← Chapters

ကောင်းကင်ယံမှ ပဲ့တင်သံ

Vol. 47 Ch. 673

ကောင်းကင်ယံမှ ပဲ့တင်သံ

Vol. 47 Ch. 673

…..

အာရန်သည် ထိုဆရာကြီး၏ စကားများကို လျစ်လျူရှုလိုက်ပြီး ရှေ့ရှိ စနစ်မျက်နှာပြင်နှင့် သူ၏ စိတ်ထဲတွင် တရွေ့ရွေ့ ကုန်ဆုံးနေသော အချိန်ကိုများကိုသာ အာရုံစိုက်ထားလိုက်သည်။

ယခုအချိန်တွင် ကောင်းကင်ရှိ အမှတ်အသားများမှာ ဓားဧကရာဇ်ကိုယ်တိုင် ချန်ထားခဲ့ခြင်းဖြစ်ကြောင်း သူ့အနေနှင့် ယုံကြည်လက်ခံထားပြီးဖြစ်၏။

ဘုရင်မျိုးနွယ်စု၏ ဘိုးဘေးသည် ထိုဓားချက်များ အကြောင်းကို ကောင်းစွာသိရှိပြီးဖြစ်ပေလိမ့်မည်။

အကယ်၍ သူသည်သာ ထိုဓားချက်များထက်ပိုမိုသာလွန်သော ဓားချက်အား ဖန်းတီးလိုမည်ဆိုလျှင် သူ၏ လက်ရှိ ခွန်အားအရာတစ်ခုတည်းအပေါ်တွင်သာ မှီခိုအားထား၍ မည်သို့မျှ မဖြစ်နိုင်ပေ။

ဓားဧကရာဇ်၏ ဓားချက်များသည် ရိုးရှင်းသော ပြင်ပခွန်အားသက်သက်ဖြင့် ပေါ်ပေါက်လာခြင်းမျိုးမဖြစ်နိုင်ချေ။

၎င်းတို့သည် သူ၏ ဓားပညာဆိုင်ရာ ထိုးထွင်းသိမြင်မှုနှင့် ဆက်စပ်နေပြီး ဤနယ်မြေကြီးတစ်ခုလုံး၏ ဖွဲ့စည်းတည်ဆောက်ပုံကိုပင် အမာရွတ်ထင်စေနိုင်လောက်အောင် နက်ရှိုင်းသော သဘောတရားများအား နားလည်ထားမှ ဖြစ်ပေလိမ့်မည်။

‘သူ့ထက်သာလွန်ရမယ်...’

အာရန်သည် ကောင်းကင်ရှိ ရှေးဟောင်းဓားချက်ရာများကို စိုက်ကြည့်ရင်း တွေးလိုက်၏။

‘တူညီတဲ့အဆင့်တင်မက ဘူး... သူတို့ထက်သာလွန်ရမယ်’

၎င်းသည် သူ့အဆင့်နှင့် လုံးဝ ရယ်စရာကောင်းသော တောင်းဆိုချက်တစ်ခု ဖြစ်နေပုံပင်။

လက်ရှိ ဘုရင်မျိုးနွယ်စု ခေါင်းဆောင်ကြီးပင် မလုပ်ဆောင်နိုင်သော အရာကို သူ့ကဲ့သို့ သာမန်လူသားတစ်ဦးက အဘယ်သို့များ လုပ်ဆောင်နိုင်ပါမည်နည်း။

သို့သော် သူ့တွင် အခြားရွေးချယ်စရာ မရှိပေ။

ထို့ပြင် သူ့၌ ဆင်းသက်ခြင်း အစွမ်းအား ရရှိနိုင်ရန်အတွက် သုံးနာရီတည်းဟူသော ကန့်သတ်ချက်သည်လည်း သူ၏ ဦးခေါင်းထက်တွင် ဓားတစ်စင်းအလား တဝီဝီ ရစ်ဝဲလျက်ရှိ၏။

ဤနေရာတွင် ကျရှုံးခြင်းသည် ထိုဆရာကြီးထံတွင် သူ့ကိုယ်သူ ထာဝရ ဆုံးရှုံးသွားရုံသာမက စနစ်၏ ပေးအပ်ထားသည့် တာဝန်ကိုပါ ကျရှုံးသွားရပေလိမ့်မည်။

၎င်း၏ အကျိုးဆက်များသည် လွန်စွာပင် ပြင်းထန်လွန်းနေခဲ့၏။

အာရန်သည် သူ၏ ရွှေလက်ချောင်းစနစ်ကလေးအား အဆုံးရှုံးမခံလိုပေ။ ထိုအတွက်ကြောင့် သူသည် ဤတာဝန်ကို မဖြစ်မနေအောင်မြင်မှ ရပေလိမ့်မည်။

ထို့ပြင် သူသည် အချိန်မီ လုပ်ဆောင်ရဦးမည်ဖြစ်၏။

အာရန်သည် ဓားဧကရာဇ်၏ ဓားချက်များထက်ပိုမိုသာလွန်သော ဓားချက်အား ဖန်တီးနိုင်မည်ဟု တွေးထင်ရလောက်အောင် မိုက်မဲသူတစ်ဦးတော့ မဟုတ်ပေ။

အနည်းဆုံးတော့ သုံးနာရီအတွင်း ထိုသို့ လုပ်ဆောင်ရန် မဖြစ်နိုင်ပေ။

ဓားဧကရာဇ်အား ကျော်ဖြတ်နိုင်ရန် သူသည် နှစ်ပေါင်းများစွာ သို့မဟုတ် ဆယ်စုနှစ်များစွာ အတွေ့အကြုံများ လိုအပ်လေသည်။

ထိုသို့ဆိုပါက သူ့အနေနှင့် အဘယ့်ကြောင့် ဤစိန်ခေါ်မှုကို လက်ခံခဲ့ပါသနည်း။ အာရန်အတွက်မူ ထိုအဖြေသည် ရိုးရှင်းလေသည်။

သူမလုပ်ဆောင်နိုင်သော အရာတစ်ခုအတွက် အဘယ်ကြောင့် အပင်ပမ်းခံနေမည်နည်း။

အနည်းငယ် ကလိန်ကကျစ် ကျလိုက်ရုံသာရှိသည် မဟုတ်ပါလား....။

ထာဝရပဲ့တင်သံ အစွမ်းကို နောက်ထပ် ပြန်လည်အသုံးပြုနိုင်မည့် အချိန်သတ်မှတ်ချက်သည် ပြန်လည် ပြည့်သွားခဲ့ပြီဖြစ်၏။

အာရန်သည် သူ၏ ကံကြမ္မာမှာ ဤတစ်ကြိမ်၌ ကောင်းမွန်နေဦးမလားဆိုသည်ကို မသေခြာနေသော်လည်း ဤအရာသည် သူစဥ့်စားမိသမျှထဲတွင် အကောင်းဆုံး ရွေးချယ်မှုပင် ဖြစ်သည်။

အကယ်၍ သူသည် အနာဂတ်အာရန်အား ဆင့်ခေါ်ရာတွင် ကျရှုံးခဲ့မည်ဆိုလျှင်ပင် အများဆုံး သူ၏ မိနစ်အနည်းငယ်လောက်သာ ဆုံးရှုံးသွားမည်ဖြစ်သည်။

အကယ်၍ ထာဝရပဲ့တင်သံ အစွမ်းဖြင့် မလုပ်မဖြစ်ခဲ့ပါက သူ့အနေဖြင့် အခြားနည်းလမ်းများကို အချိန်မရွေး စဉ်းစားနိုင်သေးသည်မဟုတ်ပါလား....။

ထို့ပြင် မည်သို့မျှ စဥ့်စား၍မရတော့လျှင် မေးခွန်းဘောက်ချာတစ်ခုအား အသက်သွင်း၍ စာရေးဆရာဆိုသူအား အကူအညီတောင်းခံနိုင်သည့် အခွင့်အရေးမျိုးပင် သူ့၌ ရှိနေသေးသည်မဟုတ်ပါလော...။

အာရန်သည် အသက်ကို ခပ်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီးနောက် မျက်လုံးများကို မှိတ်လိုက်သည်။

သူသည် လက်ထဲရှိ ဓားကို ချက်ချင်း ဝှေ့ယမ်းရန် မကြိုးစားပေ။

ယင်းအစား သူသည် ဓားကို အာရုံခံကြည့်ရန်သာ ကြိုးစားလိုက်သည်။

အာရန်၏ စိတ်သည် အမှန်တကယ် အလွန်အမင်း လှုပ်ရှားနေခဲ့သော်လည်း အပြင်၌မူ အလွန်အာရုံစူးစိုက်နေဟန်မြင်နေရမည်ဖြစ်သည်။

အာရန်သည် ဓားထဲတွင် ကိန်းအောင်းနေသော ဓားဧကရာဇ်၏ မှိန်ဖျော့ဖျော့ အရှိန်အဝါတစ်ခုနှင့်အတူ ဓား၏ စိတ်ဆန္ဒ၊ မရေမတွက်နိုင်သော တိုက်ပွဲများ၏ ပဲ့တင်သံများကို အာရုံစိုက်ထားလိုက်သည်။

ဘုရင်မျိုးနွယ်စု၏ ဘိုးဘေးဆရာကြီးသည် အာရန်အား စိုက်ကြည့်နေခဲ့သည်။ “အာရုံစူးစိုက်နေရုံနဲ့ မင်းနဲ့ အဲဒီလူကြားက ကွာဟချက်ကို ကျော်လွန်နိုင်မယ်လို့ တကယ်ပဲ ထင်နေတာလား”

ဓားဧကရာဇ်၏ ဓားသည် အာရန်အား အသိအမှတ်ပြုထားသည်ဆိုလျှင်ပင် ၎င်းသည် ယခင်ဓားဧကရာဇ်ကဲ့သို့ ထိတ်လန့်ဖွယ်အဆင့်ထိ မည်သည့်နည်းနှင့်မျှ ရောက်ရှိနိုင်စရာ အကြောင်းမရှိပေ။

အာရန်သည် သူ၏ လက်ထဲရှိ ဓားသည် အမှန်တကယ်ပင် ယခင်ကန့်သတ်ချက်များအား ကျော်လွန်အောင် ကူညီပေးနိုင်သော ရတနာပစ္စည်းတစ်ခု ဖြစ်ကြောင်း ခံစားမိလိုက်သည်။

သို့သော် အာရန်သည် မိမိကိုယ်ကို သန်မာစေရန် တမင်သက်သက်ပြုလုပ်နေခြင်းမျိုး မဟုတ်ပေ။

အာရန်သည် စနစ်မျက်နှာပြင်ကို ဖွင့်ပြီး ထာဝရပဲ့တင်သံအစွမ်းကို အသုံးပြုရန် ပြင်ဆင်နေချိန်တွင် အာရုံစူးစိုက်ဟန်ဆောင်နေလိုက်ခြင်းသာ ဖြစ်၏။

သို့သော် မတိုင်မီမှာပင် သူ၏ အခွင့်အလမ်းများကို တိုးမြင့်စေရန် အခြားအရာတစ်ခု လိုအပ်နေသေးသည်။

ငရဲ၌ ရှိနေစဉ်က သူသည် သေးငယ်သော်လည်း အရေးပါသော ဆုလာဘ်တစ်ခုကို ရရှိခဲ့ဖူးသည်။

၎င်းသည် သူ၏ ကံတရားကို ခေတ္တခဏ မြှင့်တင်ပေးနိုင်သော ကံကောင်းခြင်းဆေးရည် ဟု ခေါ်သော အရာပင်ဖြစ်၏။

ထာဝရပဲ့တင်သံအစွမ်း၏ အောင်မြင်နိုင်ချေကို သေချာစေရန် သူသည် ဘိုးဘေးဆရာကြီးဘက်သို့ ကျောပေးထားလိုက်ပြီး ကံကောင်းခြင်းဆေးရည်ကို မသိမသာ ထုတ်ယူ၍ သောက်သုံးလိုက်သည်။

၎င်းသည် အုန်းရည် အရသာနှင့် အနည်းငယ်ဆင်တူနေသော်လည်း ပမာဏအနည်းငယ်သာ ပါဝင်သောကြောင့် သိပ်တော့ အာရုံမခံနိုင်ခဲ့ပေ။

ထိုဆေးရည်အား သောက်ပြီးသွားသော်လည်း အာရန်၏ ခန္ဓာကိုယ်ထဲတွင် မည်သည့် အပြောင်းအလဲမှ မခံစားရပေ။

သူ၏ စနစ် ဖန်သားပြင်တွင်လည်း ပြောင်းလဲမှုမရှိဘဲ ယခင်အတိုင်း အတူတူပင်။

သူ အလိမ်ခံလိုက်ရတာလား....။

အာရန်၏ ခေါင်းထဲသို့ ထိုအတွေးမျိုး ရုတ်တရက် ဝင်လာသော်လည်း သူသည် စနစ်ကို ယုံကြည်ရန်သာ ဆုံးဖြတ်လိုက်သည်။

ဘိုးဘေးဆရာကြီး၏ အနီးတွင် ဤကဲ့သို့သော အရာမျိုးကို အသုံးပြုခြင်းသည် အန္တရာယ်များသည်မှာ မှန်သော်လည်း ဤအခြေအနေကို ကိုင်တွယ်ဖြေရှင်းရန် သူ၏ အခြားတစ်ဖက်ဖြစ်သော အနာဂတ်အာရန်ကို လက်လွှဲထားနိုင်မည်ဟု ယုံကြည်နေဆဲပင်။

ထို့နောက် အာရန်သည် စကားလုံးအချို့ကို တိုးတိုးလေး ရွတ်ဆိုလိုက်၏။

“ထာဝရပဲ့တင်သံ”

ထိုစဥ် “တစ်ပတ် မပြောနဲ့... မင်းကို အချိန်တစ်နှစ်ပေးရင်တောင် မင်း ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး။ ဒ့ါကြောင့် ချက်ချင်း အရှုံးပေးပြီး အမှန်တရားကို လက်ခံလိုက်ရင် ဘယ်လိုလဲ” ဟုဘိုးဘေးဆရာကြီးမှ အာရန်အား မေးလိုက်သည်။

ထို ဆရာကြီး၏ နှုတ်ခမ်းပေါ်တွင် တည်ငြိမ်ပြီး ထူးဆန်းသော အပြုံးတစ်ခုရှိနေခဲ့၏။

သူ၏ ဘဝတစ်သက်တာတွင် မရေမတွက်နိုင်သော ဉာဏ်ကြီးရှင်များကို မြင်တွေ့ခဲ့ဖူးပြီးဖြစ်သည်။

၎င်းတို့အားလုံးတွင် တူညီသည့် တစ်ခုတည်းသော ပြဿနာမှာ ၎င်းတို့သည် အမြဲတမ်း မိမိကိုယ်ကို အရမ်းယုံကြည်မှုလွန်းကဲလျက်ရှိတတ်ကြပြီး ၎င်းတို့၏ အကန့်အသတ်ကို ဘယ်တော့မှ ဂရုမစိုက်ကြခြင်းပင်။

သူ့အတွက် ယခုအာရန်ဆိုသည့် လူငယ်သည်လည်း အတူတူပင် ဖြစ်လေသည်။

လူငယ်သည် အရည်အချင်း အတော်အသင့်ရှိသည်ဆိုလျှင်ပင် မိုးနှင့် မြေ ဆိုသော ပမာဏ ကွာခြားချက်ကို သိနိုင်မည်မဟုတ်ပေ။

ပြီးလျှင် လူငယ်အား ဤဓားကို ပေးအပ်ခဲ့သောပုဂ္ဂိုလ်သည် ယခုအချိန်ထိ မည်သူမျှ မကျော်ဖြတ်နိုင်သော တောင်တစ်လုံးကဲ့သို့ ထီးထီးမားမားရပ်တည်နေသော ပုဂ္ဂိုလ်တစ်ဦးဖြစ်လေ၏။

ဘိုးဘေး ဆရာကြီး၏ အမြင်တွင် နောက်ထပ်မည်သည့် ဂျူနီယာ မျိုးဆက်သစ်များကမှ ဓားဧကရာဇ်နှင့် ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။

သူကိုယ်တိုင် ဆက်လက် အသက်ရှင်သန်နေကာ သူ၏ ယခင်ခွန်အားကို အပြည့်အဝ အသုံးချနိုင်မည်ဆိုလျှင်ပင် ဓားဧကရာဇ်၏ ဓားချက်များထက် ပိုမိုကောင်းမွန်သော ဓားချက်များကို ဖန်တီးနိုင်ဦးမည်မဟုတ်ပေ။

ဓားဧကရာဇ်သည် သူရင်ဆိုင်ခဲ့ရသမျှ ပုဂ္ဂိုလ်များထဲတွင် အတော်ဆုံး၊အကောင်းဆုံး ဓားသမားတစ်ဦးအဖြစ် အသိအမှတ်ပြုထားသော တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်၏။

ဤကောင်လေးသည် ထိုဓားအား မည်သည့်နည်းဖြင့် ရယူနိုင်ခဲ့ပါစေ ကျရှုံးရန်မှာ အချိန်တစ်ခုသာ လိုပေလိမ့်မည်။

“ဟင်”

ဘိုးဘေးဆရာကြီးသည် စိတ်ကျေနပ်စွာ ထိုင်ကြည့်နေစဉ် ရုတ်တရက် တစ်စုံတစ်ရာအား အာရုံခံ မိလိုက်သည်။

လူငယ်၏ ခန္ဓာကိုယ် ပတ်လည်ရှိ အော်ရာသည် ရုတ်တရက် ပြောင်းလဲသွားသကဲ့သို့ ခံစားလိုက်ရသည်။

၎င်း၏ လက်ထဲရှိ ဓားသည် အကြောင်းပြချက်အချို့ကြောင့် စတင် တုန်ခါလာသည်။ ၎င်းကို ကိုင်ဆောင်ထားသူ၏ ထိန်းချုပ်မှုကို တွန်းလှန်နေသောကြောင့် တုန်ခါနေခြင်း မျိုး မဟုတ်ပေ။ ယင်းအစား ဓားသည် တစ်စုံတစ်ခုကို ကြောက်ရွံ့နေခြင်းနှင့် ပို၍ ဆင်တူလေသည်။

“မင်း...”

ဘိုးဘေးဆရာကြီးသည် တစ်စုံတစ်ရာ ဝင်ပြောရန် ပြင်လိုက်သော်လည်း အာရန်သည် ရုတ်တရက် ယခင်နှင့်မတူ‌တော့ပဲ လုံးဝလူသစ်တစ်ဦးအာလားပြောင်းလဲသွားခဲ့၏။

ဓားဧကရာဇ်၏ ဓားသည် ရုတ်တရက် သူ့ ဝိညာဉ်၏ အစိတ်အပိုင်းတစ်ခုသဖွယ် ဖြစ်သွားခဲ့သည်။

အနာဂတ် အာရန်သည် သူ၏ လက်ရှိမာနာစွမ်းအင် ရှိသမျှနှင့် အခြား နားလည်သဘောပေါက်ထားသော သဘောတရားများအားလုံးအား ဓားထဲသို့ ထည့်သွင်းလိုက်သည်။

မကြာမီ ထိုဓားအား ကောင်းကင်ဆီသို့ ဦးတည်ပြီး ဝှေ့ယမ်းလိုက်သည်။

ဓားသည် အထွတ်အထိပ် ဓားသမားတစ်ဦး၏ မြင့်မြတ်သည့် ပုံစံမျိုးမဟုတ်တော့ပဲ ကြမ်းတမ်းပြီး ရိုင်းစိုင်းသော ဒေါသတရားဖြင့် ကောင်းကင်ပြင်အား ပိုင်းဖြတ်လိုက်သည်။

ထိုနယ်မြေရှိ ရှေးဟောင်း ချိတ်စည်းအမှတ်အသားများသည် တဖြည်းဖြည်းပိုမို ပါးလွှာလာခဲ့ကာ သေးငယ်သော ငွေရောင်အလင်းတန်းငယ်တစ်ခုသည် ကောင်းကင်တစ်ခွင်၌ စတင် ဖြစ်ပေါ်လာခဲ့၏။

“ဘာတွေဖြစ်ကုန်တာလဲ...”

ဘုရင်မျိုးနွယ်စု၏ ဘိုးဘေးဆရာကြီးသည် အသက်ဓါတ် ကင်းမဲ့နေခဲ့သော ကောင်းကင်ယံ၌ လခြမ်းသဏ္ဍာန်တစ်ခု ပေါ်လာနေသည်ကို မြင်လိုက်ရပြီးနောက် မနေနိုင်တော့ဘဲ မတ်တတ်ထရပ်လိုက်မိသည်။

#Catfoot

All Chapters