← Chapters

နယ်မြေများ

Vol. 129 Ch. 1793

နယ်မြေများ

Vol. 129 Ch. 1793

ကျင့်ကြံခြင်း လောကကြီးသည် နှိုင်းယှဉ်၍မရနိုင်လောက်အောင်၊ ဖော်ပြ၍မရနိုင်လောက်အောင် မယုံနိုင်လောက်အောင်ပင် နက်နဲလှသည်။ အထူးသဖြင့် အာကာသ၊ အချိန်နှင့် ဟင်းလင်းပြင် တစ်လျှောက်၌ တည်ရှိနေသော ကမ္ဘာပေါင်းများစွာ အတွက်ပင်။

သေမျိုး အဆင့် ကျင့်ကြံသူများသည် ကြယ်တာရာ အမြုတေ သတ္တမ အဆင့်ဖြစ်သော လောကနယ်မြေအဆင့်ကို ရောက်ရှိပြီးနောက် တည်ငြိမ် အာကာသ၏ နိယာမများကို စတင် ထိတွေ့ရသောအခါ... အာကာသ၏ ဧရိယာများကို ထွင်းဖောက်ဖန်တီးနိုင်သည့် ထူးခြားသော စွမ်းရည်ကို ရရှိကြလာကြသည်။ ဟင်းလင်းပြင်ကို စတင် ဖန်တီးလာနိုင်ကြသည်။ အဆိုပါ စွမ်းရည်ကို နည်းလမ်းများစွာဖြင့် တိုးချဲ့ ဖော်ဆောင်လာကြသည်။

ဤသို့ဖြင့်... ကျင့်ကြံသူများသည် တည်ငြိမ်သော အာကာသ နှင့် အလွှာ အထပ်ထပ်ပါသည့် အာကာသငယ် နယ်မြေ များစွာကို ဖန်တီးကြပြီး... ၎င်းတို့ကို ဝင်္ကပါများ သို့မဟုတ် အလားတူအရာများဖြင့် ဖုံးကွယ်ထားလေ့ရှိသည်။

ဤကဲ့သို့ သီးခြားခွဲထုတ်ထားသည့် အာကာသများကို အနှောင့်အယှက်မရှိ ကျင့်ကြံခြင်း ပြုလုပ်ရန်၊ သို့မဟုတ် အနားယူရန်ဟူသော ရည်ရွယ်ချက်များ အတွက် အသုံးပြုကြသည်။ ၎င်းတို့မှာ တစ်ခါတစ်ရံတွင်လည်း အထွတ်အမြတ် နယ်မြေများ၊ သီးသန့် အစည်းအဝေးများ၊ အထူးခန်းမများအဖြစ် ပုံပေါ်လာကြသည်။

လောကသခင် အဆင့် သို့မဟုတ် ထို့ထက်မြင့်မားသော ကျင့်ကြံသူများသည် အပြောကျယ်လှသော ကမ္ဘာများသို့ ခရီးနှင်ကြသည့်အခါ... အထူးသဖြင့် တာအို လက်တွဲဖော်များ သို့မဟုတ် လက်ထပ်ပြီးသော ကျင့်ကြံသူ များမှာ စုံတွဲ ကျင့်ကြံရန် အတွက် ယာယီတဲနန်းငယ်များကဲ့သို့ ဤအာကာသများကို ဖန်တီးကြသည်။

ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲတွင် ကြီးကြပ်သူများ အတွက် အာကာသ နယ်မြေငယ်များ ရှိသလို မဟာစက်ဝန်း ကြယ်ကွင်းပြင် တွင်လည်း ထိပ်တန်းပုဂ္ဂိုလ်များက အဖြစ်အပျက်များကို အခြားလူများ သတိမပြုမိစေပဲ လေ့လာရန်အတွက် အာကာသငယ် နယ်မြေများကို ထားရှိသည်။

ကျင့်ကြံခြင်း အခြေခံ ပိုမို၍ မြင့်မားလေလေ... အာကာသငယ် နယ်မြေ များကို ထူထောင်ရန် ပိုမိုလွယ်ကူလေလေ ဖြစ်သည်။

ပုံမှန်အားဖြင့် ထိုကဲ့သို့ အာကာသ နယ်မြေများမှာ ယာယီသာ ဖြစ်ကြပြီး ရည်ရွယ်ချက် ပြီးဆုံးပြီးသည်နှင့် အစစ်အမှန် အာကာသ စွမ်းအင်များအဖြစ် ပြန့်ကျဲသွားကြကာ ၎င်းတို့၏ တည်ရှိမှု အထောက်အထားကို အနည်းငယ်သာ ချန်ထားခဲ့ကြသည်။

အလားတူ နိယာမများဖြင့် ဖွဲ့စည်းထားပြီး လူသိများသည့် လောက တစ်ခုကတော့ လောကနယ်မြေများပင် ဖြစ်သည်။ ၎င်းတို့မှာ ဟင်းလင်းပြင် ဖြစ်တည်စေခြင်း နိယာမကို ပိုမို၍ ကြီးမားသော အတိုင်းအတာအထိ အသုံးပြု၍ ဖွဲ့စည်းထားကာ ပုံသေ အာကာသနှင့် ချိတ်ဆက်ထားသည်။

လောကနယ်မြေများသည် အမတေနှင့် အခြားသော သဘာဝ စွမ်းအင်များ စီးဝင်ရန် အတွက် ဆက်သွယ်ရေး လမ်းကြောင်းများကို ဖွင့်လှစ်ထားခြင်းဖြင့် အပြင်ဘက်ရှိ တည်ငြိမ်သော လောက၏ အရည်အသွေးများကို တုပ ထားကြသည်။ ၎င်းတို့မှာ သဘာဝ လောက တစ်ခု၏ အရည်အသွေးများကို လွတ်လပ်စွာ ပိုင်ဆိုင်နိုင်ကြသည်။

အစွန်းဖက် တိုက်ကြီးများနှင့် မရေမတွက်နိုင်သည့် ကျင့်ကြံသူများ အတွက် နေရာပေးထားသည့် နတ်ဆိုးစစ်ပွဲ လောကနယ်မြေမှာ မဟာ စက်ဝန်း ကြယ်ကွင်းပြင်တွင် နာမည် ကျော်ကြားသည့် ကုန်းမြေတိုက်ကြီး တစ်ခု ဖြစ်သည်။ ထိုလောကနယ်မြေကို ဖန်တီးရန် အတွက် ကြီးမားသည့် အားထုတ်မှုများ လိုအပ်ခဲ့သည်။

အမတေနှင့် စွမ်းအင်များကို စနစ်တကျ တုပရန် အတွက် စွမ်းအင် လမ်းကြောင်းများ လိုအပ်သည်သာမက... နေကြယ် ဂုဏ်သတ္တိများကို စနစ်တကျ ပုံတူ ကူးယူနိုင်သည့် အတုအယောင် အမြုတေ သို့မဟုတ်လည်း သဘာဝ အမြုတေ တစ်ခုလည်း လိုအပ်ပေသည်။ ထိုကဲ့သို့ အမြုတေများထဲမှ တစ်ခု ပေါက်ကွဲလျှင်ပင် အားအနည်းဆုံးသည်ပင် ကြယ်တာရာ သခင် တစ်ဦး ပေါက်ကွဲမှုနှင့် ညီမျှသော စွမ်းအားကို ထုတ်လွှတ်နိုင်သည်.

လောကသခင်များ အတွက် လောကနယ်မြေ တစ်ခု ဖန်တီးရန် ရာစုနှစ်ပေါင်းများစွာ ကြာမြင့်နိုင်သော်လည်း လျှို့ဝှက် အာဏာရှင် အဆင့်များ အတွက်မူ နာရီအနည်းငယ်သာ ကြာမြင့်နိုင်သည်။ လောကနယ်မြေများ အတွင်း၌ ကျင့်ကြံသူ တစ်ဦး၏ အမွေအနှစ်များနှင့် တစ်သက်တာ ကြိုးပမ်းအားထုတ်မှုတို့ကို မကြာခဏဆိုသလို ဖုံးအုပ်ထားလေ့ ရှိသည်။

သို့သော်လည်း... စွမ်းအင်လမ်းကြောင်းများသာ ချိတ်ဆက်မှုကို ဆုံးရှုံးသွားပါက ထိုလောကနယ်မြေများမှာ မကြာမီ ပြိုကျသွားလိမ့်မည် ဖြစ်ကာ ၎င်းတို့အတွင်းရှိ သန်းပေါင်းများစွာ သို့မဟုတ် ဘီလီယံနှင့်ချီသော သက်ရှိများမှာလည်း ဝမ်းနည်းဖွယ်ရာ တိတ်တဆိတ် ပျောက်ကွယ်သွားမည်ဖြစ်သည်။

လောကနယ်မြေ များ ဖန်တီးခြင်းနှင့် ဆင်တူစွာပင်... လျှို့ဝှက်နယ်မြေများကိုလည်း မွေးဖွားပေးနိုင်သည်။ ၎င်းတို့မှာအပြင်လောကနှင့် ချိတ်ဆက်မှု မရှိသည့် ပိုမိုသေးငယ်သော နယ်မြေများဖြစ်သည်။ အချို့ လျှို့ဝှက်နယ်မြေများတွင် နေကြယ် စွမ်းအင်ကို အစားထိုးမည့် အတုအယောင်နှင့် သဘာဝ အမြုတေများပင် မရှိဘဲ... ပုံသေ အာကာသ နိယာမများကို အသုံးပြု၍သာ တည်ငြိမ်အောင် ပြုလုပ်ထားကြသည်။

လျှို့ဝှက် နယ်မြေများ၏ အသက်မှာ ဝင်္ကပါများဟုပင် ဆိုနိုင်ပေသည်။ ၎င်းတို့မှာ အပြင်ဘက် လောကမှ အမတေနှင့် စွမ်းအင်များကို ဝင်္ကပါများမှ တစ်ဆင့် အစွမ်းကုန် စုပ်ယူကြပြီး ယာယီ ခိုလှုံရာ နေရာများ၊ အထွတ်အမြတ် ထားသည့် ကျင့်ကြံခြင်း နယ်မြေများ အဖြစ် ဖန်တီးကြသည်။

သို့သော်လည်း... ဤနယ်မြေ အမျိုးအစား သုံးခုမှာ နယ်မြေများ၏ အဆုံးစွန်သော ကန့်သတ်ချက်များနှင့် ဝေးကွာ နေပေသေးသည်။ ဆက်စပ်မှု စစ်မြေပြင်မှာ ဧရာမ ကြီးမားကာ အလွန် ရှုပ်ထွေးလှသည့် နယ်မြေတစ်ခု ဖြစ်သည်။ ၎င်းမှာ ဦးတည်ချက်၊ အာရုံစူးစိုက်မှု၊ အကွာအဝေးနှင့် ပုံသဏ္ဍာန်မရှိသည့် အဆုံးမဲ့ ရှုပ်ထွေးလှသော အာကာသ ပင်လယ်ပြင် အတွင်းတွင် တည်ရှိနေကာ၊ သီးခြား ကိုဩဒိနိတ် များမပါဘဲ တိကျစွာ ရောက်ရှိဖို့ သို့မဟုတ် ဝင်ရောက်ဖို့ အလွန်ခက်ခဲသည်။ အလွန် အစွမ်းထက်သော လျှို့ဝှက် အာဏာရှင်များ အတွက်ပင် အတူတူပင် ဖြစ်သည်။

တစ်ခါတစ်ရံ သတိမထားမိသည့် ကျင့်ကြံသူ တစ်ဦးမှာ ထိုရှုပ်ထွေးလှသည့် အာကာသ ပင်လယ်ပြင် အတွင်း ဝင်ရောက်သွားကာ မိုင်မီလျံပေါင်းများစွာ၊ တစ်ခါတစ်ရံ ထရီလျံပေါင်း များစွာ အထိ ရောက်ရှိသွားခဲ့သည့် ဖြစ်ရပ်များလည်း ရှိသည်။ ထိုနေရာ၌ ရှင်သန်ရန်မှာ အလွန်ပင် ခက်ခဲလှသည်။ သို့သော်လည်း... အာကာသ နိယာမများကို အသုံးပြု၍ ကျင့်ကြံသူများမှာ ကြယ်တာရာ ရွှေ့ပြောင်းခြင်း အလင်းတန်းကို တည်ထောင်နိုင်ပြီး၊ ၎င်းမှာ အလွန်ကြီးမားလှသော အကွာအဝေးများကို ခဏတာအတွင်း ဖြတ်ကျော်ပို့ဆောင်ပေးနိုင်သည်။

ဝေ့ဝူယင်မှာ စစ်မြေပြင်သို့ သွားရာလမ်းတစ်လျှောက်တွင် ကြယ်တာရာ ရွှေ့ပြောင်းခြင်း အလင်းတန်းကို အချိန်အတော်ကြာ အသုံးပြုခဲ့ရသည်။ ထိုအတော်အတွင်း ပုံသေနှင့် အပျက်အစီး အာကာသ ပေါင်းစပ်မှုကို အသုံးပြု၍ တည်ဆောက်ထားသည့် နိယာမအချို့ကိုပင် နားလည်နိုင်ခဲ့လေရာ မဟာစက်ဝန်း ကြယ်ကွင်းပြင်နှင့် စစ်မြေပြင်တို့ကြားရှိ အကွာအဝေးက မည်မျှ ကြီးမားလှကြောင်း ထင်ရှားစေသည်။ ၎င်းမှာ စိတ်ကို ခြောက်ခြားသွားစေလောက်အောင်ပင် ဖြစ်သည်။

နယ်မြေများထဲ၌ အချိန်ဖြင့် ထွင်းဖောက်ထားသည့် ပုံမှန်မဟုတ်သော နယ်မြေများလည်း ရှိသည်။ အာရုဏ်ဦး လေပွေဇုံသည် အတွင်းရှိ လူအားလုံးအတွက် အချိန်စီးဆင်းမှု ကွဲပြားသည့် အချိန် အာကာသငယ် နယ်မြေ တစ်ခုကို တုပထားသည်။

အဆုံးမဲ့ ခရီးသွား နယ်မြေ အတွင်းရှိ အချိန်လေပွေမှာလည်း တိကျသည့် နယ်မြေတစ်ခု မဟုတ်ဘဲ... ပုံပျက်ပြီး ရှုပ်ထွေးနေသည့် အချိန်၏ အစိမ်းသက်သက် ပေါင်းစပ်မှု တစ်ခုသာ ဖြစ်သည်။ ထိုအတွင်း၌ အချိန်ခဲနေသည့် တည်ငြိမ်နယ်မြေများ ရှိသလို နောက်ပြန်စီးဆင်းနေသည့် ပြောင်းပြန် နယ်မြေ များဟု ခေါ်ဆိုသော နယ်မြေများလည်း ရှိသည်။

ဝေ့ဝူယင် ရောက်ရှိခဲ့ဖူးသည့် အချိန်မြစ် အတွင်းရှိ ထူးခြားသော အာကာသမှာလည်း 'ပုံမှန်မဟုတ်သော' နယ်မြေ တစ်မျိုးဖြစ်သည်။

ထိုကဲ့သို့ အမျိုးမျိုး အဖုံဖုံ နယ်မြေများထဲတွင် ရှေးဟောင်း ချိပ်ပိတ်နယ်မြေနှင့် အဇူရာ မူလ ကြယ်စင်စုတို့မှ ကျင့်ကြံသူများ ‘ကြယ်တာရာ အသိုက်’ ဟု နားလည်ထားသည့် အလွန့်အလွန် ရှားပါးလှသော နယ်မြေ အမျိုးအစား တစ်ခုလည်း ရှိသေးသည်။ ၎င်းကို ဟင်းလင်းပြင် အသိုက် နယ်မြေ ဟူ၍လည်း ခေါ်ဆိုကြသည်။

ထိုကဲ့သို့ နယ်မြေမျိုးမှာ အပျက်အစီး နယ်မြေများထက်ပင် ရှာဖွေရသည်မှာ အလွန်ပင် ခက်ခဲလှသည်။ ထိုအထဲ၌ အာကာသနှင့် အချိန် စီးဆင်းမှု စည်းမျဉ်းများ ရောနှော နေသည့် အပြင်... ‘ဟင်းလင်းပြင်’ တည်းဟူသော သဘောတရားများလည်း ပါဝင်နေသည်။

ဟင်းလင်းပြင် အသိုက် နယ်မြေမှာ ဟင်းလင်းပြင် ၏ သီးခြားခွဲထုတ်ထားသည့် အစိတ်အပိုင်းတစ်ခုအတွင်း၌ တည်ရှိနေခြင်းဖြစ်သည်။ ၎င်းကို ဖန်တီးရန်အတွက် ဟင်းလင်းပြင် ရတနာနှင့် အချိန်တို့ လိုအပ်သည်။

ကြယ်တာရာ အသိုက်မှာ နတ်ဆိုး အာဏာရှင်၏ အကျဉ်းထောင်ဖြစ်ပြီး၊ အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံ ဟူသော အမြင့်မြတ်ဆုံး ကောင်းကင် ရတနာ ဖြင့် ထုဆစ်ထားသည်။ ကစားပွဲ၏ စည်းမျဉ်းများနှင့် နတ်ဆိုး အာဏာရှင်၏ အတွင်းပိုင်းမှ စွမ်းအင် ထုတ်ဖော်မှုများသာ မရှိပါက... ကြယ်တာရာ အသိုက်တွင် တည်မြဲခြင်း မရှိ အမြဲတမ်း ပြောင်းလဲနေသည့် ဝင်ပေါက်၊ ထွက်ပေါက်များပင် တည်ရှိလိမ့်မည် မဟုတ်ချေ။

အကယ်၍ ဟင်းလင်းပြင်နှင့် သက်ဆိုင်သည့် အစစ်အမှန် နဂါး သွေးမျိုးဆက်ကိုသာ ပိုင်ဆိုင်ထားခြင်း မရှိပါက... ဝေ့ဝူယင်၏ လက်ရှိ ကျင့်ကြံခြင်း အခြေခံဖြင့် အာကာသနှင့် အချိန် ဥပဒေသတို့ အပေါ် သာမည အာဏာများကို ပိုင်ဆိုင်ထားလျှင်ပင် ကြယ်တာရာ အသိုက်၏ တည်နေရာကို တိကျစွာ သတ်မှတ်နိုင်လိမ့်မည် မဟုတ်ချေ။

၎င်းမှာ အာကာသနှင့် အချိန် ဥပဒေသတို့တွင် အားနည်းချက်များ ရှိခြင်းကြောင့် မဟုတ်ပဲ ဟင်းလင်းပြင်၏ ထူးခြားလှသော စွမ်းရည်များကြောင့် ဖြစ်သည်။ အပျက်အစီး အာကာသ အတွင်းသို့ ခဏတာမျှ ဝင်ရောက်ခြင်းသည် အာကာသ တစ်လျှောက် မိုင်ထရီလျံပေါင်း များစွာ ပစ်လွှတ်နိုင်သည် ဆိုလျှင် ဟင်းလင်းပြင်မှာ ထိုထက် အဆပေါင်းများစွာ ပိုမို ခက်ခဲ ရှုပ်ထွေးသည်ဟု သတ်မှတ်ရပေလိမ့်မည်။

ကံကောင်းထောက်မတာ တစ်ခုက ဤဟင်လင်းပြင် အသိုက် နယ်မြေတွင် မတည်မြဲသည့် ဝင်ပေါက် ထွက်ပေါက်များ ရှိနေခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် နယ်မြေမှာ ချိပ်ပိတ်နယ်မြေ အတွင်းတွင်သာ ရှိနေသဖြင့် ၎င်းတို့၏ ရွေ့လျားမှုများကို ကန့်သတ်ထားပြီး အပြောကျယ်လှသည့် အပြင်လောကနှင့် အလွန်ပင် ကွဲပြား နေခဲ့သည်။

တစ်ခါတစ်ရံ ထိုသေးငယ်သည့် ဝင်ပေါက် ထွက်ပေါက်များမှာ ကြီးမားလာတတ်ပြီး ဟင်းလင်းပြင် အမှတ်များ၊ ပျောက်ကွယ်မှတ်များ အဖြစ် အမှောင် ဟင်းလင်းပြင် အတွင်း ပေါ်ထွက်လာတတ်သည်။ ၎င်းတို့မှာ ဟင်းလင်းပြင်၏ အကြီးမားဆုံးသော အန္တရာယ်များထဲမှ တစ်ခု ဖြစ်သည်။ ၎င်းတို့မှာ ဝင်ရောက်ပြီးသည်နှင့် ဘယ်တော့မှ ပြန်ပေါ် မလာနိုင်တော့သည့် လမ်းကြောင်းများ ဖြစ်ကြသည်။ ၎င်းတို့မှာ ကြယ်တာရာ အသိုက်ကို ဦးမတည်ပါက အခြား တစ်နေရာကို ဦးတည်ကြပေလိမ့်မည်။

အခြား တစ်နေရာ...

မှန်ပေသည်။ ချိပ်ပိတ်နယ်မြေ အတွင်းတွင် ဟင်းလင်းပြင် အသိုက် နယ်မြေက တစ်ခုတည်းသာ ရှိနေခြင်း မဟုတ်ချေ။ အလွန့် အလွန် များပြားလှပေသည်။

ဝတ်စုံနက် ဝေ့ဝူယင်၏ ဘဝတွင် သူ၏ ရှားရှားပါးပါး မိတ်ဆွေကောင်း တစ်ဦးမှာ ဟင်းလင်းပြင် အသိုက် နယ်မြေ တစ်ခုတွင် ယုတ်မာ ကောက်ကျစ်သူ တစ်ယောက်၏ လက်၌ အသက် ဆုံးရှုံးခဲ့ရသည်။ ဝတ်စုံနက် ဝေ့ဝူယင်မှာ ထိုကြေကွဲဖွယ်ရာ ဖြစ်ရပ်ကို ဖြစ်ပွားပြီးနောက် အချိန် အတော်ကြာမှသာ ရိပ်မိခဲ့ခြင်း ဖြစ်သည်။ စိတ်ပျက်စရာ ကောင်းသည်က အချိန်မြစ် အတွင်း ဝေ့ဝူယင်၏ လက်ချက်ဖြင့် သေဆုံးခဲ့ချိန် အထိ ထိုဖြစ်ရပ် ဖြစ်ပွားခဲ့သည့် ဟင်းလင်းပြင် အသိုက် နယ်မြေ ထဲသို့ မဝင်ရောက်နိုင်သေးခြင်းပင် ဖြစ်သည်။

ဝတ်စုံနက် ဝေ့ဝူယင်မှာ ဟင်းလင်းပြင် အသိုက် နယ်မြေများကို မဝင်ရောက်နိုင်ခဲ့ခြင်း မဟုတ်သော်လည်း ၎င်းတို့၏ အရေအတွက်က အလွန်အမင်း များပြားလှသည်။ တိတိကျကျ ပြောရလျှင်... ဝတ်စုံနက် ဝေ့ဝူယင်မှာ ဟင်းလင်းပြင် အသိုက် ဆယ့်လေးခုကို ရှာဖွေ တွေ့ရှိခဲ့ပြီး ထိုအထဲမှ သုံးခုကိုသာ ဝင်ရောက်နိုင်ခဲ့သည်။

ထိုအရာက သူ့ အမှားတော့လည်း မဟုတ်ချေ။ လျူယင်လန်း၏ လက်ချက်ဖြင့် ခရာတိုကို ဆုံးရှုံးခဲ့ရပြီး နောက်တွင် ဟင်းလင်းပြင် လမ်းစဉ်နှင့် ပတ်သက်သည့် သူ့ စွမ်းရည်များမှာ ဆိုးရွားစွာ ကျဆင်း သွားခဲ့သည်။ လက်ရှိ ဝေ့ဝူယင်တွင် အလားတူ ပြဿနာမျိုး မရှိသော်လည်း ဟင်းလင်းပြင် အသိုက် နယ်မြေများကို ရှာဖွေခြင်းမှာ မဖြစ်နိုင်လောက်အောင် ခက်ခဲနေဆဲပင် ဖြစ်သည်။

သို့သော်လည်း...

ယခုတွင်တော့ သူ အင်ပါယာ ဥပဒေသဖြင့် ရှေးဟောင်း ချိပ်ပိတ်နယ်မြေ တစ်ခုလုံးကို ချုပ်ကိုင် နိုင်ခဲ့ပြီ ဖြစ်သည်။ အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံ၏ ဝိညာဉ်နှင့်လည်း နက်ရှိုင်းသည့် ဆက်သွယ်မှုများကို ရရှိခဲ့ပြီ ဖြစ်သည်။ ထို့အပြင် ဟင်းလင်းပြင် အသိုက် နယ်မြေအတွင်းရှိ သတ္တဝါနှင့်လည်း အပြန်အလှန် ဆက်သွယ်မှုများ ရရှိခဲ့သည်။ ထို့ကြောင့်ပင် ဝေ့ဝူယင်မှာ မည်သည့် နေရာတွင် မဆို... အနည်းဆုံး သူ သိမ်းပိုက်ထားသည့် နယ်မြေ အတွင်း၌ ဟင်းလင်းပြင် ကျောက်ဆူးကို ထူထောင် နိုင်ခဲ့ပြီ ဖြစ်သည်။

ကြယ်ကွင်းပြင် ဆယ့်ရှစ်ခုအား သိမ်းပိုက်ခဲ့ခြင်း အပေါ် မည်သူမှ မခုခံခဲ့သည့် အတွက် အင်ပါယာ ဥပဒေ၏ အကျိုးသက်ရောက်မှုများမှာ အပြည့်အဝ လည်ပတ်နိုင်ခဲ့သည့် အပြင်... ခရာတို၏ သွေးမျိုးဆက် စွမ်းရည်များ၊ ဟင်းလင်းပြင် ကျောက်ဆူးနှင့် ဂိတ်တံခါးတို့ကို အတားအဆီး မရှိ ဖော်ထုတ်နိုင်ခြင်းတို့ကြောင့် ဝေ့ဝူယင်မှာ မည်သည့် ဟင်းလင်းပြင် အသိုက် နယ်မြေကို မဆို အလိုရှိတိုင်း ဝင်ရောက်နိုင်ခဲ့ပြီ ဖြစ်သည်။

လွန်ခဲ့သည့် နာရီပိုင်း အတွင်း တစ်လျှောက်လုံး၌ ဝေ့ဝူယင် ဟင်းလင်းပြင် အသိုင် နယ်မြေ ၈၇၃ ခုစလုံးကို မွှေနှောက်ကာ မိတ်ဆွေ ဖြစ်သူ၏ အော်ရာကို ရှာဖွေ နေခဲံခြင်း ဖြစ်သည်။ သူ စိတ်ပျော်ရွှင်နေရသည့် အကြောင်းရင်းထဲတွင် သူမကို ရှာဖွေ တွေ့ရှိခဲ့ခြင်းလည်း ပါဝင်ပေသည်။

သူ သူမကို ရှာဖွေ့ခဲ့ပြီ ဖြစ်သည်။

***

All Chapters