အကုန်လုံး သိမ်းပိုက်ပစ်မယ်
Vol. 47 Ch. 682
…
ရိုကင်၏ မျက်နှာပေါ်ရှိ အပြုံးသည် ဖုံးကွယ်ထားသော ခေါင်းစွပ်အောက်၌ ပိုမို၍ တောက်ပလာခဲ့သည်။
သူ့ထက် ပိုမို အားကောင်းသော ရန်သူများကို ရင်ဆိုင်ရသည့်အခါ ရရှိနေကျ ရင်းနှီးသော ခံစားချက်မျိုးကို သူ ခံစားလိုက်ရသည်။
ဤသည်မှာ သူ၏ စနစ်နှင့် သွေးမျိုးဆက်များ အလိုရှိနေသော အရာပင် ဖြစ်၏။
သူ၏ စနစ်သည် သူ၏ သေဆုံးခြင်းနှင့်အတူ သူ့အား သတ်ဖြတ်သူများ၏ သတ်ဖြတ်လိုသော စိတ်ဆန္ဒများကိုပါ စားသုံးလေ့ရှိသည့် လောဘကြီးပြီး ကပ်ပါးကောင်ဆန်ဆန် ထူးဆန်းသော ဖြစ်တည်မှုတစ်ခု ဖြစ်သည်။
ပြိုင်ဘက်က ပိုသန်မာလေလေ သူတို့၏ သတ်ဖြတ်လိုစိတ် ဆန္ဒသည်လည်း ပိုပြင်းထန်လေလေ ဖြစ်၏။
ထိုအခါ သူ့အနေနှင့် သေဆုံးသွားပြီဟု ပြိုင်ဘက်ရန်သူမှ ထင်လိုက်မိစဥ် အချိန်မှာပင် စနစ်က သူ့အား ပိုမိုကြီးမားသော စွမ်းရည်များကို ပေးအပ်လာလိမ့်မည် ဖြစ်သည်။ ၎င်းသည် အမှန်တကယ် မသေဆုံးနိုင်သော လူတစ်ယောက်အတွက် ပြီးပြည့်စုံသော အပြန်အလှန် အကျိုးပြု ဆက်ဆံရေးမျိုးပင် ဖြစ်သည်။
သို့သော် အာရန်၏ မျက်လုံးများတွင်မူ ဒေါသတရားအပြင် အခြားအရာတစ်ခုလည်း ပါဝင်နေခဲ့သည်။
၎င်းမှာ တစ်စုံတစ်ရာကို နားလည်သဘောပေါက်ထားခြင်းနှင့် သနားဂရုဏာသက်ခြင်းတို့ ရောပြွမ်းနေသော အကြည့်တစ်မျိုးပင်။
“မင်း သေချင်နေတာကြီးက နဲနဲ လွန်လွန်းတယ်လို့ မထင်ဘူးလား။ လူတိုင်းကို မင်းရဲ့ စွမ်းရည်တွေကို ခန့်မှန်းမိမှာစိုးလို့ ဖုံးကွယ်ဖို့တောင် မကြိုးစားတော့ဘူးလား”
အကယ်၍ အာရန်သာ သူ့ရန်သူ နေရာတွင် သူဆိုပါက ဝှက်ဖဲကို သေချာပေါက် ဖုံးကွယ်ထားမိမည် ဖြစ်သည်။
သူ သေဆုံးရမည် ဆိုလျှင်ပင် မည်သူမျှ သတိမထားမိစေရန် သေချာစွာ လုပ်ဆောင်မည် ဖြစ်၏။
သို့မှသာ သူ ပြန်လည်ရှင်သန်လာသည့်အခါ သံသယဝင်မှုများ နည်းပါးသွားမည် မဟုတ်ပါလား...။
ယခုအချိန်အထိ ထိုလူငယ် ဖောရှောလုပ်ထားသော ဇာတ်လမ်းများကို သူ၏ မဟာမိတ်များက ယုံကြည်နေကြဆဲ ဖြစ်သည်။
သူတို့အားလုံးက လူငယ်အား အားနည်းချင်ယောင်ဆောင်ပြီး ကစားရသည်ကို နှစ်သက်သော အစွမ်းထက်လူစွမ်းကောင်းတစ်ဦး ဖြစ်မည်ဟုသာ ထင်မှတ်ထားကြသည်။
ထိုလူငယ်သည် ရန်သူများကို တမင်သက်သက် တိုက်ခိုက်ခွင့် ပေးပြီး အားနည်းချင်ယောင်ဆောင်သည်ဟုသာ သူတို့ ထင်မှတ်ထားကြ၏။
လူငယ်သည် ရန်သူများနှင့် ဆော့ကစားရသည်ကို နှစ်သက်သည်။ ကစားလို့ ဝသွားမှသာ သူ၏ စွမ်းအား အနည်းငယ်ကို ထုတ်ဖော်ပြီး ရန်သူများကို သတ်ဖြတ် အနိုင်ယူလေ့ရှိခဲ့သည်။
ထိုလူငယ် လုပ်သမျှ အရာအားလုံးကို သူ၏ ဘေးနားရှိ လူများက လူငယ်၏ အစွမ်းကုန် ခွန်အားဟု ထင်မှတ်ကြသည်။
နောက်တစ်ကြိမ်တွင် ပိုမို အားကောင်းသော ခွန်အားကို ထုတ်ပြသည့် အချိန်တွင်လည်း ထိုနည်းလည်းကောင်းပင် ထင်မှတ်နေကြဆဲပင်။
အကယ်၍ ဤနေရာတွင် ဉာဏ်ကောင်းသူ တစ်ဦးဦး ရှိမည်ဆိုပါက လူငယ်၏ ဆင်ခြေများကို ယုံကြည်တော့မည် မဟုတ်ပေ။
သူသည် အမှန်တကယ် သေဆုံးသွားပြီးနောက်ပိုင်းမှ ပိုမို သန်မာစွာ ပြန်လည် မွေးဖွားလာသည်ဖြစ်ကြောင်းကို အကြိမ်ရေများလာသောအခါ အလိုလို ခန့်မှန်းမိလာကြပေလိမ့်မည်။
သူ့အတွက် ကံကောင်းသည်မှာ နဂါးများ ပင်လယ်ပြင်တွင် လွတ်လပ်စွာ ကျက်စားပြီး လူသားများက ပင်လယ်ကို နှစ်ခြမ်းခွဲနိုင်သည့် ထူးဆန်းမှုများ ပြည့်နှက်နေသည့် ကမ္ဘာတစ်ခုတွင်ပင် ထိုဖြစ်နိုင်ခြေသည် အလွန် ဝေးကွာနေဆဲပင်။
သေခြင်းတရားဆိုသည့်အရာသည် လူသားများသာမက နတ်ဘုရားများသည်ပင် ထိန်းချုပ်နိုင်သော အရာတစ်ခု မဟုတ်ပေ။
အကယ်၍ တစ်စုံတစ်ယောက်သည်သာ မည်သို့သတ်သတ်မသေနိုင် ဖြစ်နေခဲ့လျှင် ၎င်းသည် လူအများလက်ခံထားသော သာမန် အသိဥာဏ် အားလုံးနှင့် ဆန့်ကျင်ဘက် ဖြစ်နေပေလိမ့်မည်။
လိုက်ဆန်ဒါမှ သူ၏ ဇနီးသည်အား လူ့အသက်ပေါင်းများစွာ စတေး၍ အသက်ပြန်သွင်းခြင်း၊ ဝါးမြိုသူအား သရဲဘုရင်မမှ အသက်ပြန်သွင်းပေးခြင်းစသည့် ကိစ္စရပ်များသည်ပင် နဂိုမူလအကောင်းအတိုင်း ပြန်လည် အသက်ရှင်သန်နိုင်ခြင်းမျိုး မဟုတ်ကြပဲ အဆင့်မြင့်ထားသော ဖုတ်ကောင် ဆန်ဆန် ရှင်သန်မှုများ ဖြစ်နေသေးသည် မဟုတ်ပါလော...။
ထို့ကြောင့် ထိုအချက်သည် လူအများစု၏ သဘာဝအရ အားနည်းချက်တစ်ခုလည်း ဖြစ်လေသည်။
လူအများသည် အလုံးစုံ ပြန်လည်ရှင်သန်ခြင်းမှာ မဖြစ်နိုင်သော ကိစ္စရပ်တစ်ခုဟု ယုံကြည်ထားကြပြီး သူတို့၏ သာမန် အသိဥာဏ်နှင့် ဆန့်ကျင်နေသော ဖြစ်ရပ်များကို မည်သည့်နည်းနှင့်မျှ အစစ်အမှန်ဖြစ်နေလိမ့််မည်ဟု ခန့်မှန်းဝံ့ကြမည် မဟုတ်ပေ။
သို့သော် အာရန်မှာမူ ကွဲပြားလေသည်။
ထိုလူငယ်နှင့် ပတ်သက်သော ထူးဆန်းမှုများကို ကြားလိုက်ရသည့် အချိန်ကပင် ထိုလူငယ်သည် ပုံမှန်နှင့် ကွဲပြားခြားနားသူ တစ်ဦးဖြစ်ကြောင်း ချက်ချင်း ခန့်မှန်းမိသွားခဲ့သည်။
လူငယ်သည် သူ့ထက်သာလွန်သူ ပုဂ္ဂိုလ်များ ရှေ့တွင်ပင် သူ၏ ခွန်အားအမှန်ကို ဖုံးကွယ်ထားနိုင်သော်လည်း ပထမ ဝိညာဉ်ဘုရင်မကဲ့သို့သော ဖြစ်တည်မှုတစ်ခု၏ ရှေ့တွင်မူ ထိုအရာအား ဖုံးကွယ်၍ မရနိုင်ခဲ့ပေ။
သူမသည် သူ၏ ဝိညာဉ် အခြေအနေကို လှမ်း မြင်နိုင်ခဲ့ပြီး သူ၏ အစစ်အမှန် ခွန်အားကို တစ်ချက်ကြည့်ရုံဖြင့် အကြမ်းဖျင်း ခန့်မှန်းနိုင်ပြီးဖြစ်၏။
ထို့ပြင် ရိုကင်သည် အမှန်တကယ် သေဆုံးပြီးမှသာ ပိုမို သန်မာစွာ ပြန်လည်ရှင်သန်လာနိုင်ခြင်း ဖြစ်ကြောင်း သူမအနေနှင့် အတည်ပြုနိုင်ခဲ့ပြီးဖြစ်သည်။
ဝိညာဉ်ဘုရင်မ၏ အကူအညီဖြင့် အာရန်သည် အကြမ်းဖျင်း ခန့်မှန်းမှုများ ပြုလုပ်နိုင်ခဲ့သည်။
သို့သော် ၎င်းသည် တစ်စုံတစ်ရာ လိုအပ်နေသော ပန်ချီကားတစ်ချပ်ကဲ့သို့ မပြည့်စုံနေသေးပေ။
အာရန်သည် သူ၏ ခွဲခြားသတ်မှတ်ခြင်း စွမ်းရည်ကို အသုံးပြုပြီးမှသာ ထိုပုံရိပ်အား ပိုမို ရှင်းလင်းစွာ မြင်လာခဲ့ခြင်းဖြစ်၏။
“သေခြင်းတရားရဲ့ နှုတ်ခမ်းဝမှာတင် ရှင်သန်ကြီးထွားလာတဲ့ သွေးမျိုးဆက်တစ်ခုလို့ ငါကိုယ်တော်တော့ ယူဆမိတယ်။ အသတ်ခံရတာကို ဆုချတဲ့ အနေနဲ့ ‘ရှုံးနိမ့်မှု’ တိုင်းက မင်းကို ပိုပြီး သန်မာလာစေတာ မဟုတ်လား”
အာရန်၏ ထိုစကားကို ကြားလိုက်ရသောအခါ ရိုကင်၏ ယုံကြည်နေမှုများ စတင်၍ ယိုင်နဲ့လာခဲ့သည်။
သူသည် ဓားကို ခပ်တင်းတင်း ဆုပ်ကိုင်ထားလျက်ပင် လက်များအနည်းငယ် တုန်ယင်လာခဲ့၏။
‘ဘယ်လိုလုပ်ပြီး.... ဒီလူက ဒါတွေ ဘယ်လိုလုပ်ပြီး သိနိုင်တာလဲ။’
ဤစွမ်းရည်သည် ရိုကင်၏ အဆုံးစွန်သော ဝှက်ဖဲတစ်ခုလည်း ဖြစ်လေသည်။
အတိတ်က သူ၏ တိုက်ခိုက်မှုများကို မျက်ဝါးထင်ထင် မြင်ဖူးခဲ့သည့် သူများပင်လျှင် သူ၏ သွေးမျိုးဆက် အကြောင်းကို မည်သူမျှ ခန့်မှန်းနိုင်ခြင်းမရှိခဲ့ချေ။
ထို့ပြင် ဤမျှ အဓိပ္ပါယ် မရှိသော အရာကို မည်သူကကော ယုံကြည်မည်နည်း။
“မင်း...”
ကမ္ဘာကူးပြောင်းလာသူ ရိုကင်သည် ပြောစရာ စကားလုံးများပင် ဆွံ့အသွားခဲ့ပြီး သူ၏ ဟန်ဆောင်မျက်နှာဖုံးသည် နေရောင်အောက်မှ မြူနှင်းများအလား ပျောက်ကွယ်သွားခဲ့ရသည်။
“သန့်စင်ဧကရာဇ် ခင်ဗျား ဘာတွေ လျောက်ပြောနေတာလဲ။ ခင်ဗျားက ဒီလိုမျိုး စိတ်ကူးယဉ်ဆန်ဆန်တွေ လျှောက်ပြောတတ်မယ်လို့ ကျုပ်တကယ်ကို မထင်မိဘူး”
“ဟင်း...ဟင်း...အရမ်း အံ့သြမနေပါနဲ့ကွာ” အာရန်သည် ရိုကင်အား တစ်ချက်ပြုံးပြရင်း ပြန်ပြောလိုက်သည်။
သူ၏ လေသံတွင် အရူးလုပ်ခံရသကဲ့သို့ ဟန်ဆောင်ပန်ဆောင် ပြုမူပြရန်ပင် ဂရုမစိုက်တော့သည့်အလား ထင်မှတ်ရလေသည်။
“မင်းလို လူမျိုးတွေနဲ့ ငါအရင်က ဆက်ဆံခဲ့ဖူးပါတယ်ကွာ။ ထူးဆန်းတဲ့ သွေးမျိုးဆက်တစ်ခုရယ်... ပြီးတော့ စနစ် တစ်ခုရယ်အတူ ပါလာတဲ့ကောင်တွေလေ”
အာရန်သည် သူနှင့် ဆက်ဆံခဲ့ဖူးသော လူအချို့အကြောင်း ပေါ့ပေါ့ပါးပါး လေသံဖြင့် ပြန်ပြောပြလိုက်၏။
ကမ္ဘာကူးပြောင်းလာသူ အချင်းချင်း ဖြစ်သည့်အတွက် တစ်ဖက်လူက သူ ပြောနေသည့် အရာကို ဒက်ကနဲ နားလည်လိမ့်မည်ဟု အာရန်တစ်ယောက် မျှော်လင့်ထားခဲ့သည်။
သို့သော် တစ်စုံတစ်ရာက သူ့ကို အံ့အားသင့်သွားစေခဲ့သည်။
အာရန်မှ သွေးမျိုးဆက် အကြောင်း ပြောသောအခါ ထိုလူငယ်သည် သိပ်၍ မအံ့သြခဲ့ပေ။
သို့သော် စနစ် အကြောင်း ပြောလိုက်သောအခါတွင်မူ သူ၏ မျက်နှာ အမူအရာသည် သိသိသာသာ ပြောင်းလဲသွားခဲ့သည်။
“မင်းမှာ စနစ် တစ်ခု ရှိနေတာကို ငါ ဘယ်လို သိနေလဲ ဆိုတာ မင်းတကယ်ပဲ မသိချင်ဘူးလား”
အာရန်သည် သူ၏ ယူဆချက် မှန်ကန်ခြင်း ရှိမရှိ သိနိုင်စေရန်အတွက် ငါးစာချသော မေးခွန်းတစ်ခု မေးကြည့်လိုက်သည်။
စနစ် အသုံးပြုသူများ အားလုံးတွင် တူညီသော အချက်နှစ်ချက် ရှိလေသည်။
၎င်းမှာ သူတို့၏ ကိုယ်ပိုင် မဟုတ်သော စွမ်းအားတစ်ခုအပေါ် မှီခိုအားထားမှုနှင့်အတူ ထိုအမည်မသိ စနစ် ဖြစ်တည်မှုက ပေးအပ်ထားသော ပြိုင်ဘက်ကင်းမှုကို သူတို့အနေနှင့် အကြွင်းမဲ့ ယုံကြည်ကြခြင်းပင်။
အာရန်သည်လည်း သိပ်ပြီး ကွာခြားလှသည်တော့ မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် အာရန်ကိုယ်တိုင်သည်လည်း သူ ပိုင်ဆိုင်သမျှ အရာအားလုံးအတွက် သူ၏ စနစ်ကို အကြီးအကျယ် မှီခိုနေခဲ့ရသောကြောင့် ပင်ဖြစ်လေသည်။
သို့သော် ဤအဆင့်အထိရောက်လာခဲ့ပြီဖြစ်သဖြင့် သူ့၌လည်း ကိုယ်ပိုင် ခွန်အားများ ရှိနေခဲ့ပြီ ဖြစ်သည်။
သူ့အနေနှင့် စနစ်သည် လမ်းညွှန်ချက်ပေးသည့် လမ်းပြတစ်ယောက် အဆင့်မျှ ရှိတော့သည်။
ထို့ပြင် ခုနောက်ပိုင်းတွင် တော်တန်ရုံကိစ္စများ၌ စနစ်ဆီမှရွေးချယ်စရာများကို ထပ်မံ၍ မရရှိတော့ပေ။
အတော်အသင့် ခက်ခဲသော အခြေအနေများရောက်မှသာလျှင် စနစ်၏ မျက်နှာပြင်သည် ပြန်လည် ပေါ်လာလေ့ရှိတော့သည်။
အကယ်၍ လက်ရှိအနေအထားဖြင့်ဆိုပါက အာရန်အနေနှင့် စနစ်ကို ဆုံးရှုံးလိုက်ရလျှင်ပင် သူသည် ယုံကြည်နိုင်စရာ မကောင်းလောက်အောင် များပြားသော သွေးမျိုးဆက်များ ပိုင်ဆိုင်ထားသည့်အပြင် နတ်ဘုရားတစ်ပိုင်းအဆင့် ဆရာကြီးတစ်ဦး ဆက်လက် ဖြစ်နေဦးမည် မဟုတ်ပါလား....။
သို့သော် သူ၏ ရှေ့မှ ချာတိတ်နှင့် ပတ်သက်၍မူ ထိုသို့ ပြော၍ မရနိုင်ပေ။
အကယ်၍ သူသည် သန်မာလာစေရန် သူ၏ သွေးမျိုးဆက်ကိုသာ မှီခိုနေခြင်း ဆိုပါက အဆင်ပြေသေးသည်။
သို့သော် သူ့တွင် စနစ် တစ်ခုပါ ထပ်မံ၍ ရှိနေဦးမည်ဆိုပါက မည်သို့လုပ်မည်နည်း။
အာရန်သည် အစောပိုင်းက လူငယ်အား ထာဝရရှင်သန်ခြင်း သွေးမျိုးဆက်ကို အသုံးပြု၍ ကိုယ့်ကိုယ်ကိုယ် ပိုမို သန်မာလာစေသည်ဟု ယူဆမိခဲ့သည်။
သို့သော် လက်တွေ့တွင် သူထင်ထားသည်နှင့် ကွဲပြားနေပါက မည်သို့လုပ်မည်နည်း။
အကယ်၍ သူ၏ သွေးမျိုးဆက်က သူ့အား ပြန်လည်ရှင်သန်စေရန်သာ ကူညီပေးပြီး သူ၏ စနစ်ကသာ ထိုသေဆုံးမှုကို ခွန်အားအဖြစ် ပြောင်းလဲပေးခြင်းမျိုး ဆိုပါက မည်သို့လုပ်မည်နည်း။
ထို့ကြောင့် ထိုအရာနှစ်ခုသည် တစ်ခုနှင့်တစ်ခု အပြန်အလှန် ဖြည့်ဆည်းပေးနေသော ထူးခြားသည့် လုပ်ဆောင်ချက်များ ပါဝင်နေသည်ဟု ဆိုလိုခြင်း ဖြစ်နိုင်လေသည်။
အကယ်၍ လူငယ်တွင် သွေးမျိုးဆက် မရှိပါက သူ သေဆုံးသွားလိမ့်မည်။
သူ၏ စနစ်က သူ၏ သေဆုံးမှုကို ခွန်အားအဖြစ် ပြောင်းလဲပေးနိုင်သော်လည်း အလောင်းကောင် တစ်ကောင်အတွက် ခွန်အားက ဘာလုပ်ရမည်နည်း။
အကယ်၍ ထိုလူငယ်သာ သူ၏ စနစ် ပျောက်ကွယ်သွားခဲ့ပါက သူ့တွင် ထာဝရရှင်သန်ခြင်းကဲ့သို့ သွေးမျိုးဆက်မျိုး ရှိနေခဲ့လျှင်ပင် ဆက်လက်၍ ခွန်အားကြီးလာနိုင်တော့မည် မဟုတ်ပေ။
ရိုကင်သည် သတ်၍ မရသော လူတစ်ဦးအဖြစ် ဆက်လက်တည်ရှိနေဦးမည် ဖြစ်သော်လည်း သူ၏ ခွန်အားမှာမူ ဆက်လက်တိုးတက်လာတော့မည် မဟုတ်တော့ချေ။
အကယ်၍ ထိုသို့သာ ဖြစ်သွားခဲ့ပါက အာရန်အတွက် အမှန်တကယ် သနားစရာ ကောင်းနေပေလိမ့်မည်။
အာရန်အနေနှင့် ရိုကင်၏ သွေးမျိုးဆက်ကို ခိုးယူနိုင်ခဲ့မည်ဆိုပေဦးတော့ စနစ်ကို ဆက်လက် ခိုးယူရန်မှာ ပိုမို ခက်ခဲသော အလုပ်တစ်ခု ဖြစ်လေသည်။
၎င်းသည် မဖြစ်နိုင်သလောက်နီးပါးပင်။
အကယ်၍ ထိုသို့သာ ဖြစ်မည်ဆိုပါက သူ ရရှိနိုင်မည့် အကျိုးအမြတ်များ၏ တန်ဖိုးသည် များစွာ လျော့နည်းသွားပေလိမ့်မည်။
သို့သော် ရိုကင်ပိုင်ဆိုင်ထားသည့် ထာဝရ ရုပ်ခန္ဓာဆိုသောအရာကမူ အာရန်အား အတော်လေး စိတ်ဝင်စားသွားစေခဲ့သည်။
အကယ်၍ သူသာ လူငယ်၏ ထိုရုပ်ခန္ဓာကို ခိုးယူနိုင်ခဲ့ပါက လူငယ်အား ခြိမ်းခြောက်မှုအချို့ပြုလုပ်ပြီး ထိန်းချုပ်နိုင်ကောင်း ထိန်းချုပ်နိုင်ပေလိမ့်မည်။
ရိုကင်သည် သူ့ကိုယ်သူ သတ်၍မရနိုင်သူဟု ယုံကြည်နေသောကြောင့်သာ ဤမျှရဲတင်းနေခြင်းဖြစ်၏။
သို့သော် သူ့ကိုယ်သူသာ အမှန်တကယ် သေဆုံးသွားနိုင်ကြောင်း သံသယဝင်လာခဲ့မည်ဆိုပါကမူ...။
ထို့နောက် အာရန်သည် သန့်စင်ပရောဟိတ်မဘက်သို့ လှမ်းကြည့်လိုက်ပြီးနောက် သူ၏ စိတ်ထဲတွင် ရုတ်တရက် အစီအစဉ်တစ်ခု ပေါ်လာခဲ့၏။
“ငါကိုယ်တော် အကုန်လုံးကို သိမ်းပိုက်မယ်”
ဤနေရာတွင် အာရန်အတွက် နှစ်ဦးနှစ်ဖက် အကျိုးရှိနိုင်မည့် အခွင့်အရေး တစ်ခု ရှိနေလေသည်။
ထိုကိစ္စအတွက် သန့်စင်ပရောဟိတ်မ၏ အကူအညီ လိုအပ်နေသော်လည်း သူသည် ထိုအရာကို တိုက်ရိုက်ကြီး ပြော၍ မဖြစ်သေးပေ။
ထို့နောက် အာရန်သည် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။
ထိုအချိန် ကောင်းကင်မှ မိုးတိမ်မည်းများသည် စတင်၍ လှုပ်လှုပ်ရှားရှား ဖြစ်လာကြပြီး ရိုကင်၏ နှလုံးသားထဲမှ ပရမ်းပတာ ဖြစ်နေမှုများအား အပြင်၌ ရောင်ပြန် ဟပ်နေသကဲ့သို့ပင်။
#Catfoot