ညှိနှိုင်းမှု မအောင်မြင်ခြင်း
Vol. 47 Ch. 685
……
အတုအယောင်ပရောဟိတ်မ၏ လိုက်လံသတ်ဖြတ်မှုမှ သူမအနေနှင့် လွတ်မြောက်လာနိုင်ခဲ့ခြင်းမှာ သန့်စင်နတ်ဘုရားမ၏ ဝိညာဉ်ကြောင့် ဖြစ်လေ၏။
အတုအယောင်ပရောဟိတ်မ အသတ်ခံလိုက်ရပြီးနောက် ဤဝိညာဉ်သည် ခွန်အားပြန်လည်ပြည့်ဝလာခဲ့ကာ သူမအား အကူအညီများ ပေးလာနိုင်ခဲ့ခြင်းဖြစ်သည်။
နတ်ဘုရားမတစ်ပါး၏ ဝိညာဉ် ရှိနေခြင်းသည် သူမ၏ ဘေးတွင် နတ်ဘုရားတစ်ပါး အမြဲ အတူရှိနေသည်နှင့် မခြားပေ။
သူမသည် နတ်ဘုရားမ၏ ကောင်းချီးများကို ရယူနိုင်ခဲ့ရုံသာမက သာမန်လူများ လေ့လာသင်ယူ၍ မရနိုင်သော စွမ်းရည်များစွာကိုလည်း တတ်မြောက်ခဲ့လေသည်။ နတ်ဘုရားမမှတစ်ဆင့် သူမကဲ့သို့ လူတစ်ယောက် ဘယ်သောအခါမျှ မပိုင်ဆိုင်သင့်သော အသိပညာများကိုလည်း ရယူနိုင်ခဲ့၏။
နတ်ဘုရားမ၏ ဝိညာဉ်သည် သူမ၏ အကြီးမားဆုံး ထောက်တိုင် တစ်ခု ဖြစ်နေရုံသာမက သူမ ယခုအချိန်ထိ အသက်ရှင်နေရခြင်း၏ အဓိက အကြောင်းရင်းလည်း ဖြစ်သည်။
အကယ်၍ သူမသာ နတ်ဘုရားမကို စွန့်လွှတ်လိုက်ရမည်ဆိုပါက အရာအားလုံးကို ဆုံးရှုံးသွားရပေလိမ့်မည်။
သူမသည် ဤတိုက်ကြီးမှ ပြည်သူများကို ကယ်တင်ရန် ရေရွယ်ချက်ဖြင့် လုပ်ဆောင်ခဲ့ခြင်းသော်လည်း သူမ၏ အတွင်းစိတ်တွင်မူ ထိုအခွင့်အာဏာကို မက်မောနေဆဲ ဖြစ်သည်။
အတုအယောင်ပရောဟိတ်မ လုယူသွားခဲ့သော သူမပိုင်ဆိုင်သည့် အရာများကို ပြန်လည် ရယူလိုနေခဲ့သည်။
အာဏာဆိုသည့်အရာမျိုးသည် ၎င်း၏ အရသာကို မြည်းစမ်းမိပြီးသူတစ်ဦးအနေနှင့် ထိုအရာကို ပြန်လည်စွန့်လွှတ်ရန် လွယ်ကူနိုင်ပါမည်လား....။
သူမအနေနှင့် ထိုအရာကို လက်သင့် မခံနိုင်ပေ။
“ရှင်က သူမကို ရှင့်ဆီမှာ အစေခံတစ်ဦးလို အမှုထမ်းစေချင်နေတာလား”
သူမသည် နတ်ဘုရားမ၏ ဝိညာဉ်အတွက် စဉ်းစားပေးနေသယောင် ဟန်ဆောင်ကာ ငြင်းဆန်ရန် ကြိုးစားလိုက်သည်။
“ကျွန်မ ဘယ်တော့မှ ရှင် သူမကို ထိခိုက်အောင် လုပ်ခွင့်မပေးနိုင်ဘူး ဒီဘဝမှာ ဘယ်တော့မှ မဖြစ်စေရဘူး”
သူမသည် ခြေတစ်လှမ်း နောက်ဆုတ်လိုက်ပြီးနောက် သူမ၏ ရပ်တည်မှုအား ခိုင်မာစေလိုက်သည်။
“ရှင် ကျွန်မတို့ကို ထွက်သွားခွင့်ပေးမလား၊ ဒါမှမဟုတ် ဒီမှာပဲ အချင်းချင်း သေတဲ့အထိ တိုက်ခိုက်ကြမလား ရှင်ဆုံးဖြတ်ပါ။ ကျွန်မတို့အနေနဲ့ ရှင့်ကို အနိုင်မယူ နိုင်ဘူးဆိုရင်တောင် ရှင့်ကို ဆုံးရှုံးမှုကြီးကြီးမားမားဖြစ်သွားအောင်တော့ လုပ်ဆောင်နိုင်ပါသေးတယ်”
သန့်စင်ပရောဟိတ်မသည် နတ်ဘုရားမ၏ ဝိညာဉ်ကို အားကိုးပြီး အာရန်အား ခြိမ်းခြောက်လိုက်သည်။
နတ်ဘုရား ဝိညာဉ်သည် ဒဏ်ရာရထားသော်လည်း သူမ၏ ယခင်ခွန်အားကို အတိုင်းအတာတစ်ခုထိ ထုတ်သုံးနိုင်စွမ်း ရှိနေသေး၏။
သို့သော် ထိုသို့ပြုလုပ်ပါက နတ်ဘုရားမ၏ ဝိညာဉ်သည် လုံးဝ ပျောက်ကွယ်သွားနိုင်သည့် တန်ဖိုးတစ်ခုကိုမူ ပြန်လည် ပေးဆပ်ရပေမည်။
သူမ၏ ခန္ဓာကိုယ်အတွင်းပိုင်း၌ ပုန်းအောင်းနေသော နတ်ဘုရား၏ ဝိညာဉ်သည် ထိုစကားကြောင့် အံ့အားသင့်သွားခဲ့ရသည်။
ဤပရောဟိတ်မလေးသည် သူမကိုပင် အန္တရာယ်တွင်းထဲ တွန်းပို့နေသဖြင့် အနည်းငယ်လည်း ဒေါသထွက်မိခဲ့သည်။
သူမသည် ဤကလေးမလေး၏ ရည်ရွယ်ချက်ကို နားမလည်လောက်အောင် မိုက်မဲသူ တစ်ဦး မဟုတ်ပေ။
သူမသည် ပရောဟိတ်မ၏ အတွေးများကို မဖတ်နိုင်လျှင်ပင် ထိုအရာသည် သိသာထင်ရှားနေသည်မဟုတ်ပါလား....။
သို့သော် သူမသည် ထိုအတွေးများကို ထုတ်မပြောခဲ့ပေ။
သူတို့နှစ်ဦးအနေနှင့် အပြန်အလှန် မှီခိုနေရသည်မှာ ငြင်းမရသော အရာတစ်ခုပင်မဟုတ်ပါလား...။
ထို့ပြင် သူမ၏ ဝိညာဉ်ကို ထိုသန့်စင်ဧကရာဇ်ဆိုသူလူငယ်သည် မည်သည့်အရာများ ခိုင်စေမည်ကို မသိနိုင်သေးသဖြင့် ၎င်းအားလည်း သူမ အမှန်တကယ် ကြောက်ရွံ့နေမိသည်။
ထိုလူငယ်က သူမ၏ ဝိညာဉ်ကို အထက်ကမ္ဘာမှ သူမ၏ ရန်သူများထံ ရောင်းစားလိုက်မည်ဆိုပါက မည်သို့လုပ်မည်နည်း။
သူမတွင် တွေးစရာများစွာ ရှိနေပြီး သန့်စင်ဧကရာဇ်သည် အထက်ကမ္ဘာနှင့် သေချာပေါက် ဆက်စပ်မှု ရှိနေမည်ဟု ယုံကြည်မိသည်။
ထိုသို့ မဟုတ်ပါက သူသည် အဘယ်ကြောင့် အရွယ်နှင့်မလိုက်အောင် ဤမျှ သန်မာနေရမည်နည်း။
သူသည် ဤကမ္ဘာ၏ ကန့်သတ်ချက်ကိုပင် ကျော်လွန်လုနီးပါးရောက်ရှိနေပြီး အထက်ကမ္ဘာ၏ အငွေ့အသက် အနည်းငယ်ကိုပင် သယ်ဆောင်ထားသေးသည်။
ထိုအချက်အရ သန့်စင်ဧကရာဇ်သည် တစ်နည်းနည်းဖြင့် အထက်ကမ္ဘာမှ လူတစ်ဦးနှင့် အဆက်အသွယ် ရခဲ့သည်ဟု သူမအား ပိုမို၍ ယုံကြည်သွားစေသည်။
အာရန်အနေနှင့် အစောလေးတွင်မှ အထက်ကမ္ဘာကနေ ကိုယ်တိုင် ပြန်ရောက်လာခဲ့ကြောင်းကိုမူ သူမအနေနှင့် မည်သို့မျှ ခန့်မှန်းနိုင်မည်မဟုတ်ပေ။
သူမ၏ အနာဂတ်အတွက် စိုးရိမ်မိသောကြောင့် ကိစ္စရပ်များကို ကိုယ်တိုင်သာ ဖြေရှင်းရန် ဆုံးဖြတ်လိုက်သည်။
သူမသည် သန့်စင်ဧကရာဇ်၏ သဘောအတိုင်း အဖြစ်ခံမည် မဟုတ်ကြောင်း သိစေရန် သူမ၏ နတ်ဘုရားအော်ရာကို စတင်၍ ထုတ်လွှတ်လိုက်သည်။
သူမသည် သန့်စင်ပရောဟိတ်မ၏ ခန္ဓာကိုယ်တွင်းမှ ထွက်ခွာလိုက်ပြီး ဘေးတွင် ကိုယ်ထင်ပြလိုက်၏။
သူမ၏ အကြည့်သည် သန့်စင်ဧကရာဇ်ဟန်ဆောင်ထားသော အာရန်၏ ဝိညာဉ် အတွင်းပိုင်းအထိ တည့်တည့် စိုက်ကြည့်လိုက်သည်။
နတ်ဘုရားတစ်ပိုင်းအဆင့် ရောက်ရှိသွားသည်နှင့် ဝိညာဉ်တစ်ခုသည် ကြားခံနယ်တစ်ခုခုတွင် ပုန်းအောင်းမနေသရွေ့ အခြားသူများအနေနှင့် မြင်တွေ့ရန် လွယ်ကူလေသည်။
ယခု သူမသည် သန့်စင်ပရောဟိတ်မ၏ ခန္ဓာကိုယ်မှ ထွက်ခွာလာပြီ ဖြစ်သဖြင့် အာရန်သည်လည်း သူမအား မြင်တွေ့နိုင်ပြီ ဖြစ်၏။
“ဒီက ဂျူနီယာမောင်လေး ခုတိုက်ပွဲက ကျွန်မတို့ဘက်က အမှားပါ။ ကျွန်မတို့ အနေနဲ့ ရှင်တို့ကို ဒီလောက်ထိ မပြုမူခဲ့သင့်ဘူး။ ဒါပေမဲ့ ပြီးပြီးသား ကိစ္စတွေကို သင်ပုန်းချေလိုက်ကြရင် နှစ်ဖက်စလုံးအတွက် ပိုကောင်းမယ်ထင်တယ်။ ကျွန်မရဲ့ ကလေးမ စောစောက ပြောသလိုပဲ ပဋိပက္ခ ကြီးထွားလာတာက ဘယ်သူ့အတွက်မှ အကျိုးမရှိဘူးလေ”
သူမ၏ စကားများတွင် ခြိမ်းခြောက်မှု အရိပ်အယောင်အနည်းငယ် ပါဝင်နေလေသည်။ သူမသည် ဝိညာဉ်တစ်ဦးမျှသာ ဖြစ်သော်လည်း နတ်ဘုရားတစ်ပါး ဖြစ်သေးကြောင်း အာရန်အား သတိပေးလိုက်ခြင်းလည်း ဖြစ်၏။
အာရန်သည် နတ်ဘုရားတစ်ပိုင်းအဆင့် ဖြစ်နေလျှင်ပင် အစစ်အမှန် နတ်ဘုရားတစ်ပါး ဆိုသည်မှာ လုံးဝ ကွဲပြားခြားနားသော ဖြစ်တည်မှု တစ်ခု ဖြစ်လေသည်။
ထိုစကားကို ကြားသောအခါ အာရန်၏ နှုတ်ခမ်းထောင့်စွန်းများ အထက်သို့ ကွေးညွတ်သွားခဲ့သည်။
နောက်ဆုံးတော့ နတ်ဘုရားမ၏ ဝိညာဉ်သည် လူကိုယ်တိုင် ကိုယ်ထင်ပြခဲ့ပြီဖြစ်၏။ သူမ၏ အော်ရာသည် အလင်းနတ်ဘုရားမ ဆင်းသက်လာစဉ်က အသုံးပြုခဲ့သော ဝိညာဉ်အော်ရာထက် အနည်းငယ်မျှပင် အားမနည်းကြောင်း ခံစားမိလိုက်သည်။
တိုက်ပွဲဖြစ်ပွားခြင်းသည် မည်သူ့အတွက်မျှ အကျိုးမရှိသည့်အပြင် အာရန်တွင် ထိုကဲ့သို့ တိုက်ခိုက်ရန်လည်း အစီအစဉ် မရှိပေ။
စကားပြောဆို ညှိနှိုင်း၍ ရနေမှတော့ ဤမျှ တန်ဖိုးရှိသော အရင်းအမြစ်တစ်ခုကို ဖျက်ဆီးပစ်မည့် ကိစ္စမျိုး အဘယ်ကြောင့် ပြုလုပ်ရမည်နည်း။
အာရန်သည် ထိုနတ်ဘုရားမ၏ ဝိညာဉ်ကို မသတ်ချင်ပေ။
ယင်းအစား သူသည် ဤဝိညာဉ်ကို သိမ်းပိုက်လိုနေခဲ့၏။
ထို့ပြင် ဤဝိညာဉ်သည် လူသားတစ်ဦးကဲ့သို့ ပုံပန်းသဏ္ဍာန် ရှိပြီး အလွန်အမင်း ဆွဲဆောင်မှု ရှိနေလေသည်။
ထို့နောက် အာရန်သည် လက်တစ်ဖက်ကို နတ်ဘုရားမ ဝိညာဉ်ထံသို့ ဆန့်တန်းပေးလိုက်ပြီး တစ်စုံတစ်ရာကို တောင်းဆိုဟန်ပြင်လိုက်သည်။
“စီနီယာအမကို ကျုပ်အနေနဲ့ သတ်ဖို့ အစီအစဉ် မရှိပါဘူး။ စီနီယာအမအနေနဲ့ ကျုပ်ရဲ့ အစောင့်အရှောက်ဝိညာဉ် တစ်ဦး ဖြစ်လာပေးပါလား...။ ဒါဆို စီနီယာအမ အနေနဲ့ဆက်လက် ရှင်သန်နိုင်လိမ့်မယ်။ အနာဂတ်မှာ စီနီယာအမ အတွက် ခန္ဓာကိုယ်အသစ် တစ်ခု ဖန်တီးပေးဖို့လည်း ကျုပ်ကြိမ်းသေ ကူညီပေးနိုင်ပါတယ်”
“အစောင့်အရှောက်ဝိညာဉ် ဟုတ်လား”
နတ်ဘုရားမ ဝိညာဉ်၏ နှုတ်ခမ်းများ တွန့်ကွေးသွားခဲ့သည်။
စကားလုံးများသည် လှပနေဟန်ရသော်လည်း အစောင့်အရှောက်ဝိညာဉ် ဖြစ်လာခြင်းသည် သူမအတွက် ကောင်းမွန်သောအရာတစ်ခု မဟုတ်ပေ။
၎င်းသည် ဤလူငယ်၏ ကျွန်တစ်ဦး ဖြစ်သွားသည်နှင့် မခြားနားပေ။
သူ့အနေနှင့် သူမအား ဘာမဆို ခိုင်းစေနိုင်ပြီး သူမက သူ၏ စကားကို လိုက်နာရမည် ဖြစ်သည်။
ပို၍ ဆိုးဝါးသည်မှာ ဝိညာဥ်စာချုပ်အရ သခင် သေဆုံးပါက အစောင့်အရှောက် ဝိညာဉ်သည်လည်း လိုက်ပါ သေဆုံးရမည် ဖြစ်ခြင်းပင်။
နတ်ဘုရားမသည် ခေါင်းကိုမော့လိုက်ပြီး ထိုကမ်းလှမ်းမှုအား မယုံကြည်နိုင်စွာဖြင့် ရယ်မောလိုက်သည်။
သို့သော် သူမ၏ ရယ်သံထဲတွင် ဒေါသနှင့် ရှက်ရွံ့မှု အရိပ်အယောင်အချို့ ပါဝင်နေခဲ့သည်။
သူမ၏ ဆံပင်များက မျက်ဝန်းများအား ဖုံးကွယ်ထားသော်လည်း ထိုမျက်ဝန်းများထဲရှိ ဒေါသတရားကို ဖုံးကွယ်ရန်မှာမူ ခက်ခဲလွန်းသည်။
သာမန် လူသားတစ်ယောက်က သူမအား သူ၏ အစောင့်အရှောက်ဝိညာဉ် တစ်ဦး ဖြစ်လာစေလိုသည်တဲ့လား....။
လူငယ်ဧကရာဇ်သည် သူမ ထင်ထားတာထက် ရည်မှန်းချက် ပိုမို ကြီးမားသူတစ်ဦး ဖြစ်နေခဲ့သည်။
အချိန်အတော်ကြာရယ်မောပြီးမှသာ သူမသည် ထိုရယ်မောခြင်းအား ရပ်တန့်လိုက်ပြီး အာရန်အား စိုက်ကြည့်နေလိုက်သည်။
“ဂျူနီယာမောင်လေး ရှင်က အတော်လေး ဆွဲဆောင်မှုရှိတဲ့ မျက်နှာသွင်ပြင်မျိုး ပိုင်ဆိုင်ထားပေမဲ့ နောက်ကွယ်မှာ ဒီလောက် မိုက်မဲတဲ့သူတစ်ဦး ဖြစ်နေလိမ့်မယ်လို့ အမ မထင်ထားမိဘူးကွယ်”
သူမသည် နတ်ဘုရားမ တစ်ပါး ဖြစ်လေသည်။
နတ်ဘုရားတစ်ပါး၏ မာနအရ သူမ သေဆုံးရမည်ဆိုလျှင်ပင် သေမျိုးတစ်ယောက်၏ ကျွန် ဖြစ်ရလောက်အောင် အခြေအနေ ဆိုးရွားခြင်း မရှိသေးပေ။
“ညှိနှိုင်းမှုက အဆင်မပြေတော့ဘူးထင်တယ်...”
အာရန်သည် သူ၏ ဦးခေါင်းအား ပြန်ကုတ်လိုက်သော်လည်း သူ့တွင် တိုက်ခိုက်ရန် အစီအစဉ် မရှိသေးပေ။
နတ်ဘုရားမ ဝိညာဥ်အနေနှင့် ဤသို့ အပြင်ထွက်လာကတည်းကပင် သူ၏ လက်တွင်းသို့ ကျရောက်သွားပြီဟု ဆို၍ရလေသည်။
ထိုစဥ် သူမ သတိမထားမိခင်မှာပင် အာရန်သည် သူမပတ်လည်၌ ပင့်ကူအိမ်ကဲ့သို့ ထောက်ခြောက်တစ်ခုကို ဖန်တီးထားပြီး ဖြစ်၏။
“ဒါဆိုရင်တော့ မကြာခင် ဒီက ဂျူနီယာမောင်လေးအနေနဲ့ မတတ်သာပဲ လုပ်ဆောင်ရတော့မယ့် အရာတွေအတွက် စီနီယာအမ ခွင့်လွှတ်ပေးဖို့ကိုပဲ မျှော်လင့်ရတော့မယ်”
ထို့နောက် အာရန်သည် သူ၏ စနစ်သိုလှောင်ခန်းအား ရုတ်တရက် ဖွင့်လိုက်သည်။
#Catfoot