အိမ်ပြန်ရောက်တဲ့ခံစားချက်
Vol. 47 Ch. 678
…..
သန့်စင်ပရောဟိတ်မသည် သန့်စင်အင်ပါယာ၏ လက်ကျန်အင်အားစုများအပေါ် အနည်းငယ်မျှပင် သနားညှာတာမှု မပြခဲ့ပေ။
ဤတိုက်ပွဲတစ်လျှောက်လုံးတွင် သန့်စင်အင်ပါယာအပေါ် သစ္စာခံထားသူ အားလုံးနီးပါးသည် အနောက်ဘက်တိုက်ကြီး၏ အနာဂတ် တည်ငြိမ်ရေး ခေါင်းစဉ်အောက်တွင် အသတ်ခံခဲ့ရ၏။
သန့်စင်ပရောဟိတ်မဘက်မှ ပါဝင်တိုက်ခိုက်နေကြသူများထဲမှ အများစုသည်ပင် ဤနည်းလမ်းအား အနည်းငယ် ရက်စက်လွန်းသည်ဟု ယူဆမိကြသော်လည်း ၎င်းသည် မဖြစ်မနေ လုပ်ဆောင်ရမည့် အရာတစ်ခုအဖြစ်လည်း လက်ခံထားခဲ့ကြသည်။
ဤသည်မှာ သန့်စင်ပရောဟိတ်မ ထမ်းရွက်ရမည့် ဝန်ထုပ်ဝန်ပိုးများဖြစ်နေခဲ့ကာ သူမသည် အနောက်ဘက်တိုက်ရှိပြည်သူများအတွက် လိုလိုလားလားပင် လုပ်ဆောင်နေခြင်းဖြစ်မည်ဟုလည်း နားလည်ထားကြ၏။
ဤသို့ဖြင် အာရန် ကိုယ်ပွား၏ တောင်းဆိုမှုများသည် သဲထဲရေသွန် ဖြစ်သွားခဲ့ရသည်။ သန့်စင်ပရောဟိတ်မသည် သန့်စင်ဧကရာဇ်နှင့် သူ၏ ညီတော်အား သေဒဏ်ချမှတ်လိုက်ပြီးဖြစ်သည်။
“ဒီကိစ္စက ပုဂ္ဂိုလ်ရေးကြောင့် မဟုတ်ဘူးနော်”
မြောက်ဘက်တိုက်မှ ကမ္ဘာကူးပြောင်းလာသူသည် သန့်စင်ဧကရာဇ်အား သတ်ဖြတ်ရန်အတွက် အနားသို့ လျှောက်လာရင်းပြောလိုက်၏။
သူသည် ဤတိုက်ပွဲအတွင်း သန့်စင်ပရောဟိတ်မအတွက် အကြီးမားဆုံး အကူအညီ ပေးခဲ့သူလည်းဖြစ်လေသည်။
ဤမျှ စွမ်းအားကြီးမားသော ပုဂ္ဂိုလ်တစ်ဦးသည် သန့်စင်ပရောဟိတ်မအား ကူညီရန် အဘယ်ကြောင့် သဘောတူခဲ့သည်ကိုမူ မည်သူမျှ မသိနိုင်ခဲ့ပေ။
အချို့က သူသည် သန့်စင်ပရောဟိတ်မအား ချစ်မိသွားသောကြောင့်ဟု ဆိုကြသည်။ အချို့ကမူ သူသည် မြောက်ဘက်တိုက်ကြီးမှ လာသူဖြစ်ပြီး ပရောဟိတ်မက သူ့အား မြောက်ဘက်တိုက်ကြီးကို ပြန်ပေးမည်ဟု ကတိပြုထားသောကြောင့်ဟု ထင်ကြ၏။
လက်ရှိအချိန်တွင် မြောက်ဘက်တိုက်ကြီးအား ပြန်လည် ဆင့်ခေါ်ခြင်း မခံရသေးသော သန့်စင်ဧကရာဇ်၏ တပ်ဖွဲ့အချို့က ထိန်းချုပ်ထားလေသည်။
မြောက်ဘက်တိုက်မှ ကမ္ဘာကူးလာသူသည် ထိုတပ်ဖွဲ့အားလုံးကို လွယ်ကူစွာ သုတ်သင်နိုင်စွမ်းရှိနေသော်လည်း သန့်စင်ဧကရာဇ် ရှိနေသရွေ့ သူ့အား အေးအေးချမ်းချမ်း နေခွင့်ပေးမည် မဟုတ်ကြောင်း သေချာနေခဲ့သည်။
ထို့ကြောင့် ပြဿနာ၏ အကျိုးဆက်များကို လိုက်လံ ဖြေရှင်းနေမည့်အစား အရာအားလုံး၏ မူလဇာစ်မြစ်ဖြစ်သော သန့်စင်ဧကရာဇ်အား ရှင်းလင်းပစ်ရန် အနောက်ဘက်တိုက်ကြီးသို့ ရောက်လာခဲ့ခြင်း ဖြစ်၏။
လမ်းတစ်လျှောက်တွင် သူ၏ အဓိက ရည်မှန်းချက်တစ်ခုမှာ ခွန်အားပိုမိုကြီးမားလာရန်အတွက် အကြိမ်ပေါင်းများစွာ အသတ်ခံရရန်လည်း ဖြစ်သည်။
ထို့ပြင် နောက်ထပ်တစ်ချက်မှာ သန့်စင်ဧကရာဇ်သည် နစ်ခရိုမန်ဆာ မျှော်စင်သခင်ကိုပင် သတ်ဖြတ်နိုင်ခဲ့သူ တစ်ဦးဖြစ်လေသည်။
ထိုကဲ့သို့လူမျိုး၏ လက်ထဲတွင်သာ သေဆုံးခဲ့ပါက သူ့အနေနှင့် ခွန်အားအဆမတန် တိုးလာမည်ဟု မျှော်လင့်မိခဲ့သည်။
“နစ်ခရိုမန်ဆာမျှော်စင်သခင်ကိုတောင် သတ်နိုင်ခဲ့တဲ့သူဆိုတော့ ခင်ဗျား ကျုပ်ကို အနည်းဆုံး တစ်ကြိမ်လောက်တော့ သတ်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားခဲ့တာ။ ခုတော့ ကျုပ် တော်တော်လေး စိတ်ပျက်မိသွားပြီ။ ခင်ဗျားကိုခုလို လူကိုယ်တိုင် သေချာတွေ့ရတော့လည်း ဘာမှလည်း မဟုတ်ပါလား”
ငွေရောင်ဆံပင်နှင့် လူငယ်သည် အာရန်၏ ကိုယ်ပွားအား လည်ပင်းမှနေ၍ ဆွဲကိုင်လိုက်ပြီး လေပေါ်သို့ မတင်လိုက်သည်။
“ခင်ဗျားက ကျုပ်ကို နည်းနည်းလေးတောင်ပိုမိုသန်မာလာအောင် မလုပ်ပေးနိုင်တော့ဘူးထင်တယ် ဒီခရီးစဥ်က တကယ့်ကို နှမြောစရာပဲ။ နစ်ခရိုမန်ဆာမျှော်စင်သခင်ကို သတ်တုန်းက ခင်ဗျား ဘယ်လို လှည့်ကွက်တွေ သုံးခဲ့လဲဆိုတာ ကျုပ်တကယ်ပဲ သိချင်မိတယ်”
သူသည် လက်ကို အနည်းငယ် အားထပ်စိုက်လိုက်ပြီး အာရန်၏ ကိုယ်ပွားအား လည်ပင်းညှစ်သတ်ရန် ပြင်ဆင်လိုက်၏။
ထိုအချိန်မှာပင် အာရန်၏ ကိုယ်ပွားသည် သန့်စင်ဧကရာဇ်၏ ညီတော်ဖြစ်သူအား လှမ်းကြည့်လိုက်သည်။
ဓားတစ်လက်သည် ထိုလူငယ်၏ လည်ဂုတ်နှင့် လက်မအနည်းငယ်အကွာတွင် ရောက်ရှိနေပြီ ဖြစ်၏။
အာရန် ကိုယ်ပွားသည် သူ၏ မျက်လုံးများကို မှိတ်လိုက်သည်။ သူ၏ အားနည်းလွန်းသော ခန္ဓာကိုယ်သည် ဤဒဏ်ကို မခံနိုင်တော့သဖြင့် အချိန်မရွေး ပျောက်ကွယ်သွားနိုင်ကြောင်း ခံစားမိလိုက်သောကြောင့်ပင်။
“မင်း လုပ်ဆောင်ခဲ့တာတွေ တကယ်ကောင်းတယ်”
ထိုစဥ် အသံတစ်သံသည် အာရန် ကိုယ်ပွား၏ နားထဲသို့ ရုတ်တရက် ရောက်ရှိလာသဖြင့် ကိုယ်ပွားသည် မျက်လုံးများကို ချက်ချင်း ဖွင့်ကြည့်လိုက်မိသည်။ ထိုအသံသည် သူနှင့် အလွန် ရင်းနှီးလွန်းနေသည်။
၎င်းသည် သူ ဘယ်တော့မှ မမေ့နိုင်သော အသံလည်းဖြစ်လေ၏။
၎င်းသည် သူ၏ အစစ်အမှန် ခန္ဓာကိုယ်ပိုင်ရှင်၏ အသံပင်ဖြစ်သည်မဟုတ်ပါလော...။
သူ၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် ခံစားနေခဲ့ရသော နာကျင်မှုများသည် ရုတ်တရက် ယူပစ်သလို ပျောက်ကွယ်သွားခဲ့၏။
ငွေရောင်ဆံပင်နှင့် လူငယ်လေး၏ မျက်နှာပေါ်တွင် အံ့အားသင့်နေသော အမူအရာများကို သူ့အနေနှင့်နောက်ဆုံး မြင်တွေ့လိုက်ရသည်။
ထို့နောက် ထူးဆန်းသော အင်အားတစ်ခုက သူ၏ ခန္ဓာကိုယ်အား ညင်သာစွာ ရစ်ပတ်လိုက်ပြီး တစ်နေရာရာသို့ ဆွဲယူသွားသည်အား ခံစားလိုက်ရသည်။
သူ၏ ပတ်ဝန်းကျင်မြင်ကွင်းများသည် လုံးဝ ဝေဝါးသွားပြီး မကြာမီ မည်သည့်အရာကိုမျှ မမြင်ရတော့ပေ။
ထိုထူးဆန်းသော ဖြစ်ရပ်သည် စက္ကန့်ပိုင်းမျှသာ ကြာမြင့်ခဲ့ပြီး ချက်ချင်း ပြန်လည် ပျောက်ကွယ်သွားခဲ့၏။
သူ၏ အမြင်အာရုံများ ပုံမှန် ပြန်ဖြစ်လာသောအခါ သူ၏ ပတ်ဝန်းကျင်သည် လုံးဝ ကွဲပြားခြားနားသွားကြောင်း သတိပြုမိလိုက်သည်။
အံ့သြစရာကောင်းသည်မှာ သူသည် သန့်စင်အင်ပါယာတွင် ရှိမနေတော့ခြင်းပင်။ လေထုထဲရှိ အော်ရာစွမ်းအင်များသည် ယခင်ထက် အဆပေါင်းတစ်ထောင်ခန့် ပိုမို သိပ်သည်းနေပြီး ၎င်းသည် အောက်ကမ္ဘာရှိ အထူးသီးသန့် နယ်မြေအချို့၌ပင် တွေ့ရှိရန် မဖြစ်နိုင်ပေ။
“ဒါ..ဒါက အထက်ကမ္ဘာလား” သူသည် အံ့အားသင့်စွာ ရေရွတ်လိုက်မိသည်။
သူ့တွင် မေးခွန်းများစွာ ရှိနေသော်လည်း အာရန်၏ အသံကို ထပ်မံ၍ မကြားရတော့ပေ။
ယင်းအစား သူ့အား အထက်ကမ္ဘာတွင် ပုန်းအောင်းနေထိုင်ရန် ပြောလိုက်သော ဝိညာဉ်ဘုရင်မ၏ အသံကိုသာ ကြားလိုက်ရသည်။
ကိုယ်ပွားသည် အာရန် အစစ်အမှန် မဟုတ်ပေ။
သို့သော် သူသည် အာရန်ကဲ့သို့ပင် ရုပ်ရည်သွင်ပြင်ကိုသာမက အော်ရာကိုပါ ပြောင်းလဲနိုင်စွမ်းရှိလေသည်။
အကယ်၍ တစ်စုံတစ်ယောက်မှ အစစ်အမှန်အာရန်အား ရှာဖွေနိုင်သည့် နည်းလမ်းများရှိနေခဲ့လျှင်ပင် ယခု ကိုယ်ပွားကိုမူ ရှာတွေ့ရန် မလွယ်ကူပေ။
အနည်းဆုံး အစစ်အမှန် အာရန်အနေနှင့် သူ၏ ကိုယ်ပွားအား အထက်ကမ္ဘာသို့ ပို့ဆောင်ရန် စီစဉ်စဉ်က ထိုသို့ တွေးထားခဲ့ခြင်း ဖြစ်သည်။
အာရန်ကိုယ်တိုင်သည် ဟင်းလင်းပြင်ခရီးသွားလာခြင်းမျိုး ပြုလုပ်ရန် မဖြစ်နိုင်တော့သောကြောင့် သူ့အနေနှင့် ကိုယ်ပွားများနှင့် နေရာချင်း လဲလှယ်မှုပြုလုပ်သော နည်းလမ်းကိုသာ အသုံးပြုနိုင်တော့မည်ဖြစ်သည်။
အကယ်၍ သူသည် အထက်ကမ္ဘာသို့ ချက်ချင်း ပြန်သွားချင်သည်ဆိုပါက ချက်ချင်း တံခါးဖွင့်ပေးမည့်သူ တစ်ဦး လိုအပ်နေသည်မဟုတ်ပါလာ....။
ထို့ကြောင့် အထက်ကမ္ဘာတွင် ကိုယ်ပွားတစ်ဦး ရှိနေရန်လည်း လိုအပ်လေသည်။
သူ၏ အနာဂတ်စိတ်ဝိညာဥ်သည် အထက်ကမ္ဘာသို့ ဤအချိန်အတောအတွင်း ပြန်မလာရန် အသေအခြာမှာကြားထားသော်လည်း အာရန်သည် မရေရာသော အနာဂတ်အတွက် ပြင်ဆင်မှုများ မပြုလုပ်ဘဲ နေရမည်ဟု မဆိုလိုပေ။
ထို့ပြင် အာရန်သည် ငရဲဘုံသို့ပင် ကိုယ်ပွားတစ်ဦး စေလွှတ်၍ မိခင်ကမ္ဘာမြေသို့ သွားရောက်နိုင်သော ဂိတ်တံခါးပေါက် အခြေအနေအား စစ်ဆေးကြည့်စေလိုခဲ့၏။
သို့သော် ထိုမတိုင်မီ သန့်စင်အင်ပါယာနှင့် မိစ္ဆာဂိုဏ်းရှိ အခြေအနေများကို တည်ငြိမ်သွားအောင် အရင်ဦးဆုံး လုပ်ဆောင်ရဦးမည်ဖြစ်သည်။
အာရန် ကိုယ်ပွားတွင် မေးခွန်းများစွာ ရှိနေသော်လည်း ဝိညာဉ်ဘုရင်မ၏ စကားကိုသာ ငြိမ်ငြိမ်လေး နားထောင်နေခဲ့သည်။
သူသည် ဤအခြေအနေမှ အသက်ရှင် လွတ်မြောက်လာနိုင်ခဲ့ခြင်းအတွက် လွန်စွာ ဝမ်းသာနေမိ၏။
ထို့ပြင် အစစ်အမှန် အာရန် ကိုယ်တိုင် သန့်စင်အင်ပါယာသို့ ပြန်ရောက်နေပြီ ဖြစ်သဖြင့် သူ့အနေနှင့် မည်သည့်အရာမျှ စိတ်ပူစရာ မလိုတော့ပေ။
“သူ ပြန်လာဖို့ ဆုံးဖြတ်လိုက်ကတည်းက သူ့မှာ အစီအစဉ်တစ်ခု ရှိပြီးသား ဖြစ်မှာပဲ။ သူပုန်တွေဒီတစ်ခါတော့ နားကားပြီ ထင်တယ်”
ကိုယ်ပွားသည် မဲ့ပြုံးလေးတစ်ချက် ပြုံးလိုက်ပြီးနောက် သူ၏ မျက်နှာသွင်ပြင်သည် ရုတ်တရက် စတင် ပြောင်းလဲသွားတော့သည်။
အစစ်အမှန်အာရန် ထံမှ အစီအစဉ်များကို ဝိညာဉ်ဘုရင်မထံမှ သိရှိလိုက်ပြီးသည်နှင့် ကိုယ်ပွားသည် ထိုနေရာမှ စတင် ထွက်ခွာသွားတော့သည်။
....
ဘုန်းတော်ကြီးတစ်ဦးသည် သူ၏ လက်တွင်းမှဓားကို ဝှေ့ယမ်းလိုက်ပြီး သန့်စင်ဧကရာဇ်၏ ညီတော် ယူရီယယ်၏ လည်ပင်းအား ခုတ်ပိုင်းချလိုက်သည်။
ယူရီယယ် သည် အရာအားလုံး ပြီးဆုံးသွားပြီဟု ခံစားလိုက်မိသည်။
ထိုစဥ်မှာပင် ရုတ်တရက် လေပြေလေးတစ်ခုသည် သူ၏ ခန္ဓာကိုယ်အား ဝေ့ဝိုက်၍ တိုက်ခတ်သွားသည်ဟု ခံစားလိုက်ရသည်။
သူ မျှော်လင့်ထားသော နာကျင်မှုမျိုး ရောက်မလာခဲ့ပေ။ ယင်းအစား သူ့ကို သတ်ရန် ကြိုးစားနေသော ဘုန်းတော်ကြီး၏ နာကျင်စွာ အော်ဟစ်လိုက်သံကိုသာ ကြားလိုက်ရ၏။
ထို့နောက် သူ့အားသတ်ဖြတ်ရန်ကျိုးစားသော ဘုန်းတော်ကြီးသည် တစ်နေရာသို့ လွင့်ထွက်သွားခဲ့ကာ ရုတ်တရက် “ဒုန်း” ခနဲ ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
ဘုန်းတော်ကြီးသည် နန်းတော် နံရံတစ်ခုအား ဝင်တိုက်မိကာ အရိုးများ ကျိုးကြေပြီး ချက်ချင်းပင် သေဆုံးသွားခဲ့သည်။
“အိမ်ပြန်ရောက်တဲ့ခံစားချက်က အင်း....အတော်ကောင်းတာပဲ”
ရင်းနှီးနေသော လေသံတစ်ခုသည် ယူရီယယ် ၏ နားထဲသို့ ပဲ့တင်ထပ်သွားခဲ့သည်။
#Catfoot