← Chapters

ကောင်းကင်သတ္ထုကြော

Vol. 1 Ch. 320

ကောင်းကင်သတ္ထုကြော

Vol. 1 Ch. 320

"ကျန်းရီ...ကျွန်မ စိတ်မကောင်းပါဘူး"

စုလောရွှယ်သည် ရွှယ်လော့နန်းဆောင်ဆီ ပြန်လာခဲ့သည်။ သူမသည် အစေခံလေးများကို ထွက်သွားရန် လက်ဟန်ပြလိုက်ပြီး ကျန်းရီကို တောင်းပန်သည့်အမူအရာဖြင့် ပြောလိုက်သည်။

"စုဂိုဏ်းမှာ ဘယ်သူမှ မကျန်တော့ဘူး၊ ကျွန်မရဲ့ အမှိုက်ဦးရီးတော်တွေကို ကျွန်မကောင်းကောင်းသိတယ်...ရှားနိုင်ငံက သူတို့ရဲ့လက်ထဲ ရောက်သွားရင် ပျက်စီးသွားလိမ့်မယ်။ ကျွန်မ ရှားနိုင်ငံကို မျက်နှာလွှဲမသွားနိုင်ဘူး၊ ရှားနိုင်ငံရဲ့ ပြည်သူတွေကို မျက်နှာမလွှဲနိုင်ဘူး...စုဂိုဏ်းသားတွေက ရှားနိုင်ငံကို စွန့်ပစ်မှာ မဟုတ်ဘူး"

ကျန်းရီသည် ခေါင်းငုံ့၍ အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့ပြီး ခေါင်းမော့လာကာ ပြုံးပြလိုက်သည်။

"လောရွှယ်...မင်း ဘာဆုံးဖြတ်ချက်လုပ်လုပ် ငါမင်းကို ထောက်ပံ့မယ်။ ငါမင်းကို တစ်ကြိမ် ဆုံးရှုံးလုနီးပါး ဖြစ်ပြီးပြီ၊ နောက်တစ်ကြိမ် ထပ်ပြီး အဆုံးရှုံးမခံနိုင်တော့ဘူး...အခက်အခဲတွေကို အတူရင်ဆိုင်ရအောင်၊ ကောင်းကင်က အမြဲတမ်း လမ်းတစ်ခုတော့ ဖွင့်ပေးထားတယ်...ငါတို့ရှေ့မှာ ကီလိုမီတာသုံးဆယ်ကျော်မြင့်တဲ့ တောင်ကြီးတစ်ခုက ပိတ်နေတယ်ဆိုရင်တောင် အဲ့တောင်ကို ငါထက်ခြမ်းခွဲပစ်မယ်"

"ဟင့်အင်း...ကျန်းရီ၊ ရှင်ရှားနိုင်ငံကို ကူညီပေးခဲ့တာက လုံလောက်နေပါပြီ"

စုလောရွှယ်သည် ခေါင်းယမ်း၍ တစ်ခုခုပြောရန် ပြင်လာသည်။ ကျန်းရီသည် လက်ကာပြကာ ဖြတ်ပြောလိုက်သည်။

"မဟုတ်တာတွေပြောတာ တော်တော့၊ သုံးနှစ်ကြာလို့မှ ငါကိုယ့်ကိုယ်ကို ကာကွယ်နိုင်တဲ့ အစွမ်းအစ မရှိသေးရင် သူတို့ ငါ့ဆီလာကြဦးမှာပဲ... ငါရယ် မင်းရယ် ရှားနိုင်ငံရယ်၊ သုံးခုလုံးရဲ့ ကံတရားက ဆက်စပ်နေတယ်။ ငါက ဒီအထိတောင် ရောက်လာခဲ့ပြီးပြီ၊ သုံးနှစ်ကြာရင် ငါ သူတို့ကို ဖိနှိပ်နိုင်ရင် ဖိနှိပ်နိုင်မှာပေါ့...လောကမှာ အံ့မခန်းဖြစ်ရပ်လို့ ခေါ်တဲ့ အရာလည်း ရှိပါသေးတယ်"

ထိုခဏတွင် ကျန်းရီ၏ စိတ်သည် စိတ်အားထက်သန်မှုများ တဖွားဖွား ဖြစ်တည်လာခဲ့သည်။ သူ့တွင် စိတ်ပျက်မျှော်လင့်ချက်မဲ့မှုများ မရှိတော့ချေ။ သူတွင် အမည်မဲ့ကျင့်စဉ်၊ အသွင်ပြောင်းသွားသော ဒန်တျန်းနှင့် မီးနဂါးဓားတို့ရှိသည်။ သူ၏ တတိယကြယ် အသွင်ပြောင်းသွားသည်နှင့် ဗာဂျရာအဆင့်သို့ ရောက်သွားမည်ဟု နတ်ဆိုးဧကရီက ပြောထားသည်။ တာအိုသဘောတရား တစ်ခုနှစ်ခုကို သူနားလည်သွားလျှင် သူ့အင်အားသည် အစွမ်းကုန် ထိုးတက်သွားလိမ့်မည်။

သူ့တွင် သတ်ဖြတ်ခြင်းအင်အားလည်း ရှိသေးသည်။ သူပဉ္စမအဆင့်သို့ ရောက်သွားလျှင်ရော...စိတ်ဝိဉာဉ်လောင်ကျွမ်း နေရာရွှေ့ပြောင်း ကျင့်စဉ်ကိုလည်း သူဆက်တိုက်သုံးနိုင်သေးသည်။ သုံးနှစ်သည် သူ့အတွက် အချိန်အကြာကြီးဖြစ်သည်။ လွန်ခဲ့သော နှစ်နှစ်က သူသည် ကောင်းကင်တောင်ပံမြို့တွင် ကျန်းရုဟူ၏ ခွေးတစ်ကောင်ပမာ ဆက်ဆံခြင်းကို ခံနေရဆဲဖြစ်သည်။ ယခုအချိန်တွင် သူသည် စိတ်ဝိဉာဉ်မျောလွင့် ခရီးသည်အဆင့်တွင် ပြိုင်ဘက်ကင်းနေပြီဖြစ်သည်။ သူ့အင်အားသည် အလွန်လျင်မြန်စွာ တိုးတက်နေသည်ဖြစ်ရာ သူ့တွင် ယုံကြည်ချက်များ ရှိလာခဲ့သည်။

စုလောရွှယ်သည် သက်ပြင်းဖွဖွချ၍ စကားပြောခြင်းကို ရပ်တန့်လိုက်သည်။ သူမသည် ရှားနိုင်ငံကို စွန့်ပစ်မည် မဟုတ်သလို ကျန်းရီကလည်း သူမအား ဘယ်သောအခါမှ စွန့်ပစ်သွားမည် မဟုတ်ပေ။ ထိုအရာမှာ ဖြေရှင်းရန်မလွယ်သည့် ပြဿနာဖြစ်သည်။

သူမသည် ရုတ်တရက် ခြေနှစ်လှမ်း ရှေ့တိုးလာပြီး ကျန်းရီ၏ သန်မာနေပြီဖြစ်သော ကိုယ်အား ပွေ့ဖက်ရန် လက်များကို ဆန့်ထုတ်လိုက်သည်။ သူမ၏ ဆွဲဆောင်မှုရှိလှသော မျက်နှာလေးသည် ကျန်းရီ၏ ရင်ဘတ်အား မှီတွယ်လိုက်ပြီး မျက်လုံးများမှိတ်ကာ စကားပြောလာခဲ့သည်။

"ကျန်းရီ...ခမည်းတော်က လောရွှယ်ကို ကောင်းကောင်းဆက်ဆံပေးခဲ့တယ်၊ သူရဲ့ ကောင်းကင်အဆင့် ချပ်ဝတ်ကိုတောင် လောရွှယ်ကို ပေးခဲ့တာ...အဲ့ဒီချပ်ဝတ်နဲ့ အသက်စွန့်ပြီး ကယ်တင်ပေးခဲ့တဲ့ ဘိုးဘေးတွေကြောင့်သာ မဟုတ်ရင် လောရွှယ်သေနေလောက်ပြီ။ ခမည်းတော်က ရှားနိုင်ငံ အင်အားကြီးတိုးချဲ့ချင်ပေမယ့် သူက ကိုယ့်ကိုယ်ကို အရမ်းအထင်ကြီးခဲ့ပြီး စွမ်းဆောင်ရည် မရှိခဲ့တာက စိတ်မကောင်းစရာပဲ၊ လွန်ခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုက စစ်ပွဲက သူ့ဘဝအတွက် ကြီးမားတဲ့ ထိုးနှက်ချက်ကြီးတစ်ခု ဖြစ်ခဲ့တယ်။ အဲ့ဒီအချိန်ကစပြီး သူက လက်တွေ့ကနေ ရှောင်ပြေးဖို့ ကြိုးစားပြီး ဝိုင်တွေ၊ အရက်တွေနဲ့ပဲ ပျော်မွေ့နေတော့တယ်...သူ့သားသမီးတွေကပဲ သူဘယ်လောက် နာကျင်ပြီး ကိုယ်ကိုယ်ကို အပြစ်တင်နေတယ်ဆိုတာ နားလည်ကြတယ်။ အရင်တုန်းက ကျွန်မတို့ မောင်နှမတွေ ကျိန်ဆိုခဲ့ကြတယ်...ကျွန်မတို့တွေ ခမည်းတော်ကို ကူညီပြီး ရှားနိုင်ငံတိုးတက်အောင် လုပ်ကြမယ်လို့၊ ဒါကြောင့် ခမည်းတော် ရှားထင်ဝေ့နဲ့ လက်ထပ်ပွဲ သတ်မှတ်တော့ ကျွနမ် သဘောတူခဲ့တာ...တောင်းပန်ပါတယ် ကျန်းရီ...လောရွှယ် ရှင့်အပေါ် အကြွေးအများကြီး တင်နေပြီ"

ကျန်းရီသည် သူ့လက်မောင်းများထဲ ခုန်ဝင်လာသော နူးညံ့နွေးထွေးသည့် ကိုယ်လေးအား ခံစားမိလိုက်သော် သူ့ကိုယ်မှာ ချက်ချင်းအေးခဲသွားခဲ့သည်။ စုလောရွှယ်၏ ကိုယ်သင်းနံ့ဖျော့ဖျော့ကို ရလိုက်ပြီး နူးညံ့လှသော လေသံတိုးတိုးကို ကြားလိုက်ရသောအခါ အညှို့ခံရသလို ခံစားလိုက်ရသည်။ သူသည် ခိုင်မာသော ဆုံးဖြတ်ချက်တစ်ခု ချဘိုက်သည်။ သူ့အတွက် သူချစ်သောမိန်းမအတွက် ကောင်းကင်ပေါ်သို့ တက်ရမည်ဆိုလျှင်တောင် သူရအောင် လမ်းဖောက်ရမည်။

သူသည် စကားအများကြီး မပြောတော့ပေ။ အသေအချာတွက်ကြည့်လျှင် သူကတောင် စုလောရွှယ်အပေါ် အကြွေးပိုတင်နေသည်ဟု ခံစားလာရသည်။ သို့သော် လူနှစ်ဦးအကြားမှ အချစ်သည် ကျေးဇူးကြွေးများဖြင့် တိုင်းတာ၍ မရပေ။ သူ့အဖေနှင့် သူ့အမေသည် ထင်ရှားကျော်ကြားသော လူများဖြစ်သော်လည်း သူ့ကိုယ်သူ အောက်ခြေလူတန်းစားတစ်ယောက်ဟုသာ သူအမြဲ ခံစားခဲ့ရသည်။ အတိတ်က ကျီထင်ယွီသည် သူအဝေးမှ ငေးကြည့်ရုံတောင် မဝံ့ရဲခဲ့သည့် နတ်ဘုရားမလေးတစ်ပါး ဖြစ်ခဲ့သည်။ သို့သော် ယခုအခါတွင် သူသည် နိုင်ငံတစ်ခုမှ မင်းသမီးတစ်ပါးနှင့် နှစ်ဦးသဘောတူ ချစ်ကျွမ်းဝင်နေခဲ့သည်။ ဤခံစားချက်သည် သူတစ်ခါမှ မခံစားခဲ့ဖူးသည့် ကောင်းချီးမင်္ဂလာတစ်ခုဖြစ်သည်။

သူသည် ရင်းနှီးကျွမ်းဝင်မှုများကို တန်ဖိုးထားသည့်သူဖြစ်ပြီး တစ်စုံတစ်ယောက် သူ့အား ကောင်းကောင်းဆက်ဆံပါက ထိုသူအား အဆတစ်ရာလောက် ပြန်ပေးဆပ်ချင်သည့် သူမျိုးဖြစ်သည်။ စုလောရွှယ်သည် သူ့ကို ကောင်းကောင်းဆက်ဆံရုံသာမက သူ၏ ခံစားချက်များကိုပါ တုံ့ပြန်ပေးခဲ့သည်။ စုလောရွှယ်ကဲ့သို့ အဖိုးတန်ကျောက်မျက်တုံးလေးအား သူ့ကိုယ်သူရင်း၍ မချစ်ဘဲ သူမည်သို့နေနိုင်ပါမည်နည်း။

သူတို့နှစ်ယောက်သည် တစ်ယောက်နှလုံးသားကို တစ်ယောက်နားလည်နေသောကြောင့် ဘာစကားမှမပြောဘဲ တစ်ဦးကိုတစ်ဦး ပွေ့ဖက်ထားကြသည်။ ဤအခိုက်အတန့်လေးအား တစ်သက်လုံးကြာသွားပါစေဟုတောင် သူတို့ဆုတောင်းနေကြသည်။

အချိန်အတော်ကြာပြီးနောက် ကျန်းရီသည် စုလောရွှယ် ပင်ပန်းနေမည်စိုး၍ ပွေ့ဖက်ခြင်းကို ရပ်တန့်လိုက်ကာ သူမ၏လက်အားကိုင်၍ ဘေးချင်းယှဉ် ထိုင်ချလိုက်သည်။ ခဏကြာမှ သူစကားစလိုက်သည်။

"လောရွှယ်...ငါတောင်စဉ်သုံးထောင်က နတ်သမီးတောင်ထွတ်ကိုပြန်ပြီး ကျင့်ကြံရမယ်၊ ပုန်ကန်ဖို့ကြံစည်မယ့် မကောင်းတဲ့လူတွေ ရှိလာမှာ ငါစိုးရိမ်တယ်...ငါတို့ ဒီနေရာကို သွေးနဲ့အရင် ဆေးကြောသင့်လား"

"ရှင်က ဘာလို့ နတ်သမီးတောင်ထွတ်မှာ ကျင့်ကြံမှဖြစ်မှာလဲ"

စုလောရွှယ်သည် နားမလည်သဖြင့် မေးလာလေ၏။

ကျန်းရီသည် နတ်သမီးတောင်ထွတ်မှ ဧကရီ၏နန်းတော် အခြေအနေတို့ကို ရှင်းပြလိုက်ပြီး ပြောပြလိုက်သည်။

"ဒီမှာ ကျင့်ကြံနှုန်းက အရမ်းနှေးတယ်၊ သုံးနှစ်က အကြာကြီးမဟုတ်ဘူး....စက္ကန့်တိုင်းမှာ ငါကျင့်ကြံနေဖို့ လိုတယ်။ နတ်ဆိုးဧကရီရဲ့ နန်းတော်က ကောင်းကင်မျှော်စင်မှာ အပြင်လောကထက်ပိုပြီး ကောင်းကင်နဲ့မြေကြီးရဲ့ စွမ်းအင်တွေ ဆယ်ဆမက ပိုများတယ်"

စုလောရွှယ်သည် မျက်မှောင်ကျုံ့ကာ ရုတ်တရက် ထရပ်လိုက်ပြီး ပြတင်းပေါက် အပြင်သို့ တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် အသံကို နှိမ့်၍ ပြောလာလေ၏။

"ကျန်းရီ...တကယ်တော့ ရှင် နတ်သမီးတောင်ထွတ်ကို သွားပြီး ကျင့်ကြံစရာ မလိုပါဘူး၊ ရှင် ရှားယွိမြို့မှာတင် ကျင်ကြံနိုင်တယ်။ ကျွန်မတို့မှာလည်း အပြင်လောကထက်ပိုပြီး ကောင်းကင်နဲ့မြေကြီးရဲ့ စွမ်းအင်ဆယ်ဆမက ဒါမှမဟုတ် အဆတစ်ရာနီးပါး ပိုများတဲ့ နေရာတစ်နေရာရှိတယ်"

"ဘယ်လို..."

ကျန်းရီ၏ မျက်လုံးများ ပြူးကျယ်သွားခဲ့ပြီး မယုံနိုင်စွာ ပြောလိုက်သည်။

"ရှားနိုင်ငံမှာ အဲ့လို နေရာတစ်ခုရှိတယ် ဟုတ်လား၊ မဟုတ်သေးပါဘူး...အဲ့လိုနေရာရှိရင် ဘာလို့ရှားနိုင်ငံမှာ စွမ်းအားမြင့်တဲ့သူတွေ နည်းနေတာလဲ"

"အဲ့ဒီနေရာကို လွန်ခဲ့တဲ့ သုံးလကမှ ရှာတွေ့ခဲ့တာ"

စုလောရွှယ်သည် သက်ပြင်းချ၍ ပြောလာလေ၏။

"လွန်ခဲ့တဲ့ သုံးလက ကောင်းကင်သတ္ထုကြောတစ်ခုကို ကျွန်မတို့ ရုတ်တရက် ရှာတွေ့ခဲ့တယ်၊ ဒီကောင်းကင် သတ္ထုကြောကြောင့်ပဲ ကျန်တဲ့ နိုင်ငံငါးခုက ရှားနိုင်ငံကို ဖျက်ဆီးဖို့ အလောတကြီး ဖြစ်လာကြတာ...လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်ထဲကသာ ရှားနိုင်ငံမှာ ဒီသတ္ထုကြော ရှိခဲ့ရင် ရှားနိုင်ငံက နယ်မြေကို အုပ်ချုပ်နိုင်လောက်အောင်ကို အင်အားကြီးနေပြီ။ ကျန်းရီ...မိုးပြာနဂါးအင်ပါယာမှာ ဘာလို့ စွမ်းအားမြင့်တဲ့သူတွေ အများကြီးရှိနေတာလဲ ရှင်သိလား၊ အဲ့ဒါက သူတို့မှာ ကောင်းကင်သတ္ထုကြောတစ်ခု ရှိလို့ပဲ...ဒါပေမယ့် ကျွန်မတို့ဟာက သူတို့ထက်တောင် ပိုကြီးပုံရတယ်"

"ကောင်းကင်သတ္ထုကြော...အဲဒါဘာလဲ"

ကျန်းရီသည် မျက်တောင်တစ်ခတ်ခတ်နှင့် နားမလည်နိုင်စွာ မေးလိုက်သည်။

စုလောရွှယ်သည် နှုတ်ခမ်းဆူ၍ ရှင်းပြလာခဲ့သည်။

"အတိုချုံးပြောရရင် အဲ့ဒါက ကောင်းကင်ကျောက်တုံးတွေ ထုတ်ပေးတဲ့ သတ္ထုကြောပဲ"

"အာ..."

ကျန်းရီသည် အံ့အားသင့်သွားခဲ့သည်။ ကောင်းကင်ကျောက်တုံးများကို ထုတ်ပေးသည့် သတ္ထုကြော အမှန်တကယ် ရှိသည်လော။

ကောင်းကင်ကျောက်တုံးသည် မည်သည့်အရာပေနည်း။

၎င်းမှာ ကျင့်ကြံခြင်းအတွက် ပြိုင်ဘက်ကင်း ရတနာဖြစ်သည်။ ထိုကျောက်တုံးများသာ ရှိလျှင် စွမ်းအားမြင့်သူများ အမြောက်အများ မွေးထုတ်နိုင်သည်။ ကောင်းကင်ကျောက်တုံး သုံးတုံးကို အသုံးပြုပြီးနောက် သူကျင့်ကြံဆင့်သည် စိတ်ဝိဉာဉ်မျောလွင့် ခရီးသည်အဆင့်နှင့် နှိုင်းယှဉ်နိုင်သည့် အခြေအနေသို့ ရောက်သွားခဲ့သည်။ ထိုအချက်တစ်ချက်တည်းကပင် ကောင်းကင်ကျောက်တုံး၏ ပြိုင်ဘက်ကင်း အစွမ်းကို သက်သေပြနေသည်။ မိုးပြာနဂါးအင်ပါယာမှ သိုင်းပညာရှင် အမြောက်အများ မွေးထုတ်နိုင်ခြင်းသည် ကောင်းကင်ကျောက်တုံးများ၏ အထောက်အပံ့များကြောင့် ဖြစ်လေသည်။

"အံ့သြစရာ မရှိတော့ပါဘူး"

ကျန်းရီ၏ စိတ်ထဲမှ သံသယသည် နောက်ဆုံးတွင်တော့ အဖြေထွက်လာခဲ့သည်။ အင်အားစုကြီးခြောက်ခုက ရှားနိုင်ငံကို ဖျက်စီးရုံလေးအား ဗာဂျရာအဆင့်များပါ စေလွှတ်လိုက်သည်မှာ အံ့သြစရာ မရှိတော့ပေ။ သူတို့သည် ရှားနိုင်ငံ အင်အားကြီးလာမည်ကို ထိုင်ကြည့်မနေနိုင်ပဲ ကောင်းကင်သတ္ထုကြောကို လုယူချင်ကြပုံရသည်။

"ကောင်းကင်ကျောက်တုံး"

ကျန်းရီသည် အနည်းငယ် စိတ်လှုပ်ရှားလာခဲ့သည်။ ကောင်းကင်ကျောက်တုံးနှင့်ဆိုလျှင် သူ့ကျင့်ကြံဆင့်သည် အလွန်လျင်မြန်စွာ တိုးတက်လာမည်ဖြစ်ပြီး ကြယ်များလည်း ဆက်တိုက် အသွင်ပြောင်းနိုင်လိမ့်မည်။ တတိယကြယ် အသွင်ပြောင်းသည်နှင့် ဗာဂျရာအဆင့်နှင့် နှိုင်းယှဉ်နိုင်သည့် အနေအထားသို့ ရောက်လိမ့်မည်။ စတုတ္ထကြယ်နှင့် ပဉ္စမကြယ်ပါ အသွင်ပြောင်းသွားလျှင် မည်သို့ဖြစ်လာမည်နည်း။ ကြယ်များအားလုံး အသွင်ပြောင်းသွားလျှင်ရော...

သူသည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး စိတ်လှုပ်ရှားမှုအား ထိန်းချုပ်ကာ မေးလိုက်သည်။

"လောရွှယ်...ကောင်းကင်ကျောက်တုံးတွေ ဘယ်လောက်တူးဖော်ပြီးပြီလဲ၊ အဲ့ဒီမှာ ကောင်းကင်ကျောက်တုံး ဘယ်လောက်လောက်ရှိလဲ...ငါ့ကိုသာ ကောင်းကင်ကျောက်တုံး အလုံအလောက် ထောက်ပံ့ပေးနိုင်ရင် သုံးနှစ်ကြာရင် ရှားနိုင်ငံကို ဘယ်သူမှ ဖျက်ဆီးနိုင်မှာ မဟုတ်ဘူး"

"ဒါက..."

စုလောရွှယ်သည် မျက်နှာပျက်သွားခဲ့ပြီး ကူကယ်ရာမဲ့စွာ ပြောလာလေ၏။

"ကောင်းကင်ကျောက်တုံး ဘယ်လောက်ရှိမလဲဆိုတာ ကျွန်မ သေချာမသိဘူး၊ အခုထိတော့ ကောင်းကင်ကျောက်တုံးတစ်တုံးမှ မတူးဖော်ရသေးဘူး...ဘာလို့လဲဆိုတော့ အကြီးအကဲတွေအပါအဝင် ကျွန်မတို့လူတွေ တစ်ယောက်မှ ကောင်းကင်သတ္ထုကြောကို မဖောက်နိုင်သေးလို့ပဲ"

*****

All Chapters