← Chapters

လှုပ်ရှားမှု သုံးခု

Vol. 129 Ch. 1805

လှုပ်ရှားမှု သုံးခု

Vol. 129 Ch. 1805

“လောကရှန့်ထိုဝေ့... အလည်လာတာလား...”

အမှောင် ဟင်းလင်းပြင် အတွင်း ပျံ့နှံ့လာခဲ့သည့် ချောင်စွေ့ဖုန်း၏ အသံကို ဝေ့ဝူယင် ကြားလိုက်ရလေသည်။ သူမက အာဏာရှင် အင်ပါယာဝေ့၊ ဧကရာဇ်ဝေ့ စသည့် နာမည်များကို မသုံးပဲ အဂ္ဂိရတ် ပညာရှင်များ အသုံးပြုသည့် လောကရှန့်ထိုဘွဲ့ဖြင့်သာ ရည်ညွှန်းခဲ့သည်။ ထို့အပြင်... သူမ၏ လေသံထဲ၌ မကျေနပ်မှု အရိပ်အမြွက် အချို့ ပါဝင်နေသည်ကိုလည်း ဝေ့ဝူယင် ခံစားမိသည်။ အလွန်အကျွံ အရေးပါခြင်း မရှိသော်လည်း တည်ရှိလို့ နေသည်။ ထို့အပြင် ၎င်းက အတော်လေး ချစ်စရာ ကောင်းသည်။

"ပိုင်လင်... မင်း ဘယ်လောက် ပြဿနာတွေ ဖန်တီးခဲ့လဲ ကြည့်ပါဦး"

ဝေ့ဝူယင်က ကူကယ်ရာမဲ့စွာ ထောက်ပြလိုက်၏။ ပိုင်လင်က တဟီးဟီးသာ ရယ်မောလိုက်သည်။ သူမက ယွီစွန်းလီ ပေါ်ထွက်လာမည့် အချိန်အထိ သိသာ ထင်ရှားသော အော်ရာများကို အမှောင် ဟင်းလင်းပြင် အတွင်း လွတ်လပ်စွာ ဆက်လက် ထုတ်လွှတ် နေခဲ့သည်။

ပိုင်လင်မှာ ဝေ့ဝူယင် ယွီစွန်းလီကို ကယ်တင်ခဲ့သည့် အချိန်တွင် ထိုနေရာ၌ ရှိနေခဲ့ပြီး ဝေ့ဝူယင်က သူမကို တရားဝင် တောင်းယမ်းရန် ရည်ရွယ်ချက်များကို ပြောပြစဉ်ကလည်း ထိုနေရာ၌ ရှိနေခဲ့သည်။ ထို့နောက်တွင်တော့ မိန်းကလေးမှာ သူမ၏ နှလုံးသားကို ဝေ့ဝူယင်ကို အပိုင် ပေးခဲ့ကာ သူမကိုယ် သူမ ဝေ့ဝူယင်၏ ဇနီးအဖြစ် ကြေညာခဲ့သည်။ ပိုင်လင်၏ အမြင်အရ ဆိုလျှင် ဝေ့ဝူယင်မှာ ယွီစွန်းလီကို မကြာခဏပင် သွားရောက် တွေ့ဆုံလေ့ မရှိလေရာ လုံးဝ မမျှတချေ။ တကယ်ဆိုလျှင် မိန်းကလေးမှာ ထိုထက် ပိုမိုသည့် ဂရုစိုက်မှုများကို ရရှိသင့်သည်။

ထို့အပြင်... သူမ ယီစွန်းလီကို သဘောကျသည်။

ဝေ့ဝူယင် မျက်လုံးများကို မှိတ်လိုက်ရင်း အတုအယောင် နတ်ဘုရား ကိုယ်ပွား ကျင့်စဉ်ကို ဖော်ဆောင် လိုက်သည်။ ၎င်းမှာ အသိစိတ် ပင်လယ်မှ နေ၍ စိတ်ဝိညာဉ်၊ ကျင့်ကြံခြင်း အခြေခံနှင့် စိတ်ပိုင်းဆိုင်ရာ အတက်အကျများ အထိ အစစ်အမှန် ပုဂ္ဂိုလ်နှင့် ခွဲခြားလို့ မရပါချေ။ လောလောဆယ်၌ ချင်ချူးမူမှာ သူ့ ရင်ခွင် အတွင်း ရှိနေလေရာ သည်အတိုင်း ထားခဲ့ပြီး ထွက်သွားလို့ မရချေ။

အတုအယောင် နတ်ဘုရား ကိုယ်ပွားမှာ အဂ္ဂိရတ် ဝတ်စုံကိုသာ ရိုးရှင်းစွာ ဝတ်ဆင်ထား၏။ သူက ပိုင်လင်၏ ခန္ဓာကိုယ်ထက်မှ ပျံတက်ကာ နန်းတော် တည်ရှိရာဂြိုဟ်ထံသို့ တဟုန်ထိုး ပျံသန်း သွားခဲ့သည်။ ထိုနေရာသို့ ရောက်ရှိရန် သူ့အတွက် စက္ကန့်ပိုင်းလောက်သာ ကြာခဲ့ပေသည်။

ဝှစ်... ဝှစ်....

ချောင်ချောင်၊ လူအိုကြီးနှင့် သခင်လေးရှန့်တို့၏ အကြည့်များ အောက်တွင်ပင် ဝေ့ဝူယင်မှာ ခန်းမကြီးထဲသို့ ရောက်ရှိလာခဲ့သည်။ သို့သော်လည်း... ချောင်စွေ့ဖုန်းကတော့ သူ့ဘက်ကို လှည့်ကြည့်ခြင်း မရှိပေ။ သူမ အနည်းငယ် စိတ်ဆိုးနေသည်မှာ ထင်ရှားပြီး ၎င်းကိုလည်း သိသိသာသာပင် ပြသနေသည်။ အနည်းငယ် တင်းမာသည့် လေသံ၊ အကြည့်လွှဲထားခြင်း... ဝေ့ဝူယင် အတွက်တော့ ထိုအပြုအမူများက အတော်လေး ချစ်စရာကောင်းသည်။

"ဟား... ဟား... ကျွန်တော် အရေးကြီးတဲ့ ကိစ္စကို အနှောင့်အယှက် မဖြစ်စေခဲ့ဘူးလို့ မျှော်လင့်ပါတယ်"

အလွှာအပြင်က လောကမှ ကျင့်ကြံသူ နှစ်ဦး ရောက်ရှိနေခြင်း အပေါ် ဝေ့ဝူယင်မှာ အံ့အားသင့်ခြင်း မရှိသလို၊ စိတ်အနှောက်အယှက် ဖြစ်ပုံလည်း မရချေ။ ထို့အစား လွတ်လပ်စွာသာ ရယ်မောရင်း ပြောဆိုလိုက်၏။

"ငါတို့ အပြောကျယ်လှတဲ့ နေရာတွေမှာ ရှာဖွေခဲ့တယ်... ဖမ်းရခက်တဲ့ ကတိကို လိုက်ဖမ်းခဲ့တယ်... နောက်ဆုံးတော့ ကြွေးမြီရှင်ကို တွေ့ခဲ့ပြီ"

သခင်လေးရှန့်က ထိုင်ခုံမှ ထရပ်လိုက်ပြီး ဝေ့ဝူယင်ကို စိုက်ကြည့်လိုက်၏။ ထို့နောက် သူက ခါးမှ သားရေဝိုင်အိတ်ကို ဆွဲထုတ်လိုက်ရင်း နှုတ်ခမ်ဆီမော့ကာ တစ်ငုံ သောက်လိုက်သည်။ ဝိုင်၏ သင်းပျံ့သော ရနံ့က ခန်းမ တစ်ခုလုံးကို ပျံ့နှံ့သွား၏။ သူ၏ စကားလုံးများမှာ ကဗျာဆန်သော်လည်း ရှင်းလင်းသည့် အဓိပ္ပာယ်များကို သယ်ဆောင်ထားလေရာ ချောင်စွေ့ဖုန်းနှင့် ချောင်ချောင်တို့၏ အမူအရာများက သိသိသာသာပင် ပြောင်းလဲ သွားခဲ့ကြသည်။

ချောင်စွေ့ဖုန်းမှာ ချက်ချင်းပင် တုန့်ပြန်လာခဲ့ကာ တိုက်ခိုက်ဖို့ အဆင်သင့် ပြင်ထားလိုက်၏။ ချောင်ချောင်၏ အမူအရာက အနည်းငယ် တင်းမာ နေသော်လည်း ပွင့်လင်းသည့် လုပ်ဆောင်မှုများကိုတော့ မလုပ်ခဲ့ပါချေ။ ဝေ့ဝူယင်နှင့် လူအိုကြီးတို့ နှစ်ဦးစလုံးမှာ သူ့ထက် အဆပေါင်းများစွာ အဆင့်မြင့်မားသည်။ အကယ်၍ သူ ပါဝင် တိုက်ခိုက်မည် ဆိုလျှင်ပင် တစ်စက်ကလေးမှ အသုံးဝင်လိမ့်မည် မဟုတ်ပါချေ။

"အိုး"

ဝေ့ဝူယင်သည်လည်း သခင်လေးရှန့်၏ စကားလုံးများနှင့် ထူးဆန်းသော ဝါကျ ဖွဲ့စည်းပုံတို့ကြောင့် အံ့အားသင့်သွားခဲ့သည်။

"ခင်ဗျားတို့က ကျွန်တော့်ကို ရှာနေတာလား"

လူအိုကြီးက တိတ်ဆိတ်နေကာ သခင်လေးရှန့်ကိုသာ ဦးဆောင်ခွင့် ပေးထားခဲ့သည်။

"ဟုတ်တယ်... ကံကောင်းစွာနဲ့ ခင်ဗျားကို ကျွန်တော်တို့ တွေ့ခဲ့ရပြီ... အရင်တုန်းကတော့ ဒါက မယုံကြည်နိုင်စရာ ကောင်းလွန်းတယ်... ရန်သူတွေရဲ့ အကြံအစည်ပဲ ဖြစ်လိမ့်မယ်လို့ ထင်ခဲ့ဖူးတယ်”

သခင်လေးရှန့်၏ အကြည့်များက ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများထံသို့ ရောက်ရှိသွားခဲ့သည်။

"ခင်ဗျားက မျက်မမြင် မဟုတ်တော့ဘူးပေါ့... ဟမ်... ကိစ္စမရှိပါဘူး... ဒါက တော်တော်လေး ကောင်းတယ်လို့ ထင်ပါတယ်"

သူက လူအိုကြီးကို တစ်ချက် လှည့်ကြည့်လိုက်၏။

“ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ အစစ်အမှန် ဥဿုံ အမြင်အာရုံ နည်လမ်းကို မလိုအပ်တော့ဘူးလေ... သူ(မ) က အဲ့တာ အတွက် အများကြီး ဒုက္ခခံတာ... တကယ်တော့ ကျွန်တော်တောင် အဲဒီကိစ္စ အတွက် နည်းနည်း ဒေါသထွက်ခဲ့သေးတယ်... မလုပ်ပါနဲ့လို့ ပြောတာကိုတောင် လုပ်ခဲ့တာ”

လူအိုကြီးက မှေးမှိန်စွာပင် ပြုံးလိုက်၏။

"..."

ချောင်စွေ့ဖုန်း၏ မျက်လုံးများက ရုတ်တရက် ကျဉ်းမြောင်း သွားခဲ့သည်။ လေထုက ငြိမ်သက်နေ၏။ ပတ်ဝန်းကျင်ရှိ မန်နာများက အေးခဲသွားသည်။ စွမ်းအင် စီးဆင်းမှုသည်ပင် ရပ်တန့် သွားခဲ့၏။

သခင်လေးရှန့်၏ အော်ရာမှာ တဖြည်းဖြည်းချင်းပင် မြင့်တက် လာခဲ့သည်။

လျှို့ဝှက် အာဏာရှင် အဆင့်တစ် လျှို့ဝှက် ကြယ်တာရာ အဆင့်...

သို့သော်လည်း ၎င်းက အလွန် ပြင်းထန်လွန်းလှလေရာ ချောင်ချောင်၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ ပြင်းထန်စွာ တုန်ခါ သွားခဲ့လေသည်။ စိတ်ဝိညာဉ်သည်ပင် ကျုံ့ဝင်သွားသလို ခံစားလိုက်ရ၏။ အဆင့်သုံးဆင့် ပိုနိမ့်သည့် ကျင့်ကြံသူ တစ်ဦးကြောင့် ချောင်ချောင် ခြိမ်းခြောက်ခံလိုက်ရပြီ ဖြစ်သည်။

ဝေ့ဝူယင်မှာ အပြင်ပန်းတွင် တုန်လှုပ်ခြင်း မရှိသော်လည်း သူ၏ စိတ်များကတော့ အလွန် လျှင်မြန်စွာပင် လှည့်ပတ် နေခဲ့၏။ ထိုပုဂ္ဂိုလ် မည်သူ ဖြစ်ကြောင်း သူ စိတ်ကူး ရရှိခဲ့ပြီး ဖြစ်သည်။ သို့သော် ၁၀၀% သေချာခြင်းတော့ မရှိပေ။

ဝေ့ဝူယင် မေးခွန်းများ မမေးမြန်းနိုင်မီတွင်ပင် သခင်လေးရှန့်က တည်ငြိမ်စွာဖြင့် ပြောလိုက်၏။

"ကျုပ်ရဲ့ ဓားချက် ဓားချက်ကို ခုခံပါ... အကယ်၍ ရှင်သန်နိုင်မယ်ဆိုရင် ခင်ဗျားရဲ့ ကြွေးမြီကို ဖြည့်ဆည်းဖို့ အသက်ရှင်ခွင့် ပေးမယ်"

ချောင်စွေ့ဖုန်း၏ နှလုံးသားက လှုပ်ရှားလာခဲ့၏။

“ဒါက ဘာသဘောလဲ...”

ဤပုဂ္ဂိုလ်များမှာ ဝေ့ဝူယင်ကို တိုက်ခိုက်ရန် ကြိုးစားလိမ့်မည်ဟု သူမ မျှော်လင့် မထားခဲ့ပေ။

"ရှင်တို့က ကြယ်ကိုးပွင့် ရှန့်ထို ခန်းမရဲ့ ဧည့်သည်တွေနော်... ကျွန်မ ဖိတ်ကြားထားတဲ့ အခြား ဧည့်သည် တစ်ယောက်ကို တိုက်ခိုက်ပြီး ကျွန်မနဲ့ ရန်သူဖြစ်ချင်နေတာလား”

လူအိုကြီးက ညင်သာစွာပင် ပြုံးလိုက်သည်။

"မိန်းကလေးချောင်း... ဒီတိုက်ပွဲကို ဘေးကနေ ထိုင်ကြည့်ပါ... ကြယ်ကိုးပွင့်ရှန့်ထို ခန်းမကို ဆွဲမထည့်ပါနဲ့... ကြယ်တာရာ သူတော်စင်သာ ခင်ဗျားရဲ့ လုပ်ရပ်တွေကို သိရင် ဒီကြယ်ကိုးပွင့်ရှန့်ထို ခန်းမခွဲတောင် ဖယ်ရှားခံရနိုင်တယ်... သမိုင်းမှတ်တမ်းတွေပါ ဖျောက်ဖျက် ခံရလိမ့်မယ်”

အခြားတစ်ဖက်၌ ဝေ့ဝူယင်ကတော့ သခင်လေးရှန့်၏ အော်ရာများကို ကြည့်ရင်း နှလုံးသားထဲ၌ ပျော်ရွှင်သည့် အရိပ်အယောင်များ ပေါ်လာခဲ့၏။ အပြင်ပန်းတွင်တော့ သူက တည်ငြိမ်စွာ ခေါင်းညိတ်ရင်း သဘောတူလိုက်သည်။

ဟူး... ဟူး...

သူ၏ ဝတ်စုံမှာ ငွေရောင် လက်မောင်းကာနှင့် တိုက်ပွဲဝင် ဖိနပ်တို့ စီးထားသည့် အနက်ရောင် စစ်ဝတ်စုံ အဖြစ် ပြောင်းလဲ သွားခဲ့သည်။

ဝေ့ဝူယင်၏ တိုက်ခိုက်ရန် အသင့်ရှိနေသည်ကို မြင်တွေ့လိုက်ရသော အခါ သခင်လေးရှန့်မှာ အနည်းငယ် ကျေနပ် သွားခဲ့သည်။

“ဒီခန်းမက လုံလောက်ပါတယ်...”

လူအိုကြီးက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ စားပွဲများ အားလုံး ပျောက်ကွယ်သွားခဲ့၏။

"ဝေ့ဝူယင်..."

ချောင်စွေ့ဖုန်းက ဝေ့ဝူယင်ကို ဝိညာဉ်အာရုံဖြင့် ဆက်သွယ်လိုက်၏။ လူအိုကြီးအား သတိထားဖို့ သူမ သူ့ကို တိုက်တွန်းလိုသည်။ ထိုလူများ၏ မူလဇစ်မြစ် အရိပ်အမြွက်ကိုလည်း ပြောပြလိုသည်။

"ကိစ္စမရှိပါဘူး"

သို့သော်လည်း... ဝေ့ဝူယင်က ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်၏။

"အလွှာအပြင်က လောကက ပါရမီရှင်တွေ ဘယ်လောက် အားကောင်းသလဲ ဆိုတာ ကျုပ်လည်း သိချင်တယ်...”

ချောင်စွေ့ဖုန်း စကားလုံးများကို ပြန်လည် မြိုချလိုက်ရင်း လူအိုကြီးကို တစ်ချက် ကြည့်ကာ ချောင်ချောင်နှင့် အတူ နောက်သို့ ပြန်လည် ဆုတ်သွားခဲ့သည်။ ရှင်းပြ၍ မရနိုင်သော်လည်း ဤကိစ္စကို ဝေ့ဝူယင် ကျိန်းသေ ကိုင်တွယ်နိုင်လိမ့်မည်ဟု သူမ ယုံကြည်သည်။

"စိတ်ဓာတ်ကိုတော့ ကြိုက်တယ်...”

သခင်လေးရှန့်က ဝိုင်အိတ်ထဲမှ နောက်ထပ် ဝိုင်တစ်ငုံကို သောက်လိုက်၏။ ထို့နောက်... သူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ဝိုင်အိတ်မှာ အစိမ်းရောင် သင်္ကေတများ ထွင်းထုထားသည့် သုံးပေရှည်သော ဓားတစ်လက် အသွင် ပြောင်းလဲ သွားခဲ့သည်။ ထိုဝိုင်အိတ်မှာ အနန္တ ဧကရာဇ် ကျမ်းစာ ကဲ့သို့ အသွင်ပြောင်းလဲနိုင်သည့် ဂုဏ်သတ္တိများကို ပိုင်ဆိုင်ထားပေသည်။

"အဆင်သင့်ပဲလား...”

သခင်လေးရှန့်က မေးလိုက်၏။ သူက ခန်းမ အတွင်း နောက်သို့ အနည်းငယ် ရွေ့လျား သွားခဲ့ကာ နှစ်ဦးကြား အကွာအဝေးကို မီတာ ငါးဆယ်မျှ ခြားထားလိုက်သည်။ ၎င်းက အလွန် သေးငယ်သည့် အကွာအဝေး တစ်ခု ဖြစ်သော်လည်း ထိပ်တန်း ကျင့်ကြံသူများ အတွက်တော့ ခုခံကာကွယ်မှု တစ်ခု တည်ဆောက်ဖို့ အချိန်ရရန် လုံလောက်ပေသည်။

ဝေ့ဝူယင်က လက်နက် တစ်ခုကိုမျှ ထုတ်ယူခြင်း မပြုသလို အော်ရာကိုလည်း ဖော်ထုတ်ခြင်း မပြုခဲ့ပါချေ။

"ခင်ဗျား အဆင်ပြေတဲ့ အချိန် စလို့ ရတယ်..."

***

All Chapters