တွင်းနက်တွေရဲ့ လျှို့ဝှက်ချက်
Vol. 19 Ch. 281
"ဆရာတူအစ်ကို မုန့်ထျန်းရွှမ်က လုံးဝ ကြောင်သူတော်နော်! အစ်ကို့ကို ဒီအစည်းအဝေးကိုလာအောင် လုပ်လိုက်တာက ထောင်ချောက်တစ်ခုပဲ ဖြစ်ရမယ်!"
"စိတ်မပူပါနဲ့"
ချင်းယန် မသိမသာ ရယ်မောလိုက်ပြီး :"ထောင်ချောက် ဖြစ်နေရင်တောင် ဘာဖြစ်လဲ... အခု ငါတို့ဂိုဏ်းရဲ့ ဆရာတူဦးလေးတွေနဲ့ အကြီးအကဲတွေက ဒီအစည်းအဝေးကို အလေးအနက်ထားကြတယ်... ငါ့ဘေးကင်းရေးကို လျှို့ဝှက်ကာကွယ်ဖို့ အကြီးတန်းအဖွဲ့ဝင် အများကြီးကိုတောင် စေလွှတ်ထားသေးတယ်”
သူစကားပြောနေစဉ်တွင် လီကျစ်ရွှမ်းကိုကြည့်ကာ တိုးတိုးလေး ဆက်ပြောသည်။
"တကယ်လို့ တစ်ခုခုဖြစ်ရင် အဲဒီဦးလေးနဲ့ လူကြီးတွေက ငါ့ကို ဘေးကင်းကင်း ပြန်ခေါ်လာနိုင်တာထက်ကို ပိုပါတယ်"
“ဒါ…”
ထိုအချိန်တွင် လီကျစ်ရွှမ်းလည်း စကားမပြောတော့ဘဲ သူ့ကို မည်သို့ ဖျောင်းဖျရမလဲမသိ ဖြစ်သွားခဲ့သည်။ ယခုတစ်ကြိမ်တွင် ချင်းယန်၏ ထည့်သွင်း စဉ်းစားချက်များသည် သူမထက်ပင် ပိုမိုပြည့်စုံနေပါ၏။
သူမ နှုတ်ခမ်းကို ပွတ်သပ်ကာ ခဏမျှ ငြိမ်သက်နေပြီးနောက် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပုံရသည်။
“ဒါဆို အစ်ကိုကြီး…”
"ညီမ ဒီတစ်ခါ အဲဒီနေရာကို သွားပေးလို့ရမလား? ဂိုဏ်းထဲက အစ်ကို့ရဲ့အဆင့်အတန်းက ဂုဏ်ကျက်သရေရှိတယ် မြင့်တယ်... အစ်ကို အပြင်ထွက်ဖို့ မသင့်တော်ဘူး...ညီမ ထွက်သွားပြီး မုန့်ထျန်းရွှမ် တစ်ခုခုပြောရင် ညီမကတစ်ဆင့် ပြန်ပို့ပေးနိုင်ပါတယ်..."
"မင်းကငါ့ကို ပြန်ပို့ပေးမှာလား"
ချင်းယန် သူမဘေးကို မော့ကြည့်လိုက်ပြီး သူ့လက်ဖက်ရည်ခွက်ကို ကောက်ယူကာ တစ်ငုံသောက်လိုက်သည်။
လီကျစ်ရွှမ်းကို အစည်းအဝေးအတွက် သူ့ကိုယ်စား သွားခွင့်ပြုရမှာလား။ မဖြစ်နိုင်ပါ။ အဲဒါက ပိုလို့တောင် စိုးရိမ်စရာ ဖြစ်လိမ့်မည်။ မွေးရာပါနယ်ပယ် အဆင့်ရှိ တစ်စုံတစ်ယောက်က ကောင်းကင်အဓိပတိ ရှေ့မှောက်ကနေ လွတ်အောင် ပြေးနိုင်မှာလား။
သူမသည် မြေအဓိပတိ တစ်အုပ်ကို ယူဆောင်လာလျှင်တော့ အရေးမကြီးပါ။ မုန့်ထျန်းရွှမ်ဘက်က အမှန်တကယ် အကွက်ရွှေ့ဖို့ ရည်ရွယ်ထားရင်တော့ လီကျစ်ရွှမ်း အသက်ရှင်ရန် အခွင့်အလမ်း မရှိပေ။
လီကျစ်ရွှမ်းသည်လည်း စနစ်၏ ဆုလာဘ်များကို ပေးဆောင်မည့် လမ်းကြောင်းများထဲမှ တစ်ခုဖြစ်သည်။ သူမကို အန္တရာယ်ထဲ ကျရောက်စေမည့် နည်းလမ်းမျိုး မသုံးလိုချေ။
“ညီမငယ်လေး... မင်းရဲ့ ရည်ရွယ်ချက်ကောင်းတွေကို ငါနားလည်ပါတယ် ဒါပေမယ့် အဲဒါကို မေ့လိုက်ကြရအောင်”
ချင်းယန်သည် ခေါင်းယမ်းလိုက်ပြီး လက်ဖက်ရည်ခွက်ကို ချကာ။
"သေချာစဉ်းစားကြည့်... မင်းရဲ့လက်ရှိအဆင့်နဲ့ဆိုရင် ဖောက်ခွဲကောင်းကင်ဂိုဏ်းရဲ့ သက်ကြီးရွယ်အိုတွေအတွက် ဝန်ထုပ်ဝန်ပိုးပဲ ဖြစ်စေမှာ မဟုတ်ဘူးလား? မုန့်ထျန်းရွှမ် တကယ် တိုက်ခိုက်ရင် မင်းကသူတို့အတွက် အတားအဆီးတစ်ခု ဖြစ်လာလိမ့်မယ်... ဒီမှာ နာခံမှုရှိရှိ နေတာပဲ ပိုကောင်းပါတယ်”
“…ဟမ်”
လီကျစ်ရွှမ်းသည် ထိုစကားကို ကြားသောအခါ အနည်းငယ် မျက်မှောင်ကြုတ်ကာ တစ်ခုခုပြောလိုပုံဖြင့် ပါးစပ်ကို ဖွင့်လိုက်သော်လည်း ချင်းယန်အကြည့်ကို တွေ့လိုက်ရသဖြင့် တိတ်ဆိတ်သွားခဲ့သည်။
သူ့အစ်ကိုရဲ့ စရိုက်ကို ကောင်းကောင်းသိပါ၏။
သူ့စိတ်ထဲရှိတာကို ပြောပြီးရင် ဘယ်တော့မှ ပြောင်းလဲမှာမဟုတ်ချေ။
“မိန်းကလေး သခင်ပြောတာကို နားထောင်စမ်းပါ”
ရှောင်ပိုင်က အသံတိုးတိုးလေးနဲ့ ဝင်ပြောသည်။
"သခင်က သွားမယ်လို့ ပြောထားမှတော့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားပြီးသားပေါ့... ဘာမှပြောစရာမရှိဘူး"
“ကောင်းပါပြီ”
ဒါကိုမြင်တော့ လီကျစ်ရွှမ်း သက်ပြင်းချပြီး မတ်တပ်ထရပ်လိုက်၏။ လက်တစ်ဖက်က သူ့လက်ကိုင်အိတ်ကို လှမ်းယူလိုက်ကာ။
"ဒါဆို အစ်ကိုကြီး သတိထားပါ... ညီမ မနှောင့်ယှက်တော့ဘူး"
"ခဏနေဦး..."
ချင်းယန် ရုတ်တရက် အော်ပြောလိုက်ပြီး မီးဖိုချောင်ကို ညွှန်ပြလိုက်သည်။
"စားစရာတွေ အဆင်သင့်ဖြစ်ခါနီးပြီ... မင်းစားပြီးပြီလား ငါတို့နဲ့ အတူတူ စားလိုက်ပါလား... ဘာပဲဖြစ်ဖြစ် ရှောင်ပိုင် နဲ့ ငါပဲ ရှိတာ"
“မလိုပါဘူး”
လီကျစ်ရွှမ်း သူမလက်ကို မကြည်မသာ ဝှေ့ယမ်းကာ ဆံပင်ကြိုးများကို နားရွက်နောက်ကို သပ်တင်လိုက်သည်။
"ညီမ အိမ်မှာ စားပြီးပြီ... ဆရာတူအစ်ကိုကို ဒါမေးချင်ရုံပါပဲ... အခု အဖြေကို ရပြီဆိုတော့ ညီမ ပြန်သွားသင့်ပါပြီ"
“……”
ချင်းယန့လည်း ခေါင်းညိတ်ပြလိုက်သည်။ သူမကို ဆက်နေခိုင်းဖို့ မကြိုးစားတော့ဘဲ နောက်ထပ်စာကြောင်းတစ်ခုသာ ထပ်ထည့်လိုက်လေ၏။
"စိတ်မပူပါနဲ့ ဆရာတူညီမလေး"
ဒီမိုက်မဲတဲ့ ကောင်မလေးက သူ့ကို တွေ့ချင်နေတာ ဖြစ်နိုင်သည်။ အခု သူမ တင်မကဘဲ လီချင်းဟဲနဲ့ လူအိုလီကလည်း သူ့လုံခြုံရေးအတွက် စိတ်ပူနေပုံပါပဲ။
သို့သော် ချင်းယန်ကတော့ သိပ်စိတ်မပူပေ။
မည်သို့ပင်ဖြစ်စေ တိုးတက်ကောင်းမွန်သော ကိုယ်ပွားနည်းပညာဖြင့်၊ မုန့်ထျန်းရွှမ်ဘက်က သေးငယ်သော လှုပ်ရှားမှုများကို သတ္တိရှိရှိလုပ်ဆောင်နိုင်သရွေ့ သူ့ကို နောင်တရအောင် လုပ်ပစ်နိုင်ပြီလေ။
…………
ကြယ်သိုင်းရဲစခန်းတွင်။
ကျယ်ဝန်းသော အစည်းအဝေး အခန်းသည် မီးရောင်များစွာကြောင့် တောက်ပစွာ ထွန်းလင်းနေ၏။
ရဲဦးစီးချုပ်၊ လူအိုလီ နှင့် လျိုဝူရွှမ်း တို့သည် သီးခြားစားပွဲများတွင် ထိုင်နေကြပြီး ဖော်ပြထားသော စာရွက်စာတမ်းများကို စစ်ဆေးကြည့်ရှုစဉ် ၎င်းတို့၏အမူအရာမှာ တည်ကြည်လေးနက်လျက် ရှိသည်။
ဤသည်မှာ ရဲအရာရှိများ၏ တပ်ဖြန့်မြေပုံများပဲ ဖြစ်ပါသည်။
အစည်းအဝေး တည်နေရာကို အတည်ပြုပြီးကတည်းက ကြယ်သိုင်းရဲစခန်းမှ ဦးစီးချုပ်သည် အခြေအနေကို အနီးကပ်စောင့်ကြည့်ရန် ကျန်းဟိုင်မြို့ ဆင်ခြေဖုံးရှိ နယ်စပ်ဒေသသို့ အရာရှိအများအပြားကို စေလွှတ်ဖို့ ချက်ချင်း စည်းရုံးခဲ့သည်။
"အကြီးအကဲ လျိုဝူရွှမ်း... မုန့်ထျန်းရွှမ်က မိတ်ဆွေလေးချင်းကို တကယ် ဒုက္ခမပေးဘူးဆိုတာ သေချာရဲ့လား"
လူအိုလီသည် မျက်ခုံးဖြူများကို မော့လိုက်ပြီး အသံကို လျှော့ကာ ဆိုလိုက်သည်။
"အစည်းအဝေးမှာ သူသာ ချင်းယန်ကို တိုက်ခိုက်ရင် အခြေအနေကို ကုစားလို့ မရပါဘူး"
"ဒါကို မင်း စိတ်ချလို့ရတယ် ...ငါ အဓိပတိမဟာမိတ်မှာ နှစ်အတော်ကြာနေပြီ မုန့်ထျန်းရွှမ်အကြောင်း ကောင်းကောင်းသိပါတယ်။ သူက ကြောင်သူတော်ဖြစ်ပြီး မေးခွန်းထုတ်စရာ စရိုက်ရှိတယ်... ဒေါသတွေ ပြေပျောက်ဖို့ ငယ်ငယ်ရွယ်ရွယ်တွေကို ဒေါသတကြီးနဲ့ တိုက်ခိုက်တယ်... ဒါပေမယ့် ဒီလိုအခြေအနေမှာတော့ သူ့ပတ်ဝန်းကျင်က လူတွေကို ကောင်းကောင်း ဆက်ဆံပါတယ်"
"ဒါက အကောင်းဆုံးဖြစ်မှာပါ။"
ဦးစီးချုပ်သည် လက်နှစ်ဖက်ကို ဆန့်တန်းကာ စားပွဲပေါ်တွင် တံတောင်ဆစ်ဖြင့် ထောက်ထားသည်။ သူ့မျက်လုံးများက စူးရှပြီး အေးစက်နေ၏။
"ချင်းယန်က ဓားနတ်ဘုရားရဲ့ အကြီးဆုံး တပည့်... သူသာ ဒီဒဏ်ကို ခံရရင် ငါတို့ရဲ့ ကျဆုံးသွားတဲ့ ဓားနတ်ဘုရားလို ကျရှုံးသွားလိမ့်မယ်"
လူအိုလီ: "ဟုတ်တယ် ရွှမ်းရွှမ်းလည် ငါ့ကို မက်ဆေ့ခ်ျတစ်စောင် ပို့ထားတယ်... သူ ချင်းယန်ရဲ့ အိမ်မှာ အခု အခြေအနေအကြောင်း မေးနေတာ... မိတ်ဆွေလေးချင်းက ဖောက်ခွဲကောင်းကင်ဂိုဏ်းက အကြီးတန်းတွေကို ဝင်စွက်ဖက်မယ်လို့ ပြောခဲ့ပေမယ့် မုန့်ထျန်းရွှမ်က ပြဿနာဖြစ်အောင် တကယ် ဆုံးဖြတ်ခဲ့မယ်ဆိုရင် အခြေအနေက ငါတို့မျှော်လင့်ထားတာထက် ကျော်လွန်သွားလိမ့်မယ်..."
"ကောင်းပြီ မင်းတို့နှစ်ယောက် ငြင်းခုံနေစရာ မလိုတော့ဘူး ငါတို့ အဲဒါကို လောလောဆယ် ထားခဲ့သင့်တယ် ထင်တယ်"
ဦးစီးချုပ်သည် စာရွက်စာတမ်းများကို သူ့လက်ထဲက ချလိုက်ပြီး လူအိုလီ၊ လျိုဝူရွှမ်းတို့ကိုကြည့်ကာ ဖြည်းညှင်းစွာပြောသည်။
"နောက်သုံးရက်အတွင်း တလီတောင်တွေ အနီးမှာ စခန်းချထားဖို့ လူများများ ထပ်မံစေလွှတ်ထားမယ်... အခြေအနေကို အနီးကပ် စောင့်ကြည့်ကြတာပေါ့...."
သူ့အသံဆုံးတော့ လူအိုလီနှင့် လျိုဝူရွှမ်းက ခေါင်းညိတ် သဘောတူလိုက်ကာ အစည်းအဝေးကို ခေတ္တရပ်နားခဲ့သည်။
…………
နောက်သုံးရက်ကတော့ ထုံးစံအတိုင်း ခဏလေးနဲ့ ကုန်သွား၏။
ညအချိန်ရောက်လျှင် မြို့တော်သည် နီယွန်မီးများဖြင့် တောက်ပနေပြီး လမ်းများပေါ်တွင် ယာဉ်ကြောပိတ်ဆို့တတ်သည်။ ကျန်းဟိုင် မြို့တော်သည် ဆူညံသံ အမျိုးမျိုးဖြင့် အင်မတန် စည်ကားနေလေသည်။
ချင်းယန် သူ့အနှစ်သာရ သွေးတစ်ခြမ်းကို ခွဲထုတ်လိုက်ပြီး လွန်ခဲ့သည့် မိုးမျှော်တိုက်များကို လှည့်ကာ သဘောတူထားသည့်နေရာသို့ တိုက်ရိုက် ထွက်သွားခဲ့သည်။
မုန့်ထျန်းရွှမ် ချန်ထားခဲ့သော လိပ်စာသည် တလီတောင်များအနီး၊ ကျန်းဟိုင်မြို့ အစွန်တွင်ဖြစ်သည်။ စိမ်းလန်းစိုပြေသော တောအုပ်များထဲတွင် ကြယ်သားရဲများ၏ ဟောက်သံများက ပဲ့တင်ထပ်နေပြီး တောရိုင်းတိရိစ္ဆာန်များသည်လည်း နေရာတိုင်းတွင် ရန်ဖြစ် သောင်းကျန်းနေကြသည်ကို မြင်တွေ့ရသည်။
မကြာပါ။ ချင်းယန် ထိုနေရာကို ရောက်သွားတဲ့အခါ မုန့်ထျန်းရွှမ် ရှေးထင်းရူးပင်အောက်တွင် စောင့်နေသည်ကို တွေ့လိုက်ရသည်။ ထိုလူက ကြော့ရှင်းပြီး သားနားသော ၀တ်စုံကို ၀တ်ဆင်ထားသည်။ သန့်စင်ပြီး ချဉ်းကပ်ရလွယ်ကူသော အသွင်အပြင်နှင့် ထိုလူမှာ တစ်စုံတစ်ခုကို ရေတွက်နေပုံဖြင့် ကောင်းကင်ကို ငေးကြည့်နေသည်။
သို့သော် ချင်းယန်က သူနှင့် မီတာရာဂဏန်းမျှသာ ကွာဝေးလေသည်။ ကြောင်မှိန်းနေရာမှ ချင်းယန်၏ ဦးတည်ရာဆီသို့ လှည့်ကြည့်လိုက်၏။
"ဂိုဏ်းချုပ်လေးချင်း... နောက်ဆုံးတော့ မင်းရောက်လာပြီပေါ့"
မုန့်ထျန်းရွှမ် သူ့ကို နှုတ်ဆက်တဲ့အနေနဲ့ ပြုံးပြပြီး ရှေ့ကို တိုးလာသည်။
"မင်းလာမယ်ဆိုတာ ငါသိတယ်... ငါဖိတ်ခေါ်တာကို မင်းလက်ခံရမှာ သေချာတယ်လေ.."
"ကျစ်! ကျနော့်ကို ချဥ်းကပ်ဖို့ကြိုးစားနေတာ ရပ်လိုက်ပါတော့"
ချင်းယန် သူ့ကို မထီမဲ့မြင် စိုက်ကြည့်ကာ နှုတ်ခမ်းကို ကော့ထားသည်။
"ခင်ဗျားအရင်က ကျနော့်ကိုသတ်ဖို့ စဉ်းစားထားတာလေ... အခုလို သံစဉ်ကို မြန်မြန်ပြောင်းထားစရာ မလိုတော့ဘူးမလား"
"မင်းက ငါ့ကို မြှောက်ပင့်ပေးတာလား ဂိုဏ်းချုပ်လေး.. အရင်က မင်းရဲ့ ကြီးမြတ်မှုကို ငါက မျက်ကန်းပြီး မိုက်ရိုင်းခဲ့တာပါ... တကယ်တော့ အားလုံးက နားလည်မှုလွဲနေတာပါ ငါ့မှာသာရှိရင်... ဟူး...မင်းက ဖောက်ခွဲကောင်းကင်ဂိုဏ်းရဲ့ လူငယ်ခေါင်းဆောင်မှန်းသိရင် ချိချင်းရှန်းကို စေလွှတ်ခဲ့မှာ မဟုတ်ဘူး။ သူ့ရဲ့ချွန်ထက်တဲ့အစွန်းတွေက အရမ်းများလွန်းတယ်... မင်းနဲ့ဆက်သွယ်တာက မလွှဲမရှောင်သာ ပဋိပက္ခဖြစ်လိမ့်မယ်... ဒါက တကယ်ကို ငါ့ဘက်က မှားသွားခဲ့တဲ့ တွက်ဆချက်တစ်ခုပါ..."
"ဟမ့် အဓိပ္ပာယ်မရှိဘူး!"
ချင်းယန် သူ့လက်ကို စိတ်မရှည်စွာ ဝှေ့ယမ်းလိုက်သည်။
"ခင်ဗျားကျနော့်ကို ဘာပြောဖို့ ဒီကိုခေါ်တာလဲ... ကျနော့်မှာ အချိန်အကန့်အသတ် ရှိတယ်... ဒီမှာဖြုန်းဖို့ အချိန်မရှိဘူး... ချက်ချင်း စကြရအောင်"
"ကောင်းပြီ"
မုန့်ထျန်းရွှမ်က ညာလက်ကို မြှောက်ကာ ခေါင်းညိတ်လိုက်သည်။ ကြယ်စွမ်းအင်၏ မှုန်မှိုင်းသော အငွေ့အသက်သည် သူ့ပတ်ဝန်းကျင်တွင် လှည့်ပတ်နေပြီး ၎င်း၏ တောက်ပမှုမှာလည်း မယုံနိုင်လောက်အောင် ပြိုးပြိုးပြက်ပြက်နှင့် လှပနေသည်။
"ချင်းယန် မင်း စဉ်းစားဖူးလား... ငါတို့ရဲ့ကြယ်စွမ်းအားက ဘယ်ကလာတာလဲ"
"ဘယ်ကလာတာလဲ?"
ချင်းယန် မျက်မှောင်ကြုတ်ကာ သူ့စကားနောက်ကွယ်က အဓိပ္ပာယ်ကို တွေးတောကာ ညကောင်းကင်ကို ဖြည်းညှင်းစွာ မော့ကြည့်လိုက်သည်။
တွင်းကိုးပေါက်သည် ၎င်းနားမှာ ဖြတ်သန်းသွားသော ကြယ်ရောင်အားလုံးကို ချောက်ထဲ ပစ်ချလိုက်သလိုမျိုး နားမလည်နိုင်စွာ မျိုချထားလေသည်။ အနီးကပ်စစ်ဆေးပြီးနောက် ထိုအပေါက်များသည် ယခင်ကထက် ပိုမိုကြီးမားလာသည်ကို သတိပြုမိလာ၏။
သူက အပေါက် ကိုးပေါက်ကို ညွှန်ပြပြီး မုန့်ထျန်းရွှမ်ကို ပြန်ကြည့်လိုက်သည် ။
"ကြယ်တွေရဲ့ စွမ်းအားက ဒီကနေ ပြုတ်ကျတာ မဟုတ်ဘူးလား ဒါက ကမ္ဘာပေါ်က လူတိုင်းသိတဲ့ ဘုံဗဟုသုတပဲ ခင်ဗျားမှာ တခြားထင်မြင်ချက် တစ်ခုခုရှိလို့လား"
"ဟင့်အင်း..အဲဒါကလူတိုင်း သိတဲ့အချက်တစ်ချက်သာသာပဲ..."
မုန့်ထျန်းရွှမ်သည် ချင်းယန်နံဘေးသို့ ဖြည်းညှင်းစွာ လျှောက်သွားလေ၏။ သူက လက်နှစ်ဖက်နောက်ပစ်လျက် အပေါ်စီးက ရှုခင်းများကို အတူတူ ငေးကြည့်ရင်း သူ့မျက်လုံးများတွင် အမှတ်တရ အရိပ်အမြွက်တစ်ခု ပြသလိုက်သည်။
"ချင်းယန် ကောင်းကင်က တွင်းနက်တွေရဲ့ နောက်ကွယ်မှာ ဘာတွေရှိလဲဆိုတာ မင်းသိချင်လား"
"ဘာရှိလို့လဲ...?"
ချင်းယန်လည်း ညကောင်းကင်ယံကို ကြည့်ပြီး အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။ သူ့မျက်လုံးတွေက တွင်းကိုးပေါက်ကို စိုက်ကြည့်နေစဥ် အထဲကို နက်ရှိုင်းစွာ နစ်မြုပ်သွားသလို ခံစားလိုက်ရလေသည်။
သူသည် ၎င်းတို့အတွင်းထဲ၌ လုံးဝ ပိတ်မိနေပြီး မလွတ်မြောက်နိုင်တော့မည့် အတိုင်းပင်။