← Chapters

ဆုံးဖြတ်ချက်

Vol. 129 Ch. 1803

ဆုံးဖြတ်ချက်

Vol. 129 Ch. 1803

“အာဏာရှင် ရှန့်ထို တစ်ယောက်ရဲ့ လျှို့ဝှက် ဝိညာဉ်ကို ရဖို့ ကိစ္စက ပိုပြီးတော့တောင် စိတ်ရှုပ်စရာ ကောင်းသေးတယ်...”

ကောင်းကင် စစ်ဝိညာဉ်က ထပ်မံ၍ ညည်းညူလိုက်၏။ သူတို့မှာ လျှို့ဝှက် အာဏာရှင် အဆင့်ခုနစ် ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့ ပိုင်ဆိုင်ထားသည့် စွမ်းအားမှာ ကောင်းကင်ရှန့်ထို အဆင့်များထက် အလွန်အမင်း သာလွန်နေသည်။ သူတို့မှာ လျှို့ဝှက်တာအို ကျင့်ကြံသူ တစ်ဦး၏ စစ်မှန်သည့် စွမ်းအားများကို ပိုင်ဆိုင်နိုင်ကြသည်ဟု ဆိုသည်။

“တော်လောက်ပြီ...”

ဝေ့ဝူယင် မျက်နှာထက်တွင် ရှားရှားပါးပါး စိတ်အနှောက်အယှက် ဖြစ်သည့် အမူအရာ တစ်ခု ဖြစ်ပေါ်လာကာ မျက်မှောင်ကြုတ်လိုက်သည်။

"ငါ လုပ်နိုင်တာ၊ မလုပ်နိုင်တာတွေကို ဆုံးဖြတ်နေတာ ရပ်လိုက်ပါတော့... ငါ ကိုယ်တိုင် ဖြေရှင်းမယ်... သုံးနှစ်လား... လုံလောက်ပါတယ်"

သူက သာမန် ကျင့်ကြံသူ တစ်ယောက် မဟုတ်ချေ။ သေမျိုး တစ်ယောက် အနေဖြင့်ပင် ငရဲ၏ ကပ်ဘေးများကို ဖြတ်ကျော်ခဲ့သည် အထိ စိတ်ဓာတ် ပြင်းပြခဲ့သူ ဖြစ်သည်။ အနက်ရောင် အရိုးစု၏ အဆိုအရ ဆိုလျှင် ထိုကပ်ဘေးများကို ရင်ဆိုင်ရန် အနိမ့်ဆုံး သူတော်စင်တို့၏ အဆင့်ကို ရောက်ရှိနေဖို့ လိုအပ်သည်ဟု ဆိုသည်။ သို့သော်လည်း သူ လုပ်နိုင်ခဲ့သည်။ တစ်ကြိမ်မဟုတ်၊ နှစ်ကြိမ်မဟုတ်၊ သုံးကြိမ် တိတိ ရှင်သန်နိုင်ခဲ့သူ ဖြစ်သည်။

"နောက်ကျရင် ဒီလိုကိစ္စမျိုးတွေကို ထပ်ပြီး ဖုံးကွယ် မထားနဲ့"

ဝေ့ဝူယင်က သတိပေးလိုက်၏။

"မင်းက ငါ့ရဲ့ ကျင့်ကြံခြင်း လမ်းကြောင်းမှာ လက်တွဲဖော် ဖြစ်နေပြီ... လမ်းခုလတ်မှာ မင်း ပြုတ်ကျသွားတာမျိုးကို ငါ လက်မခံနိုင်ဘူး... ကောင်းကင် တံတိုင်းပဲ ဖြစ်ဖြစ် ငရဲ ဂိတ်တံခါး ဖြစ်ဖြစ် ဘယ်လိုဟာတွေပဲ ကာဆီးထားထား ငါ မင်းကို အတူ ခေါ်သွားမယ်... နားလည်လား”

"..."

ကောင်းကင် စစ်ဝိညာဉ်မှာ ဝေ့ဝူယင်၏ သံသယဖြစ်ဖွယ် မရှိသည့် စကားလုံးများကို နားထောင်ရင်း မယုံကြည်နိုင်စရာ နွေးထွေးမှု တစ်ခုကို ခံစားလိုက်ရသည်။ ယင်းကား ကျင့်ကြံခြင်း လောကတွင် စတင် မွေးဖွားလာခဲ့သည့် အချိန်ကစလို့ သူမ တစ်ကြိမ်တစ်ခါမှ မခံစားဖူးသည့် ခံစားချက်မျိုး ဖြစ်သည်။ သူမ အနည်းငယ် ရှက်ရွံ့သွားမိကာ ခံစားချက်များကို ထိန်းချုပ်ရင်း ပြန်လည် ဖြေလိုက်၏။

“အေးပါ...”

ထိုအခိုက်တွင်ပင် ဝေ့ဝူယင်၏ ရှန့်ထို လက်စွပ်မှာ ဝိညာဉ် အလင်းရောင်များနှင့် အနည်းငယ် လင်းလက် သွားခဲ့၏။ ဝူယုထံမှ သတင်းစကား ဝင်လာခဲ့ခြင်းပင်။

“သခင်လေး... ပစ်မှတ် သုံးခုလုံးကို တွေ့ရှိထားပြီးပါပြီ... သခင်လေး တောင်းဆိုထားတဲ့အတိုင်း မေမင်ကျိကို အာဏာရှင်ရွှေဆီ ပို့ပေးလိုက်ပါပြီ"

အာရုဏ်ဦး မဟာ သူရဲကောင်းမှာ သူ့အား ပေးအပ်ထားသည့် တာဝန်ကို ပြဿနာ တစ်စုံတစ်ရာ မရှိဘဲ ချောချောမွေ့မွေ့ပင် ပြီးမြောက်ခဲ့ပြီ ဖြစ်သည်။ အဂ္ဂိရတ် သူရဲကောင်း တစ်ဦးမှာ ထိုသို့သာ ဖြစ်သင့်သည်။

မေမင်ကျိမှာ ကောင်းကင်မျိုးနွယ်ဝင် တစ်ယောက် ဖြစ်ကာ ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ အတွင်း ရွှေဖုန်းပေါင် တော်ကောက်လာခဲ့သည့် မောင်းမ တစ်ယောက် ဖြစ်သည်။ သူတို့ နှစ်ယောက်မှာ ပြိုင်ပွဲ စစချင်းပင် တွေ့ဆုံခဲ့ကြကာ ရေစက်ကြိုး၏ ရစ်နှောင်မှုများနှင့် အတူ ဆက်ဆံရေး တစ်ခုကို တည်ဆောက်ခဲ့သည်။

အဇူရာ မူလ ကြယ်စင်စုမှ လာရောက်သည့် ရွေးချယ်ခံများထဲတွင် မေမင်ကျိမှာ ကံအကောင်းဆုံးများထဲ၌ ပါဝင်သည်မှာ သေချာသည်။ မီးလမ်းစဉ် ကလေးငယ်၏ မောင်းမ ဖြစ်ရခြင်းမှာ ကောင်းကင်ရှန့်ထို တစ်ဦး၏ ဇနီး ဖြစ်ရခြင်းထက်ပင် ပိုမို ကောင်းမွန်ပေသည်။

ရွှေဖုန်းပေါင်မှာ မီးလမ်းစဉ်တွင် ပြိုင်စံရှား ပါရမီရှင် တစ်ယောက် ဖြစ်ပြီး တစ်နေ့တစ်ချိန်တွင် ကောင်းကင် ရှန့်ထို အဆင့်လောက်ကို အသာကလေး ရောက်ရှိနိုင်သည်။ ထိုကဲ့သို့ ယုံကြည်ရခြင်းတွင် ရွှေဖုန်းပေါင်၏ နောက်ခံမှာ ကြီးမားသည့် အခန်း ကဏ္ဍ တစ်ရပ်မှ ပါဝင်နေသည်ဟု ဆိုလျှင် မှားလိမ့်မည် မဟုတ်ချေ။

ဝေ့ဝူယင်...

အာရုဏ်ဦး အာဏာရှင် အင်ပါယာ...

သူက အသက် တစ်ရာ မပြည့်သေးခင်မှာပင် လောက အဂ္ဂိရတ် ရှန့်ထို အဆင့်ကို တက်လှမ်းထားနိုင်သူ ဖြစ်သည်။ သူ၏ အဂ္ဂိရတ် ပါရမီက ပြိုင်စံရှားလှသည်။ တစ်နေ့တစ်ချိန်တွင် ကောင်းကင် အဂ္ဂိရတ် ရှန့်ထို အဆင့်ကိုပင် အလွယ်တကူ ရောက်ရှိသွားနိုင်သည်။ ထိုကဲ့သို့ လူတစ်ဦး၏ ပံ့ပိုးမှု အောက်တွင် ရွှေဖုန်းပေါင် မည်သည့် အဆင့်ထိ တက်လှမ်းနိုင်မည်ကို မည်သူ သိနိုင်ပါမည်နည်း။

ဝေ့ဝူယင်၏ ပစ်မှတ် သုံးခုထဲမှ ဒုတိယမြောက် တစ်ယောက်မှာ ပေ့ရွှမ်း တော်ဝင် မြို့စား၏ ရှက်ကြောက်တတ်သည့် မောင်းမလောင်းလေး ဖြစ်သည်။

စာရင်းအတွင်းရှိ နောက်ဆုံးသော ပုဂ္ဂိုလ်ကတော့ ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ၏ နောက်ပိုင်း တစ်လျှောက်လုံး ရီယွင်၏ စောင့်ရှောက်သူ လုပ်ခဲ့သည့် ရီရွှယ်ဟန်ပင် ဖြစ်သည်။

"ရီရွှယ်ဟန်ကို ရီယွင်လို့ ခေါ်တဲ့ အာဏာရှင်ဆီ သွားပို့လိုက်ရမလာ...”

ဝူယုက မေးလိုက်၏။

"အင်း... အခြားတစ်ယောက်ကို ပို့ခိုင်းလိုက်ပါ... ကျန်တဲ့ တစ်ယောက်ကိုတော့ ခေါ်လာခဲ့...”

ဝေ့ဝူယင်က အမိန့်ပေးလိုက်၏။ ထို့နောက် သူက လက်တစ်ဖက်ကို ဝှေ့ယမ်းကာ ဟင်းလင်းပြင် ဂိတ်တံခါး တစ်ခုကို ဖန်တီးလိုက်သည်။

ဝေ့ဝူယင်မှာ သူ့နောက်လိုက် နောက်ပါများအား ပေးထားသည့် အာကာသ လက်စွပ်များတွင် ဟင်းလင်းပြင် ကျောက်ဆူးကို ထည့်သွင်းထားပြီး ဖြစ်သည်။ သူတို့ တည်ရှိနေသည့် နေရာများထံ ဦးတည်၍ အချိန်မရွေး ဟင်းလင်းပြင် ပေါ်တယ်များကို ဖွင့်လှစ်နိုင်သည်

ဝှစ်... ဝှစ်...

စက္ကန့်အနည်းငယ် အတွင်းမှာပင် ဝူယုမှာ ဇိမ်ခံ ရထားတစ်စီးကို ဆွဲယူလာကာ ဟင်းလင်းပြင် ပေါ်တယ်မှ တစ်ဆင့် ရောက်ရှိလာ၏။

ဝူယုက အိပ်စက်နေသည့် ချင်ချူးမူကို တစ်ချက်သာ လှမ်းကြည့်လိုက်ပြီးနောက် ဝေ့ဝူယင် အပေါ် ပြန်လည်၍ အာရုံစိုက်လိုက်သည်။ လွန်ခဲ့သည့် နာရီပိုင်းလောက်ပင် ဤသေမျိုးလူငယ်မှာ ကြယ်ကွင်းပြင် ဆယ့်ရှစ်ခုကို အောင်နိုင်ခဲ့ကာ ကျူးကျော်မှု အားလုံးကို စကားလုံး အနည်းငယ်ဖြင့် အဆုံးသတ်နိုင်ခဲ့သည်။

ဒေသခံများမှာ သူတို့ လုယူခံခဲ့ရသည့် အရာအားလုံးကို ပြန်လည်၍ ရရှိခဲ့ရုံမျှသာ မက ကျားယန်ဟု ခေါ်သည့် လောကရှန့်ထိုမှာ မနာခံသူများကို လိုက်လံ၍ပင် ဆုံးမနေခဲ့သည်။ လောကရှန့်ထို အဆင့်များပင် ဤလူငယ်ထံမှ မျက်နှာသာပေးမှု ရရှိအောင် လုပ်ဆောင်နေသည်ကို မြင်ရခြင်းက အံ့ဩဖွယ် ကောင်းလှသည်။

"သခင်လေး..."

ဝူယုက လေးစားစွာ နှုတ်ဆက်လိုက်၏။ ဇိမ်ခံရထားထဲတွင် ပေ့ရွှမ်း တော်ဝင် မြို့စား၏ မောင်းမလောင်းလေး ပါဝင်လာခဲ့သည်။ သူမက ဓားစာခံ တစ်ဦး မဟုတ်သကဲ့သို့ ဝူယုက ပေးထားသော သရေစာများကို စားရင်း ဇိမ်ကျကျ သက်သောင့်သက်သာ ရှိနေခဲ့သည်။

"ဝူယု... ခင်ဗျား အလွှာအပြင်က လောကကို သွားချင်လား...”

ရုတ်တရက် ဝေ့ဝူယင်က ကောက်ခါငင်ခါ မေးလိုက်၏။

“ဟမ်...”

ဝူယုမှာ အံ့အားသင့် သွားခဲ့သည်။ အလွှာအပြင်က လောကကိုလား...။ ချိပ်ပိတ်နယ်မြေ၏ အမှန်တရားများ အကြောင်းကို သိရှိပြီးနောက်တွင် သူ့ထံ၌ ထိုဆန္ဒ ရှိခဲ့သည်။ သို့သော်လည်း... ဝေ့ဝူယင်က သူ့ကို ထိုသို့ တိုက်ရိုက် မေးလိမ့်မည်ဟု မျှော်လင့် မထားခဲ့ပေ။

"သွားချင်တယ်"

ဝူယုက ပြတ်သားစွာပင် ပြောလိုက်၏။ ဝေ့ဝူယင်က ခေါင်းညိတ်လိုက်သည်။

"ကောင်းတယ်... ထို့ပိဟန်၊ ချင်းရွှေ၊ လင်းကျိရန်၊ လော့နင်...”

ဝေ့ဝူယင်က နာမည်အချို့ကို စတင် ရေရွတ်လိုက်၏။

“နောက်ပြီး ခင်ဗျား ခေါ်ချင်တဲ့ တခြားလူတွေကိုလည်း ခေါ်သွားပါ... ခုနစ်ရက် အတွင်း သူတို့နဲ့ အတူ ခင်ဗျားကို အဇူရာ မူလ ကြယ်စင်စုဆီ ကျုပ် ပို့ပေးမယ်”

ထိုကဲ့သို့ ပြောပြီးနောက် ဝေ့ဝူယင်မှာ ဝူယုကို မေးခွန်းများ မေးဖို့ ခွင့်မပြုတော့ပဲ အာရုဏ်ဦး ကြယ်တာရာ နယ်မြေထံ ဦးတည်နေသည့် ဟင်းလင်းပြင် ပေါ်တယ် တစ်ခုကို ဖန်တီးပေးလိုက်သည်။ ဝူယုက ဝေ့ဝူယင်ကို တစ်ခဏမျှ ကြာအောင် နက်ရှိုင်းစွာ စိုက်ကြည့်လိုက်ပြီးနောက် ခေါင်းညိတ်လိုက်၏။

"နားလည်ပါပြီ..."

ထို့နောက်တွင်တော့ သူက ရထားကို ထားခဲ့ကာ အာရုဏ်ဦး ကြယ်ကွင်းပြင်ထံ ဦးတည်နေသည့် ဟင်းလင်းပြင် ပေါ်တယ်အတွင်း ဝင်ရောက်သွားခဲ့တော့သည်။

ဝေ့ဝူယင် အသက်ကို ခပ်ပြင်းပြင်း ရှူထုတ်လိုက်၏။ သူ လုပ်စရာ အနည်းငယ် ကျန်သေးသည်။ ချင်ချူးမူ၏ အခြေအနေကို တစ်ဖန် စစ်ဆေးပြီးနောက် ပိုင်လင်ကို စီးနင်းရင်း ဇိမ်ခံ ရထားနှင့်အတူ အမှောင် ဟင်းလင်းပြင် အတွင်း တိုးဝင် သွားခဲ့တော့သည်။

မိုင်ဒါဇင် အနည်းငယ်ခန့် ဖြတ်သန်းပြီးနောက် ဝေ့ဝူယင်မှာ နောက်ထပ် လုပ်ရမည့် အစီအစဉ်များကို ပြတ်ပြတ်သားသား ချမှတ်ခဲ့ပြီး ဖြစ်သည်။ သူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ရှေ့ မီတာရာဂဏန်းခန့် အကွာတွင် ဟင်းလင်းပြင် ပေါ်တယ် တစ်ခု ပေါ်လာခဲ့သည်။ ပိုင်လင်က မတုန့်မဆိုင်းပင် ထိုအတွင်းသို့ တိုးဝင်ကာ ပျောက်ကွယ်သွားခဲ့တော့၏။

***

All Chapters