← Chapters

အခန်း (၁၅၉-၁၆၀)

Vol. 14 Ch. 159-160

အခန်း (၁၅၉-၁၆၀)

Vol. 14 Ch. 159-160

အခန်း ( ၁၅၉ ) လေ့ကျင့်ရေးမောင်း။

ရှောင်ယာရဲ့ ညွှန်ကြားမှုအောက်မှာ တာ့ကျွမ်း ကြော်ထားတဲ့ ဝက်သားအစပ်မွှေကြော်က အသားလှီးထားတာ နည်းနည်း‌လေး ထူသွားတာက လွဲလို့ ငန်ငန်လေးနှင့် အရသာစုံလင်သည်။

“ ငရုတ်သီးတွေ ထည့်စားဦးလေ အမေ။ ” ရှောင်စစ်က လီယောင့်ရဲ့ ပန်းကန်ထဲကို လက်တစ်ဆုပ်စာ ငရုတ်သီးတွေ ထည့်ပေးပြီးနောက် ဟဲရှောင်ယာရဲ့ ပန်းကန်ထဲကိုလည်း နည်းနည်း ထည့်ပေးလိုက်သည်။ “ မရီးလည်း စားနော်။ ”

ဟဲရှောင်ယာက ငရုတ်သီးတွေ စားရတာ ကြိုက်ပေမဲ့ ချွန်းနျဉ်က သူမကို အရမ်း စပ်တာတွေ မစားရဘူးဟု ပြောထားသည်။ ဗိုက်ထဲက ကလေးအတွက် မကောင်းဘူးဟု ဆိုသည်။

ချွန်းနျဉ်ဆိုတာ နေပြည်တော်ကနေ လျှို့ယွင် ခေါ်ထားတဲ့ အိမ်အကူတစ်ယောက် ဖြစ်ပါသည်။ သူမက အသက် ( ၁၇ ) နှစ်သာ ရှိသေးပေမဲ့ အကြောင်းအရာ တော်တော်များများကို သိသည်။ ဒီရက်ပိုင်းတွေမှာ ဟဲရှောင်ယာကို အဖော်ပြုပေးနေတာကလည်း သူမပဲ ဖြစ်ပြီး သူတို့နှစ်ယောက်က ညီအစ်မ အရင်းအချာတွေလိုတောင် ဖြစ်နေခဲ့ပါပြီ။

“ ငါ ဒီလောက် စားလို့ ရလား ချွန်းနျဉ်။ ”

“ အစ်မက တစ်ဝက်ပဲ စားပါ။ ကျန်တဲ့ တစ်ဝက်ကို ညီမ စားလိုက်ပါ့မယ်။ ”

“ ဟုတ်ပြီ။ ”

ငရုတ်သီးပါဝင်တဲ့ ဟင်းလျာက ပုံမှန်ဟင်းလျာတွေထက် ပိုပြီး အနံ့အရသာနှင့် ပြည့်စုံသည်။

တာ့ကျွမ်းက “ ကျွန်တော်တို့မှာ ငရုတ်သီးတွေ အများကြီး ကျန်သေးတယ် အမေ။ ကျွန်တော် အဲ့ငရုတ်သီးတွေကို မွှေကြော်လိုက်ရမလား ၊ ဒါမှမဟုတ် အချဉ်ဖောက်လိုက်ရမလား။ ” ဟု မေးလိုက်သည်။

“ နင် အသီးအရွက်တွေကို အချဉ်ဖောက်တတ်လို့လား။ ”

“ မလုပ်တတ်ပေမဲ့ ကျွန်တော် သင်ယူသွားလို့တော့ ရမှာပါ။ ဒီလို အိမ်မှုကိစ္စတွေကို အမေ့ကိုပဲ အမြဲတမ်း လုပ်ခိုင်းနေလို့ မရဘူးလေ။ ”

“ ဒါဆို အချိန်ရရင် ငါ နင့်ကို သင်ပေးမယ်။ ”

ဒီရက်ပိုင်းအတွင်း တာ့ကျွမ်းဟာ မတူညီတဲ့ လူအသစ်တစ်ယောက် ဖြစ်သွားသည်ဟု လီယောင် ခံစားရသည်။ အရင်တုန်းကဆို သူက စိုက်ခင်းတွေထဲမှာပဲ အမြဲ အလုပ်ရှုပ်နေတတ်ပြီး မိုးမလင်းခင်ကတည်းက အိမ်က ထွက်သွားသည်မှာ နေဝင်မိုးချုပ်မှ အိမ်ပြန်လာတတ်သည့် လူမျိုး။

ဒါပေမဲ့ အခုတော့ သူက အိမ်မှုကိစ္စတွေ လုပ်ဖို့ စပြီး အာရုံစိုက်လာသည်။ သူ အဖေတစ်ယောက် ဖြစ်တော့မှာမို့လို့ ဒီလို ကိစ္စတွေကို အထူးတလည် အာရုံစိုက်လာတာများလား … ။

“ ကောင်းပြီ။ ဒီညက စပြီး နင်တို့‌ကောင်လေးတွေ ငါနဲ့ လေ့ကျင့်ရေးဆင်းမယ်။ ”

“ ကောင်းတာပေါ့ဗျာ။ ” စုန့်ကျယ်ရဲ့ မျက်လုံးတွေက ချက်ချင်း အရောင်တောက်သွားသည်။ “ ကျွန်တော် အဒေါ့်ဆီက သိုင်းကွက် နည်းနည်းပါးပါး သင်ယူချင်နေတာ ကြာပြီ။ အဒေါ် သင်မပေးမှာ ကြောက်လို့ ဘာမှ မမေးရဲခဲ့တာ။ ”

“ ကျွန်တော်ရော လေ့ကျင့်ရမှာလား။ ” ဟု ဝမ်အာက ထမေးသည်။

“ ဒါပေါ့။ လေ့ကျင့်ရမှာပေါ့။ ”

“ ဒါပေမဲ့ … ကျွန်တော် ညဘက်တွေမှာ များများ စာလေ့လာချင်တယ်။ ”

သူက ဒီဆောင်းဦးမှာ စီရင်စုစာမေးပွဲ ဝင်ဖြေဖို့ ရည်ရွယ်ထားတာပင်။ နည်းနည်းလေး အလောတကြီးနိုင်ပေမဲ့ သူ ဒီအခွင့်အရေးကို လွတ်သွားရင် နောက် ( ၂ ) နှစ် ထပ်စောင့်ရလိမ့်မည်။

သူ အမှန်တကယ်ပင် မစောင့်ချင်ပါ။ ထို့ကြောင့် ပညာရေးမှာ အရည်အချင်းရှိသော ကျောင်းသားတစ်ယောက်အဖြစ် လူတွေ သိပြီးကတည်းက ပိုလို့တောင် ကြိုးကြိုးစားစား စာလေ့လာခဲ့သည်။ နေပြည်တော်ကနေ လျှို့ယွင် ခေါ်ပေးထားတဲ့ နည်းပြဆရာကလည်း အတော်လေး ကျွမ်းကျင်တာမို့ သူ့မှာ မျှော်လင့်ချက်လေးတော့ ရှိနေသေးသည်။

“ စာလေ့လာတာက တကယ်ပဲ အရေးကြီးတယ်။ ” ဟု လီယောင်က ပြောလိုက်သည်။ “ ဒါပေမဲ့ ကျောင်းသားတွေက သူတို့ရဲ့ ခန္ဓာကိုယ်ကို လေ့ကျင့်ဖို့လည်း အာရုံစိုက်သင့်တယ်။ အဲ့ဒါမှ နင့်ရဲ့ စိတ်က … ငါ ပြောချင်တာက နင်တို့ရဲ့ ဦးနှောက်က ဖျတ်ဖျတ်လတ်လတ် စဉ်းစားတွေးခေါ်နိုင်လာမှာ။ ”

နေရာမှာ ရှိနေတဲ့ လူတွေ အကုန်လုံး ဆွံ့အသွားကြ၏။ ဒီလို အတွေးအခေါ် ၊ အယူအဆမျိုးကို သူတို့ တစ်ခါမှ မကြားဖူးပါ။

နေပြည်တော်မှာ ကြီးပြင်းလာခဲ့တာမို့ ဗဟုသုတနှံ့စပ်သော ချွန်းနျဉ်ပင်လျှင် ဒီစကားကို မကြားဖူး။ နေပြည်တော်မှာ ရှိတဲ့ ကျောင်းသားတွေက နေ့နေ့ညည အပြင်းအထန် စာလေ့လာရင် လေ့လာ ၊ မဟုတ်ရင် ရက်အနည်းငယ်လောက် အနားယူနေတာကိုသာ သူမ မြင်ဖူးသည်။ ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းလုပ်တဲ့ ကျောင်းသားတွေကို သူမ တစ်ခါမှ မမြင်ဖူးပေ။

ဒီအိမ်တော်ရဲ့ သခင်မကြီးက မြင်နေကျ သခင်မကြီးတွေနဲ့ သိပ်မတူတဲ့ ပုံပဲ … ။

“ ကောင်းပါပြီ။ ဒါဆို ကျွန်တော် အမေ့စကားကို နားထောင်ပ့ါမယ်။ ”

အခြေအနေ အတည်တကျဖြစ်သွားသောအခါ လီယောင်က ပြင်ဆင်စရာရှိတာတွေကို စတင် ပြင်ဆင်ခဲ့သာ်။ စုန့်ကျယ်အပါအဝင် စုစုပေါင်း ကောင်လေး ( ၄ ) ယောက် ရှိပြီး တစ်ယောက်ချင်းစီမှာ မတူညီတဲ့ ခန္ဓာကိုယ်ပုံပန်းသဏ္ဍာန်တွေ ၊ ခွန်အားတွေ ရှိတာမို့ သူမ တစ်ယောက်ချင်းစီ သက်သက်ခွဲ၍ လေ့ကျင့်သင်ကြားပေးဖို့ လိုသည်။

လီယောင်သည် ထိုနေ့ခင်းမှာပဲ ရိုးရှင်းတဲ့ အစီအစဉ်တစ်ခုကို ဆွဲခဲ့သည်။ ညစာ စားပြီးသွားတော့ ကောင်လေး ( ၄ ) ယောက်လုံးကို ခြံကျယ်ထဲသို့ ခေါ်လိုက်သည်။ တဝီဝီ လည်ပတ်နေတဲ့ ရေစက်ပန်ကာကြီးက သူတို့ခန္ဓာကိုယ်က အပူတွေကို မှုတ်ထုတ်ပေးခဲ့သည်။

“ ကျွန်တော်တို့ ဘယ်လို လေ့ကျင့်ရမှာလဲ အမေ။ ” ဟု တာ့ကျွမ်းက မေးလိုက်သည်။

“ ခြံထဲက နွားထီးတစ်ကောင်ကို ဒီကို ခေါ်လာခဲ့။ ”

နွားထီးတစ်ကောင်ကို ခေါ်လာရမယ် …… ။

ကောင်လေး ( ၄ ) ယောက်လုံး ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။ သူတို့က သိုင်းပညာလေ့ကျင့်ရမှာ မဟုတ်ဘူးလား။ ဘာကိစ္စ ကျွဲကို ခေါ်လာရမှာလဲ … ။ အမေက သူတို့ကို စိုက်ခင်းတွေကို ဘယ်လို ထယ်ထိုးရမလဲ ဆိုတာ သင်ပေးမလို့လား … ။

တာ့ကျွမ်းက ကြီးထွားကြံ့ခိုင်ကာ အရွယ်ရောက်နေပြီ ဖြစ်သော နွားထီးတစ်ကောင်ကို အမြန် ခေါ်လာခဲ့လိုက်သည်။ သူတို့ ဝယ်ခဲ့တုန်းက နွားသားပေါက်လေးပဲ ရှိသေးပေမဲ့ အခုတော့ အတော်လေး အရွယ်အစားကြီးလာခဲ့ပါပြီ။ သို့သော်လည်း ဒီ့ကောင့်ကို ပြင်းပြင်းထန်ထန် ထယ်ထိုးတာတွေ ၊ ဘာတွေ မလုပ်ခိုင်းရသေးပါ။

“ နင် လုပ်ရမှာက ရိုးရိုးလေးပါပဲ တာ့ကျွမ်း။ အဲ့နွားထီးကို နည်းလမ်းရှာပြီး မြေကြီးပေါ် လဲကျသွားအောင် နပမ်းလုံးလိုက်။ ” ဟု လီယောင်က ပြောလိုက်သည်။

ညီအစ်ကိုများ : “ … ”

“ နွားနဲ့ နပမ်းလုံးရမှာတဲ့လား အမေ။ ဒါ ဘယ်လို သိုင်းပညာမျိုးလဲ။ လေ့ကျင့်ရေးသက်သက်အတွက်ပဲလား။ ”

“ ဒါက ဘာသိုင်းပညာမှ မဟုတ်ဘူး။ ဒီတိုင်း နပမ်းလုံးတာသက်သက်ပဲ။ ဒါကို အထင်တော့ မသေးနဲ့နော်။ ကျွမ်းကျင်တဲ့အထိ လေ့ကျင့်ထားရင် သာမန်လူ ( ၁၂ ) ယောက်လောက်ကို အေးအေးဆေးဆေး ယှဉ်နိုင်တယ်။ ”

ထိုစကားကို ကြားသည်နှင့် တာ့ကျွမ်း စိတ်လှုပ်ရှားသွားသည်။ သူ ငယ်ငယ်တုန်းက သူ့ဦးလေးဆီမှာ အမြဲတမ်း အနိုင်ကျင့်ခံခဲ့ရပြီး ဘယ်တော့မှ ပြန်မတိုက်ခိုက်နိုင်ခဲ့တာကို ပြန်သတိရသွားသည်။ အဲ့ဒါက သူ့အတွက် အခဲမကျေနိုင်စရာ ဖြစ်ခဲ့ပါသည်။

“ ကျွန်တော် ကြိုးကြိုးစားစားနဲ့ လေ့ကျင့်သွားမယ် အမေ။ ”

တာ့ကျွမ်းသည် နွားထီးကို ဘေးက မြေကွက်လပ်ထဲသို့ ခေါ်လာပြီးနောက် သူ့ဂျိုနှစ်ချောင်းကို ဆုပ်ကိုင်၍ မြေကြီးပေါ် တွန်းလှဲဖို့ ကြိုးစားလိုက်သည်။ သို့သော်လည်း သေချာပေါက်ပင် နွားထီးက အသာတကြည် မလိုက်လျောဘဲ ခေါင်းကို ခါယမ်းလိုက်လေရာ သူ လွင့်ထွက်သွားမလိုတောင် ဖြစ်သွားခဲ့သည်။ အကြိမ်ပေါင်းများစွာ ကြိုးစားတဲ့အထိ မအောင်မြင်တော့မှ ဒီတာဝန်က ထင်သလောက် မရိုးရှင်းမှန်း တာ့ကျွမ်း နားလည်သွားသည်။

ထို့ကြောင့် သူ နွားရဲ့ ခြေထောက်တွေကို ဖက်တွယ်ဖို့ ကြိုးစားကြည့်သည် ၊ လည်ပင်းကို ဖက်တွယ်ဖို့ ကြိုးစားကြည့်သည်။ ဒါပေမဲ့ နွားရဲ့ ခွန်အားက အရမ်းကို သန်မာလွန်းတာမို့ အကြိမ်တိုင်းမှာ သူ့တိုက်ခိုက်မှုတွေကို အလွယ်တကူ ချေဖျက်သွားခဲ့သည်။ တာ့ကျွမ်းရဲ့ ခန္ဓာကိုယ်တစ်ခုလုံးသာ ချွေးတွေ စိုရွဲသွားပေမဲ့ နွားရဲ့ ခြေထောက်တစ်ချောင်းကိုတောင် ကွေးအောင် မလုပ်နိုင်ခဲ့။

“ ဒီအတိုင်းပဲ သုံး ၊ လေးရက်လောက် ဆက်လေ့ကျင့်နေလိုက်ဦး။ ” ဟု လီယောင်က ပြောလိုက်သည်။ “ နွားရဲ့ အားနည်းချက်က ဘာလဲ ဆိုတာကို ရှာဖို့ ကြိုးစား ၊ ကိုယ့်ရဲ့ အင်အားကို ပါးပါးနပ်နပ် အသုံးချနိုင်ဖို့ အာရုံစိုက်ထား။ နင် သူ့ကို မြေကြီးပေါ် တစ်ကြိမ် တွန်းလှဲနိုင်တာနဲ့ တခြား နည်းစနစ်တွေ ထပ်သင်ပေးမယ်။ ”

တာ့ကျွမ်းသည် ပိုလို့တောင် စိတ်အားထက်သန်သွား၏။ “ ကျွန်တော် နားလည်ပါပြီ အမေ။ ကျွန်တော် သူ့ကို သေချာပေါက် မြေကြီးပေါ် တွန်းလှဲပြပါ့မယ်။ ”

စုန့်ကျယ်ကတော့ တာ့ကျွမ်းရဲ့ လေ့ကျင့်ရေးနည်းစနစ်တွေကို ကြည့်ပြီး အနည်းငယ် လက်တွန့်သွားသည်။ နွားတွေနဲ့ နပမ်းလုံးရမယ်တဲ့လား … ။ သူ့မှာ အဲ့ဒီလို အစွမ်းအစမျိုး မရှိပါ။

သူ့ဘက်ကို လီယောင် လှမ်းကြည့်နေတာကို မြင်တော့ “ ကျွန်တော့်မှာ အဲ့လောက် ခွန်အားမရှိဘူး အဒေါ်။ ” ဟု အမြန် ပြောလိုက်ရသည်။

“ ငါ သိပါတယ်။ နင့်ကို နွားတွေနဲ့ နပမ်းမလုံးခိုင်းပါဘူး။ ” လီယောင် ပြုံးလိုက်သည်။

“ ဒါဆို အဒေါ် ကျွန်တော့်ကို ဘာသင်ပေးမှာလဲ။ ”

“ နင့်ခေါင်းက မာလား။ ”

“ အရမ်းကို မာတာ။ ကျွန်တော် ငယ်ငယ်တုန်းက ခေါင်းတိုက်ပြိုင်ပွဲတွေမှာ အမြဲတမ်း နိုင်ခဲ့တာချည်းပဲ။ ဘယ်သူ့ကိုမှ မရှုံးဖူးဘူး။ ”

ခေါင်းတိုက်ပြိုင်ပွဲ ဆိုတာ လူနှစ်ယောက်ရဲ့ခေါင်းတွေကို ထိတိုက်ဖိကပ်ထားပြီး ဘယ်သူက ပိုကြာကြာ တောင့်ခံနိုင်လဲ ဆိုတာကို ယှဉ်ပြိုင်တဲ့ ပွဲ ဖြစ်သည်။

“ ဒါဆို ငါ နင့်ကို သံမဏိခေါင်းပညာ သင်ပေးမယ်။ ”

စုန့်ကျယ်ရဲ့ ‌နှလုံးသားထဲမှာ ဒိန်းခနဲအသံအကျယ်ကြီး မြည်သွားသည်။ နာမည်ကြားရုံနှင့် အလွန် အားကောင်းတဲ့ သိုင်းပညာတစ်ရပ် ဆိုတာ သိသာသည်။ ဒါ တကယ့် စစ်မှန်တဲ့ သိုင်းပညာစစ်စစ်ပဲ … ။

“ ကျွန်တော် အဲ့ဒါကို ဘယ်လို လေ့ကျင့်ရမှာလဲ အဒေါ်။ ”

လီယောင်က စုန့်ကျယ်ကို အိမ်တံစက်မြိတ်အောက်သို့ ခေါ်သွားပြီး ချိတ်ဆွဲထားတဲ့ သဲအိတ်ကို လက်ညိုးထိုးပြလိုက်သည်။ “ မနက်ပိုင်းနဲ့ ညပိုင်းမှာ ပုံမှန် လေ့ကျင့်ရေးအပြင် နင့်ရဲ့ ခေါင်းနဲ့ အဲ့သဲအိတ်ကို အကြိမ် တစ်ရာ တိုက်ပါ။ နင် ကျင့်သားရလာပြီလို့ ခံစားရရင် အကြိမ်ရေကို တဖြည်းဖြည်း တိုးသွားလို့ ရတယ်။ ”

“ ကျွန်တော် လုပ်နိုင်တယ်။ ”

စုန့်ကျယ် ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်အပြည့် ရှိသည်။ သူ့ခေါင်းနှင့် နံရံကို ဝင်တိုက်ရမှာ ဆိုရင်တော့ နည်းနည်းလေး စိုးရိမ်စရာကောင်းပေမဲ့ သဲအိတ်ကို တိုက်ရမှာကတော့ … ဟဲဟဲ ၊ သိပ်ကို လွယ်လွန်းတယ် … ။ ပြောရရင် သဲအိတ်တွေ ဆိုတာ နူးညံ့သည်လေ။ လက်သီးတစ်ချက်တည်းနှင့်တောင် ချိုင့်ခွက်ဝင်သွားအောင် ထိုးပစ်လိုက်လို့ ရသည်။

ထို့ကြောင့် သူ သဲအိတ်ကို လက်နှစ်ဖက်နှင့် ဆုပ်ကိုင်ပြီး ခေါင်းနှင့် ဝင်တိုက်ပစ်လိုက်သည်။ သို့သော် ဘာ့ကြောင့်ရယ်မသိဘဲ သူ့လက်သီးနှင့် ထိုးတုန်းက တော်တော်လေး နူးညံ့တယ်လို့ ခံစားခဲ့ရတဲ့ သဲအိတ်ဟာ ခေါင်းနှင့် တိုက်ချိန်မှာတော့ နံရံကို တိုက်ရသလိုပဲ တုန်ခါကာ သူ့ခေါင်းကို ချာချာလည် မူးဝေသွားစေသည်။

“ အစပိုင်းမှာတော့ အရမ်း အားမထည့်နဲ့ဦး။ နင် အချက်တစ်ရာ မတိုက်နိုင်လည်း ကိစ္စမရှိဘူး။ ကိုယ့်ကိုယ်ကိုယ် ထိခိုက်အောင် မလုပ်နဲ့။ ”

“ ကျွန်တော် … နားလည်တယ် … နားလည်တယ် … ”

စုန့်ကျယ်က မူးဝေနေပေမဲ့ ဇွတ်တိုးကာ သဲအိတ်ကို ခေါင်းနှင့် ဆက်တိုက်နေခဲ့သည်။ အချက်ရေ နှစ်ဆယ်လည်း တိုက်ပြီးရော သူ ဘယ်လိုမှ တောင့်မခံနိုင်တော့ဘဲ ပြိုလဲကျသွားတော့သည်။

လတ်စသတ်တော့ ဒီသံမဏိခေါင်းပညာကလည်း လေ့ကျင့်ဖို့ သိပ်မလွယ်ပါလား … ။

ဝမ်ရှောင်စစ်က ဘေးကနေ ပျော်ရွှင်စွာ ရပ်ကြည့်နေခဲ့သည်။ “ အခု အာ့ကောရဲ့ အလှည့်ရောက်ပြီ အမေ။ ”

“ ဖြည်းဖြည်းပဲ သွားကြတာပေါ့။ နင့်အလှည့်ကို အရင် လုပ်လိုက်မယ်။ ”

“ ကျွန်တော် ဘာလေ့ကျင့်ရမှာလဲ။ ”

“ ပြေးရမယ်။ ”

ဝမ်ရှောင်စစ်တစ်ယောက် မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်မိသည်။ ပြေးတာက လေ့ကျင့်ရေးနဲ့ ဘာပတ်သက်နေလို့လဲ … ။ သူ နေ့တိုင်း ရွာကို ပတ်ပြေးနေတာပဲ။

လီယောင်က တစ်ခုကို ပေါင်တစ်ဝက်သာ အလေးချိန်ရှိသည့် ၊ ခြေထောက်ကို စည်းနှောင်သော ကြိုးကွင်းလေး နှစ်ခုကို ယူကာ ဝမ်ရှောင်စစ်ရဲ့ ခြေကျင်းဝတ်တွေမှာ ချည်ပေးလိုက်သည်။

“ ညကျရင် ခြံထဲမှာ အခါတစ်ရာ ပတ်ပြေး။ ”

“ ဟုတ် အမေ။ ကျွန်တော် သေချာပေါက် အခါတစ်ရာ ပြည့်အောင် ပတ်ပြေးခဲ့မယ်။ ”

ဝမ်ရှောင်စစ်က သွက်သွက်လက်လက် ပြေးထွက်သွားတော့ ဝမ်အာတစ်ယောက်တည်းသာ ကျန်ခဲ့သည်။ ဝမ်အာက ကြိုးစားပမ်းစား လေ့ကျင့်နေတဲ့ သူ့ညီတွေ ၊ အစ်ကိုတွေ ကြည့်ပြီး စိတ်မသက်မသာဖြစ်လာသည်။ ပြောရရင် သူက ကလေးဘဝကတည်းက စာပဲ ဖတ်လာပြီး ခန္ဓာကိုယ်ကို အသုံးပြုရတဲ့ အလုပ်တွေ မလုပ်ဖူးတာမို့ သူ့မှာ ခွန်အား လုံးဝ မရှိပါ။

အပြေးပြိုင်လျှင်တောင် သူ ဝမ်ရှောင်စစ်ကို နိုင်မှာ မဟုတ်။

“ ငါ နင့်ကို ပြင်ဆင်ခိုင်းထားတဲ့ ပစ္စည်းတွေကို ယူလာခဲ့တော့ ရှောင်ဟွေ့။ ”

တုရှောင်ဟွေ့က အခန်းထဲကနေ ဖျာနှစ်ချပ်ကို အမြန် ထုတ်ယူလာကာ ဖျာတွေပေါ်ကို ဂွမ်းကပ်ထူထူတွေ အများကြီး ခင်းလိုက်၏။

လီယောင်က ဝမ်အာကို ဖိနပ်ချွတ်ခိုင်းပြီး သူတို့နှစ်ယောက်လုံး နူးညံ့တဲ့ ဂွမ်းကပ်ထူထူပေါ်မှာ မတ်တပ်ရပ်လိုက်ကြသည်။

….

အခန်း ( ၁၆၀ ) ကွန်ဖြူးရှပ်ရဲ့ ဂန္တဝင်စာအုပ် ( ၄ ) အုပ်ထက်တောင် ပိုခက်နေသေးတယ်။

“ ဒါကို ဂျူဒိုလို့ ခေါ်တယ်။ ခန္ဓာကိုယ်အားနည်းတဲ့ လူတွေအတွက် အထူး ပြင်ဆင်ထားတဲ့ တိုက်ခိုက်နည်းတစ်မျိုးပဲ။ ဒါပေမဲ့ တစ်ဖက်ကမ်းခတ် ကျွမ်းကျင်အောင် လေ့ကျင့်ပြီးပြီ ဆိုရင် လုံးဝ အားမနည်းတော့ဘူး။ လေ့ကျင့်တဲ့ နေရာမှာ လူနှစ်ယောက် လိုတာ ဆိုတော့ ငါက နင့်ရဲ့ ရန်သူ လုပ်ပေးမယ်။ ” ဟု လီယောင်က ပြောလိုက်သည်။

“ နင် လုပ်ရမှာက ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံနဲ့ ငါ့ကို မြေကြီးပေါ် တွန်းလှဲဖို့ပဲ။ ”

“ အမ်။ ”

ဝမ်အာ ကြောင်အသွားရသည်။ သူ့အမေကို မြေကြီးပေါ် တွန်းလှဲပစ်ဖို့က … သူ လုပ်ရဲလား ၊ မလုပ်ရဲဘူးလား ဆိုတဲ့ ကိစ္စ မဟုတ်ဘဲ သူ လုပ်နိုင်လား ၊ မလုပ်နိုင်ဘူးလား ဆိုတဲ့ ကိစ္စ ဖြစ်သည်။ သူ့အမေက ဗိုလ်မှူးတစ်ယောက်ကိုတောင် အချိန်ခဏလေးအတွင်း အမှောက်သိပ်နိုင်တာပါ။

“ မကြောက်ပါနဲ့။ မြေကြီးက နူးညံ့ပါတယ်။ ”

“ ဒါ … ဒါဆို သား ကြိုးစားကြည့်ပါဦးမယ်။ ”

ဝမ်အာ့ဘဝမှာ ဘယ်သူနှင့်မှ နပန်းမလုံးဖူးပေမဲ့ သူများတွေ နပန်းလုံးတာကိုတော့ မြင်ဖူးပါသည်။ သူ လီယောင့်ရဲ့ ပခုံးကို ဆုပ်ကိုင်ဖို့ လက်လှမ်းလိုက်ပေမဲ့ ထိတောင် မထိနိုင်သေးခင်မှာပဲ လီယောင်က သူ့လက်ကို အားနှင့် လျှပ်တစ်ပြက် ဆုပ်ကိုင်ကာ သူမရဲ့ ပခုံးပေါ် မြှောက်တင်၍ ထိုမှတစ်ဆင့် မြေပြင်ပေါ် တွန်းလှဲချပစ်လိုက်လေသည်။ အောက်မှာ ဂွမ်းကပ်တွေ ရှိနေလို့ တော်သေးသည်။ မဟုတ်ရင် သူ ဒီလို တွန်းလှဲခံရပြီးရင် ပြန်ထနိုင်မှာ မဟုတ်။

“ နောက်တစ်ခေါက် ထပ်လုပ်မယ်။ ”

ဝမ်အာက သူ့ခန္ဓာကိုယ်ကို ခါယမ်းလိုက်ပြီး ဒီတစ်ခေါက်တော့ သူမရဲ့ ပခုံးကို မကိုင်တော့ဘဲ ထိုအစား သူမရဲ့ လက်ကောက်ဝတ်ကို ဖမ်းဆုပ်ဖို့ ကြိုးစားလိုက်၏။ သို့သော် လီယောင်ကပဲ သူ့ကို ဆွဲဖမ်းလိုက်သောကြောင့် ကိုယ့်ခြေထောက်နှင့်ကိုယ် ခလုတ်တိုက်မိပြီး ရွံ့‌နွံတွေနှင့် မျက်နှာ မိတ်ဆက်သွားခဲ့ရသည်။

“ ထပ်လုပ်မယ်။ ”

ဝမ်အာသည် နည်းလမ်းပေါင်းစုံ ကြိုးစားခဲ့သော်လည်း အကြိမ်တိုင်းမှာ တစ်ဖက်လူကိုတောင် မထိလိုက်နိုင်ဘဲ မြေပြင်ပေါ်ကို ခြေကားရားလက်ကားရား ပစ်လဲကျသွားခဲ့ရသည်ချည်းသာ။

သူ နည်းနည်းလေးတော့ နားလည်စပြုလာသည်။ တကယ်တော့ သူ့အမေက သူ့ကို သိုင်းပညာသင်ပေးနေတာကို သူက အမီမလိုက်နိုင်တာ မဟုတ်ဘဲ ဘယ်လို အရိုက်ခံ ၊ အထိုးနှက်ခံရမလဲ ဆိုတာ သင်ပေးနေတာပင်။

“ ခဏ ခဏ အရိုက်ခံရပြီးရင် အရိုက်ခံရမှာကို ကြောက်တော့မှာ မဟုတ်ဘူး ဆိုတဲ့ သဘောလား အမေ။ အဲ့လို ဟုတ်တယ်မို့လားဟင်။ ”

လီယောင် : …

ဒါပေမဲ့ ဂျူဒိုလေ့ကျင့်တာက … ထပ်ခါတလဲလဲ လဲကျပြီးတဲ့နောက်မှာ တဖြည်းဖြည်း ကျွမ်းကျင်တတ်မြောက်သွားတယ် ဆိုတဲ့ သဘောတရားမျိုး ဖြစ်သည်။

“ ငါ နင့်ကို တွန်းလှဲချလိုက်တဲ့ အချိန်မှာ ခံစားရတဲ့ ခံစားချက်ကို နားလည်ဖို့ လိုတယ်။ ” ဟု လီယောင်က ပြောလိုက်သည်။ “ ပြီးရင် အဲ့ဒါကို ဘယ်လို တုံ့ပြန်ရင်ဆိုင်ရမလဲ ဆိုတာ စဉ်းစားရမယ်။ ငါ အသုံးပြုခဲ့တဲ့ တူညီတဲ့ နည်းလမ်းတွေအတိုင်း ငါ့ကို ပြန်ပြီး တွန်းလှဲချဖို့ ကြိုးစားပါ။ ”

ထိုစကားကို နားထောင်ပြီး ဝမ်အာ အနည်းငယ် ခေါင်းရှုပ်သွားရပါသည်။ သူ့စိတ်ထဲမှာ ဒါက ကွန်ဖြူးရှပ်ရဲ့ ဂန္တဝင်စာအုပ် ( ၄ ) အုပ်ထက်တောင် ပိုခက်နေသေးသည်ဟု ခံစားရသည်။

“ ကျွန်မ ဒေါ်လေးကိုယ်စား သူနဲ့ လေ့ကျင့်ပေးရမလားဟင်။ ”

ဒီတစ်ခေါက်တော့ တုရှောင်ဟွေ့က ဖိနပ်ချွတ်ပြီး ဂွမ်းကပ်ပေါ် တက်လာခဲ့သည်။ “ ခုနတုန်းက ကျွန်မ ခဏလောက် ကြည့်နေရင်းနဲ့ နည်းနည်းပါးပါး လေ့လာလိုက်ရသလို ခံစားရတယ်။ ”

“ ဒါဆိုလည်း သူနဲ့ လေ့ကျင့်လိုက်ပါ။ ”

ဝမ်အာသည် တုရှောင်ဟွေ့နှင့် ရင်ဆိုင်လိုက်ရသောအခါ ပိုလို့တောင် လှုပ်ရှားဖို့ တွန့်ဆုတ်သွားမိသည်။ ပြောရရင် ယောက်ျားနှင့် မိန်းမ ဆိုတာ မတူတာမို့ သူ သူမကို ဘယ်နေရာက ဘယ်လို ဖမ်းဆုပ်ရမလဲ ဆိုတာတောင် မသိ။

ဒါပေမဲ့ တုရှောင်ဟွေ့ကတော့ အဲ့ဒီလို ကိစ္စတွေကို ဂရုမစိုက်ပါ။ ဝမ်အာ့ဘက်က လှုပ်ရှားမလာတာမို့ သူမဘက်ကပဲ စတင်လှုပ်ရှားကာ ဝမ်အာ့ရဲ့ လက်ကို ဆုပ်ကိုင်၍ တွန်းထိုးဆွဲခေါ်လိုက်ပြီး သူ့ကို သူမရဲ့ ပခုံးပေါ် အလွယ်တကူ မြှောက်တင်လိုက်နိုင်သည်။ သူမရဲ့ ခွန်အားက အားနည်းတာမို့ ဝမ်အာ့ကို လီယောင့်လိုတော့ မြေပြင်ပေါ် တွန်းလှဲမချနိုင်ပါ။

နောက်ဆုံးအချိန်မှာမှ ဝမ်အာ့ကို ဖမ်းမိသွားပြီး သူ့ခြေထောက်ကိုသာ မြေပြင်နှင့် ထိအောင် လုပ်နိုင်ခဲ့သည်။ သူ့ခန္ဓာကိုယ်ကတော့ လေထဲမှာ တစ်ဝက်တစ်ပျက် ရပ်တန့်လျက် … ။

“ ဒီတစ်ခါ ညီမ အစ်ကို့ကို လုပ်ခဲ့သလိုမျိုး ညီမကို တွန်းလှဲချပေးပါ။ ”

မိန်းကလေးတစ်ယောက်ဆီမှာ တွန်းလှဲခံလိုက်ရတဲ့ ဝမ်အာက နည်းနည်းလေးတော့ အင်တင်တင်ဖြစ်‌နေမိသည်။ ခုနတုန်းက နည်းလမ်းကို သတိရသွားတော့ သူလည်း တုရှောင်ဟွေ့ကို သူ့ပခုံးပေါ် မြှောက်တင်ပြီး တွန်းလှဲချပစ်ချင်သည်။

ဒါပေမဲ့ တုရှောင်ဟွေ့က သိသိသာသာပင် သူ့ထက် လေ့လာသင်ယူမှု ပိုမြန်သည်။ သူမက သူ့ဖမ်းဆုပ်မှုကြားကနေ အလွယ်တကူ လွတ်မြောက်သွားပြီး သူ့ကို တွန်းပစ်လိုက်ရာ သူ ဟန်ချက်ပျက်သွားပြီး နှစ်ယောက်လုံး မြေပြင်ပေါ် လုံးထွေးလဲကျသွားခဲ့ကြသည်။

နှစ်ယောက်လုံးရဲ့ မျက်နှာဟာ နီရဲတက်သွားပြီး အမြန် လူချင်းခွဲကာ မြေပြင်ပေါ်က ပြန်ထလိုက်၏။

“ အဟမ်း အဟမ်း။ ညီမကို မညှာပါနဲ့ အစ်ကိုဝမ်အာ။ ခွန်အားအကုန် သုံးပါ။ ” ဟု တုရှောင်ဟွေ့က ပြောလိုက်သည်။ “ ညီမလည်း အစ်ကို့ကို ညှာမှာ မဟုတ်လို့ပါ။ ”

အဲ့လိုနှင့် နှစ်ယောက်သား ဆက်လက်လေ့ကျင့်ခဲ့ပြီး မြေပြင်ပေါ်ကို ခဏခဏ လဲကျသံတွေ ထွက်ပေါ်လာခဲ့သည်။ လီယောင်က အနိုင်ထက် အရှုံးပိုများနေသော ဝမ်အာကို ကြည့်ပြီး စိတ်ထဲကနေ ဆက်တိုက် သက်ပြင်းချနေမိသည်။

အနာဂတ်မှာ သူတို့နှစ်ယောက် လက်ထပ်သွားတဲ့အခါ ဝမ်အာရဲ့ နေ့ရက်တွေ ခက်ခဲကြမ်းတမ်းမှာကို စိုးရိမ်ရသည်လေ။

…

ထိုသို့ဖြင့် တစ်မိသားစုလုံးရဲ့ သိုင်းပညာလေ့ကျင့်ရေးဟာ အဲ့ဒီလို စတင်လာခဲ့သည်။ အစပိုင်း ရက်ပိုင်းကတော့ အလွန် ခက်ခဲပြီး ဘယ်သူမှ အဆင်မပြေကြပေ။

တာ့ကျွမ်းက နေ့တိုင်း ခြေကုန်လက်ပမ်းကျနေပြီး ဝမ်အာနှင့် တုရှောင်ဟွေ့ကလည်း အညိုအမည်းဒဏ်ရာတွေ ရတဲ့ထိ တစ်ယောက်ကို တစ်ယောက် တွန်းလှဲနေကြသည်။ ဝမ်ရှောင်စစ်ကလည်း လေအလျင်လို မပေါ့ပါးတော့ဘဲ သူ ခြေတစ်လှမ်းလျှောက်တိုင်း သူ့ခြေထောက်တွေထဲမှာ ခဲတွေ ပြည့်နေသလို ခံစားလာရသည်။

သနားစရာအကောင်းဆုံးကတော့ စုန့်ကျယ်ပါပဲ။ နှစ်ရက် ၊ သုံးရက်အကြာမှာ သူ့ခေါင်းတစ်ခုလုံး အချိန်ပြည့်နီးပါး မူးဝေနေပြီး ခေါင်းပေါက်ကွဲထွက်သွားတော့မလို ခံစားနေရ၏။

ဒါပေမဲ့ လီယောင်ရဲ့ ကြီးကြပ်မှုအောက် လဝက်အကြာမှာတော့ လူတိုင်း တဖြည်းဖြည်း ကျင့်သားရလာခဲ့ကြသည်။ သူတို့ တစ်ရက် လေ့ကျင့်ရေးမဆင်းဘဲ နေမိလျှင်တောင် ခန္ဓာကိုယ်တစ်ခုလုံး သက်သောင့်သက်သာမရှိတော့။

လူတစ်ယောက်ချင်းစီရဲ့ လေ့ကျင့်ရေးခရီးစဉ်က တိုးတက်လာသလို လီယောင်ကလည်း နည်းစနစ်တွေကို ဆက်လက်သင်ပေးခဲ့သည်။ အခုဆို ဝမ်အာနှင့် တုရှောင်ဟွေ့က ဂျူဒိုပညာမှာ အခြေခံ အနည်းအကျဉ်းလောက်တော့ တတ်ကျွမ်းသွားပြီ ဖြစ်ပြီး ဝမ်ရှောင်စစ်ကလည်း လေအလျင်လို လျင်မြန်ပေါ့ပါးစွာ ပြန်လည်ပြေးလွှားနိုင်နေပါပြီ။

အစကတည်းက ကြွက်သားတောင့်တင်းတဲ့ တာ့ကျွမ်းရဲ့ ခန္ဓာကိုယ်ကလည်း ပိုလို့တောင် ကြံ့ခိုင်သန်မာလာသည်မှာ နပန်းသမားတစ်ယောက်ကိုတောင် အလဲထိုးနိုင်တဲ့ အနေအထားကို ရောက်လာခဲ့သည်။

လီယောင်ကလည်း သူတို့ကို အရမ်းကြီး ပြင်းပြင်းထန်ထန် မလေ့ကျင့်ခိုင်းပါ။ ပြိုင်ဖက် သုံး ၊ လေး ၊ ငါးယောက်နှင့် တိုက်ခိုက်ခိုင်းခြင်းကပင် ကောင်းကောင်း လုံလောက်‌နေပြီ ဖြစ်သည်။

အချိန်တွေ တ‌ရွေ့ရွေ့ ကုန်ဆုံးသွားကာ ချီချောင်ပွဲတော် မကျင်းပမီ ဇူလိုင်လကို ရောက်လာခဲ့သည်။ ဒီခေတ်မှာ နွားကျောင်းသားနှင့် ရက်ကန်းသမလေးလို ဂန္တဝင်ပုံပြင်တွေ မရှိတာမို့ အဲ့ဒီလို ပွဲတော်မျိုးတွေ မရှိပါ။

ဒါပေမဲ့ လီယောင်က လုပ်စရာလည်း သိပ်မရှိတဲ့အတူတူ အကုန်လုံးကို စုဝေးပြီး အတူတူ စားသောက်ပျော်ပါးဖို့ စီစဉ်ထားသည်။ သူမတို့မိသားစုပဲ ရှိရင် ပွဲတော်အတွက် ပြင်ဆင်ရတာ အဓိပ္ပာယ်မရှိပါ။ လူတွေ အများကြီး အတူတကွ စားကြ သောက်ကြတော့မှသာ သက်ဝင်လှုပ်ရှားပြီး ပျော်စရာကောင်းတာပင်။

လူတိုင်း ပွဲတော်မှာ ဝင်ရောက်ဆင်နွှဲနိုင်စေဖို့အတွက် ရွာထဲမှာ နွားကျောင်းသားနှင့် ရက်ကန်းသမလေးပုံပြင်ကို ဘယ်လို ဖြန့်ရင် ကောင်းမလဲ ဆိုတာကို လီယောင် တွေးနေစဉ်မှာပဲ တရားသူကြီးစုန့်တို့လင်မယားက ရှေ့ခုံ ၊ နောက်ခုံ ပါသော စက်ဘီးရှည်ကြီးနှင့် ရောက်လာခဲ့သည်။

အခု‌တလော မိုးရွာထားတာမို့ တရားသူကြီးစုန့်က ရေကြီးရေလျှံမှုတွေ ဖြစ်ကာ လယ်မြေတချို့ ပါသွားမှာကို စိုးရိမ်သောကြောင့် နေ့တိုင်းနီးပါး ရွာတစ်ရွာချင်းစီကို လှည့်လည်စစ်ဆေးရင်း ပြဿနာတစ်ခုခု ရှိလာတဲ့အခါ ချက်ချင်းလက်ငင်း ကိုင်တွယ်ဖြေရှင်းဖို့ လူတိုင်းကို လိုက်လောဆော်နေခဲ့သည်။

အလုပ်ရှုပ်ခဲ့ရတဲ့ အချိန်တွေ ပြီးဆုံးသွားသောအခါ မူလတုန်းက အသားဖြူဖြူနှင့် အခုတော့ ကျောက်မီးသွေးတုံးပမယ အသားတွေ ညိုမည်းကျသွားခဲ့လေသည်။ မင်းမှုထမ်းတစ်ယောက်အဖြစ် ကြိုးကြိုးစားစား အလုပ်,လုပ်နေတဲ့ သူ့ကို ပထမဆုံးအကြိမ် မြင်ဖူးတာမို့ စိတ်ထဲက အလွန် လေးစားမိပါသည်။

“ အမျိုးသမီးလီ … ဒီနေ့ ကျုပ်တို့ရဲ့ သားလေးကို ကြည့်ဖို့ ရောက်လာတာပါ။ ပြီးတော့ ကျုပ်တို့ အမျိုးသမီးလီရဲ့ အမြင်ကို မေးချင်တဲ့ အရေးကြီးကိစ္စ တစ်ခုလည်း ရှိနေတယ်။ ”

ဒီလို ကိစ္စမျိုးတွေက ပထမဆုံးအကြိမ် မဟုတ်ပါ။ တရားသူကြီးစုန့်ဟာ ပြဿနာတစ်ခုခုနှင့် ရင်ဆိုင်ရလို့ သူ့ဘာသာ မဖြေရှင်းနိုင်တဲ့ အခါတိုင်း ၊ သို့မဟုတ် စဉ်းစားရကျပ်နေတဲ့ အခါတိုင်း လီယောင့်ဆီ သွားရောက်အကြံတောင်းဖို့ကိုသာ ရွေးချယ်လေ့ ရှိသည်။

“ တရားသူကြီးစုန့်က ယဉ်ကျေးလွန်းနေပါပြီ။ ပြောစရာရှိတဲ့ ကိစ္စကို ပြောပါ။ ”

ပြီးခဲ့တဲ့ ဆောင်းရာသီက စလို့ ပိုင်ချွမ်းခရိုင်သည် လမ်းတွေကို ပြုပြင် ၊ ရေလှောင်တမံတွေနှင့် ရေလမ်းကြောင်းတွေကို တည်ဆောက်ခဲ့တာမို့ ဒီနှစ်ထဲမှာ အကျိုးကျေးဇူးတွေ အများကြီး ရခဲ့သည်။ ပိုင်ချွမ်းခရိုင်ရဲ့ စီးပွားရေးကလည်း ကောင်းသထက် ကောင်းလာပြီး ပြည်သူတွေကလည်း ပိုက်ဆံရှာနိုင်ခဲ့သည်။

သို့သော် “ အိမ်တိုင်း အိမ်တိုင်း ကွန်ကရစ်လမ်းနဲ့ ချိတ်ဆက်နေပြီး ရေ ရ,ရမယ်။ ” ဆိုတဲ့ လီယောင့်ရဲ့ စံအကြံပြုချက်နှင့် ယှဉ်လိုက်လျှင်တော့ အခြေခံအဆောက်အအုံတွေက အများကြီး လိုအပ်နေပါသေးသည်။ ဒါ့ကြောင့် ဆောက်လုပ်ရေးကို ရှေ့ဆက်ဖို့ လိုသည်။

ဒါပေမဲ့ ပြဿနာတစ်ခု ပေါ်လာသည်။

ပြီးခဲ့တဲ့ ဆောင်းတွင်းတုန်းက ခရိုင်အစိုးရက ရှိသမျှ ပိုက်ဆံတွေ အကုန်လုံး သုံးခဲ့တာမို့ ဘဏ္ဍာတိုက်တွေထဲမှာ ဘာမှ မကျန်တော့ပေ။ အခုလို ရောဂါကပ်ဘေးတွေ မရှိတော့တဲ့ အချိန်မျိုးမှာ လူချမ်းသာတွေဆီက ထပ်အလှူခံတာကလည်း အဆင်မပြေ၍ အခြေခံအဆောက်အအုံ ဆောက်လုပ်ရေးကို ရပ်ဆိုင်းရလုနီးပါး ဖြစ်နေသည်။

ထို့ကြောင့် စီရင်စုအစိုးရအတွက် ဝင်ငွေရနိုင်မယ့် နည်းလမ်းကောင်းလေးတွေများ ရှိလား ဆိုတာ သူ မေးချင်သည်။

“ တရားသူကြီးစုန့်က ဘယ်လို တွေးထားလဲ။ ”

“ ကျုပ် ဘက်ပေါင်းစုံက စဉ်းစားကြည့်ပြီးသွားပြီ။ ဒါပေမဲ့ အခွန်အတုပ်တွေကို တိုးမြှင့်ကောက်ခံဖို့ပဲ စဉ်းစားလို့ ရတယ်။ ” ဟု တရားသူကြီးစုန့်က ပြောလိုက်သည်။ “ ဒါပေမဲ့ ဒီနည်းလမ်းက မသင့်တော်ဘူး ဆိုတာ ကျုပ်လည်း သိပါတယ်။ သာမန် အိမ်ထောင်စုအများစုက ဆင်းရဲနေတုန်းပဲမို့ ဒါက သူတို့အတွက် မတရားဘူး။ ”

“ မှန်တယ်။ ”

“ မင်းမှာ ပါးနပ်တဲ့ ဖြေရှင်းနည်း ရှိမယ် ဆိုတာ ကျုပ် သိတယ် အမျိုးသမီးလီ။ ကျုပ်ကို မြန်မြန်လေး လမ်းပြပေးလို့ ရမလား။ ”

ပိုက်ဆံရှာချင်သူ တရားသူကြီးစုန့်နှင့် လူ့ဘဝရဲ့ သက်ဝင်လှုပ်ရှားမှု အရသာကို လိုချင်သူ လီယောင် … ။ လီယောင်သည် နည်းလမ်းကောင်းတစ်ခုကို ချက်ချင်းပဲ စဉ်းစားမိသွားကာ တရားသူကြီးစုန့်အား နွားကျောင်းသား‌နှင့် ရက်ကန်းသမလေး ပုံပြင်ကို လူထုကြားမှာ ဖြန့်ဝေပြီး ချီချောင်ပွဲတော်ကို ကြေညာပေးကာ ခရိုင်မြို့တော်မှာ ပွဲတော်ကြီးတစ်ခု ကျင်းပဖို့ အကြံပြုလိုက်သည်။ အဲ့ဒါဆို စိတ်လှုပ်ရှားမှုနှင့် သက်ဝင်လှုပ်ရှားကို ရရုံသာမက သေချာပေါက် ပိုက်ဆံလည်း ရှာနိုင်လိမ့်မည်။

တရားသူကြီးစုန့်သည် နွားကျောင်းသားနှင့် ရက်ကန်းသမလေး ပုံပြင်ကို နားထောင်ပြီး အနည်းငယ် စိတ်ဝင်စားသွားခဲ့သည်။ သူ့ကိုယ်သူ စာဖတ်နာတယ်လို့ သတ်မှတ်ထားပေမဲ့ ဒီလို ပုံပြင်မျိုးကို အရင်တုန်းက မကြားဖူးခဲ့ပေ။ ထို့ပြင် ဒီပုံပြင်ရဲ့ နောက်ကွယ်က အဓိပ္ပာယ်က ပြည်သူတွေရဲ့ အကြိုက်နှင့် အလွန် ကိုက်ညီသည်။

“ ပုံပြောသမားတွေကို အရင် ရှာပြီး သူတို့ကို အစွန်အဖျားဒေသတွေမှာ ဒီပုံပြင်ကို ဖြန့်ဝေခိုင်းလိုက်မယ်။ ပြီးတော့ ခုနှစ်လမြောက် လရဲ့ ခုနှစ်ရက်မြောက် နေ့မှာ ပိုင်ချွမ်းခရိုင်ဟာ သုံးရက်ကြာမြင့်မယ့် ပွဲတော်ကြီးတစ်ခုကို ကျင်းပမယ်လို့ ကြေညာလိုက်မယ်။ အဲ့အချိန်ကျရင် ပစ္စည်းကောင်းတွေ အကုန်လုံးကို ဝယ်လို့ ရရုံတင် မဟုတ်ဘူး ၊ ညဘက်မှာ လူတွေက အလှမီးအိမ်တွေနဲ့ မီးရှူးမီးပန်းပြပွဲတွေကိုလည်း ကောင်းကောင်း ကြည့်နိုင်လိမ့်မယ်။ ”

အလှမီးအိမ်တွေကို တရားသူကြီးစုန့် သိပေမဲ့ မီးရှူးမီးပန်းကတော့ သူနှင့် မရင်းနှီး စိမ်းသက်တဲ့ အရာ ဖြစ်သည်။

“ အာ … အဲ့ဒါက လတ်တလောကမှ တီထွင်ထားတဲ့ ၊ နည်းနည်းလေး ဆန်းသစ်တဲ့ ပစ္စည်းတစ်မျိုးပါ။ ” ဟု လီယောင်က ပြောလိုက်သည်။ “ ဒါပေမဲ့ အဲ့ပစ္စည်းက ညဘက်မှာ အလှဆုံးမို့လို့ တရားသူကြီးစုန့်တို့လင်မယား ဒီည ဒီမှာ နေပြီး ကြည့်သွားလိုက်ရင် မကောင်းဘူးလား။ ”

…

All Chapters