မင်္ဂလာပွဲအပြီး မုန့်ထျန်းရွှမ်နဲ့ နောက်တစ်ကြိမ် ထပ်ထိုး
Vol. 19 Ch. 277
"မင်းက မြေခွေးငတုံးပဲ.. ငါ မင်္ဂလာဆောင်ပွဲတက်ရတာ ငါ့ရဲ့ နာမည်နဲ့ အရည်အချင်းကြောင့် မင်းက တတ်နိုင်လို့လား"
"ဟုတ်ပါတယ်လေ.."
ရှောင်ပိုင်ရဲ့လက်တွေက စားပွဲပေါ်တွင် ပြန့်ကျဲနေပြီး သူမပါးစပ်မှ ပြုတ်ကျနေသော ပုဇွန်အလုံးလေးများကို ပြန်ကောက်စားနေ၏။
"ဒါပေမယ့် သခင့်ရဲ့ လက်ရှိကျော်ကြားမှုအရဆို လူအထင်ကြီးအောင် လုပ်နိုင်တာပဲလေ... ငွေတွေအကုန် သခင့်အိတ်ကပ်ထဲကို စိမ့်ဝင်နေလိမ့်မယ်... ဒါ သိပ်ကောင်းတာပဲ မဟုတ်ဘူးလား!"
"..."
ချင်းယန် မျက်လုံးများကို တခြားဖက်သို့ လှည့်ကာ စားပွဲပေါ် တံတောင်ဆစ်တင်၍ စင်မြင့်ဆီသို့ လှမ်းကြည့်လိုက်သည်။
"ဆရာတူအစ်ကို?"
?
ချင်းယန် လှည့်ကြည့်လိုက်သည်။ သူ ထိုင်ပြီး မကြာမီတွင် ရင်းနှီးသော အသွင်အပြင် နှစ်ခု ပေါ်လာသည်။
"မင်းတို့နှစ်ယောက်က ဒီမှာ ဘာလုပ်နေတာလဲ"
ချင်းယန် ထိုနှစ်ယောက်ကို တစ်ချက်ကြည့်လိုက်ပြီး အနည်းငယ် အံ့သြသွားသည်။ လီချင်းဟဲသည် အနက်ရောင် bodycon ၀တ်စုံကို ၀တ်ဆင်ထားပြီး သူမ၏ အသွင်သဏ္ဌာန်ကို ပြသထားပြီး ကြည်လင်တောက်ပသော နားကပ်များဖြင့် သူမ၏ နားရွက်များကို အလှဆင်ထားသည်။
လီကျစ်ရွှမ်းကတော့ ခန္ဓာကိုယ်ကို မတင်းကြပ်စေဘဲ ဇိမ်ကျကျ ရှည်လျားသော ၀တ်စုံကို ၀တ်ဆင်ထားပြီး သူမ၏ မျက်ခုံးမွှေးများကို နူးညံ့စွာ ဘောင်ခတ်ကာ ပေါ့ပါးသော မိတ်ကပ်လိမ်းထားသည်။
သို့သော် သူမ၏အမူအရာသည် ယခင်ကထက် အေးစက်နေခဲ့ပြီး ချဉ်းကပ်နိုင်စွမ်းမရှိသည့် အရိပ်အယောင်များ လျှံထွက်လာ၏။ ချင်းယန်ကို သူမ မြင်လိုက်ရသည့်အချိန်မှ သူမမျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာကာ ပျော်ရွှင်မှုအရိပ်အမြွက်ကို ထုတ်ဖော်ပြလေသည်။
"တိုက်ဆိုင်လိုက်တာ အစ်ကိုကြီး.. အစ်ကိုရော ဒီမှာ ဘာလုပ်နေတာလဲ"
လီကျစ်ရွှမ်းက စိတ်လှုပ်ရှားစွာ စားပွဲဆီသို့ ပြေးသွားကာ ချင်းယန် အနားရှိ ရှောင်ပိုင်ကို စိုက်ကြည့်လိုက်သည်။
"ကျွန်မတို့လည်း အခုမှရောက်တာ... ရှောင်ပိုင်လည်း ရှိတယ်ပေါ့"
"..."
ရှောင်ပိုင် အသံကြားတော့ ခေါင်းကို သူမရိက္ခာတွေထဲမှာ မြှုပ်ပစ်လိုက်သည်။ သူမ မကြားချင်ယောင်ဆောင်ကာ အတွင်းစိတ်က တုံ့ဆိုင်းစွာဖြင့် ငြီးတွားနေ၏။
ဒီနတ်သမီးက ဆိတ်ငြိမ်ပြီး အစာကို တိတ်တိတ်လေး စားချင်တဲ့ မြေခွေးတစ်ကောင် ဖြစ်ချင်တာ....
"ကြည့် ကျစ်ရွှမ်း...ဆရာ လာမယ်လို့ ပြောသားပဲ"
လီချင်းဟဲ ပြုံးပြီး သူ့ဘေးက လွတ်နေတဲ့ ထိုင်ခုံကို ဆွဲထုတ်၍ သက်တောင့်သက်သာ ဝင်ထိုင်လိုက်သည်။
"သတို့သားက သူ့ညီအစ်ကိုလေ... ဆရာကြီးရဲ့ ပင်ကိုယ်စရိုက် အတိုင်းဆို သေချာပေါက် လာလိမ့်မယ်။"
သူမဘေးက ထိုင်ခုံကို ပွတ်သပ်ရင်း။
"လာထိုင် ရွှမ်းရွှမ်း... ဒီမှာ ထိုင်ခုံလွတ်ရှိတယ်"
"ခွင့်လွှတ်ပါ အစ်ကိုကြီး"
လီကျစ်ရွှမ်းလည်း ချင်းယန်ရှေ့မှာ အနည်းငယ် စိတ်လှုပ်ရှားစွာ ထိုင်နေလိုက်သည်။ သာယာငြိမ့်ညောင်းသော မင်္ဂလာဆောင်တေးသံ လွင့်ပျံသွားကာ စင်ပေါ်၌ တေးသံရှင်က သီဆိုဖျော်ဖြေလေ၏။
ဤထောင့်ကျဉ်းလေးမှာသာ တိတ်ဆိတ်နေသည်။
"တကယ်လို့သာ ငါနဲ့ ဆရာတူအစ်ကိုကြီးလည်း...'
လီကျစ်ရွှမ်း ရှုပ်ပွနေသည့် ဇာတ်ခုံကို လှမ်းကြည့်လိုက်ရင်း အကြောင်းပြချက်မရှိ အတွေးတစ်ခု သူမ၏ စိတ်ထဲတွင် ဝင်လာသော်လည်း သူမ ခေါင်းကို အမြန်ခါလိုက်ပြီး နားရွက်များ နီရဲလာသည်။
"မင်းတို့နှစ်ယောက် ဒီကို ဘယ်လိုရောက်လာတာလဲ"
ချင်းယန် ညီအစ်မနှစ်ယောက်ကို မေးလိုက်သည်။ ဘဲကင်တစ်ပိုင်းကို ကောက်ယူပြီး သူ့ပန်းကန်ထဲ ထည့်နေသည့် လက်များက ပေါ့ပေါ့ပါးပါးနှင့် လျင်မြန်စွာ လှုပ်ရှားနေသည်။
"သတို့သမီးကလည်း မင်းတို့ သူငယ်ချင်းလား"
"ဟုတ်ကဲ့ပါ အစ်ကိုကြီး။"
လီကျစ်ရွှမ်း ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်သည်။
"သတို့သမီးက ညီမတို့ရဲ့ အခင်ဆုံးသူငယ်ချင်းပါ... ညီမတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် နှစ်အတော်ကြာကြီ... ဒီနေ့လည်း သူမ ဖိတ်ထားလို့"
"ရွှမ်းရွှမ်း... ငါအရင်က ဘာပြောခဲ့လဲ"
ထိုစဥ် လီချင်းဟဲက သူမပုခုံးကို လှမ်းပုတ်ကာ ရက်စက်စွာ ပြုံးပြလိုက်သည်။
"ဆရာလာမယ်လို့ မပြောခဲ့ဘူးဆိုရင် နင် တံခါးပိတ်ကျင့်ကြံနေမှာပဲမလား... သေချာပါတယ်။ ဆရာတစ်ယောက်တည်းကပဲ နင့်ကို ဒီလာအောင် သွေးဆောင်နိုင်တာ!"
"အဲ့လိုမပြောနဲ့...အစ်မချင်ဟဲ...""
လီကျစ်ရွှမ်းလည်း သူ့ကို ရွှတ်နောက်နောက် စနေသူအား အော်ဟစ်လိုက်ပြီး နားရွက်တွေက အနီရောင်တောက်တောက် ပြောင်းလာသဖြင့် မျက်နှာကို ကော်လံထဲမှာ မြုပ်ထားပစ်ချင်စိတ်တွေ ပေါ်လာတော့သည်။
"ငါ... အစကတည်းက လာချင်ပေမယ့် ငါ့ရဲ့ကျင့်ကြံမှုကို နှောင့်နှေးမှာ ကြောက်လို့ တုံ့ဆိုင်းနေတာ"
"ရပါတယ် ရပါတယ် ညီမလေးရယ်"
ချင်းယန် ချောမောစွာ ပြုံးပြပြီး :"ကျင့်ကြံမှုကို အာရုံစိုက်တာက ကောင်းတယ် ဒါပေမယ့် တစ်ခါတစ်လေ မင်းအလုပ်နဲ့ ဟန်ချက်ညီညီနဲ့ အနားယူဖို့ လိုတယ်..."
လီချင်းဟဲ: "ဟဲဟဲ ဆရာပြောတာမှန်တယ်! နင် အလုပ်လုပ်လည်း လုပ် အနားယူဖို့ လိုတယ်... ဒါပေမယ့် သူမကို တကယ် ကျဆုံးစေခဲ့တဲ့လူက ရှဟဲ ဖြစ်နေမယ်လို့ ကျွန်မ နားမလည်နိုင်သေးဘူး... ဆရာ့သူငယ်ချင်းကို ရှဟဲရဲ့ ကောင်းတဲ့အချက်တွေကို ပြောပြပါလား"
"ရှဟဲရဲ့ အားသာချက်?"
ချင်းယန် အံ့ဩသွားသည်။ သူ၏ ပထမဆုံး အတွေးမှာ ရှဟဲက ပိုင်ကျင်းဟန့်၏ ပုံမှန် VIP ဖောက်သည် ဖြစ်သည်။ ကြယ်သိုင်းရဲစခန်းသို့ ဝင်ရောက်ပြီးနောက် ဤလူ၏ယခင်က အပြုအမူသည် အမှန်တကယ်ပင် ပြောင်စပ်စပ်မှ ပြောင်းလဲလာခဲ့၏။
သူ့မှာ ဘယ်လို အားသာချက်တွေ ရှိနိုင်မှာလဲ။
ထိုစဥ် အသံတစ်သံ ထွက်ပေါ်လာ၏။ သုံးယောက်သား တူညီသော ဦးတည်ရာဆီကို ကြည့်ကြသည်။
သတို့သမီးနဲ့ သတို့သားက ခုံတန်းတွေနားမှာ လျှောက်သွားနေတာကိုပဲ မြင်လိုက်ရလေသည်။
ရှဟဲသည် သပ်ရပ်သော ဝတ်စုံကို ဝတ်ဆင်ထားပြီး ရှန်ပိန်တစ်ခွက်ကို ကိုင်ဆောင်သည်။ သတို့သမီးက နှင်းဖြူရောင်ဂါဝန်ကို ဝတ်ဆင်ထားပြီး အံ့မခန်း လှပနေ၏။ အကြင် လင်မယားနှစ်ယောက် စားပွဲဆီသို့ ဖြည်းညှင်းစွာ လမ်းလျှောက်လာကြသည်။
"မင်း တကယ်လာသားပဲ လောင်ချင်း"
ရှဟဲ ချင်းယန်ကိုမြင်တော့ တောက်တောက်ပပ ပြုံးပြလိုက်သည်။
"မင်းမှာအချိန်မရှိမှာကိုတောင် ငါက စိုးရိမ်နေတာ.. ငါ့ချစ်သူ ယောင်းယောင်းနဲ့ မင်းကိုမိတ်ဆက်ပေးမယ်... ယောင်းယောင်း ဒါက မင်းကိုပြောဖူးတဲ့ သူငယ်ချင်း... ချင်းယန်တဲ့"
"မင်္ဂလာပါ အစ်ကိုချင်း"
"မင်္ဂလာပါ"
ချင်းယန် တစ်ဖက်သတို့သမီးကို လှိုက်လှိုက်လှဲလှဲ ပြုံးပြရင်း ရှန်ပိန်တစ်ခွက်မြှောက်ကာ ဂုဏ်ပြုလိုက်သည်။
"ကျေးဇူးတင်ပါတယ်"
ယောင်းယောင်း အနည်းငယ် ခေါင်းညိတ်ပြပြီး မျက်နှာနီမြန်းသွားသည်။
ရဲမှူးတစ်ဦးအနေဖြင့် ချင်းယန်၏ ဝိသေသလက္ခဏာကို အနည်းငယ် သိခဲ့ရသည်။ အသက်သုံးဆယ်မတိုင်မီတွင် အဓိပတိနယ်ပယ် ရောက်ရှိခဲ့သော ဓားနတ်ဘုရား၏ အကြီးဆုံးတပည့်ဖြစ်ပြီး ဖောက်ခွဲကောင်းကင်ဂိုဏ်းမှာ သူ့အဆင့်အတန်းက ထူးခြားလှသည်။
ထိုအခိုက် ချင်းယန် ကြယ်လက်စွပ်ထဲမှ လက်ဖဝါးခန့်ရှိသော ကြယ်တံဆိပ်ပြားကို ထုတ်ယူလိုက်သည်။ ထိုပေါ်၌ တံဆိပ်အက္ခရာ တချို့ဖြင့် ရေးထွင်းထားလေ၏။
"ဒါက အဆင့်ငါး အစီအရင်...ယူထား"
"လောင်းချင်း... မင်းပေးတာ များနေပြီ"
ရှဟဲ သူ့လက်ကို ဝှေ့ယမ်းကာ :"ဘာလို့လဲ..."
"ရပါတယ် ယူသွား..."
ချင်းယန် ပြုံးပြပြီး ရှဟဲလက်ထဲသို့ တံဆိပ်ပြားကို ထိုးထည့်ပေးလိုက်သည်။
"သတို့သားအရံ မလုပ်ပေးနိုင်လို့ တောင်းပန်တယ်လို့ သတ်မှတ်လိုက်ပေါ့...မင်းခန္ဓာကိုယ်ကို အာဟာရဖြစ်စေမယ် အသားအရေကိုလည်း ကောင်းမွန်စေတယ်... သူ့ရဲ့ စွမ်းရည်တစ်ခုက မင်းရဲ့ မွေးရာပါနယ်ပယ် ကျင့်ကြံမှုအတွက်လည်း အကျိုးကျေးဇူးရှိတယ်...”
"..."
အကျိုးခံစားခွင့်များ ဆက်တိုက် လိုက်လာသည်။ ဒါကိုကြားတော့ ရှဟဲ အစကတော့ ငြင်းချင်ပေမယ့် သူ့လက်က အထိန်းအကွပ်မဲ့စွာ သိမ်းပိုက်ပစ်လိုက်၏။
"ဟီးဟီး ဒါဆို ငါ အားနာမနေတော့ဘူး... အဲဒါက ဖြုန်းတီးရာကျလွန်းတယ်"
"ဒါက ဘာမှမဟုတ်ပါဘူး အဆင့်ငါးပုံစံလေးပဲ... ငါ အားလပ်ချိန်လေးမှာ လေ့ကျင့်ထားတာ"
“အဆင့်ငါးတဲ့…”
လီချင်းဟဲသည် ဝိုင်နီသောက်ရင်း သူ့မျက်လုံးထဲမှာ မနာလိုစိတ်တွေကို ဖုံးကွယ်ရင်း ညည်းညူလိုက်သည်။
"သူ့အားလပ်ချိန်တွေမှာ လေ့ကျင့်ခဲ့တာ ဘယ်လိုတောင်လဲ"...
အဆင့်ငါး အစီအရင် တံဆိပ်ပြားကို အလွယ်တကူလေး ထုတ်ပေးလိုက်တယ်??
ဆရာက အရမ်းရက်ရောတာပဲ!
ခဏအကြာအထိ နောက်ထပ် ပျော်ရွှင်စရာလေးတွေ ဖလှယ်ကြပြီးနောက် မင်္ဂလာပွဲအတွက် ပြင်ဆင်ဖို့ စင်ပေါ်ကို ပြန်လာခဲ့ကြသည်။
"ညီမလေး... မင်း ဒီရက်ပိုင်းအတွင်း နိယာမစွမ်းအင်တွေကို ဘယ်လောက် နားလည်ထားလဲ"
ချင်းယန် သူတို့ ထွက်သွားတာကို ကြည့်ပြီး အနားက လီကျစ်ရွှမ်းကို ကြည့်လိုက်သည်။
"မင်း နားမလည်တာ တစ်ခုခုရှိလား"
"ဟုတ်ကဲ့ အဆင်ပြေပါတယ် ကြီးကြီးမားမား ပြဿနာ မရှိပါဘူး"
ထိုစဥ် လီချင်းဟဲက လက်ညိုးကို နှုတ်ခမ်းပေါ်တင်ကာ တိုးတိုးနေဖို့ အမူအရာ လုပ်ပြလေသည်။
"စပြီ! မင်္ဂလာပွဲစနေပြီ!"
ပန်းဖတ်များ ကြွေကျလာပြီး ချိုးဖြူများ ကောင်းကင်သို့ ပျံတက်သွားသည်။ ကြင်စဦးဇနီးမောင်နှံသည် စင်မြင့်ပေါ်တွင် ကတိကဝတ်များနှင့် လက်ထပ်လက်စွပ်များ အပြန်အလှန် လဲလှယ်နေကြစဥ် ဧည့်သည်များက ရွှင်မြူးစွာ လက်ခုပ်တီးပေးကြသည်။
"ရှဟဲတောင် လက်ထပ်သွားပြီ..."
ချင်းယန်သည် ကြင်စဦးဇနီးမောင်နှံများကို လှမ်းကြည့်ရင်း စားပွဲပေါ် မှီချလိုက်သည်။ သူဒီကမ္ဘာကို ရောက်လာတာ အချိန်တွေတောင် တော်တော် ကုန်သွားပြီ။
ရှဟဲပင် ထိမ်းမြားလက်ထပ်ခြင်း ခန်းမထဲသို့ ဝင်သွားခဲ့ပြီ။
…
…
မင်္ဂလာပွဲတက်ပြီးနောက် လူ့ဘဝက သာမာန်အတိုင်း ပြန်လာ် ငြိမ်သက်သွားခဲ့သည်။ ရှဟဲက သူ့မင်္ဂလာပွဲအပြီးမှာ ဟန်းနီးမွန်းသွားတော့မယ်လို့ ပြောသည်။ နောက်ပိုင်း သူတို့ရဲ့ ကိစ္စတွေက သူ့အတွက် စိုးရိမ်စရာ မရှိတော့ချေ။
ချင်းယန် သူ၏ ပုံမှန် အေးအေးဆေးဆေး နေထိုင်မှုပုံစံထဲကို ပြန်လည် ဝင်ရောက်လာခဲ့သည်။
ထိုနေ့၌။
"သခင် မြန်မြန်တက်! အပေါ်ထပ်ကို တက်!! အသတ်ခံရမှ ဒီနတ်သမီးကို အပြစ်မတင်နဲ့။"
"စိတ်မပူပါနဲ့... ဒါက လူသတ်ပွဲလေးပဲဟာ... ဒီသခင်က ဒါကို ထိန်းနိုင်!"
ထိုခဏတွင် သူ ရုတ်တရက် မျက်မှောင်ကြုတ်ကာ စက်ကိုချလိုက်သည်။ အရှေ့တောင်ဘက်သို့ မျှော်ကြည့်ကာ လေးနက်တည်ကြည်သော အမူအရာ ဖြစ်သွားပြီး သူ့မျက်နှာကလည်း ကြောက်မက်ဖွယ်ရာ ရန်သူနှင့် ရင်ဆိုင်ရသကဲ့သို့ ခက်ထန်လာသည်။
"ဘာဖြစ်တာလဲ သခင်"
ရှောင်ပိုင် ချင်းယန်၏ ပုံမှန်မဟုတ်သော အမူအရာကို သတိပြုမိကာ ရေရွတ်လိုက်သည်။
"သခင့်ကို နှိုးဆော်ဖို့ နောက်ထပ် ငတုံးတစ်ယောက် ရောက်လာတာလား"
ချင်းယန် ခေါင်းညိတ်ကာ ထသွားသည်။ ကန့်လန့်ကာကို ဆွဲချကာ လသာဆောင်ပေါ်သို့ လှမ်းတက်လိုက်စဥိ သူ့မျက်ခုံးများက ပို၍နက်ရှိုင်းလာကာ ရောင်ဝါကို ပို၍ခံစားမိလာသဖြင့် ပိုမို စုကျုံ့သွားလေ၏။
ဒါက ထင်ယောင်ထင်မှား မဟုတ်ဘူး။
ကျန်းဟိုင်မြို့ နယ်နိမိတ်ကို ဖြတ်ကျော်လာသည့် အလွန်အစွမ်းထက်သော ရောင်ဝါတစ်ခု လွှမ်းခြုံသွားသည်။
"မုန့်ထျန်းရွှမ် ပြန်လာပြီ... ဒီလမ်းကြောင်းက လျိုဝူရွှမ်းဆီကို ဦးတည်နေတာလား? သူ ပြဿနာ လာရှာနေတာပဲ..."
ရှောင်ပိုင်လည်း ဖုန်းကိုချလိုက်သည်။
"သခင် ဝင်စွက်မှာလား"
"ဟုတ်တယ် သူ့ကို တိုးတက်လာတဲ့ အစီအရင်ကို စမ်းသုံးခွင့်ပေးလိုက်ဖို့ အခွင့်အရေးကောင်းပဲ"
တစ်ဖက်လူရဲ့ ရောင်ဝါတည်နေရာကို အတည်ပြုပြီးနောက် သူသည် လက်ညှိုးကို လက်မဖြင့် အသာအယာဖြတ်ကာ နီမြန်းသော အမြုတေသွေးတစ်စက်ကို ထုတ်ကာ ပြတင်းပေါက်မှ လွင့်ပျံသွားလေသည်။
………….
ကျန်းဟိုင် ကိုယ်ခံပညာအကယ်ဒမီ။
ကျမ်းဂန်အဆောက်အအုံ၌။
စာအုပ်စင်များက ခပ်မြင့်မြင့် အနေအထားများဖြင့် ရပ်နေကာ လေထဲတွင်လည်း စာအုပ်ရနံ့များဖြင့် ပြည့်နေသည်။ လျိုဝူရွှမ်းက လေထုအလယ်တွင် လွင့်ပျံနေပြီး ဂိုဏ်းဆရာအဆင့် ဓားလက်စွဲစာအုပ်ကို ရှောင်တခင် လှန်ကြည့်ရင်း သူ့မျက်ခုံးများ တွန့်သွားသည်။ စာမျက်နှာတိုင်းကို ကြည့်လေ သူ့မျက်ခုံးကြားက ပိုတွန့်လာလေပင်။
"ပျင်းစရာကြီး ပျင်းစရာကြီး!"
"ဒီစာအုပ်တွေက ဒီလောက် အမှိုက်တွေ ဖြစ်နေလိမ့်မယ်လို့တောင် မထင်ထားဘူး"
လျိုဝူရွှမ်း သက်ပြင်းချကာ ခဏလောက် ကြည့်လိုက်ပြီး နောက်ဆုံးတော့ စာအုပ်ကို စင်ပေါ်ပြန်တင်လိုက်လေသည်။ ဤစာကြည့်တိုက်သည် အဓိပတိမဟာမိတ်က စာကြည့်တိုက်လောက်ကို မဟုတ်သဖြင့် အချိန်ကုန်ခံဖို့တောင် မလုံလောက်ပါဘူး။ အဓိပတိ ကျွမ်းကျင်သူ တစ်ယောက်အနေနဲ့တောင်မှ ဒီပြဿနာပေါင်းမြောက်မြားစွာကို အလွယ်တကူ ထောက်ပြနိုင်ပါ၏။
"ကြိုသိရင် ငါ လာခဲ့မှာ မဟုတ်ဘူး...ဟူး.... ဂိုဏ်းချုပ်လေး ဘယ်လိုနေလဲ မသိဘူး"
လျိုဝူရွှမ်း လေးလေးနက်နက် သက်ပြင်းချကာ အတွေးဖြင့် မျက်လုံးကို မှိတ်လိုက်သည်။
ရုတ်တရက် အေးစက်သော အရိပ်အယောင်တစ်ခု သူ့အပေါ် လွှမ်းခြုံသွားသည်။
ကြောက်ရွံ့မှု ခံစားချက်တစ်ခုက သူ့ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားပြီး သူ့ကျောရိုးကနေ သူ့ခေါင်းထိပ်အထိ ထိုးတက်သွား၏။ လူသတ်ချင်နေတဲ့ ရည်ရွယ်ချက်က ပြတ်သားပြီး ကျန်းဟိုင် ကိုယ်ခံပညာ အကယ်ဒမီတစ်ခုလုံးပေါ် လွှမ်းခြုံထားသည်။
"ဒါ ဘာလဲ?!"
လျိုဝူရွှမ်း အမူအရာ သိသိသာသာ ပြောင်းလဲသွားသည်။ မျက်လုံးများကို ချက်ချင်းဖွင့်လိုက်ပြီး မဝေးလှသော ကောင်းကင်ကို မော့ကြည့်ရင်း ပြတင်းပေါက်ဆီသို့ အမြန် ပြေးသွားလိုက်၏။
အထက်ကောင်းကင်၌ တိမ်ညိုများသည် ပါးလွှာသော မျဉ်းတစ်ကြောင်းအဖြစ်သို့ ပြောင်းလဲသွားကာ သူ့အမြင်အာရုံထဲ ဖြည်းညှင်းစွာ တိုးဝင်လာသည်။
ကျန်းဟိုင် ကိုယ်ခံပညာ အကယ်ဒမီအထက်က ကောင်းကင်ယံသည် တိမ်ညိုများ လျှပ်တစ်ပြက်အတွင်း စုစည်းလာကာ လျှပ်စီးကြောင်းတွေ ဖြာထွက်သွား၏။
ခမ်းနားထည်ဝါသော ၀တ်စုံဝတ်ထားသည့် အမျိုးသားတစ်ဦးသည် လေထဲတွင် လွင့်မျောနေကာ လက်နှစ်ဖက်ကို ဆန့်တန်းထားပြီး မိုးခြိမ်းသံ အပါအဝင် အရာခပ်သိမ်းကို လွှမ်းခြုံထားသည့် အရှိန်အဝါဖြင့် လိုက်ပါလာလေသည်။
ထိုလူသည် သူ့ရှေ့မှောက်က လူတိုင်းကို ကိုယ်ပိုင်ရောင်ဝါဖြင့် ချက်ချင်း ဖုံးအုပ်ပစ်လိုက်၏။
"လျိုဝူရွှမ်း... မင်းက ငါ့ရဲ့ အမြင့်ဆုံးမဟာမိတ်ကို သစ္စာဖောက်ရဲတယ်ပေါ့... အခု မင်းရဲ့သေနေ့ ရောက်ပြီ!"
မုန့်ထျန်းရွှမ်သည် ကျန်းဟိုင် ကိုယ်ခံပညာအကယ်ဒမီ တစ်ခုလုံးကို အပေါ်စီးမှ လှည့်ပတ်ကာ ဒေါသတကြီး ဟောက်လိုက်သည်။ မိုးခြိမ်းသံကြီးလို သူ၏ ဒေါသသံသည် စာသင်တိုက်များ အနှံ့ ပျံ့လွင့်သွားခဲ့သည်။
ဤကြောက်စရာကောင်းသော စွမ်းအားကို ရင်ဆိုင်လိုက်ရတဲ့ ကျန်းဟိုင်ကိုယ်ခံပညာအကယ်ဒမီမှ ဖြတ်သွားသော ကျောင်းသားများ တိကနဲ ရပ်တန့်ကာ အံ့သြစွာ မျှော်ကြည့်နေကြသည်။
တစ်ချိန်တည်းမှာပင် သူတို့ ခြေထောက်တွေလည်း အားနည်းလာတော့သည်။