← Chapters

ဓားဧကရာဇ်အား ကျော်လွန်၍

Vol. 47 Ch. 672

ဓားဧကရာဇ်အား ကျော်လွန်၍

Vol. 47 Ch. 672

...

အာရန်သည် ထိုပုဂ္ဂိုလ်၏ မေးခွန်းများကို ချက်ချင်း မဖြေခဲ့ပေ။

ထို့အစား ထိုပုဂ္ဂိုလ်၏ အချက်အလက်များကို စစ်ဆေးရန် သူ၏ ခွဲခြားသတ်မှတ်ခြင်း အစွမ်းကို အသုံးပြုလိုက်သည်။

.............

အမည် - ????

အဆင့် - ????

အချက်အလက် - ????

.............

“ဟင်”

မျက်နှာပြင်တစ်ခု အာရန်ရှေ့တွင် ပေါ်လာခဲ့သော်လည်း ၎င်းတွင် သူ့အတွက် အသုံးဝင်သော သတင်းအချက်အလက် တစ်စုံတစ်ရာမျှ မပါလာခဲ့ပေ။

ယင်းကဲ့သို့ လူနာမည်နေရာပါမကျန် ဖန်သားပြင်တစ်ခုလုံး၌ မေးခွန်းသင်္ကေတများဖြင့် ပြည့်နှက်နေသည်မှာ အာရန်အတွက် ဤအကြိမ်သည် ပထမဆုံး ဖြစ်လေ၏။

စနစ်ဖန်သားပြင်ကို ကြည့်လိုက်သောအခါ အာရန်၏ မကောင်းသော ခံစားချက်သည် ပိုမို ခိုင်မာသွားခဲ့သည်။

သူ၏ ရှေ့၌ ရောက်ရှိနေသောပုဂ္ဂိုလ်သည် သူ့အနေနှင့် ကိုင်တွယ်ဖြေရှင်းနိုင်သော သူတစ်ယောက် မဟုတ်ပေ။

နှင်းပျိုဖြူနန်းတော်သခင်မ ဆိုလျှင်ပင် သူ့အနေနှင့် အနည်းဆုံးတော့ ထွက်ပြေးရန် နည်းလမ်းတစ်ခုခု ရှာတွေ့နိုင်ပေဦးမည်။

သို့သော် ဤပုဂ္ဂိုလ်မှာမူ သိသိသာသာ ကွဲပြားလေသည်။

ထိုပုဂ္ဂိုလ်သည် ဓားဧကရာဇ်အကြောင်းကိုပင် သူ့ထက်ပိုပြီး သိရှိထားသူဖြစ်နေပြီး ၎င်းတို့နှစ်ဦးကြားတွင် ဆက်ဆံရေးအချို့ရှိခဲ့မည်မှာ သေခြာနေလေ၏။

“လူငယ်လေး မင်းကိုငါ နောက်တစ်ကြိမ် ထပ်မေးမယ်။ မင်း နာမည် ဘယ်သူလဲ။ ပြီးတော့ ဟိုလူနဲ့ မင်းက ဘယ်လို ပတ်သက်မှုမျိုး ရှိသလဲ။ ဘာလို့ သူ့ရဲ့ ဓားဝိညာဥ်ကို မင်း ခန္ဓာကိုယ်မှာ သယ်ဆောင်ထားရတာလဲ”

ထိုပုဂ္ဂိုလ်၏ လေသံတွင် အာရန်၏ မြန်ဆန်နေသော နှလုံးခုန်သံအား အနည်းငယ် ပုံမှန်ပြန်ဖြစ်သွားစေနိုင်သည့် အာနိသင်တစ်ခု ရှိနေသည်။

ထိုလူသည် အန္တရာယ်ရှိသည်မှာမှန်သော်လည်း ယခုအချိန်အထိ မည်သည့် ရန်လိုမှုကိုမျှ မပြသသေးပေ။

ဤသို့ဖြင့် အာရန်သည် ဘုရင်မျိုးနွယ်စု ဘိုးဘေး၏ ဆန္ဒအကြွင်းအကျန်ကို ဝါးမြိုရန် တောင်းဆိုထားသော တာဝန်ပေးချက်အား ‌နောက်တစ်ခေါက် ပြန်ကြည့်လိုက်သည်။

ထိုစနစ်၏ ဖော်ပြချက်တွင် သူ့အနေနှင့် ထိုဂ္ဂိုလ်အား မဖြစ်မနေ တိုက်ခိုက်ရမည်ဟု မပါရှိပေ။

ထို့ကြောင့် ဤနေရာတွင် အခြား အဓိပ္ပာယ် တစ်စုံတစ်ရာ ရှိနေနိုင်သလော...။

ထိုဂ္ဂိုလ်အား တိုက်ခိုက်ခြင်းသည် လက်ရှိသူ့အနေအထားနှင့် မဖြစ်နိုင်သော အရာဖြစ်သဖြင့် အာရန်သည် အခြားနည်းလမ်းတစ်ခုကို အလျှင်အမြန်စဥ့်စားလိုက်ရသည်။

ထို့နောက်အာရန်သည် လက်ပိုက်လိုက်ကာ ထိုအမည်မသိဆရာကြီးအား နှုတ်ဆက်လိုက်၏။

“ဆရာကြီးကို နှုတ်ဆက်ပါတယ်ခင်ဗျာ။ကျုပ် နာမည်က အာရန် ပါ။ ဆရာကြီးရဲ့ အမွေအနှစ်ကို လက်ခံရယူဖို့ ဒီနေရာကို ရောက်လာခဲ့တာပါ”

“မင်းက ငါ့ရဲ့ အမွေအနှစ်ကို လိုချင်လို့ဟုတ်လား”

ထိုအမည်မသိဆရာကြီးသည် အာရန်၏ ထိုစကားကိုကြားသောအခါ သူ၏ နှုတ်ခမ်းထောင့်စွန်းများ အနည်းငယ် ကွေးညွတ်တက်သွားခဲ့သည်။

ဆရာကြီးသည် အံ့သြသွားသည်ဆိုခြင်းထက် သဘောကျသွားပုံ ရလေ၏။

သူသည် မြေပြင်ပေါ်တွင် ပြုတ်ကျနေသော သူ၏ ဂူသင်္ချိုင်းကျောက်တိုင်အား အဓိပ္ပါယ်ပါပါ တစ်ချက် ကြည့်လိုက်သည်။

အာရန်သည် ထိုအရာအား ဆွဲထုတ်မိခဲ့သည့်အတွက် အနည်းငယ် ရှက်ရွံ့သွားရကာ မဲ့ပြုံးလေးတစ်ခု ပြုံးလိုက်မိသည်။

သူသည် ထိုဆရာကြီး၏ အလောင်းကို ခိုးယူရန် ကြိုးစားနေခြင်းအား ထိုဆရာကြီးမှ ရိပ်မိနေမလားဟု တွေးမိလိုက်၏။

“ဒါဆို မင်းကို ဒီနေရာကို စေလွှတ်လိုက်တာ သူ မဟုတ်ပုံပဲ” ဟု ထို အမည်မသိဆရာကြီးက ထပ်မံပြောလိုက်သည်။

အာရန်သည် ထိုဆရာကြီး အဘယ်ကြောင့် ထိုမျှ သေချာနေရသည်ကို နားမလည်နိုင်ခဲ့ပေ။

အကယ်၍ သူသည်သာ ဓားဧကရာဇ်၏ စေလွှတ်ခြင်းကြောင့် ဤနေရာသို့ ရောက်လာခြင်းဆိုပါက ကွဲပြားသော တုံ့ပြန်မှုတစ်ခုခု ကြုံတွေ့ရနိုင်မလား...။

“ကောင်းပြီလေ။ ဒီရက်ပိုင်း ငါလဲ တော်တော်လေး ပျင်းနေတာ။ ငါ့ရဲ့ အမွေအနှစ်ကို ဆက်ခံဖို့ မင်းကို အခွင့်အရေးတစ်ခု ပေးမယ်”

အမည်မသိဆရာကြီးသည် သူ၏ လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ မြူခိုးများဖြင့် ဖုံးလွှမ်းနေသော ကောင်းကင်သည် ပြန်လည် ကြည်လင်သွားခဲ့သည်။

အာရန်တစ်ယောက် ခေါင်းမော့ကြည့်လိုက်ရာ ယခင်အတိုင်း တည်ရှိမြဲဖြစ်သည့် ကောင်းကင်ရှိ အက်ကွဲကြောင်းကြီးများကို မြင်တွေ့လိုက်ရသည်။

“ကောင်းကင်ပေါ်က ဓားချက်တွေကို မြင်ရတယ်မလား” ဟု ထိုဆရာကြီးမှ မေးလိုက်သည်။

“ဒါဆို အဲဒါတွေက တကယ်ပဲ ဓားချက်တွေပေါ့”

နောက်ဆုံး၌ အာရန်သည် ကောင်းကင်ရှိ အက်ကွဲကြောင်းများမှာ ဓားဖြင့် ခုတ်ခြစ်ထားခြင်း ဖြစ်ကြောင်း သေခြာသွားခဲ့ရသည်။

ယခုအချိန်အထိ ထိုဓားချက်များအား မပျောက်ပျက်အောက် ချန်ထားရစ်နိုင်ရန် ထိုသို့ပြုလုပ်ခဲ့သူသည် မည်မျှခွန်အားကြီးမားသော ပုဂ္ဂိုလ်မျိုး ဖြစ်မည်နည်း။

ထိုသို့ စဉ်းစားမိလိုက်သောအခါ အာရန်၏ ခေါင်းထဲ၌ အမည်တစ်ခုတည်းသာ ပေါ်လာခဲ့သည်။ ၎င်းမှာ ဓားဧကရာဇ် ပင် ဖြစ်လေ၏။

“တကယ်လို့ မင်းသာ ခုကောင်းကင်က ဓားချက်တွေထက် သာလွန်တဲ့ ဓားချက်တစ်ခု ကောင်းကင်ပေါ်မှာ ပြုလုပ်နိုင်ခဲ့မယ်ဆိုရင် ငါ့ရဲ့ အမွေအနှစ် မင်းကို ပေးမယ်။ ဒါပေမဲ့ မင်း ကျရှုံးခဲ့ရင်တော့ ငါ့အဖော်အဖြစ် ဒီမှာ ထာဝရ နေရစ်ခဲ့ရလိမ့်မယ်”

ထိုဆရာကြီးသည် လက်ကို ဆန့်ထုတ်လိုက်ရာ စာရွက်တစ်ရွက် အာရန်၏ ရှေ့တွင် ပေါ်လာခဲ့သည်။

“ဒီသဘောတူညီချက်ကို လက်ခံရင် စာချုပ်ပေါ်မှာ မင်းရဲ့ သွေးတစ်စက် ချလိုက်။ အဲဒီလို လုပ်ပြီးတာနဲ့ ရလဒ်က ဘယ်လိုပဲ ဖြစ်လာပါစေ ဘယ်သူကမှ ဒီစာချုပ်ကို ဖျက်သိမ်းလို့ ရမှာ မဟုတ်ဘူး။ ငါကိုယ်တိုင် ဒီစာချုပ်ကို ဖျက်မယ်ဆိုရင်တောင် ငါ့ရဲ့ စိတ်ဝိညာဉ်က ဘယ်တော့မှ ပြန်လည်ဝင်စားခြင်း မပြုနိုင်တော့ဘဲ ထာဝရ ပျောက်ကွယ်သွားလိမ့်မယ်”

ထိုဆရာကြီးသည် အာရန်အား သဘောတူညီချက်တစ်ခုဖြင့် ကမ်းလှမ်းခဲ့ရုံသာမကဘဲ သူကဲ့သို့ စွမ်းအားကြီးမားသော ကောင်းကင်ဘုံအဆင့် ဝိညာဉ်တစ်ခုကိုပင် ချည်နှောင်နိုင်သည့် ရတနာတစ်ခုကို ထုတ်ပေးခဲ့သည်။

ထိုဆရာကြီးပင် ထိုစာချုပ်အား မဖျက်သိမ်းနိုင်လျှင် သူ့အတွက်ဆိုလျှင် ပို၍ဆိုးရွားပေလိမ့်မည်။

အထူးသဖြင့် သူ အောင်မြင်နိုင်မလား ဆိုသည်ကိုပင် မသိနိုင်သောကြောင့် ဤကဲ့သို့မျိုး စာချုပ်သည် နှစ်ဖက်သွားဓားတစ်ချောင်းနှင့် တူညီလေသည်။

သို့သော်ငြားလည်း အာရန်သည် လက်ချောင်းတစ်ချောင်းကို ကိုက်လိုက်ပြီး ထိုစာရွက်ပေါ်တွင် သွေးစက်တစ်စက် ချလိုက်၏။

ထိုသို့ပြုလုပ်လိုက်ပြီးသည်နှင့် ထိုစာရွက်သည် လေထုထဲတွင် ပျောက်ကွယ်သွားခဲ့သော်လည်း အာရန်သည် ၎င်းစာရွက်၏ တည်ရှိမှုအား သူ၏ အရေပြားပေါ်တွင် ကပ်နေသကဲ့သို့ ခံစားနေရဆဲပင်။

“မင်းမှာ ခုနစ်ရက် အချိန်ရမယ်။ ဒီ ခုနစ်ရက် အတွင်းမှာ မင်း ကြိုက်သလောက် ကြိုးစားခွင့်ရှိတယ်”

ထိုဆရာကြီးသည် လက်ပိုက်လိုက်ပြီး ထိုလူ၏ ဓားကို ရယူနိုင်ခဲ့သော လူငယ်လေး၏ စွမ်းဆောင်ရည်ကို စောင့်ကြည့်နေလိုက်သည်။

အမှန်အတိုင်းဝန်ခံရမည်ဆိုလျှင် အာရန် ဘာလုပ်လုပ် မုချကျရှုံးရမည်အား ၎င်းအနေနှင့် သိနှင့်ပြီးသားဖြစ်၏။

ထို့ကြောင့်ပင် သူသည် လူငယ်အား ဤကဲ့သို့ စမ်းသပ်မှုမျိုး ခွင့်ပြုခဲ့ခြင်း မဟုတ်ပါလား...။

ဓားဧကရာဇ် ကိုယ်တိုင် ဖန်တီးခဲ့သော ဓားချက်များထက် ပိုမိုအားကောင်းသော ဓားချက်တစ်ချက်ကို သူကဲ့သို့ အားနည်းသော လူငယ်တစ်ဦးက မည်သို့များ ဖန်တီးနိုင်ပါမည်နည်း။

အာရန်၌ ဓားဧကရာဇ်အသုံးပြုခဲ့သော ဓားအား ပိုင်ဆိုင်ထားစေဦးတော့ ၎င်းက ထူးခြားမည်မဟုတ်ပေ။

နောက်ဆုံးတွင် မည်မျှအစွမ်းထက်သည့် လက်နက်မျိုး ဖြစ်စေကာမူ ၎င်းအား အသုံးပြုသူ၏ ခွန်အားနှင့်သာ ပို၍ သက်ဆိုင်လေသည်။

‘ခုနစ်ရက် မဟုတ်ဘူး။ ငါ့မှာ သုံးနာရီပဲ အချိန်ရတာ။ ငါသာ သုံးနာရီအတွင်း မပြီးမြောက်နိုင်ရင်....’

အာရန်အတွက်မူ ယခုအချိန်၌ ခုနစ်ရက်နှင့် သုံးနာရီကြား ကွာခြားမှုသည် ကြီးမားခြင်း မရှိတော့ပေ။

အကယ်၍ သူသည် သုံးနာရီအတွင်း ၎င်းတာဝန်ကို မပြီးမြောက်နိုင်ပါက စနစ်၏ ပေးထားသော အချိန်ကန့်သတ်ချက်ကြောင့် နောက်ထပ် ခုနစ်ရက်ထပ်နေလည်း သူ့အတွက် အသုံးမဝင်သောအရာ ဖြစ်သွားပေလိမ့်မည်။

ဤသို့ဖြင့် အာရန်သည် သူ၏ လက်ကို မြှောက်လိုက်ပြီး ဓားဧကရာဇ်၏ ဓားကို ဆင့်ခေါ်လိုက်သည်။

အာရန်၏ လက်မောင်းပေါ်ရှိ ဓားအမှတ်အသားသည် စတင် တောက်ပလာပြီး မကြာမီတွင် ဓားတစ်လက် သူ၏ လက်ထဲ၌ ပေါ်လာခဲ့သည်။

“ငါ ထင်တာ မှန်နေတာပဲ။ ဒါက အဲဒီလူရဲ့ ဓားပဲ”

ဘိုးဘေးဆရာကြီး၏ မျက်လုံးအရောင်သည် အာရန် လက်ထဲရှိ ဓားအား မြင်လိုက်ရချိန်တွင် တစ်ချက် လင်းလက်သွားခဲ့သည်။

ထိုဓားပေါ်ရှိ ခြစ်ရာအချို့သည်ပင် သူ၏ မှတ်ဉာဏ်များထဲမှအတိုင်း တစ်ထေရာတည်း တူညီနေဆဲပင်။

“ဒီကောင်လေးရဲ့ ဝိညာဉ်ကိုသာ ငါ ကျွန်ပြုနိုင်ခဲ့ရင် ဟိုလူဘယ်လိုခံစားသွားရမလဲ ငါတကယ်ပဲ သိချင်မိတယ်။ ဒီအတွက် လိုအပ်တာကတော့ သူ ကျရှုံးဖို့ပဲ။ အဲဒါကလဲ ကောင်လေးအနေနဲ့ ရှောင်လွှဲလို့ ရနိုင်မှာမဟုတ်တဲ့ အရာပဲလေ”

ထိုဆရာကြီးသည် အာရန်တစ်ယောက် ဤစမ်းသတ်မှုကို အောင်မြင်သွားမည်အား အနည်းငယ်မျှပင် ပူပမ်ခြင်း မရှိပေ။

နောက်ဆုံးတွင် ဤမျိုးနွယ်စု၏ လက်ရှိ ခေါင်းဆောင်ကိုယ်တိုင်သည်ပင်လျှင် ဤနယ်မြေ၏ ကောင်းကင်ယံထက်၌ အလားတူ အမှတ်အသားများကို ချန်ထားနိုင်လောက်အောင် ခွန်အား မကြီးမားပေ။

ဤအာရန်ဆိုသူ လူငယ်သည် ထိုမျိုးနွယ်စုခေါင်းဆောင်နှင့် နှိုင်းယှဉ်ဖို့ နေနေသာသာ နတ်ဘုရားတစ်ပိုင်းအဆင့် သို့ပင် မရောက်ရှိသေးချေ။

“မင်း ရှုံးနိမ့်ပြီး ငါနဲ့အတူ နေရစ်ခဲ့ရတဲ့အခါ မင်းရဲ့ လျှို့ဝှက်ချက်တွေ အားလုံးကို ငါ ရှာဖွေနိုင်လိမ့်မယ်။ ထာဝရဆိုတဲ့အချိန်က လူတစ်ယောက်ကို ရူးသွပ်သွားစေဖို့ လုံလောက်တာထက်ပို ပိုပါတယ်။ ဒါကြောင့် ကောင်းကောင်းကြိုးစားနော် ကောင်လေး”

ဘုရင်မျိုးနွယ်စု၏ ဘိုးဘေးတစ်ဦးဖြစ်သူ ဆရာကြီးသည် သူ၏ ဂူသင်္ချိုင်းကျောက်တိုင်ပေါ်တွင် ထိုင်နေရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။

#Catfoot

All Chapters