လှုပ်ရှားမှု သုံးခု
Vol. 129 Ch. 1806
"ခင်ဗျား အဆင်ပြေတဲ့ အချိန် စလို့ ရတယ်..."
ဝေ့ဝူယင်က တည်ငြိမ်စွာပင် ပြောလိုက်သည်။
သခင်လေးရှန့်က ခေါင်းညိတ်လိုက်၏။ သူ၏ ကိုယ်ဟန်အနေအထားမှာ ပေါ့ပါး လွတ်လပ်နေသည်။ သူ ကိုင်ထားသည့် ဓား၏ အသွားထက်တွင် ဝေ့ဝူယင်၏ ရုပ်သွင်မှာ ထင်ဟပ်နေ၏။ သူ၏ အမူအရာက တိမ်တိုက်များပေါ်တွင် ပေါ့ပါးသော ခြေလှမ်းများဖြင့် မျောလွင့်နေသည့် အရက်သေစာ သောက်စားထားသော တန်ခိုးရှင် တစ်ပါးကဲ့သို့ လွတ်လပ်နေသည်။
ဝိညာဉ် ရှန့်ထို ဧကရာဇ်၏ မျက်လုံးများမှာ ပြင်းထန်သော စူးရှမှုနှင့် အတူ ကျဉ်းမြောင်းသွားသည်။ အခြားသူများ သတိမထားမိနိုင်သော်လည်း... သခင်လေးရှန့်၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ် ကျင့်စဉ် အများအပြားဖြင့် ဖုံးလွှမ်းနေသည်ကို သူ အပြင်းအထန်ပင် ခံစားနေရသည်။ မြေကြီးရှန့်ထိုများ၏ အမြင်အာရုံ၌ ဓားရည်ရွယ်ချက် အော်ရာမှာ မီးတောင် ချော်ရည်များလို ပွက်ပွက်ဆူ နေခဲ့သည်။
ချောင်ချောင် ဝေ့ဝူယင်ကို မကြည့်ဘဲ မနေနိုင်ပါချေ။ လူငယ်မှာ သေမျိုး တစ်ဦးသာ ဖြစ်နေသေးပြီး သေမျိုး ကန့်သတ်ချက်များဖြင့် ချည်နှောင်ခံထားရသည်။ ထို့အပြင်... သူက မည်သည့် လက်နက်မျိုးကိုမှ ထုတ်ဖော်ခြင်း မပြုထားချေ။ သခင်လေးရှန့်မှာ ချိပ်ပိတ်နယ်မြေ အတွင်းမှ သာမန် ကျင့်ကြံသူများနှင့် ခြားနားသည်။ ထိုအရာက စွန့်စားလွန်းရာ ကျလွန်းသည်ဟု သူ ခံစားမိသည်။
ချောင်စွေ့ဖုန်း၏ လက်ချောင်းကလေးများမှာ လက်သီးများအဖြစ် ကျစ်လစ်စွာ ဆုပ်မိသွားသည်။ သူမ၏ နှလုံးသားက ပြင်းထန်စွာပင် ခုန်နေခဲ့သည်။ သူမ၏ မျက်လုံးများက သခင်လေးရှန့်နှင့် လူအိုကြီးတို့ အပေါ် ကူးချည်လာလှည့် ရွေ့လျား နေခဲ့၏။ တစ်ခါတစ်ရံ ဝေ့ဝူယင် အပေါ်သို့ ကျရောက်သွားနေခဲ့သည်။ သူမမှာ ဖုံးကွယ်ရန် အတတ်နိုင်ဆုံး ကြိုးပမ်းနေသော်လည်း စိုးရိမ်စိတ်များကို ပို၍ပင် ခံစားလာရ၏။
သခင်လေးရှန့်က သူဓားကို ညင်သာစွာပင် စတင်ကာ လှုပ်ရှားလိုက်၏။ ၎င်းမှာ ပန်းပဲ ပညာရပ်တွင် လောကရှန့်ထို အဆင့်ထက် မနိမ့်ကျသည့် ဖန်တီးခြင်း ပညာရှင် တစ်ယောက်၏ လက်ရာဖြစ်ကြောင်း ထင်ရှားသည်။ ၎င်းမှာ စစ်အမတေ ကဲ့သို့ လွတ်လပ်စွာ ပုံသွင်းနိုင်သည့် ပစ္စည်းမဟုတ်ဘဲ၊ လျှို့ဝှက် တာအို၏ စစ်မှန်သော ပစ္စည်းများဖြင့် ဖွဲ့စည်းထားသည့် အစစ်အမှန် လျှို့ဝှက်လောက အဆင့် လက်နက် ဖြစ်သည်။
လူအိုကြီး၏ အမူအရာကတော့ တည်ငြိမ်နေ၏။ သူက မည်သည့် စိတ်ခံစားမှုကိုမှ မဖော်ပြပဲ ဝေ့ဝူယင်ကိုသာ စိုက်ကြည့် နေခဲ့သည်။ ထိုလူငယ်မှာ ရှေးဟောင်း ချိပ်ပိတ်နယ်မြေကို သိမ်းပိုက်ရန် အတွက် နက်ရှိုင်းသည့် ဥပဒေသ စွမ်းအားများကို အသုံးပြုခဲ့သည်။ သူ့အမြင်အရ ဆိုလျှင်... ဝေ့ဝူယင်မှာ ကောင်းကင် ရတနာ ကဲ့သို့ ပစ္စည်း တစ်မျိုးမျိုးကို အားကိုးကာ ထင်တိုင်းကြဲနေသည့် သေမျိုးတစ်ဦး ဖြစ်သည်။
အကယ်၍ လူအိုကြီးသာ သူ၏ ကျင့်ကြံခြင်း အခြေခံကို မြေကြီး ရှန့်ထို အဆင့်ထိ မဟုတ်ပဲ၊ လောကရှန့်ထို အဆင့်လောက် အထိသာ လျှော့ချခဲ့ပါက... သူ၏ ဆုံးဖြတ်ချက်များမှာ ယခုနှင့် အနည်းငယ် ကွဲလွဲနိုင်ပေသည်။ ဝေ့ဝူယင်မှာ သူ ထင်ထားသလို ဘယ်အကူ ရတနာမျိုးကိုမှ မသုံးခဲ့ပါချေ။ အရာအားလုံးက သူ ကိုယ်တိုင်သာ ဖြစ်ပေသည်။
ထိုအခိုက်တွင်ပင် သခင်လေးရှန့်မှာ ပထမဆုံး တိုက်ခိုက်မှု အတွက် ပြင်ဆင်မှုများကို အဆုံးသတ်ပြီးသွားခဲ့ပြီ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ ကြောက်မက်ဖွယ် စွမ်းအားများနှင့် ပေါက်ကွဲလုနီးပါး ဖြစ်နေခဲ့၏။ သူက ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။
“ခင်ဗျား တန်ရဲ့လားဆိုတာ ကြည့်လိုက်ရအောင်...”
သူ၏ ခန္ဓာကိုယ် ပတ်လည်တွင် အချိန်၊ အာကာသ၊ မြေဆွဲအားနှင့် အလင်းတို့မှာ ဝန်းရံလာခဲ့၏။ လျှို့ဝှက် ကြယ်တာရာ အဆင့် တစ်ဦး အနေဖြင့် အစစ်အမှန် လျှို့ဝှက်စွမ်းအားများကို ထုတ်ဖော်နိုင်ခြင်း မရှိသေးသော်လည်း... သူ၏ လျှို့ဝှက် စွမ်းအင်များက ဝိညာဉ်ရှန့်ထို ဧကရာဇ်၏ ဝတ်ရုံများကို မုန်တိုင်းမိသကဲ့သို့ ပြင်းထန်စွာ လွင့်ပျံသွားစေရန် လုံလောက်ခဲ့ပေသည်။
“...”
လူအိုကြီး၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားသည်။ သူ ချောင်စွေ့ဖုန်းကို ကြည့်လိုက်ရာ ထူးဆန်းသည့် ဖြစ်ရပ်ကို သတိထားလိုက်မိ၏။ သခင်လေးရှန့်၏ စွမ်းအင်များမှာ သူမ အပေါ် မည်သည့် သက်ရောက်မှုမှ မဖြစ်ပေါ်စေခဲ့ချေ။ မမြင်နိုင်သည့် စွမ်းအားများက သူမ၏ လမ်းကြောင်း တစ်ခုလုံးကို ပိတ်ပင် တားဆီးထားသည်ပုံ ရသည်။ ၎င်းတို့က သူမ၏ ဝတ်ရုံ အစွန်းများကိုပင် မထိခိုက်စေနိုင်ခဲ့ချေ။
လူအိုကြီး၏ အမူအရာက သိလိုစိတ်များနှင့် ပြည့်နှက် သွားကာ ဝေ့ဝူယင်ကို ပြန်ကြည့်လိုက်သည်။ လူငယ်မှာ အလွန် တည်ငြိမ်ပြီး စိတ်ခံစားချက် ကင်းမဲ့နေသည်။ သူ့ကို ကြည့်ရသည်က အဆုံးမဲ့ အမှောင်ထု တစ်ခုကို ကြည့်နေရသလို ခံစားရ၏။ ခဏချင်းပင် ထိုသေမျိုး အပေါ် အထင်သေးစိတ်များမှာ ကြက်ပျောက်ငှက်ပျောက် ပျောက်သွား၏။ လူအိုကြီး၏ ရင်အစုံက တဒိတ်ဒိတ် ခုန်လာခဲ့သည်။
ရွှမ်း...
သခင်လေးရှန့်ကတော့ ထိုအပြောင်းအလဲကို သတိမထားမိပဲ တိုက်ခိုက်မှုကို စတင် ထုတ်လွှတ်လိုက်သည်။
ဒေါင်လိုက် ဖြတ်ပိုင်းခြင်း...
သူ၏ လှုပ်ရှားမှုများက အလွန် လျင်မြန်ကာ မျက်တောင်တစ်ခတ်စာ အတွင်းတွင်ပင် ဝေ့ဝူယင်၏ ရှေ့သို့ တိုက်ရိုက် ရောက်ရှိလာခဲ့သည်။ သူ ဓားချက်က ဝေ့ဝူယင်ကို အလယ်မှ နှစ်ခြမ်းခွဲရန် ကြိုးပမ်းနေသည့်အလားပင်။
သခင်လေးရှန့်၏ ဓားချက်မှာ ဂြိုဟ်များအပြင် အာကာသ၏ ဒိုင်မန်းရှင်း သုံးခုလုံးကို ထိုးဖောက်နိုင်သည့် မုန်တိုင်း တစ်ခုအလား ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။
သို့သော်လည်း... နောက်ဆက်တွဲ ဖြစ်ပေါ်လာသည့် အဖြစ်အပျက်များသည်ကား ချောင်စွေ့ဖုန်းနှင့် လူအိုကြီးတို့ လုံးဝ မျှော်လင့် မထားခဲ့သည့် မြင်ကွင်းများပင် ဖြစ်လေတော့သည်။
လှုပ်ရှားမှု သုံးခု...
ပထမဦးစွာ ဝေ့ဝူယင်က ညာဘက်ခြေထောက်ကို မြှောက်လိုက်သည်။
ဒုတိယမြောက် အနေဖြင့် ထိုခြေထောက်ကို သခင်လေးရှန့်ထံသို့ ဦးတည်လိုက်သည်။
တတိယမြောက်... အားအပြည့်ဖြင့် နင်းချလိုက်၏။
လှုပ်ရှားမှု သုံးခုစလုံးမှာ ချို့ယွင်းချက်မရှိသည့် လှုပ်ရှားမှု အစီအစဉ်အတိုင်း ပြီးဆုံးသွားခဲ့သည်။
ဘုန်း...
သခင်လေးရှန့်၏ မိုးကြိုး မုန်တိုင်း အလား ဓားစွမ်းအားနှင့် လျှို့ဝှက် အော်ရာ အားလုံးမှာ ပူဖောင်းတစ်ခုကဲ့သို့ ကွဲထွက်သွား၏။ ၎င်းအားလုံး ချက်ချင်း ပျောက်ကွယ်သွားသည်။ ခြေထောက်မှာ ကဗျားဆန်ဆန် လူငယ် တည်ဆောက်ထားသည့် မမြင်နိုင်သော၊ မြင်နိုင်သော အကာအကွယ်တိုင်းကို မည်သည့် အဟန့်အတားမျှမရှိဘဲ ထိုးဖောက်သွားခဲ့သည်။
ဝေ့ဝူယင်၏ ညာဘက်ခြေထောက် သခင်လေးရှန့်၏ ရင်ဘတ်ပေါ်သို့ ရောက်ရှိသွားချိန်တွင် အရာအားလုံး ငြိမ်သက် သွားခဲ့တော့သည်။
သို့သော်လည်း... ကောင်းကင်ကို လှုပ်ခါစေနိုင်သည့် ပေါက်ကွဲမှု မရှိသလို ကောင်းကင်နှင့် မြေကြီးတို့ကို ပိုင်းခြားနိုင်သည့် တုန်ခါမှုမျိုးလည်း မရှိခဲ့ချေ။
ထို့အစား... အသားနှင့် ခြေဖဝါး ထိတွေ့မှု၊ အရိုးများ ကြေမွသွားသံ၊ လည်ချောင်းမှ သွေးများ စီးထွက်လာသံတို့ကိုသာ ဆက်တိုက် ကြားလိုက်ရသည်။
ဘုန်း...
ထို့နောက်တွင်တော့ ပုံရိပ် တစ်ခုမှာ လွင့်စဉ်သွားကာ နံရံကိုပင် ဖောက်ဝင် သွားခဲ့လေ၏။ သခင်လေးရှန့်၏ အောက်နှုတ်ခမ်းနှင့် မေးရိုးတို့မှာ သွေးများနှင့် စိုရွှဲ နေခဲ့သည်။ သူ၏ မျက်လုံးများကတော့ ငေးကြောင်ကာ စိုက်ကြည့် နေခဲ့၏။ သို့သော်လည်း ထိုမျက်ဝန်းတို့က ဝေ့ဝူယင်ကို စိုက်ကြည့်နေခြင်း မဟုတ်ပဲ ဝေ့ဝူယင်၏ နောက်ရှိ သေခြင်းတရားကိုသာ စိုက်ကြည့်နေခြင်း ဖြစ်သည်။
သေလုနီးပါး လူတစ်ယောက် ကဲ့သို့ပင် သူ့ထံ၌ အသက်မျှင်းမျှင်း ကလေးသာ ကျန်ရှိတော့၏။ သူ အသက်ရှင်နေကြောင်း အတည်ပြုရန် လုံလောက်ရုံမျှသာ ဖြစ်သည်။
“...”
ဝိညာဉ် ရှန့်ထို ဧကရာဇ်။
“...”
ချောင်စွေ့ဖုန်း။
“...”
လူအိုကြီး...။
ဝှစ်...
ရုတ်ချည်းဆိုသလိုပင် လူအိုကြီးမှာ လှုပ်ရှားကာ ဝင်ရောက် စွက်ဖက်ဖို့ ကြိုးပမ်းလိုက်သည်။ သာမန် လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက်၏ မျက်တောင် တစ်ခတ်စာ ဆယ်ပုံ တစ်ပုံမျှ အတွင်းမှာပင် သူ၏ အော်ရာများက တဟုန်ထိုး မြင့်တက်လာကာ ကြယ်ကိုးကွင့် ကြယ်တာရာ နယ်မြေ တစ်ခုလုံးကိုပင် တုန်ခါ သွားစေခဲ့၏။
ဝမ်... ဝမ်...
ချက်ချင်း ဆိုသလိုပင် ကြယ်တာရာ နယ်မြေ အစီအရင်မှာ အလိုအလျောက် စတင် အသက်ဝင်လာကာ ပေါ်ပေါက်လာမည့် မည်သည့် အန္တရာယ်ကို မဆို တားဆီးဖို့ ဟန်ပြင်လိုက်၏။
သို့သော်လည်း လူအိုကြီးမှာ ဖြစ်နိုင်သမျှ တုံ့ပြန်မှုတိုင်းတွင် အံ့ဩဖွယ်ကောင်းလောက်အောင် နောက်ကျနေခဲ့သည်။
“ငြိမ်ငြိမ်နေ...”
ဝေ့ဝူယင်က လက်တစ်ဖက်ကို မြှောက်ကာ ပေါ့ပေါ့ပါးပါး ယမ်းလိုက်၏။ လေပြင်း၏ ငြိမ်းသတ်ခံလိုက်ရသည့် ဖယောင်းတိုင်မီးလျှံကဲ့သို့ပင် လူအိုကြီး၏ အော်ရာ အားလုံးမှာ တစ်ခဏအတွင်း ပြန့်ကျဲသွားသည်။
“...”
လူအိုကြီး၏ မျက်လုံးများက ပြူးကျယ်ကာ မယုံကြည်နိုင်မှုများနှင့် ပြည့်နှက် သွားခဲ့သည်။ အလွန် ကြောက်မက်ဖွယ် ကောင်းလှသည့် ဥပဒေသ တစ်ခုမှာ ဒေသတစ်ခုလုံးအား သိမ်းပိုက် ချုပ်နှောင်ထားသလို သူ ခံစားရသည်။
ဥပဒေသ...
ထို့အပြင်... ၎င်းမှာ ကောင်းကင် ရတနာ တစ်ခု၊ အကူ ပစ္စည်း တစ်ခုခုမှ ထုတ်လုပ်ထားသည့် ဥပဒေ အော်ရာ မဟုတ်ချေ။ သူ့ရှေ့တွင် တိုက်ရိုက်ရှိနေသော လူငယ် ကျင့်ကြံသူထံမှ ဖြစ်ကြောင်း နားလည် လိုက်ချေပြီ ဖြစ်သည်။
ချွင်... ချွင်...
ချက်ချင်း ဆိုသလိုပင် သံကြိုးများမှာ သူ၏ ခြေ၊ လက်များနှင့် လည်ပင်းတို့ကို ရစ်ပတ်သွားခဲ့၏။ ၎င်းတို့မှာ အချိန်နှင့် အာကာသ အမျိုးအစား စွမ်းအင်များကို ထည့်သွင်း ထားသည့် အပြင် ဝိညာဉ်ကိုပင် တိုက်ရိုက် ခြိမ်းခြောက်နေပုံ ရသည့် ပျက်သုဉ်းခြင်း အမတေမျှင် ကလေး တစ်ခုကိုပါ သယ်ဆောင်ထားသည်။
အကယ်၍ အနည်းငယ်မျှ လှုပ်ရှားပါက... ၎င်းမှာ သူ့ ဘဝ၏ နောက်ဆုံး လုပ်ရပ် ဖြစ်နိုင်သည်ဟုပင် လူအိုကြီး ခံစားလိုက်ရသည်။
ဝေ့ဝူယင် ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းလာခဲ့၏။ အလွန် ကျယ်ပြန့်လှသည့် ခန်းမ အတွင်း ဖြည်းညင်းစွာ လှုပ်ရှားနေသော်လည်း ခြေလှမ်း အနည်းငယ် အတွင်းမှာပင် သူ ချောင်စွေ့ဖုန်း၏ ရှေ့သို့ ရောက်ရှိလာခဲ့သည်။
“ချောင်စွေ့ဖုန်း... မင်းကိုမင်း ငါ့မိန်းမလို့ သတ်မှတ်ထားသေးရဲ့လား...”
***