ဘာတွေ ပြောင်းလဲသွားလဲ
Vol. 47 Ch. 680
....
ကံမကောင်းစွာဖြင့် ပြဿနာတစ်စုံတစ်ရာ ရှိနေဆဲပင်။
သွေးမျိုးဆက်တစ်ခုကို ခိုးယူရန်အတွက် ထိုလူ၏ နှလုံးသားကို စားသုံးရန် လိုအပ်လေသည်။
အကယ်၍ သူက ထိုလူငယ်၏ နှလုံးသားကို ဆွဲထုတ်လိုက်ပါက လူငယ်သည် သေဆုံးသွားပေလိမ့်မည်။
သို့သော် ထိုသို့ သေဆုံးသွားပြီးနောက် ချက်ချင်း ပြန်လည်အသက်ရှင်လာပါက အာရန် ဆွဲထုတ်ထားသော နှလုံးသားသည် ပျောက်ကွယ်သွားပြီး ကျန်ရှိသော ခန္ဓာကိုယ် အစိတ်အပိုင်းများနှင့်အတူ မူလပိုင်ရှင်ထံသို့ ပြန်လည်ရောက်ရှိ သွားမည်ဖြစ်၏။
အကယ်၍ ထိုအတိုင်းသာ အမှန်တကယ်ဖြစ်ပျက်ခဲ့ပါက သွေးမျိုးဆက်ကို ခိုးယူရန် ကြိုးစားခြင်းသည် ထိုလူအား ပိုမို သန်မာလာစေရန် ကူညီပေးလိုက်သကဲ့သို့ ဖြစ်နေပေလိမ့်မည်။
ဤမျှကြီးမားသော အဆင့်ကွာခြားချက်ဖြင့် ထိုလူငယ်အား သတ်လိုက်မည်ဆိုပါက ပြန်လည်ရှင်သန်လာချိန်တွင် ထိုလူငယ် ရရှိလာမည့် ခွန်အားပမာဏကို ခန့်မှန်း၍ ရနိုင်မည်ပင် မဟုတ်တော့ပေ။
ထိုကမ္ဘာကူးလာသူ လူငယ်သည် နတ်ဘုရားတစ်ပိုင်းအဆင့် သို့ပင် ချက်ချင်းရောက်ရှိသွားလေမလား....။
အာရန်၏ စိတ်ထဲတွင် မေးခွန်းများစွာ ဖြင့်နှက်နေခဲ့၏။
လောလောဆယ်တွင် ထိုလူငယ်၏ သွေးမျိုးဆက်ကို ခိုးယူရန် ကြိုးစားခြင်းသည် အလွန်အန္တရာယ်များလွန်းလေသည်။
ထိုသို့မပြုလုပ်မီ သူ့အနေနှင့် လုံလောက်သော ပြင်ဆင်မှုများ ပြုလုပ်ရန် လိုအပ်၏။
"ဝိညာဥ်လမ်းလျှောက်သူကော ဘယ်ရောက်သွားပြီလဲ။ သူ သေသွားပြီလား"
အာရန်သည် သန့်စင်ပရောဟိတ်မအား လှမ်းကြည့်၍ မေးလိုက်သည်။
ရင်းနှီးသော မျက်နှာများစွာထဲတွင် သူ မတွေ့မိသော မျက်နှာတစ်ခု ရှိနေသေးသည်။
ဝိညာဥ်လမ်းလျှောက်သူသည် တောက်ဘက်တိုက်ကြီးမှ ကမ္ဘာကူးပြောင်းလာသူ တစ်ဦးဖြစ်ပြီး ပါမောက္ခတစ်ဦး၏ ခန္ဓာကိုယ်ကို ရယူထားသူလည်း ဖြစ်လေသည်။
သူသည် ဟင်းလင်းပြင်စွမ်းအားများကို ထိန်းချုပ်နိုင်ပြီး တိုက်ကြီးအတွင်း မည်သည့်နေရာကိုမဆို ချက်ချင်း သွားလာနိုင်စွမ်းရှိ၏။
သူသည် အာရန်မှ အသက်ပြန်သွင်းပေးပြီးနောက် ဝိညာဥ်အား ကျွန်ပြုခြင်းကို ခံထားရသူလည်း ဖြစ်နေသည်။
အာရန်သည် ထိုဝိညာဥ်လမ်းလျှောက်သူအား အတုအယောင်ပရောဟိတ်မ၏ ရန်မှ အစစ်အမှန်ပရောဟိတ်မကို ကယ်တင်ရာတွင် အကူအညီတောင်းခဲ့ဖူးသည်။
သို့သော် သူ့အနေနှင့် ဤကမ္ဘာသို့ပြန်ရောက်ပြီးကတည်းက ထိုဝိညာဥ်လမ်းလျှောက်သူ၏ တည်ရှိမှုကို အာရုံမခံနိုင်ခဲ့ပေ။
လွန်ခဲ့သော ရက်အနည်းငယ်က အာရန်သည် ဝိညာဉ်ဘုရင်မအား စေလွှတ်၍ ဝိညာဥ်လမ်းလျှောက်သူကို ရှာဖွေစေပြီး သန့်စင်ဧကရာဇ်မှာ သူ၏ ရုပ်သေးရုပ်သာဖြစ်ကြောင်း အသိပေးခိုင်းခဲ့သည်။
အာရန်သည် သူကိုယ်တိုင် ပြန်မရောက်လာမီအချိန်အတွင်း ဝိညာဥ်လမ်းလျှောက်သူအား သန့်စင်အင်ပါယာကို လျှို့ဝှက်စွာ ကူညီစေ၍ ရန်သူ့တိုက်ခိုက်မှုများအား နှေးကွေးရန် လုပ်ဆောင်စေလိုခဲ့၏။
အကယ်၍ ထိုသို့သာ ဖြစ်ခဲ့လျှင် မလိုလားအပ်သော အသက်စတေးမှုများစွာကို ရှောင်ရှားနိုင်ခဲ့ပေလိမ့်မည်။
သို့သော် ဝိညာဉ်ဘုရင်မသည်ပင် သန့်စင်ပရောဟိတ်မ၏ စခန်းတွင် ဝိညာဥ်လမ်းလျှောက်သူအား ရှာမတွေ့ခဲ့ပေ။
အာရန်သည် ဝိညာဥ်လမ်းလျှောက်သူ သေဆုံးသွားပြီလားဟုပင် တွေးမိလိုက်၏။ အဘယ်ကြောင့်ဆိုသော် ဝိညာဥ်လမ်းလျှောက်သူသည် သူ့ဝိညာဉ်ကို ထိန်းချုပ်ထားသော သခင်ဖြစ်သူ၏ အာရုံမှ ယခုကဲ့သို့ လွတ်မြောက်နေ၍ မရနိုင်သောကြောင့်ပင် ဖြစ်သည်။
'မဖြစ်နိုင်ဘူး... အဲ့ဒီလို မဖြစ်သင့်ဘူး။ ငါ့ရဲ့ ကိုယ်ပွားတောင် တနည်းနည်းနဲ့ ခုချိန်ထိ ဒီမှာ အသက်ရှင်လျက်ရှိနေနိုင်သေးတာပဲ။ ဝိညာဥ်လမ်းလျှောက်သူလို လူမျိုးအနေနဲ့ ဒီလောက်လွယ်လွယ်ကူကူ သေမသွားသင့်ဘူး။ ဒါမှမဟုတ် အသတ်ခံလိုက်ရတာများလား'
"ရှင်က ဝိညာဥ်လမ်းလျှောက်သူကိုပါ သိနေတာလား။ သူနဲ့ ဘယ်လို ပတ်သက်မှုမျိုး ရှိနေတာလဲ"
သန့်စင်ပရောဟိတ်မသည် အာရန်၏ အမေးကြောင့် စိတ်ဝင်စားသွားဟန်ဖြင့် မျက်ခုံးပင့်ရင်း မေးလိုက်သည်။
ဝိညာဥ်လမ်းလျှောက်သူသည် သူမအား အတုအယောင် သန့်စင်ပရောဟိတ်မ လက်မှ ကယ်တင်ခဲ့ဖူးလေသည်။
ဝိညာဥ်လမ်းလျှောက်သူသည် သူမ၏ အသက်သခင်ကျေးဇူးရှင်တစ်ဦးဖြစ်သည့်အပြင် အတိုင်းအတာတစ်ခုအထိ ယုံကြည်ရသူ တစ်ဦးလည်း ဖြစ်လေ၏။
ဝိညာဥ်လမ်းလျှောက်သူကို သန့်စင်ဧကရာဇ်ကပင် သိနေလိမ့်မည်ဟု သူမ လုံးဝ ထင်မှတ်မထားခဲ့ပေ။
"သူက သန့်စင်အင်ပါယာမှာ ဖရိုဖရဲဖြစ်အောင် လုပ်နေတဲ့ တောင်ဘက်တိုက်က လူတစ်ယောက်ပဲလေ။ ငါကိုယ်တော်က ဘာလို့ မသိရမှာလဲ။ ပြီးတော့ သူက မင်းကို ထွက်ပြေးလွတ်မြောက်အောင်တောင် ကူညီပေးခဲ့တဲ့သူလေ"
အာရန်သည် သူ၏ လျှို့ဝှက်ချက်အား အများသိစေ၍ မဖြစ်သေးပေ။
လောလောဆယ်တွင် သူသည် သန့်စင်ဧကရာဇ် ဖြစ်နေဆဲပင်။
အကယ်၍ အာရန်သည်သာ သန့်စင်ဧကရာဇ်ဟန်ဆောင်ထားသော အကြီးအကဲရန် ဖြစ်ကြောင်း ထုတ်ပြောမိလိုက်လျှင် သန့်စင်ဧကရာဇ်၏ လုပ်ရပ်အားလုံးသည် သူ၏ ခေါင်းပေါ်သို့ ကျရောက်သွားပေလိမ့်မည်။
ထိုအခါ လူအများက အစစ်အမှန် သန့်စင်ဧကရာဇ် သည် လွန်ခဲ့သော အချိန်တစ်ခုကတည်းက မိစ္ဆာဂိုဏ်း၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး မိစ္ဆာဂိုဏ်းမှ အကြီးအကဲတစ်ဦးဖြင့် အစားထိုးခံခဲ့ရခြင်းများလားဟု ဆက်စပ်၍ တွေးမိလာကြလိမ့်မည်။
သန့်စင်ဘုရားကျောင်းအား နှိပ်ကွပ်ခြင်းနှင့် မူလပရောဟိတ်မ သေဆုံးမှုအားလုံးသည် မိစ္ဆာဂိုဏ်း၏ လက်ချက်ဖြစ်သည်ဟုပင် မေးခွန်းထုတ်လာနိုင်လေသည်။
ထို့ကြောင့် ထိုသို့ထုတ်ဖော်မိခြင်းသည် မလိုအပ်သော ပြဿနာများကိုသာ သယ်ဆောင်လာမည်ဖြစ်ပြီး မည်သည့် အကျိုးကျေးဇူးမျှ မရှိပေ။
ထို့ပြင် အာရန်သည် တစ်ချိန်က သူမကို ကယ်တင်ခဲ့သူဖြစ်ကြောင်း ဝန်ခံလိုက်လျှင်ပင် သန့်စင်ပရောဟိတ်မ၏ အမူအကျင့်အရ ဂရုစိုက်လိမ့်မည် မဟုတ်ပေ။
သူမသည် မည်သို့စိတ်ထားမျိုးရှိကြောင်း သူအတိုင်းအတာတစ်ခုအထိ သိထားပြီးဖြစ်၏။
သူမသည် ပုဂ္ဂိုလ်ရေး ဆက်ဆံမှုများကို ဂရုစိုက်တတ်သည့် လူစားမျိုး မဟုတ်ပေ။ သူမသည် သူ၏ မူလရည်ရွယ်ချက်များကိုပင် သံသယဝင်လာနိုင်ပြီး သူ့အား ပို၍ပင် သတ်ချင်လာနိုင်ပေလိမ့်မည်။
ထို့ပြင် ပရောဟိတ်မမှ ဤစစ်ပွဲကို ရပ်တန့်သွားစေမည်ကိုလည်း သူ မလိုလားပေ။ ယခင်က သူမကို သတ်ရန် အကြောင်းပြချက် မရှိခဲ့ပေ။
သွေးမျိုးဆက်ကို အားဖြည့်ရန် သူမကို သတ်ရမည့် အနာဂတ်အတွက်ပင် သူတွေဝေမိခဲ့ဖူးသည်။
အမှန်တကယ်ဆိုလျှင် ဇာတ်လိုက်များနှင့် ကမ္ဘာကူးပြောင်းလာသူများသည် သူ့အတွက် သဘာဝရန်သူများဟုပင် ခေါ်ဆိုနိုင်လေသည်။
ထို့ကြောင့် ယခု ရန်သူမဟုတ်သေးလျှင်ပင် နောက်တစ်ချိန်၌ အလိုလိုရန်သူများ ဖြစ်သွားကြမည်သာ ဖြစ်၏။
ယခင်က သန့်စင်ဧကရာဇ်၏ ခန္ဓာကိုယ်အတွင်း ကမ္ဘာကူးပြောင်းလာသူအား ချက်ချင်းသတ်မိခဲ့သည့်အတွက် နောက်ပိုင်း နောင်တရစိတ်အနည်းငယ် ဝင်မိခဲ့သော်လည်း ယခုမူ ထိုလုပ်ရပ်သည် မှန်ကန်ကြောင်း တွေးမိလာသည်။
ယခု သန့်စင်ပရောဟိတ်မကိုယ်တိုင်ကပင် ထိုအရာအား သက်သေခံလျက်ရှိနေသည် မဟုတ်ပါလော...။
ယခုအချိန်သည် အာရန်အနေဖြင့် သန့်စင်ပရောဟိတ်မ ပိုင်ဆိုင်သမျှ အရာအားလုံးကို ယူဆောင်ရန် အကောင်းဆုံး အချိန်ဖြစ်သည်ဟုလည်း ယူဆ၍ ရလေသည်။
အကြောင်းပြချက်ကောင်းတစ်ခုလည်း ရှိနေပြီဖြစ်၏။
သူမသည် သန့်စင်အင်ပါယာနိုင်ငံတော်တစ်ခုလုံးအား ကျူးကျော်စစ်များဆင်နွှဲခဲ့ပြီး သန့်စင်ဧကရာဇ်၏ နောက်လိုက်ယုံကြည်သူ များစွာကို သတ်ဖြတ်ခဲ့သည်။
အတိတ်ကလည်း အာရန်သည် လုံးဝ ကိုယ်ကျင့်တရား ကောင်းမွန်သူ တစ်ဦးတော့ မဟုတ်ခဲ့ပေ။
သို့သော် ယခုအခါတွင်မူ သူ၏ သေးငယ်သော ကိုယ်ကျင့်တရားကောင်းမွန်ချင် စိတ်လေးတစ်ခုကပင် အရာရာအတွက် အပြစ်ရှိသူတစ်ဦးအဖြစ် ခံစားနေရပြီဖြစ်၏။
"စစ်ပွဲအစမှာ သူကျွန်မကို အကူအညီအချို့ ပေးခဲ့ပေမဲ့ နောက်ပိုင်းသူ ရုတ်တရက် ထွက်ခွာသွားခဲ့တာပဲ။ ဘာလို့လဲ။ ရှင်က သူ့ကိုပါ လက်စားချေချင်နေတာလား။ ကံမကောင်းစွာနဲ့ ရှင် အဲ့ဒီအခွင့်အရေး ရနိုင်တဲ့အထိ အသက်ရှည်ရှည် နေရမှာ မဟုတ်တော့ဘူး"
ဤစကားဝိုင်း တစ်လျှောက်လုံးတွင် မြောက်ဘက်တိုက်မှ ကမ္ဘာကူးလာသူ ရိုကင်ဆိုသူသည် အာရန်၏ လစ်လျူရှုထားခြင်းကို ခံနေခဲ့ရသည်။
၎င်းက ရိုကင်အား စိတ်မကျေမနပ် ဖြစ်စေခဲ့၏။
သူ တစ်ခုခု ပြောရန် ပြင်လိုက်စဉ်မှာပင် တစ်စုံတစ်ရာအား သတိထားလိုက်ရသည်။
သူ၏ မျက်လုံးများသည် ရုတ်တရက် ရွှေရောင် တောက်ပလာပြီး အာရန်ထံမှ သွေးနီရောင် အော်ရာများ ထွက်ပေါ်နေသည်အား မြင်တွေ့လိုက်ရသည်။
၎င်းသည် ယခင်က သူ မြင်ဖူးခဲ့သမျှအားလုံးထက် ပိုမို သိပ်သည်းနေသည်။
၎င်းသည် တစ်ဖက်လူ၏ မြင့်မားသော ကျင့်စဥ် အဆင့်ကို မြင်စေနိုင်သည့် သူ၏ ရုပ်ခန္ဓာ စွမ်းရည်တစ်ခုလည်း ဖြစ်လေသည်။
၎င်းအပေါ် အခြေခံ၍ ထိုလူ၏ လက်ချက်ဖြင့် သေဆုံးပြီးနောက် သူ ရရှိလာနိုင်မည့် ဆုလာဘ်ကိုလည်း အကြမ်းဖျင်း ခန့်မှန်းနိုင်ပြီဖြစ်သည်။
"ထူးဆန်းတယ် ဘာလို့ ဒီအော်ရာကို အရင်က သူ့ဆီမှာ မမြင်ခဲ့ရတာလဲ။ ဘာတွေ ရုတ်တရက် ပြောင်းလဲသွားတာလဲ"
ရိုကင်တွင် မေးခွန်းများစွာ ရှိနေပြီး သူ၏ ရုပ်ခန္ဓာစွမ်းရည်တွင် တစ်ခုခု မှားယွင်းနေသလားဟုပင် တွေးမိလိုက်သည်။
သို့သော် သူသည် ထိုအရာအား အကြာကြီး မစဉ်းစားတော့ပေ။ အကယ်၍ သူ တကယ်ပဲ စနစ်ဆီမှ ထိုကဲ့သို့ ဆုလာဘ်တစ်ခုခု ရနိုင်မည် ဆိုပါက ၎င်းသည် ကောင်းမွန်သည့်အရာပင် မဟုတ်ပါလား...။
ယခု သူ လိုအပ်နေသောအရာမှာ သူသည် တမင်သက်သက် သေကြောင်း ကြံစည်နေသူဟု မထင်မှတ်စေဘဲ သူ့အား ဒေါသအလျှောက် သတ်ချင်လာအောင် အာရန်အား လှည့်စားရန်သာ ဖြစ်၏။
အကယ်၍ သူ၏ လုပ်ရပ်များသည် သေခြင်းတရားကို တမင်သက်သက် ရှာဖွေနေခြင်းမျိုး ဆိုပါက စနစ်မှ ပေးမည့် ဆုလာဘ်သည် များစွာ လျော့နည်းသွားပေလိမ့်မည်။
၎င်းက ဤကမ္ဘာ၌ သူ၏ ဘဝအစပိုင်းများတွင် ခက်ခဲစွာ သင်ယူရရှိခဲ့သော သင်ခန်းစာ တစ်ခုလည်း ဖြစ်သည်။
ကံကောင်းစွာဖြင့် သူ့တွင် ခိုင်လုံသော အကြောင်းပြချက် တစ်ခု ရှိနေခဲ့သည်။
သူသည် သန့်စင်ပရောဟိတ်မကို ကူညီပံ့ပိုးပေးနေသူတစ်ဦး ဖြစ်နေသည်။
သူမကသာ ဤလူအား သတ်ရန် သူ့အား ညွှန်ကြားလာပါက သူ့အနေနှင့် စတင် တိုက်ခိုက်ရန် အကြောင်းပြချက်ရသွားပေလိမ့်မည်။
ထို့နောက် ထိုလူ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီးနောက်တွင် သူသည် အဆမတန်ခွန်အားတစ်ခုဖြင့် ပြန်လည်ရှင်သန်လာပေလိမ့်မည်။
အရာအားလုံးသည် ပြီးပြည့်စုံနေခဲ့၏။
သူသည် သူ၏ လုပ်ရပ်များတွင် ထိုအကြောင်းပြချက်အား ရရှိရန် သန့်စင်ပရောဟိတ်မ၏ ညွှန်ကြားချက်ကို စောင့်ဆိုင်းရင်း သူမအား လှမ်းကြည့်လိုက်သည်။
သူ ထင်ထားသည့်အတိုင်းပင် သန့်စင်ပရောဟိတ်မသည် ညွှန်ကြားချက်များ စတင်ပေးတော့သည်။
သို့သော် အံ့အားသင့်စရာ ကောင်းသည်မှာ သူမသည် သန့်စင်ဧကရာဇ်အား သတ်ရန် စေခိုင်းခဲ့ခြင်း မဟုတ်ပေ။
ယင်းအစား သူမပြောလိုက်သည်မှာ...
"သူတို့ အားလုံးကို သတ်ပစ်လိုက်" ဟူ၍ ဖြစ်လေ၏။
သန့်စင်ဧကရာဇ် ၏ ပြင်းထန်သော ဥပဒေများကြောင့် အစပိုင်းတွင် ဖိနှိပ်ခံခဲ့ရသော သန့်စင်ဘုန်းတော်ကြီးများအား စေခိုင်းလိုက်ခြင်းဖြစ်လေသည်။
#Catfoot