← Chapters

အခန်း (၁၀၀၁-၁၀၀၅)

Vol. 41 Ch. 1001-1005

အခန်း (၁၀၀၁-၁၀၀၅)

Vol. 41 Ch. 1001-1005

နတ်သားရဲမလေးရဲ့ကမ္ဘာသစ် Book-41

အခန်း(၁,၀၀၁) နှစ်ဖက်မိဘများ ခေါ်ယူခြင်း

“ဟုတ်ပြီ အာ့ဆို နောက်မှ ဒေါသထွက်တော့မယ်”။ စူစူလေး လက်ခံလိုက်သည်။

ထို့နောက် ချူးယန်ရှီကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်ပါသည်။ ချူးယန်ရှီ ဖြစ်မှန်း တကယ်သေချာပါက ဒီနေ့ ကျိန်းသေပေါက် အလွတ်ပေးမှာ မဟုတ်ပါ။

ဆရာမကျူးက ဆရာမချမ့်ကို လုံခြုံရေးဗီဒီယိုများ သွားစစ်ခိုင်းလိုက်သည်။

ဆရာမချမ့်လည်း လုံခြုံရေးအခန်းသို့ အပြေးသွားလိုက်ပြီး မော်နီတာများပေါ်က ဗီဒီယိုများကို ဖွင့်ကြည့်လိုက်ပါသည်။ သို့သော် ဗီဒီယိုထဲမှာ စူယွီယွမ်လေး ချော်လဲသွားတာကို မြင်ရသော်လည်း စားပွဲအောက်က အခြေအနေကို မမြင်ရပါ။ ထို့ကြောင့် ချူးယန်ရှီ တကယ်ပဲ ခြေထိုးခံခဲ့တာလားဆိုတာကို ဆုံးဖြတ်မရ ဖြစ်နေပါသည်။

စာသင်ခန်းထဲသို့ ဆရာမချမ့် ပြန်လာခဲ့ပြီး ဆရာမကျူးကို အခြေအနေ တိုးတိုးလေး ရှင်းပြခဲ့သည်။ စူစူလေး ကြားသွားပါက စိတ်မရှည်ဘဲ ဒေါသထွက်သွားမှာ စိုးရိမ်တာကြောင့် ဖြစ်ပါသည်။

ထို့နောက် ဆရာမနှစ်ယောက် သေသေချာချာ တိုင်ပင်လိုက်ပြီး ကျောင်းသားမိဘတွေကို ခေါ်ဖို့ ဆုံးဖြတ်လိုက်လေသည်။

ထို့ကြောင့် ချင်းယွင်ကျစ်နဲ့ ချိုးရွှမ်တို့ကို ဆရာမတွေ ဖုန်းဆက််ခဲ့ပါသည်။

နာရီဝက်အတွင်း မူကြိုသို့ နှစ်ဖက် မိဘများ ရောက်ရှိလာကြသည်။

တည်ငြိမ်ခက်ထန်ပြီး မျက်လုံးများ စူးရှနေသော ချင်းယွင်ကျစ်ကို မြင်သောအခါ ဆရာမကျူး အနည်းငယ် ထိတ်လန့်သွားပါသည်။

“ဆရာမ ဘယ်လိုဖြစ်တာလဲ။ ရှောင်းရှီဆိုတဲ့ ကလေးက တခြားကလေးတစ်ယောက်ကို ခြေထိုးခံတယ်လို့ ပြောလိုက်တာလား။ မဖြစ်နိုင်ဘူးထင်တယ်နော်။ ရှောင်းရှီလေးက အရမ်းလိမ္မာတဲ့ ကလေးပါ”။ ချိုးရွှမ် ဆရာမကျူးကို အမြန်ရှင်းပြလိုက်ပါသည်။

သူမ သမီးလေးနဲ့ ပြန်ဆုံရတာ မကြာသေးသော်လည်း သူမမွေးထားသည့် သမီးဖြစ်သဖြင့် ကိုယ့်သမီးကိုယ်သာ ယုံကြည်ပါသည်။

ဆရာမကျူး အနေခက်သွားသည်။ “စိတ်မရှိပါနဲ့ ရှောင်းရှီရဲ့အမေ။ ကျွန်မတို့လည်း ဆုံးဖြတ်ဖို့ ခက်ခဲနေလို့ပါ။ ကလေးတွေက ကျွန်မအတန်းထဲကဆိုတော့ ဆရာမတစ်ယောက်အနေနဲ့ မျှမျှတတဆုံးဖြတ်ပေးဖို့ လိုအပ်တယ်။ ဒါပေမယ့် ဘယ်သူလိမ်နေတာလဲဆိုတာ အလွယ်တကူ ကောက်ချက်မချနိုင်ဘူး ဖြစ်နေတယ်”

“ဒါပေမယ့်… ရှောင်းရှီလေးက အဲ့လို ခြေထိုးခံစရာအကြောင်းမှ မရှိတာ။ တကယ်ဖြစ်ခဲ့ရင်တောင် မတော်တဆ ခလုတ်တိုက်မိတာပဲ နေမှာ။ အဲ့ကလေး လမ်းလျှောက်လာတာကို မသိဘဲ ရှောင်းရှီလေး ခြေဆန့်လိုက်မိတာမျိုးပေါ့”။

“မိဘတွေကို ခေါ်လိုက်ရတာက ကိုယ့်ကလေးတွေကိုယ် စကားသေချာပြောကြည့်ပြီး မှတ်မိတာတစ်ခုခု ရှိလားလို့ မေးခိုင်းချင်လို့ပါ”။ ဆရာမကျူး ရှင်းပြလိုက်ပါသည်။

“ကျွန်တော့်သား အခြေအနေ ဘယ်လိုလဲ”။ ချင်းယွင်ကျစ် မေးလိုက်သည်။

“စူယွီယွမ်လေးက ဘာမှ မဖြစ်ပါဘူး။ စူယွီယွမ်လေးတို့ အဖေ စိတ်ပူတယ်ဆိုရင် သူ့ကို ဆေးရုံခေါ်သွားပြီး ဆေးစစ်ကြည့်လို့ ရပါယ်”။ ဆရာမကျူးက ပြန်ဖြေလိုက်ပါသည်။

“စူစူလေးကကော”။ ချင်းယွင်ကျစ် ထပ်မေးလိုက်သည်။

“စူစူလေး ဟုတ်လား”။ ချင်းယွင်ကျစ်၏ ရုတ်တရက်ဆန်သော မေးခွန်းကြောင့် ဆရာမကျူး မှင်သက်သွားသည်။

“သူကြောက်သွားသေးလား”။ ချင်းယွင်ကျစ် မေးလိုက်သည်။

“မကြောက်ပါဘူး။ စူစူလေးက အတန်းထဲမှာ သတ္တိအရှိဆုံးနဲ့… အရဲတင်းဆုံး ကလေးပဲလေ။ စူယွီယွမ်လေး ချော်လဲသွားတော့ သူအရင်ပြေးလာပြီး နှစ်သိမ့်ပေးခဲ့တာ”

“ကောင်းပါပြီ”

အဲ… မစ္စတာချင်းက အဓိကကျတာကို မေ့နေတာလား။

“ကျွန်တော့်သား ချော်လဲသွားတာကို လုံခြုံရေးဗီဒီယိုထဲမှာ မမြင်ရဘူးလား”။ ချင်းယွင်ကျစ်က သူ့သားချော်လဲသည့် အကြောင်း ပြန်မေးလိုက်သည်။

“ဗီဒီယိုထဲမှာတော့ မြင်ရပါတယ်။ ဒါပေမယ့် လုံခြုံရေးကင်မရာတွေက ကြမ်းပြင်ကို ချိန်ရွယ်ထားတာ မဟုတ်တော့ အသေးစိတ် မမြင်ခဲ့ရဘူး”

“ဒါဆို သေချာ မေးမြန်းဖို့အတွက် သက်ဆိုင်တဲ့လူတွေအကုန်လုံးကို ခေါ်လိုက်ပါ”။ ချင်းယွင်ကျစ် ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ”။ ထို့နောက် စူယွီယွမ်လေး ချော်လဲသည့် ကိစ္စနဲ့ ပတ်သတ်သည့် ကလေးတွေအားလုံးကို ခေါ်လာဖို့ ဆရာမချမ့်အား ဆရာမကျူး ပြောလိုက်သည်။

စူယွီယွမ်လေးအပြင် ချူးယန်ရှီ၊ စူစူလေး၊ ချင်းလောင်ယွင်နဲ့ ကျိုးဟောက်တို့လည်း ပါလာကြပါသည်။

ရုံးခန်းထဲ မဝင်ခင်က ချူးယန်ရှီရဲ့ မျက်နှာက ဉာဏ်နီဉာဏ်နက်များပြီး ယုံကြည်မှု အပြည့်ရှိနေပါသည်။ သို့သော် ရုံးခန်းထဲ ခြေလှမ်းလိုက်တာနဲ့ တစ်ပြိုင်နက် မျက်နှာ ချက်ချင်း ပြောင်းလဲသွားပြီး ချိုးရွှမ်ဆီ အမြန်ပြေးသွားခဲ့ပါသည်။

… … …

အခန်း(၁,၀၀၂) သူ့စကားကို မယုံကြည်ရဘူး

“မေကြီး!”။ ချိုးရွှမ်၏ ခြေထောက်ကို ပြေးဖက်လိုက်ပြီး ချူးယန်ရှီ ရှိုက်ကြီတငင်ငိုကာ သနားစရာကောင်းစွာ ပြောလေသည်။ “မေကြီး သမီးအတန်းဖော်ကို ချော်လဲအောင် လုပ်တာ မဟုတ်ပါဘူး။ သမီးမဟုတ်တာ ဘာမှ မလုပ်ပါဘူး။ မေကြီး…”

ချူးယန်ရှီ အလွန် ဝမ်းနည်းပက်လက် ငိုကြွေးနေပါသည်။ သူမရဲ့ ငိုသံကို နားထောင်ရင်း ချိုးရွှမ်လည်း စိတ်မကောင်း ဖြစ်သွားသည်။ ဘယ်အမေက ကိုယ့်သမီး အစွပ်စွဲခံရတာကို သဘောကျမှာလဲ။

ဒါကိုမြင်တော့ ကျိုးဟောက် ကြက်သေသေသွားသည်။ “နင်… နင်ဘာလို့ လိမ်နေတာလဲ”

ကျိုးဟောက်က လူလည်ဖြစ်သော်လည်း ကလေးအရွယ်သာ ရှိသေးသည်။ ချူးယန်ရှီလို အရွယ်ရောက်ပြီးသား ဦးနှောက်နဲ့ လူရဲ့ လှည့်ကွက်တွေကို နားလည်မှာ မဟုတ်ပါ။

စူယွီယွမ်ကတော့ ငိုလည်း မငို ဘာအသံမှ မထွက်ဘဲ ချင်းယွင်ကျစ်ဆီသို့ လျှောက်လာကာ ဒီတိုင်း အူတူတူ မတ်တပ်ရပ်နေလေသည်။

“ရှောင်းရှီလေး မငိုနဲ့တော့နော်။ မေကြီးရှိတယ်။ သမီးလေးကို ဘယ်သူမှ အနိုင်ကျင့်လို့ မရဘူး။ ဘယ်သူမှ စွပ်စွဲလို့လည်း မရစေရဘူး”။ ချိုးရွှမ် နှစ်သိမ့်ပေးလိုက်သည်။

ချူးယန်ရှီ၏ မျက်ရည်များကို လက်ကိုင်ပဝါတစ်ထည်ဖြင့် ချိုးရွှမ် သုတ်ပေးလိုက်သည်။ ထို့နောက် ဆရာမကျူးအား လှည့်မေးလိုက်ပါသည်။ “ကျွန်မသမီးလေး သူများကို ခြေထိုးခံတယ်လို့ ဘယ်ကျောင်းသားက ပြောတာလဲ”

“ကျိုးဟောက်လေးက ပြောတာပါ”။ ဆရာမကျူးက ကျိုးဟောက်ကို ညွှန်ပြလျက် ပြောလိုက်သည်။

“ဒေါ်လေးသမီးက အတန်းဖော် တစ်ယောက်ကို ခြေထိုးခံတယ်လို့ သားပြောတာလား”။ ကျိုးဟောက်ကို ချိုးရွှမ် မေးလိုက်သည်။ သူမ လေသံနဲ့ မျက်နှာထားတို့က မသာယာပါ။

“ဟုတ်တယ်!”။ ကျိုးဟောက်က ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်ပါသည်။

“ဒေါ်လေးသမီးရဲ့ ခြေထောက်က အဲ့ဒီမှာ ရှိနေပြီးသားလား ဒါမှမဟုတ် စူယွီယွမ်လေး လာခါမှ တမင်သက်သက် ထုတ်လိုက်တာလားဆိုတာကို သေချာ မြင်လိုက်လား”။ ချိုးရွှမ် ထပ်မေးလိုက်သည်။

“စူယွီယွမ်လျှောက်လာမှ သူခြေထိုးခံလိုက်တာ! သားမြင်တယ်!”။ ကျိုးဟောက် ပြန်ဖြေလိုက်သည်။

ဒါကိုကြားတော့ ချိုးရွှမ် မျက်နှာမှောင်မိုက်သွားပါသည်။ “အဲ့တာဆို ဒေါ်လေးသမီးက ဘယ်ခြေထောက်နဲ့ ခြေထိုးခံလိုက်ရတာလဲ”

“အဲ့… အဲ့တာက…”။ ကျိုးဟောက်လည်း သိပ်မသေချာပါ။ ချူးယန်ရှီ၏ ခြေထောက်နှစ်ဖက်ကို ကြည့်ရင်း သူသေသေချာချာ စဉ်းစားလိုက်သည်။ ခေတ္တစဉ်းစားပြီးမှ သူပြန်ဖြေလိုက်ပါသည်။ “ဘယ်ဘက် ခြေထောက်!”

“မဖြေခင် အကြာကြီး စဉ်းစားလိုက်ရတယ်နော်။ သားအဖြေကို ယုံကြည်ချက်မရှိဘူးထင်တယ်”။ ချိုးရွှမ်က မေးလိုက်ပါသည်။

“မဟုတ်ပါဘူး! သားက…”။ ကျိုးဟောက် စိတ်ရှုပ်ထွေးသွားပြီး ရှင်းပြဖို့ ကြိုးစားလိုက်သည်။

ဘယ်ခြေထောက်လဲ မမှတ်မိတာ မဟုတ်ဘဲ ကျိုးဟောက်က ဘယ်ဘက်နဲ့ ညာဘက် မခွဲတတ်တာကြောင့်သာ ဖြစ်သည်။ တစ်ခါတလေ သူ့လက်နှစ်ဖက်ကိုတောင် ဘယ်ညာခွဲဖို့ အတော်စဉ်းစားရပါသည်။

“ဒေါ်လေးသမီးက ခြေထိုးခံတယ်ဆိုတာ သေချာရင် ဘယ်ခြေထောက်လဲဆိုတာ ဘာလို့ မမှတ်မိရတာလဲ။ ဒါမှမဟုတ် သေချာ မမြင်လိုက်လို့ မမှတ်မိတာများလား”

သူမစကားကြောင့် ကျိုးဟောက် ကြက်သေသေသွားသည်။ သူဘယ်လို ပြန်ဖြေရမလဲ မသိတော့ပါ။

“ပြီးတော့ အတန်းထဲက ကလေးတွေ ဖိနပ်ဝတ်ခွင့်မရှိဘူး။ အားလုံးက ဆင်တူ ခြေအိတ်ဖြူလေးတွေ ဝတ်ထားကြတော့ သားမြင်လိုက်တဲ့ ခြေထောက်က ဒေါ်လေးသမီးခြေထောက်မဟုတ်ဘဲ တခြားကျောင်းသားတစ်ယောက်ယောက်ရဲ့ ခြေထောက်ကော မဖြစ်နိုင်ဘူးလား”။ ချိုးရွှမ် ထပ်မေးလိုက်ပါသည်။

“သား… သား…”။ ကျိုးဟောက် စကားတွေ ထစ်ငေါ့ကုန်ပြီး ဆရာမတွေကို လှမ်းကြည့်လိုက်ပါသည်။

သို့သော် ဆရာမတွေကလည်း ကျိုးဟောက်ကိုယ်စား ဘာဝင်ပြောပေးရမှန်း မသိကြတော့ပါ။

ကျိုးဟောက် စိတ်ချောက်ချားသွားသည်။ သို့သော် သူစိတ်ချောက်ချားလေလေ ခေါင်းထဲ ဘာမှ မတွေးနိုင်တော့လေလေ ဖြစ်သည်။

ချူးယန်ရှီက ချိုးရွှမ်၏ ခြေထောက်ကို ဖက်ထားရင်း ကျိုးဟောက်မျက်နှာကို ခိုးကြည့်လိုက်ပါသည်။

သူမအမေရဲ့ မေးခွန်းတွေကြောင့် ပျာယာခတ်သွားသည့် ကျိုးဟောက်ကို မြင်ကာ ချူးယန်ရှီ ပြုံးသွားပါသည်။

ကျိုးဟောက် အချိန်အတော်ကြာအောင် အဖြေမပေးနိုင်သောအခါ ချိုးရွှမ်က ဆရာမကျူးဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။

“ဆရာမကျူး ဒီကလေးက ရှင်းရှင်းလင်းလင်း မှတ်မိတဲ့ပုံမပေါက်ဘူး။ အဲ့တာကြောင့် ကျွန်မသမီးကို ခြေထိုးခံတယ်လို့ သူစွပ်စွဲတာက မယုံကြည်ရဘူး”

… … …

အခန်း(၁,၀၀၃) အရင်ဘဝတုန်းက မြင်ဖူးတဲ့လူ

“အဲ့တာက…”။ ချိုးရွှမ်ပြောတာ အဓိပ္ပာယ်ရှိသည်ဟု ဆရာမကျူး ထင်မိသည်။ သို့သော် ဆုံးဖြတ်ချက်ချဖို့ ခက်ခဲနေပါသေးသည်။

ချိုးရွှမ်က ဆက်ပြောလိုက်သည်။ “ဒီကလေးက ကျွန်မ သမီးကို ရည်ရွယ်ချက်ရှိရှိ စွပ်စွဲတာလို့လည်း မထင်ပါဘူး။ သူ အမြင်မှားသွားတာ ဖြစ်ဖို့ များတယ်။ အမြင်မှားသွားတဲ့ ဒီကလေးကော ကျွန်မ သမီးလေးကောက အားလုံး ဖြူစင်တဲ့ ကလေးတွေပဲလေ။ ကလေးတွေကြားထဲ ဒီလို မတော်တဆတွေဆိုတာ ဖြစ်တတ်တာပဲ။ အဲ့လို မတော်တဆမှုတွေကို တမင်တကာ ခြေထိုးခံတာတို့ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာလို့ ခေါင်းစဉ်မတပ်ရင် အကောင်းဆုံးပါပဲ”။

ချိုးရွှမ်၏ စကားကြောင့် ဆရာမတွေ တွေဝေသွားကြပါသည်။

မူကြိုဆရာမတွေအနေနဲ့ ကလေးတွေက အလွန်ရိုးသားဖြူစင်သူများ ဖြစ်ကြမှန်း သိပြီးသားဖြစ်သည်။ ကြမ်းကြုတ်သော စိတ်ဓာတ်မျိုးနဲ့ ကလေးဆိုတာ မရှိနိုင်ပါ။

“ဟုတ်ပါတယ်။ ရှောင်းရှီလေးရဲ့အမေ ပြောတာ မှန်ပါတယ်။ ကလေးတွေကို ကျွန်မတို့ ဒီလို မတွေးသင့်ဘူး။ အားလုံးက ဘာမှ မသိနားမလည်သေးတဲ့ ကလေးတွေပဲ။ ကျွန်မတို့လည်း ဒီကိစ္စကို မတော်တဆလို့ပဲ ယူဆချင်ပါတယ်”။ ဆရာမကျူး သဘောတူလိုက်ပါသည်။

ချိုးရွှမ် ဆက်ပြောလိုက်သည်။ “ရှောင်းရှီလေးက ဒီကလေးကို တမင်သက်သက် ထိခိုက်အောင် လုပ်ခဲ့တာ မဟုတ်ဘူး ဆိုပေမယ့် ကျွန်မက တာဝန်အပြည့်အဝ ယူပေးမှာပါ။ ကလေးကို ဆေးရုံခေါ်သွားပြီး သေသေချာချာ စစ်ဆေးခိုင်းလိုက်မယ်။ ကုန်ကျစရိတ်တွေအားလုံးကိုလည်း ကျွန်မပဲ အကုန်အကျ ခံပေးပါ့မယ်”

သူမ စကားတွေကြောင့် ဆရာမအားလုံး စိတ်အေးသွားပါသည်။ ဒီလို သဘောထားပြည့်ဝသည့် မိဘမျိုးကို တွေ့ရတာ သူမတို့ ကံကောင်းပါသည်။

သို့သော်လည်း သူမတို့ ဆုံးဖြတ်ချက် ချက်ချင်း မချနိုင်ကြသေးပါ။ ဒီဖြေရှင်းချက်ကို လက်ခံနိုင် မခံနိုင်က စူယွီယွမ်ရဲ့ အဖေ ဆုံးဖြတ်ရမှာ ဖြစ်သည်။

ဆရာမကျူးက ပြန်ပြောလိုက်သည်။ “ရှောင်းရှီးလေးရဲ့ အမေ ကမ်းလှမ်းတာကို လက်ခံလားဆိုတာ စူယွီယွမ်လေးတို့ အဖေကို မေးကြည့်ဖို့ လိုသေးတယ်”

ဆရာမကျူး၏ စကားကြားမှ ချူးယန်ရှီလည်း ချင်းယွင်ကျစ်အား ပထမဆုံးအကြိမ်အဖြစ် လှမ်းကြည့်လိုက်ပါသည်။

သူမ ရုံးခန်းထဲ ဝင်လာတုန်းက ဟန်ဆောင် ငိုပြဖို့သာ အာရုံများနေသဖြင့် စူယွီယွမ်ရဲ့ အဖေကိုတောင် သေချာ မကြည့်မိလိုက်ပါ။

ချင်းယွင်ကျစ်ရဲ့ မျက်နှာကို မြင်လိုက်တာနဲ့ ချူးယန်ရှီ ကြက်သေသေသွားခဲ့သည်။

ဒီလူ့ကို သူမ မြင်ဖူးပါသည်။ အရင်ဘဝတုန်းက မြင်ခဲ့ဖူးသည်။

သို့သော် ဒီလူက သာမန်လူ မဟုတ်ပါ။

သူ့လိုလူမျိုးက ဒီလိုနေရာကို ရောက်မနေသင့်ပါ။ သူမအတန်းဖော်ရဲ့ မိဘလည်း ဖြစ်မနေသင့်ပါ။

မဖြစ်နိုင်ဘူး… သူလုံးဝ မဖြစ်နိုင်ဘူး…

ချူးယန်ရှီ မယုံကြည်နိုင် ဖြစ်နေလေသည်။

ထို့ကြောင့် ချင်းယွင်ကျစ်ကို သူမ ထပ်အကဲခတ်ကာ သူမ မှတ်ဉာဏ်ထဲကလူနဲ့ ထပ်ခါထပ်ခါ နှိုင်းယှဉ်ကြည့်လိုက်သည်။

နောက်ဆုံးတော့ သူမရှေ့မှာ မတ်တပ်ရပ်နေသည့် စူယွီယွမ်၏ အဖေဆိုသူက တကယ်ပဲ သူမ မှတ်ဉာဏ်ထဲက ကြောက်စရာကောင်းသည့်လူ ဖြစ်နေမှန်း အတည်ပြုနိုင်ခဲ့ပါသည်။

သို့သော် ယခင်ဘဝတုန်းက ဒီလူ့ကို ချူးယန်ရှီ မြင်ခဲ့စဉ်က ဒီ့ထက် အသက်ပိုကြီးပြီး မျက်နှာပေါ်မှာလည်း ကြက်သီးထစရာ အမာရွတ်ကြီးတစ်ခု ရှိနေပါသည်။

သို့သော် ချူးယန်ရှီ ရာနှုန်းပြည့်သေချာသည်။ ယခင်ဘဝတုန်းက ဒီလူမှာ မာဖီးယား ဂိုဏ်းခေါင်းဆောင်ကြီးတစ်ယောက် ဖြစ်ခဲ့လေသည်။

ဒီလူ ပေကျင်းမြို့ကို ရောက်လာတော့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ သူဌေးသူကြွယ်တွေအားလုံး သူ့ကို ရှောင်ရှားခဲ့ကြသည်။

အတိုချုန်းပြောရလျှင် သူ့ကို ဘယ်သူမှ သွားမရှုပ်ရဲကြပါ။ သွားရှုပ်ရဲသူတိုင်းက ခြောက်ပေအောက် ရောက်ရင်ရောက် မရောက်လျှင် ဒုက္ခိတဖြစ်သွားခဲ့ကြသည်။

ဒီလူက စူယွီယွမ်ရဲ့ အဖေတဲ့လား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

ချိုးရွှမ်ကလည်း ချင်းယွင်ကျစ်ကို အကဲခတ်နေပါသည်။ ဒီလူ့ပုံစံက အနည်းငယ် ကြောက်စရာ ကောင်းသည်။

သို့သော် ချိုးရွှမ် ပြုံးကာ မေးလိုက်ပါသည်။ “ယွမ်ယွမ်တို့အဖေ ကျွန်မ အကြံပြုချုက်ကို ဘယ်လိုသဘောရလဲ မသိဘူး”

… … …

အခန်း(၁,၀၀၄) ဘယ်လောက်ထိ ပုံကြီးချဲ့ကြမှာလဲ

ချင်းယွင်ကျစ်က ချိုးရွှမ်၏ မေးခွန်းကို ပြန်မဖြေဘဲ ကလေးတွေကို အကဲခတ်လိုက်သည်။

ကလေးတိုင်းရဲ့ မျက်နှာက ခြားနားနေကြပါသည်။

ကျိုးဟောက်က ဒေါသထွက်ပြီး ဝမ်းနည်းနေပုံရသည်။ သူ့မျက်လုံးတွေ နီမြန်းနေသော်လည်း ငိုချင်စိတ်ကို ထိန်းထားပါသည်။

စူယွီယွမ်က ရီဝေနေဆဲဖြစ်ပြီး မကြာသေးခင်က ငိုထားသဖြင့် ပါးတွေ မျက်လုံးလေးတွေ ပန်းရောင်သမ်းနေသေးသည်။

ချင်းလောင်ယွင်က စူစူလေးနောက်မှာ ဝင်ပုန်းနေပါသည်။ အခန်းထဲက အခြေအနေကို ကြောက်တာပဲလား ချင်းယွင်ကျစ်ကို ကြောက်နေတာပဲလား မသေချာပါ။

စူစူလေးရဲ့ မျက်နှာကတော့ တင်းမာနေသည်။ မျက်လုံးတွေကလည်း အလွန်စူးရှနေပါသည်။

ချင်းယွင်ကျစ်က စူစူလေးဆီ လျှောက်သွားပြီး ဆောင့်ကြောင့်ထိုင်ကာ မေးလိုက်သည်။ “ဒါကို လက်ခံသင့်တယ် ထင်လား စူစူလေး”

“မထင်ဘူး!”။ စူစူလေး မတွန့်မဆုတ် ဖြေလိုက်ပါသည်။ “ဟောက်ဟောက်ပြောတာမှန်တယ်။ ဟောက်ဟောက်ကို သမီးယုံတယ်! ချူးယန်ရှီက လူကောင်း မဟုတ်ဘူး!”

ထို့နောက် စူစူလေး ရှေ့တိုးဖို့ ကြိုးစားသော်လည်း ချင်းယွင်ကျစ်က ထိန်းထားလိုက်ပါသည်။

“အစ်ကိုငယ် တာဝန်သာထားလိုက်”။ စူစူလေးအား ချင်းယွင်ကျစ် တီးတိုးပြောကာ တားလိုက်ပါသည်။

ထို့နောက် ချင်းယွင်ကျစ် မတ်တပ်ပြန်ရပ်လိုက်ပြီး ဆရာမကျူးကို ပြောလိုက်သည်။ “ဒီကမ်းလှမ်းချက်ကို လက်မခံနိုင်ဘူး”

ချင်းယွင်ကျစ်၏ စကားကြောင့် ချိုးရွှမ် မျက်နှာပျက်သွားပါသည်။

“ဒါဆို စူယွီယွမ်လေးတို့ အဖေက ဘယ်လို ဖြေရှင်းချင်လို့လဲမသိဘူး။ သက်သေမရှိဘဲ ကျွန်မသမီးက တခြားကျောင်းသားကို ထိခိုက်အောင်လုပ်ပါတယ်လို့ စွပ်စွဲမလို့လား။ ရှင့်ရဲ့ အကြောင်းပြချက်ကဘာလဲ”။ ချင်းယွင်ကျစ်ကို ချိုးရွှမ် စိန်ခေါ်လိုက်ပါသည်။

“ဘာအကြောင်းပြချက်မှ မရှိဘူး”။ ချင်းယွင်ကျစ်၏ လေသံက အလွန်အေးစက်နေပြီး အရှိန်အဝါကြီးပါသည်။

ချိုးရွှမ် အံ့အားသင့်သွားခဲ့သည်။ ဒီလောက် ပြောရဆိုရခက်သည့် လူမျိုးကို သူမ ပထမဆုံးအကြိမ် ဆုံဖူးတာဖြစ်သည်။

“ရှင်ဘာလို့ အဲ့လောက် ကန့်လန့်တိုက်နေတာလဲ”။ ချိုးရွှမ် ဒေါသထွက်သွားပြီး ချင်းယွင်ကျစ်အား မေးလိုက်ပါသည်။

“ခင်ဗျားကို ကျွန်တော် ကန့်လန့်တိုက်စရာ မလိုပါဘူး”။ ချိုးရွှမ်အပေါ် ချင်းယွင်ကျစ် ဆက်ဆံနေသည့် ပုံစံက အထင်အမြင်သေးသည့် ပုံစံဟုပင် ဆိုနိုင်သည်။

ချိုးရွှမ်ကို စာရင်းထဲတောင် မထည့်တာ သိသာသည်။

ချိုးရွှမ် အလွန်ဒေါသထွက်သွားပြီး ချင်းယွင်ကျစ်ကို ကြည့်လျက် ပြောစရာစကား ပျောက်ဆုံးသွားခဲ့ပါသည်။

အခုချိန်မှာ ချူးယန်ရှီ ဝမ်းနည်းပက်လက် ငိုပြသင့်တာဖြစ်သော်လည်း ချင်းယွင်ကျစ်၏ မျက်နှာကို ကြည့်ကာ သူမ ငိုဖို့ပင် မေ့လျော့သွားခဲ့လေသည်။

ဒီလူကသာ သူမ မှတ်ဉာဏ်ထဲကလူ တကယ်ဖြစ်နေရင် ဘယ်လောက်ပဲ ငိုငို၊ ဘယ်လောက်ပဲ သောင်းကျန်း သောင်းကျန်း အသုံးဝင်မှာ မဟုတ်ဘူး!

ချူးယန်ရှီက ချိုးရွှမ်၏ ခြေထောက်ကို ဖက်ကာ ချင်းယွင်ကျစ်ကို မဝံ့မရဲ ကြည့်လျက် တီးတိုးမေးလိုက်ပါသည်။ “ဦး…ဦးလေးက စူယွီယွမ်ရဲ့ အဖေလား”

သူမရှေ့ရှိ လူက စူယွီယွမ်ရဲ့ အဖေဖြစ်ကြောင်း ချူးယန်ရှီရင်ထဲ လက်မခံနိုင်သေးပါ။

အမှားအယွင်းတစ်ခုခုရှိပါစေဟု ဆုတောင်းနေမိသည်။

“စူယွီယွမ်ရဲ့ အဖေပါ။ ပြီးတော့ ချင်းစူစူရဲ့ အစ်ကိုလည်းဟုတ်တယ်။ အစ်ကိုအရင်းခေါက်ခေါက်”

ချင်းယွင်ကျစ်က ပြန်ဖြေလိုက်သည်။ စူစူလေးရဲ့ အစ်ကိုဖြစ်ကြောင်း အလေးပေးပြီး ပြောလိုက်ပါသည်။

“ဦး… ဦးလေး နိုင်ငံခြားက ပြန်လာတာလား”။ ချူးယန်ရှီ ထပ်မေးလိုက်သည်။

“ဟုတ်တယ်”။

ချင်းယွင်ကျစ်၏ အဖြေကြောင့် ချူးယန်ရှီ ခန့်မှန်းထားတာတွေ မှန်ကန်သွားပါသည်။

ချင်းယွင်ကျစ်ကို စိုက်ကြည့်ရင်း ချူးယန်ရှီ ခံစားချက်များ ရှုပ်ထွေးသွားလေသည်။

ဒီဘဝမှာ သူမ အလွန်မုန်းတီးရတဲ့လူတစ်ယောက်နဲ့ အရင်ဘဝက သူမအလွန် ကြောက်ရွံ့ခဲ့ရတဲ့ လူတို့က မောင်နှမတွေ လာဖြစ်နေလိမ့်မည်ဟု တစ်ခါမှ မတွေးမိခဲ့ပါ။

သူမ ဘာလုပ်ရမလဲ…

အရင်ဘဝ မှတ်ဉာဏ်များအရ ဒီလူတစ်ယောက်တည်းက ချင်းမိသားစုတစ်စုလုံးထက် ပိုကြောက်ဖို့ကောင်းသည်။

ချူးယန်ရှီရဲ့ အကြောက်တရားတွေကို ချိုးရွှမ်ကတော့ မရိပ်မိပါ။ ဒီနေ့ ခေါင်းမာပြီး အလွန်ကန့်လန့်တိုက်တတ်သည့် လူတစ်ယောက်နဲ့ လာဆုံနေရတာကိုသာ သိသည်။

ချင်းယွင်ကျစ်ကို ချိုးရွှမ် ဆက်ပြောလိုက်သည်။ “ရှင့်ဘက်က ဒီလောက် ကန့်လန့်တိုက်နေမှတော့ ရတယ်လေ။ ကျွန်မကလည်း လမ်းဆုံးထိ လိုက်ရတာပေါ့။ တရားရုံးသွားချင်လား ရဲခေါ်ချင်လား”

ချိုးရွှမ်က ရဲခေါ်ပြီး တရားရုံးသွားဖို့ အထိတောင် စဉ်းစားထားပြီးပါပြီ။

တရားရုံးကကော ရဲစခန်းကကော ဒီလို အသေးအဖွဲ ပြဿနာလေးကို ဖြေရှင်းပေးကြမှာ မဟုတ်ပါ။

ဒီလိုပြဿနာမျိုးက အလွန်ဆုံး လျော်ကြေးနဲ့သာ ပြီးဆုံးသွားတတ်တာ ဖြစ်သည်။

ဒီလူ ဘယ်လောက်ထိ ပုံကြီးချဲ့ချင်နေတာလဲ။

… … …

အခန်း(၁,၀၀၅) ချင်းယွင်ကျစ်ရဲ့ မောက်မာမှု (၁)

“မလိုပါဘူး”။ ချင်းယွင်ကျစ်က တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်ပါသည်။

ထို့နောက် အားလုံးရှေ့မှာ ချင်းယွင်ကျစ် ဖုန်းထုတ်ကာ တစ်စုံတစ်ယောက်ကို ဖုန်းဆက်လိုက်ပါသည်။

“ဝမ်ရှင်းမင်ကို ငါ့ဆီခေါ်ခဲ့”။ ဖုန်းထဲကို ချင်းယွင်ကျစ် ညွှန်ကြားလိုက်ပါသည်။

ချင်းယွင်ကျစ်၏ စကားကိုကြားသောအခါ ချိုးရွှမ် ၂ စက္ကန့်လောက် မှင်သက်သွားခဲ့သည်။ ထို့နောက် ရယ်မောလိုက်ပါသည်။ “မစ္စတာချင်းက တော်တော် မောက်မာပါလား။ ကျွန်မယောက်ျားက အရမ်းကြီး မချမ်းသာပေမယ့် ရှင်အမိန့်ပေးတိုင်း လိုက်လုပ်မယ့် လူမျိုး မဟုတ်ဘူးနော်”

ချိုးရွှမ် ယုံကြည်မှုရှိပါသည်။

ချင်းမိသားစုရဲ့ အခြေအနေကို သူမ နားလည်ထားသည်။ ဟွာချန့်မြို့မှာ ချင်းမိသားစုက ထိပ်သီးမိသားစုတစ်စု ဖြစ်သော်လည်း သူမ ယောက်ျားကလည်း သာမန်လူ မဟုတ်ပေ။ စည်းစိမ်အရ ယှဉ်ပြိုင်လိုက်ပါက ချင်းမိသားစုကို သူမ ယောက်ျား မရှုံးနိမ့်နိုင်ပါ။

သူမယောက်ျားရဲ့ ကုမ္ပဏီက လက်ရှိမှာ ချင်းမိသားစုကုမ္ပဏီထက် ပိုမိုကြီးမားပြီး ဈေးကွက်လွှမ်းမိုးမှု ပိုကြီးမားသည်ဟု ဆိုနိုင်ပါသည်။

ဒါကို ကုမ္ပဏီရဲ့ နှစ်စဉ် အသားအတင်အမြတ်နဲ့ ဝင်ငွေတွေကို ကြည့်ခြင်းအားဖြင့် သိနိုင်သည်။

ချင်းယွင်ကျစ်က ချိုးရွှမ်ကို မတုန့်ပြန်ခဲ့ပါ။ စူစူလေးဘက်ကိုသာ လှည့်ကာ ပြောလိုက်သည်။ “စူစူလေးရဲ့ တူလေးကို ခြေထိုးခံလိုက်တဲ့ ကောင်မလေးကို ဆုံးမချင်သလို ဆုံးမလိုက်။ ကျန်တာ အစ်ကိုငယ် တာဝန်ထား”

ချင်းယွင်ကျစ်၏ စကားကြောင့် ဆရာမတွေ အားလုံး ထိတ်လန့်သွားကြသည်။

ဆရာမကျူးက အမြန်ဝင်ဖြောင်းဖြလိုက်ပါသည်။ “ယွမ်ယွမ်တို့ အဖေ အဲ့လိုလုပ်လို့ မရဘူးလေ… ကျွန်မတို့ ပြဿနာကို သေချာတောင် မစုံစမ်းရသေးဘူး။ ပြီးတော့…”

ချင်းယွင်ကျစ်က စကားဖြတ်ပြောလိုက်ပါသည်။ “ကျွန်တော့်ညီမလေး ပြောတဲ့ စကားကိုပဲ ယုံတယ်”

ဟင်…

ချင်းယွင်ကျစ်၏ စကားကို ဆရာမကျူး အံ့အားသင့်နေစဉ် စူစူလေးက စတင်လှုပ်ရှားနေပါပြီ။

ချူးယန်ရှီထံသို့ စူစူလေး တန်းတန်းမတ်မတ် လျှောက်လာခဲ့သည်။

စူစူလေး ချဉ်းကပ်လာတာကို မြင်သောအခါ ချိုးရွှမ်က ဝင်တားဖို့ ကြံပါသည်။ သို့သော် စူစူလေးကို သူမ မထိခိုင်ခင် လက်ကြမ်းကြမ်းတစ်ဖက်က သူမကို ဘေးဘက်သို့ ဆွဲခေါ်လိုက်သည်။

ချိုးရွှမ် မော့ကြည့်လိုက်ရာ ချင်းယွင်ကျစ်ကို မြင်လိုက်ရပါသည်။ ချိုးရွှမ် ကြောက်လည်းကြောက် ဒေါသလည်း ထွက်သွားလေသည်။ “ရှင်ကျွန်မအသားကို ထိရဲတယ်ပေါ့”

ချင်းယွင်ကျစ်က ဘာမှပြန်မပြောပါ။ အလုပ်ဖြင့်သာ အဖြေပေးလိုက်ပါသည်။ ချိုးရွှမ် သူ့သမီးဆီ ပြန်သွားဖို့ ကြိုးစားလိုက်စဉ် ချင်းယွင်ကျစ် ထပ်ဆွဲခေါ်လိုက်ပြန်သည်။

သူမ မလှုပ်ရှားလျှင် ချင်းယွင်ကျစ် ထိစရာမလိုပါ။ သို့သော် စူစူလေးဆီသွားရှုပ်ဖို့ ကြိုးစားပါက ချင်းယွင်ကျစ် ခွန်အားကို ထုတ်သုံးပြီး ချိုးရွှမ် ဘာမှ မလုပ်နိုင်ကြောင်း ပြသရမည်။

စူစူလေး ချဉ်းကပ်လာတာကိုမြင်ပြီး ချူးယန်ရှီ ကြောက်လန့်တကြား မေးလိုက်သည်။ “နင်ဘာလုပ်မလို့လဲ”

စူစူလေးက ပြန်မဖြေဘဲ ချူးယန်ရှီ အင်္ကျီစကို လက်တစ်ဖက်ဖြင့် ဆွဲလျက် တစ်ကိုယ်လုံးကို ပင့်မလိုက်လေသည်။ ထို့နောက် တံခါးဆီသို့ လျှောက်သွားသည်။

“ချင်းစူစူ နင်ဘာလုပ်တာလဲ။ ငါ့ကို လွှတ်! ငါ့ကို မြန်မြန်လွှတ်စမ်း!”

ချူးယန်ရှီ အလွန်ကြောက်ရွံ့သွားပြီး အသည်းအသန် အော်ဟစ်လေသည်။

စူစူလေးက ဘာမှပြန်မပြောပါ။ သူမ မျက်နှာက အလွန်ခက်ထန်နေပြီး မျက်လုံးများက ဆုံးဖြတ်ချက် ပြတ်သားနေပါသည်။

ကျောင်းဝန်းထဲ ရောက်သည်အထိ စူစူလေး ထွက်လာပြီး ချူးယန်ရှီကို သဲပုံထဲ ပစ်ချလိုက်ပါသည်။

ချူးယန်ရှီလည်း ဘာမှ ပြန်မလုပ်နိုင်ဘဲ သဲပုံထဲ ပြုတ်ကျသွားခဲ့ပါသည်။

ဒီသဲပုံက ကလေးတွေ ကစားဖို့ ဖန်တီးပေးထားသည့် နေရာဖြစ်သည်။ ထို့ကြောင့် ချူုးယန်ရှီ ဒဏ်ရာ ရရှိမှာ မဟုတ်ပါ။

သို့သော် ချူးယန်ရှီ ပါးစပ်ထဲ သဲတွေ အများကြီး ဝင်ကုန်လေသည်။ ခက်ခက်ခဲခဲ မတ်တပ်ပြန်ရပ်ရင်း ပါးစပ်ထဲက သဲတွေကို ပြန်ထွေးထုတ်နေပါသည်။

သူမ မတ်တပ်ပြန်ရပ်နိုင်တာနဲ့ တစ်ပြိုင်နက် အနောက်ဘက်မှ အားပြင်းပြင်းဖြင့် သဲပုံထဲသို့ ပြန်တွန်းချလိုက်ပြန်သည်။

ချူးယန်ရှီ ဒေါသအလွန်ထွက်သွားပြီး သဲပုံထဲမှ ကုန်းထကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။ “ချင်းစူစူ နင်ဘာလုပ်တာလဲ!”

“ငါ့တူလေးအတွက် ကလဲ့စားချေပေးနေတာ!”။ စူစူလေး ပြန်ဖြေလိုက်ပြီး ချူးယန်ရှီကို သဲပုံထဲ ထပ်တွန်းချလိုက်ပြန်သည်။

“ငါသူ့ကို တစ်ခါပဲ ခြေထိုးခံခဲ့တာ! နင်ကဘာလို့ ငါ့ကို သဲပုံထဲ တစ်ခါမက တွန်းချနေတာလဲ!!”။ ချူးယန်ရှီ ဒေါသမီး တောက်လောင်နေပါသည်။

စူစူလေးနောက်ကို လိုက်လာသော ဆရာမကျူး၊ ဆရာမချမ့်၊ ချိုးရွှမ်နဲ့ ချင်းယွင်ကျစ်တို့အားလုံး ချူးယန်ရှီရဲ့ နောက်ဆုံး စကားကို ကြားသွားကြပါသည်။

ဆရာမကျူး၊ ဆရာမချမ့်နဲ့ ချိုးရွှမ်တို့အားလုံး ကြက်သေသေသွားကြလေသည်။

… … …

All Chapters