အထွတ်အမြတ် အယ်ဗန် ဧကရီ (၂)
Vol. 129 Ch. 1799
ဝေ့ဝူယင်၏ မျက်နှာက အနည်းငယ် ဖြူရော်နေကာ အသက်ရှူသံများပင်လျှင် လေးလံစပြုလာခဲ့သည်။ အင်ပါယာ ဥပဒေသ အပေါ် သာမည အာဏာကို တစ်ကြိမ်တစ်ခါတည်း မဟုတ်ပဲ ဆက်တိုက် အသုံးပြု နေခဲ့ရလေရာ မည်မျှ ကြောက်မက်ဖွယ် ကောင်းသည့် ခွန်အားများကို ပိုင်ဆိုင်ထားစေကာမူ သေမျိုး တစ်ယောက် အတွက် မလွယ်ကူခဲ့ချေ။ အကယ်၍ ကြယ်တာရာ ပါရဂွန် ခန္ဓာကိုယ်၏ ပြိုင်စံရှား ပြန်လည် ကုသနိုင်စွမ်းကိုသာ ပိုင်ဆိုင်မထားပါက ပြင်းထန်သည့် အကျိုးဆက်များ မဖြစ်ပေါ်စေဖို့ အတွက် သူ အသုံးပြုမှုကို ကန့်သတ်ထားရလိမ့်မည် ဖြစ်သည်။
သို့သော်လည်း... ကြယ်တာရာ ပါရဂွန် ခန္ဓာမျာ အခြေခံ အဆင့်များတွင်ပင် အံ့မခန်း စွမ်းရည်များကို ထုတ်ဖော် ပြသနေခဲ့ပြီ ဖြစ်ကာ ကျင့်ကြံခြင်း ကန့်သတ်ချက်များထက် များစွာ ကျော်လွန်၍ အံ့ဩဖွယ် ကောင်းလှသည်။ အသက်ရှူခြင်း အနည်းငယ် အတွင်းတွင်ပင် ဝေ့ဝူယင်၏ ဖြူရော်သွားသော အသားအရောင်မှာ ကျန်းမာသည့် အရောင်သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။ ပိုင်လင်မှာ သစ်ပင်ထက်မှ ထွက်ခွာကာ မြေပြင်ပေါ် ပျံသန်း ဆင်းသက် လာခဲ့၏။
ဝရား...
ရုတ်တရက် ဝေ့ဝူယင်၏ ခန္ဓာကိုယ်မှာ များပြားလှစွာသော နဂါး ဟင်းလင်းပြင် အင်အားများဖြင့် ပေါက်ကွဲထွက်လာကာ ဟင်းလင်းပြင် အသိုက် နယ်မြေ၏ အောက်ခြေသို့ ထိုးဖောက်ဝင်ရောက်သွားပြီး နယ်နိမိတ် တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။ သူက သစ်ပင်များကို နေရာရွှေ့ပြောင်းရန် သူ အသင့်ဖြစ်နေပုံရသည်။
တစ်ချိန်တည်းတွင်ပင် ဝေ့ဝူယင်၏ မျက်လုံးများက တစ်နေရာဆီသို့ စူးစိုက် ရောက်ရှိသွားခဲ့၏။
"အခွင့်အရေး ရတုန်းက ရှောင်ပြေးခဲ့သင့်တယ်"
သူက အေးစက်စွာ ပြောလိုက်သည်။ သူ လက်တစ်ဖက် ဝှေ့ယမ်းလိုက်သည်နှင့် ထိုအရပ်ရှိ အာကာသနှင့် အချိန် စီးဆင်းမှု နှစ်ခုစလုံး ပုံပျက်သွားခဲ့သည်။ မီးခိုးရောင် အလင်းများ တောက်ပလာကာ ထိတ်လန့် တုန်လှုပ်သည့် အော်ဟစ်သံနှင့် အတူ ပုံရိပ် တစ်ခု ထွက်ပေါ်လာခဲ့လေ၏။
မိန်းကလေး တစ်ဦး...
သူမက သေမျိုးများ နားလည်နိုင်စွမ်းထက် ကျော်လွန်သည့် အလှတရားကို ပိုင်ဆိုင်ထားသည်။ တင်စားပြောရမည် ဆိုပါက သူမက အိပ်မက် နတ်သမီး တစ်ပါးနှင့် တူသည်။ လက်တွေ့ဆန်ခြင်း မရှိချေ။ သူမ၏ မျက်လုံးများ၊ အသားအရေနှင့် ကိုယ်လုံးကိုယ်ပေါက် အရာအားလုံးတွင် ထင်ရှားသည့် နုပျိုမှုများ ရှိနေခဲ့သည်။ အထူးသဖြင့် သူမ၏ ပါးလျလျ ခါး၊ ထိကိုင်ချင်စရာ ကောင်းလောက်အောင် ဖောင်းကြွနေသည့် ရင်အစုံ၊ မယုံကြည်နိုင်စရာ ကောင်းလောက်အောင် ကားစွင့်နေသည့် တင်ပါးတို့မှာ ရင်သပ် ရှုမောဖွယ်ရာ ကောင်းလှသည်။
မိန်းကလေးမှာ ရွှေမှုန်များဖြင့် ဖုံးအုပ်၍ မြူခိုးရောင် အလင်းများ ထုတ်လွှတ်နေသော သန့်ရှင်း စင်ကြယ်သည့် အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမ၏ ခပ်ချွန်ချွန် နားရွက်များတွင်တော့ မတူညီသည့် အရောင်များ ရှိသည့် နားကပ် ခုနစ်ခုကို ဝတ်ဆင်ထားသည်။ ဘယ်ဘက်တွင် သုံးခု ရှိကာ ညာဘက်တွင်တော့ လေးခု အထိ ရှိသည်။ သူမ၏ ကြည်လင် တောက်ပသော မျက်ဝန်းများမှာ သေမျိုးလောက၏ အညစ်အကြေးများ ကင်းစင်နေသည့် အလား သန့်ရှင်း စင်ကြယ် နေခဲ့လေ၏။
ထို့အပြင် သူမက အလွန်ပင် ထူးခြားလှသည်။ ရုတ်တရက် ဆွဲထုတ်ခံလိုက်ရသည့်တိုင် မတ်တပ်ရပ်လျှက် အနေအထားတွင်ပင် ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် ထိန်းထားနိုင်ခဲ့ပြီး မျက်လုံးများထဲ၌ ကြောက်ရွံ့မှု အနည်းငယ်မျှပင် မရှိခဲ့ချေ။ ထို့အစား... သိချင်စိတ်များနှင့်သာ ပြည့်နှက်နေကာ ထိုမျက်ဝန်းများမှာ ဝေ့ဝူယင်၏ ပုံရိပ်ကို အပြည့်အဝ ရောင်ပြန်ဟပ်နေခဲ့၏။
"ရှင်က ကျွန်မရဲ့ ချစ်သူလား"
သူမ၏ ပထမဆုံး စကားလုံးများက နတ်တူရိယာသံများ ကဲ့သို့ ချိုသာလှကာ စိတ်ဝိညာဉ်ကို နူးညံ့၍ နှလုံးသားကို ယုံကြည်စိတ်ချစေခဲ့သည်။ ယင်းမှာ မည်သည့် ကျင့်စဉ်၊ မည်သည့် မြှင့်တင်မှုမှ မပါဝင်သည့် အစစ်အမှန် သဘာဝ အသံ အတိုင်း ဖြစ်လေရာ ဝေ့ဝူယင်ကို လုံးဝ ထိတ်လန့်သွားစေခဲ့သည်။
သို့သော်လည်း... ဝေ့ဝူယင်၏ အဖြေက မိန်းကလေးကို ပို၍ပင် အံ့အားသင့်သွားစေခဲ့၏။
"ဘယ်သူသိမှာလဲ"
ထိုအချိန်တွင် ပိုင်လင်က သူမ၏ ပါးစပ်ကို ဖွင့်လိုက်သည်။
ဂီး...
ကြည်လင် ပြတ်သားသည့် အော်ဟစ်သံ တစ်ခုနှင့် အတူ သူမက ရွှေသွေးရောင် နိဗာန မီးလျှံများကို ထုတ်လွှတ် လိုက်၏။ ၎င်းတို့က တမုဟုတ်ချင်းပင် မိန်းကလေးကို လွှမ်းခြုံ သွားခဲ့သည်။ မီးတောက်များဖြင့် ဝါးမျိုခံနေရသော်လည်း မိန်းကလေး၏ အကြည့်မှာ ဝေ့ဝူယင်၏ မျက်နှာမှ တစ်ချက်ကလေးမျှ မခွာခဲ့ပေ။ သူမ မယုံကြည်နိုင်စရာ ကောင်းလောက်အောင် ကြည်လင်သည့် အကြည့်မျိုးဖြင့် တစ်ချိန်လုံး အာရုံစိုက် နေခဲ့ကာ တဖြည်းဖြည်းချင်းပင် ပြာအဖြစ်သို့ လောင်ကျွမ်းသွားခဲ့သည်။
"..."
ဝေ့ဝူယင်သည် မျက်လုံးများကို ဖြည်းညင်းစွာ ပိတ်လိုက်၏။ ခုနစ်ရောင်ခြယ် အလင်းရောင်က သူ၏ မျက်လုံး ထောင့်စွန်းများ၍ ပြင်းထန်စွာ လင်းလက်နေခဲ့သည်။ အချိန်အတော်ကြာပြီးနောက် သူ မျက်လုံးများကို ဖွင့်လိုက်ရင်း သက်ပြင်းချလိုက်သည်။
"လောကကိုယ်ပွားလား..."
မိန်းကလေးထံမှ မည်သည့် မှတ်ဉာဏ်၊ စိတ်ပိုင်းဆိုင်ရာ အတက်အကျများကိုမှ ခွဲခြားလို့ မရလေရာ သူမက အတုအယောင် ဖြစ်သည်မှာ သေချာသည်။ ၎င်းမှာ သူ လောကနယ်မြေ အဆင့် ကပ်ဘေးကို ရင်ဆိုင်ရစဉ်တုန်းက ကြုံတွေ့ခဲ့ရသည့် လောကကိုယ်ပွားနှင့် အလွန် ဆင်တူ နေခဲ့သည်။ လောကကိုယ်ပွားကို သတ်ဖြတ်ခဲ့သည့်တိုင် အစစ်အမှန် ခန္ဓာကိုယ်မှာ လုံးဝ ထိခိုက်မှု မရှိနိုင်သော်လည်း အပြည့်အဝ သတိထားမိနေနိုင်သည်။
"သူ သေပြီလား"
ပိုင်လင်၏ သတ်ဖြတ်လိုစိတ်များမှာ ယာယီအားဖြင့် ပြေပျောက်သွားခဲ့၏။ ထိုမိန်းကလေးက မည်သူဖြစ်သည်ကို သူမ မသိသော်လည်း ဝေ့ဝူယင်က သူမကို မီးရှို့ ဖျက်ဆီးဖို့ အမိန့်ပေးခဲ့သောကြောင့် သူမ လုပ်ဆောင်ခဲ့သည်။
"မထင်ဘူး..."
ဝေ့ဝူယင်က ပြန်ဖြေလိုက်၏။
"အထွတ်အမြတ် အယ်ဗန် ဧကရီ... သူက ကျန်းဖေးလန်နဲ့ နည်းနည်း တူပေမဲ့ အယ်ဗန် မိန်းကလေး တော်တော်များများက အဲ့လို ရုပ်မျိုးတွေပဲ... သမိုင်းမှတ်တမ်းတွေထဲက ဖော်ပြချက်က တော်တော်ကြီးကို လွဲနေတယ်... အဖြူရောင် တိမ်တိုက်တွေကို အနံ့ဆိုး ထွက်နေတဲ့ ရွှံ့တွေနဲ့ နှိုင်းယှဉ်နေသလိုပဲ”
ဝေ့ဝူယင် ဤအခြေအနေနှင့်ပတ်သက်၍ မည်သို့ ဆုံးဖြတ်ရမည်ကို အတိအကျ မသိခဲ့ချေ။ သို့သော်လည်း သူမ၏ နှုတ်မှ ထွက်ပေါ်လာသည့် စကားလုံးများက စိတ်ဝင်စားစရာ တစ်ခုကို အကြံပြုခဲ့သည်။
သူမ ပါးစပ်ဖွင့်လိုက်သည့် အခိုက်တွင်ပင် အလွန်အမင်း ပြင်းထန်လှသည့် ခြိမ်းခြောက်မှု တစ်ခုကို ဝေ့ဝူယင် ခံစားခဲ့ရသည်။
မည်သည့် ရည်ရွယ်ချက်၊ ဥပဒေသ နှင့် လျှို့ဝှက် စွမ်းအားမျှ မပါသော်လည်း ထိုခြိမ်းခြောက်မှုက အမှန်တရား မျက်လုံးနှင့် အတူ သူ၏ ကြယ်တာရာ ဝိညာဉ် လေးခုစလုံးကိုပါ ဆိုးရွားသည့် ဘေးအန္တရာယ် တစ်ခု ထဲ ကျရောက်စေနိုင်ကြောင်း အကဲဖြတ်ဖို့ လုံလောက်စေခဲ့သည်။ ထိုအချက်က လောက ကိုယ်တိုင်ပင် အဆိုပါ ကပ်ဘေးကို ဤအချိန်တွင်မှ သိရှိခဲ့ကြောင်း အကြံပြုနေသည်။
ကောင်းကင် တာအိုနှင့် အပြစ်သား သွေးမျိုးဆက်တို့ထံမှ ကြိုတင် သတိပေးချက်မျိုး မရှိသောကြောင့် ထိုကပ်ဘေးမှာ သူမ စကားစပြောသည့် အခိုက်အတန့်တွင်ပင် အလိုအလျောက် ဖွဲ့စည်းလာခဲ့ခြင်း ဖြစ်နိုင်သည်။ ပိုင်လင်၏ မီးတောက်များ ထွက်ပေါ်လာပြီး နောက်မှသာ ၎င်းမှာ ပျောက်ကွယ်သွားခဲ့သည်။
ထိုမိန်းမထံတွင် မည်သည့် ဝှက်ဖဲများ ထုတ်သုံးရန် ရှိနေသေးသနည်း။ သေချာ မသိသော်လည်း အထွတ်အမြတ် အယ်ဗန် ဧကရီ အကြောင်း ပိုမို၍ စဉ်းစားလေလေ... သူ သိထားသမျှက ပိုမို၍ နားပါးလေလေပင်။
လက်မောင်းများထဲ၌ နှစ်ခြိုက်စွာ အိပ်ပျော်နေသည့် ချင်ချူးမူကို ကြည့်ရင်း ဝေ့ဝူယင် နူးညံ့စွာ ပြုံးလိုက်မိသည်။ အနည်းဆုံးတော့ သူမ အသက်ရှင်နေဆဲပင် ဖြစ်သည်။
...
ရက်စက်သည့် သတ်ဖြတ်မှုများနှင့် သွေးထွက်သံယို အော်ဟစ်သံများ ထွက်ပေါ်နေသော စစ်မြေပြင်တစ်ခုတွင်... ပိုးသားကဲ့သို့ နက်မှောင်သော ဆံပင်နှင့် သွယ်လျသော ကိုယ်လုံးကိုယ်ပေါက်တို့ ရှိသော အယ်ဗန် မိန်းကလေး တစ်ဦးသည် ကြယ်တာရာ သခင် အဆင့်ရှိ ကောင်းကင်မျိုးနွယ်ဝင် ကျင့်ကြံသူ သုံးဦးနှင့် အပြင်းအထန် တိုက်ခိုက် နေခဲ့သည်။
လက်နက်ချင်း ထိခတ်သံများမှာ အလွန် ကျယ်လောင်စွာ ထွက်ပေါ်နေခဲ့သော်လည်း သူမ၏ ထိုးစစ်နှင့် ခံစစ်တို့က အလွန်ပင် တည်ငြိမ်နေခဲ့ကာ ချွေးထွက်ရုံလောက်သာ ရှိနေခဲ့ပေသည်။
ရွှမ်း...
ကြမ်းတမ်း ခက်ထန်သည့် ထိပ်တိုက် တွေ့ဆုံမှုများ အတွင်း ကြယ်တာရာ သခင် တစ်ဦး၏ ဦးခေါင်းမှာ လွင့်ပျံ သွားခဲ့သည်။ ၎င်းကပင် တိုက်ပွဲ အတွင်း၌ ကြီးမားသည့် အပြောင်းအလဲကို ဖြစ်ပေါ်စေခဲ့သည်။
ကျန်ရှိနေသည့် ကောင်းကင်မျိုးနွယ် နှစ်ဦးမှာ သတ္တိရှိရှိ တိုက်ခိုက်နေကြသော်လည်း အဆုံးသတ်နှင့်သာ ရင်ဆိုင်ခဲ့ကြရသည်။ တစ်ဦးမှာ နှလုံးသားကို ဓားနှင့် ထိုးဖောက်ခြင်း ခံခဲ့ရကာ ကျန်တစ်ဦးမှာလည်း ဦးခေါင်းခွံ အတွင်း ဓားတစ်စင်းလုံးလုံး ဖောက်ဝင် သွားခဲ့၏။ သူမက အနိုင်ရရှိခဲ့ပြီ ဖြစ်သည်။
ထိုအချိန်တွင်ပင် သူမ၏ မျက်လုံးများမှာ တောက်ပသွားကာ အောက်ကို ငုံ့ကြည့်လိုက်၏။ သူမ၏ မျက်ဝန်းများက ထင်ရှားခြင်း မရှိပဲ မရေမရာ ဖြစ်နေပုံ ပေါ်သည်။
"ကျန်းဖေးလန်..."
မိန်းကလေး တစ်ဦးက အော်ဟစ်လိုက်၏။ မြှားတစ်စင်းမှာ အရှိန်အဟုန်နှင့် ဖြတ်သန်းကာ တိုးဝင်လာသည်။ ၎င်းက တိတိကျကျပင် ဓားပုဆိန်ကြီးကို ကိုင်ရင်း ကျန်းဖေးလန်ထံ ပြေးဝင်လာသည့် ဧရာမ ကောင်းကင် မျိုးနွယ်ဝင် တစ်ဦးကို ပိတ်ဆို့လိုက်၏။
အယ်ဗန်မှာ ချက်ချင်းပင် သတိဝင်သွားကာ တိုက်ပွဲကို ပြန်လည် ပူးပေါင်းလိုက်သည်။ သို့သော်လည်း ထိုကဲ့သို့ လုပ်ဆောင်နေစဉ်မှာပင် သူမ၏ နှုတ်ခမ်းထက်၌ ဝမ်းမြောက်ဝမ်းသာ အပြုံးတစ်ခု မသိမာ ပေါ်လာခဲ့လေသည်။
***