← Chapters

ကောင်းကင် စစ်ဝိညာဉ် (၂)

Vol. 129 Ch. 1802

ကောင်းကင် စစ်ဝိညာဉ် (၂)

Vol. 129 Ch. 1802

နောက်ဆုံး၌ ဝေ့ဝူယင်က စတင်ကာ စကားပြောလိုက်၏။

"ငါ လျှို့ဝှက် အာဏာရှင် အဆင့်ကို ရောက်ဖို့ နည်းနည်းပဲ လိုတော့တယ်... အဲဒီအချိန် မတိုင်ခင်အထိ စစ်မြေပြင်ကို ထပ်ဝင်လို့ မရဘူး... ကြိုးစားကြည့်လို့ ရပေမဲ့ အကြောင်းမဲ့ စည်းမျဉ်းတွေကို မချိုးဖောက်ချင်ဘူး... ဖန်တီးခဲ့တဲ့သူတွေရဲ့ စိတ်ရှည်မှုကို ငါ မစမ်းသပ်ချင်ဘူး။"

စစ်မြေပြင်တွင် တင်းကျပ်သော စည်းမျဉ်းများ ရှိပြီး၊ ၎င်းတို့အနက် တစ်ခုမှာ ကျင့်ကြံသူတစ်ဦးမှာ သေမျိုးအဖြစ် တစ်ကြိမ်သာ ဝင်ရောက်နိုင်ကာ၊ လျှို့ဝှက် အာဏာရှင် အဖြစ် သုံးကြိမ်သာ ဝင်ရောက်နိုင်သည်။

"နင့်ကိုနင် သေကြောင်း ကြံစည်ဖို့ ငါ အကြံပေးနေတာ မဟုတ်ဘူး..."

ကောင်းကင် စစ်ဝိညာဉ်မှာ စည်းမျဉ်းများကို ထိန်းသိမ်းသူတစ်ဦး ဖြစ်ခဲ့ဖူးလေရာ ဝေ့ဝူယင်သာ စည်းမျဉ်းများကို ချိုးဖောက်ရန် ကြိုးစားပါက သေတွင်းထဲသို့ ဆင်းသည်နှင့် တူမည်ကို ကောင်းစွာ သိပေသည်။

"ငါ အကြံပေးချင်တာက စိန်ခေါ်မှုတစ်ခုကို ရှာဖွေပါ..."

ကောင်းကင် စစ်ဝိညာဉ်က ပြောလိုက်၏။

"ကြယ်ကွင်းပြင်ဖျက် ကပ်ဘေး ရှိတယ်လေ"

ဝေ့ဝူယင်က သတိပေးလိုက်သည်။

"ငါ သိတယ်..."

ကောင်းကင် စစ်ဝိညာဉ်က ဆိုလိုက်၏။ ဝေ့ဝူယင်မှာ ဤဘေးအန္တရာယ်၏ အဓိက အကြောင်းရင်း ဖြစ်သည်ကိုလည်း သူမ သိသည်။ လူငယ်မှာ ထိုအရာမှ အကျိုးအမြတ် အမြောက်အမြား ရယူလိုသည်ကိုလည်း သိသည်။ သို့သော်လည်း... သူမမှာ အကြံပြုချက်ကို ဆက်လက် ဆုပ်ကိုင်ထားဆဲပင် ဖြစ်သည်။ သူမ၏ အမြင်အရ ဝေ့ဝူယင်မှာ ပြိုင်ဘက်ကင်းနေခြင်းကြောင့် ပေါ့လျော့ ပျင်းရိမသွားစေရန် ပိုမို ကြီးမားသော စိန်ခေါ်မှုများကို ရှာဖွေဖို့ ဤလောကမှ ထွက်ခွာသင့်သည်။

ဝေ့ဝူယင်က အချိန်အတော်ကြာ စဉ်းစားနေပြီးနောက် သူ၏ အသိစိတ်ပင်လယ်ထဲရှိ သူမကို စူးစမ်းဟန် ကြည့်လိုက်သည်။

"ဘာလို့ ငါ့ကို ဒီလောကကနေ ထွက်သွားဖို့ တိုက်တွန်းနေတာလဲဆိုတာ ပြောပြပါဦး..."

ကောင်းကင် စစ်ဝိညာဉ်တွင် တစ်ခုခု ဖြစ်နေသည်ကို သူ ခံစားနိုင်သည်။ သူမက ဥတစ်လုံး မဟုတ်တော့ဘဲ လှိုင်းထန်နေသည့် တိမ်တိုက်ကဲ့သို့ ရုန်းရင်းဆန်ခတ် စီးဆင်းနေသော ရွှေရောင် အလင်းတန်းကြီး ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သူမက အသွင်ပြောင်းလဲခြင်း လုပ်ငန်းစဉ်ကို ဖြတ်သန်းနေခြင်း ဖြစ်သည်။

"..."

ကောင်းကင် စစ်ဝိညာဉ်က ချက်ချင်း ပြန်မဖြေဘဲ တိတ်ဆိတ်သွား၏။ ဝေ့ဝူယင်သည်လည်း သူမကို အနှောင့်အယှက် မပေးဘဲ စောင့်ဆိုင်းနေခဲ့သည်။

"ဟူး..."

အချိန်အတော်ကြာမှ ကောင်းကင် စစ်ဝိညာဉ်က သက်ပြင်းတစ်ချက် ချရင်း ပြန်ဖြေလိုက်သည်။

"နင် ထျန်းကလန် ကို စစ်ကြေညာလိမ့်မယ်လို့ ငါ ထင်ခဲ့တာ... လောကတစ်ခုလုံးကိုပေါ့... နင့်ရဲ့ စစ်သည်တော်တွေကို အားမကိုးဘဲ ကိုယ်တိုင် တိုက်ခိုက်ရင် ပိုပြီး ခက်ခဲတဲ့ တိုက်ပွဲ ဖြစ်လိမ့်မယ်လို့ ငါ ထင်ခဲ့တာ... ဒါပေမဲ့ နင်က သူ့ကို ကြက်လည်ပင်း ချိုးသလိုမျိုး လွယ်လွယ်ကူကူ ကိုင်တွယ်ဖြေရှင်းလိမ့်မယ်လို့ ငါ မထင်ခဲ့ဘူး... ဘာလို့ သူ့ရဲ့ ကျင့်ကြံခြင်း အခြေခံ တစ်ခုလုံးက အင်ပါယာ အမတေ အပေါ်မှာပဲ ဒီလောက် အားကိုးနေရတာလဲ... မိုက်မဲလိုက်တာ... တကယ်ကို မိုက်မဲတာပဲ..."

"အမှန်အတိုင်း ပြောရရင်..."

သူမက ဝမ်းနည်းသော လေသံဖြင့် ပြောလိုက်သည်။

"ငါ ကောင်းကင် စစ်ဝိညာဉ် အဖြစ် အပြည့်အဝ အသွင်ပြောင်းဖို့အတွက် နောက်ဆုံး အစိတ်အပိုင်း နှစ်ခု လိုအပ်နေတယ်... အဲဒါတွေ မရှိရင် ငါ ဒီအတိုင်းပဲ ထာဝရ ပိတ်မိနေလိမ့်မယ်... ပြီးတော့ ငါ အဲဒါကို... အမြန် လိုအပ်နေတာ"

ကောင်းကင် စစ်ဝိညာဉ်က အစချီလိုက်ရင်း အားလုံးကို ဝန်ခံလိုက်တော့သည်။ သူမ၏ ပြောကြားချက်များ အရ... သူမသည် ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆင့်ကဲပြောင်းလဲမှုတို့မှာ အန္တရာယ်ရှိသော အခြေအနေတွင် ရောက်ရှိနေသည်။ ဝေ့ဝူယင်မှာ သူမ၏ အသွင်ပြောင်းလဲမှု အစိတ်အပိုင်းတစ်ခုကို မျှော်လင့်ထားသည်ထက် ပိုမိုမြန်ဆန်စွာ၊ ဖြစ်သင့်သည်ထက် ပိုစောစွာ ပြီးမြောက်စေခဲ့သည်။

မူလက သူမကို ထိပ်တန်း သေမျိုးတစ်ပိုင်း အရှင် အဆင့် ပါရမီရှင်တစ်ဦးအတွက် ရည်ရွယ်ထားခြင်း ဖြစ်ပြီး၊ ထိုလူလက်ထဲသို့ ရောက်လျှင်ပင် စွမ်းအင် စုပ်ယူမှုနှုန်းမှာ အသင့်အတင့်သာ ရှိလိမ့်မည်။ သို့သော်လည်း... ဝေ့ဝူယင်၏ စွမ်းအင်များမှာ အဆုံးမဲ့သလောက် ဖြစ်နေပြီး ပုံမှန်ထက် ပိုမို သန့်စင်လွန်းနေခဲ့သည်။

ကွန်မန်ဒါ ကျန်းကျန့်ပင်လျှင် ဝေ့ဝူယင်၏ သေမျိုး စွမ်းအင်များက သူ့အတွက် မည်မျှ ကြောက်မက်ဖွယ် ကောင်းသည့် ခန္ဓာကိုယ် တစ်ခု ဖန်တီးပေးခဲ့သည်ကို ကြည့်ရင်း တုန်လှုပ်ခဲ့ရသည်။ ထိုတစ်ခုတည်းကပင် ဝေ့ဝူယင်အပေါ် သူ၏ သဘောထားကို လုံးဝ ပြောင်းလဲစေပြီး စိတ်ရင်းမှန်ဖြင့် နောက်လိုက်တစ်ဦး ဖြစ်ရန် လုံလောက်ခဲ့သည်။

ကောင်းကင် စစ်ဝိညာဉ်မှာ ဝေ့ဝူယင်၏ အသိစိတ် ပင်လယ်ထဲသို့ ရောက်ရှိပြီးနောက် မိနစ်တိုင်း ခြောက်သွေ့အောင် စုပ်ယူ နေခဲ့သော်လည်း လူငယ်မှာ အရည်အသွေးမြင့် အဂ္ဂိရတ် ထုတ်ကုန်များကို အသုံးပြု၍ ကိုယ့်ကိုယ်ကိုယ် အဆက်မပြတ် ဖြည့်တင်းခဲ့သည်။ ထို့အပြင် သူ၏ ကြယ်တာရာ ဝိညာဉ်များမှာလည်း ဟာသဆန်စွာပင် ပြင်ပ ထွက်ခွာခြင်း နည်းလမ်းကို သုံး၍ ထုတ်ကုန်များကို ကိုယ်တိုင် သန့်စင်ခဲ့သည်။ သူမ အလွန်အကျွံ အဆက်မပြတ် စုပ်ယူခဲ့လေရာ မည်မျှ များပြားသည်ကိုပင် မသိတော့ချေ။ ယခုတွင်တော့ ထိုပြဿနာကို သူမ ရင်ဆိုင် နေရပြီ ဖြစ်သည်။

ကောင်းကင် စစ်ဝိညာဉ် အနေဖြင့် အသွင်ကူးပြောင်းမှုကို ပြီးမြောက်ရန်အတွက် အရေးကြီးသော အစိတ်အပိုင်း နှစ်ခု လိုအပ်သည်။ ပထမ တစ်ခုက အာဏာရှင် ရှန့်ထို တစ်ယောက် သို့မဟုတ် ထိုထက် အဆင့် ပိုမို မြင့်မားသည့် ကျင့်ကြံသူ တစ်ယောက်၏ လျှို့ဝှက် ဝိညာဉ် ဖြစ်သည်။ ဒုတိယက သူမ၏ ဝိညာဉ်ရင်းမြစ် အဖြစ် ဆောင်ရွက်မည့် စစ်ဥပဒေသ မျိုးစေ့ တစ်ခုကို ဝေ့ဝူယင်က မေးထုတ်ပေးရန် လိုအပ်ခြင်း ဖြစ်သည်။

ထိုစစ်ဥပဒေသကို ဝေ့ဝူယင် ကိုယ်တိုင် မွေးထုတ် ပေးရမည် ဖြစ်သည်။ အတုအယောင် ဖြစ်လို့ မရသလို အခြားလူထံမှ ယူဆောင်လာခြင်းမျိုးလည်း မဖြစ်ရပေ။

ထိုနှစ်ခုအစား ပိုမို လွယ်ကူသည့် နည်းလမ်းများကို သုံး၍ ရသော်လည်း ပြီးပြည့်စုံသည့် ခန္ဓာကိုယ်ကို လိုချင်ပါက ၎င်းတို့ကို မဖြစ်မနေ လိုအပ်သည်။ လွန်ခဲ့သည့် ကာလအတွင်း၌ ကောင်းကင် စစ်ဝိညာဉ်မှာ စစ်ဥပဒေသနှင့် ဆက်စပ်မှု ရှိသည့် ဓားဥပဒေသ၊ မူလ ဥပဒေသတို့နှင့် ပေါင်းစည်းရန် ကြိုးစားခဲ့သေးသည်။ သို့သော်လည်း... ၎င်းတို့မှာ အလွန်အမင်း ဖွံ့ဖြိုးပြီး ဖြစ်နေခဲ့သည်။

သူမသည် အခြေတည် ရင်းမြစ်ကို သိုလှောင်နိုင်ရန် အတွက် အခြေတည် ခန္ဓာ တစ်ခုနှင့် ကောင်းကင် ပဲ့တင်ထပ်ခြင်းမှ တစ်ဆင့် လောကသုံးထောင်နှင့် ချိတ်ဆက်နိုင်သော စိတ်ဝိညာဉ် တစ်ခုကို လိုအပ်သည်။ အတုအယောင် တုန့်ပြန်မှု ဖြစ်လို့ မရချေ။

အကြီးမားဆုံး ပြဿနာက သူမတွင် ကန့်သတ်ရက် ရှိနေခြင်းပင်ဖြစ်သည်။ ထိုကန့်သတ်ရက်မှာ ဝေ့ဝူယင် ရင်ဆိုင် နေရသည့် ငရဲ၏ ကပ်ဘေးများလိုပင် ဖိအားများလှသည်။ နောက်ဆုံးရက်ကို မပြည့်မီပါက သူမမှာ ယခုလို ရွှေရောင် တောက်ပမှု အစုအဝေးအဖြစ်သာ ထာဝရ ပိတ်မိနေနိုင်ခြေ အလွန်များသည်။

ထို့အပြင် ကန့်သတ်ချိန်က အလွန် တိုတောင်းလှသည်။

သုံးနှစ်...။

သုံးနှစ်တည်းသာပင်။

"ဘာလို့ အစောကြီးကတည်းက မပြောတာလဲ"

ဝေ့ဝူယင်က မေးလိုက်၏။ ကန့်သတ်နေ့ရက်များ၏ အရေးပါမှုနှင့် အဓိပ္ပာယ်မဲ့သော လိုအပ်ချက်များကို သူ မစိမ်းပေ။ သေမျိုးတစ်ဦးကို ရာစုနှစ်ဝက်မျှသာ ကြိုတင်ပြင်ဆင်ချိန်ပေးကာ ငရဲ ဘေးအန္တရာယ်များကို ရင်ဆိုင်ခိုင်းခြင်းထက် ပို၍ အဓိပ္ပာယ်မဲ့သည့် အရာ အဘယ်မှာ ရှိမည်နည်း။

"ငါ့မှာ အချိန် ပိုရှိသေးတယ်လို့ အစက ထင်ခဲ့တာ... ငါ ယုံကြည်ခဲ့တာက"

ကောင်းကင် စစ်ဝိညာဉ်က စတင် ရှင်းပြခဲ့သော်လည်း ဝေ့ဝူယင်ကတော့ စိတ်ပျက်လက်ပျက် သက်ပြင်းချရုံသာ တတ်နိုင်သည်။ နောက်ဆုံး၌ ကောင်းကင် စစ်ဝိညာဉ်ကလည်း လူသားကို အတုခိုးကာ သက်ပြင်းတစ်ချက် ချလိုက်လေသည်။

“တကယ်တော့ ငါလည်း မကြာသေးခင်ကမှ ဒီအသွင်ပြောင်းခြင်း အဆင့်ကို ရောက်ခဲ့တာ... ဒီရက်ပိုင်း အတွင်း နင် ဘယ်လောက်တောင် အလုပ်များနေလဲ... နောက်ပြီး ဆုံးနှစ်ဆိုတဲ့ ကန့်သတ်ချိန် အတွင်း မဖြစ်နိုင်တဲ့ အလုပ်လို့ ထင်ရတာကြောင့် ငါ မပြောပြပဲတောင် နေတော့မလို့... နင်လည်း သိတာပဲ... ဥပဒေသ မျိုးစေ့ တစ်ခုကို သဘာဝ အတိုင်း ဆုပ်ကိုင်ဖို့ ဆိုတာ ဘယ်လောက်အထိ ခက်ခဲသလဲ ဆိုတာ”

"နည်းလမ်းတွေ ရှိပါတယ်"

ဝေ့ဝူယင်က ပြောလိုက်၏။ သူက အဂ္ဂိရတ် တာအို၏ တရားဝင် အသိအမှတ်ပြု အစစ်အမှန် လောကရှန့်ထို တစ်ပါး ဖြစ်သည်။ လောက အထွတ်အထိပ် အဆင့် အဂ္ဂိရတ် ထုတ်ကုန်များမှာ လျှို့ဝှက် အာဏာရှင် အဆင့်ရှစ်၊ အစစ်အမှန် သူတော်စင်များ အတွက်ပင် သင့်တော်သည်။ ဥပဒေသ မျိုးစေ့ကို သဘာဝ အတိုင်း ဆုပ်ကိုင်နိုင်အောင် ကူညီနိုင်သည့် နည်းလမ်း တစ်ခုမဟုတ်၊ တစ်ခုတော့ ရှိရမည်။

ကောင်းကင် စစ်ဝိညာဉ်က ဝေ့ဝူယင်၏ အတွေးများကို သိရှိသည့် အလား ညည်းညူလိုက်၏။

"နင်က မကြာသေးခင်ကမှ လောက အဂ္ဂိရတ် ရှန့်ထို အဆင့်ကို ရောက်တာလေ... သုံးနှစ်ဆိုတဲ့ ကန့်သတ်ချက်က အရမ်းကို နည်းလွန်းတယ်... လောက အထွတ်အထိပ် အဆင့် ထုတ်ကုန်ကို အတင်းအကြပ် ဖော်စပ်ဖို့ ကြိုးစားရင်း နင်လမ်းလွဲသွားတာမျိုးလည်း ငါ မဖြစ်စေချင်ဘူး”

သူမက တစ်စက္ကန့်မျှ တွေဝေသွားပြီးနောက် ခပ်တိုးတိုးနှင့် လေးနက်စွာ ပြောလိုက်သည်။

"နောက်ပြီး အာရုဏ်ဦး လေပွေဇုန် ဆေးလုံးရဲ့ ယာယီ ပုံပျက်နေတဲ့ အချိန် နယ်ပယ်ထဲကို နင် ဝင်ချင်မှာ မဟုတ်ဘူး ဆိုတာလည်း ငါ သိတယ်... ဒါကြောင့် မဖြစ်နိုင်ဘူးလို့ ငါ ပြောတာပေါ့”

"..."

ဝေ့ဝူယင် တစ်ယောက် တိတ်ဆိတ်သွားခဲ့၏။ သူ ချင်ချူးမူကို ငုံ့ကြည့်လိုက်မိသည်။ ထိုအယ်ဗန် မင်းသမီးငယ်လေးမှာ ဆက်လက်၍ အိပ်မောကျနေဆဲပင်။ ဝေ့ဝူယင် သူမ၏ ခန္ဓာကိုယ် အတွင်း ကြယ်တာရာ ပါရဂွန် ခန္ဓာကိုယ်က ထုတ်လုပ်နိုင်သည့် အာဟာရ အရှိဆုံး စွမ်းအင်များကို မရပ်မနား ဆက်လက် ထည့်သွင်း ပေးနေခဲ့သည်။ သူက မည်သည့် အားထုတ်မှုကိုမျှ ချန်မထားခဲ့ပါချေ။

အာရုဏ်ဦး လေပွေဇုန် ဆေးလုံးမှာ သူ့အတွက် အကျိုးကျေးဇူး အနည်းငယ်သာ ရှိပြီး အန္တရာယ်ကတော့ အလွန်ပင် များသည်။ ပြင်ပလောက၌ အချိန် စီးဆင်းမှု နှေးကွေးသွားမည် ဖြစ်သော်လည်း အမွေခံ အပြစ်သား သွေးမျိုးဆက်မှာ အစစ်အမှန် စိတ်ဝိညာဉ်ပေါ်တွင်သာ မူတည်နေလေရာ စတုတ္ထမြောက် ကပ်ဘေး ရောက်ရှိလာမည့် အချိန်က ရှေ့ကို တိုးလာလိမ့်မည် ဖြစ်သည်။

***

All Chapters