← Chapters

ဧည့်သည်

Vol. 129 Ch. 1804

ဧည့်သည်

Vol. 129 Ch. 1804

ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေ အတွင်း၌...

ချောင်စွေ့ဖုန်းနှင့် ချောင်ချောင် (ဝိညာဉ်ရှန့်ထို ဧကရာဇ်) တို့မှာ ဝိညာဉ်ရှန့်ထိုဘုံ အတွင်းရှိ ကြီးကျယ် ခမ်းနားလှသော ခန်းမကြီး တစ်ခုထဲတွင် ထိုင်နေခဲ့ကြလေသည်။ သူတို့၏ အပေါ်ဘက်တွင်တော့ အရောင် အမျိုးမျိုး ရှိသည့် နေကြယ် ကိုးခု ပါဝင်သော မီးဆိုင်းကြီး တစ်ခုကို ချိတ်ဆွဲထားသည်။ ၎င်းမှာ ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေ၏ ကြယ်ကိုးပွင့်ကို ကိုယ်စားပြုပေသည်။ ၎င်းတို့မှာ ခန်းမကြီးကို တောက်ပစွာ အလင်းပေးကာ နေအမတေစွမ်းအင်ကို နေရာအနှံ့ ပျံ့နှံ့စေခဲ့သည်။ ထိုခန်းမထဲတွင် ဆိုပါက ကျင့်ကြံမှု မပြုရသေးသည့် သေမျိုး တစ်ယောက်ပင်လျှင် ချီစုစည်းခြင်း အဆင့်ကို အလိုအလျောက် ရောက်ရှိသွားလိမ့်မည် ဖြစ်သည်။

လောလောဆယ်၌ ထိုတူအရီးမှာ ဧည့်သည် နှစ်ဦး အတွက် ဧည့်ခံပွဲ ကျင်းပပေးနေကြသည်။ သူတို့က လူအိုကြီး တစ်ဦးနှင့် လူငယ်တစ်ဦးတို့ ဖြစ်သည်။ လူအိုကြီးမှာ စားပွဲထက်၌ ခင်းကျင်းထာသည့် အစားအစာနှင့် အဖျော် ယမကာများကို တစ်ချက်ကလေးမျှ မထိသော်လည်း လူငယ်ကတော့ အနည်းငယ် ရိုင်းစပ်စပ် ပုံစံမျိုးဖြင့် သူ့ရှေ့တွင် ချထားသမျှ ဝိုင်နှင့် အရည်ရွှမ်းသော အစားအစာများကို နှစ်သက်စွာ စားသောက် နေခဲ့သည်။

“အလင်းပြာကို စစ်ဆေးပြီးပြီ ဆိုတော့ ကျွန်တော်တို့ ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေမှာ ဆရာတို့ရဲ့ ပန်းတိုင် ပြီးမြောက်ပြီလား ဆိုတာ သိချင်ပါတယ်...”

ချောင်ချောင်က လူအိုကြီးကို ဦးတည်ကာ မေးလိုက်၏။ လူအိုကြီးက ယဉ်ကျေးစွာပင် ပြုံးလိုက်၏။

“ကျုပ်တို့ ရည်ရွယ်ချက် တစ်ခုတည်းကိုပဲ ပြီးမြောက်ပါသေးတယ်... ပြန်မထွက်ခွာခင် လုပ်ကိုင်စရာလေးတွေ နည်းနည်း ရှိသေးတဲ့ အတွက် တောင်းပန်ရမယ်... ကြယ်ကိုးပွင့် ရှန့်ထို ခန်းမခွဲရဲ့ ခေါင်းဆောင်ဘက်က နည်းနည်းလေး စိတ်ရှည်ပေးဖို့ မျှော်လင့်ပါတယ်... ကျွန်တော်ရဲ့ အရိုးတွေက အရင်ကလို မနုပျိုတော့ဘူးလေ”

"..."

ချောင်ချောင် တစ်ယောက် ကူရာကယ်ရာမဲ့သွားသလို ခံစားလိုက်ရသည်။ လူအိုကြီးမှာ ယဉ်ကျေးစွာ ပြောဆိုနေသော်လည်း စကားလုံးတစ်ခုချင်းစီတိုင်းတွင် ဖီဆန်ရန် ခက်ခဲလှသည့် သဘာဝ အော်ရာများကို ထုတ်လွှတ် နေခဲ့သည်။ လူအိုကြီးမှာ လှုပ်ရှားမှု တစ်ခုတည်းဖြင့်ပင် သူ့ကို သတ်နိုင်ကြောင်း ချောင်ချောင် သိပေသည်။

ချောင်စွေ့ဖုန်း၏ အမူအရာကတော့ ဆက်လက် တည်ငြိမ်နေဆဲ ဖြစ်သည်။ တစ်ချိန်တုန်းက သူမ ဝေ့ဝူယင်ကို အတိတ်အကြောင်း ပြောပြခဲ့ဖူးသည်။ သူနှင့် ချောင်ချောင်တို့မှာ ကြယ်ကိုးပွင့် ရှန့်ထို ခန်းမကို ဖန်တီးခဲ့ကြခြင်း မဟုတ်ဘဲ အဖွဲ့ဝင်များ အဖြစ် ဝင်ရောက်ခဲ့ကြကာ ခေါင်းဆောင်များ ဖြစ်လာခဲ့ကြခြင်းသာ ဖြစ်သည်။ အတိတ်မှာတုန်းက ကြယ်ကိုးပွင့် ရှန့်ထို ခန်းမမှာ အလွှာအပြင်က လောကနှင့် သိသာ ထင်ရှားသည့် ဆက်သွယ်မှုများ ရှိခဲ့သော်လည်း မိန်းကလေးမှာ ကိုယ်တိုင်လည်း မသိမှုကြောင့် အခြေအနေ အတိအကျကို ဝေ့ဝူယင်အား ရှင်းပြနိုင်ခဲ့ခြင်း မရှိခဲ့ချေ။

"ကျွန်တော်တို့ သိပ်ကြာတော့မှာ မဟုတ်ပါဘူး..."

လူအိုကြီးက နှစ်သိမ့်ဟန်ဖြင့် ပြောလိုက်၏။ ထိုစကားလုံးများကို ပြောနေစဉ်မှာပင် သူ၏ မျက်လုံးများမှာ ရုတ်တရက် ထူးခြားသော အလင်းဖြင့် တောက်ပလာခဲ့သည်။ သူက နူးညံ့သော လေသံဖြင့် ထပ်လောင်း၍ ပြောလိုက်၏။

"လုံးဝ သိပ်ကြာတော့မှာ မဟုတ်ပါဘူး"

သူ၏ အကြည့်များက မြောက်ဘက် နံရံသို့ ဖြည်းဖြည်းချင်း ရွေ့လျားသွားသည်။

ဂီး...

ချောင်စွေ့ဖုန်း၏ မျက်နှာ အမူအရာက စကားပြောနေစဉ် တစ်လျှောက် တစ်ခါမှ မပြောင်းလဲ ခဲ့သော်လည်း ငှက်အော်သံကို ကြားလိုက်သည်နှင့် တစ်ပြိုင်နက် မျက်လုံးများက ချက်ချင်း တောက်ပလာကာ နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ သူမက ယုံကြည်စိတ်ချရသော ခွန်အားရင်းမြစ်ကို ရှာဖွေ တွေ့ရှိလိုက်သကဲ့သို့ပင်။

သခင်လေးရှန့်၏ မျက်လုံးများမှာလည်း ဝမ်းမြောက်ဝမ်းသာသည့် အလင်းတန်းများနှင့် တောက်ပလာခဲ့၏။ သူက အစားအစာများကို အလွန်အကျူး စားသောက်နေရာမှ ရပ်တန့်လိုက်သည်။ ထိုဦးတည်ရာမှ ထွက်ပေါ်လာသည့် အော်ရာမှာ သူတို့ ရှာဖွေနေသည့် ပန်းတိုင် အော်ရာနှင့် လုံးဝ တူညီနေခဲ့သည်။

"သူပဲ...."

...

ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေ အတွင်းရှိ အခန်းတစ်ခုအတွင်း၌ မိန်းမငယ်လေး တစ်ဦးမှာ ပန်းချီကား တစ်ချပ်ရှေ့တွင် ထိုင်နေခဲ့သည်။ ထိုပန်းချီကားမှာ မီးခိုးရောင် ရင့်ရင့် တိမ်ထူသော ကောင်းကင်ကို သရုပ်ဖော်ထား၏။ ညစ်နွမ်းသော တိမ်တိုက်များမှာ တောက်ပသော နေကြယ်ကို ဖုံးကွယ်ထားကာ၊ ၎င်း၏ အလင်းရောင်များကို ဖြတ်ကျော်ခွင့်မပြုဘဲ လုံးဝ ပိတ်ဆို့ထားသည်။

မိန်းကလေး၏ မျက်နှာ အမူအရာမှာ တွေဝေ ငေးမောနေဟန် ရှိ၏။ သူမ၏ လှပသော မျက်ဝန်းလေးများက အရောင်မှိန်နေသည်။ သူမကို မြင်တွေ့ရသည့် မည်သည့်လူ မဆို စိတ်နှလုံး တစ်ခုလုံး မွမ်းကြပ်သွားလိမ့်မည် ဖြစ်ကာ ဝမ်းနည်းမှုကို ခံစားရလိမ့်မည် ဖြစ်သည်။

ဂီး...

ရုတ်တရက် ငှက်အော်သံ ပဲ့တင်ထပ် ထွက်ပေါ်လာသော အခိုက်၌ မိန်းကလေး၏ မျက်လုံးများမှာ အသက်ဝင် လာခဲ့၏။ ဝမ်းနည်းဖွယ် အငွေ့အသက်သည် ခဏတာအတွင်း ပျောက်ကွယ်သွားပြီး တောက်ပသော အလင်းရောင်ဖြင့် အစားထိုးလာသည်။ စစ်သည်များ၏ မာကျောသော နှလုံးသားများကိုပင် ပျော့ပျောင်း သွားစေနိုင်သည့် လှပသော အပြုံးတစ်ခုမှာ လောက၏ အလင်းရောင်များကို ခိုးယူ သွားခဲ့သည်။

"သူ လာတယ်...”

သူမက ပန်းချီခုံမှ ထလိုက်၏။ ထို့နောက် အလျင်စလို ခြေလှမ်းများဖြင့် အတူ အပြင်ဘက်သို့ ပြေးထွက်သွားခဲ့တော့သည်။

...

ဂြိုလ်တစ်ခုပေါ်ရှိ အမြင့်မားဆုံးသော တောင်ထိပ်ပေါ်တွင် အလွန်ကြီးမားသော ပုံသဏ္ဌာန် တစ်ခုမှာ ရပ်နေခဲ့၏။ သူ၏ ခြေထောက်များက တောင်ထိပ်၌ စွဲမြဲနေသော်လည်း မျက်လုံးများကတော့ ကောင်းကင်ကို စိုက်ကာ ကြည့်နေခဲ့သည်။

ဂီး...

"ဝမ်းကွဲ အကို..."

သူ၏ ခြေထောက်များက အနည်းငယ် တုန်ခါသွား၏။ သူ မျက်တောင်များကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်လေသည်။

တောင်မှာ စတင်၍ တုန်ရီလာခဲ့လေ၏။

...

ချောင်စွေ့ဖုန်းနှင့် ချောင်ချောင်တို့ နှစ်ယောက်မှာ အလွန်အမင်း စိတ်လှုပ်ရှားနေသည့် သခင်လေးရှန့်၏ အမူအရာကို ကြည့်ကာ အနည်းငယ် အံ့ဩသွားခဲ့သည်။ သို့သော်လည်း... ဝေ့ဝူယင် လုပ်ပြခဲ့သည့် အောင်မြင်မှုများကို ကြည့်လျှင် ထိုတုန့်ပြန်မှုက အလွန်အကျွံတော့ ဖြစ်မနေခဲ့ပါချေ။ သခင်လေးရှန့်၏ မျက်လုံးများထဲမှ စိတ်လှုပ်ရှားမှုများမှာ ခေတ်ကာလ တစ်ခုကို သတ်မှတ်ခဲ့သည့် ဝေ့ဝူယင်နှင့် တွေ့ဆုံရန် စိတ်အားထက်သန်မှုကြောင့် ဖြစ်သည်ဟု သူတို့ ထင်ခဲ့ကြသည်။

သို့သော်လည်း လူအိုကြီး၏ တုန့်ပြန်မှုကတော့ အနည်းငယ် ကွဲပြားခဲ့သည်။ သူ၏ မျက်လုံးများမှာ မသိမသာ ကျဉ်းမြောင်း သွားခဲ့၏။ အရှိန်အဝါ ထွက်ပေါ်လာသည့် အခိုက်တွင်ပင် ခန္ဓာကိုယ်ပေါ် ထိုးဖောက် ကျဆင်းလာသည့် ကြောက်မက်ဖွယ် အကြည့်များကို သူ ခ့စားရသည်။

၎င်းက ဟိုးအစောပိုင်း စောင့်ကြည့်ခံနေရသလို ခံစားချက်မျိုးနှင့် ဆင်တူသည်။ ၎င်းက သက်တောင့်သက်သာ မရှိလှချေ။ အကယ်၍ မြင့်မားသည့် ကျင့်ကြံခြင်း အခြေခံနှင့် အဆုံးမဲ့ အတွေ့အကြုံများသာ မရှိပါက သူ၏ ဗီဇစိတ်မှာ ကြောက်ရွံ့မှုများနှင့် ပြည့်နှက် နေလိမ့်မည် ဖြစ်သည်။

ဝိညာဉ်ရှန့်ထိုဘုံ၏ အစွန်းတွင် ဝေ့ဝူယင်မှာ သူ၏ ကောင်းကင်ဘုံ နတ်မျက်လုံးများကို လူအိုကြီထံမှ ရွှေ့ပြောင်းလိုက်ရင်း ပိုင်လင်ကို ကူရာကယ်ရာမဲ့စွာ ကြည့်လိုက်သည်။ သူက တစ်မျိုးလုပ်ဖို့ စဉ်းစားထားသော်လည်း ပိုင်လင်က ရောက်ရှိလာကြောင်းကို ကြေညာခဲ့ပြီ ဖြစ်သည်။ ဝေ့ဝူယင်၏ ပထမ ရည်ရွယ်ချက်က လူအိုကြီးကို သူ တစ်ချိန်လုံး စောင့်ကြည့်နေကြောင်းနှင့် အဘယ်အကြောင်းကြောင့် ဤနေရာသို့ ရောက်ရှိလာသည် ဖြစ်စေ လွန်လွန်ကဲကဲ မလုပ်မိစေဖို့ သတိပေးရန် ဖြစ်သည်။

သူ၏ ဒုတိယမြောက်နှင့် အရေးအကြီဆုံး ရည်ရွယ်ချက်က ဝေ့စီကို ရှာဖွေရန် ဖြစ်သည်။ သူ ထိုကောင်စုတ်လေးကို သူ့စိတ်တိုင်းကျ နေထိုင်ရန် အချိန်တစ်ခု ပေးခဲ့ပြီး ဖြစ်သည်။ ယခု တွေ့ဆုံရန် အချိန်တန်လေပြီ။ ယခုအခါ၌ လောကမှာ သူ့အပိုင် ဖြစ်လာခဲ့ပြီ ဖြစ်သည်။ ရန်သူများ ဖြစ်သည့် ထာဝရ နတ်ဘုရား၊ အစစ်အမှန် မွေးဖွားခြင်း၊ နတ်ဆိုး အင်ပါယာနှင့် အလွှာအပြင်က ကျူးကျော်သူများကိုလည်း ကိုင်တွယ် ဖြေရှင်းပြီး သို့မဟုတ် ဖျန်ဖြေပြီး ဖြစ်သည်။ ထို့ကြောင့်ပင် သူ၏ တစ်ဦးတည်းသော မိသားစုဝင်ကို ယုံကြည်စိတ်ချစွာ ကာကွယ်နိုင်ပြီ ဖြစ်သည်။

သို့သော် ပိုင်လင်တွင် အခြား အစီအစဉ်များ ရှိနေခဲ့သည်။ သူမ ဝေ့ဝူယင်ကို ကြိုတင် အရိပ်အယောင် အနည်းငယ်မျှပင် မပြောပြဘဲ ဟင်းလင်းပြင်ကို ထိုးဖောက်သည့် ဟစ်ခေါ်သံကို ထုတ်လွှတ်ခဲ့သည်။ အော်ရာကို ဖြန့်ကျက်ခဲ့သည်။ သူမ၏ ဆိုးသွမ်းသော ရယ်သံမှာ ဝေ့ဝူယင်၏ အတွေးများ အတွင်း ပဲ့တင်ထပ်နေဆဲ ဖြစ်သည်။

ရှင်းလင်းစွာပင် ပိုင်လင်မှာ မိန်းကလေး တစ်ဦးကို တွေ့လို နေခဲ့သည်။ ဝေ့ဝူယင်မှာ လွန်ခဲ့သည့် နှစ်များစွာက သူမကို တရားဝင် တောင်းယမ်းယူမည်ဟု ကြေညာခဲ့ပြီး မိန်းကလေးဘက်ကလည်း သူမမှာ ဝေ့ဝူယင်၏ လူဖြစ်ကြောင်း ကြေညာခဲ့သည်။ သို့သော်လည်း... ဝေ့ဝူယင်မှာ မိန်းကလေးကို အစစ်အမှန် မွေးဖွားခြင်း၏ လက်မှ တယ်တင်ခဲ့သည့် တစ်ချိန်က လွဲ၍ ယခုအထိ တရားဝင် မတောင်းယူရသေးချေ။

“ယွီစွန်းလီလေးကို တွေ့ရတော့မှာကို... ဘာလို့ ခိုးကြောင်ခိုးဝှက် လုပ်နေရမှာလဲ...”

ပိုင်လင်က သူမ၏ ရည်ရွယ်ချက်ကို ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်၏။ ဝေ့ဝူယင် ဆိုသည့် လူမှာ ဘယ်တုန်းက အခြားလူများနှင့် တွေ့ဆုံဖို့ ကြောက်ဖူးလို့နည်း။ ဘယ်တုန်းက သူ့ချစ်သူများထံမှ ပုန်းအောင်းဖူးလို့နည်း။

“ငါ သူနဲ့ တွေ့ဖို့တော့ စီစဉ်ထားပါတယ်ကွာ... ဒါပေမဲ့ အချိန်က နည်းနည်းလွဲနေတယ်... သူက ဒီလောက် လွယ်လွယ်ကူကူနဲ့ ခွဲချင်မှာ မဟုတ်ဘူး”

ဝေ့ဝူယင်က ကောင်းကင် စစ်ဝိညာဉ်၏ နောက်ဆုံးရက်နှင့် သူ၏ ရှေ့ဆက် အစီအစဉ်များနှင့် ပတ်သက်သော အခြေအနေကို ရှင်းပြလိုက်သည်။ သူ့ထံတွင် အချိန်များစွာ မရှိချေ။ ယွီစွန်းလီထံတွင် အချိန် ကြာမြင့်စွာ နေနိုင်လိမ့်မည် မဟုတ်ချေ။ ထိုအရာက မိန်းကလေး၏ ခံစားချက်များအား ထိခိုက်စေမည်ကို သူ စိုးရိမ်နေခြင်း ဖြစ်သည်။

"..."

ပိုင်လင် အနည်းငယ် အံ့အားသင့်သွားကာ အမှောင် ဟင်းလင်းပြင် အတွင်း ပတ်ချာလည် လှည့်၍ ပျံသန်း နေလိုက်သည်။ သူမ၏ အသက်ရှူသံများက ညီညာနေကာ မျက်လုံးများမျာ စဉ်းစားသည့် အလင်းတန်းများနှင့် ပြည့်နှက် နေခဲ့သည်။ သို့သော်လည်း... အနည်းငယ်မျှ အပြစ်ရှိသည်ဟုပင် သူမ မခံစားရချေ။

“သခင် သူ့ကို ကတိပေးခဲ့တာလေ...”

၎င်းက ထိုအချက်အလက် အသစ်များအားလုံးအပေါ် သူမ၏ တစ်ခုတည်းသော တုံ့ပြန်မှု ဖြစ်သည်။ သူမ၏ အမြင်၌ ကတိများကို ထိန်းသိမ်းရန် လိုအပ်လာသောအခါ ထိုအရာများထဲမှ တစ်ခုကမျှ အရေးမကြီးတော့ချေ။ မည်သည့် အရာကိုမှ ပုန်းရှောင်နေရန် မလိုအပ်ဟု သူမ ခံယူထားသည်။

"အေးပါကွာ... ငါသိပါတယ်...”

ဝေ့ဝူယင် မျက်လုံးများကို မှိတ်ရင်း မေးစေ့ကို ပွတ်သပ်လိုက်သည်။ ပုံမှန်အားဖြင့် ထိုကဲ့သို့ သဘောထားချင်း မတိုက်ဆိုင်မှုမျိုးကို သစ္စာဖောက်မှု အဖြစ် သတ်မှတ်နိုင်သော်လည်း ပိုင်လင်မှာ ဝေ့ဝူယင်၏ အိမ်မွေး တိရစ္ဆာန် မဟုတ်ချေ။ သူ၏ လက်တွဲဖော်၊ မိတ်ဆွေသာ ဖြစ်သည်။ သူတို့ထံ၌ လွတ်လပ်စွာ အမြင် ကွဲလွဲပိုင်ခွင့် ရှိပေသည်။

ထို့အပြင် ဝေ့ဝူယင်နှင့် ပိုင်လင်တို့၏ တစ်ယောက်အပေါ် တစ်ယောက် သံယောဇဉ်က လွန်စွာ နက်ရှိုင်းလှသည်။ ကောင်းကင်တံတိုင်း၏ ရိုက်ခတ်မှုကြောင့် ဝေ့ဝူယင် အတိတ်မေ့နေသည့် အချိန်တွင် ပိုင်လင်မှာ ဆယ်စုနှစ် တစ်ခုကြာသည် အထိ စောင့်ဆိုင်းခဲ့သည်။ သခင်ဖြစ်သူကို စောင့်ရှောက်ရန် သူမ တတ်နိုင်သည့် အရာအားလုံးကို လုပ်ဆောင်ခဲ့သည်။ ထို့နည်းတူစွာပင် ဝေ့ဝူယင်သည်လည်း ပိုင်လင် နိဗာန အသွင်ပြောင်းလဲခြင်း အတွင်း ဝင်ရောက် သွားပြီးနောက် နှစ်ပေါင်းများစွာ တိုင်အောင် စောင့်ဆိုင်းခဲ့သည်။ နဂါးငွေ့တန်း ကြယ်ကွင်းပြင် ပျက်စီးသွားချိန်တွင်ပင် သူ စွန့်ခွာခြင်း မပြုခဲ့ချေ။

ဝေ့ဝူယင် သူ၏ အာရုံများကို လူစိမ်း ဧည့်သည် နှစ်ယောက်ထံသို့ ပြန်လည်၍ ပို့လွှတ်လိုက်၏။ လူအိုကြီး၏ အကြည့်များ သူ့အပေါ် ကျရောက်လာသည်ကို အာရုံခံမိလိုက်သည်။

"ဒီ အဘိုးကြီးရဲ့ ကျင့်ကြံခြင်း အခြေခံက မြင်ရတာထက် အများကြီး ပိုသန်မာတယ်"

ထိုပုဂ္ဂိုလ်၏ ကျင့်ကြံခြင်း အခြေခံမှာ မြေကြီးရှန့်ထို အဆင့်တွင်သာ ရှိနေကြောင်း ဖော်ပြနေသော်လည်း နောက်ကွယ်ရှိ အော်ရာက ခန့်မှန်းလို့ မရနိုင်လောက်အောင် နက်နဲသည်။ သူက ကျင့်ကြံခြင်း အခြေခံကို ဖုံးကွယ်၍ လျှော့ချထားတာ ရှင်းလင်းပေသည်။

“လောကရှန့်ထိုဝေ့... အလည်လာတာလား...”

ရုတ်တရက်... ချောင်စွေ့ဖုန်း၏ အသံက အမှောင် ဟင်းလင်းပြင် အတွင်း ပျံ့လွင့်လာခဲ့လေ၏။

***

All Chapters