← Chapters

အခန်း (၁၅၃-၁၅၄)

Vol. 14 Ch. 153-154

အခန်း (၁၅၃-၁၅၄)

Vol. 14 Ch. 153-154

အခန်း ( ၁၅၃ ) မင်း ဝံပုလွေကို ထောင်ချောက်ဆင်ပြီး ဖမ်းလို့ မရဘူး။

သူ အံကြိတ်ပြီး ပြောလိုက်၏။ “ ဗိုလ်မှုးဝူ လွှတ်လိုက်တဲ့ တပ်သား တစ်ထောင်က ဟုန်ရှန်းသစ်တပ်ဝင်ပေါက်နားမှာ စခန်းချပြီး လူတွေကို ကယ်ဖို့တောင် မကြိုးစားဘဲနဲ့ ဒီတိုင်း ပြန်လာတယ်လို့ ကျွန်တော် သတင်းကြားထားတယ်။ တပ်သားတွေရဲ့ ရိက္ခာအတွက် ကျွန်တော်တို့ ပေးထားတဲ့ ပိုက်ဆံတွေက ရေထဲကို အလဟဿ လွှင့်ပစ်လိုက်သလို ဖြစ်သွားတာ မဟုတ်ဘူးလား။ ”

“ မင်းကများ ရာရာစစ။ ”

အတိုင်ပင်ခံထန်က စားပွဲကို ဘုန်းခနဲ ရိုက်ပြီး ဒေါသတကြီး ထရပ်လိုက်သည်။

“ လူတွေကို ကယ်ရတာ မင်းစိတ်ကူးထဲကလို လွယ်တယ်များ ထင်နေလား။ ပြီးတော့ ဗိုလ်မှူးမှာလည်း သူ့အစီအစဉ်နဲ့သူ ရှိတယ်။ မင်းကများ ရာရာစစ တစ်ဖက်သတ် မေးခွန်းထုတ်ပြီး ဗိုလ်မှူးကို ဟုန်ရှန်းသစ်တပ်နဲ့ ပူးပေါင်းနေတယ်လို့ စွပ်စွဲရဲနေတယ်။ မင်း ဘာတွေ ဇယားလာရှုပ်နေတာလဲ။ ”

“ ကျွန်တော် … ”

လျှို့ယွင်သည် သူ့ဘက်က မေးခွန်းလေးတစ်ခု မေးလိုက်မိရုံနှင့် ဒီလူဟာ သူ့ကို စွဲချက်တွေ အများကြီး တင်တဲ့အထိ မျက်နှာပြောင်တိုက်လိမ့်မည်ဟု ထင်မထားခဲ့ပါ။ ဝူလင်ရဲ့ အတွင်းရေး အတိုင်ပင်ခံ ဆိုတဲ့အတိုင်း သိပ်ကို ဩချစရာကောင်းသည်။

“ ကျွန်တော့်မှာ မေးခွန်းတောင် မေးခွင့်မရှိဘူးလား။ ”

“ မင်းကများ ခွန်းတုံ့ပြန်ရဲသေးတယ်ပေါ့လေ။ ” အတိုင်ပင်ခံထန်က အထင်တသေး ပြောလိုက်သည်။ “ အစောင့်တွေ … သူ့ကို မြေအောက်အကျဉ်းခန်းထဲမှာ ချုပ်ထားလိုက်ပါ။ ”

“ အတင့်ရဲလိုက်တာ … ”

“ ငါက ဘာလို့ အတင့်မရဲရမှာလဲ။ ” ဟု အတိုင်ပင်ခံထန်က ပြန်ပြောသည်။ “ မင်းက သာမန်လူတစ်ယောက်က ဗိုလ်မှူးနဲ့ တွေ့တဲ့ အချိန်မှာ ဒူးမထောက်ဘဲ လက်လွတ်စပယ် စကားပြောနေတာနဲ့တင် မင်းကို နှစ်ဝက်လောက် ချုပ်နှောင်ထားဖို့ လုံလောက်နေပြီ။ သူ့ကို ဆွဲခေါ်သွားကြစမ်း။ ”

လျှို့ယွင်သည် ဒေါသကြောင့် သူ့ခေါင်း ပေါက်ကွဲထွက်တော့မလားတောင် ခံစားလိုက်ရသည်။

သာမန်လူတွေဟာ ဝူလင့်ရှေ့မှာ ဘာမှ မပြောနိုင်ဘဲ သိုးငယ်လေးတွေလို လည်ဖြတ်ခံနေရလိမ့်မည်ဟု သူ တစ်ခါမှ တွေးမကြည့်ဖူးပေ။ သူ အခု ဘာလုပ်ရမလဲ … ။ သူ့သရုပ်မှန်ကို မထုတ်ဖော်လိုက်ရင် ချုပ်နှောင်ခံရတော့မည်။

အဆုံးသတ်မှာတော့ သူ့ဒေါသကို မျိုသိပ်ပြီး သူ့ကို ဆွဲခေါ်သွားတဲ့ အစောင့်နှစ်ယောက်နောက်ကို အားမတန် မာန်လျှော့၍ လိုက်သွားခဲ့ရလေသည်။

“ ဟမ့်။ ဒီခွေးကောင်က တော်တော်လေး သည်းခံနိုင်စွမ်း အားကောင်းတာပဲ။ သူ့သရုပ်မှန်ကို ထုတ်ဖော်ပြီးရင် သူ ဘာဆက်လုပ်မလဲ ဆိုတာ ငါ သိချင်လိုက်တာ။ ”

“ သူ ဘာလုပ်နိုင်ဦးမှာလဲ။ ” အတိုင်ပင်ခံထန်က ရယ်မောလိုက်သည်။ “ သူ့ကိုယ်သူ ဘယ်သူပါ ဆိုတာ ထုတ်မပြောတာက ကျွန်တော်တို့ပြဿနာ မဟုတ်ဘူးလေ။ နောက်ပိုင်းကျရင် ကျွန်တော်တို့ သူ့ကို လွှတ်ပေးလိုက်လို့ ရပါတယ်။ ဒါပေမဲ့ အဲ့အချိန်ကျရင်တော့ အရာအားလုံးက ပြီးပြတ်သွားလောက်ပြီ။ သူ့လို ဘာအာဏာမှ မရှိတဲ့ မင်းသားငယ်လေးတစ်ပါးက အခြေအနေတွေကို ပြောင်းပြန်လှန်နိုင်မှာတဲ့လား။ ”

“ ခင်ဗျားက အရမ်း ဉာဏ်များတာပဲ အတိုင်ပင်ခံထန်။ ”

“ နောက်ဆုံးတော့ အမျိုးသမီးလီ ပြန်ရောက်လာပြီ။ ”

ရှစ်ထိုက လီယောင့်ကို မြင်တော့ အသက်ကယ်တင်ရှင်ကို မြင်လိုက်ရသလိုပင် ဖြစ်သွားခဲ့သည်။ လီယောင်က စိုးရိမ်ပူပန်နေသော သူ့ပုံစံကို သူမ မရှိတုန်း ကိစ္စ တစ်ခုခု ဖြစ်သွားတယ် ဆိုတာကို ရိပ်စားမိသွားသည်။

“ နဝမမြောက်မင်းသား ဖမ်းချုပ်ခံထားရတယ်လို့ နင် ပြောနေတာလား။ ”

“ ဟုတ်ပါတယ်။ ” ခန္ဓာကိုယ်တစ်ခုလုံး ‌ချွေးစေးတွေ ရွဲနစ်နေတဲ့ ရှစ်ထို့က ပြောသည်။ “ ကျွန်တော်တို့ ဝူလင်ကို မင်းသားကို ဖမ်းချုပ်ထားတဲ့ထိ အတင့်ရဲလိမ့်မယ်လို့ မထင်ခဲ့ဘူး။ ကျွန်တော်တို့ အခု ဘာဆက်လုပ်ရင် ကောင်းမလဲ။ ”

လီယောင်က ခဏလောက် စဉ်းစားကြည့်ပြီးသွားတော့ အခြေအနေကို နားလည်သွားသည်။ လျှို့ယွင်က သူ ဘယ်သူလဲ ဆိုတာကို ထုတ်ဖော် မပြောသောကြောင့် ဝူလင်က အကြောင်းပြချက် တချို့ ရှာပြီး သူ့ကို ဖမ်းချုပ်ထားလိုက်တာ ဖြစ်လိမ့်မည်။ ဘာမှ မတတ်နိုင်တဲ့ လျှို့ယွင်ကတော့ မ‌ကျေနပ်ချက်တွေကို တိတ်တဆိတ်သာ မျိုသိပ်ထားခဲ့ရပါလိမ့်မည်။

လျှို့ယွင်ကို ဖမ်းချုပ်ထားဖို့ အကြံပေးသူကတော့ အတွင်းရေး အတိုင်ပင်ခံထန်က လွဲလို့ တခြားသူ မဖြစ်နိုင်ပါ။ ပြစ်ချက် နည်းနည်းလေး ရှိသည်နှင့် သူတို့ကို ဖမ်းချုပ်သွားတဲ့ ထိုလူဟာ တကယ့်ကို ယုတ်မာကောက်ကျစ်တဲ့ မြေခွေးအိုကြီးပင်။

“ မင်းသားကို ဖမ်းချုပ်ထားတယ် ဆိုတာ ငေးသေးမွှားမွှား ကိစ္စ မဟုတ်ဘူး။ ” ဟု ကာကွယ်ရေးခေါင်းဆောင်ကျန်းက ဝင်ပြောသည်။ “ ကျွန်တော်တို့ လူလွှတ်ပြီး ယိကျိုးစီရင်စုက စီရင်စုစစ်တပ်ကို ခေါ်လိုက်ရမလား။ ”

“ အဲ့လို လုပ်ဖို့ မလိုဘူး။ ”

စီရင်စုစစ်တပ်ကို ခေါ်လို့ ဘာများ ထူးခြားသွားမှာမို့လို့လဲ။ အများဆုံးမှ ဝူလင်က တောင်းပန်ပြီး လျှို့ယွင်ကို ပြန်လွှတ်ပေးရုံသာ ရှိလိမ့်မည် ဖြစ်ကာ သူ့ကို လုံးဝ အပြစ်ပေးနိုင်မှာ မဟုတ်ပေ။

ထို့ကြောင့် သူတို့ရဲ့ မူလအစီအစဉ်အတိုင်း ဝူလင် သူ့ဘာသာ ခုန်ဝင်လာမယ့် ထောင်ချောက်တစ်ခုကို ပြင်ဆင်ထားရမည်။ ဒါပေမဲ့ အတွင်းရေး အတိုင်ပင်ခံထန်လို ကောက်ကျစ်ယုတ်မာတဲ့ မြေခွေးအိုကြီး ရှိနေတာကြောင့် သူ့ကို လှည့်စားဖို့ လွယ်ကူမှာတော့ မဟုတ်။ ကြည့်ရတာ သူတို့ ရလဒ်ကောင်းတွေ ရဖို့အတွက် အန္တရာယ်တောထဲကို ပိုတိုးရမည့်ပုံပေါ်သည်။

လီယောင်သည် ကာကွယ်ရေးခေါင်းဆောင်ကျန်းအား သူမ စာရေးဖို့အတွက် စာရွက်နှင့် စုတ်တံ ရှာခိုင်းလိုက်၏။

စာရွက်ဗြောင်တွေက လီယောင်ရဲ့ စုတ်ချက်အောက်မှာ ငွေစက္ကူတွေအဖြစ် အသွင်ပြောင်းလဲသွားတာကို ကြည့်ပြီး ကာကွယ်ရေးခေါင်းဆောင်ကျန်းရဲ့ မျက်လုံးတွေ ပြုတ်ထွက်ကျလုနီးပါး ပြူးကျယ်သွားရသည်။ ငွေစက္ကူကို အတုပြုလုပ်တာက … တကယ့်ကို ကြီးလေးတဲ့ ရာဇဝတ်မှုပဲ … ။

“ မင်း ဒီငွေစက္ကူတွေနဲ့ ဘာလုပ်မှာလဲ အမျိုးသမီးလီ။ ”

“ ဒီငွေစက္ကူတွေကို ဝူလင်ကို ပေးမှာပါ။ ”

“ ဒါပေမဲ့ … ဒီငွေစက္ကူတွေက တရားမဝင်ဘူး ဆိုတာကို ခဏ မေ့ထားလိုက်ဦး။ ဝူလင်က ဒါ အတုတွေ ‌ဆိုတာ သေချာပေါက် သိမှာပဲ။ ”

“ ကိစ္စမရှိဘူး။ ကျွန်မ သူ့ကို ဒီငွေစက္ကူတွေကို ခပ်လှမ်းလှမ်းကနေပဲ ပြမှာ ၊ သူ့လက်ထဲကို ထည့်ပေးမှာ မဟုတ်ဘူး။ ပြီးတာနဲ့ ကျွန်မ ဒီငွေစက္ကူတွေကို မီးရှို့ပစ်လိုက်ရင် ဘာသက်သေမှ ကျန်တော့မှာ မဟုတ်ဘူး။ ”

လီယောင်သည် ငွေစက္ကူအထပ်လိုက် ပြုလုပ်ပြီးသောအခါ ဗိုလ်မှူးရဲ့ အိမ်တော်ဆီသို့ ထွက်လာခဲ့လေသည်။ သူမက လျှို့ယွင်လို တဇွတ်ထိုးမဆန်ဘဲ ဝူလင်နှင့် အတိုင်ပင်ခံထန်ရှေ့မှာ ငွေစက္ပူအထပ်လိုက်ကို တည်ငြိမ်စွာ ထုတ်ယူ၍ ပြသလိုက်သည်။

“ တပ်သားတွေ ဒီတစ်ခေါက် လက်ဗလာနဲ့ ပြန်လာရတာ ကျွန်မရဲ့ အမှားပါ ဗိုလ်မှူးဝူ။ ”

“ အိုး။ အဲ့ဒါက ဘယ်လိုလုပ် မင်းအမှားလဲ။ ”

“ ပထမအချက်အနေနဲ့ ငွေချောင်းငါးထောင်က အရမ်း နည်းလွန်းတော့ စစ်တပ်ရဲ့ ရိက္ခာအတွက် လုံလောက်တဲ့ ငွေကြေးပမာဏတောင် မရှိပါဘူး။ ဒုတိယအချက်ကတော့ တပ်သား အရေအတွက် နည်းလွန်းတော့ ဟုန်ရှန်းသစ်တပ်ကို တိုက်ခိုက်ပြီး လူတွေကို ကယ်တင်ဖို့ မဖြစ်နိုင်ပါဘူး။ ဒါ့ကြောင့် ဒီတစ်ခေါက်တော့ ကျွန်မက ငွေချောင်း တစ်သိန်း ပေးချင်ပါတယ်။ ကျေးဇူးပြုပြီး ဗိုလ်မှူးဝူက ကျွန်မရဲ့ မောင်ဝမ်းကွဲလေး လျှို့ယွမ်ကို ကယ်တင်ဖို့ တပ်သားတွေ ထပ်လွှတ်ပေးပါ။ ”

ငွေချောင်း တစ်သိန်း … ဟုတ်လား … ။

ဗိုလ်မှူးဝူပင်လျှင် ဒီတစ်ခေါက်မှာ စိတ်ထဲကနေ တုန်လှုပ်သွားခဲ့ရသည်။ ဒီအမျိုးသမီးလီက ငွေချောင်း တစ်သိန်းကို မျက်တောင်တစ်ချက် မခတ်ဘဲ အလွယ်တကူ ထုတ်ပေးနိုင်လောက်တဲ့ထိ ချမ်းသာတာလား … ။

သူ ထိုကမ်းလှမ်းချက်ကို ရယ်ရယ်မောမောနှင့် သဘောတူဖို့ ပြင်နေတုန်းမှာပဲ လီယောင်က ငွေစက္ကူတွေကို ပြန်ယူပြီး “ ဒါပေမဲ့ ကျွန်မမှာ အခြေအနေ တစ်ရပ်တော့ ရှိပါတယ်။ ” ဟု ထပ်ပြောသည်။

“ ဘာအခြေအနေလဲ။ ”

“ ကျွန်မရဲ့ မောင်ဝမ်းကွဲ လျှို့ယွမ် လွတ်မလာမချင်း ဒီငွေစက္ကူတွေကို မပေးနိုင်ပါဘူး။ ဒီတစ်ခေါက်တော့ စိတ်အားတက်ကြွမှုကို ဖြစ်စေဖို့ ဗိုလ်မှူးကိုယ်တိုင် တပ်သားတွေကို စစ်မြေပြင်ထဲကို ဦးဆောင်သွားလိမ့်မယ်လို့ ကျွန်မ မျှော်လင့်ပါတယ်။ ” ဟု လီယောင်က ပြောလိုက်သည်။ “ ဒါပေမဲ့ ဒီပိုက်ဆံက ကျွန်မမှာ ရှိသမျှ စည်းစိမ်အကုန် ဖြစ်နေတဲ့အတွက် ကျွန်မ ချင့်ချင့်ချိန်ချိန် ဆောင်ရွက်ပါရစေ။ ဗိုလ်မှူးဘက်ကလည်း ကျွန်မအပေါ် စိတ်ချလက်ချ ယုံကြည်နိုင်အောင်လို့ စာချုပ်,ချုပ်ရမယ် ဆိုလည်း ချုပ်နိုင်ပါတယ်။ ”

ဝူလင်သည် သူ့လက်ထဲ ရောက်ခါနီးမှ ပြန်လွတ်ထွက်သွားတဲ့ ငွေစက္ကူအထပ်ကို ကြည့်ကာ ယုန်တစ်ကောင်ရဲ့ လက်ဖဝါးကို မြင်လိုက်ရသလိုပင် အသည်းတယားယား ဖြစ်သွားခဲ့သည်။ သူ အတိုင်ပင်ခံထန်ဘက်ကို အမြန် လှည့်ပြီး သူ့အမြင်ကို မေးလိုက်ပါသည်။

လီယောင် ထင်ထားသလိုပဲ ‌ကောက်ကျစ်တဲ့ မြေခွေးအိုကြီးရဲ့ မျက်လုံးတွေက အရောင်ပြောင်းသွားသည်။

“ အဲ့လို လာလုပ်လို့ ဘယ်ရမလဲ။ စစ်တပ်က စစ်ချီတက်တော့မှာ ဆိုတော့ ချက်ချင်း စားဖို့သောက်ဖို့ လိုတယ် ၊ မြင်းတွေကိုလည်း အစာကျွေးဖို့ လိုတယ်။ မင်း တပ်သားတွေကို မြက်တွေ စားခိုင်းလို့တော့ မရဘူးလေ။ ဟုတ်တယ်မို့လား။ ”

“ ကျွန်မ စရန်အနေနဲ့ ငွေချောင်း ( ၅၀၀၀ ) ပေးထားပါ့မယ်။ ”

လက်တွေ့ ထိတွေ့နိုင်တဲ့ အကျိုးအမြတ်တွေ ရှိနေသရွေ့ အတိုင်ပင်ခံထန်မှာ ငြင်းပယ်စရာ အကြောင်းပြချက် မရှိပါ။ လီယောင်က ကျန်တဲ့ ငွေချောင်းတွေကို နောက်ပိုင်းမှာ မပေးရင်တောင် သူ့လက်ထဲမှာ ငွေချောင်း ( ၅၀၀၀ ) ကို ရနှင့်ထားပြီးသားမို့ အရှုံးမရှိ။ ဝူလင်ကိုယ်တိုင် တပ်သားတွေကို ဦးဆောင်ရမယမ့ ကိစ္စကတော့ မိုင်အနည်းငယ်လောက်ပဲမို့ အပန်းဖြေ ခရီးတိုထွက်သည်ဟု သဘောထားလို့ ရသည်။

အတိုင်ပင်ခံထန် ခေါင်းညိတ်တာကို မြင်တော့မှ ဝူလင်က “ ကောင်းပြီ။ ငါတို့ မင်း ပြောတဲ့အတိုင်း သဘောတူတယ်။ ” ဟု ပြောလိုက်သည်။

လီယောင်က ငွေစက္ကူအစစ်တွေထဲက ငွေချောင်း ( ၅၀၀၀ ) ကို ယူပြီး အရင်တုန်းက ငွေပမာဏနှင့် ပေါင်းထည့်ကာ သူမရဲ့ လက်ထဲမှာ ရှိသမျှ ငွေကြေးအားလုံးနီးပါးဖြစ်သော ငွေချောင်း ( ၁၀၀၀၀ ) ကို ထုတ်လိုက်သည်။ သူမ အရမ်းကြီးတော့ တွန့်ဆုတ်မနေပါ။ ဘာပဲပြောပြော ဒီငွေကို အနှေးနှင့် အမြန် ပြန်ရှာလို့ ရသည်။

ဝံပုလွေတွေကို ထောင်ချောင်ဖမ်းချင်လျှင် ပိုက်ဆံတော့ အကုန်ခံရသည်။

…

နောက်တစ်နေ့မနက်ရောက်တော့ ဝူလင်က တောက်ပသော ချပ်ဝတ်တန်ဆာကို ဝတ်ဆင်၍ ကိုယ်ပိုင်သက်တော်စောင့်တွေ ဝန်းရံလျက် စစ်ရေးပြကွင်းထဲသို့ ဝင်လာပြီး တပ်သားတွေကို သူကိုယ်တိုင် ပြန်လည်စစ်ဆေးခဲ့သည်။

ဒီမှာ စခန်းချတဲ့ တပ်သား စုစုပေါင်း အယောက် ( ၆၀၀၀ ) ရှိသည်။ ထောက်ပံ့ပို့ဆောင်ရေးနှင့် ကာကွယ်ရေးအတွက် ချန်ထားခဲ့တဲ့ တပ်သား ( ၅၀၀၀ ) ကို စတုရန်းပုံစံ ခင်းကျင်းထားပြီး ဘေးမှာတော့ နွားထီး‌တွေက လောက်လေးခွတွေလို ဖန်တီးပြုလုပ်ထားတဲ့ ကိရိယာတွေကို ဆွဲထားခဲ့ကြသည်။ သူတို့သည် ဟုန်ရှန်းသစ်တပ်သို့ အားမာန်အပြည့်ဖြင့် ကြွေးကြော်၍ စစ်ချီတက်လာခဲ့ကြလေသည်။

အကြောင်းမသိသူတွေဆို ပြင်းထန်လှတဲ့ အသေအကျေ စစ်ပွဲတစ်ခု ဖြစ်ပေါ်တော့မည်လို့တောင် ထင်မှတ်မှားသွားနိုင်ပါသည်။

တပ်သားတွေကြားထဲက ခေါင်းဆောင်ကျန်းကတော့ ထိုလောက်လေးခွတွေမှာ လက်နက်ခဲယမ်းလောင်စာဆီတောင် မထည့်ထားတာကို သိသည်။ ဒီလောက်လေးခွတွေက ဒီတိုင်း အပေါ်ယံ ဟန်ပြသက်သက်သာ။

သို့သော်လည်း ခေါင်းဆောင်ကျန်းက အခြေအနေတွေကို ဒီအတိုင်း လက်ပိုက်ကြည့်နေတော့မှာ မဟုတ်ပါ။ ဒီတစ်ခေါက် သူ့တာဝန်က မြို့စောင့်တပ်နှင့် ဟုန်ရှန်းသစ်တပ်ကြား ပြဿနာတက်အောင် လှုံ့ဆော်သွေးထိုးပေးရမှာ ဖြစ်သည်။

သူနှင့် လျှို့ဟူက ရိက္ခာသယ်ယူပို့ဆောင်ပေးသည့် လှည်းတွေထဲမှာ လက်နက်ခဲယမ်းလောင်စာဆီ တချို့ကို ဝှက်ထားပြီး အသစ် စုဆောင်းထားတဲ့ တပ်သားသစ် တချို့အား ထိုလှည်းတွေကို သယ်ယူခိုင်းထားခဲ့သည်။

ဝါရင့်တပ်သားကြီး‌တွေကတော့ ပင်ပန်းလေးလံတဲ့ အလုပ်တွေကို သူများတွေ လုပ်နေတာကို ကြည့်ပြီး ကျေနပ်ပျော်ရွှင်နေခဲ့သည်။

ခေါင်းဆောင်ကျန်းသည် သူတို့ကို တမင် အာရုံလွှဲဖို့ သူတို့နှင့် ထွေရာလေးပါး စကားတွေ ပြောကာ နောက်ပြောင်နေခဲ့သည်။

“ ဟေး ၊ ဒီတစ်ခေါက် အလုပ်ကတော့ တယ်ဟန်သကိုး။ လမ်းလျှောက်ပေးရုဲနဲ့ ငွေချောင်း တစ်ချောင်း ရမှာတဲ့။ ငါတို့ဗိုလ်မှူးတော့ ဒီရက်ပိုင်း အချီကြီး ပွပေါက်တိုးထားတဲ့ ပုံပဲ။ ”

“ သေချာတာပေါ့ဗျာ။ ” ခေါင်းဆောင်ကျန်းက အသံကို နှိမ့်ပြီး ပြောလိုက်သည်။ “ သူတို့ ဖမ်းထားတဲ့ လူရဲ့ မိသားစုက ကျွန်တော်တို့ရဲ့ ဗိုလ်မှူးကို ငွေချောင်း ( ၅၀၀၀၀၀ ) ပေးထားတယ်လို့ ကျွန်တော် ကြားတယ်။ ”

“ ဘယ်လောက် … ဘယ်လောက် … ”

…

အခန်း ( ၁၅၄ ) တောင်တန်းပေါ်က ဝမ်းပျက်ဝမ်းလျှော ဝေဒနာသည်များ။

“ ငွေချောင်း ( ၅၀၀၀၀၀ ) တဲ့လား။ မင်း လာနောက်နေတာလား။ ”

“ လူ့အသက်လေး နည်းနည်းအတွက်ပဲကို ငွေချောင်း ( ၅၀၀၀၀၀ ) တောင် တန်‌ကြေးရှိတယ်လား။ ကုန်သည်တစ်ယောက်မှာ အဲ့လောက် ပိုက်ဆံရှိလို့လား။ ”

“ ကျွန်တော့်ညီလေးရဲ့ မျက်လုံးနဲ့ ကိုယ်တိုင် မြင်ခဲ့တာကတော့ အဲ့အတိုင်းပဲဗျ။ ” ဟု ကာကွယ်ရေးခေါင်းဆောင်ကျန်းက ပြောလိုက်သည်။ “ ပြီးတော့ ပိုက်ဆံ ဆိုတာ မရှိရင် ချေးငှားလို့ ရတယ် ၊ လူတွေ ပြန်ရောက်လာတဲ့အခါ ပိုက်ဆံထပ်ရှာလို့ ရတယ်။ ဒါပေမဲ့ လူတွေ မရှိရင်တော့ရင်တော့ အကုန်လုံး မရှိတော့ဘူး။ ”

“ အဲ့ဒါ ဖြစ်နိုင်ချေရှိတယ်။ ”

သို့သော်လည်း သူတို့နှင့်အတူ ခရီးထွက်လာတဲ့ ဝါရင့်တပ်သားကြီးတွေရဲ့ နှလုံးသားထဲမှာ ထိုကိစ္စနှင့် ပတ်သက်၍ နည်းနည်းလေးတော့ မကျေမနပ် ဖြစ်သွားခဲ့ကြသည်။ ဗိုလ်မှူးက ငွေချောင်း ( ၅၀၀၀၀ဝ ) ရနေတဲ့ အချိန်မှာ သူတို့ကတော့ ငွေတစ်ချောင်းပဲ ရသည်လေ။

ဘယ်လိုပဲ စဉ်းစား စဉ်းစား ၊ မညီမျှတဲ့ ခွဲဝေမှုက လူတွေကို စိတ်ပျက်သွားစေခဲ့သည်။

ခေါင်းဆောင်ကျန်းရဲ့ ဦးဆောင်မှုအောက်မှာ ထိုကောလဟာလက အတောင်ပံတွေ ရှိနေသလိုမျိုး ပျံ့နှံ့သွားကာ တစ်နာရီတောင် မပြည့်သေးခင်မှာဘဲ စစ်တပ် တစ်ခုလုံး ထိုအကြောင်းကို သိသွား၏။ မူလတုန်းက စကားသံတွေနှင့် တက်ကြွလှုပ်ရှားနေခဲ့တဲ့ တပ်သားတွေက ချက်ချင်းပဲ ငြိမ်ကျသွားသည်။

လူတိုင်းက နောက်ပြောင်စနောက်နေတဲ့ စကားတွေကို ရပ်တန့်လိုက်ပြီး တိုးတိုးကျိတ်ကျိတ် ပြောနေခဲ့ကြသည်။ သူတို့ ပြောနေတဲ့ အကြောင်းအရာကတော့ ဝူလင်နှင့် ပတ်သက်တဲ့ သူတို့ရဲ့ မကျေနပ်ချက်တွေအကြောင်းပဲ ဖြစ်သည်။

ဝူလင့်အပေါ် သစ္စာရှိတဲ့ အမာခံတပ်သား တော်တော်များများကလည်း ဒီအခြေအနေကို သတိပြုမိပေမဲ့ ပူပြင်းလွန်းတဲ့ ရာသီဥတုကြောင့် လူတိုင်း စိတ်ဆတ်နေကြတာ ဖြစ်လိမ့်မည် ဟူ၍သာ ထင်ခဲ့ကြပြီး အများကြီး မတွေးခဲ့ပေ။

အဲ့ဒါကလည်း တစ်မျိုးတော့ ကောင်းပါသည်။ အားနှင့်မာန်နှင့် စစ်ချီတက်လာတဲ့ တပ်သားတွေ အကုန်လုံးက တာဝန်ကို မြန်မြန် ပြီးဆုံးအောင် ဆောင်ရွက်ပြီး သူတို့ရဲ့ ဝေစုကို မြန်မြန် လိုချင်နေခဲ့ကြသည်။

တပ်သားတွေ စစ်ချီတက်နေချိန်မှာ လီယောင်က ရှောင်ဝါရွာကို ထပ်သွားခဲ့သည်။ ရွာနှစ်ရွာက သူမရဲ့ ညွှန်ကြားမှုအတိုင်း ခန္ဓာကိုယ်ကြံ့ခိုင်တောင့်တင်း၍ တိုက်ရည်ခိုက်ရည်ရှိသော တပ်သား အယောက် ( ၂၀၀ ) ကို ရွေးချယ်ထားကာ ရှောင်ဝါရွာလူကြီးရဲ့ ဦးဆောင်ပြီး သူမနှင့်အတူ လျှို့ဝှက်လမ်းကနေတစ်ဆင့် အလစ်ဝင် တိုက်ခိုက်ဖို့ ဆုံးဖြတ်ထားသည်။

ကျန်ရှိနေတဲ့ တပ်သားတွေကိုတော့ ချင်စုန့်ရွာလူကြီးက ဦးဆောင်ပြီး လေးလံသော စားနပ်ရိက္ခာ အထောက်အပံ့ တချို့ကို သယ်ဆောင်ကာ ဟုန်ရှန်းသစ်တပ်အနီးက သစ်တောတွေထဲမှာ တိတ်တဆိတ် ပုန်းခို‌နေခဲ့သည်။

ဝူလင်က တောတွေ ၊ တောင်တွေကို ဖြတ်သန်းသွားရတဲ့ ခရီးရှည်ကြီးတွေကို အပင်ပန်းခံ မသွားနိုင်တဲ့ လူမို့ ဒီတစ်ခေါက်မှာ အရင်တစ်ခေါက်လို အချိန်ဖြုန်းနေမှာ မဟုတ်ပါ။ ထိုနေ့ နေဝင်ရီတရောအချိန်ကို ရောက်တော့ သူတို့ ဟုန်ရှန်းသစ်တပ်ရှေ့ကို ရောက်လာခဲ့သည်။

ကြိုတင် အကြောင်းကြားထားတဲ့အတွက် ‌ချိုင့်ဝှမ်းတစ်ဖက်က ဟုန်ရှန်းသစ်တပ်ဟာ ခုခံကာကွယ်ရန် အဆင်သင့်ဖြစ်နေပုံဖြင့် ဂိတ်တံခါးတွေကို အစောကြီးကတည်းက ပိတ်ထားခဲ့ပြီး တိတ်ဆိတ်ငြိမ်သက်နေသည်။

သူတို့ ကောင်းကောင်း ပြင်ဆင်ထားတာကို မြင်တော့ ဝူလင် စိတ်အေးသွားသည်။ သူ တပ်သားတွေကို ညစာ မြန်မြန် ချက်ဖို့ အမိန်ပေးလိုက်ပြီး ဟုန်ရှန်းသစ်တပ်ကို ညတွင်းချင်းပဲ ဝင်ရောက်တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်သည်။

ဘာဖြစ်ဖြစ် မြန်မြန် လုပ်ရင် မြန်မြန် ပြီးတယ် … ။

တပ်သားတွေ အကုန်လုံးကလည်း ဒါက ဟန်ပြသက်သက်ပဲ ဆိုတာ သိသောကြောင့် တိုက်ပွဲကြီးတစ်ပွဲ မကြာခင် ဖြစ်ပွားတော့မည်ဟု မခံစားရပါ။ သုံးယောက်တစ်ဖွဲ့ ၊ ငါးယောက်တစ်ဖွဲ့ ထိုင်ပြီး ညစာစားဖို့ စောင့်နေခဲ့ကြသည်။

“ ကျွန်တော် ကူ‌ညီပေးမယ်နော် အစ်ကိုဟုန်။ အကုန်လုံး ဗိုက်ဆာနေကြပြီ။ ကျွန်တော်တို့ မြန်မြန် ချက်ပြီးရင် မြန်မြန် စားလို့ ရတယ်။ ”

လျှို့ဟူရဲ့ တိုက်တွန်းနှိုးဆော်စကားကြောင့် တပ်သားသစ် ( ၁၀၀ ) ကျော် ချက်ပြုတ်ရေးထဲ ဝင်လာကြသည်။ သူတို့က ကာကွယ်ရေးခေါင်းဆောင်ကျန်း ပေးထားတဲ့ အဆိပ်ပဲစေ့တွေကို ဘယ်သူမှ သတိမထားမိခင်မှာ အိုးတွေထဲ တိတ်တဆိတ် ထည့်လိုက်သည်။

ခဏအကြာမှာပဲ အစားအသောက်ရနံ့တွေ မွှေးကြိုင်တက်လာကာ တစ်နေ့လုံး စစ်ချီတက်လာတဲ့ တပ်သားတွေ အားလုံးက သူတို့ရဲ့ ပန်းကန်လုံးတွေကို ယူပြီး ခပ်သွက်သွက် စားသောက်နေခဲ့ကြသည်။

ခေါင်းဆောင်ကျန်းကလည်း ဝါရင့်တပ်သားကြီးတွေနှင့် ရောနှောထိုင်နေခဲ့သည်။ ဒါပေမဲ့ သုံး ၊ လေးလုတ်လောက် စားပြီးသည်နှင့် ရုတ်တရက် ရပ်တန့်သွားသည်။

“ တစ်ခုခု လွဲ‌နေတယ်လို့ ခံစားရတယ် အစ်ကိုတို့။ ”

“ ဘာဖြစ်လို့လဲ။ ”

ခေါင်းဆောင်ကျန်းက “ ကျွန်တော့်အစာအိမ်က ဖြစ်နေတာ။ အစ်ကိုတို့ ဆက်စားနှင့်ကြနော်။ ကျွန်တော် ခဏလောက် တောတိုးလိုက်ဦးမယ်။ ” ဟု ပြောလိုက်တော့ တပ်သားကြီးတွေက သူ့ကို စိတ်ပျက်ရွံရှာသော အကြည့်ဖြင့် ကြည့်နေသည်။

ဒါပေမဲ့ ခဏအကြာမှာပဲ သူတို့လည်း တစ်ခုခု လွဲမှားနေသည်ဟု ခံစားလာရပြီး ပန်းကန်လုံးတွေ ၊ တူတွေကို အမြန် ချကာ သစ်တောတွေထဲ ပြေးဝင်သွားခဲ့ကြသည်။

ဆင့်ကဲဖြစ်စဉ်တစ်ခုလိုပင် စစ်တပ်ထဲက တပ်သား ( ၅၀၀၀ ) ကျော်အတွက်လည်း အတူတူပဲ ဖြစ်သည်။ အချိန်ခဏလေးအတွင်းမှာပဲ တောင်ခါးပန်းပေါ်က သစ်တောတွေရဲ့ နေရာတိုင်းမှာ ဆောင့်ကြောင့်ထိုင်နေတဲ့ ပုံရိပ်တွေကို နေရာတိုင်းမှာ မြင်တွေ့လာရသည်။ အလွန် အံ့ဩဖွယ်ကောင်းတဲ့ မြင်ကွင်းတစ်ခုပါပဲ။

“ မဟုတ်ဘူး မဟုတ်ဘူး။ အစားအသောက်က ပြဿနာတက်နေတာ ဖြစ်ရမယ်။ ”

တပ်သားတွေကို ဦးဆောင်လာတဲ့ အရာရှိတွေရဲ့ ဗိုက်ထဲမှာလည်း တရစ်ရစ် ကိုက်ခဲကာ ဂွီဂွီဂွမ်ဂွမ်အသံတွေ မြည်နေပြီး ဝမ်းလျှောခြင်းရဲ့ ဆိုးဝါးပြင်းထန်မှုကို သဘောပေါက်သွားခဲ့သည်။ နောက်ဆုံးမှာတော့ သူတို့ရဲ့ ခြေထောက်တွေကို ပူးကပ်ဖိညှပ်ထားပြီး ဝူလင်ကို သွားရောက်သတင်းပို့ခဲ့ကြသည်။

“ အစားအသောက်တွေက ပြဿနာရှိတယ်လို့ မင်းတို့ ပြောနေတာလား။ ”

“ ဟုတ်ပါတယ် ဗိုလ်မှူး။ ရာသီဥတုပူလို့ ကျွန်တော်တို့ ယူလာတဲ့ စားနပ်ရိက္ခာတွေ သိုးသွားတာ ဖြစ်နိုင်တယ်။ ” ဟု တပ်သားတစ်ယောက်က ပြောသည်။ “ အခု အရာရှိတွေနဲ့ တပ်သားတွေ အကုန်လုံး ဝမ်းလျှောနေပြီ။ ကျွန်တော်တို့ ဘာလုပ်ရင် ကောင်းမလဲ ဗိုလ်မှူး။ ”

ဝူလင်သည် ထိပ်သီးဗိုလ်မှူးကြီးအဖြစ် ဆယ်နှစ်ကျော် တာဝန်ထမ်းဆောင်လာခဲ့တာတောင် ဒီလို ပြဿနာမျိုး အရင်က မကြုံဖူးတာမို့ ချက်ချင်းပဲ ဒေါသပေါက်ကွဲသွားသည်။

“ ချက်ပြုတ်ရေးကို တာဝန်ယူတဲ့ လူတွေ အကုန်လုံးကို ဖမ်းဆီးလိုက်။ ဒီလို တာဝန်ပျက်ကွက်တဲ့ လူတွေကို စစ်တပ်ဥပဒေနဲ့ အရေးယူ အပြစ်ပေးရမယ်။ ”

အတိုင်ပင်ခံထန်ကတော့ “ အလျင်စလို မလုပ်ပါနဲ့ ဗိုလ်မှူး။ ဒါက မကောင်းတဲ့ ကိစ္စ မဟုတ်လောက်ပါဘူး။ ” ဟုသာ ပြောသည်။

“ ဘာကို ဆိုလိုချင်တာလဲ အတိုင်ပင်ခံထန်။ ”

“ သိုးသွားတဲ့ အစားအသောက်တွေက တပ်သားတွေကို ဝမ်းပျက်အောင် လုပ်လိုက်လို့ သူတို့ တိုက်ခိုက်ဖို့ အားမရှိတော့ဘူး။ အခုချက်ချင်း စခန်းကို ပြန်ပြီး အနားယူရတော့မယ်လေ။ ” ဟု အတိုင်ပင်ခံထန်က ပြောလိုက်သည်။ “ ကောင်းကင်ဘုံက ကျွန်တော်တို့ကို ကူညီပေးနေတာပဲ။ ”

ဝူလင်က ထိုစကားကို ကြားတော့မှ အခြေအနေကို ကောင်းကောင်း ရိပ်စားမိသွားသည်။ ဒီပုံအတိုင်းဆို သူတို့ ဟန်ဆောင်ပန်ဆောင် စစ်တိုက်စရာတောင် မလိုဘဲ ချက်ချင်း လှည့်ပြန်လာလို့ ရသည်။

“ လီယောင်က ငါတို့ကို အလွယ်တကူ မလိုက်လျောဘဲနဲ့ ကျန်တဲ့ ငွေတွေကို မပေးမှာကိုတော့ ငါ စိုးရိမ်တယ်။ ”

“ ဟဲဟဲ။ မစိုးရိမ်ပါနဲ့ဗျာ။ ” ဟု အတိုင်ပင်ခံထန်က ပြောလိုက်သည်။ “ အဆိုးဆုံး အခြေအနေမှာ ဆိုရင် ကျွန်တော်တို့ သူ့ကို စားနပ်ရိက္ခာအတွက် ငွေချောင်း ( ၅၀၀၀ ) ထပ်တောင်းဖို့ပဲ လိုတယ်။ ရက်ပိုင်းအတွင်း တပ်သားတွေ သက်သာသွားတာနဲ့ ကျုပ်တို့ ထပ်သွားလို့ ရတယ်။ ”

“ အဲ့အကြံ ကောင်းတယ်။ ဒါဆို ငါတို့ အဲ့လိုပဲ လုပ်ကြမယ်။ ” ဟု ဝူလင်က ပြောလိုက်သည်။ “ တပ်သားတွေကို ဆေးကုဖို့အတွက် ဆေးဝါးတွေကို မြန်မြန် ကျိုချက်ဖို့ စစ်တပ်ဆရာဝန်တွေကို အမိန့်ပေးလိုက်ပါ။ ငါတို့ မနက်ဖြန်မနက် ပြန်လာကြမယ်။ ”

ဝေဒနာက တောင်ပြိုကျသလို ရောက်လာခဲ့တာပင်။ စစ်တပ်ဆရာဝန်တွေ ဆေးကျိုချက်လို့ မပြီးသေးခင်မှာပဲ တပ်သားတွေဟာ ပြေးလိုက် ၊ လာလိုက် လုပ်ရလွန်းလို့ သတိလစ်လုနီးပါးပင် အားပျက်သွားခဲ့ကြသည်။

အဆိုးဝါးဆုံး အခြေအနေကို ရောက်နေတဲ့ ဝေဒနာဟာ ဆေးတစ်ခွက် သောက်ပြီးသည့်တိုင်အောင် အနည်းငယ်မျှ တိုးတက်မှု မရှိဘဲ တပ်သားတွေရဲ့ တောတိုးရတဲ့ အကြိမ် အရေအတွက်ကိုသာ ရှင်းပြလို့ မရလောက်အောင် တိုးလာစေခဲ့သည်။

လူတိုင်းရဲ့ မျက်နှာပေါ်မှာ နာကျင်သော အမူအရာတွေ ရှိနေပြီး တဖြည်းဖြည်း ညနက်လာတော့ သူတို့ ပင်ပန်းလွန်းလို့ ဘယ်လိုမှ တောင့်မခံနိုင်တော့ဘဲ အိပ်ပျော်သွားခဲ့ကြလေသည်။ ဗိုက်တွေ တရစ်ရစ် နာနေတဲ့ကြားက အိပ်ပျော်အောင် ဇွတ်အတင်း ကြိုးစားအိပ်ဖို့သာ တတ်နိုင်သည်။

တပ်သားအများစု အိပ်မောကျသွားတဲ့အခါ လျှို့ဟူက လီယောင့်ရဲ့ ညွှန်ကြားချက်အတိုင်း ဟိုးအဝေးက သစ်တောထဲမှာ ရွာလူကြီးလွီကို သွားရှာခဲ့သည်။

“ အချိန်ကျပြီ။ ”

“ အကုန်လုံးကို လှုပ်ရှားဖို့ ပြောလိုက်တော့။ ” ဟု ရွာလူကြီးလွီက အမိန့်ပေးလိုက်သည်။ “ နောက်ဆယ့်ငါးမိနစ် ဆိုတာနဲ့ လမ်းကြောင်းနှစ်ကြောင်း ခွဲပြီး တိုက်ခိုက်တော့။ ”

“ ခင်ဗျား ဘယ်သူ့ကိုမှ အန္တရာယ်ပေးလို့ မရဘူးနော် ရွာလူကြီးလွီ။ ”

“ စိတ်မပူပါနဲ့ ခေါင်းဆောင်လေး။ ကျုပ်တို့က အဲ့လို လူမျိုးတွေ မဟုတ်ဘူး ၊ အနာဂတ်မှာ ခေါင်းဆောင်လေးနဲ့လည်း အပြန်အလှန် မတိုက်ခိုက်ချင်ဘူး။ ” ရွာလူကြီးလွီက လူတစ်ယောက်အား မြားအစည်း တစ်စည်းကို ယူလာခိုင်းလိုက်သည်။ “ ကြည့်ပါ ၊ ဒီမြားတွေမှာ ခေါင်းမပါဘူး။ လောင်စာဆီ စိမ်ထားတဲ့ အဝတ်စတွေကိုပဲ ထိပ်ဖျားမှာ ပတ်ထားတာ။ ”

လျှို့ဟူက သေချာ ကြည့်လိုက်တော့ အမှန်တကယ်လည်း မြားထိပ်ဦးချွန်တွေ တပ်မထားတာကို သတိထားမိသွားသည်။

ပြီးတော့ လောင်စာဆီ ဒီလောက် ပမာဏလေးနှင့် စိမ်းညို့အုံ့ဆိုင်းနေတဲ့ သစ်တောထဲကို တိုးပေါက်မှာ မဟုတ်ပါ။ အလွန်ဆုံးမှ ရွက်ဖျင်တဲ တချို့ကို လောင်ကျွမ်းစေရုံသာ တတ်နိုင်လိမ့်မည်။

“ ဟုတ်ပြီ။ အဲ့ဒီမှာ ဖရိုဖရဲတွေ ဖြစ်နေပြီ ဆိုတာနဲ့ အမြန် ပြန်ဆုတ်လာကြမယ်။ ”

လျှို့ဟူက စခန်းကို ပြန်ပြီး သူ အသစ်စုဆောင်းထားတဲ့ တပ်သား ( ၁၀၀ ) ကျော်ကို စုဝေးလိုက်သည်။ မကြာခင်မှာ စခန်းက သေချာပေါက် ဖရိုဖရဲ ဖြစ်တော့မှာ ဖြစ်ပြီး အဲ့ဒါက သူတို့အတွက် အခွင့်အရေး ဖြစ်လာလိမ့်မည်။

ပိန်းပိတ်အောင် မှောင်မည်းနေတဲ့ အကာလ ညသန်းခေါင်ယံအချိန် တိတ်ဆိတ်ငြိမ်သက်နေတဲ့ တောအုပ်ထဲမှာ အဝါရောင် မီးလုံးလေးက အနက်ရောင် ကောင်းကင်ကို ဝှစ်ခနဲ ဖြတ်ခွင်း၍ ရွက်ဖျင်တဲ တစ်လုံးပေါ် ကျသွားခဲ့သည်။

အဲ့ဒီနောက် ကြယ်မိုးတွေ ရွာချသလိုပင် မီးမြားတွေ ရာချီ၍ ကျဆင်းလာခဲ့လေသည်။

“ အလစ်ဝင်တိုက်ခံရပြီဟေ့။ ”

ထိတ်လန့်တကြား အော်လိုက်သော အသံတစ်သံက တပ်စခန်းရဲ့ ဆိတ်ငြိမ်မှုကို ပြိုကွဲသွားစေ၏။

“ မကောင်းတော့ဘူး။ ရှောင်ဝါရွာက လာတိုက်ခိုက်နေပြီ။ ”

“ ထကြစမ်း ထကြစမ်း။ ရှောင်ဝါရွာက စခန်းကို အလစ်ဝင်တိုက်နေပြီ။ ”

လျှို့ဟူ စုဆောင်းထားတဲ့ တပ်သားသစ်တွေရဲ့ ကြွေးကြော်သံကျယ်တွေက လူတိုင်းကို နိုးကြားသွားစေပြီး အိပ်ပျော်နေတဲ့ တပ်သားတွေ အကုန်လုံး ဖျတ်ခနဲ လန့်နိုးလာကြသည်။

သူတို့ရဲ့ မျက်လုံးတွေကို ဖွင့်,ဖွင့်ချင်းမှာပဲ နေရာတိုင်းမှာ မီးတောက်မီးလျှံတွေကို မြင်လိုက်ရပြီး တချို့ တဲတွေမှာဆိုလျှင် မီးတွေတောင် စွဲနေသောကြောင့် ချက်ချင်းပဲ အုတ်အော်သောင်းတင်း ဖြစ်သွားခဲ့သည်။

ဝါရင့်တပ်သားကြီးတွေက ယိုယွင်းနေတဲ့ အခြေအနေကို ကြည့်ပြီး သူတို့ရဲ့ တပ်သားတွေကို ပြန်လည်ထိန်းချုပ်ဖို့ ကြိုးစားခဲ့ကြသည်။

“ လျှောက်ပတ်ပြေးမနေကြနဲ့။ ”

“ ဘာတွေကို သွေးပျက်နေကြတာလဲ။ နောက်ထပ် ထပ်ပြေးတဲ့ လူက စစ်တပ်ဥပဒေနဲ့ ရင်ဆိုင် … ”

သူ့စကားတောင် မဆုံးသေးခင်မှာပဲ အမှောင်ထဲကနေ တင်းပုတ်တစ်စင်း လွင့်ပျံလာပြီး တပ်သားကြီးကို ထိမှန်သွားကာ သူ ရပ်နေတဲ့ နေရာမှာပဲ သတိလစ်သွားခဲ့လေသည်။

ခေါင်းဆောင် မရှိတော့တဲ့အခါ စစ်တပ်က ပိုလို့တောင် ဖရိုဖရဲ ဖြစ်သွားခဲ့သည်။

…

All Chapters