← Chapters

ဝိုးတဝါး အိပ်မက်

Vol. 129 Ch. 1795

ဝိုးတဝါး အိပ်မက်

Vol. 129 Ch. 1795

ဆယ်စုနှစ်...

ဆယ်စုနှစ် များစွာ ကြာခဲ့လေပြီ။ ပတ်ဝန်းကျင်၌ သေဆုံးနေသည့် မျက်လုံးများကို သူမ မြင်ရသည်။ သူတို့၏ အသက်ရှင်သန်လိုစိတ်များက လွန်ခဲ့သည့် နှစ်ပေါင်းများစွာ ကတည်းက ပျောက်ဆုံး သွားခဲ့ကာ အဆုံးသတ်မည့် အချိန်ကိုသာ စောင့်မျှော် နေကြခြင်း ဖြစ်သည်။ စိတ်ဝိညာဉ် ဟောက်ပက် များကို မြင်တွေ့ရခြင်းမှာ မည်မျှ ကြောက်မက်ဖွယ်ကောင်းလိုက်သနည်း။ ၎င်းက နတ်ဆိုးများနှင့် သရဲတစ္ဆေများကိုပင် ထိတ်လန့်စေလောက်သည်။

သို့သော်လည်း… မိန်းကလေး၏ ဝိညာဉ်၌ အလွန် သေးငယ်သည့် မီးပွားလေး တစ်ခု ကျန်ရှိနေဆဲ ဖြစ်သည်။ ထိုမီးပွားလေးမှာ သစ်ပင်သစ်နွယ်များ ကျောရိုး အတွင်း ထိုးဖောက်၍ နှလုံးသား အတွင်း တိုးဝင်ကာ အမတေများကို စုပ်ယူနေချိန်တွင်ပင် သူမကို နွေးထွေး စေခဲ့သည်။ ထိုအရာသာ မရှိခဲ့ပါက... သူမ ယခုလောက် အထိပင် ကြံ့ကြံ့ခံနိုင်လိမ့်မည် မထင်ချေ။

မိန်းကလေးမှာ ကြယ်တာရာ ကင်းမဲ့သည့် ကောင်းကင်ကို မော့ကာ ကြည့်လိုက်မိ၏။ ယခုလို အဆိုးဆုံး အခြေအနေများနှင့် ကြုံတွေ့ခဲ့ရတိုင်း လာရောက် ကယ်တင်လေ့ ရှိသည့် လူငယ်ကို သူမ မတွေးပဲ မနေနိုင်ခဲ့ပါချေ။

“ကမ္ဘာသစ်မှာ ရှင် ဘယ်လို ရှိနေမလဲ...”

သူမက တွေးလိုက်မိ၏။ ထိုလူငယ်နှင့် ပထမဆုံး ပြန်လည် ဆုံတွေ့ခဲ့သည့် နေ့ကို သူမ မှတ်မိနေသေးဆဲ ဖြစ်သည်။

ဝေ့ဝူယင်က သူ ကြုံတွေ့ခဲ့ရသည့် စွန့်စားခန်းများ အကြောင်း အတောက်ဆုံးသော အပြုံးများနှင့် ရှင်းပြနေချိန်တွင် သူမ ရင်ခုန် စိတ်လှုပ်ရှားခဲ့ရသည်။ သူ ဟာသဖောက်တိုင်းလည်း သူမ ရယ်ရသည်။ သူနှင့် အတူ စားသောက်ခဲ့သည့် အစားအစာများက အရသာ ရှိလှသည်။ ထိုနေ့က တည်းခိုခန်းကိုသာ ပြန်မသွားခဲ့လျှင်ပင် သူတို့ မည်သည့် နေရာတွင် ရှိနေမည်နည်း။

အကယ်၍ အချိန်များကိုသာ နောက်ပြန်ဆုတ်၍ ရမည် ဆိုပါက သူနှင့် အတူ အပြောကျယ်လှသော လောကကို ခရီးနှင်လိုကြောင်း ဆန္ဒပြုမိလိမ့်မည် ဖြစ်သည်။ ထိုကွပ်မျက်ခံရသည့် စင်မြင့်ပေါ်မှာတုန်းက... သူမ မည်သူတစ်ဦးတစ်ယောက်၏ ဇနီးနှင့် မိခင်မျှ ဖြစ်လာရန် မလိုလားဘဲ ကျင့်ကြံခြင်း လောကကို စူးစမ်းရှာဖွေရန် ဆန္ဒရှိခဲ့သည်။ ယနေ့တိုင်... ထိုဆန္ဒသည် မပြောင်းလဲသေးပေ။ သို့သော်လည်း မည်သူနှင့် အတူ ခရီးသွားလိုသည် ဆိုသည့် ဆန္ဒကတော့ ပြောင်းလဲခဲ့သည်။

ဖြစ်နိုင်လျှင် သူ၏ ဟာသများကို နားထောင်ရင်း၊ သူ၏ ဖြူစင်သည့် မျက်ဝန်းတို့ကို ငေးရင်း.. ဝိညာဉ် အတွင်းမှ အနက်ရှိုင်းဆုံးသော ဆန္ဒများကို သူမ ပြောပြလိုသည်။ မိန်းကလေး၏ မျက်လုံးများမှာ ဝေဝါး လာခဲ့၏။ ရေဓာတ်ခန်းခြောက်နေသည့် အခြေအနေ ရှိနေသော်ငြားလည်း မျက်ရည်များဖြင့် စိုစွတ်လာကာ ကောင်းကင်ကိုသာ ငေးမော ကြည့်နေမိသည်။

မျက်တောင်ခတ်လိုက်သောအခိုက်၌... ရွှေရောင်နှင့် အဖြူရောင် ငှက် တစ်ကောင်ကို စီးနင်းလာသည့် လူငယ် တစ်ဦးကို သူမ ရုတ်တရက် မြင်လိုက်ရသည်။ ငှက်မှာ အလွန်ပင် လှပလွန်းလှကာ သူမ အပေါ် စီးနင်းလာသည့် လူငယ်မှာလည်း အဆုံးမဲ့ တည်ရှိမှုကို ထုတ်လွှတ်နေသည်။

သူ၏ ငွေရောင် မျက်ဝန်းများမှာ ခပ်မှိန်မှိန် လောကတွင် မီးပုံးများ ကဲ့သို့ တောက်ပနေကာ မျက်နှာ၏ အစိတ်အပိုင်းတိုင်းမှာ ထူးခြားသည့် ယောက်ျားဆန်သော ဆွဲဆောင်မှုများကို ဖော်ထုတ်နေသည်။ ထိုကဲ့သို့သော သွင်ပြင် လက္ခဏာများကို လူတစ်ဦးတည်းကသာ ပိုင်ဆိုင်နိုင်ပြီး သူက သူမ ဆယ်စုနှစ်ပေါင်းများစွာ စိတ်ကူးယဉ်ခဲ့ရသူ ဖြစ်သည်။

သူမ နောက်တစ်ဖန် အိပ်မက်မက်နေပုံရသည်။ ဘယ်လောက်တောင် ကလေးဆန်လိုက်သနည်း။ သို့သော်လည်း... ထိုအိပ်မက်ကပင် သူမ၏ တစ်ကိုယ်လုံးကို သက်တောင့်သက်သာ ဖြစ်စေကာ ရှင်သန်ရန် မယိမ်းယိုင်သည့် ဆန္ဒ အတွက် မီးရှူးတန်ဆောင် တစ်ခု သဖွယ် ဖြစ်သည်။

ယခင်ကအတိုင်းပင် ထိုလူငယ်မှာ ကောင်းကင်ဘုံ၏ ရွေးချယ်ခံ တစ်ဦး အလား တည်ရှိမှု ဖြင့် ငရဲအား ဆန့်ကျင် တိုက်ခိုက်ရန် ရောက်ရှိလာလိမ့်မည် ဖြစ်ကာ သံကြိုးများကို စကားတစ်ခွန်းတည်း၊ လှိုင်းတစ်ချက်တည်းဖြင့် ဖြေလျှော့ပေးလိမ့်မည်။ ထို့နောက် သူမကို ကောင်းကင်သို့ ခေါ်ဆောင်သွားလိမ့်မည်။ ဘယ်တော့မျှ ပြန်မလာတော့...။

မည်မျှ ချိုမြိန်သည့် အိပ်မက်လေးနည်း။

သို့သော်လည်း... လူငယ်၏ ပုံစံက ခါတိုင်း အိပ်မက်များနှင့် များစွာ ကွဲပြားလှကာ သူမ တစ်ခါမှ မတွေးဖူးသည့် ဝတ်စုံကို ဝတ်ဆင်ထားသည်။ တိုက်ခိုက်ရေးနှင့် အဂ္ဂိရတ် လမ်းစဉ် နှစ်ခုတို့ ပေါင်းစပ်ထားသည့် ဆွဲဆောင်ရှိသော အော်ရာကို ထုတ်လွှတ်နေသည်။ ထို့အပြင်... လူငယ်မှာ သူမ မှတ်မိသည်ထက် ပိုမို၍ပင် ခန့်ညား ချောမောနေသည်။ နောက်ပြီး သူက ပိုမို၍ ရင့်ကျက်လာသည်။

ရွှေရောင် အမွေးအတောင်များနှင့် သားရဲမှာ ပိုင်လင် ဖြစ်ကြောင်း သေချာသည်။ တစ်ချိန်တစ်ခါက ဝေ့ဝူယင်နှင့် အတူ ကောင်းကင်ဘုံဆီ ပျံဝဲကာ သူ၏ တစ်သက်တာ ကောင်းကင်အဖော် အဖြစ် ကျော်ကြားသည့် ကြိုးကြာငှက် ဖြစ်သည်။ သို့သော်လည်း ဤပိုင်လင်မှာ အခြေခံအားဖြင့် ကွဲပြားလှသည်။ သူမက ပိုမို ခမ်းနား ထည်ဝါသည်။ ပိုမို လှပသည်။ ပိုမို တောက်ပသည်။ ဒဏ္ဍာရီထဲမှ သားရဲ တစ်ကောင်ကဲ့သို့ ခံစားရသည်။

သူတို့ နှစ်ဦးစလုံးမှာ သူမ စိတ်ကူးထားသည်ထက် အလွန်အကျွံပင် ကျော်လွန်နေသည်။ ဖြည်းညင်းစွာပင် ပိုင်လင်နှင့် ဝေ့ဝူယင်နှင့် ပိုင်လင်တို့မှာ သူမထံသို့ ချဉ်းကပ်လာ၏။ လူငယ်လေး၏ မျက်နှာက အလွန်ပင် တောက်ပနေကာ သွားများ ပေါ်သည် အထိ ပြုံးပြနေခဲ့သည်။ မိန်းကလေးမှာ ရင်ဘတ် အတွင်း နွေးထွေးမှုများကို ခံစားလိုက်မိလေရာ မထိန်းချုပ်နိုင်ပဲ ပြုံးလိုက်မိ၏။

“ခစ်... ခစ်...”

ဘာကြောင့်မှန်း မသိပဲ သူမ ရယ်မောလိုက်မိ၏။ ထို့နောက် နုနယ်သည့် အဆုပ်၏ စွမ်းအားများကို စုစည်းလိုက်ရင်း ပြင်းပြသော ဆန္ဒနှင့် အတူ အော်ဟစ်လိုက်သည်။

“ကြာတယ်နော်...”

လူငယ်မှာ မိန်းကလေး၏ ပထမဆုံး တုံ့ပြန်မှုကြောင့် အံ့အားသင့်သွားခဲ့၏။ ထို့နောက်တွင်တော့ သူ၏ အပြုံးမှာ တောက်ပ၍ အတားအဆီးမရှိ ရယ်မောသံအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

“ဟုတ်တယ်... တကယ် ကြာသွားတာပါ...”

သူက ပြောလိုက်လေ၏။

ဂီး...

ပိုင်ကလည်း ရှင်းလင်းစွာပင် သဘောတူလိုက်လေသည်။

ချင်ချူးမူ၏ ပင်ကိုယ်စရိုက် လက္ခဏာများ မပျက်စီးသေးသည်ကို မြင်ရခြင်းက ဝေ့ဝူယင်ကို အတိုင်းအဆ မရှိ စိတ်သက်သာရာ ရစေသည်။ သူမ၏ တောက်ပသည့် အပြံး၊ တဖျပ်ဖျပ် လင်းလက်နေသည့် မြစိမ်းရောင် မျက်ဝန်းများ၊ ပျော်ရွှင်သည့် ရယ်မောသံ၊ ခိုင်မာသော သံမဏိ စိတ်ဓာတ်တို့မှာ ဒုက္ခများကြားတွင်ပင် မကျိုးမပဲ့ပဲ တည်ရှိနေဆဲ ဖြစ်သည်။ နွေရာသီ၏ အပူဒဏ်ထဲတွင် လေအေးတစ်ချက် ဖျပ်ခနဲ တိုက်ခတ်သွား သကဲ့သို့ လန်းဆန်းကြည်နူးရသည်။

ပိုင်လင်၏ မျက်လုံးများမှာ အနည်းငယ် စိုစွတ် လာခဲ့၏။ ဝေ့ဝူယင်မှာ ချင်ချူးမူ၏ အခြေအနေ အကြောင်း အစောကတည်းကပင် သူမကို ပြောပြခဲ့သည်။ ချင်ချူးမူမှာ မဟာ စက်ဝန်း ကြယ်ကွင်းပြင်ကို စတင် ရောက်ရှိခဲ့သည့် အစောပိုင်း ကာလများတည်းကပင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။ ထို့အပြင်... ဝေ့ဝူယင်မှာ ထိုတစ်လျှောက်လုံး သူမကို ရှာဖွေ နိုင်ခဲ့ခြင်း မရှိကြောင်းကိုလည်း ပိုင်လင် သိရှိထားသည်။ မိန်းကလေး၏ လက်ရှိ အခြေအနေ၊ အသက်ရှူမှုနှုန်း၊ အားနည်းဖျော့တော့နေသည့် မျက်လုံးများနှင့် ပိန်ချုံးနေသည့် ခန္ဓာကိုယ်တို့ကို ကြည့်ရုံဖြင့်ပင် သူမ၏ နေ့ရက်များမှာ မလွယ်ကူကြောင်း အလွယ်တကူ ခန့်မှန်းနိုင်ပေသည်။

ပိုင်လင်၏ မျက်လုံးများမှာ ဒေါသ အမျက် မီးလျှံများနှင့် ပြည့်နှက် လာခဲ့၏။ တရားခံကို သူမ သတ်ပစ်ချင် နေခဲ့ပြီ ဖြစ်သည်။

ဝတ်စုံနက် ဝေ့ဝူယင်၏ ဘဝမှာတုန်းက ချင်ချူးမူ၏ သေဆုံးမှုကို ကောင်းကင် ပရောဟိတ် တစ်ဦး၏ ဟောကိန်းအရ သိရှိခဲ့ရပြီး အခြား နည်းလမ်းများစွာနှင့် စစ်ဆေး အတည်ပြု နိုင်ခဲ့သည်။ မိန်းကလေး၏ အလောင်းကို မမြင်ခဲ့ရသော်လည်း အရင်းအမြစ်များစွာနှင့် အသက်စွမ်းအင်များစွာ အကုန်အကျ ခံခဲ့ပြီးနောက် သူမ သေဆုံးနိုင်သည့် နေရာနှင့် ကျူးလွန်သူတို့ကို သိရှိခဲ့ရသည်။

ထိုဘဝမှ ဝေ့ဝူယင်မှာ ဖော်ပြ၍ မရနိုင်သည့် နောင်တတရားများကို ထမ်းပိုးရင်း အသက်ရှင်ခဲ့ရသည်။ စုမေ့၊ ခရာတို၊ ချင်ချူးမူ... အရင်းနှီးဆုံး လူများကို သူ ဆုံးရှုံးခဲ့ရသည်။ ဤဘဝတွင် အလားတူ အဖြစ်မျိုးနှင့် မကြုံတွေ့ရစေဖို့ ဝေ့ဝူယင် ကတိသစ္စာ ဆိုခဲ့သည်။ ထို့ကြောင့်ပင် ယခု ချင်ချူးမူကို ရှာဖွေ တွေ့ရှိခြင်းမှာ ဝေ့ဝူယင် အတွက် အဖိုးမဖြတ်နိုင်သည့် အခိုက်အတန့် တစ်ခု ဖြစ်ပေသည်။

***

All Chapters