← Chapters

ညီလာခံ အစည်းအဝေး

Vol. 1 Ch. 321

ညီလာခံ အစည်းအဝေး

Vol. 1 Ch. 321

မိုးသောက်ချိန်....

ယနေ့ ရှားယွိမြို့တွင် မိုးတဖွဲဖွဲ ရွာနေ၏။ မိုးစက်ကျသံ တဖြောက်ဖြောက်က မရပ်မနား ထွက်ပေါ်နေပြီး မြို့ထဲမှ သွေးညှီနံ့များနှင့် စစ်ပွဲ၏ အငွေ့အသက်များကို ဆေးကြောနေသည်။

နံနက်ကိုးနာရီ မတိုင်မီတွင် ရှားနိုင်ငံ၏ ညီလာခံခန်းမ၌ လူများပြည့်နေလေသည်။ နန်းတွင်းသို့ ဝင်ခွင့်ရှိသော အရာရှိများ၊ စစ်သူကြီးများ အားလုံးသည် ရောက်ရှိနေကြသည်။ ညီလာခံအစည်းအဝေးသည် စုလောရွှယ်၏ အမိန့်စာကြောင့် စုစည်းနေကြခြင်းဖြစ်သည်။ အမိန့်စာတွင် ဤတစ်ကြိမ် ညီလာခံမတက်သော အရာရှိများ၊ စစ်သူကြီးများ ရှိပါက နောင်တွင်လည်း ညီလာခံ တက်စရာမလိုတော့ဟု တိုက်ရိုက် ဖော်ပြထားခဲ့သည်။

တော်ဝင်ဂူသင်္ချိုင်းတွင် စုလောရွှယ်ပြောခဲ့သည်အား အရေးပါသော အရာရှိများ၏ အနည်းငယ်ကသာ ကြားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် သူမရှင်းရှင်းလင်းလင်း မပြောလျှင် ဤလူများသည် သူမပြောသည့်အရာကို နားလည်ကြမည် မဝုတ်ပေ။ သူမသည် ယနေ့တွင် သူမ၏ဆန္ဒကို တရားဝင်ကြေငြာတော့မည်ဖြစ်သည်။ ဤညီလာခံအစည်းအဝေး အပြီးတွင် ရှားနိုင်ငံ၌ အုပ်ချုပ်သူအသစ် ရှိလာတော့မည် ဖြစ်သည်။

ထို့ကြောင့်ပင် ခန်းမကျယ်ကြီးမှာ အရာရှိများ၏ တီးတိုးသဖန်းပိုး လုပ်သံများ၊ မျက်နှာမည်းမည်းနှင့် ငြင်းခုံနေကြသဲများဖြင့် ဆူညံနေသည်။ ရှားနိုင်ငံသည် ဆုံးရှုံးမှုကြီးမားခဲ့ပြီး လူများစွာ သေကြေခဲ့သည်။ သို့သော် မည်သည့်မှူးမတ်မှ သေဆုံးခြင်း မရှိခဲ့ပေ။ ညီလာခံခန်းမတွင် ရပ်နေကြသော သူများ၏ သုံးပုံနှစ်ပုံသည် မှူးမတ်များ ဖြစ်ကြသည်။

စစ်သူကြီးလုသည် စုစည်းနေကြသော မှူးမတ်တစ်အုပ်ကို မြင်သည့်အခါ မျက်နှာထက်တွင် စိုးရိမ်မှုများ ပေါ်ထွက်လာခဲ့သည်။ ထိုလူများသည် ရှားနိုင်ငံတွင် စစ်ဖြစ်နေပြီး နိုင်ငံပျက်စီးလုနီးပါး ဖြစ်နေစဉ်က သေလောက်အောင် ကြောက်လန့်နေကြသည်။ ယခု အရာရာတည်ငြိမ်သွားပြီးနောက် သူတို့အားလုံးသည် မာန်မာနများ ပြန်ရလာပြီး မြင်မြင်သမျှကို အဆုံးအဖြတ်ပေးနေကြသည်။ စစ်သူကြီးလုသည် ထိုသူများကိုကြည့်ရင်း သက်ပြင်းအထပ်ထပ် ချနေမိသည်။

သူသည် ထိုသူများကို အထင်သေးနေခြင်း မဟုတ်ပါချေ။ စစ်သူကြီးများသည် တိုက်ခိုက်၍ နိုင်ငံကို ကာကွယ်ကြရသည်။ နိုင်ငံကို အုပ်ချုပ်သည့်အရေးတွင်တော့ ထိုမှူးမတ်များကိုသာ သူတို့က အားကိုးရသည်။ စစ်သူကြီးများအားလုံးသည် ရိုင်းစိုင်းကြမ်းတမ်းကြပြီး စာပေတို့ကို နားမလည်ပေ။ သူတို့လို စစ်သူကြီးများသာ နိုင်ငံကို အုပ်ချုပ်ပါက နိုင်ငံတစ်ခုလုံး ဆူဆူပူပူဖြစ်နေမှာ သေချာသည်။

"အရှင်ကျန်း ရောက်ရှိလာပါပြီ"

မိန်းမသံလော၊ ယောက်ျားသံလော မကွဲပြားသည့် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ အစိမ်းရောင်ပုံရိပ်တစ်ခုသည် ခန်းမကြီး၏ ပင်မဝင်ပေါက်မှ လျှောက်ဝင်လာခဲ့သည်။ သူသည် ဤကဲ့သို့ အခမ်းအနားမျိုးနှင့် မလိုက်ဖက်သည့် ရိုးရိုးရှင်းရှင်း အစိမ်းရောင်ဝတ်စုံကိုသာ ဝတ်ဆင်ထားခဲ့သည်။ သူသည် လမ်းလျှောက်လာရင်းဖြင့် လူတိုင်း၏ မျက်နှာကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ ထို့နောက် သူသည် ရုတ်တရက် လက်မြှောက်၍ ပြောလိုက်လေ၏။

"ကုန်းကုန်းလျှို...ကျွန်တော့်အတွက် ထိုင်ခုံတစ်ခုံ စီစဉ်ပေး"

"ဝိုး"

ကျန်းရီ၏ စကားဆုံးသောအခါ ညီလာခံခန်းမသည် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့သည်။ ကျန်းရီ၏ အဝတ်အစားကပင် စည်းမျဉ်းများနှင့် သွေဖယ်နေပြီးဖြစ်သည်။ သူသည် ယခု ထိုင်ရန်အတွက် ထိုင်ခုံပါ စီစဉ်ခိုင်းနေသည်။ ဘုရင်က ထိုင်ခုံတစ်ခု ချီးမြှင့်ရန် အမိန့်မပေးလျှင် ညီလာခံခန်းမအတွင်း ဘုရင်မှလွဲ၍ လူတိုင်းမတ်တပ်ရပ်ကြရသည်။ ထို့ပြင် ကျန်းရီသည် ရှားနိုင်ငံတွင် မည်သည့်အရာရှိရာထူးမှ မရထားရာ ထီးနန်းဓလေ့များနှင့် လုံးဝဆန့်ကျင်နေသည်။

ခေါင်းဆောင်ကုန်းကုန်းများထဲမှ တစ်ယောက်ဖြစ်သူ ကုန်းကုန်းလျှိုသည် အကြပ်ရိုက်နေခဲ့သည်။ သူသည် ဆံပင်ဖြူကြီးများနှင့် အမတ်ကြီးတစ်ဦးထံ လှမ်းကြည့်လိုက်ချိန်တွင် ထိုအမတ်ကြီးသည် သူ့နောက်မှ အမတ်တစ်ဦးကို မျက်ရိပ်ပြလိုက်သည်။ ယဉ်ကျေးမှုဓလေ့ထုံးတမ်းဌာနမှ အမတ်တစ်ဦးသည် ချက်ချင်းရှေ့ထွက်၍ ကျန်းရီအား လက်နှစ်ဖက်ဆုပ်၍ အရိုအသေးပေးရင်း ပြောလာလေ၏။

"အရှင်...ဒီညီလာခံခန်းမမှာ မင်းကြီးကလွဲပြီး ဘယ်သူကမှ ထိုင်ခွင့်မရှိပါဘူး၊ အရှင်က ရုံးတော်ဓလေ့ထုံးတမ်းတွေကို ဆန့်ကျင်ရာရောက်နေပါတယ်"

စစ်သူကြီးလုသည် ကျန်းရီအား တစ်ချက်ကြည့်လိုက်ပြီး ဘာမှမပြောဘဲ မချိပြုံးသာ ပြုံးလိုက်သည်။ ကျန်းရီသည် နှာခေါင်းကို တစ်ချက်ပွတ်၍ ထိုအမတ်အားကြည့်ကာ ခပ်တည်တည် ပြန်ပြောလာသည်။

"ဒီအရာရှိက မိုးပြာနဂါးအင်ပါယာရဲ့ ကင်းထောက်သံတမန်လေ၊ အဆင့်အရဆိုရင် ငါက မင်းတို့ရှားနိုင်ငံရဲ့ ဘုရင်ထက်တောင် မြင့်သေးတယ်...အင်ပါယာရဲ့ ထုံးတမ်းအရဆိုရင် မင်းတို့အားလုံး ငါ့ကိုမြင်တာနဲ့ ဒူးထောက်ရမှာလေ၊ ဘာလို့ဒူးမထောက်ကြသေးတာလဲ"

"အာ..."

ထိုယဉ်ကျေးမှုဓလေ့ထုံးတမ်းဌာနမှ အရာရှိသည် ဆွံ့အသွားခဲ့သည်။ သူသည် ကျန်းရီကို အကျိုးအကြောင်းသင့် ပြောခဲ့သော်လည်း ကျန်းရီ၏ လူမိုက်တစ်ယောက်ပမာ ပြုမူနေသည်။ သို့သော် သူ့တွင် ချေပရန် နည်းလမ်းမရှိပါချေ။

ကျန်းရီသည် တကယ်လည်း မိုးပြာနဂါးအင်ပါယာ၏ ကင်းထောက်သံတမန်ဖြစ်သည်။ အင်ပါယာ၏ စည်းမျဉ်းအရဆိုလျှင် ဘုရင်ကတောင် သူ့အားအရိုအသေပေးရသည်။ မေးခွန်းမှာ ကျန်းရီသည် မိုးပြာနဂါးအင်ပါယာ၏ စစ်သည်များကို သတ်ခဲ့သည် မဟုတ်ပါလော။ မိုးပြာနဂါးအင်ပါယာမှ ဘိုးဘေးကြီးကတောင် သူ့အား သတ်ချင်နေသည်။ သို့သော် သူသည် မိုးပြာနဂါးအင်ပါယာ၏ ကင်းထောက်သံတမန်ဟု သူ့ကိုယ်သူ ကြေငြာရဲသေးသည်။

သို့သော်လည်း မိုးပြာနဂါးအင်ပါယာသည် ကျန်းရီအား သံတမန်ရာထူးမှ ဖယ်ရှားကြောင်း ကြေငြာချက် မထုတ်ခဲ့ရာ ထိုအမတ်မှာ ပြန်မပြောနိုင်တော့ပေ။ သူသည် ရွေးချယ်စရာ မရှိတော့ဘဲ နိုင်ငံ၏ အရေးအခင်းများကို ကိုင်တွယ်ရသော ဌာနမှ ဖြစ်သည့် မှူးမတ်များ၏ ခေါင်းဆောင် ယွီအန်းနှင့် ရမ်ဖျင်အား ကြည့်လိုက်သည်။

အားလုံး အံ့အားသင့်ရသည်မှာ ထိုနှစ်ယောက်သည် ဘာမှဝင်မပြောခဲ့ပေ။ သူတို့သည် ဤသို့အသေးအဖွဲ ကိစ္စလေးအတွက် ကျန်းရီအား မဆန့်ကျင်လိုကြသည်မှာ ထင်ရှားသည်။ လွန်ခဲ့သည့်ညက ကျန်းရီသည် မြို့စားနှစ်ယောက်ကို ဖမ်းဆီးခဲ့သည့်အပြင် တစ်ဖက်တွင် ရှားနိုင်ငံ၏ ကယ်တင်ရှင်လည်း ဖြစ်နေပြန်သည်။ ဤသို့ ကိစ္စသေးသေးတွင် ဝင်ပါရမည်မှာ ရှက်စရာကောင်းလှသည်။

ကုန်းကုန်းလျှိုသည် လက်ဟန်ပြလိုက်ရာ ရာထူးနိမ့် ကုန်းကုန်းနှစ်ဦးက စစ်သေနာပတိချုပ် ထိုင်ခုံအား သယ်လာပေးလေ၏။ ကျန်းရီသည် ယုံကြည်ချက်ရှိစွာ ထိုင်ချလိုက်ပြီး အားလုံးကို လျစ်လျူရှုကာ မျက်လုံးများမှိတ်၍ အနားယူနေလိုက်သည်။

မှူးမတ်များသည် ပို၍ စကားများလာကြသော်လည်း အားလုံးမှာ ခပ်တိုးတိုးသာပြောနေကြခြင်းဖြစ်သည်။ သူတို့သည် ကျန်းရီအား လေးစားထိတ်လန့်သော မျက်လုံးများဖြင့် ကြည့်နေကြသည်။ အချို့ကမူ ကျန်းရီသည် မောက်မာလွန်း၍ သူတို့အား စော်ကားနေသလို ခံစားရသောကြောင့် မပျော်ရွှင်ကြပေ။ မှူးမတ်များသည် ထုံးတမ်းစဉ်လာများနှင့် ဂုဏ်သတင်းကို အလွန်အလေးထားကြသူများ မဟုတ်ပါလော။

"မင်းသမီးလောရွှယ် ရောက်ရှိလာပါပြီ"

မကြာခင်တွင် ကုန်းကုန်းလျှိုသည် နောက်ထပ်ကြေငြာချက်တစ်ခု ပြုလုပ်လာသည်။ မှူးမတ်များနှင့် စစ်သူကြီးများသည် ပါးစပ်ပိတ်သွားကြပြီး ခါးမတ်မတ် ရပ်လိုက်ကြသည်။ စုလောရွှယ် ဝင်လာသောအခါ အားလုံးသည် တလေးတစားနှင့် အရိုအသေပေးလာကြသည်။ စုလောရွှယ်သည် မင်းသမီးတစ်ပါးမျှသာ ဖြစ်သည်။ ညီလာခံခန်းမသို့ ဘုရင်ဆင့်ခေါ်ခြင်း မရှိပါက သူမဝင်ရောက်ခွင့် မရှိချေ။ ယခုသူတို့သည် သူမအား အရိုအသေပေးနေကြသည်။ ဤသည်ကပင် သူတို့ အလွန်ယဉ်ကျေးနေပြီးဖြစ်သည်။

"အားလုံးပဲ ထကြပါ"

စုလောရွှယ်သည် ဇာမဏီဝတ်ရုံနှင့် ဇာမဏီသရဖူကို ဆင်မြန်းထားသည်။ သူမသည် တောက်ပလွန်းသော ဝတ်ရုံဖြင့် အလွန်လှပတင့်တယ်နေလေသည်။ သူမသည် ဝတ်ရုံလက်ကို ဝှေ့ယမ်း၍ တည်ငြိမ်စွာဖြင့် ထကြရန် ပြောလာလေ၏။ ထို့နောက် သူမသည် တင့်တယ်စွာ ဆက်လက်လျှောက်လှမ်းလာပြီး ရွှေသားစစ်စစ်ဖြင့် ပြုလုပ်ထားသော ပလ္လင်ထက် ထိုင်ချလိုုက်သည်။

"ဝိုး"

စုလောရွှယ်သည် အာဏာသိမ်း၍ ဘုရင်မအဖြစ် နန်းတက်တော့မည် ကောလဟာလများ ရှိနေသော်လည်း မှူးမတ်များအားလုံးမှာ လက်မခံနိုင်ကြသေးပေ။ ကောင်းကင်ကြယ်တာရာနယ်မြေ၏ သမိုင်းတွင် နှစ်တစ်သောင်းအတွင်း အမျိုးသမီးအုပ်ချုပ်သူဟူ၍ တစ်ခါမှ မရှိခဲ့ဖူးပေ။ မိုးပြာနဂါးအင်ပါယာတွင် ဧကရာဇ် သေသွားပြီဖြစ်ပြီး မင်းသမီးလင်းရွှယ်က အခွင့်အာဏာရခဲ့သော်လည်း သူမကိုယ်သူမ အုပ်ချုပ်သူဘုရင်မအဖြစ် မကြေငြာရဲချေ။ စုလောရွှယ်သည် အထက်စီးဆန်ဆန်ဖြင့် ပလ္လင်ထက်တွင် ထိုင်နေလေသည်။

အစောပိုင်းက စကားပြောခဲ့သော ယဉ်ကျေးမှုဓလေ့ထုံးတမ်းဌာနမှ အမတ်သည် ခြေနှစ်လှမ်း ရှေ့တိုးကာ မနှစ်မြို့စွာ ပြောလာလေ၏။

"မင်းသမီးလောရွှယ်...မင်း နေရာမှားထိုင်နေတာ မဟုတ်လား၊ ပလ္လင်က ဘုရင်ပဲ ထိုင်ခွင့်ရှိတာ...မင်းက ဂုဏ်သိက္ခာမရှိသလို ပြုမူနေတာပဲ "

အခြားအမတ်တစ်ယောက်သည်လည်း ရှေ့ထွက်ကာ ပြောလာခဲ့သည်။

"မင်းသမီး...မြန်မြန်လေး ထလိုက်ပါ၊ မထရင် အရင်မင်းကြီးကို မလေးမစား ပြုမူနေသလိုဖြစ်ပြီးတော့ စည်းမျဉ်းတွေအရ ကွက်မျက်ခံရပါလိမ့်မယ် "

လူတစ်ယောက်က ဦးဆောင်လိုက်သည်နှင့် မှူးမတ်အမြောက်အများသည် ရှေ့ထွက်လာကြသည်။ အချို့က ဒူးထောက်ကြသည်၊ အချို့က ကျယ်လောင်စွာ သံပြိုင်ရေရွတ်နေကြသည်၊ အချို့ကမူ ဝမ်းပန်းတနည်းဖြင့် ငို၍တောင် နေကြသေးသည်။ တစ်ယောက်ချင်းစီသည် စုလောရွှယ်မှာ အလွန်အောက်တန်းကျလှသည့် ပြစ်မှုကြီးကို ကျူးလွန်လိုက်သည့်အလား ပြုမူနေကြသည်။

စစ်သူကြီးလုတို့ အဖွဲ့သည် သက်ပြင်းကိုယ်စီ ချမိကြသည်။ ဤပုပ်သိုးနေသော မှူးမတ်တစ်သိုက်မှာ ကန့်ကွက်ကြလိမ့်မည်ဟု သူတို့ကြိုတင် ခန့်မှန်းထားကြသော်လည်း သူတို့၏ တုံ့ပြန်မှုများသည် အလွန့်အလွန် ဒရာမာဆန်နေမည်ဟု သူတို့ မထင်မိခဲ့ကြပေ။

သူသည် အခြားစစ်သူကြီးများနှင့် အကြည့်ချင်းဖလှယ်လိုက်ပြီး အိပ်ပျော်နေပုံရသော ကျန်းရီထံ တစ်ချက်လှမ်းကြည့်လိုက်သည်။ သူတို့ လက်နှစ်ဖက်ဆုပ်၍ ခပ်ကျယ်ကျယ်လေး ပြောလိုက်သည်။

"ခင်ဗျားတို့အားလုံး မှားနေကြပြီ၊ ကျုပ်တို့ကသာ မင်းသမီး ဒီရာထူးကို ဆက်ခံပေးဖို့ အကြိမ်ကြိမ် တောင်းပန်ခဲ့ကြတာ၊ ကျုပ်နဲ့ တခြားစစ်သူကြီး ရှစ်ယောက်က မင်းသမီးလောရွှယ် နန်းတက်ပေးဖို့ အသနားခံစာတစ်ခုရေးပြီး တောင်းဆိုခဲ့လို့ သူမ သဘောတူခဲ့တယ်...ဒါကြောင့် သူမက ရှားနိုင်ငံရဲ့ အုပ်ချုပ်သူဖြစ်လာတော့မှာပဲကို၊ ဘာလို့ ပလ္လင်ပေါ်မှာ ထိုင်ခွင့်မရှိရမှာလဲ "

"ဟမ့်"

စစ်သူကြီးလု စကားမဆုံးသေးခင်တွင် အေးစက်စက် နှာမှုတ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုသူမှာ အစတည်းက စကားမပြောရသေးသော မှူးမတ်များ၏ ခေါင်းဆောင်ဖြစ်လေသည်။ သူသည် ရှေ့သို့တက်ကာ စစ်သူကြီးလုကို လက်ညှိုးထိုး၍ ကြိမ်းမောင်းလေ၏။

"လုကွမ်းရီ၊ မောက်မာလိုက်တဲ့ အဘိုးကြီး...မင်းပါးစပ်ကို ပိတ်ထားစမ်း၊ အုပ်ချုပ်သူအသစ် နန်းတက်တာက ဘယ်လောက်အရေးကြီးတဲ့ ကိစ္စလဲ...ဒီကိစ္စက ပြည်သူတွေအားလုံးနဲ့ နိုင်ငံတစ်ခုလုံးရဲ့ ကံကြမ္မာ ပါဝင်ပတ်သက်နေတယ်။ မင်း ဘယ်လိုလုပ်ပြီး ပြီးစလွယ် လုပ်လိုက်တာလဲ...ပြီးတော့ မင်းက မင်းသမီးတစ်ယောက်ကို နန်းတက်ဖို့ ထောက်ပံ့ပေးနေတယ်၊ ရှားနိုင်ငံကို တစ်လောကလုံးက လှောင်ပြောင်ပြီး နန်းတက်စရာ လူတောင်မရှိဘူးလို့ အပြောခံရစေချင်လို့လား"

"ဘိုးဘေးတွေထဲမှာ မင်းသမီးတစ်ပါးက ထီးနန်းဆက်ခံတာ ရှိခဲ့ဖူးလို့လား၊ ကောင်းကင်ကြယ်တာရာနယ်မြေရဲ့ သမိုင်းမှာရော အမျိုးသမီးအုပ်ချုပ်သူလို့ ရှိခဲ့ဖူးလို့လား...ရှေးစကားတွေမှာ 'အမည်ကိုက မသင့်တော်ရင် အနာဂတ်က မဖြောင့်ဖြူး ဖြစ်လိမ့်မယ်'တဲ့။ ပြည်သူတွေက မယုံုုကြည်ရင် ကျုပ်တို့က ဘယ်လိုအုပ်ချုပ်ရတော့မလဲ၊ ရှားနိုင်ငံက ကံဆိုးမိုးမှောင် ကျနေပြီ၊ ကျုပ်တို့အားလုံးက ရှားနိုင်ငံရဲ့ အပြစ်သားတွေ ဖြစ်ဖို့ ကံပါလာတယ်နဲ့တူပါတယ်...ကျုပ်တို့ရဲ့ နာမည်တွေက သမိုင်းမှာ အမည်ဆိုးနဲ့ ကျန်ရစ်ခဲ့တော့မယ်"

"အမတ်ရမ်ပြောတာ မှန်တယ်"

အခြား အသက်ကြီးကြီး အမတ်တစ်ယောက်သည်လည်း ဒေါသထွက်လွန်း၍ တုန်ယင်နေသည့်ကိုယ်နှင့် ဝမ်းပန်းတနည်း ပြောလာလေ၏။ သူသည် မျက်ရည်များကို သုတ်လိုက်ပြီး ငိုကြွေးရင်း ပြောဆိုလာလေ၏။

"အရင်မင်းကြီး မြင်ပါရဲ့လား၊ မင်းကြီး ထွက်သွားပြီးတာနဲ့ ရှားနိုင်ငံက ကံဆိုးမိုးမှောင်ကျနေပြီ...ဒီအမတ်က မင်းကြီးနောက် လိုက်ခဲ့တာကမှ ပိုကောင်း...."

"ခင်ဗျား သေချင်နေရင် သေလိုက်လေ"

စစ်သူကြီးလုတို့အဖွဲ့သည် ဘာပြောရမှန်းမသိ ဖြစ်နေချိန်တွင် မျက်လုံးများ မှိတ်ထားသော ကျန်းရီသည် ရုတ်တရက် စကားပြောလာခဲ့သည်။

သူ့မျက်လုံးများ ပွင့်လာခဲ့ပြီး သူ့ပုံစံမှာ အစွယ်များဖြဲပြလာသော ကျားတစ်ကောင်အလားပင်။ သူသည် ဓားသွားနှယ် ထက်ရှသော မျက်လုံးများဖြင့် အမတ်များကို ဝေ့ကြည့်လိုက်သည်။ သူ့ကိုယ်ပေါ်မှ မမြင်ရသော လူသတ်ငွေ့များ ထွက်ပေါ်လာခဲ့ပြီး အမတ်အားလုံးမှာ နေရာတွင် အေးခဲသွားကြသည်။ အမတ်များသည် ပါးစပ်များ ပိတ်သွားကြပြီး ကျန်းရီအား ထိတ်လန့်တကြား ကြည့်လာကြသည်။

ကျန်းရီသည် ဖြည်းဖြည်းချင်း ထရပ်ကာ ခန်းမအလယ်သို့ လျှောက်သွားလိုက်သည်။ ထို့နောက် သူကြေငြာလိုက်သည်။

"လောရွှယ် နန်းတက်ဖို့ ထောက်ခံတဲ့သူတွေ ညာဘက်ကို လာခဲ့ကြ၊ လောရွှယ်ကို မထောက်ခံတဲ့သူတွေ ထွက်သွားကြ၊ ဒီမှာ ကျီကျီကျာကျာ လာလုပ်ရဲနေတဲ့သူတွေရှိရင် ဒီသံအမတ်က အဲ့လူတွေကို အရင်မင်းကြီးနောက် ပို့ပေးလိုက်ဖို့လည်း ဝန်မလေးဘူး"

*****

All Chapters