← Chapters

ကောင်းကင် စစ်ဝိညာဉ်

Vol. 129 Ch. 1801

ကောင်းကင် စစ်ဝိညာဉ်

Vol. 129 Ch. 1801

အမှောင် ဟင်းလင်းပြင်၊ ယခင် မြေကြီးရစ်ခွေ ကြယ်တာရာ နယ်မြေ အတွင်း၌...

လူငယ် တစ်ဦး၊ အိပ်စက် နေသည့် မိန်းကလေး တစ်ယောက်နှင့် သားရဲ တစ်ကောင်တို့မှာ ဥက္ကာခဲ တစ်ခုကို စီးနင်းရင်း ဖြည်းညင်းစွာပင် ဦးတည်ရာမဲ့ လွင့်မြော နေခဲ့သည်။ ထိုဥက္ကာခဲထက်၌ လောကနယ်မြေ တစ်ခုမှာ ဖြန့်ကျက်ထားကာ သေမျိုးများ အသက်ရှင်သန်ရန် လိုအပ်သည့် စွမ်းအား အကုန်လုံးကို ထုတ်ဖော်ထားသည်။ ၎င်းက နွေးထွေးလှကာ နူးညံ့သည့် လေပြည်များ တိုက်ခတ်နေသဖြင့် အလွန်ပင် သက်တောင့်သက်သာ ရှိလှပေသည်။

"နင်က ဥပဒေသတွေရဲ့ စွမ်းအားကို အလွန်အကျွံ အားကိုးနေတယ်"

ကောင်းကင် စစ်ဝိညာဉ်၏ အသံက ဝေ့ဝူယင်၏ အသိစိတ် ပင်လယ် အတွင်း ပဲ့တင်ထပ်ကာ ထွက်ပေါ်လာခဲ့၏။ သူမ၏ အသံက ယခင်ကထက် အနည်းငယ် နက်ရှိုင်းလာသည်။ ဝေ့ဝူယင်နှင့် စတွေ့ခဲ့စဉ်တုန်းကလိုမျိုး ငယ်ရွယ်ပြီး ကလေးဆန်သည့် အသံမျိုး မဟုတ်တော့ချေ။ သူမက အသက်အရွယ် ရလာသကဲ့သို့ ပိုမို၍ ရင့်ကျက် လာခဲ့ပြီ ဖြစ်သည်။

“ငါက အခု သွေးမျိုးဆက် စွမ်းရည်ကို သုံးနေတာပါ...”

ဝေ့ဝူယင်က သူ့လက်ထဲရှိ စိန်ပုံသဏ္ဌာန် ပုံဆောင်ခဲကို ငေးကြည့်ရင်း ပြောလိုက်သည်။ ထိုအထဲ ဟင်းလင်းပြင် အသိုက် နယ်မြေနှင့် ထိုအတွင် ထူးဆန်းစွာ ပြုစု ပျိုးထောင်ထားသည့် သစ်ပင်များ အားလုံး တည်ရှိနေပေသည်။ သူ၏ ဟင်းလင်းပြင် ပုံဆောင်ခဲခြင်း စွမ်းရည်မှာ အလွန်ပင် အံ့ဩစရာ ကောင်းလှကာ လောကတစ်ခုလုံးကို ပုံဆောင်ခဲ တစ်ခုတည်းအတွင်း သိုလှောင်နိုင်စွမ်း ရှိသည်။

ဝေ့ဝူယင်၏ ရင်ခွင်ထဲတွင်တော့ ချင်ချူးမူမှာ သက်တောင့်သက်သာ ရှိစွာ လှဲလျောင်း နေခဲ့၏။ သူမ၏ အသက်ရှူသံများက တည်ငြိမ်နေကာ နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု တွဲလွဲခို နေခဲ့သည်။ သူမက အိပ်မက်ကောင်း တစ်ခု မက်နေကြောင်း ထင်ရှားပေသည်။

ထိုအခိုက်၌ ဝေ့ဝူယင် သူမ၏ စိတ်ပိုင်းဆိုင်ရာ အတက်အကျများကို ကန့်သတ်ချက် မရှိပဲ ခံစားနိုင်ပေသည်။ အကယ်၍ သူသာ လိုချင်ပါက မိန်းကလေး၏ စိတ်အတွင်း ဝင်ကြည့်ကာ လွန်ခဲ့သည့် ဆယ်စုနှစ်ပေါင်းများစွာ အတွေ့အကြုံများကို ကြည့်ရှုနိုင်ပေသည်။

"..."

သို့သော်လည်း... နောက်ဆုံးတွင် သူ သူမ၏ ကိုယ်ရေးကိုယ်တာကို ကျူးကျော်ခြင်း မပြုလုပ်ဖို့ ဆုံးဖြတ်လိုက်သည်။ ထို့အစား... မိန်းကလေးက သူ့ကို ဆန္ဒအလျောက် ပြောပြလိမ့်မည် ဖြစ်ပြီး ထိုအရာက ပို၍ပင် စိတ်ဝင်စားစရာ ကောင်းပေသည်။

"ငါ ပြောချင်တာက အဲ့တာ မဟုတ်ဘူးလေ”

ကောင်းကင် စစ်ဝိညာဉ်က ဆိုလိုက်၏။

"နင်က ဘယ်ကိစ္စပဲ ကြုံကြုံ သာမည ဥပဒေသတွေကိုပဲ သုံးပြီး ဖြေရှင်းလိုက်တာချည်းပဲ... နင့်ရဲ့ ကြယ်တာရာ ပါရဂွန် ခန္ဓာကိုယ်ကလည်း အဲဒီ စွမ်းအားကို လိုသလောက် သုံးနိုင်အောင် ထောက်ပံ့ပေးနေတယ်... ဒါပေမဲ့ နင့်ရဲ့ ကျင့်ကြံခြင်း အခြေခံက ဥပဒေသတွေကို အထူးပြုတာ မဟုတ်ဘူး”

သူမက ခဏမျှ ရပ်ကာ စကားလုံးများကို စီစဉ်လိုက်သည်။

“နင်က သေမျိုးပဲ... နင့်ရဲ့ ကျင့်ကြံခြင်း အခြေခံက ဘယ်လောက်ပဲ မယုံကြည်နိုင်စရာ ကောင်းနေပါစေ အဲဒီ စကားစုက မပြောင်းလဲဘူး... ဒါပေမဲ့ နင်က ကျင့်ကြံခြင်း အခြေခံထက် အဆပေါင်းများစွာ ပိုမြင့်တဲ့ စွမ်းအားကို စွဲကိုင်နိုင်တယ်... လောကရှန့်ထို အဆင့်၊ ကောင်းကင်ရှန့်ထို အဆင့်တွေတောင် ဥပဒေတွေ အပေါ် သာမည အာဏာကို မထုတ်ဖော်နိုင်ကြဘူး... နင်က အဲဒီ စွမ်းအားကို အလွန်အကျွံ အားကိုးနေတယ်”

ဝေ့ဝူယင် ငြိမ်သက် သွားခဲ့၏။ ကောင်းကင် စစ်ဝိညာဉ်၏ ပြောစကားများထဲတွင် အမှား မပါချေ။ သူ ထျန်းတိုက်ကျုံးကို အင်ပါယာ ဥပဒေသ အပေါ် သာမည အာဏာဖြင့် လွှမ်းမိုး၍ အလွယ်တကူ အနိုင်ယူခဲ့သည်။ အထွတ်အမြတ် အယ်ဗန် ဧကရီ၏ လောက ကိုယ်ပွားကိုလည်း အချိန်နှင့် အာကာသ လမ်းစဉ်များ အပေါ် သာမည အာဏာကို သုံးကာ လွှမ်းမိုး ချုပ်ကိုင်ခဲ့သည်။ လွန်ခဲ့သည့် နာရီပိုင်းမျှ အတွင်းမှာပင် သူ စွမ်းအားကို အကြိမ်ကြိမ် သုံးခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့်ပင်... ဥပဒေသများ အပေါ် သာမည အာဏာကို အလွန်အကျွံ အားကိုးနေသည် ဆိုပါက မှားရာကျလိမ့်မည် မဟုတ်ချေ။

"နင် နောက်ဆုံးအကြိမ် ဆေဘာကို ဘယ်တုန်းက ဝှေ့ယမ်းခဲ့တာလဲ"

ကောင်းကင် စစ်ဝိညာဉ်က မေးလိုက်၏။

"အစစ်အမှန် စိန်ခေါ်မှုတစ်ခုရဲ့ ရင်ခုန်စိတ်လှုပ်ရှားရတဲ့ အရသာကို နင် ဘယ်တုန်းက နောက်ဆုံး ခံစားခဲ့ရလဲ"

“...”

"တိုက်ပွဲတစ်ပွဲမှာ ခြိမ်းခြောက်ခံရတယ်လို့ နင် ဘယ်တုန်းက နောက်ဆုံး ခံစားခဲ့ရလဲ... မလုံခြုံဘူးလို့ ခံစားရတာမျိုး၊ မသေချာဘူးလို့ ခံစားရတာမျိုး... ဒါမှမဟုတ် မလုံလောက်ဘူးလို့ ခံစားရတာမျိုးရော... နင် ဘယ်တုန်းက နောက်ဆုံး အကြိမ် ကြောက်ခဲ့ရလဲ.... နင် ဘယ်တုန်းက နောက်ဆုံး အကြိမ် စိတ်လှုပ်ရှားခဲ့ရလဲ"

"..."

ဝေ့ဝူယင်၏ အတွေးများမှာ ရုန်းရင်းဆန်ခတ် ဖြစ်သွားသည်။ ယခုအခါ သူ၏ ကျင့်ကြံခြင်း အခြေခံနှင့် မွေးရာပါ ပါရမီတို့မှာ ကောင်းကင်ကို ဖီဆန်နိုင်လောက်အောင်ပင် ပြီးပြည့်စုံ နေခဲ့ပြီ ဖြစ်သည်။ သူ့ထံတွင် ကြယ်တာရာ ပါရဂွန် ခန္ဓာ ရှိသည်။ ပြိုင်စံရှား အဂ္ဂိရတ် တာအို ရှိသည်။

သေမျိုးတစ်ဦးသာ ဖြစ်သော်လည်း အစစ်အမှန် ဟင်းလင်းပြင် နဂါး သွေးမျိုးဆက်ကို လျှို့ဝှက် အဆင့်ထိ ရောက်အောင် မြှင့်တင်ထားနိုင်သည်။ သာလွန်သန့်စင် အဂ္ဂိရတ် ကြယ်တာရာများကို ရှိထားသည်။ ဆေဘာနှင့် မူလဒြပ်စင် လမ်းစဉ်များတွင်လည်း လောက နှလုံးသား ရည်ရွယ်များကို နိုးထ ထားစေနိုင်ခဲ့သည်။ ဥပဒေသ ခြောက်ခု အပေါ် သာမက အာဏာများကိုလည်း ဆုပ်ကိုင်ထားနိုင်သည်။ မြေကြီး ရှန့်ထို တစ်ဦး (ဝတ်စုံနက် ဝေ့ဝူယင်) ၏ ကျင့်ကြံခြင်း အသိပညာ အားလုံးကိုလည်း ပိုင်ဆိုင်ထားသည်။

ကျင့်ကြံခြင်း လောက၏ သမိုင်းတစ်လျှောက်၌ ထိုအထဲမှ အရည်အချင်း တစ်ခုချင်းစီကို အောင်မြင် ရရှိနိုင်ခဲ့သည့် သေမျိုးများ ရှိနိုင်သော်လည်း အသက် တစ်ရာ မပြည့်သေးသည့် ကျင့်ကြံသူ တစ်ဦးတည်း အပေါ်တွင် စုစည်း တည်ရှိနေခြင်းကတော့ မယုံကြည်နိုင်စရာပင် ဖြစ်သည်။

ဝေ့ဝူယင်တွင် အပြစ်အနာအဆာဟူ၍ မရှိသလောက်ပင်။ စွမ်းအား၊ ကျင့်စဉ်နှင့် နည်းလမ်းများကို နက်နက်နဲနဲ အသုံးမပြုဘဲ 'တူ' တစ်လက်ကဲ့သို့သာ အကြွင်းမဲ့ ခွန်အားကို အသုံးပြုနေသည့် ပြဿနာမှာလည်း ဝတ်စုံနက် ဝေ့ဝူယင်၏ မှတ်ဉာဏ်များနှင့် သေမျိုးဘုံ ကျင့်ကြံခြင်း အသိပညာများကြောင့် ပြေလည်သွားခဲ့ပြီ ဖြစ်သည်။

တစ်ခုတည်းသော အပြစ်အနာအဆာမှာ သူ၏ သေမျိုး တည်ရှိမှု ဘောင် သာ ဖြစ်သော်လည်း ထိုအားနည်းချက်ကိုပင် ကြယ်တာရာ ပါရဂွန် ခန္ဓာကိုယ် က အများကြီး လျှော့ချပေးထားသည်။

သို့သော်လည်း... ကောင်းကင် စစ်ဝိညာဉ် ၏ အမြင်တွင် ဝေ့ဝူယင်ထံ၌ ကြီးမားသည့် အားနည်းချက်တစ်ခု ရှိနေသည်။ ဝေ့ဝူယင်ထံ၌ လွတ်လပ်သည့် တိုက်ခိုက်လိုစိတ်ကို သူမ မမြင်ခဲ့ရသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သူ့ထံ၌ စစ်မှန်သည့် စိန်ခေါ်မှုများ မရှိချေ။ သူက ရန်သူများနှင့် တိုက်ခိုက်ရင်း စွမ်းအားကို အစွမ်းကုန် အသုံးမပြုခဲ့ရသလို၊ အသက်ရှင်သန်ရန်အတွက်လည်း ရုန်းကန်ခဲ့ရခြင်းမျိုး မရှိပေ။ ဤအချက်က သူမကို စိုးရိမ်စေသည်။

"ပေါ့လျော့ခြင်း ဆိုတာ ပါရမီရှင်တွေရဲ့ သေတွင်းပဲ...”

“...”

ဝေ့ဝူယင်၏ နှလုံးသားက အနည်းငယ် ခါးသီးသွား၏။ သို့သော်လည်း ကောင်းကင် စစ်ဝိညာဉ် မသိလိုက်သည့် အရာက သူ ဘယ်တုန်းကမှ မပေါ့လျော့ခဲ့ခြင်း ဖြစ်သည်။

ငရဲ၏ ကပ်ဘေး ဆယ့်ရှစ်ခုကို တိုက်ခိုက်ကာ ရင်ဆိုင် ကျော်လွှား နေရသူ တစ်ယောက် အနေဖြင့် ခြေလှမ်းတိုင်းကို သူ အစွမ်းကုန် တည်ငြိမ်အောင် ထိန်းထားရသည်။ ယင်းမှာ အနည်းငယ်မျှပင် ပေါ့လျော့လို့ မရဘဲ အသက်ကို အကြိမ်ကြိမ် ရင်းနှီးထားရသည့် တိုက်ပွဲ ဖြစ်သည်။ ကောင်းကင်ဘုံ စစ်ဝိညာဉ်မှာ သူ၏ အမွေခံ အပြစ်သား သွေးမျိုးဆက် အကြောင်း မသိလေရာ ထိုကဲ့သို့ ယူဆခြင်းက အပြစ်ဆိုဖွယ်ရာတော့ မရှိချေ။

သို့သော်လည်း... သူမ ပြောတာ မမှားချေ။ သူ နောက်ဆုံးအကြိမ် ဆေဘာကို ဘယ်တုန်းက‌ ဝှေ့ယမ်းခဲ့သနည်း။ ဓားအိမ်ထဲက ဆွဲမထုတ်ခဲ့ရတာပင် ဘယ်လောက်ကြာခဲ့ပြီနည်း။

"..."

ဝေ့ဝူယင် ဖြေနိုင်စွမ်း မရှိခဲ့ပါချေ။

"နင် စစ်မြေပြင်ကို စရောက်လာတည်းက နင့်ရဲ့ ရင်ခုန်စရာကောင်းတဲ့ တိုက်ပွဲတွေကို ငါ စောင့်ကြည့်နေခဲ့တ်... အဲဒီတုန်းက နင့်ရဲ့ လှုပ်ရှားမှုတွေက ပြတ်သားတယ်... အသက်ရှူတိုင်း တွက်ချက်ထားပြီးသား... အတွေးတိုင်းက အလဟဿ မဖြစ်ဘူး... အဲဒီတုန်းက နင်က တကယ့်ကို ထက်မြက်ခဲ့တာ... မယုံနိုင်လောက်အောင်ကို ထက်မြက်ခဲ့တာ... နင့်ထက် အဆပေါင်းများစွာ သာလွန်တဲ့ တည်ရှိမှုတစ်ခုကို မင်းရဲ့ ဉာဏ်ပညာနဲ့ နည်းလမ်းတွေ သုံးပြီး ရင်ဆိုင်ခဲ့နိုင်ခဲ့တယ်... သေမင်းရဲ့ အနီးအနားမှာတင် ကခုန်ရင်းနဲ့ အောင်ပွဲကို ရယူနိုင်ခဲ့တယ်... အဲဒီတုန်းက နင့်ရဲ့ တိုက်ခိုက်လိုစိတ်တွေ ဟိန်းဟောက်နေတာကို ငါ ခံစားလို့ ရခဲ့တယ်”

အတိတ်ကာလမှ မြင်ကွင်းများ အကြောင်း ပြန်လည် ပြောရရင်း ကောင်းကင် စစ်ဝိညာဉ်၏ အသံက စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေ၏။

ဝေ့ဝူယင်၏ ခါးသီးမှုများက ပိုမို၍ တိုးလာခဲ့သည်။ ထိုကာလအတွင်း သူက ယာယီ မျက်စိကွယ် နေခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းလှသည့် အားနည်းချက်ကို ရင်ဆိုင်ရင်း ရှေ့သို့ ဆက်လှမ်းနိုင်ရန် ဉာဏ်ပညာ၊ သတ္တိနှင့် စိတ်ဓာတ်ခွန်အားများကို အစွမ်းကုန်ကို အသုံးပြုခဲ့ရသည်။

"အဲဒီတုန်းက ကောင်းကင်ကို လှုပ်ခတ်စေပြီး မြေပြင်ကို ခြေမှုန်းပစ်နိုင်တဲ့ ဝိညာဉ်ဆင်းတု လေးခုကို နင် ဆင့်ခေါ်ခဲ့တယ်... နင့်ရဲ့ အသက်ရှူသံ တစ်ချက်စီတိုင်းမှာ အာကာသနဲ့ အချိန်တွေ လောင်ကျွမ်း သွားခဲ့ပြီး ဆေဘာဓားချက်တွေကလည်း မဆုတ်မနစ် ပြင်းထန်ခဲ့တယ်... ဒါပေမဲ့..."

ကောင်းကင်စစ်ဝိညာဉ်က ခေတ္တရပ်လိုက်၏။ သူမ၏ လေသံက အနည်းငယ် အေးစက်သွားသည်။

"အဲဒီနောက်ပိုင်းကစပြီး နင့်အတွက် စိန်ခေါ်မှုတိုင်းက အရမ်းကို လွယ်ကူလွန်းနေတယ်... အရမ်းကို လွယ်ကူလွန်းတယ်”

"..."

"အခု နင် ဥပဒေသ ခြောက်ခု အပေါ် သာမည အာဏာတွေကို ဆုပ်ကိုင်ထားနိုင်ပြီ... ဒီချိပ်ပိတ်နယ်မြေထဲမှာ နတ်ဆိုး အင်ပါယာလို့ ခေါ်တဲ့လူ တစ်ယောက်ပဲ နင်နဲ့ ယှဉ်နိုင်တော့မယ်... နင်က ပြိုင်ဘက်ကင်းနေပြီ... နင့်ရဲ့ ကျင့်ကြံခြင်း အခြေခံ၊ ကျင့်စဉ်နဲ့ နည်းလမ်းတွေ၊ ဉာဏ်ပညာ‌တွေကို အစွမ်းကုန် အသုံးပြုလာနိုင်အောင် တွန်းအားပေးနိုင်တဲ့လူ မရှိတော့ဘူး”

ဝေ့ဝူယင်ထံတွင် တိုက်ခိုက်လိုစိတ် မရှိတော့သလို သတ်ဖြတ်လိုစိတ်လည်း မရှိတော့ချေ။ သူ့ကို လှုံ့ဆော်ပေးနိုင်သည့် အရာ မရှိတော့ချေ။ နောက်ဆုံးအချက်က အရေး အကြီဆုံး ဖြစ်ပေသည်။

ဝေ့ဝူယင်နှင့် ကောင်းကင် စစ်ဝိညာဉ်တို့ကြားတွင် အချိန် အတန်ကြာ တိတ်ဆိတ်သွားခဲ့လေ၏။

***

All Chapters