်ပဲ ဖြစ်ရမယ်၊ ကျုပ်က... "
သူ၏ စကားမပြီးဆုံးမီ ယန်ရှီက အရှေ့တိုးလာ၍ လေးလေးစားစား ဦးညွှတ်ကာ ပြောလိုက်သည်။
“ဒီလောက် မြန်မြန်ပြန်ဆုံတွေ့ရမယ်လို့ မမျှော်လင့်ထားဘူးနော် သခင်လေး”
ရွှယ်အန်းသည် ယန်ရှီကို လှည့်ကြည့်၍ ဖျတ်ခနဲ ပြုံးပြလိုက်သည်။
“ဟုတ်ပါ့၊ တကယ် မြန်တာပဲ”
ယန်ရှီသည်လည်း ပြုံးပြလိုက်သည်။
“အဆင်ပြေမယ်ဆိုရင် စကားစမြည်ပြောဖို့ အိမ်တော်ကို ခဏလောက် လိုက်ခဲ့ပါလား သခင်လေး”
ရွှယ်အန်းက အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။
"ဒါဆိုရင်လည်း ကောင်းပါပြီ"
ယန်ရှီသည် အလွန်ဝမ်းသာသွားသောကြောင့် ရွှယ်အန်းနှင့် ချန်းအာကို လှည်းယဉ်ပေါ်သို့ ကိုယ်တိုင်ဦးဆောင်ပြီးနောက် မောင်းနှင်သွားခဲ့သည်။ ရွှယ်အန်းသည် ဤတစ်လျှောက်လုံး အဋ္ဌမမြောက်မင်းသားဟူသည့် အမျိုးသားကို တိုက်ရိုက်ပင် လှည့်မကြည့်ခဲ့ပေ။ ယန်ရှီ၏ လှည်းယဉ် အဝေးသို့ ထွက်ခွာသွားသောအခါ ထိုနေရာတွင် ရပ်နေသော ယန်ဖင့်၏ အပြုံးများ တဖြည်းဖြည်း မှိန်ဖျော့လာကာ မျက်ခွံများ လှုပ်ခတ်သွားပြီးနောက် အဆုံးတွင် ဒေါသတကြီး နှာမှုတ်၍ ထွက်ခွာသွားတော့သည်။ ထျန်ရှန်မြို့တော်ရှိ အင်အားစုအသီးသီး၏ လူများသည် စောစီးစွာ ရောက်ရှိနေကြသော်လည်း မည်သူမျှ အနားမကပ်ဝံ့သောကြောင့် အဝေးမှသာ တိတ်တဆိတ် စောင့်ကြည့်နေကြသည်။ ရွှယ်အန်းသည် ယန်ရှီနှင့် ထွက်ခွာသွားစဉ် ယန်ဖင့်သည် တစ်ယောက်တည်း ဒေါသတကြီး ထွက်သွားကြောင်း ၎င်းတို့ မြင်တွေ့လိုက်ရသည်။ ဤလူများအားလုံး စိတ်လှုပ်ရှားသွားကြသည်။
“အသစ်ပေါ်ထွက်လာတဲ့ ဒီကျွမ်းကျင်သူက အိမ်ရှေ့မင်းသားနဲ့ ရပ်တည်နေတာပဲ"
“ကျွတ် ကျွတ်၊ အစပိုင်းမှာ အဋ္ဌမမြောက်မင်းသားက အိမ်ရှေ့မင်းသားကို ဖိနှိပ်ထားပုံရပေမယ့် အခုအချိန်တော့ အခြေအနေတွေ ပြောင်းလဲသွားပြီ။ အဋ္ဌမမြောက်မင်းသားသာ တန်ပြန်မတိုက်ခိုက်နိုင်ဘူးဆိုရင် သူ့ရာထူးကို ဆုံးရှုံးသွားနိုင်တယ်"
“ကျုပ် အထင်တော့ အခြေအနေတွေက သိပ်မရိုးရှင်းဘူးနော်၊ အဋ္ဌမမြောက်မင်းသားက ဒီကိစ္စကို ဒီအတိုင်းလွှတ်ထားမှာ မဟုတ်ဘူး၊ ချန်မိသားစုပြိုလဲသွားတော့ အဋ္ဌမမြောက်မင်းသားရဲ့ အကျိုးစီးပွားလည်း ဆုတ်ယုတ်သွားပြီ”
“အခုကစပြီ ကျန်းတုမှာ အဖြစ်အပျက်တွေ မျိုးစုံလာတော့မယ်ထင်တယ်"
ထိုဖြစ်ရပ်များကြောင့် အင်အားစုအားလုံး မငြိမ်မသက်ဖြစ်လာခဲ့ရာ၊ ကျန်းတုတစ်ခုလုံး၌ ရေလှိုင်းများ စတင်ခက်ထန်လာသည်။
အခန်း (၉၂၉) ငါးရက်အကြာတွင် မွေးနေ့ဂုဏ်ပြုပွဲ
ထိုအချိန်တွင် ထျန်ရှန်လမ်းမရှိ အရှေ့နန်းတော်၏ တံခါးများ ကျယ်ပြန့်စွာ ဖွင့်ထားသည့်အပြင် အလင်းရောင်များနှင့် တောက်ပလျက်ရှိသည်။ ယန်ရှီနှင့် ဆက်ဆံရေးကောင်းမွန်၍ မဟာမိတ်ပြုထားသူများအားလုံး သတင်းကြားသည်နှင့် အပြေးအလွှားရောက်လာကြသည်။ ထျန်ရှန်မြို့တော်တစ်ခုလုံးကို နှိုးဆော်၍ ညတွင်းချင်း လေထုနှင့်တိမ်တိုက်များကဲ့သို့ အပြောင်းအလဲများ လျင်မြန်စွာ ပြုလုပ်နိုင်သည့်ပုဂ္ဂိုလ်ကို ၎င်းတို့အားလုံး ကိုယ်တိုင် မြင်တွေ့ချင်နေကြသည်။ ၎င်းအနက် အိမ်ရှေ့မင်းသားယန်ရှီနှင့် မဟာမိတ်ပြုထားသော ထန်မိသားစုသည်လည်း ရောက်ရှိနေသည်။
သို့သော် ထန်လင်းအာသည် မည်သည်ကိုမျှ အာရုံမစိုက်နိုင်ဟန်ဖြင့် ခေါင်းငုံ့၍သာ နှုတ်ဆိတ်နေသည်။ ထန်ရှန်းသည် သမီးဖြစ်သူ၏ အတွေးများကို ကောင်းစွာနားလည်သော်လည်း လက်ရှိတွင် စိတ်ပျက်လက်ပျက်ဖြင့်သာ သက်ပြင်းချနိုင်သည်။ ယခင်အချိန်က သမီးဖြစ်သူကို တစ်စုံတစ်ယောက်က ခေါ်ဆောင်သွားမည်ကို စိုးရိမ်သဖြင့် ထန်မိသားစုထဲသို့ အမြင့်မှန်း၍ လက်ထပ်ရန် ကြိုးစားနေသည်ဟု ၎င်းတို့ ထင်မှတ်ခဲ့သူသည် ယခုအခါ မျက်စိတစ်မှိတ်အတွင်းမှာပင် မျှော်ကြည့်ရမည့် ဖြစ်တည်မှုတစ်ခု ဖြစ်လာခဲ့သည်။ ဤခံစားချက်ကြောင့် စီးပွားရေးလောက၏ မုန်တိုင်းများကို ကျင့်သားရနေသော ထန်ရှန်းလျှင်ပင် နောင်တရတရားဖြင့် သက်ပြင်းချမိသွားသည်။ ထိုအချိန်တွင် တံခါးဝတွင် အနည်းငယ် ရုန်းရင်းဆန်ခတ်ဖြစ်လာ၍ နှုတ်ခွန်းဆက်စကားများစွာ ထွက်ပေါ်လာသည်။
“နှုတ်ဆက်ပါတယ် အစ်မမေ့"
“နှုတ်ခွန်းဆက်သပါတယ် သူဌေးမေ့"
ဤနှုတ်ဆက်သံများကြားတွင် ကွေ့ဖန်ချိုင့်ဝှမ်း၏ အကြီးအကဲမေ့ရှားသည် ခေါင်းညိတ်ပြုံးပြလျက် ခန်းမထဲသို့ လှပစွာ လမ်းလျှောက်လာသည်။ သူမအနောက်တွင် သာမန်အဝတ်အစားများ ပြောင်းလဲဝတ်ဆင်ထားသည့် နျဲ့ယိဟန်လည်း လိုက်ပါလာသည်။ သူမသည် သာမန်အဝတ်အစားများ ဝတ်ဆင်၍ မိတ်ကပ် အနည်းငယ်သာ လိမ်းကျံထားသော်လည်း ရင်သပ်ရှုမောဖွယ် အလှကို ပိုင်ဆိုင်ထားဆဲဖြစ်သည်။ ဤနှစ်ယောက်ကိုမြင်သောအခါ ထန်လင်းအာသည် အလွန်စိတ်မသက်မသာဖြစ်လာသောကြောင့် တိတ်တဆိတ် သရော်တိုက်လိုက်မိသည်။ ရွှယ်အန်းသည် ထန်မိသားစုမှ ထွက်ခွာပြီးနောက် ကွေ့ဖန်ချိုင့်ဝှမ်းသို့ ဝင်သွားကာ ဤနျဲ့ယိဟန်ကို စာတစ်စောင်ပင် ပေးအပ်ခဲ့ကြောင်း သူမ ရှင်းလင်းစွာ မှတ်မိနေသည်။
ထို့ကြောင့် ထန်လင်းအာသည် နျဲ့ယိဟန်အပေါ် မုန်းတီးမှုများ အလိုလို ခံစားနေရသည်။ သူမသည် ဖုံးကွယ်ရန် အတတ်နိုင်ဆုံး ကြိုးစားနေသော်လည်း နျဲ့ယိဟန်က ခံစားမိသွားသောကြောင့် မော့ကြည့်လာသည်။ ပြီးနောက် သူမသည် မူမမှန်သော ထန်လင်းအာ၏မျက်လုံးများနှင့် အကြည့်စုံသွားသည်။ နျဲ့ယိဟန်သည် အစပိုင်းတွင် အနည်းငယ် အံ့အားသင့်သွားသော်လည်း နောက်ပိုင်းတွင် ပြုံးပြလိုက်သည်။ ထန်လင်းအာသည် စိတ်မွန်းကြပ်နေသော်လည်း ငယ်စဉ်ကတည်းများ သင်ကြားမှုများကြောင့် နှုတ်ဆက်ဟန်ဖြင့် အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။ ပြီးနောက် ထိုနေရာသို့ မကြည့်တော့ဘဲ တစ်ဖက်သို့ ခေါင်းလှည့်သွားလေသည်။
"မမ၊ အဲဒီအမျိုးသမီးက ဘယ်သူလဲ သူက ညီမကို ဘာလို့ရန်လိုနေပုံပေါ်ရတာလဲ" နျဲ့ယိဟန်က မေ့ရှားကို တီးတိုးပြောလိုက်သည်။
မေ့ရှားက မော့ကြည့်လိုက်သည်နှင့် ထန်လင်းအာဖြစ်ကြောင်း မြင်လိုက်ရသောအခါ ရယ်လိုက်မိသည်။
“သူလား၊ သူက ကျန်းတု ထန်မိသားစုရဲ့ နာမည်ကြီး သခင်မလေးလေ။ သူ မင်းကို ဘာလို့ရန်လိုနေတာလဲဆိုတာကတော့... ဟီးဟီး၊ ကိုယ့်ဘာသာ ခန့်မှန်းကြည့်လို့ မရဘူးလား”
ထန်မိသားစု၏ သခင်မလေးဟု ကြားသောအခါ နျဲ့ယိဟန်သည် ရုတ်တရက် သဘောပေါက်သွားသောကြောင့် ထန်လင်းအာကို စေ့စေ့ကြည့်လိုက်သည်။
'ထန်လင်းအာဆိုတာ သူကို'
ထျန်ရှန်မြို့တော်ရှိ မေ့ရှား၏ ခွန်အားကြောင့် ကျန်းတုသို့ ဝင်ရောက်လာပြီးနောက် ရွှယ်အန်း၏ လုပ်ဆောင်ချက်များကို အလွယ်တကူ ရှာဖွေနိုင်ခဲ့၍ ထန်မိသားစုနှင့် သူ၏ ပါဝင်ပတ်သက်မှုကို သဘာဝအတိုင်း ၎င်းတို့ ရှာဖွေတွေ့ရှိခဲ့ကြသည်။ ထို့ကြောင့် နျဲ့ယိဟန်သည်လည်း ယခင်အကြောင်းအရာများကို သိနေသည်။ သို့သော် ထိုအပြုအမူများအရ၊ ရွှယ်အန်းသည် မိမိအပေါ် မည်မျှလေးစား၍ မည်မျှခပ်စိမ်းစိမ်း ဆက်ဆံခဲ့သည်ကို မသိပါဘဲ ထန်လင်းအာက သူမ၏ဒေါသများကို နျဲ့ယိဟန်ထံ ပုန်ချနေပုံပေါ်သည်။ ထိုသို့တွေးမိသောအခါ နျဲ့ယိဟန်က ခါးသီးစွာ ပြုံးလိုက်သည်။ ထိုအချိန်၌ ယန်ရှီသည် ခန်းမထဲသို့ ဝင်လာသည်။
“အရှင့်သား”
“အရှင့်သားကို နှုတ်ဆက်ပါတယ်”
ယန်ရှီသည် နှုတ်ခွန်းဆက်သသံများကို တုံ့ပြန်မှုမပြဘဲ ဘေးဘက်သို့ ကပ်လိုက်ရာ၊ ထိုအခါ လူငယ်တစ်ဦးသည် စိမ်ပြေနပြေ ဝင်လာခဲ့သည်။ ဤသည်မှာ ရွှယ်အန်းဖြစ်သည်။ ရွှယ်အန်းကို မြင်သောအခါ နျဲ့ယိဟန်၏ နှလုံးသားသည် လည်ချောင်းမှ ခုန်ထွက်လုနီးပါး ခံစားလိုက်ရသည်။ ထန်လင်းအာသည် ရွှယ်အန်းကို မှင်သက်စွာ စိုက်ကြည့်နေသည်။ တစ်ဦးနှင့် တစ်ဦး မတွေ့ခဲ့သည်မှာ တစ်ရက်သာရှိသေးသော်လည်း ၎င်းတို့ကြားရှိ အကွာအဝေးသည် ပို၍ပင်တိုးမြင့်လာသည်ဟု ထန်လင်းအာ ခံစားလိုက်ရသည်။
ရွှယ်အန်းကို ယခင်က မမြင်ဖူးသူများသည် အချင်းချင်း မထိန်းချုပ်နိုင်ဘဲ တီးတိုးပြောလာကြသည်။
“ဘုရားရေ၊ ငယ်လှချည်းလား”
“ကျွတ်၊ ချန်မိသားစုကို ညတွင်းချင်း အမြစ်ပြတ်ချေမှုန်းခဲ့တာ တကယ်ပဲ လူငယ်လေးလား”
ဤတီးတိုးသံများကြားတွင် ရွှယ်အန်းသည် လူအုပ်ကြီးကို လှည့်ပတ်ကြည့်ရှုလိုက်သည်။ ဤအဆင့်အတန်းမြင့်မား၍ ဩဇာကြီးမားသူမျအားလုံးသည် သူ့ကို တိုက်ရိုက်ကြည့်ဝံ့မနေဘဲ ဆုတ်ခွာသွားကြသည်။ ဤမြင်ကွင်းကို မြင်သောအခါ နျဲ့ယိဟန်၏မျက်လုံးများတွင် အံ့ဩမှုများဖြင့် တောက်ပလာသည်။ အခြားတစ်ဖက်တွင်မူ မေ့ရှားသည် လေးလေးစားစား ဦးညွှတ်လိုက်ရာ၊ သူမ၏ နှလုံးသားထဲတွင် အံ့အားသင့်စွာ သက်ပြင်းချလိုက်မိသည်။ အကြွင်းမဲ့အာဏာနှင့်ရင်ဆိုင်ချိန်တွင် သြဇာလွှမ်းမိုးမှုနှင့် အခွင့်အာဏာဟူသည် ဟာသတစ်ခုသာဖြစ်သည်။ ပြီးနောက် ယန်ရှီသည် ရွှယ်အန်းကို ဂုဏ်ပြုထိုင်ခုံတွင် နေရာယူရန် ဖိတ်ခေါ်ပြီးနောက် အောက်ထိုင်ခုံတွင် တလိုတလား နေရာယူလိုက်သည်။
“ဒီတစ်ခွက်က သခင်လေးအတွက်ပါ” ယန်ရှီသည် ရွှယ်အန်းကို ခွက်မြှောက်လိုက်သည်။
ရွှယ်အန်းက သူကို တစ်ချက်ကြည့်ပြီးနောက် ဖျတ်ခနဲ ပြုံးပြလိုက်သည်။
“ကျုပ်ကို ဘာလို့ခွက်မြှောက်နေတာလဲ”
ယန်ရှီက သက်ပြင်းချလိုက်သည်။
“ဘာလို့လဲဆိုတော့ ကျုပ် အရင်က အမြဲလုပ်ချင်ခဲ့ပေမယ့် တစ်ခါမှမလုပ်နိုင်ခဲ့တဲ့ အရာတစ်ခုကို သခင်လေးက လုပ်ဆောင်ခဲ့တာကြောင့်ပါ”
“အရင်ကတည်းက ချန်မိသားစုရဲ့ အပြုအမူတွေ သတိထားမိခဲ့ပေမယ့် ကျုပ်ဘက်က လုံးဝဝင်မစွက်ဖက်နိုင်ဘူး။ ဒီညတော့ သခင်လေးက တိုက်ရိုက်အရေးယူပြီး အမြစ်ပြတ်ချေမှုန်းပစ်လိုက်တော့။ ဘာပဲဖြစ်ဖြစ် သခင်လေးကို ဒီဝိုင်တစ်ခွက် အကြွေးတင်နေမှာပါ"
ယန်ရှီသည် စကားပြောနေစဉ် သူ၏ဝိုင်ခွက်ကို မော့ချလိုက်သည်။
ရွှယ်အန်းသည် သူ့ကို ရွဲ့စောင်းသော အပြုံး ကြည့်လိုက်သည်။
“ခင်ဗျားက အိမ်ရှေ့မင်းသားတစ်ယောက်လေ၊ ဒါကိုတောင် ဒီအသေးအဖွဲချန်မိသားစုကို မကိုင်တွယ်နိုင်ဘူးတဲ့လား”
ထိုသို့ကြားသောအခါ ယန်ရှီက မချိပြုံး ပြုံးလိုက်သည်။
“သခင်လေး၊ မသိတာတွေ အများကြီးရှိပါတယ်။ အိမ်ရှေ့မင်းသားဖြစ်တဲ့ ကျုပ်ရာထူးက မယုံနိုင်လောက်အောင် ရှုပ်ထွေးနေတာပါ"
ဤသို့ဖြင့် ယန်ရှီသည် သူ၏ ကိုယ်ရေးကိုယ်တာအခြေအနေများကို အကျဉ်းချုံး ပြန်ပြောပြလိုက်သည်။ ထျန်ရှန်လက်ထက်တွင် အသက်ကြီးနေပြီဖြစ်သောဧကရာဇ်သည် သူ၏သားအကြီးဆုံး ယန်ရှီကို အိမ်ရှေ့မင်းသားအဖြစ် ခန့်အပ်ခဲ့သည်။ သို့သော် ယန်ရှီသည် ဧကရီမှ မွေးဖွားလာသူ မဟုတ်သောကြောင့် ဧကရီသည် သူမ၏ သားအရင်းဖြစ်သူ အဋ္ဌမမြောက်မင်းသား ယန်ဖင့်ကို အမွေဆက်ခံသူအဖြစ် ထောက်ပံ့ရန် စိတ်ကူးနိုင်သမျှ နည်းလမ်းမျိုးစုံဖြင့် ကြိုးစားခဲ့သည်။
အချိန်ကြာလာသည်နှင့်အမျှ ဧကရာဇ်သည်လည်း သံသယများ စတင်ထားရှိလာကာ ဘက်လိုက်မှုများ ပြသလာခဲ့သည်။ ထို့ကြောင့် ယန်ရှီ၏ အခြေအနေသည် ပို၍ အန္တရာယ်များလာသည်။ ယခုအချိန်၌ပင် ယန်ရှီသည် ညီဖြစ်သူ၏ ဖီလာကန့်လန့်ပြုလုပ်မှုကို မကြာခဏ ခံစားနေရသည်။ ပြီးနောက် ခန်းမတစ်ခုလုံး ခေတ္တငြိမ်သက်သွားသည်။ ယန်ရှီနှင့် မဟာမိတ်ပြုထားသူများသည် ထိုခံစားချက်ကို ကောင်းစွာနားလည်ကြသည်။ သို့သော် ရွှယ်အန်းသည် စကားတစ်ခွန်းကိုမျှ မကြားရသကဲ့သို့ ဝိုင်ကိုသာ ဆက်သောက်နေသည်။
ခဏကြာအတွင် ဝိုင်ခွက်ကို စားပွဲပေါ်တင်၍ ပျင်းရိစွာ သမ်းဝေလိုက်သည်။
“နောက်ထပ်ပျင်းစရာကောင်းတဲ့ အာဏာလွန်ဆွဲပွဲတွေထဲက တစ်ခုပါလား။ ကျုပ် ဒါတွေကို နားထောင်ရတာ အရမ်းငြီးငွေ့နေပြီ”
နှစ်ပေါင်းသုံးထောင်ကျော်ကာလအတွင်း ထိုကဲ့သို့သော ကြံစည်မှုများစွာကို မြင်တွေ့ခဲ့ရသောကြောင့် ရွှယ်အန်းသည် ၎င်းတို့ကို အနည်းငယ်မျှ စိတ်မဝင်စားမိပေ။ ထိုသို့ကြားသောအခါ ယန်ရှီက ခေတ္တ ထိတ်လန့်သွားပြီးနောက် ခါးသီးစွာ ရယ်လိုက်သည်။
“သခင်လေး ပြောတာ မှန်ပါတယ်။ ကျုပ်လည်း ငြီးငွေ့စရာကောင်းတယ်လို့ ထင်ပါတယ်၊ ဒါပေမယ့် အခုအချိန်မှာ အဘက်ဘက်က ဖိအားပေးခံထားရတော့ ပြန်ဆုတ်ဖို့ မဖြစ်နိုင်တော့ဘူး"
“အိုး ဘာလို့ဒီလိုပြောရတာလဲ”
ထိုအချိန်တွင် ယန်ရှီသည် အခန်းထဲရှိ လူများကို ကြည့်၍ လက်ဟန်ပြလိုက်သည်။ လူအများအပြား ထွက်ခွာသွားကြ၍ ထန်မိသားစု မေ့ရှားတို့ ထွက်ခွာတော့မည့်အချိန်တွင် ယန်ရှီက နက်နဲသောအသံဖြင့် ပြောလိုက်သည်။
“သူဌေးမေ့နဲ့ မိသားစုခေါင်းဆောင်ထန်တို့ နေခဲ့ပါ”
ခဏအကြာတွင် အခန်းထဲတွင် ၎င်းတို့ အနည်းငယ်သာ ကျန်ရစ်တော့သည်။ ပြီးနောက် ယန်ရှီမတ်တပ်ရပ်၍ ရွှယ်အန်းကို လေးလေးနက်နက် ဦးညွှတ်လိုက်သည်။
“ကျုပ်ကိုကယ်တင်ပေးပါ သခင်လေး”
ဤရုတ်တရက် ကြီးကျယ်ခမ်းနားသော အမူအရာကြောင့် ထန်လင်းအာ၊ ထန်ရှန်း၊ မေ့ရှားနှင့် အခြားလူများအားလုံး အံ့အားသင့်သွားကြသည်။ သို့သော်လည်း ရွှယ်အန်းသည် လေးလေးနက်နက် ဦးညွှတ်နေသော ယန်ရှီကို အချိန်အတော်ကြာ စိုက်ကြည့်ပြီးနောက် ပြောလိုက်သည်။
“သေချာမတ်တပ်ရပ်ပြီး ပြောပါ”
ယန်ရှီသည် အနည်းငယ် တုန်ယင်သွားပြီးနောက် မျက်နှာပေါ်တွင် ပျော်ရွှင်မှုအရိပ်အမြွက်တချို့ ပေါ်ပေါက်လာ၍ ကမန်းကတန်း မားမားရပ်လိုက်သည်။
“ပြောပါ၊ ဘာကိစ္စတဲ့လဲ”
ယန်ရှီက လေးနက်စွာ ပြောလိုက်သည်။
“သခင်လေး မသိတာက နောက်ငါးရက်ကြာရင် ကျင်းပမဲ့ ဧကရာဇ်မွေးနေ့မှာ အဋ္ဌမမြောက်မင်းသား ယန်ဖင့်က သူ အချိန်အတော်ကြာ သိမ်းသွင်းထားတဲ့ အပြင်လူတွေနဲ့ ကျုပ်ကို လုပ်ကြံဖို့ ကြံရွယ်ထားတယ်လို့ အခိုင်အမာ သတင်းရထားတာပါ"
ထိုစကားများကို ကြားသောအခါ ထန်လင်းအာ၊ ထန်ရှန်း၊ မေ့ရှားနှင့် အခြားသူများအားလုံး ဖြူဖျော့သွားကြသည်။ မည်သို့ဆိုသော် ထိုသတင်းသာ မှန်ကန်ပါက၊ အဋ္ဌမမြောက်မင်းသားသည် ထူးခြားသော ရဲတင်းမှုဖြင့် ပြုမူနေခြင်းဖြစ်ပေသည်။ ရွှယ်အန်း၏ အကြည့်များ စိတ်ပါဝင်စားမှုများဖြင့် လှုပ်ခတ်သွားပြီးနောက် မေးခွန်းထုတ်လိုက်သည်။
"အပြင်လူတဲ့လား"
ယန်ရှီက လေးနက်စွာ ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်ပါတယ်၊ သူတို့တွေက တော်တော်လေး အင်အားကြီးမားသူတွေပါ”
“ကောင်းပြီ၊ ကျုပ် ဖြေရှင်းလိုက်မယ်” ရွှယ်အန်းက မဆိုင်းမတွ ကြေညာလိုက်သည်။
“ငါးရက်ကြာရင် ဒီအပြင်လူတွေ ဘယ်လောက် အင်အားကြီးလဲဆိုတာ ကျုပ်ကိုယ်တိုင် ကြည့်ဖို့ ခင်ဗျားနဲ့အတူ လိုက်ခဲ့မယ်"
ရွှယ်အန်းကို အချိန်အတော်ကြာ ဖျောင်းဖျရန် ပြင်ဆင်နေသော ယန်ရှီသည် သူ၏ လျင်မြန်သော သဘောတူညီချက်ကြောင့် အံ့အားသင့်သွားသည်။ ပြီးနောက် ယန်ရှီသည် ခေါင်းညိတ်၍ ဝမ်းသာအားရစွာ ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် သခင်လေး”
အခန်း (၉၃၀) ညတွင်းချင်း ကျော်ကြားမှု၊ ကမ္ဘာတစ်ဝှမ်းတွင် လူသိများကာ ကျန်းတုတစ်လျှောက် ကျော်ကြားလာခြင်း
တစ်ချိန်တည်းမှာပင် အဋ္ဌမမြောက် မင်းသား ယန်ဖင့်သည် သူ၏ အိမ်တော်၌ ယခင်မင်းဆက်မှ အဖိုးတန်ကြွေထည်ပစ္စည်း တစ်ဒါဇင်ခန့်ကို ရိုက်ခွဲပြီးနောက် အစေခံသုံးဦးကို အကြောင်းပြချက်မရှိဘဲ သတ်ဖြတ်ခဲ့သည်။ သို့သော် ထိုသို့ဆိုလျှင်ပင် သူ၏နှလုံးသားထဲရှိ အမျက်ဒေါသများကို မဖြေဖျောက်နိုင်သေးပေ။
“ရွှယ်အန်း၊ ဟား။ ခင်ဗျားက ကျုပ်ကို လျစ်လျူရှုပြီး ချန်မိသားစုကိုတောင် ဖျက်ဆီးပစ်ရဲတယ်ပေါ့။ ခင်ဗျား သေချာပေါက် သွေးကြွေးပြန်ဆပ်စေရမယ်”
“ခင်ဗျားက ခွန်အားကိုပဲ အားကိုးနေတာ မဟုတ်လား ဒါပေမယ့် ဘယ်သူတွေနဲ့ သိကျွမ်းဝင်ထားလဲဆိုတာ ခင်ဗျား မသိပါဘူး” ယန်ဖင့်က ခက်ထန်သော အမူအရာ အော်ဟစ်နေသည်။
ထိုအချိန်တွင် ထိုက်ရှထိုင်ခုံတွင် ပုံရိပ်တစ်ခု တဖြည်းဖြည်း ဖွဲ့စည်းလာ၍ ပျင်းရိသော အသံတစ်ခုဖြင့် ထွက်ပေါ်လာသည်။
“ကျွတ် ကျွတ်၊ ကျုပ်တို့ရဲ့မင်းသား Yan ကို ဒီလောက်ဒေါသထွက်အောင် ဘယ်သူကများ လုပ်ခဲ့တာပါလိမ့်"
ယန်ဖင့်လန့်ဖျပ်သွားပြီးနောက် ရုတ်တရက် လှည့်ကြည့်လာသောအခါ ထိုက်ရှထိုင်ခုံပေါ်ရှိအမျိုးသားကို မြင်လိုက်သည်နှင့် မျက်နှာပေါ်ရှိ ဒေါသအရိပ်အမြွက်များ ချက်ချင်း ပျောက်ကွယ်သွားကာ တလေးတစား ဦးညွှတ်လိုက်သည်။
“နှုတ်ခွန်းဆက်သပါတယ် အင်မော်တယ်အရှင်”
ထိုက်ရှထိုင်ခုံတွင် ပေါ်လာသူ၏အသွင်အပြင်သည် အနက်ရောင် ချီများဖြင့် ဖုံးကွယ်နေ၍ သူ၏အရောင်အဝါသည်လည်း နားလည်ရခက်ခဲကာ ပြောင်းလဲနိုင်ဟန်ရှိသည်။
“ကဲပါ၊ လုပ်ရိုးလုပ်စဉ်တွေကို တော်ရုံပဲလိုက်နာပါ။ နောက်တစ်ကြိမ် ကျုပ်အတွက် ပိုငယ်ရွယ်တဲ့ မိန်းကလေးတွေ ဆက်သဖို့ မမေ့နဲ့" ထိုအမျိုးသားက ပြောလာသည်။
“စိတ်ချပါ၊ အင်မော်တယ်အရှင့်။ ဒီအသေးအမွှားကိစ္စတွေကို အင်မော်တယ်အရှင် စိတ်ကျေနပ်အောင် ကျွန်တော် ချက်ချင်းပြင်ဆင်ပေးမှာပါ” ယန်ဖင့်က ချက်ချင်းပြန်ဖြေလိုက်သည်။
ပြီးနောက် သူသည် ဂရုတစိုက် မေးမြန်းလိုက်သည်။
“အင်မော်တယ်အရှင် ကျွန်တော် အရှင့်ကို အရင်ပြောခဲ့တဲ့ကိစ္စ ပတ်သက်ပြီး..."
"စိတ်မပူပါ၊ ကျုပ် ခင်ဗျားကို ကတိပေးထားမှတော့ ထုံးစံအတိုင်း ခင်ဗျားကို ကူညီမှာပါ။ ဒါ့အပြင်..." အမျိုးသားက ထူးဆန်းစွာ ရယ်လိုက်သည်။
အမျိုးသား၏ရယ်သံသည် အေးစက်သွားသည်။
"မနေ့ည ထျန်ရှန်မြို့တော်မှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်ကို ကျုပ်တို့အားလုံး သိပြီးပြီ။ Gui Yin သေသွားတာကို ကြားတော့ သူဌေးက အရမ်းဒေါသထွက်နေတယ်”
ယန်ဖင့်က အံ့အားသင့်သွားသည်။
“အရှင်... အရှင်တို့ သိပြီးကြပြီလား”
ထိုလူသည် အေးစက်စွာ လှောင်ရယ်လိုက်သည်။
"သူ့ဓားရည်ရွယ်ချက်ကို မိုင်ရှစ်ရာအကွာကနေတောင် ခံစားနိုင်တာကို၊ ကျုပ်တို့က ဘယ်လိုလုပ် မသိဘဲနေမှာလဲ”
“ဒါဆို အင်မော်တယ်အရှင်က ဘာလုပ်ဖို့ ရည်ရွယ်ထားပါသလဲ... "
“သူက သာမန်ဓားကျင့်ကြံသူတစ်ယောက်ပါ။ သူ့ဓားရည်ရွယ်ချက် ဘယ်လောက်ပြင်းထန်ပါစေ၊ ဝိညာဉ်စွမ်းအင်ကင်းမဲ့တဲ့ ဒီကမ္ဘာမှာတော့ အသုံးမဝင်တဲ့ လူတစ်ယောက်နဲ့အတူတူပဲ။ ကျုပ်တို့သူဌေးက လက်တစ်ချက်လောက်တောက်တာနဲ့ သူ့ကို ချေမှုန်းနိုင်တယ်” ထိုအမျိုးသားက အေးစက်သောလေသံဖြင့် ပြောလိုက်သည်။
ယန်ဖင့်သည် အတွင်းစိတ်တွင် ရွှင်မြူးနေမိသည်။ သူသည် ရွှယ်အန်းကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် ပြဿနာကို ရွှယ်အန်းဘက်သို့ ဦးဆောင်မည့်နည်းလမ်းကို စဉ်းစားနေခဲ့သည်။ သို့သော် ယခုအခြေအနေအရ ထိုအကြောင်းအရာနှင့်ပတ်သက်၍ ဆက်ပြောရန် မလိုအပ်ပုံပေါ်သည်။ အင်မော်တယ်အရှင်များသည် ရွှယ်အန်းကို ၎င်းတို့ကိုယ်တိုင် ဖြေရှင်းကြပေလိမ့်မည်။
“ကိုယ့်ကိုယ်ကို ပြင်ဆင်ထား။ ဒီတစ်ခါ ကျုပ်တို့သူဌေးပါ ကိုယ်တိုင်ရောက်လာနိုင်တယ်။ ဘာပဲဖြစ်ဖြစ် ဒီလူက ဝိညာဉ်စွမ်းအင်တွေ ပိုင်ဆိုင်ထားတော့ လျှို့ဝှက်သိုင်းပညာတစ်ခု တတ်မြောက်ထားပုံပဲ။ ဒီလိုလူတစ်ယောက်ကို ကျုပ်တို့သူဌေးက သေချာပေါက် လက်လွှတ်ပေးမှာ မဟုတ်ဘူး" ထိုအမျိုးသားက ပြောလိုက်သည်။
“နားလည်ပါပြီ” ယန်ဖင့်က အလျင်အမြန် ခေါင်းညိတ်ပြလိုက်သည်။ ပြီးနောက် အနည်းငယ် တုံ့ဆိုင်းစွာ မေးလိုက်သည်။
“ဒါပေမယ့် ကျွန်တော် ဘာတွေပြင်ဆင်ထားရမလဲ”
“ကျုပ်တို့သူဌေးက လတ်ဆတ်တဲ့ဝိညာဉ်တွေ ကြိုက်တယ်။ အဲဒီအချိန်ကျရင် ပိုပြီးလတ်ဆတ်တဲ့ဝိညာဉ်တွေ ယူလာခဲ့။ မှတ်ထားနော် ဒါကို မမေ့နဲ့”
ထိုသို့ပြောပြီးသည်နှင့် ထိုက်ရှထိုင်ခုံပေါ်ရှိ ပုံရိပ်သည် တဖြည်းဖြည်း မှိန်ဖျော့လာကာ နောက်ဆုံးတွင် ပျောက်ကွယ်သွားလေသည်။ ထိုကဲ့သို့ လျှို့ဝှက်ဆန်းကြယ်သော မြင်ကွင်းကို မြင်တွေ့ရခြင်းသည် ယန်ဖင့်ကို အလွန်အံ့အားသင့်စေ၍ အင်မော်တယ်အရှင်များ၏ စွမ်းအင်များအပေါ် ယုံကြည်မှုများ ပိုမိုအားကောင်းလာသည်။
'ဟားဟား၊ မွေးနေ့ပွဲကျင်းပမယ့် ငါးရက်မြောက်နေ့အထိပဲ စောင့်ကြ။ ဒင်းတို့အားလုံးကို ဖမ်းဆုပ်ထားရုံသာမဘဲ ခမည်းတော်ကိုလည်း ရာထူးက ဆင်းခိုင်းပြီး အနားယူခိုင်းရမယ့်အချိန်ရောက်ပြီ။ အဲဒီအချိန်ကြရင် အင်မော်တယ်အရှင်တွေဆီက ထာဝရအသက်ရှင်နည်းကို လေ့လာပြီးရင် ကျုပ်က စစ်မှန်တဲ့ အချုပ်အခြာအာဏာရှင်ဖြစ်ပြီး ကောင်းကင်ဘုံရဲ့သားတော်ဖြစ်လာလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီကမ္ဘာပေါ်က အခြားဘယ်သူမှ ကျုပ်ကို ယှဉ်ပြိုင်နိုင်မှာ မဟုတ်တော့ဘူး' ထိုအတွေးဖြင့် ယန်ဖင့်၏ နှုတ်ခမ်းများ ကွေးညွတ်သွားလေသည်။
ရှည်လျားသော တစ်ညတာ ကုန်ဆုံးသွားလေသည်။ မိုးလင်းသောအခါ ထျန်ရှန်မြို့တော်၏ သာမန်လူများ အိမ်ရာနိုးလာ၍ မျက်နှာပင် မသစ်ရသေးမီ ကြားသိလာသောသတင်းများကြောင့် ထိတ်လန့်သွားကြသည်။
“ဘာ၊ ချန်မိသားစု မရှိတော့ဘူးဟုတ်လား။ ဘယ်လိုလုပ်ပြီး မရှိတော့တာလဲ” တစ်စုံတစ်ယောက်သည် ၎င်းတို့နားကိုပင် မယုံနိုင်ဖြစ်နေဟန်ဖြင့် အော်ဟစ်လိုက်သည်။
“တကယ်မရှိတော့တာ၊ ညတွင်းချင်း မိသားစုထဲက လူတိုင်း မြင့်မြတ်တဲ့ လူငယ်တစ်ယောက်ရဲ့ သုတ်သင်တာကို ခံလိုက်ရတာ"
'ဟာ'
ထိုသတင်းများ ကြားသောအခါ လူတိုင်း အလွန်တုန်လှုပ်သွားကြသည်။ ဤသည်မှာ ချန်မိသားစုဖြစ်သည်။ ကျန်းတု၏ မယိမ်းယိုင်သော ချန်မိသားစုဟု လူသိများသော ၎င်းတို့သည် ရုတ်တရက် နေ့ချင်းညချင်း သမိုင်းကြောင်းတစ်ခုသာဖြစ်လာသည်။ ထိုဖြစ်စဉ်ကြောင့် လူထုသည် မည်သို့မျှ မတုန်မလှုပ်ဘဲနေနိုင်မည်နည်း။ သို့သော် ချက်ချင်းဆိုသလိုပင် မရေတွက်နိုင်သော လူများသည်လည်း ရွှင်မြူးနေကြသည်။
အထူးသဖြင့် အရှေ့ဘက်ဈေးရှိ ကုန်သည်များသည် မီးရှူးမီးပန်းများ ပစ်လွှတ်၍ ထိုနေရာတွင်ပင် ဂုဏ်ပြုပွဲ ဆင်နွှဲချင်နေကြသည်။ ချန်မိသားစု၏ လုပ်ရပ်များသည် ကျေနပ်စရာမရှိသောကြောင့်ဖြစ်သည်။ ယခင်က ချန်မိသားစု၏ အင်အားသည် အလွန်ကြီးမားသောကြောင့် ၎င်းတို့ကို မည်သူမျှ မတိုက်ခိုက်နိုင်သည့်အတွက် အံကြိတ်၍သာ သည်းခံခဲ့ရသည်။ ယခုအခါ ချန်မိသားစု ပျက်သုဉ်းသွားသောအခါ ဖိနှိပ်ခံခဲ့ရသူများသည် သဘာဝအတိုင်း စိတ်လှုပ်ရှားနေကြသည်။ တစ်ချိန်တည်းမှာပင် ချန်မိသားစုကို သုတ်သင်ရှင်းလင်းခဲ့သူကိုလည်း လူအများက နက်နက်ရှိုင်းရှိုင်း သိချင်နေကြသည်။
“ဒီလို ကြောက်စရာကောင်းတဲ့ စွမ်းရည်တွေကို ပိုင်ဆိုင်ထားတဲ့လူက ဘယ်သူများလဲ။ ချန်မိသားစုကို ချေမှုန်းပြီးတာတောင် အရေးကြီးပုဂ္ဂိုလ်တွေကို အခုလိုနှုတ်ဆိတ်အောင်လုပ်နိုင်တာ”
ထိုမေးခွန်းများကြားတွင် ရွှယ်အန်းနှင့်ပတ်သက်သည့် ပုံပြင်များ အပြင်းအထန် ပျံ့နှံ့လာသည်။ သူသည် ကျန်းတုသို့ဝင်ရောက်၍ ထန်မိသားစု၏ မိသားစုထဲ လက်ထပ်ရန်ကမ်းလှမ်းမှုကို ငြင်းဆန်ပြီးနောက် တိုက်ရိုက်ထွက်ခွာသွားခဲ့သည်။ ပြီးနောက် သူသည် လန့်ကွေ့လမ်းကြား၏ ထိပ်တန်းကချေသည်ကိုပင် ကိုယ်တိုင်ကိုယ်ကျ ကြိုဆို၍ အိပ်ခန်းတွင် အခစားပြုလိုသည်အထိ ဖမ်းစားနိုင်ခဲ့သည်။ သို့သော် နောက်ဆုံးတွင် ရွှယ်အန်းသည် မည်သည်နှင့်မျှ မစွန်းထင်းဘဲ ထွက်ခွာသွားခဲ့သည်။ ဤဒဏ္ဍာရီပုံပြင်များ ပျံ့နှံ့သွားသည်နှင့် လူတိုင်းကို အံ့အားသင့်စေသည်။ ဤသည်မှာ အစပျိုးရုံသာရှိသေးသည်။ ထိုမှတစ်ဆင့် ရွှယ်အန်း လက်လွတ်စပယ် ရေးစပ်ခဲ့သော သီချင်းစာသားသုံးပုဒ်သည် ကျန်းတုတစ်ခုလုံးကို တုန်လှုပ်သွားစေသည်။
“ရေထုက လှိုင်းကဲ့သို့ မျက်လုံးတွေနဲ့ ဆင်တူပြီး တောင်တန်းကဲ့သို့သော မျက်ခုံးများဆိုတဲ့ ဒီစာကြောင်းတစ်ခုတည်းက ဆယ်စုနှစ်တစ်ခုအတွင်း အကောင်းဆုံးလို့ ဆိုလို့ရမယ်" စိတ်လှုပ်ရှားနေသော စာပေပညာရှင်တစ်ဦးက အော်ဟစ်လိုက်သည်။
“ကျုပ် သဘောမတူဘူး။ 'မြေပြင်ပေါ်မှာ နှင်းတွေလို စုပုံနေတဲ့ ဇီးပွင့်တွေ၊ ခန္ဓာတစ်ခုလုံး ရှင်းထုတ်ထားသည့်တိုင် ပြည့်နှက်နေခြင်း’ ဆိုတာ ရှုခင်းသရုပ်ဖော်ရာမှာ ထူးခြားတဲ့ စသားတစ်ခုလို့ ကျုပ် ထင်တယ်" လူတစ်ဦးက စောဒကတက်လိုက်သည်။
“မဟုတ်ဘူး၊ မဟုတ်ဘူး၊ သခင်မလေးနျဲ့ကို စာသားက အလှဆုံးပဲ 'ရေလိုစီးဆင်းနေတဲ့ လှည်းယဉ်တွေ၊ နဂါးတွေနဲ့ ဆင်တူတဲ့ စီးတော်မြင်းတွေ၊ ပြီးပြည့်စုံတဲ့ နွေဦးလေညင်းကြားက လမင်းကြီးနဲ့ ပန်းပွင့်တွေ' စကားတိုတိုလေးနဲ့ နွေဦးကာလရဲ့ ရှုခင်းကို စုံစုံလင်လင် ရေသားထားတာ" ဆံပင်ဖြူနှင့် သက်ကြီးရွယ်အိုတစ်ဦးသည် လေးစားအားကျစွာ သက်ပြင်းချလိုက်သည်။
ဤစာပေပညာရှင်များသည် ဤစာသားသုံးပုဒ်အတွက် မျက်နှာများ နီရဲစွာ ငြင်းခုံနေသည်။ ထိုကဗျာစာသားများသည် ထျန်ရှန်မြို့တော်၏ အမျိုးသမီးများကြားတွင် အံ့အားသင့်ဖွယ် အရှိန်အဟုန်ဖြင့် ပျံ့နှံ့လာသည်။ ရုတ်တရက်ဆိုသလိုပင် နက်ရှိုင်းသော ခြံဝင်းများနှင့် မွှေးကြိုင်သော အခန်းဆောင်များထဲရှိ နေရာတိုင်းတွင် နူးညံ့သိမ်မွေ့သော အမျိုးသမီးငယ်များသည် ဤစာသားသုံးပုဒ်ကို ရွတ်ဆိုနေကြသည်။
အစွဲအလမ်းကြီးသူများသည် ၎င်းတို့ကို ထပ်ခါတလဲလဲ ရေးမှတ်ရန်အထိ နက်နက်ရှိုင်းရှိုင်း နစ်မြုပ်ထားကြသည်။ ဤကဗျာသုံးပုဒ်၏ လက်ရာမြောက်သော သိမ်မွေ့မှုနှင့် လှပမှုသည် ဤမိန်းကလေးများ၏ နှလုံးသားကို နက်ရှိုင်းစွာ ထိမိသွားစေသည်။ ဤကဲ့သို့ အခြေအနေမျိုးတွင် ၎င်းတို့သည် ကဗျာဆရာကို ပြင်းပြင်းထန်ထန် သိချင်လာကြသည်။ ထိုကဲ့သို့သော ကဗျာမျိုးကို မည်သို့သော လူများက ရေးသားခဲ့သနည်း။ သိရှိပြီးသောအခါ ၎င်းတို့သည် ပို၍ပင် အံ့အားသင့်လာကြသည်။
“အင်အားကြီးမိသားစုကို နေ့ချင်းညချင်း ချေမှုန်းလိုက်တာလား ဒီလို သတ်ဖြတ်လိုစိတ်က တကယ့်ကို အံ့ဩစရာပဲ” မိန်းကလေးတစ်ဦးက ပြောလိုက်သည်။
“ဒါပေမယ့် ဒါကနည်းနည်းတော့ ရက်စက်လွန်းတယ် မဟုတ်ဘူးလား” တခြားမိန်းကလေးတစ်ဦးသည် အနည်းငယ် ကြောက်ရွံ့နေသည်။
“ထွီ၊ ချန်မိသားစုက ဘယ်လိုလူတွေလဲဆိုတာ နင် မသိဘူးလား သူတို့ထိုက်နဲ့ သူတို့ကံလို့ပဲ ဆိုရမှာ"
“ကြားဖူးကြလား။ ဒီလူကြီးမင်းရွှယ်က မယုံနိုင်လောက်အောင် ချောမောပြီး ထူးခြားဆန်းကြယ်တယ်ဆိုပဲ”
“ဘုရားရေ။ ရုပ်ချောတယ်၊ ကြီးစိုးပြီး ထက်လည်း ထက်မြက်တယ်တဲ့၊ ငါတော့ ဒီလူ့ကို ချစ်မိသွားပြီ”
“ဟီးဟီး၊ ရွှယ်အန်းက ထန်မိသားစုဆီ သွားတုန်းက သူတို့တွေက ဂျီးများနေကြတာတဲ့နော် တော်တော်လည်း အမြင်ကျဉ်းတဲ့ ငတုံးတွေ။ ရွှယ်အန်းသာ ငါ့ဆီကို လာဖို့ဆန္ဒရှိရင် ငါတော့ သူ့ကို အိပ်ခန်းထဲမှာ ခစားဖို့တောင် ဆန္ဒရှိတယ်”
“ဟားဟား။ သခင်မလေးရေ ဒီလိုစကားတွေပြောနေတာ မရှက်ဘူးလား”
“ဟီးဟီး၊ ဘာများ ရှက်စရာရှိလို့လဲ။ နင် မသိဘူးလား။ လူကြီးမင်းရွှယ်က အိမ်ထောင်မပြုရသေးဘူးတဲ့ ဒါ့အပြင် သူက ငါးရက်ကြာရင် ဧကရာဇ်ရဲ့မွေးနေ့ပွဲကို တက်ရောက်မယ်လို့ ငါ ကြားထားတယ်”
ဤစကားကြောင့် အခန်းတွင်းရှိ မိန်းကလေးများသည် မျက်လုံးများ တောက်ပစွာ အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ချက်ခြင်းဆိုသလိုပင် ထျန်ရှန်မြို့တော်ရှိ လက်မထပ်ရသေးသော အမျိုးသမီးငယ်များအားလုံးသည် လာမည့်ငါးရက်အတွင်း ကျင်းပမည့် မွေးနေ့ပွဲ၌ တက်သစ်စကြယ်ပွင့်ဖြစ်သည့် ရွှယ်အန်းကို ဆွဲဆောင်ရန် ရည်ရွယ်ချက်ဖြင့် ဖျော်ဖြေတင်ဆက်ရန် စိတ်အားထက်သန်နေကြသည်ဟူသော သတင်းများ ပျံ့နှံ့လာသည်။ ဤသည်မှာ ညတွင်းချင်း နာမည်ကျော်ကြား၍ မြို့တော်အနှံ့ လူသိများလာခြင်းဟူသည့် အဓိပ္ပာယ်ဖြစ်သည်။