← Chapters

ခေတ်သစ်တစ်ခု၏ ဧကရီ

Vol. 129 Ch. 1800

ခေတ်သစ်တစ်ခု၏ ဧကရီ

Vol. 129 Ch. 1800

လွန်ခဲ့သော နာရီအနည်းငယ်ခန့်က ဝေ့ဝူယင်မှာ ခေတ်ဟောင်း တစ်ခု၏ အဆုံးသတ်နှင့် အတူ ခေတ်သစ် တစ်ခု အစပျိုးကြောင်း ကြေညာခဲ့သည်။ သူ၏ လောက၏ ကြယ်ကွင်းပြင် ဆယ့်ရှစ်ခုလုံးကို သိမ်းပိုက်ကာ အာရုဏ်ဦး ကြယ်ကွင်းပြင် အဖြစ် တရားဝင် အမည် ပြောင်းလဲ ခဲ့သည်။ ၎င်းကို လူအများစုက ဂုဏ်ပြုခဲ့ကြပြီး လူနည်းစုသာလျှင် စိတ်ပျက်အားငယ်မှု၊ ထိတ်လန့် တုန်လှုပ်မှုများနှင့် အတူ ငိုယိုခဲ့ကြသည်။

အာရုဏ်ဦး ဖီဆန် တစ်ခေတ် ရောက်ရှိလာခြင်းမှာ လွန်ခဲ့သည့် နှစ်အနည်းငယ် ကတည်းကပင် လူအများ မျှော်လင့်ထားသည့် အရာတစ်ခု ဖြစ်သည်။ အာရုဏ်ဦး ကြယ်တာရာ နယ်မြေနှင့် ထျန်းကလန်တို့ အကြား ပြင်းထန်သည့် တိုက်ပွဲကြီး တစ်ခု ဖြစ်ပေါ်လာလိမ့်မည်။ ဝေ့ဝူယင်တို့ နိုင်လျှင်ပင် နှစ်ဖက်စလုံး အထိအခိုက် အကျအရှုံး များလိမ့်မည်။ သူတို့၏ အင်အားများက ကြောက်ခမန်း လိလိ လျော့ကျသွားလိမ့်မည်။ ယုတ်မာ ကောက်ကျစ်သည့် အခွင့်အရေးသမားများမှာ ထိုအခိုက်အတန့်ကို စောင့်ဆိုင်း နေခဲ့ကြခြင်း ဖြစ်သည်။

သို့သော်လည်း... ဝေ့ဝူယင်မှာ ထျန်းတိုက်ကျုံးကို ထိုမျှ လွယ်ကူစွာ အနိုင်ယူလိမ့်မည်ဟု မည်သူက ထင်မှတ် ထားခဲ့မည်နည်း။ ထျန်းတိုက်ကျုံးမှာ အင်ပါယာ ဥပဒေသနှင့် အတူ ကြောက်မက်ဖွယ် ခွန်အားကို ပြခဲ့သော်လည်း ဝေ့ဝူယင်က ပြိုင်ဘက်ကင်းသော လှုပ်ရှားမှု တစ်ခုတည်းဖြင့် သူ့ကို ထိန်းချုပ်ခဲ့သည်။ ထို့အပြင်... ဝေ့ဝူယင်မှာ အံ့မခန်း ခွန်အားနှင့် ကျူးကျော်သူများကိုပင် လူမနေသည့် ကြယ်ကွင်းပြင် တစ်ခု အတွင်းသို့ ခွေးမောင်းသလို မောင်းထုတ်ခဲ့သည်။ မည်သူမျှ မလိုက်နာပဲ မနေရဲခဲ့ကြချေ။

ထို့အပြင်... ကျူးကျော်မှု အတွင်း သေဆုံးသွားခဲ့သည့် ကျင့်ကြံသူများမှာလည်း လျှို့ဝှက် အာဏာရှင်များ၏ အချိန် ပြောင်းပြန်လှန်ခြင်း စွမ်းအားကြောင့် အိမ်များသို့ ပြန်လည် ရောက်ရှိနေကြပြီ ဖြစ်သည်။ သူတို့၏ အိမ်များ၊ ဒေသများ၊ ဂြိုဟ်များမှာလည်း အပြောင်းအလဲ မရှိခဲ့။ လွန်ခဲ့သည့် နာရီပိုင်း အတွင်း ကြယ်ကွင်းပြင်၏ သမိုင်းတစ်လျှောက် ကြောက်မက်ဖွယ် အကောင်းဆုံး ကျူးကျော်မှုကြီး ဖြစ်ပွားသွားခဲ့သည် ဆိုလျှင် မည်သူမှ ယုံကြည်ကြလိမ့်မည် မဟုတ်ချေ။

ထိုနေရာတွင် အာရုဏ်ဦး ကြယ်တာရာ နယ်မြေမှ ကျင့်ကြံသူများ၏ လုပ်ဆောင်ချက်များမှာ ချီးကျူးဖွယ်ရာ ကောင်းလွန်းလှသည်။ သူတို့က အနာဂတ် ဧကရီ ရွှယ်ရီဖေး၏ အမိန့်အောက်တွင် အတူတကွ စုစည်း ခဲ့ကြကာ မတားဆီးနိုင်သည့် အရှိန်အဟုန်မျိုးဖြင့် အိမ်များကို ပြုပြင်ခြင်း၊ အသက်များကို ကယ်တင်ခြင်းနှင့် ကိုယ်ကျိုးမဖက် ကူညီခြင်းများကို ပြုလုပ်ခဲ့ကြသည်။ ထိုကဲ့သို့သော လုပ်ဆောင်ချက်များကြောင့်ပင် ခေတ်သစ် အပြောင်းအလဲက ပိုမို၍ ချောမွေ့ခဲ့သည်ဟု ဆိုနိုင်ပေသည်။

အာရုဏ်ဦး ကြယ်တာရာ နယ်မြေ၏ မူဝါဒ၊ ဥပဒေများနှင့် ရင်းနှီး ကျွမ်းဝင်သူများကတော့ ဤအပြောင်းအလဲများ အပေါ် အမှန်တကယ်ပင် စိတ်လှုပ်ရှား နေကြသည်။ အထူးသဖြင့် သူတို့ ထူထောင်လေ့ ရှိသည့် အာရုဏ်ဦး ဘေးကင်းဇုန်များမှာ အနာဂတ်တွင် ကမ္ဘာတစ်ဝန်းလုံးအတွက် စံဖြစ်လာလိမ့်မည်ဟု မျှော်လင့် ထားကြသည်။

ကျင့်ကြံခြင်း လောကမှာ ပုံမှန်အားဖြင့် ရက်စက်သည်။ ချီပျစ်ခဲခြင်း အဆင့်ရှိ တောင်သူ တစ်ဦးမှာ သူ၏ လုပ်ငန်းဆောင်တာများကို ငြိမ်းချမ်းစွာ လုပ်ဆောင်နေစဉ် အဖိုးတန် အရင်းအမြစ် တစ်ခုကြောင့် ဖြစ်ပေါ်လာသည့် တိုက်ပွဲက သူ၏ တစ်မိသားစုလုံးနှင့် အသက်မွေး ဝမ်းကြောင်း လုပ်ငန်းတို့ကို ဖျက်ဆီး သွားနိုင်ချေ ရှိသည်။ သူတို့၏ ဆုံးရှုံးမှုကို မည်သူမှ ဂရုစိုက်လိမ့်မည် မဟုတ်ချေ။ ထိုကဲ့သို့ ဖြစ်ရပ်များမှာ လောကတိုင်းနီးပါးတွင် မကြာခဏ ဆိုသလို ဖြစ်ပျက်တတ်သည်။ ကျင့်ကြံခြင်း လောကမှာ အာမခံချက် မရှိပဲ ရှုပ်ထွေးမှုဖြင့် ပြည့်နှက်နေသည်။

သို့သော်လည်း... အာရုဏ်ဦး ကြယ်တာရာ နယ်မြေတွင် လုံခြုံရေးကို အာမခံထားသည့် သီးသန့် နယ်မြေများ ရှိပြီး၊ အစွမ်းထက်သော ကျင့်ကြံသူ တစ်ဦးက တစ်ရက်လျှင် နှစ်ဆယ့်လေးနာရီ ကြီးကြပ်ကွပ်ကဲသည်။ ကြီးမားသော အားထုတ်မှုများနှင့် အတူ ကာကွယ်ထားသည်။ ၎င်းမှာ ကျင့်ကြံခြင်း လောက၏ မျိုးရိုးမြင့် အဖွဲ့ဝင်များ ခံစားရနိုင်သည့် ဆက်ဆံမှုမျိုးနှင့် မခြားနားပေ။ ၎င်းမှာ ယခင်က အောက်ခြေ လူတန်းစားများ အတွက် အိပ်မက်တစ်ခုမျှသာ ဖြစ်ခဲ့သည်။

အာရုဏ်ဦး ဘေးကင်းဇုန်များ၌ ကျင့်ကြံသူများမှာ အေးချမ်းစွာ ကျင့်ကြံ နေထိုင်နိုင်ကြသည်။ သူတို့က ကိုယ်တိုင် အားထုတ် ကြိုးပမ်းမှုမှ ရရှိလာသော အရင်းအမြစ်များနှင့်သာ ကိုယ့်တိုးတက်ရေးကို လုပ်ဆောင်ကြသည်။ တစ်ယောက်နှင့် တစ်ယောက် လုယက် သတ်ဖြတ်ခြင်းများ မရှိသလို၊ ကတုံးပေါ် ထိပ်ကွက်သည့် ဖြစ်ရပ်မျိုးလည်း မရှိချေ။

ထို့ကြောင့်ပင် အာရုဏ်ဦး ကြယ်တာရာ နယ်မြေကို နတ်ပြည် အဖြစ် ကြားဖူးသည့် သေမျိုးများစွာတို့မှာ ထိုနတ်ပြည်ကို စွန့်စား သွားလာလိုသည့် မျှော်လင့်ချက်များနှင့် ရူးသွပ်စွာ စိတ်လှုပ်ရှားနေခဲ့ကြသည်။ သူတို့က ခေတ်သစ်ကို အပြည့်အဝ ကြိုဆိုခဲ့ကြပေသည်။

လောက၌ ငြိမ်းချမ်းမှုကို နှစ်လိုသော လူများ ရှိသလို၊ ကြိုးစား ရုန်းကန်ရမှုများ၊ တိုက်ပွဲများနှင့် စည်းစိမ် ဥစ္စာ၊ ကျော်ကြားမှုတို့ကို လိုလားသည့် ကျင့်ကြံသူများလည်း ရှိသည်။ အာရုဏ်ဦး ကြယ်တာရာ နယ်မြေမှာ ထိုကဲ့သို့သော လူများ၏ ယှဉ်ပြိုင်လိုစိတ်ကို နည်းနည်းလေးမျှ ဖိနှိပ်ထားခြင်း မရှိချေ။ အာရုဏ်ဦး ဘေးကင်းဇုန်များမှ လွဲ၍ အခြားနေရာများတွင် စည်းမျဉ်းစည်းကမ်းများနှင့် အတူ ယှဉ်ပြိုင် တိုက်ခိုက်ခွင့် ပေးထားသည်။

ထို့အပြင်... အခြား ကြယ်တာရာ နယ်မြေများနှင့် ကွာခြားတာ တစ်ခုက အာရုဏ်ဦး ကြယ်တာရာ နယ်မြေ၌ ကြီးနိုင်ငယ်ညှင်း စနစ် မရှိခြင်းပင် ဖြစ်သည်။ နယ်မြေတိုင်း၊ နယ်မြေတိုင်းကို လျှို့ဝှက် အာဏာရှင် တစ်ယောက်က ကြီးကြပ်ကာ သူတို့ မသမာတာ မလုပ်စေနိုင်ရန် အတွက်လည်း အထက်မှ အဆင့်ဆင့် ထပ်မံ ကြီးကြပ်သည်။ မတရား ဆုံးဖြတ်ခံရပါက၊ သို့မဟုတ် ပြုမူခံရပါက လွတ်လပ်စွာ တိုင်ကြားနိုင်သည့် နေရာများလည်း ရှိသည်။

ထို့အပြင်... အာရုဏ်ဦး ကြယ်တာရာ နယ်မြေသားတို့၏ စည်းလုံးမှုကလည်း အံ့မခန်း ဖြစ်သည်။ သူတို့ထံတွင် အိမ်တွင်းရေး ပဋိပက္ခများ၊ အာဏာလုမှုများ၊ အားပြိုင်မှုများ ရှိမနေပဲ အားလုံးက အာရုဏ်ဦး အာဏာရှင် အင်ပါယာ၏ အမိန့်အောက်တွင်သာ တစ်သွေး၊ တစ်သံ၊ တစ်မိန့်တည်း ရပ်တည်ကြသည်။

အာရုဏ်ဦး ကြယ်တာရာ နယ်မြေတွင် စည်းမျဉ်းစည်းကမ်းများကို အဓိက ချမှတ်နေခဲ့သည့် ခါင်းဆောင် နှစ်ဦး ရှိသည်ဟု ဆိုနိုင်ပေသည်။ အာရုဏ်ဦး အာဏာရှင် အင်ပါယာနှင့် နဂါး နတ်မိမယ် ရွှယ်ရီဖေးတို့ပင်။ အာရုဏ်ဦး အာဏာရှင် အင်ပါယာမှာ အဓိက မူဘောင်များကို ချမှတ်ခဲ့သူ ဖြစ်သော်လည်း အပြောင်းအလဲများနှင့် အတူ စည်းမျဉ်းများကို အကောင်းဆုံး ပြင်ဆင် ချမှတ်နေခဲ့သူကတော့ ရွှယ်ရီဖေးပင် ဖြစ်သည်။ သူမက ဝေ့ဝူယင်၏ ကိုယ်လုပ်တော် တစ်ပါးသာ ဖြစ်ခဲ့သော်လည်း အစစ်အမှန် ဧကရီ တစ်ပါး၏ စွမ်းဆောင်ရည်ကို လွန်ခဲ့သည့် နှစ်ပေါင်းများစွာကပင် သက်သေပြထားခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း ယခုအခါတွင်တော့ နဂါး နတ်မိမယ်မှာ ဝေ့ဝူယင်နှင့် တရားဝင် စေ့စပ်ကြောင်းလှမ်းခဲ့ပြီး ဖြစ်သည်။ သူမက မကြာခင် အစစ်အမှန် ဧကရီ တစ်ပါး၏ နေရာကို တက်လှမ်းနိုင်ခဲ့တော့မည် ဖြစ်သည်။

"ဧကရီ ရွှယ်... ဧကရီ ရွှယ်..."

ပါးဖောင်းဖောင်း၊ အရပ်ပုပုနှင့် ချစ်စရာ ကောင်းသည့် မိန်းမငယ်လေး တစ်ဦးမှာ စိတ်လှုပ်ရှားစွာ အော်ဟစ်ရင်း ရာဇပလ္လင် ခန်းမထဲသို့ အပြေးဝင်လာခဲ့သည်။ သူမက ရှုရီ ဖြစ်သည်။ မိန်းကလေးမှာ အပြာနုရောင် ဝတ်စုံကို ဝတ်ဆင်ထားကာ ဆံပင်ကိုလည် အပြာရောင် ဖဲကြိုးများနှင့် စည်းနှောင် ထားခဲ့သည်။ မိန်းကလေးမှာ ပင်ကိုယ်အားဖြင့် ဖြူစင်သည့် စိတ်နေ သဘောထားကို ပိုင်ဆိုင်ထားကြောင်း ရှင်းလင်းလှသည်။

ထို့အပြင်... ရှုရီမှာ အာရုဏ်ဦး ဧကရီလောင်း၏ အစေခံ အနေဖြင့် သူမကိုယ် သူမ အလွန် ဂုဏ်ယူသည်။ ထိုနေရာကို လောကရှန့်ထို တစ်ပါး၏ ဇနီးမယား နေရာနှင့်ပင် မလဲနိုင်ဟု သူမ ခံယူထားသည်။

ရာဇပလ္လင် ခန်းမအတွင်းရှိ ခန့်ညား ထည်ဝါလှသော ပြတင်းပေါက်ကျယ်ကြီး၏ နံဘေးတွင်တော့ ထူးခြားကာ ကျက်သရေ ရှိလှသော ပုံရိပ်တစ်ခု ရပ်နေခဲ့သည်။ သူမက အပြစ်အနာအဆာ ကင်းသည့် အလှတရားကို ပိုင်ဆိုင်ထားကာ နတ်သက်ကြွေလာသည့် နတ်မိမယ် တစ်ပါး အလား ထင်မှတ် မှားရ၏။ သူမက မကြာသေးခင်ကမှ အသစ် ရရှိထားသည့် အဆင့်အတန်းနှင့် လိုက်ဖက်စွာပင် နူးညံ့ညင်သာလှကာ အပြာရောင် အစက်အပျောက်များ ပြန့်ကျဲနေသည့် ဟေဇယ်ရောင် မျက်ဝန်းများဖြင့် ကောင်းကင်ရှိ အဖြူရောင် တိမ်တိုက်များကို ငေးမောကြည့် နေခဲ့သည်။

မိန်းကလေး၏ အနက်ရောင် ဆံနွယ်များမှာ လေပြည်နှင့် အတူ အနည်းငယ် လွင့် နေခဲ့၏။ သူမက ဖြည်းညင်းစွာ လှုပ်ရှားလိုက်ရင်း လျော့ရဲကျနေသော ဆံနွယ် တစ်စကို နားရွက်နောက်သို့ သပ်တင်လိုက်ရာ အပြစ်အနာအဆာ ကင်းသည့် အသားအရေက ပိုမို လင်းလက် လာခဲ့သည်။ သူမက ပထမဆုံး အကြိမ် တွေ့ဆုံခြင်းတွင်ပင် ဝေ့ဝူယင် အသက်ရှူရန် မေ့လျော့ သွားရလောက်အောင် ထိုက်တန်သူ တစ်ဦး ဖြစ်သည်။

မိန်းကလေး၏ အလှတရားက အကန့်အသတ်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်လေရာ ထိုထက် ပိုမို၍ မလှပနိုင်တော့သယောင် ထင်ရသည်။ ရှုရီမှာ ထိုမြင်ကွင်းကို ကြည့်ရင်း မှင်သက်သွားခဲ့၏။ သူမ၏ မျက်ဝန်းများက အလှတရားကို ဖြည်းညင်းစွာ စုပ်ယူနေစဉ်ပင် အသက်ရှူသံများကတော့ ရပ်တန့်သွားခဲ့ရသည်။

"ဧကရီ..."

ရွှယ်ရီဖေးမှာ အစစ်အမှန် ဧကရီ မဟုတ်သေးသော်လည်း ရှုရီမှာ အမွှာ ညီအစ်မ နှစ်ဦးထဲတွင် ခေါင်းအမာဆုံး ဖြစ်သည်။ သူမက ရွှယ်ရီဖေးကို “ဧကရီ” ဆိုသည့် အမည်မှ လွဲ၍ အခြား အမည် သုံးနှုန်း၍ ဘယ်တုန်းကမှ ခေါ်ဆိုခြင်း မရှိခဲ့ချေ။

ခဏအကြာတွင် ရွှယ်ရီဖေးမှာ ဝေ့ဝူယင်နှင့် ဝိညာဉ်အာရုံ ဆက်သွယ်မှု ပြုလုပ်နေခြင်းကို ရပ်နားလိုက်၏။ သူမက ခေါင်းမာသည့် ရှုရီဘက်သို့ ပြန်လှည့်ကာ ညင်သာစွာပင် မေးလိုက်သည်။

"ရှုရီ... ဘာဖြစ်လဲ"

ရှုရီမှာ နာမည်ခေါ်သံကို ကြားလိုက်ရသော အခါတွင်မှ အံ့ဩမှင်သက် နေရာမှ ပြန်လည် နိုးထလာခဲ့သည်။

"ဪ... ဟုတ်သားပဲ..."

သူမက စကားများ အနည်းငယ် ထစ်အ သွားသော်လည်း အာရုံပြန်စိုက်ပြီးနောက် ဆက်လက် ပြောပြလိုက်သည်။

"ဒီလိုပါ... ဧကရီ..."

သူမက စတင်ကာ အကြောင်းအရာ ကိစ္စများကို တင်ပြလိုက်၏။ ထိုအထဲ၌ ရွှယ်ရီဖေးနှင့် ကိုယ်တိုင် တွေ့ဆုံ ဆွေးနွေးခွင့် ရရှိရန် ကြိုးပမ်းသည့် နိုဘယ် ကလန်များ အကြောင်းလည်း အပါအဝင်ပင် ဖြစ်သည်။

ဝေ့ဝူယင်က ထျန်းတိုက်ကျုံးကို အပြတ်အသတ် အနိုင်ယူခဲ့ပြီး နောက်တွင် များလှစွာသော အင်အားစုများမှာ သူတို့၏ ခုခံလိုစိတ်ကို စွန့်လွှတ်လိုက်ကြပြီ ဖြစ်သည်။ သူတို့က အာဏာရှင် အင်ပါယာနှင့် ကိုယ်တိုင် ဆုံတွေ့ကာ ရိုးသမှုကို ပြသရန် လိုလားကြသော်လည်း... အနာဂတ် ဧကရီနှင့် တွေ့ဆုံခွင့် ရရှိခဲ့လျှင်ပင် အတော်လေးကို လွန်နေပြီ ဖြစ်ကြောင်း သိရှိထားပေသည်။

ရွှယ်ရီဖေးက ပြုံးလိုက်၏။ ဝေ့ဝူယင်မှာ အမျိုးမျိုးသော အရာများကို လုပ်ဆောင်ရန် ထွက်ခွာသွားခဲ့ပြီ ဖြစ်ပြီး ကြယ်ကွင်းပြင် တစ်ခုလုံး၏ စီမံခန့်ခွဲမှုကို သူမ၏ လက်ထဲတွင် ချန်ထားခဲ့သည်။ အခြားသူများက ထိုအရာကို စိတ်ပျက်ကောင်း ပျက်နိုင်သော်လည်း လင်ယောက်ျား ဖြစ်သူ၏ ခံစားချက်များကို နားလည်နိုင်သည့် သူမ အတွက်တော့ ဤအရာက ပို၍ပင် ပျော်ရွှင်စေခဲ့သည်။

"သူတို့ကို ပင်မ ခန်းမမှာ စောင့်ခိုင်းလိုက်ပါ... ငါ ခဏနေရင် လာခဲ့မယ်"

မိန်းကလေးက အေးဆေးစွာပင် ညွှန်ကြားလိုက်၏။

"ဟုတ်ကဲ့... ဧကရီ..."

ရှုရီမှာ စိတ်လှုပ်ရှားစွာပင် ထွက်ခွာ သွားခဲ့သည်။ သူမ၏ သခင်မမှာ အာဏာရှင် အင်ပါယာ၏ တရားဝင် ဇနီး ဖြစ်လာစေရန် ပန်းတိုင်ကို ဆုပ်ကိုင်နိုင်ခဲ့ရုံမျှသာ မက၊ ကြယ်ကွင်းပြင် ဆယ့်ရှစ်ခုစလုံးကို လွှမ်းခြုံထားသည့် ကျယ်ပြန့်လှသော အင်ပါယာ နယ်မြေကိုလည်း ထိန်းချုပ်ထားနိုင်ခဲ့ပြီ ဖြစ်သည်။ သူမ တစ်ချိန်က ကြောက်ခဲ့ရသော မြေကြီးရှန့်ထိုများမှာ ယခုအခါ သူမ သခင်မ၏ ခြေထောက်များရှေ့တွင် ဦးချရန် အပြေးအလွှား လာနေကြပြီ ဖြစ်သည်။

ထို ခံစားချက်က အားရစရာ ကောင်းလွန်းလှသည်။

ရွှယ်ရီဖေး၏ အကြည့်များမှာ ပြတင်းပေါက်ကို ကျော်လွန်ကာ အပြင်လောကသို့ တစ်ဖန် ပြန်လည် ရောက်ရှိ သွားခဲ့၏။ သူမ၏ မျက်နှာထက်တွင် တောက်ပပြီး လှပသော အပြုံးတစ်ခု ရှိနေခဲ့သည်။ သိပ်မကြာခင်မှာပင် သူမ အတော်လေး အလုပ်များရတော့မည် ဖြစ်သည်။

***

All Chapters