အခန်း (၁၅၇-၁၅၈)
Vol. 14 Ch. 157-158
အခန်း ( ၁၅၇ ) အိမ်ပြန်ပြီး အေးအေးဆေးဆေး အနားယူတော့မယ်။
သူတို့ တကယ်ကြီး အပြစ်ကနေ ကင်းလွတ်ခွင့်ရမှာလား … ။ ဝူလင်ရဲ့ ကိုယ်ရံတော်များသည် ထိုအတွေးဖြင့် စတင်ယိမ်းယိုင်လာခဲ့ကြသည်။
“ မင်းတို့ရဲ့ လက်နက်တွေကို ချပြီး လက်လျှော့လိုက်ပါ။ ” ဟု လျှို့ဟူက ကျယ်လောင်စွာ အော်ပြောလိုက်သည်။ “ မဟုတ်ရင် ငါ ဘယ်သူ့ကိုမှ မသက်ညှာဘဲနဲ့ သတ်ပစ်မယ်။ ”
ဝူလင်ရဲ့ ကိုယ်ရံတော်တွေက ချက်ချင်းပဲ ရိုရိုကျိုးကျိုး လက်လျှော့လိုက်သည်။
ဝူလင်သည် သူ အရှုံးနှင့် ရင်ဆိုင်လိုက်ရတာကို ကြည့်ပြီး အသက်ဆက်ရှင်နေရင်တောင် တာ့လင်တိုင်းပြည်မှာ ရွှေရောင်လွှမ်းတဲ့ နေ့ရက်တွေ သေချာပေါက် မရှိတော့ဘူး ဆိုတာကို နားလည်သွားလေသည်။
ထို့ကြောင့် သူ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချလိုက်ကာ နီးစပ်ရာ ကေဘယ်လ်ကြိုးဆီသို့ လှည့်ပြေးလာခဲ့သည်။ သူ ဟုန်ရှန်းသစ်တပ်ဆီ ပြေးသွားချင်သည် ၊ အဲ့ဒီကနေတစ်ဆင့် နန့်ကျောက်တိုင်းပြည်ကို ထပ်သွားချင်သည်။
သူ့မှာ လွတ်လပ်မှု ရှိနေသေးသရွေ့ သူ ဒီနှစ်တွေတစ်လျှောက်လုံးမှာ စုဆောင်းလာခဲ့တဲ့ စည်းစိမ်တွေကို မှီခိုလိုက်ရင် တကယ့်ကို သက်သောင့်သက်သာနေနိုင်လိမ့်ဦးမည်။ ကေဘယ်လ်ကြိုးနှင့် ချိတ်ဆွဲထားတဲ့ ဆွဲခြင်းက ဒီဘက်ခြမ်းမှာ ရှိနေသေးလို့ တော်သေးသည်။
ဝူလင်သည် ဆက်တုံ့ဆိုင်းမနေတော့ဘဲ ကေဘယ်လ်ကြိုးဆွဲခြင်းထဲကို ခုန်ချကာ တစ်ဖက်ကမ်းကို လျှောဆင်းလာခဲ့လိုက်သည်။ တစ်ဖက်ကို သူ ရောက်ချိန်မှာတော့ ရွာလူကြီးချူကို အရင်ဆုံး မြင်လိုက်ရသည်။
“ ကျုပ် ဝူလင်ပါ ရွာလူကြီးချူ။ ”
ရွာလူကြီးချူရဲ့ မျက်နှာအမူအရာက တော်တော်လေး ထူးဆန်းနေ၏။
“ ခင်ဗျား ဘာဖြစ်နေတာလဲ ရွာလူကြီးချု။ အတိုင်ပင်ခံထန် ဘယ်မှာလဲ။ ”
အတိုင်ပင်ခံထန်ကတော့ ချောက်ကမ်းပါးအောက်မှာ သရဲဖြစ်သွားခဲ့ပြီပင်။
ရွာလူကြီးချူက ခေါင်းခါယမ်းပြလိုက်ချိန်မှာ ရွာလူကြီးမာက အမှောင်ထဲကနေ ထွက်လာပြီး ဝူလင်ကို ဖမ်းဆီးချည်နှောင်ခိုင်းကာ တဟားဟား ရယ်မောလိုက်သည်။ “ အမျိုးသမီးလီက လက်ဖျားခါရလောက်အောင်ကို အမြော်အမြင်ရှိပါပေတယ်။ ဒီလူက တကယ် ရောက်လာတာပဲ။ ဟားဟား … ”
အမျိုးသမီးလီ ၊ လျှို့ယွင် ၊ ရှောင်ဝါရွာနဲ့ ချင်းစုန့်ရွာ …
ဝူလင်သည် ရုတ်တရက် ဆိုသလိုပဲ အရာရာတိုင်းကို နားလည်သွားခဲ့လေသည်။ တကယ်တော့ စစ်ပွဲ အစစ်အမှန် ဆိုတာ မရှိခဲ့ပါ။ အားလုံးက သူ့ကို ဖြုတ်ချဖို့ ထောင်ချောက်ဆင်ခဲ့တာတွေချည်းသာ။ ဒါပေမဲ့ ရှောင်ဝါရွာနဲ့ ချင်းစုန့်ရွာကိုတောင် စည်းလုံးညီညွှတ်စေလောက်တဲ့ထိ ဘယ်သူ့မှာ အရည်အချင်းရှိမှာတဲ့လဲ … ။
သူ လီယောင့်ကို ဖျတ်ခနဲ သတိရသွားသည်။ မဟုတ်မှလွဲရော အဲ့ဒီအမျိုးသမီးလား … ။
…
ဗိုလ်မှူးရဲ့ အိမ်တော်တွင် ဖြစ်သည်။
လျှို့ယွင်က ဝူလင်ရဲ့ ထိုင်ခုံရှည်ကြီးကို ဖယ်ရှားကာ သာမန် သစ်သားထိုင်ခုံတစ်လုံးနှင့် အစားထိုးလိုက်၏။ လီယောင်က အဓိကထိုင်ခုံမှာ ကိုယ်ဟန်မတ်မတ်ဖြင့် ထိုင်နေပြီး ခေါင်ဆောင်လျှို့ဟူကတော့ ဘယ်ဘက် အရှေ့စားပွဲမှာ ထိုင်နေခဲ့သည်။ သူ့ဘေးမှာကတော့ ရှောင်ဝါရွာလူကြီးလွီနှင့် ချင်းစုန့်ရွာလူကြီးမာတို့ ရှိပါသည်။
အခြားတစ်ဖက်မှာတော့ ဒီတစ်ခေါက် ကိစ္စမှာ အများကြီး ပါဝင်ကူညီပေးခဲ့ကြတဲ့ လျှို့ယွင် ၊ ရှစ်ထိုနှင့် ကာကွယ်ရေးခေါင်းဆောင်ကျန်းတို့ ရပ်နေကြသည်။
စားပွဲပေါ်က ဟင်းလျာတွေက အလွန် ရိုးရှင်းပါသည်။ ရာသီပေါ် အသီးအနှံ တချို့သာ ရှိကာ ဝိုင်ကောင်းကောင်းလည်း မရှိ။ သို့သော်လည်း ဒီစားသောက်ပွဲမှာ ဘာစားသလဲ ဆိုတာက အရေးမကြီးဘဲ ဘယ်သူနှင့် စားတာလဲ ဆိုတာက အရေးကြီးတာကို လူတိုင်း နားလည်၏။
လျှို့ယွင်က လူတိုင်းကို အစားအသောက်တွေနှင့် ဧည့်ခံဖို့အတွက် မဟုတ်ဘဲ တာ့လင်တိုင်းပြည်နှင့် နန့်ကျောက်တိုင်ပြည်ကြားက နယ်စပ်ဒေသကို အခြေအနေတည်ငြိမ်အောင် လုပ်ဖို့နှင့် ကုန်သွယ်ရေးကို ပုံမှန်အတိုင်း ပြန်ဖြစ်အောင် လုပ်ဖို့အတွက် ဒီစားသောက်ပွဲကို ကျင်ပခဲ့တာပင်။
ရှောင်ဝါရွာနှင့် ချင်းစုန့်ရွာကလည်း သေချာပေါက် အကျိုးခံစားခွင့် အများကြီး ရှိလိမ့်မှာမို့ ရွာနှစ်ရွာက နှစ်နိုင်ငံရဲ့ ကုန်သည်တွေကြား ရောင်းဝယ်ဖောက်ကားရေး အဆင်ပြေစေရန်အတွက် သူတို့ရဲ့ သစ်တပ်တွေကို ဖယ်ရှားပြီး အဓိကလမ်းမတွေအနီးမှာ ပြောင်းရွေ့တည်ဆောက်မည်ဟု သဘောတူညီခဲ့ကြသည်။
ဟုန်ရှန်းသစ်တပ်ရဲ့ လူတွေကို ရွာနှစ်ရွာကြား ခွဲဝေပေးလိုက်မှာမို့ လူပမာဏလည်း လုံလုံလောက်လောက် ရှိသည်။ အများစုက သူတို့ရဲ့ ပြစ်ဒဏ်အတွက် နှစ်အနည်းငယ်လောက် အလုပ်ကြမ်းတွေ လုပ်ရမည့် လူတွေချည်းပါ။
ရွာလူကြီးချူကိုတော့ နန့်ကျောက်တိုင်းပြည်ထဲကို ပို့ဆောင်လိုက်တာမို့ နန့်ကျောက်ဘုရင်ကိုယ်တိုင် သူ့ကို အပြစ်ပေးလိမ့်မည်။ သဘာဝကျစွာပင် ဒီကိစ္စက လျှို့ယွင်နှင့် လုံးဝ မသက်ဆိုင်ပေ။
ဝူလင်ကိုတော့ ထောင်ထဲ ထည့်ပြီး သူ့နောက်လိုက် ခေါင်းဆောင်တွေ အကုန်လုံးကိုလည်း တရားဝင် ရာထူးတွေကနေ ထုတ်ပယ်လိုက်သည်။
ကံကောင်းစွာဖြင့် သူတို့ အလွဲသုံးစားလုပ်ထားတဲ့ ငွေတွေ အားလုံးကို မှတ်တမ်းတင်ထားတာမို့ ဝူလင် မသုံးဖြုန်းရသေးတဲ့ ကျန်ရှိငွေတွေကို အလှည့်စားခံခဲ့ရသော ကုန်သည်တွေထံ ခွဲတမ်းကျ ဝေမျှပေးသွားမည် ဖြစ်သည်။
ဝမ်းသာစရာအကောင်းဆုံးကတော့ လျှို့ဟူပါပဲ။ ထိုလူက လွန်ခဲ့တဲ့ ရက်ပိုင်းလောက်ကမှ စစ်တပ်ထဲကို ရောက်သည် ၊ ပြီးတော့ လူတစ်ရာရဲ့ ခေါင်းဆောင်တောင် မဖြစ်လိုက်ဘဲ လူတစ်ထောင်ရဲ့ ခေါင်းဆောင် တန်းဖြစ်သွားသည်။ သူ လုပ်ခဲ့တဲ့ ဂုဏ်ထူးဆောင်လုပ်ရပ်တွေ အကုန်လုံးကို ရေတွက်ပြီးတဲ့အခါ လက်ထောက်ဗိုလ်မှူးအဆင့်ကိုတောင် ရာထူးတိုးမြှင့်ခြင်းခံရနိုင်သည်။
ကျေးဇူးအတင်သင့်ဆုံး လူက လီယောင် ဆိုတာကိုတော့ ဒီစားသောက်ပွဲမှာ ရှိနေတဲ့ လူတွေ အကုန်လုံး သိသည်။ သူမရဲ့ အစွမ်းအစတွေ ၊ နည်းဗျူဟာတွေကြောင့်သာ မဟုတ်ရင် တပ်သားတစ်ယောက်ကိုမှ မထိခိုက်စေဘဲ ဒီပြဿနာကို ချောချောမွေ့မွေ့ ဖြေရှင်းသွားဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါ။
စားသောက်ပွဲ ပြီးဆုံးသွားတော့ လူတိုင်းက ကိုယ့်အလုပ်ကိုယ် ပြန်လုပ်ဖို့ ပြင်ဆင်ခဲ့ကြသည်။ လီယောင်နှင့် ကာကွယ်ရေးခေါင်းဆောင်ကျန်းကလည်း ပိုင်ချွမ်းခရိုင်ကို ပြန်ဖို့ ပြင်ဆင်နေခဲ့သည်။ သို့သော် လျှို့ယွင်ကတော့ လိုက်မပြန်နိုင်ပါ။
ဗိုလ်မှူးတစ်ယောက် ဖမ်းဆီး အကျဉ်းချခံလိုက်ရခြင်းကဲ့သို့ ကိစ္စကြီးတစ်ခု ဖြစ်သွားတာမို့ သူ နေပြည်တော်ကို ပြန်ပြီး ခမည်းတော်ကို သတင်းပို့ကာ နောက်ထပ် ဗိုလ်မှူးတစ်ယောက်ကို အစားထိုး တာဝန်ထမ်းဆောင်ခိုင်းဖို့ စေလွှတ်ရမည်လေ။
“ အဒေါ်လီ။ ” လီယောင်ကို လိုက်ပို့တဲ့ အပြန်လမ်းမှာတော့ လျှို့ယွင်က မနေနိုင်တော့ဘဲ မေးမိသည်။ “ ဘာလို့လဲ။ အကြောင်းပြချက် ဘာလဲ။ ” သူက လီယောင်ဟာ ဒီလောက် ကြီးမားတဲ့ အများအကျိုးပြု ဆောင်ရွက်ချက်တွေကို လုပ်ဆောင်ခဲ့တာတောင် သူ့အား ဒီကိစ္စတွေကို ခမည်းတော်ဆီ ပြန်မပြောဖို့ ခိုင်ခိုင်မာမာ ငြင်းဆန်ရတဲ့ အကြောင်းပြချက်ကို မေးနေတာ ဖြစ်သည်။
“ ကျွန်တော်သာ အဒေါ့်အတွက် ဆုတော်လာဘ်တော်တွေ ချီးမြှင့်ဖို့ ထောက်ခံပေးမယ် ဆိုရင် အနည်းဆုံး ပဉ္စမအဆင့် အမျိုးသမီးစွမ်းဆောင်ရှင်ဘွဲ့ကို ရမှာနော်။ ”
“ အဲ့ဒါ ဘာအသုံးဝင်လို့လဲ။ အဲ့ဘွဲ့ကို ရတော့ ငါ့ကောက်ပဲသီးနှံတွေ အထွက်တိုးလာမှာလား ၊ ငါ့ကို ကြွေပြားတွေရော ကူလုပ်ပေးမှာလား။ ”
“ ဒါပေမဲ့ … ”
“ နင် ပြောချင်တာကို ငါ သိတယ်။ ဒါပေမဲ့ ငါ အဲ့ဒါကို မလိုအပ်ဘူး။ ” သူမ ဒီတစ်ခေါက် အိမ်ပြန်ရောက်တဲ့အခါ ကောင်းကောင်းလေး အနားယူချင်သေးသည်။ “ နင်ပဲ နာမည်ကောင်းယူပြီး အများအကျိုးပြုနိုင်တဲ့ ကိစ္စတွေကို ပိုဆောင်ရွက်ပေးပါ။ ”
နာမည်ကောင်းယူပြီး အများအကျိုးပြု ကိစ္စတွေကို ပိုဆောင်ရွက်ပေးရမယ် … ။ ဒါပေမဲ့ အတိအကျ ဘယ်လို ကိစ္စမျိုးတွေလဲ ၊ ဘယ်လို ကိစ္စတွေကို သူ့ဘက်က ဆောင်ရွက်ပေးသင့်တာလဲ … ။
လျှို့ယွင်သည် သူ ဘယ်တော့မှ ထီးနန်းဆက်ခံသူ ဖြစ်လာပြီး တိုင်းပြည်ကို အုပ်ချုပ်နိုင်မှာ မဟုတ်တာကို သိသောကြောင့် ထိုကိစ္စတွေကိုလည်း ဂရုမစိုက်ချင်ပေ။ အရင်တုန်းက သူ့ဘဝမှာ သက်သောင့်သက်သာလေး နေချင်တဲ့ ဆန္ဒတစ်ခုသာ ရှိခဲ့သည်။ ဒါပေမဲ့ ကြည့်ရတာ အခုတော့ သူ့မှာ ရောက်အောင် သွားရမယ့် တခြားပန်းတိုင်တစ်ခု ထပ်ရှိလာတဲ့ပုံပဲ။
သူ လီယောင်ကို ကာကွယ်ပေးချင်သည်။ လီယောင့်ကို ကာကွယ်ဖို့အတွက် ဟဲဝမ်ရွာကို ကာကွယ်ပေးရမည်။ ပိုင်ချွမ်းတိုင်းပြည်ကိုလည်း ကောင်းကောင်း ကာကွယ်ပေးရမည်။
ဒါပေမဲ့ သူက မင်းသားတစ်ပါးမို့ ဝန်ကြီးဖြစ်မလာနိင်ပါ။ သူ တတ်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းက … မင်းသားအနေနဲ့ ဆက်ရှိနေဖို့ပဲလား … ။ ပြီးရင် ယိကျိုးစီရင်စု တစ်ခုလုံးကို တိုးတက်အောင် ဆောင်ရွက်ပေးမယ် … ။ တာ့လင်တိုင်းပြည်အတွက် စီးပွားဖြစ်ထွန်းပြီး အခြေခိုင်တဲ့ နောက်ဖေးဥယျာဉ်တစ်ခုဖြစ်အောင် သူ တည်ဆောက်သွားမယ် … ။
လျှပ်တစ်ပြက်အတွင်းမှာ လျှို့ယွင်တစ်ယောက် အရာအားလုံးကို ရုတ်တရက် နားလည်သွားသလို ရှိသည်။ ထင်ထားတဲ့အတိုင်း ထိုးထွင်းဉာဏ်ကောင်းလွန်းတဲ့ အဒေါ်လီကို သူ မြင်းစီးရင်းတောင် အမီမလိုက်နိုင်ပါ။
“ ကျွန်တော် အခု နားလည်သွားပြီ အဒေါ်လီ။ အဒေါ်ရဲ့ မျှော်လင့်ချက်တွေနဲ့ ကိုက်ညီအောင် ကျွန်တော် သေချာပေါက် ကြိုးစားသွားမယ်။ ”
လီယောင်က ကြောင်အမ်းအမ်း ပြန်မေးသည်။ “ နင်က ဘာကို နားလည်တာလဲ။ ”
“ စိတ်ချပါ အဒေါ်လီ။ ကျွန်တော် ကြိုးစားမှာပါ။ ” ဟု လျှို့ယွင်က ပြောလိုက်သည်။ “ လမ်းခရီးမှာ ဘေးကင်းလုံခြုံပါစေ အဒေါ်လီ။ ကျွန်တော် အဒေါ့်ကို ဆက်ပြီး လိုက်မပို့တော့ဘူးနော်။ ”
သူမကို လက်ပြနှုတ်ဆက်နေတဲ့ လျှို့ယွင်ကို ကြည့်ပြီး လီယောင်ကတော့ ပိုလို့တောင် ခေါင်းရှုပ်သွားခဲ့ရသည်။ ဒီကောင်လေးက ဘာကို ဘယ်လို နားလည်သွားတာပါလိမ့်။
ရင်းနှီးနေတဲ့ ဟဲဝမ်ရွာကို ပြန်ရောက်သောအခါ လီယောက်သည် လုံးဝကို အေးအေးဆေးဆေး အနားယူဖို့ အဆင်သင့် ဖြစ်နေခဲ့သည်။
အခုဆို အိမ်မှာ စိုက်ပျိုးရေးလုပ်ဖို့ အဆုံးမရှိတဲ့ မြေကွက်တွေလည်း ရှိနေပြီ။ ကြက်တွေ ၊ ဘဲတွေ ၊ ဝက်တွေ ၊ ကျွဲတွေ ၊ နွားတွေကလည်း အုပ်လိုက်။ ဟင်းသီးဟင်းရွက်စိုက်ခင်းတွေ ဆိုတာလည်း အခင်းလိုက် အခင်းလိုက်။ စပါးခင်းတွေကလည်း ကောင်းကောင်းမွန်မွန် ကြီးထွားနေသည်။
ဟော့ပေါ့လုပ်ငန်းကိုလည်း တုရှောင်ဟွေ့ရဲ့ အမေက ဦးဆောင်လုပ်ကိုင်နေပြီး ရိုးရိုးဆပ်ပြာ ၊ ပြာရည်ဆပ်ပြာနှင့် ဆေးအနှစ်သွားတိုက်ဆေးလုပ်ငန်းကလည်း အခြေကျနေပါပြီ။ စက်ဘီးစက်ရုံမှာလည်း အမှာစာတွေက ဆက်တိုက် တက်နေကာ ကြွေပြားစက်ရုံကလည်း တဖြည်းဖြည်း အရှိန်ရလာသည်။ ထုံကျောက်နှင့် ပြုလုပ်တဲ့ ကွန်ကရစ်တွေကိုလည်း တစ်နေ့ကို နည်းနည်းစီ ထုတ်လုပ်နိုင်နေသည်။
ထိုစီးပွားရေးလုပ်ငန်းတွေက သူမအတွက် အနည်းဆုံး ငွေချောင်း လေး ၊ ငါးရာလောက် နေ့စဉ်ဝင်ငွေရစေသည်။ လုပ်နိုင်တဲ့ ကိစ္စတွေတော့ အများကြီး ရှိသေးပေမဲ့ နိုင်ငံတစ်ဝှမ်း အချမ်းသာဆုံး လူ ( ၅၀၀ ) စာရင်းထဲကို ဝင်ရောက်နိုင်ခြင်းကပင် လီယောင့်အတွက် လုံလောက်နေပြီ ဖြစ်သည်။
နေ့ရက်က ဒီအတိုင်းလေးပဲ အဆင်ပြေနေသည်။ သူမရဲ့ အိမ်တံခါးကို ပြဿနာတွေ တံခါးလာမခေါက်တော့သလို သူမကလည်း အလုပ်ကြိုးစားပြီး ဒီတစ်ခေါက်လိုမျိုး အရေးပါတဲ့ လူတွေနှင့် မယှဉ်ပြိုင်ချင်တော့။
အဲ့ဒါက သူမ လိုချင်တဲ့ ဘဝမျိုး မဟုတ်။
တင် လင် လင် …
ဘဲလ်သံလေး တတင်တင် မြည်သွားကာ လီယောင်သည် သူမအတွက် သီးသန့်ပြုလုပ်ထားတဲ့ မြန်နှုန်းမြှင့်စက်ဘီးကို စီးနှင်းပြီး လမ်းတစ်လျှောက်က သုံးဘီးစက်ဘီးသမား များစွာကို ကျော်တက်၍ ပိုင်ချွမ်းမြို့ဆီသို့ လျှပ်စီးပမာ အမြန်နှုန်းဖြင့် ဦးတည်သွားနေခဲ့လေသည်။
…
အခန်း ( ၁၅၈ ) အငြိမ်းစားယူသွားတဲ့ လူ။
ဈေးထဲကို လီယောင် ရောက်သောအခါ ဆိုင်ခန်းငယ်လေးတွေဆီ တန်းတန်းမတ်မတ် သွားပြီး လတ်လတ်ဆတ်ဆတ် ဝက်ဗိုက်သား ကျင်း အနည်းငယ် ဝယ်ယူခဲ့သည်။
စိုက်ခင်းထဲက ငရုတ်သီးတွေက နုနုလေးတွေသာ ရှိသေးပေမဲ့ သူမ သေချာ ခူးလျှင်တော့ ပန်းကန်ပြားတစ်ချပ်စာလောက် ရနိုင်တာမို့ ဒီနေ့ ဝက်သားငရုတ်သီးမွှေကြော် ချက်ချင်နေသည်။
သူမရဲ့ စက်ဘီးလက်ကိုင်မှာ အသား ကျင်းအနည်းငယ်ကို ချိတ်ဆွဲလိုက်စဉ်မှာပဲ သမင်ငယ်လေး နှစ်ကောင်ကို ရောင်းချဖို့ ခေါ်လာတဲ့ ဘေးရွာက မုဆိုးလျိုအား မြင်လိုက်ရ၍ သမင်လေးတွေကို ချက်ချင်း ဝယ်ယူလိုက်သည်။
မိသားစုက အစကတည်းက တိရစ္ဆာန်တွေ အများကြီး မွေးမြူနေပြီးသားမို့ သမင်နှစ်ကောင်လောက် ထပ်မွေးတာက ပြဿနာကြီး မဟုတ်ပေ။
လီယောင်သည် ဈေးဝယ်ထွက်ခြင်း ပြီးစီးသွားသောအခါ စက်ဘီးကို စီး၍ အိမ်ပြန်လာခဲ့လိုက်သည်။ သူမရဲ့ စက်ဘီးနောက်မှာတော့ သမင်လေးနှစ်ကောင်က အေးအေးဆေးဆေး လျှောက်လှမ်းရင်း လိုက်ပါလာ၏။
လမ်းတစ်လျှောက်လုံးက ချောမွေ့နေပြီး ဘေးတစ်ဖက်တစ်ချက်ဆီမှာ သာယာချမ်းမြေ့ဖွယ် ကျေးလက်တောရွာမြင်ကွင်းများလည်း ရှိသည်။ စားရေးသောက်ရေးအကြောင်း ၊ ငွေရေးကြေးရေးအကြောင်း စိုးရိမ်စရာ မလိုသလို ကိုယ်တိုင် အလုပ်,လုပ်စရာလည်း မလိုတဲ့ လီယောင့်အတွေးထဲက အငြိမ်းစားဘဝက သူမအပိုင် ဖြစ်လာခဲ့တာ အခုဆို လဝက်ကြာပါပြီ။
သိပ်ကို စိတ်ချမ်းသာစရာကောင်းတာပဲ … ။
လီယောင် အိမ်ပြန်ရောက်တော့ မီးဖိုချောင်ထဲတောင် မဝင်ရသေးခင်မှာ ထမင်းပူပူလေးရဲ့ မွှေးရနံ့ကို အရင်ဆုံး ရလိုက်သည်။ စုန့်ကျယ် ခေါ်လာပေးတဲ့ စားဖိုမှူးက မရှိတော့ပါ။ ဟဲရှောင်ယာတစ်ယောက် သူမရဲ့ ညွှန်ကြားချက်တွေကို လျစ်လျူရှုပြီး မီးဖိုချောင်ထပ်ဝင်နေတာလား … ။
မီးဖိုချောင်ထဲကို ဝင်လာခဲ့လိုက်လျှင် လီယောင် အနည်းငယ် အံ့အားသင့်သွားရလေသည်။ မီးဖိုရှေ့မှာ ပျားပန်းခတ်မျှ အလုပ်ရှုပ်နေသူက တာ့ကျွမ်း ဖြစ်ပြီး ဟဲရှောင်ယာကတော့ မီးဖိုနောက်မှာ ထိုင်ကာ သူ့ကို ကူပေးနေသည်။
“ အမေ ပြန်ရောက်လာပြီပဲ။ ” တာ့ကျွမ်းက ပန်းပွင့်ပုံတွေ ပါသည့် အေပရွန်ကို ဝတ်ဆင်ထားပြီး လေသလပ်၍ အခြောက်ခံထားသည့် တောကြက်တစ်ကောင်ကို ဆေးနေသည်။ “ ဒီနေ့ ကျွန်တော် ဒီကြက်ကို ချက်မလို့။ ”
“ နင် ဘယ်အချိန်တုန်းက ဟင်းချက်တတ်သွားတာလဲ။ ”
“ ကျွန်တော် ဟင်းမချက်တတ်ပေမဲ့ သင်ယူသွားလို့တော့ ရပါတယ်။ ” ဟု တာ့ကျွမ်းက ပြုံးဖြဲဖြဲနှင့် ပြန်ပြောသည်။ “ တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ စိုက်ခင်းတွေထဲမှာလည်း လုပ်စရာမရှိတာနဲ့ ကျွန်တော် အမေ့ကို နေ့တိုင်း ဟင်းမချက်ခိုင်းသင့်ဘူး ဆိုပြီး တွေးမိသွားတာ။ ”
ဟင်းချက်ခြင်းက သူမရဲ့ နေ့စဉ်ပျော်ရွှင်မှုတွေထဲက တစ်ခု ဖြစ်နေတာကို အခု သူက သူမကို ပိတ်ပင်ဖို့ ကြိုးစားနေတာလားဟု လီယောင် တွေးမိသွားသည်။ ဒါပေမဲ့လည်း တာ့ကျွမ်းလို ယောက်ျားရင့်မာကြီးတစ်ယောက်က ပန်းပွင့်ပုံအေပရွန်ကို ဝတ်ပြီး သူမအတွက် ဟင်းချက်ပေးချင်နေတာက ဆိုးတော့ မဆိုးပါ။
လီယောင်က “ ငါ ဒီနေ့ အသား ဝယ်လာတယ်။ ခဏနေရင် ဝက်ဗိုက်သားအစပ်မွှေကြော် ကြော်မယ်။ ” ဟု ပြောရင်း အသားကို ဘေစင်ထဲမှာ ထည့်လိုက်သည်။ “ ရှောင်ယာက နင့်ကို သင်ပေးလိမ့်မယ်။ ”
“ ဟုတ်ကဲ့။ ”
လီယောင်သည် မီးဖိုချောင်ထဲမှာ သူမအတွက် လုပ်စရာမရှိတော့သဖြင့် သမင်လေးနှစ်ကောင်ကို ခေါ်လာပြီး ဝါးအနည်းငယ် ခုတ်၍ သူတို့အတွက် ခြံလေးခတ်ပေးလိုက်သည်။ သမင်လို တိရစ္ဆာန်လေးတွေက ထိတ်လန့်လွယ်ပြီး အလွန်အကျွံ ထိတ်လန့်ခြင်းက သူတို့ကို ဖျားနာစေနိုင်တာမို့ သူတို့အတွက် တိတ်ဆိတ်ငြိမ်သက်တဲ့ နေရာကို ရှာပေးရပါမည်။
“ အမေ ဘာလုပ်နေတာလဲ။ ”
လီယောင် ဝါးခုတ်နေစဉ်မှာ ခန္ဓာကိုယ်တစ်ခုလုံး ချွေးတွေ ရွဲနစ်၍ မျက်နှာမှာလည်း ရွံ့နွံတွေ ပေကျံနေတဲ့ ဝမ်ရှောင်စစ်က ဘယ်က ထွက်လာမှန်း မသိဘဲ ရုတ်တရက် ရောက်လာသည်။
“ ခြံခတ်ဖို့ ဝါးခုတ်နေတာ။ ”
“ ဒါဆို ကျွန်တော် အမေ့ကို ကူပေးမယ်လေ။ ”
ဝမ်ရှောင်စစ်ဟာ ပြီးခဲ့တဲ့ နှစ်ဝက်အတွင်း စင်တီမီတာများစွာ အရပ်ထွက်လာခဲ့သလို သိသိသာသာလည်း သန်မာလာခဲ့သည်။ အရေးကြီးဆုံးကတော့ ဒီကောင်လေးက တဖြည်းဖြည်း ပိုလို့ ပိုလို့ လိမ္မာရေးခြားရှိလာပြီး အရာရာတိုင်းကို ထက်ထက်မြတ်မြတ် လေ့လာသင်ယူနေတာပဲ ဖြစ်သည်။
ဒီနွေရာသီပြီးရင် လီယောင် သူ့ကို ကျောင်းပို့ဖို့ စီစဉ်ထားပါသည်။
သူမက ဓားမကြီးကို ကိုင်ပြီး ဝါးတစ်ပင်ကို ခွပ်ခနဲ ခုတ်ပိုင်းလိုက်လျှင် ဝမ်ရှောင်စစ်က ထိုဝါးပင်ကို အားကုန်သုံး၍ ဆွဲထုတ်နှုတ်ယူပေးသည်။ သားအမိနှစ်ယောက်က အတော်လေး တွဲဖက်ညီညီ အလုပ်,လုပ်နေခဲ့ပြီး ခဏအကြာမှာပဲ ဝါးလုံးတွေ အထပ်လိုက် အပုံလိုက် ရလာခဲ့သည်။
သို့သော် ဝါးပင်အကိုင်းတွေကို ညှပ်ရင်း လီယောင်က သတိမထားမိဘဲ သူမရဲ့ လက်ညိုးထိပ်ဖျားကို ဓားထိသွားခဲ့သည်။
“ အမေ နာသွားလား။ ”
ဝမ်ရှောင်စစ်က သူ့လက်ထဲက ဝါးပင်ကို ချက်ချင်း လွှင့်ပစ်၍ ပြေးလာပြီး လီယောင်ရဲ့ လက်ကို ကိုင်ကာ ဒဏ်ရာကို ကြည့်သည်။ ထို့နောက် သူနာပြုအတတ်ဖြင့် ပြုစုသလိုမျိုး သူမရဲ့ လက်ညိုးကို ပါးစပ်ထဲ ထည့်ကာ သွေးတွေကို ခပ်ပြင်းပြင်းလေး စုပ်ယူနေခဲ့သည်။
“ မင်းကို ဒီလို လုပ်ရမယ်လို့ ဘယ်သူ သင်ပေးထားတာလဲ။ ”
“ အစ်ကိုကြီး သင်ပေးထားတာ။ ဒဏ်ရာရသွားရင် အဲ့ဒီဒဏ်ရာက သွေးကို စုပ်ထုတ်ပစ်ရမယ်တဲ့ ၊ မဟုတ်ရင် အဲ့ဒဏ်ရာကို ပိုးဝင်ပြီး နေမကောင်းဖြစ်လိမ့်မယ်တဲ့။ အမေ ဒီမှာ စောင့်နေဦးနော်။ ကျွန်တော် အဝတ်စ သွားယူလိုက်ဦးမယ်။ ”
ဝမ်ရှောင်စစ်က အိမ်ထဲကို ခပ်သုတ်သုတ် ပြေးဝင်သွားပြီး ခပ်သုတ်သုတ် ပြန်ထွက်လာလာ၏။ သူ့လက်ထဲမှာတော့ သန့်ရှင်းသော ဝါဂွမ်းအင်္ကျီတစ်ထည်နှင့် ဆေးဖက်ဝင်ဝိုင်ပုလင်းလေး ပါလာသည်။ သူက လီယောင့်ဒဏ်ရာကို သေချာ ဆေးကြောပေးပြီး ဝါဂွမ်းအဝတ်စဖြင့် ခပ်ထူထူ ရစ်ပတ်ကာ ချည်မျှင်လေး တစ်ချောင်းနှင့် ဖွဖွရွရွ ချည်နှောင်ထားပေးသည်။
လီယောင်ကတော့ မံမီလို ရစ်ပတ်ချည်နှောင်ခံထားရတဲ့ သူမရဲ့ လက်ညိုးကို ကြည့်ပြီး ရယ်ရမလား ၊ ငိုရမလား မသိတော့။ ဒီလို ပြတ်ရှရာ သေးသေးလေး ဆိုတာ သူမ ဒီရက်ပိုင်းထဲ နည်းနည်းလောက် သတိထားလိုက်ရုံနှင့် အချိန်မရွေး ပြန်ကောင်းသွားနိုင်တာမျိုးပါ။
ဝမ်ရှောင်စစ်က “ အမေ သွားအနားယူနေလိုက်ပါ။ ဒါကို အစ်ကိုကြီးကိုပဲ ဆက်လုပ်ခိုင်းလိုက်မယ်။ ” ဟု ပြောပြီး သူမရဲ့ ပခုံးတွေကို ဖိချသည်။ “ အမေ ပင်ပန်းနေပြီ။ ကျွန်တော် အမေ့ကို နည်းနည်းပါးပါး နှိပ်ပေးမယ်နော်။ ”
သူ့လက်သေးသေးလေးတွေက သူမရဲ့ ပခုံးကို ကျွမ်းကျွမ်းကျင်ကျင် နှိပ်ပေးနေသည်။ ပရော်ဖက်ရှင်နယ် အနှိပ်ပညာရှင်လိုတော့ မဟုတ်သော်လည်း ဒါက ဒီကမ္ဘာကို လီယောင် ရောက်လာကတည်းကနေ အခုချိန်ထိ ပထမဆုံး ရရှိတဲ့ အနှိပ်ဝန်ဆောင်မှု ဖြစ်သည်။
“ အမေ အခုတလော ပိုလှလာတာကို ကျွန်တော် သတိထားမိတယ် သိလား အမေ။ ”
လီယောင် : ……
“ နင့်ကို အဲ့လိုတွေ ပြောရမယ်လို့ ဘယ်သူ သင်ပေးထားတာလဲ။ ”
“ ဘယ်သူမှ သင်ပေးမထားပါဘူး။ ဒါပေမဲ့ ရွာထဲက လူတိုင်း ပြောနေကြတာပဲကို။ သူတို့ကတော့ အမေက ဝတ်ကောင်းစားလှ ဝတ်ရုံရှည်တွေ ဝတ်ထားရင် အလှဆုံးပဲလို့ ပြောတယ် ၊ ကျွန်တော်ကတော့ အမေ ပုံမှန်အဝတ်အစားတွေ ဝတ်ထားတာက အလှဆုံးပဲလို့ ထင်တယ်။ ”
“ အိုး။ ဘာလို့လဲ။ ” ဟု လီယောင်က ပြောလိုက်သည်။ ဘာပဲပြောပြော ထိုဝတ်ရုံရှည်တွေက တန်ဖိုးလည်း ကြီးသလို အနုစိပ် ချုပ်လုပ်ထားတဲ့ အဝတ်အထည်တွေပင်။
“ အမေ ဝတ်ရုံရှည်တွေ ဝတ်ထားရင် နန်းတွင်းထဲက အမျိုးသမီးအရာရှိကြီးတစ်ယောက်နဲ့ တူသွားတယ် ၊ ကျွန်တော့်အမေလို့ မခံစားရတော့ဘူး။ ”
လီယောင် ဟက်ဟက်ပက်ပက် ရယ်ချမိတော့သည်။ ကလေးတစ်ယောက်ရဲ့ နှလုံးသားက တကယ်ပဲ အဲ့ဒီလောက်ကို ရိုးစင်းပွင့်လင်းသည်။ သူမလည်း ဝတ်ရုံရှည်တွေ ဝတ်ရတာ မကြိုက်ပါ။ သူမက အငြိမ်းစားယူထားတဲ့ လူလေ။
အိမ်မှာ နူးနူးညံ့ညံ့နှင့် သက်သောင့်သက်သာဖြစ်တဲ့ ဝါဂွမ်းအထည်တွေကို ဝတ်ရတာက အများကြီး ပိုပြီး နေလို့ ကောင်းသည်။ ဒီခေတ်က အရမ်း ပဒေသရာဇ်ဆန်လွန်းတာကြောင့်သာ မဟုတ်ရင် တစ်နေကုန် အိမ်ထဲမှာ ညအိပ်ဝတ်စုံ ဝတ် ၊ ခြေညှပ်ဖိနပ်စီး၍ လတ်လျားလတ်လျား လျှောက်ပြေးနေမိမှာ ဖြစ်သည်။
“ အမေ။ ”
“ အင်း။ ”
“ ကျွန်တော် တတိယအစ်ကို,ကို လွမ်းတယ်။ ”
ထိုစကားကြောင့် လီယောင်လည်း တတိယအစ်ကိုက တော်ဝင်တပ်မှူးချုပ်ရှုနှင့် မြောက်ပိုင်းနယ်စပ်ကို ထွက်သွားတာ အခုဆို နှစ်လနီးပါး ရှိနေပြီ ဆိုတာ သတိရသွားသည်။
“ တတိယအစ်ကိုက နယ်စပ်ကို စစ်တိုက်ဖို့ ထွက်သွားတာ ဆိုတော့ သူ အန္တရာယ်များ ဖြစ်နေလောက်မလားဟင် အမေ။ ”
“ မင်းကဲ့ တတိယအစ်ကိုက တော်တော်လေး အရည်အချင်းရှိပါတယ်။ သူ ပုံမှန်အခြေအနေမျိုးတွေမှာ အဆင်ပြေမှာပါ။ ”
“ ဒါဆို အန္တရာယ်တော့ ရှိသေးတယ်ပေါ့နော်။ ” ဝမ်ရှောင်စစ်က လီယောင့်ဘက်ကို ဖျတ်ခနဲ လှည့်လာသည်။ “ ဒါဆို အမေ ကျွန်တော်တို့ကိုရော သိုင်းပညာသင်ပေးပါလား။ ကျွန်တော်တို့ သိုင်းတတ်သွားတာနဲ့ တတိယအစ်ကို,ကို သွားကူပြီး စစ်တိုက်ပေးလို့ ရတယ်လေ။ ”
လီယောင် သူမရဲ့ သားသုံးယောက်ကို အထင်သေးတာ မဟုတ်ပေမဲ့ တကယ်တော့ ဘယ်သူကမှ သိုင်းပညာလေ့ကျင့်ဖို့ မသင့်တော်ပေ။ တာ့ကျွမ်းက ခွန်အားရှိပေမဲ့ အသက်ကြီးလွန်းနေပြီမို့ သူ့ခန္ဓာကိုယ်က လုံလုံလောက်လောက် ပျော့ပျောင်းမှု မရှိတော့။ ဝမ်ရှောင်စစ်ရဲ့ ခန္ဓာကိုယ်စွမ်းရည်ကတော့ သိပ်မဆိုးပေမဲ့ သင်္ချာက လွဲလို့ ကျန်တဲ့ နေရာတွေမှာ သူ့အတွက် မျှော်လင့်ချက် မရှိပါ။
ဒါပေမဲ့ ပြန်တွေးကြည့်လိုက်တော့လည်း သိုင်းပညာ ဆိုတာ တိုက်ပွဲတွေမှာ တိုက်ခိုက်ဖို့ အတွက်ပဲ မဟုတ်ပါ။ ခန္ဓာကိုယ်ကို ကြံ့ခိုင်သန်မာစေဖို့အတွက်လည်း ကောင်းသည်။ သူမ သူတို့တစ်ယောက်ချင်းစီကို သူတို့ရဲ့ ပင်ကိုယ် အရည်အချင်းတွေအလိုက် ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်သည့် သိုင်းပညာတချို့ကို သင်ပေးလို့တော့ ရသည်။ ဒါမှသာ သူတို့ အနာဂတ်မှာ ကိစ္စလေးတွေနှင့် အမှတ်မထင် ကြုံတွေ့လာရရင် အထိုက်အလျောက် ပြန်လည်တိုက်ခိုက်နိုင်မှာ ဖြစ်သည်။
“ ကောင်းပြီ။ အမေ မင်းတို့ကို သင်ပေးမယ်။ ”
“ ရေး…။ ကျွန်တော် အစ်ကိုကြီးတွေကို အခုပဲ ဒီသတင်း သွားပြောလိုက်မယ်။ ”
ဝမ်ရှောင်စစ်က လေလိုအလျင်ဖြင့် ထွက်ပြေးသွားသော်လည်း လမ်းတစ်ဝက်မှာပဲ သူမဆီ ပြန်ပြေးလာသည်။ “ အပြင်မှာ အရမ်း ပူတယ် အမေ ၊ အိမ်ထဲမှာ အနားယူကြမယ်နော်။ မနေ့တုန်းက မရီးကို ကျွန်တော် ဆီးသီးစွပ်ပြုတ် ကူကျိုပေးထားတယ်။ အဲ့စွပ်ပြုတ်ကို ရေခဲမြေအောက်ခန်းထဲမှာ အအေးခံထားတာ။ အမေ သောက်ဖို့ ယူလာခဲ့ပေးမယ်။ ”
လီယောင်သည် ဝမ်ရှောင်စစ် ဆွဲခေါ်ရာနောက် လိုက်ရင်း အိမ်ပြန်ရောက်လာချိန်မှာပဲ ကျောင်းက ပြန်လာတဲ့ ဝမ်အာက သူမရဲ့ လက်ညိုးမှာ ရစ်ပတ်ထားတဲ့ ဝါဂွမ်းစတွေကို မြင်သွားကာ လုပ်လက်စကို ချက်ချင်းပဲ ဘေးချလိုက်သည်။
“ အမေ ဘယ်လို ဒဏ်ရာရသွားတာလဲ။ ”
“ ဘယ်လို … ။ အဒေါ် ဒဏ်ရာရလာတာလား။ ” မီးဖိုချောင်ထဲမှာ မုန့်တွေကို ခိုးနေတဲ့ စုန့်ကျယ်ကလည်း ထိုစကားကို ကြားသည်နှင့် အပြေးရောက်လာသည်။ “ အိုး ၊ ဒဏ်ရာက ကြီးလား။ ဒါဆို ကျွန်တော် မြို့ထဲကို အခုချက်ချင်း သွားပြီး ဆေးဆရာပင့်လာခဲ့မယ်။ ” ထို့နောက် သူ ခြံထဲက စက်ဘီးလေးဆီ ပြေးသွားသည်။
“ ဟဲ့…။ ပြန်လာခဲ့။ ” လီယောင်က သူမရဲ့ လက်ညိုးမှာ ပတ်ချည်ထားတဲ့ ဝါဂွမ်းစတွေကို ဖြည်ပြီး သူမရဲ့ ဒဏ်ရာကို ပြလိုက်သည်။ “ ဘာမှ ရေးကြီးခွင်ကျယ် မဟုတ်ဘူး။ ဒဏ်ရာက သက်သာနေပြီ။ ”
ဝမ်အာ : ……
စုန့်ကျယ် : ……
ဒီလို ဒဏ်ရာပိစိသေးသေးလေးကို ဝါဂွမ်းစတွေ အများကြီးနှင့် အထူကြီး ပတ်ချည်ထားတာ ဝမ်ရှောင်စစ်ရဲ့ လက်ချက်က လွဲလို့ တခြားသူ မဖြစ်နိုင်ပါ။
ဆီးသီးစွပ်ပြုတ် အေးအေးလေး ထည့်ထားတဲ့ ခွက်ကို ကိုင်ထားသော ဝမ်ရှောင်စစ်က လူတိုင်းရဲ့ အကြည့်စိမ်းတွေ သူ့ဆီ ရောက်လာတာကို မြင်သောအခါ လုံးဝကို ဇဝေဇဝါဖြစ်သွားသည်။
ကျွန်တော် ဘာအမှား လုပ်မိလို့လဲ အစ်ကိုတို့ … ။
…