အခန်း (၁၅၁-၁၅၂)
Vol. 14 Ch. 151-152
အခန်း ( ၁၅၁ ) ငါ့ဆံပင်တွေ ဘယ်ရောက်သွားတာလဲ။
အရုဏ်တက်ချိန် ရောက်သောအခါ လီယောင်သည် နောက်ဆုံးတော့ ကျန်းစီရင်စုအကြီးအကဲရဲ့ မြို့စောင့်တပ်ဆီ ပြန်ရောက်သွားခဲ့သည်။ တာဝန်ပြီးဆုံးသွားတဲ့ တပ်သားတွေဟာ ဒီမှာပဲ တစ်ည အိပ်ခဲ့ကြတာ ဖြစ်ပြီး ဒီနေ့တော့ အပြန်ခရီးအတွက် ပြင်ဆင်ကြပါလိမ့်မည်။
သို့သော်လည်း ဓလေ့ထုံးစံတွေအရ အပြန်ခရီးဟာ သုံးရက် ကြာလေ့ရှိသည်။ မဟုတ်ရင် စစ်ချီတက်ခြင်းရဲ့ အခက်အခဲတွေ ၊ ပင်ပန်းဆင်းရဲမှုတွေကို ဖော်ပြနိုင်မှာ မဟုတ်ပေ။
လီယောင်သည် ထိုသုံးရက်အတွင်း တစ်ခုခု လုပ်ဖို့ အခွင့်အရေးကို မိမိရရ အသုံးချခဲ့သည်။
ကျန်းစီရင်စုအကြီးအကဲကို နှုတ်ဆက်ပြီးနောက် စစ်တပ်ရွက်ဖျင်တဲက စားနပ်ရိက္ခာတချို့နှင့် ရေကို ယူကာ ရှောင်ဝါရွာသို့ တစ်ယောက်တည်း ထွက်လာရာ နေ့လယ်ရောက်တော့ သူမ ရှောင်ဝါရွာအနီးကို ရောက်လာခဲ့သည်။
ဟုန်ရှန်းသစ်တပ်နှင့် ယှဉ်လျှင် ရှောင်ဝါရွာသည် သာမန်ရွာတစ်ရွာမျှသာပင်။ ထူထပ်အုံ့ဆိုင်းသော တောင်ပေါ်တောအုပ်ထဲမှာ သစ်သားအိမ် တစ်ရာကျော် ပြန့်ကျဲနေသည်။ အခိုင်အမာ ကာရံထားတဲ့ နံရံတွေတောင် မရှိဘဲ အရေးကြီးတဲ့ လမ်းဆုံလမ်းခွတွေမှာ ရိုးရှင်းသော အတားအဆီးလေးတွေသာ ရှိသည်။
အစောင့်တွေလည်း များများစားစား မရှိပါ။ တချို့ကတော့ လက်နက်တွေ ကိုင်ထားသည်။
စိတ်ထားကောင်းပုံရသော ရွာသူ ၊ ရွာသားတွေကလည်း ဝင်ချည်ထွက်ချည်ဖြင့် ရယ်လိုက် မောလိုက် ၊ စကားစမြည်ပြောလိုက်။
လီယောင်က ပုန်းကွယ်မနေတော့ဘဲ ရွာလမ်းအတိုင်း ပေါ်ပေါ်ထင်ထင် လျှောက်ဝင်လာခဲ့လိုက်သည်။
“ ရပ်လိုက်။ မင်း ဒီကို ဘာကိစ္စနဲ့ ရောက်လာတာလဲ။ ”
“ ကျွန်မက တာ့လင်တိုင်းပြည်က လာတဲ့ ကုန်သည်ပါ။ ” ဟု လီယောင်က ကျယ်လောင်စွာ ပြောလိုက်သည်။ “ ကျွန်မ ရှင်တို့ရဲ့ ရွာလူကြီးနဲ့ တွေ့ပါရစေ။ ”
တာဝန်ကျနေတဲ့ အစောင့် သုံး ၊ လေးယောက်က တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး လီယောင့်ကို ထပ်မေးခွန်းထုတ်သည်။ “ ငါတို့ကို လာအရူးလုပ်မနေနဲ့။ တာ့လင်တိုင်းပြည်က ကုန်သည်တွေ ဒီကို လာဖို့ ဆိုတာ မဖြစ်နိုင်ဘူး။ ”
“ ကျွန်မက တကယ်ပဲ ကုန်သည်တစ်ယောက်ပါ။ ”
“ ဒါဆို မင်း ဘာလို့ တစ်ယောက်တည်း လာတာလဲ။ မင်းရဲ့ ကုန်သွယ်ရေးအဖွဲ့က ဘယ်မှာလဲ။ ”
“ ကျွန်မရဲ့ အဖွဲ့က တာ့လင်နယ်စပ်က အရာရှိတွေဆီမှာ တားဆီးခံခဲ့ရလို့ ကျွန်မ တစ်ယောက်တည်း ခိုးဝင်လာခဲ့တာပါ။ ကျွန်မ ရှင်တို့နဲ့ စီးပွားရေးလုပ်ချင်တယ်။ အဲ့ဒါကြောင့် ရှင်တို့ရဲ့ ရွာလူကြီးနဲ့ ဆွေးနွေးဖို့ လိုတယ်။ ”
သူတို့ရဲ့ ဒေသိယစကားနှင့် ခဏတာ ဆွေးနွေးအပြီးမှာတော့ တစ်စုံတစ်ယောက်က ရွာထဲကို ဝင်ခွင့်ရသွားခဲ့သည်။ ခဏအကြာမှာ မီးခိုရောင် ဆံပင် ၊ မုတ်ဆိတ်မွေးတွေနှင့် လူကြီးတစ်ယောက်ကို တခြားလူတွေ ဝန်းရံလျက် ရောက်လာ၏။ ကြည့်ရတာ သူက ရှောင်ဝါရွာလူကြီးပဲ ဖြစ်လိမ့်မည်။
လီယောင်က ဒီတစ်ခေါက်တော့ သူမရဲ့ နာမည်အရင်းကို သုံးကာ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်လိုက်သည်။ သူမဟာ ဟဲဝမ်ရွာမှ လီမိသားစုပိုင်ရှင် ဆိုတာကို သိသွားတဲ့ ရွာလူကြီးက သူမကို ချက်ချင်းပဲ ရွာထဲ ဝင်ဖို့ ကြိုဆိုခဲ့သည်။
အတိတ်တုန်းက တာ့လင်တိုင်းပြည်ကနေ နန့်ကျောက်တိုင်းပြည်ကို လာတဲ့ လူမှန်သမျှ နယ်စပ်ရှိ ရွာများကနေတစ်ဆင့်သာ အရင်ဆုံး ရောင်းဝယ်ဖောက်ကားဖို့ ရွေးချယ်ရလေ့ရှိသည်။ နန့်ကျောက်ကုန်သည်တွေကလည်း တာ့လည်ကုန်သည်တွေဆီ တိုက်ရိုက် ရောင်းချဖို့အတွက် ကုန်ပစ္စည်းတွေကို ရွာတွေသို့ ပို့ဆောင်ပေးလေ့ရှိသည်။
ထိုနည်းလမ်းက နှစ်ဖက်လုံးအတွက် ပိုမြန်ဆန်လုံခြုံပြီး အဆင်ပြေလွယ်ကူတာမို့ တာ့လင်မြို့စောင့်တပ်နားက ရှောင်ဝါရွာနှင့် ချင်စုန့်ရွာသည် ကုန်သည်အဖွဲ့တွေကြား တဖြည်းဖြည်း နာမည်ကျော်ကြားလာခဲ့သည်။
တာ့လင်တိုင်းပြည်ကို သွားချင်တဲ့ နန့်ကျောက်ဘက်က ကုန်သည်တွေကလည်း နယ်စပ်ဒေသရှိ စစ်တပ်ဆီမှာ စစ်ဆေးခံရသည်။ ဘယ်လို မူမမှန်သော အကြောင်းပြချက်နှင့်မဆို သူတို့ဟာ ကျသင့်ငွေတွေကို လိုတာထက် ပို၍ လိမ်ညာတောင်းခံသည်ဟု စွပ်စွဲခံရလိမ့်မည်။
ကူးသန်းရောင်းဝယ်မှု မရှိတဲ့အခါ ရှောင်ဝါရွာနှင့် ချင်စုန့်ရွာသည် တစ်ချိန်တုန်းက အောင်မြင်ဖြစ်ထွန်းမှုနှင့် သက်ဝင်လှုပ်ရှားမှုတွေ ပျောက်ဆုံးသွားခဲ့သည်။ ရွာသူ ၊ ရွာသားတွေခမျာ စိုက်ပျိုးရေးတစ်မျိုးတည်းသာ လုပ်လို့ ရပါသည်။
“ ရွာလူကြီး … အမှန်အတိုင်း ပြောရရင် ဒီတစ်ခေါက်မှာ ကျွန်မရဲ့ ကုန်သည်အဖွဲ့က ဟုန်ရှန်းသစ်တပ်မှာ ဖမ်းဆီးခံထားရပါတယ်။ ပြီးတော့ ဒီကိစ္စက ဟုန်ရှန်းသစ်တပ်ရဲ့ လက်ချက်ပဲ မဟုတ်ဘူး ၊ ကုန်သည်အဖွဲ့တွေရဲ့ ကုန်ပစ္စည်းတွေနဲ့ ပိုက်ဆံတွေကို သိမ်းယူဖို့ တာ့လင်မြို့စောင့်တပ် ဗိုလ်ဝမှူးဝူလင်နဲ့ လက်ဝါးချင်းရိုက် ပူးပေါင်းကြံစည်ထားတာပါ။ ”
“ ဒါ … အမှန်ပဲလား။ ”
“ ကျွန်မ စုံစမ်းစစ်ဆေးပြီးသွားပါပြီ။ ” ဟု လီယောင်က ပြောလိုက်သည်။ “ မနေ့ညတုန်းက ကျွန်မ ဟုန်ရှန်းသစ်တပ်ထဲကို ဖောက်ဝင်ရင်းနဲ့ ထိတ်လန့်စရာ သတင်းကို ကြားခဲ့ရပါတယ်။ ဝူလင်က ဟုန်ရှန်းသစ်တပ်ရဲ့ ရွာလူကြီးကို မိုးရာသီမတိုင်ခင် ရှောင်ဝါရွာနဲ့ ချင်းစုန့်ရွာကို တိုက်ခိုက်ဖို့ တပ်သားတွေ စေလွှတ်ပေးမယ်လို့ ကတိကဝတ်ပြုထားပါတယ်။ ”
“ မင်း ဘာပြောလိုက်တယ်။ ” ရွာလူကြီးသည် မတ်တပ်ထရပ်မိတဲ့ထိ အထိတ်တလန့်ဖြစ်ကာ မျက်နှာဖြူရော်သွားခဲ့သည်။ “ မင်း နောက်နေတာတော့ မဟုတ်ပါဘူးနော် အမျိုးသမီးလီ။ ”
“ ဒီကိစ္စက တကယ် အမှန်တရားပါ။ ဝူလင်က ရှင်တို့ ရွာနှစ်ရွာကြားမှာ မီးလောင်လွယ်တဲ့ လောင်စာဆီတွေ အများကြီးကိုလည်း တိတ်တဆိတ် လာချထားပါတယ်။ ”
“ မြန်မြန် သွားကြည့်ကြစမ်း။ ”
မိနစ်ပိုင်းအတွင်းမှာပဲ လူငယ်လေးတွေဟာ လောင်စာဆီတွေ ထည့်ထားတဲ့ စည်တွေကို သယ်လျက် ပြန်ရောက်လာ၏။ အခုတော့ သက်သေ အခိုင်အမာ ရသွားပြီမို့ ရွာလူကြီးက ပိုလို့တောင် အားလျော့သွားပြီး ထိုင်ခုံပေါ်ကို အရုပ်ကြိုးပြတ် လဲကျသွားခဲ့လေသည်။
“ ကျုပ်တို့ရှောင်ဝါရွာကို တာ့လင်မြို့စောင့်တပ်တွေ လာတိုက်ခိုက်ရင် ကျုပ် … ကျုပ်တို့မှာ ပြန်တိုက်ခိုက်နိုင်တဲ့ အင်အား လုံးဝ မရှိဘူး။ ” ဟု ရွာလူကြီးက တုန်လှုပ်စွာ ပြောသည်။ “ ကျုပ်တို့ … တစ်ရွာလုံးကို ပြောင်းရွေ့ခိုင်းလိုက်ရမလား။ ”
“ အဲ့ဒါကို မကြောက်ပါနဲ့ ရွာလူကြီး။ ကျွန်မက တစ်ယောက်တည်း လာခဲ့တာ မဟုတ်ဘူး ၊ တာ့လင်တိုင်းပြည်ရဲ့ နဝမမြောက်မင်းသားနဲ့ အတူတူ လာခဲ့တာပါ။ ”
လီယောင်က ပြောရင်း နဝမမြောက်မင်းသားရဲ့ ကိုယ်ပိုင် တိုကင်ကို ပြလိုက်သည်။ ရွာလူကြီးက တော်ဝင်မျိုးနွယ်တွေရဲ့ တိုကင်ကို တစ်ခါမှ မမြင်ဖူးသော်လည်း ရွှေနှင့် လက်ရာမြောက်စွာ အနုစိတ် ပြုလုပ်ထားတဲ့ တိုကင်ကို သာမန်လူက အတုလုပ်နိုင်မှာ မဟုတ်ပါ။
“ အခု နဝမြောက်မင်းသားက တပ်သားတွေကို တိတ်တဆိတ် စုစာ်းနေပါတယ်။ သူက မကြာခင်မှာ ဝူလင်ကို ဖြုတ်ချပြီး တာ့လင်တိုင်းပြည်နဲ့ နန့်ကျောက်တိုင်းပြည်ကြားက ကုန်သွယ်ရေးအခြေအနေကို ပုံမှန်အတိုင်း ပြန်ဖြစ်အောင် လုပ်သွားမှာပါ။ ”
ရွာလူကြီးက ခေါင်းခါယမ်းပြသည်။ “ ဟုန်ရှန်းသစ်တပ် ရှိနေသရွေ့ လွတ်လွတ်လပ်လပ် ရောင်းဝယ်ဖောက်ကားနိုင်မှာ မဟုတ်ဘူး ဆိုတာ မင်း မသိဘူးပဲ အမျိုးသမီးလီ။ ”
“ အဲ့ဒါကြောင့်ပဲ ကျွန်မ ရှင့်ကို လာရှာတာပါ။ ရှောင်ဝါရွာနဲ့ ချင်းစုန့်ရွာကို နဝမြောက်မင်းသားနဲ့ ပူးပေါင်းပြီး ဝူလင်နဲ့ ဟုန်ရှန်းသစ်တပ်ကို အတူတူ ဖြုတ်ချဖို့ အကူအညီတောင်းချင်လို့ပါ။ ”
“ ဒါက … မဖြစ်နိုင်ဘူး။ ” ရွာလူကြီးက သက်ပြင်းမောကြီး ချလိုက်သည်။ “ ဟုန်ရှန်းသစ်တပ်က ထိုးဖောက်လို့ မရတဲ့ ခံတပ်လေ။ စစ်တပ်ကြီးတစ်တပ် ဆိုရင်တောင် ဟုန်ရှန်းသစ်တပ်ကို တိုက်ခိုက်ဖို့ မလွယ်ဘူး။ ”
“ ကျွန်မမှာ အဲ့အတွက် ကိုယ်ပိုင်နည်းလမ်း ရှိပါတယ်။ ”
“ ဘယ်လို နည်းလမ်းလဲ။ ”
လီယောင်သည် ရှောင်ဝါရွာထဲမှာ ဟုန်ရှန်းသစ်တပ်က သူလျှိုတွေ ရောနှောမနေဘူး ဆိုတာကို မသေချာသောကြောင့် လျှို့ဝှက်လမ်းအကြောင်း မပြောပြသေးပါ။
“ ကျွန်မ အဲ့ဒါကို အခုလောလောဆယ်မှာတော့ ပြောလို့ မရသေးပေမဲ့ ကျေးဇူးပြုပြီး ကျွန်မကို ယုံကြည်ပေးပါ။ ”
ရွာလူကြီးရဲ့ မျက်နှာက တည်ငြိမ်လေးနက်သွားသည်။ ဟုန်ရှန်းသစ်တပ်နှင့် သူတို့ကြားမှာ ပဋိပက္ခတွေ ရှိလာခဲ့တာ ကြာပါပြီ။ ထိုပဋိပက္ခတွေကို သူလည်း ဖြေရှင်းချင်လှပေမဲ့ ဟုန်ရှန်းသစ်တပ်ကို အပြီးတိုင် အနိုင်ယူလို့ မရပါ။ သူ့အစီအစဉ် မအောင်မြင်ရင် ဟုန်ရှန်းသစ်တပ်ရဲ့ အဆုံးမရှိတဲ့ ပြန်လည်တိုက်ခိုက်မှုတွေကို သေချာပေါက် ခေါ်ဆောင်လာလိမ့်မည်။
“ ကျေးဇူးပြုပြီး ဒီကြားထဲ ကျုပ်ရဲ့ ရွာထဲမှာ အနားယူနေပါ အမျိုးသမီးလီ။ ကျုပ် ဒီကိစ္စက ချင်းစုန့်ရွာလူကြီးနဲ့လည်း ဆွေးနွေးဖို့ လိုတယ်။ ”
…
ချင်းစုန့်ရွာလူကြီး လွီချင်းစုန့်က ခန္ဓာကိုယ်ကြံ့ခိုင်တောင့်တင်းပြီး အသက်လေးဆယ်ထဲမှာ ရှိနေပုံပေါ်သည်။ သူ့မျက်နှာကို အကဲခတ်ရသလောက်တော့ သူက သဘောကောင်း ချိုသာတဲ့ပုံမပေါ်ပါ။
ချင်းစုန့်ရွာပတ်ဝန်းကျင်မှာလည်း လောင်စာဆီတွေ အများကြီးကို ရှာတွေ့ထားတဲ့ လွီချင်းစုန့်သည် ဒေါသပေါက်ကွဲနေခဲ့သည်။ ဖြစ်နိုင်ရင် သူ ရွာထဲက လူငယ်တွေကို ခေါ်ပြီး ဟုန်ရှန်းသစ်တပ်ကို ချက်ချင်း သွားကာ စာရင်းရှင်းချင်သည်။
သို့သော်လည်း စိတ်တည်ငြိမ်သွားချိန်မှာတော့ လွီချင်းစုန့်သည် စတင် သံသယဝင်လာခဲ့သည်။
“ ဝူလင်က ငါတို့ရွာသုံးရွာကို အချင်းချင်း တိုက်ခိုက်အောင်လို့ တမင် ရန်တိုက်ပေးနေတာရော မဖြစ်နိုင်ဘူးလား။ အဲ့ဒါမှ သူ ငါတို့အားလုံးကို တစ်ချက်တည်းနဲ့ အလဲထိုးနိုင်အောင်လေ။ ”
“ အဲ့ဒါက … ပိုဖြစ်နိုင်ချေမရှိဘူး မဟုတ်ဘူးလား။ ”
“ အဲ့ဒီ ဟန်လူမျိုးတွေရဲ့ ယုတ်မာကောက်ကျစ်မှုက အကန့်အသတ်မရှိဘူး။ ” ဟု လွီချင်းစုန့်က ပြောလိုက်သည်။ “ မင်းတို့ တွေးကြည့်စမ်း။ အဲ့လောက် လောင်စာဆီတွေ အများကြီးကို သစ်တောထဲမှာ လာဝှက်ထားတာတောင် ငါတို့ထဲက တစ်ယောက်မှ သတိမထားမိတာ။ အဲ့ဒီ လီယောင် ဆိုတဲ့ မိန်းမလည်း ရောက်လာရော ၊ ချက်ချင်း ရှာတွေ့သွားတယ်။ ကျုပ်တို့ ဒီကိစ္စနဲ့ ပတ်သက်ပြီး သတိထားသင့်တယ်နော် ရွာလူကြီးမာ။ ”
ရွာလူကြီးမာက သူ ပြောတာလည်း ဖြစ်နိုင်ချေရှိတယ် ဟူသော အတွေးဖြင့် လေးလေးနက်နက် စဉ်းစားနေခဲ့သည်။
“ ဒါဆိုလည်း မမျှော်လင့်ထားဘဲ ရောက်လာတဲ့ လူဆီမှာ ဘယ်လို ရည်ရွယ်ချက်တွေ ရှိနေလဲ ဆိုတာ ကျုပ်တို့ စောင့်ကြည့်ရတာပေါ့။ ”
…
ရွာလူကြီးနှစ်ယောက် ဘာအကြောင်း ဆွေးနွေးနေလဲ ဆိုတာကို လီယောင် မသိသော်လည်း သူမကို အဖော်ပြုပေးနေတဲ့ လူတွေရဲ့ မျက်လုံးထဲက စိုးရိမ်ပူပန်မှုတွေကိူ အကဲခတ်ရသလောက် သေချာပေါက် ရလဒ်ကောင်းမည် မထင်ပါ။
ဒါပေမဲ့ အဲ့ဒါကိုလည်း သူမ အစောကြီးကတည်းက မျှော်လင့်ထားပြီးသားပင်။ သူမရဲ့ စကားတစ်မျိုးတည်းနှင့် ရွာနှစ်ရွာကို နာခံလိုက်နာအောင် လုပ်ဖို့ ဆိုတာ မဖြစ်နိုင်။ ထို့ကြောင့် သူမ ရှောင်ဝါကို မလာခင်ကတည်းက ဖြေရှင်းနည်းတွေကို ကြိုစဉ်းစားထားခဲ့သည်။
ရွာလူကြီးမာက သူမအတွက် သီးခြား သစ်သားအိမ်တစ်လုံး စီစဉ်ပေးထားပေမဲ့ မလှမ်းမကမ်းမှာ လူ တစ်ဒါဇင်ကျော်ကို သူမအား ပုန်းလျှိုး၍ စောင့်ကြည့်ခိုင်းထားသည်။ လီယောင်သည် ထိုနေ့မှာ စားချိန်တန်လျှင်စား ၊ သောက်ချိန်တန်လျှင်သောက်ကာ ညရောက်တော့ အိပ်ရာဝင်ခဲ့သည်။
သန်းခေါင်ယံရောက်တဲ့အထိ စောင့်နေပြီးမှ မျက်လုံးတွေကို ဖြည်းဖြည်းချင်း ဖွင့်လိုက်၏။ သူမသည် ပြတင်းပေါက်နားသို့ လျင်မြန်ပေါ့ပါးစွာ ခိုးကြောင်ခိုးဝှက် သွား၍ အပြင်က အခြေအနေကို တစ်ချက် အကဲခတ်လိုက်သည်။
အစောင့်တွေ ရှိနေသေးပေမဲ့ နေ့အချိန်တုန်းကလောက် သတိမရှိဘဲ ပေါ့ပေါ့လျှော့လျှော့ စောင့်ကြပ်နေသူများသာ။
လီယောင်ကတော့ အစောင့်တွေ လျော့ရဲနေတာကို လျှော့မတွက်ဘဲ တောကြောင်နက်လေး တစ်ကောင်လိုပင် ခြေဖော့နင်း၍ အလွယ်တကူ ခိုးထွက်လာပြီး ရွာလူကြီးမာနှင့် ရွာလူကြီးလွီရဲ့ အိပ်ခန်းတွေသို့ သွားလိုက်သည်။ သူတို့ရဲ့ မုတ်ဆိတ်မွေးတွေ ၊ ဆံပင်တွေကို အမွေးငုတ်တိုလေးတွေပဲ ကျန်အောင် ရိတ်ပြီးတော့မှ သူမရဲ့ အခန်းကို အသံမထွက်စေဘဲ ပြန်လာခဲ့လိုက်သည်။
နောက်တစ်နေ့မနက် နေအလင်းပျို့ချိန်မှာပဲ ရွာလူကြီးမာရဲ့ အခန်းထဲကနေ “ ငါ့ဆံပင်နဲ့ မုတ်ဆိတ်မွေးတွေ ဘယ်ရောက်သွားတာလဲ။ ” ဆိုတဲ့ အော်သံကြီး ထွက်ပေါ်လာခဲ့ပါသည်။
…
အခန်း ( ၁၅၂ ) ဒီနေရာက လူနေဖို့ သင့်တော်တဲ့ နေရာ မဟုတ်ဘူး။
ရွာလူကြီးမာရဲ့ မုတ်ဆိတ်မွေးက အရမ်း မရှည်သော်လည်း ထူထဲနက်မှောင်သော ဆံပင်တွေတော့ ရှိသည်။ ခေါင်းအပြည့် ဆံပင်တွေနှင့် အိပ်ရာဝင်ပြီးတဲ့နောက် နောက်တစ်နေ့မနက်မှာ အမွေးငုတ်တိုတွေနှင့် သူ နိုးလာရလိမ့်မည်ဟု ဘယ်သူက ထင်ခဲ့မှာလဲ။
သူက ဆံပင်မရှိတော့တာကို စိုးရိမ်နေတာ မဟုတ်ဘဲ တစ်စုံတစ်ယောက်က သူ့ဆံပင်တွေ ၊ မုတ်ဆိတ်တွေကို သူကိုယ်တိုင်တောင် သတိမထားမိခင်မှာ ညှပ်သွားတာကို ကြောက်နေတာပါ။
တကယ်လို့ ဒီလူသာ သူ့အသက်ကို လိုချင်ရင် …
ထိုအကြောင်း တွေးကြည့်ရုံဖြင့် ရွာလူကြီးမာရဲ့ ခန္ဓာကိုယ်ပေါ်မှာ ကြက်သီးစိမ့်ဖြာသွားရသည်။ ဒါပေမဲ့ အနည်းဆုံးတော့ သူ အသက်နှင့်ကိုယ် အိုးစားမြဲနေသေးပါသည်။ ဒီကိစ္စ တစ်ခုလုံးက ကိုးရိုးကားရားနိုင်လွန်းသည်ဟု ခံစားရတာကြောင့် ဒီမှာတော့ ဆက်မနေနိုင်တော့။
ထို့ကြောင့် သူနှင့်အတူ ပါလာတဲ့ လူတွေကို အမြန် စုဝေးပြီး တိတ်တဆိတ် ခိုးထွက်သွားဖို့ စီစဉ်လိုက်သည်။ ဒါပေမဲ့ သူတို့ သစ်သားအိမ်ထဲက ထွက်လာသည်နှင့် ရှောင်ဝါရွာရဲ့ ခန္ဓာကိုယ်ကြီးထွားသန်မာသော လူတွေ အများကြီးက သူတို့ကို တားဆီးပိတ်ဆို့ထားလိမ့်မည်ဟု မထင်ခဲ့။
“ ဒါ ဘာသဘောလဲ။ ”
သူ့ဆံပင်နှင့် မုတ်ဆိတ်ကို မြင်တော့ ထိုလူတွေ အကုန်လုံး ဆွံ့အသွားကြသည်။
“ ခင်ဗျားဆံပင်နဲ့ မုတ်ဆိတ်တွေက ဘာဖြစ်သွားတာလဲ ရွာလူကြီးမာ။ ”
“ ဟမ့်။ ” ရွာလူကြီးမာက အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ “ အဲ့ဒါက ကျုပ် မေးရမှာပါ။ ကျုပ်က ခင်ဗျားတို့ရှောင်ဝါရွာကို တကူးတက လာခဲ့တာတောင် ခင်ဗျားက ဒီလို လှည့်ကွက်တွေကို ထုတ်သုံးပြီး ညသန်းခေါင် ကျုပ် အိပ်ပျော်နေတဲ့ အချိန်မှာ ကျုပ်ဆံပင်နဲ့ မုတ်ဆိတ်မွေးတွေကို ရိတ်သွားတယ်။ ကျုပ်ကို ပြောစမ်း။ ခင်ဗျား ဘာလုပ်ဖို့ ကြံနေတာလဲ။ ”
ထိုလူတွေက တစ်ယောက်ကို တစ်ယောက် ကြောင်အမ်းအမ်း ကြည့်နေခဲ့ကြပြီး နောက်ဆုံးတော့ လူတစ်ယောက် ရှေ့ထွက်လာခဲ့သည်။ “ ဒေါသမထွက်ပါနဲ့ ရွာလူကြီးမာ။ တကယ်တော့ ကျုပ်တို့လည်း အကြောင်းရှိလို့ ခင်ဗျား သွားမယ့် လမ်းကို ပိတ်ထားတာပါ။ ”
“ ဘာအကြောင်းရှိတာလဲ။ ”
“ ဘာအကြောင်းလဲ ဆိုတော့ ကျုပ်တို့ရွာလူကြီးရဲ့ ဆံပင်တွေ ၊ မုတ်ဆိတ်တွေလည်း မရှိတော့လို့ပါပဲ။ ”
“ ဘာ။ ”
တစ်ညအတွင်း ရွာလူကြီးနှစ်ယောက်လုံးရဲ့ ဆံပင်တွေ ၊ မုတ်ဆိတ်တွေကို တစ်စုံတစ်ယောက်က ရိတ်သွားတာကိုတောင် သတိမပြုမိတဲ့ အဖြစ်က သူတို့ကို တကယ့်ကို သိက္ခာကျစေသည်။
ရွာလူကြီးမာက ရွာလူကြီးလွီရဲ့ အိမ်ကို သွားလိုက်တော့ အသေအချာပဲ သူ့ဆံပင်နှင့် မုဆ်ဆိတ်တွေလည်း အမွေးငုတ်တိုတွေပဲ ကျန်တော့တာကို တွေ့လိုက်ရသည်။
သူတို့နှစ်ယောက် ဘဝင်မကျသော ခံစားချက်များဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြ၏။
“ ဒါကို ဘယ်သူ လုပ်သွားတာလဲ ဆိုတာကိုသာ သိလို့ကတော့ အဲ့လူကို ပြန်ပေးဆပ်ခိုင်းမယ်။ ”
ရွာလူကြီးမာက လေသံမာမာနှင့် ကြိမ်းဝါးနေပေမဲ့ အဲ့ဒါ အလကားပဲ ဆိုတာ လူတိုင်း သိပါသည်။ သူတို့အားလုံး လီယောင့်အပေါ် စတင် သံသယဝင်လာမိသော်လည်း အမျိုးသမီးတစ်ယောက်မှာ ဒီလို လုပ်နိုင်တဲ့ အစွမ်းအစရှိမှာ မဟုတ်ဘူးလို့ ခံစားရသည်။
သူတို့ ဝေခွဲရခက်နေစဉ်မှာ လူတစ်ယောက်က လီယောင် ရောက်လာပြီ ဖြစ်ကြောင်း လာပြောသည်။
“ သူ့ကို ဝင်ခိုင်းလိုက်ပါ။ ”
လီယောင်က အခန်းထဲကို ခြေလှမ်းကျဲများနှင့် လျှောက်ဝင်လာသည်။ သူမရဲ့ မျက်နှာပေါ်မှာ အံ့ဩမှု အရိပ်အယောင် နည်းနည်းလေးမှ မရှိတာကို မြင်တော့ ရွာလူကြီးနှစ်ယောက်ရဲ့ နှလုံးသားထဲမှာ ဝရုန်းသုန်းကား တုန်လှုပ်သွားရလေသည်။
“ အမျိုးသမီးလီ ဘာအတွက် ရောက်လာတာလဲ။ ”
“ ကျွန်မ ရှင်တို့ဆီ ပစ္စည်းလေးတွေ ပြန်ပေးစရာ ရှိလို့ပါ။ ”
လီယောင်က ပြောရင်း အဝတ်နှင့် စည်းနှောင်ထုပ်ပိုးထားတဲ့ အထုပ်လေးကို ထုတ်ယူကာ စားပွဲပေါ် တင်လိုက်သည်။ ရွာလူကြီးလွီက ထိုအထုပ်ကို ဖွင့်ကြည့်လိုက်တော့ ထိတ်လန့်မှုကြောင့် လက်တွေ တဆတ်ဆတ် တုန်သွားရသည်။
“ မင်း ဒါ ဘာလုပ်တာလဲ လီယောင်။ ” ရွာလူကြီးမာက ချက်ချင်းပဲ ဒေါသပေါက်ကွဲသွားခဲ့သည်။ “ မင်းက အတင့်ရဲလှချည်လား။ ငါတို့ဆံပင်တွေ ၊ မုတ်ဆိတ်တွေကို ရိတ်ပြီးတာတောင် ဒီနေရာမှာ မျက်နှာလာပြရဲသေးတယ်ပေါ့။ ငါ အခုချက်ချင်း မင်းကို သတ်ပစ်လို့ ရတယ် ဆိုတာ ယုံလား။ ”
“ အမျိုးသမီးလီ။ ” ရွာလူကြီးလွီက ရွာလူကြီးမာလောက် ဒေါသပေါက်ကွဲမနေပေမဲ့ သူလည်းပဲ ဒေါသတော့ ထွက်ပါသည်။
“ မင်း ဘာလို့ ဒီလို လုပ်ရတာလဲ။ ”
“ တကယ်လို့သာ ကျွန်မက ရှင်တို့ရဲ့ ရှောင်ဝါရွာနဲ့ ချင်းစုန့်ရွာကို ဖျက်ဆီးချင်ရင် ငှက်ပျောသီးအခွံနွှာစားသလို လွယ်လွယ်လေးပဲ ဆိုတာ ရှင်တို့ကို ပြောချင်လို့ပါ။ ”
“ အတင့်ရဲလိုက်တာ။ ” ရွာလူကြီးလွီက စားပွဲကို ဘုန်းခနဲ ရိုက်ပြီး သူ့ဓားကောက်ကြီးကို ဆွဲထုတ်လိုက်သည်။ “ မင်း ဘယ်လောက် အရည်အချင်းရှိလဲ ဆိုတာ ကြည့်ရသေးတာပေါ့။ ”
လီယောင်က သူ့အပြုအမူကို မြင်သော်လည်း မျက်တောင်တစ်ချက်တောင် လှုပ်ခတ်မသွားဘဲ ရွာလူကြီးလွီကို စကားမပြောမပြတ်ပေ။ “ ရှင်ရော ဘယ်လို ထင်လဲ ရွာလူကြီးလွီ။ ”
“ ကျုပ်လား။ ” ရွာလူကြီးလွီက ခဏလောက် စဉ်းစားနေခဲ့သည်။ “ ကျုပ် နည်းနည်းလေး စိတ်ရှုပ်ထွေးနေတာပါ။ မင်းမှာ ဒီလို အရည်အချင်းတွေ ရှိနေရင်လည်း ဟုန်ရှန်းသစ်တပ်ကို ဘာလို့ တိုက်ရိုက် မတိုက်ခိုက်ဘဲနဲ့ ကျုပ်တို့ဆီ လာတာလဲ။ ”
“ ဘာလို့လဲ ဆိုတော့ ကျွန်မက ဟုန်ရှန်းသစ်တပ်ကို သုတ်သင်ချင်ရုံတင် မဟုတ်လို့ပါ။ ဝူလင်ကိုလည်း နှစ်နိုင်ငံကြား စစ်ပွဲတွေ မဖြစ်ပွားစေဘဲနဲ့ လူသိရှင်ကြား ဂုဏ်သရေရှိရှိ သုတ်သင်ချင်တယ်။ ” ဟု လီယောင်က ပြောလိုက်သည်။ “ ပြီးတော့ ဒီလို လုပ်တာက ရှင်တို့ရဲ့ ရွာနှစ်ရွာကိုလည်း အကျိုးအမြတ်ရှိစေလိမ့်မယ်။ ဒီကိစ္စ အောင်မြင်သွားရင် ရှင်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုလည်း အများကြီး ပါဝင်တဲ့အတွက် အနာဂတ်မှာ တာ့လင်တိုင်းပြည်နဲ့ စီးပွားရေးလုပ်ငန်းတွေကို လက်တွဲလုပ်နိုင်ပါလိမ့်မယ်။ ”
ရွာလူကြီးဝမ်က သူမ ပြောသော စကားတွေကို သေချာ စဉ်းစားကြည့်လိုက်တော့ လီယောင့်လို အမျိုးသမီးမှာ ဒီလို ဉာဏ်ရည်ဉာဏ်သွေးမျိုး ရှိနေသည့်အတွက် အံ့အားသင့်သွားခဲ့သည်။ သူမကို အရင်တုန်းက လျှော့တွက်မိခဲ့တာမို့ ဒီတစ်ခေါက်တော့ သူ ထပ်တုံ့ဆိုင်းမနေတော့ဘဲ ချက်ချင်း သဘောတူလိုက်တော့သည်။ “ စိတ်ချပါ အမျိုးသမီးလီ။ ကျုပ်တို့ရွာနှစ်ရွာက မင်းရဲ့ အစီအစဉ်တွေအတိုင်း လိုက်နာသွားမှာပါ။ ”
လီယောင်က “ ရှင့်သဘောထားကရော ဘယ်လိုလဲ ရွာလူကြီးမာ။ ” ဟု အပြုံးလေးဖြင့် မေးလိုက်၏။
ထိုအပြုံးကပဲ ရွာလူကြီးမာရဲ့ ကျောရိုးတစ်လျှောက် စိမ့်ခနဲ အေးသွားစေပေမဲ့ သူ လုံးဝ အရှက်ကွဲခံလို့ မရပါ။ “ ဟမ့်။ ကျုပ်ကတော့ ဒီကိစ္စကို နည်းနည်း ထပ်စဉ်းစားလိုက်ဦးမယ်။ ”
“ ဒါဆို ကျွန်မ ရွာလူကြီးမာဆီက သတင်းကောင်းတွေ ကြားရဖို့ စောင့်နေပါ့မယ်။ ” ဟု လီယောင်က ပြောလိုက်သည်။ “ ကျေးဇူးပြုပြီး ရွာလူကြီးနှစ်ယောက်လုံးက ဒီနေ့ပဲ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ထားပါ။ ကျွန်မ ပြန်လာတာနဲ့ ရက်ပိုင်းအတွင်း လှုပ်ရှားမယ်။ ”
လီယောင် ထွက်သွားသောအခါ ရွာလူကြီးမာသည် စားပွဲပေါ်က ဆံပင်ထွေးတွေကို စိုက်ကြည့်ပြီး ပင်ပန်းနွမ်းနယ်စွာ ပြိုလဲကျသွားခဲ့သည်။ သူ့နှလုံးသားထဲက ထိတ်လန့်မှုတွေကို အချိန်အတော်ကြာသည်ထိ ငြိမ်းသတ်မရပါ။
ကြည့်ရတာ ဒီနေ့က စပြီး သူ ညဘက် အိပ်ပျော်နေတိုင်း ကြောက်စိတ်ဖြင့် လန့်,လန့်နိုးလာရတော့မည် ထင်သည် … ။
…
ဟုန်ရှန်းသစ်တပ်ကို “ ရှင်းလင်းဖို့ ” ဝူလင် စေလွှတ်လိုက်တဲ့ တပ်သားတွေက သူတို့စခန်းကို ပြန်ရောက်ချိန်မှာပဲ ကာကွယ်ရေးခေါင်းဆောင်းကျန်းသည် ဆင်ခြေတစ်ခုပေး၍ ခိုးထွက်လာပြီး အခြေအနေကို လျှို့ယွင်အား အကျဉ်းချုံ့ တင်ပြလိုက်သည်။
လျှို့ယွင်သည် ဝူလင် ဟန်လုပ်နေတာကို အစကတည်းက သိသော်လည်း ထိုတပ်သား တစ်ထောင်ကျော်ဟာ စစ်ချီတက်ပြီး ဘာမှ မလုပ်ဘဲ ပြန်လာတာကို သိလိုက်ရချိန်မှာ သူ့မျက်နှာက ပြိုတော့မည့်မိုးနှယ် မည်းမှောင်သည်အထိ ဒေါသထွက်သွားခဲ့သည်။
“ ကျွန်တော် သူနဲ့ ထပ်သွားတွေ့မယ်။ ”
သူတို့နှစ်ယောက် ဗိုလ်မှူးရဲ့ အိမ်တော်ကို ပြန်သွားခဲ့ကြသည်။ ဝူလင်က ဒီနေ့တော့ စိတ်ကြည်နေပြီး ဥယျာဉ်ထဲမှာ ပြဇာတ်ကြည့်နေပါသည်။
စင်မြင့်ပေါ်မှာ ကချေသည် ( ၁၂ ) ယောက်ကျော်က ကပြဖျော်ဖြေနေပြီး ဝါးခုတင်ပေါ်မှာ ပျင်းရိပျင်းတွဲ မှီရင်း သူ့ပခုံးနှင့် ခြေထောက်ကို မိန်းမလှလေးနှစ်ယောက် နှိပ်ပေးတာကို အလွန်အမင်း ကျေနပ်အားရနေသော အမူအရာဖြင့် ငြိမ်ခံနေခဲ့သည်။
သူ့ဘေးမှာတော့ အတွင်းရေးအတိုင်ပင်ခံထန်ကလည်း ပြဇာတ်ကို ကြည့်ရင်း ခွက်လေးတွေထဲက ဝိုင်ကောင်းကောင်းကို တစ်ငုံချင်း သောက်နေသည်။
“ ဟိုတစ်ခေါက်တုန်းက လီယောင်နဲ့ ပါလာတဲ့ လူငယ်လေးက တွေ့ခွင့်တောင်းနေတယ် ဗိုလ်မှူး။ ”
“ လီယောင်ကိုယ်တိုင် မလာဘူးလား။ ”
“ မလာဘူးဗျ။ ”
ဝူလင်က မတ်တပ်ထရပ်ပြီး သူ့ဘေးက အတိုင်ပင်ခံထန်ကို မေးလိုက်သည်။ “ ဟိုတလောတုန်းက နဝမမြောက်မင်းသားက ဟဲဝမ်ရွာမှာ ရောက်နေတယ်လို့ ငါ သတင်းကြားထားတယ်။ ဒီလူငယ်လေးက အသားဖြူဖြူနဲ့ အနေအထိုင်သိမ်မွေ့တယ်လို့ ငါ ခံစားရတယ်။ သူက နဝမမြောက်မင်းသားများ ဖြစ်နေနိုင်မလား။ ”
“ အိုး ၊ ဗိုလ်မှူးရယ် … နေပြည်တော်က တောင်တန်းတွေရဲ့ ဟိုးဘက် အဝေးကြီးမှာပါ။ ကျွန်တော်တို့ ဒီနေရာမှာ ဘုရင့်အမိန့်တွေ ဘာတွေကို ဂရုစိုက်နေစရာ မလိုပါဘူး။ ဘာအင်အားမှ မရှိတဲ့ မင်းသားလေးတစ်ပါးကို ဘာလို့ ကြောက်နေရမှာလဲ။ ”
“ ငါက သူ့ကို ကြောက်လို့ မဟုတ်ဘူး။ ဘာပဲပြောပြော သူက တော်ဝင်မျိုးနွယ်ပဲ။ ငါတို့ မျက်နှာဖုံးတွေကို ခွာမချသရွေ့ သူ့ကို နည်းနည်းပါးပါးတော့ ဂရုတစိုက် ဆက်ဆံသင့်တယ်။ သူက တကယ်ပဲ နဝမမြောက်မင်းသား ဆိုရင် သူ့ဆီက ပိုက်ဆံတောင်းတာ ရုပ်ပျက်တယ်။ ”
အတိုင်ပင်ခံထန်က ခဏ စဉ်းစားနေခဲ့သည်။ “ အဲ့ဒါက ဖြေရှင်းရလွယ်ပါတယ်။ သူက မင်းသားတစ်ပါး ဆိုတာကို အတည်ပြုနိုင်တဲ့ သက်သေ မရှိသေးသရွေ့ ကျွန်တော်တို့ သူ့သရုပ်မှန်ကို ငြင်းဆန်လိုက်ရုံပဲ။ ဘယ်လို မင်းသားမျိုးက ဒီနေရာကို သက်တော်စောင့်တွေ မပါဘဲ တစ်ယောက်တည်း ပြေးလာမှာလဲ။ သူက လူလိမ် ဆိုတာ သေချာတယ်။ အမျိုးသမီးလီအတွက်လည်း အတူတူပဲ ၊ သူ့ဘက်က သူ့သရုပ်မှန်ကို ထုတ်မပြသေးသရွေ့ ကျွန်တော်တို့ကလည်း မသိချင်ယောင်ဆောင်ပြီး စိတ်တိုင်းကျ အကွက်ရွေ့လို့ ရတယ်။ ”
ဝူလင်က ထိုအကြံပေးချက်ကို နားထောင်ပြီး ခေါင်းတညိတ်ညိတ် လုပ်နေခဲ့သည်။ တကယ်ပဲ ဒီအတိုင်ပင်ခံက သူ တွေ့ဖူးသမျှထဲမှာ ဉာဏ်အကောင်းဆုံးပဲ။ ပြဿနာတွေကို ဖြေရှင်းပေးနိုင်ရုံတင် မဟုတ် ၊ သူ့အတွက် ပိုက်ဆံတွေ အများကြီးလည်း ရှာပေးသေးသည်။
အတိုင်ပင်ခံထန် ရောက်မလာခင်တုန်းက သူ့ရဲ့ အကြီးမားဆုံး ငွေရပေါက်ဟာ ကုန်သည်အဖွဲ့တွေကို ဖြတ်သန်းသွားလာခွင့်ပြုတဲ့ “ အခွန်အခ ကောက်ခံခြင်း ” နှင့် စစ်တပ်ရိက္ခာတွေထဲက နည်းနည်းပါးပါး ဖြတ်ခုတ်တာလောက်ပဲ ရှိခဲ့သည်။ အခုလို တစ်ထိုင်တည်းနှင့် ငွေချောင်းတွေ သိန်းချီ ရနေတဲ့ ငွေရပေါက်ကြီးနှင့် ယှဉ်လိုက်လျှင် အဲ့ဒါတွေက ဘာမှ မပြောပလောက်ပေ။
အနာဂတ်မှာ သူ ရှောင်ဝါရွာနှင့် ချင်းစုန့်ရွာကို ဖျက်ဆီးပြီး ကုန်သွယ်ရေးလမ်းကြောင်းတွေကို အပြည့်အဝ ထိန်းချုပ်နိုင်သွားရင် နေ့စဉ်နေ့တိုင်း ရွှေတွေ အစုလိုက်အပြုံလိုက် ရနိုင်သည်။
“ ဒါဆို ငါ အတိုင်ပင်ခံရဲ့ စကားကို နားထောင်လိုက်မယ်။ ” ဟု ဝူလင်က ပြောလိုက်သည်။ “ ငါတို့ သူ ရောက်လာတဲ့အခါ ဟန်ဆောင်လိုက်မယ်။ သူ့ကို ငါတို့ထောင်ချောက်ထဲ မိသွားပါစေ။ ”
“ ဗိုလ်မှူးက အမြော်အမြင်ကြီးပါပေတယ်။ ”
ခဏကြာတော့ လျှို့ယွင်ကို အိမ်ထဲ ခေါ်လာခဲ့သည်။ လျှို့ယွင်က စည်းစိမ်ယစ်နေပြန်တဲ့ ဝူလင်ကို ကြည့်ပြီး စိတ်ထဲမှာ ဒေါသမီးတောက်တွေ တောက်လောင်လာသလို ခံစားလိုက်ရသည်။
“ ခင်ဗျား တကယ့်ကို သက်သောင့်သက်သာရှိတဲ့ ဘဝမှာ နေထိုင်နေတာပဲ ဗိုလ်မှူးဝူ။ ”
“ မင်းကိုယ်မင်း ဘာထင်နေတာလဲ။ ” အတွင်းရေး အတိုင်ပင်ခံက သရော်လိုက်သည်။ “ ဗိုလ်မှူးက ဘယ်လို နေနေ ၊ အဲ့ဒါ မင်းအပူပါလား။ ”
ထိုစကားကို ကြားသောအခါ အစကတည်းက ဒေါသထွက်နေတဲ့ လျှို့ယွမ်သည် မခံမရပ်နိုင်လောက်အောင် ပေါက်ကွဲသွားခဲ့လေသည်။
…