အခန်း (၁၀၁၁-၁၀၁၅)
Vol. 41 Ch. 1011-1015
အခန်း(၁,၀၁၁) ချူးယန်ရှီနဲ့ အဆက်အသွယ်ဖြတ်ခြင်း (၂)
ချိုးရွှမ် ဆက်ပြောလိုက်သည်။ “ကျွန်မယောက်ျားက ပိုလို့တောင် အပြစ်ကင်းပါသေးတယ်။ ကျွန်မ မျက်နှာကြောင့်သာ ချူးယန်ရှီကို သူလက်ခံပေးခဲ့တာ! ချူးယန်ရှီကို ဆုံးမသွင်သင်ဖို့တောင် အချိန်မရှိသေးဘူး။ ချူးယန်ရှီ ဒီလို ရိုင်းစိုင်းနေရတာ ကျွန်မ ခင်ပွန်းဟောင်းရဲ့ ပျိုးထောင်မှုကြောင့်ပါ! ကျွန်မယောက်ျားကို အပြစ်မယူပါနဲ့!”
ပထမတော့ ဝမ်ရှင်းမင် ထိတ်လန့်သွားသော်လည်း ချိုးရွှမ်နောက်မှ အမြန်လိုက်ကာ ပြောလိုက်ပါသည်။ “ဟုတ်ပါတယ် ဟုတ်ပါတယ်! သူက ကျွန်တော့်သမီးအရင်း မဟုတ်ဘူး! သူနဲ့တွေ့တာ ရက်ပိုင်းတောင် မကြာသေးဘူး။ အဲ့တာကြောင့် သူဒီလို ရိုင်းစိုင်းနေတာက ကျွန်တော်နဲ့ ဘာမှ မဆိုင်ဘူးနော်! အခုချက်ချင်း သူနဲ့ အဆက်အသွယ်ဖြတ်ပါ့မယ်! သူသေသေ ရှင်ရှင် ကျွန်တော်နဲ့ ဘာမှ မဆိုင်ဘူး။ ကျေးဇူးပြုပြီး ကျွန်တော့်ကိုတော့ သက်ညှာပေးပါ မစ္စတာချင်း!”
လင်မယားနှစ်ယောက် သဘောတူညီချက် ရသွားကြသည်။ သူတို့ သံယောဇဉ်သိပ်မရှိသည့် သမီးဆိုး တစ်ယောက်ထက် လက်ရှိ စည်းစိမ်တွေ၊ ရာထူးတွေက ပိုတန်ဖိုးရှိပါသည်။
အခုတော့ ချူးယန်ရှီတစ်ယောက်တည်း ကြက်သေသေကာ ကျန်ခဲ့လေသည်။ ကြားနေရာတွေကို မယုံကြည်နိုင်ပေ။ သူမရဲ့ အမေအရင်းက သူမကို စွန့်ပစ်သွားတော့မယ်တဲ့လား။
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… အဲ့လို ဖြစ်လို့ မရဘူးလေ!
“မေကြီး သမီးကို အဲ့လို မလုပ်ပါနဲ့! သမီးက မေကြီးရဲ့ သမီးအရင်းလေ!”။ ချူးယန်ရှီ အနောက်မှ ပြေးလိုက်လာပြီး ချိုးရွှမ်၏ ဘောင်းဘီကို ဆွဲကာ ပြောလိုက်ပါသည်။
ချိုးရွှမ်က အေးစက်စွာ ပြန်ပြောလိုက်သည်။ “ငါတို့ တွေ့တာ ရက်တောင် သိပ်မကြာသေးဘူး။ ပြီးတော့ ခုနက ငါ့ကိုလည်း နင်လိမ်တယ်။ နင့်မှာ အပြစ်မရှိဘူးလို့ ယုံကြည်အောင် ငါ့ကို လှည့်စားခဲ့တာ! ဖြစ်ချင်တော့ နင့်အဖေကြောင့် နင်လည်း ပျက်စီးနေပြီပဲ! လိမ်တာတောင် နှစ်ခါပြန်မတွေးဘူး!”
“ဒါ… ဒါပေမယ့် သမီးကို စောင့်ရှောက်ပေးမယ်လို့ ပြောထားတယ်လေ! သမီးတို့ မိသားစု ပျော်ပျော်ရွှင်ရွှင် နေကြမယ်လို့ ပြောထားတယ်လေ!!”
ချူးယန်ရှီ အော်ဟစ်ကာ ပြောလိုက်ပါသည်။
“အခုငါတို့ကို နင်မွဲပြာကျအောင် လုပ်နေတာ မဟုတ်ဘူးလား။ နင့်ကိုသာ ရွေးလိုက်ရင် ငါတို့မှာ ဘာမှ ကျန်မှာ မဟုတ်တော့ဘူး။ ငါတို့မှာ ဘာမှမကျန်ရင် နင့်ကို ဘယ်လို ပျိုးထောင်ရမလဲ။ ဘယ်လို ပျော်ပျော်ရွှင်ရွှင် နေကြမှာလဲ။ အားလုံးက နင့်အပြစ်ပဲ မဟုတ်ဘူးလား!”။
ချူးယန်ရှီကို ချိုးရွှမ် သံယောဇဉ်ရှိသော်လည်း လက်ရှိ စည်းစိမ်တွေ ရာထူးတွေကို စွန့်ပစ်ရလောက်သည့်အထိတော့ သံယောဇဉ်မခိုင်မာပါ။
ချူးယန်ရှီရဲ့ မျက်နှာကြောင့် အရာရာကို မစွန့်လွှတ်နိုင်ပါ။
ချူးယန်ရှီ စိတ်ထဲ ဗလာကျင်းဖြစ်သွားခဲ့သည်။ အိပ်မွေ့ချခံရသူတစ်ယောက်လို ငြိမ်သက်သွားခဲ့ပါသည်။
လွန်ခဲ့သည့် ၁ နာရီလောက်ကမှ သူမ ပီတိဖြာနေခဲ့တာဖြစ်သည်။ ဒီဘဝတော့ သူမ ပြည့်ပြည့်စုံစုံ နေရပြီဟု ထင်ခဲ့သည်။
သူမမှာ အားကိုးရသည့်ပထွေးတစ်ယောက်နဲ့ အမေတစ်ယောက် ရှိလာပြီဖြစ်သည်။ အနာဂတ်အတွက် စိတ်ပူစရာ မလိုသည့်အပြင် သူမကို အနိုင်ကျင့်ဖူးသည့် ချင်းစူစူနဲ့ တခြားသူတွေကိုလည်း ကလဲ့စား ပြန်ချေနိုင်ပြီဟု ထင်ခဲ့သည်။
တစ်နာရီအတွင်း သူမဘဝ အောက်ဆုံးကို ပြန်ရောက်သွားပါသည်။
ဒီလို အပြောင်းအလဲကို ချူးယန်ရှီ လက်မခံနိုင်ပါ။ ဒါတွေအားလုံးက အိပ်မက်ဖြစ်ပါစေဟု ဆုတောင်းနေမိသည်။ သူမ မျက်လုံးတွေ ပြန်ဖွင့်ကြည့်လိုက်ပါက လွန်ခဲ့သည့် တစ်နာရီကို ပြန်ရောက်သွားပါစေဟုသာ မျှော်လင့်နေမိသည်။
ချူးယန်ရှီကို ချင်းယွင်ကျစ် အကဲခတ်နေပါသည်။ ချူးယန်ရှီ၏ မျက်နှာက သာမန်ကလေးတစ်ယောက်နဲ့ မကွာခြားသော်လည်း ချင်းယွင်ကျစ် သံသယဖြစ်နေမိသည်။
သူမရဲ့ ပုံစံက ကလေးတစ်ယောက်သာ ဖြစ်သော်လည်း သူမရဲ့ လေသံ၊ စကားပြောဆိုပုံ၊ မျက်နှာထားများက သာမန် ကလေးတစ်ယောက်နဲ့ မတူလှပါ။
ချိုးရွှမ်က ချူးယန်ရှီကို အာရုံစိုက်မနေတော့ဘဲ ချင်းယွင်ကျစ်အား ဆက်တောင်းပန်လိုက်သည်။ “မစ္စတာချင်းသာ သဘောတူမယ်ဆိုရင် ဒီကိစ္စအတွက် ကျွန်မတို့ နည်းလမ်းပေါင်းစုံနဲ့ အလျော်ပေးပါ့မယ်။ ကျွန်မတို့ကို အခွင့်အရေး တစ်ခါပဲ ထပ်ပေးပါနော်”
“ဒီကလေးကို ကျွန်မ အစကတည်းက သံယောဇဉ်လည်းမရှိဘူး။ သူ့အဖေ သေသွားလို့ တရားဥပဒေအရ အမေဖြစ်တဲ့ ကျွန်မမှာ တာဝန်ရှိလို့သာ လာခေါ်ခဲ့တာ။ အခုချိန်ကစပြီး ဥပဒေပြဌာန်းထားသလိုပဲ သူ့ကို လစဉ် ထောက်ပံ့မယ်၊ အရွယ် ရောက်လာတဲ့အထိ အခြေခံ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးမယ်။ အဲ့တာတွေကလွဲလို့ သူနဲ့ မပတ်သတ်တော့ပါဘူး။ တခြား ဘာအခွင့်ထူးမှလည်း မပေးတော့ပါဘူး”
ဝမ်ရှင်းမင်လည်း အမြန်ဝင်ထောက်ခံပါသည်။ “မစ္စတာချင်း စိတ်ချပါ။ မစ္စတာချင်းသာ သဘောတူရင် ကျွန်တော်နဲ့ ကျွန်တော့်မိန်းမနဲ့ ဟွာချန့်မြို့ကနေ ချက်ချင်း ထွက်သွားပါ့မယ်။ ဒီကလေးနဲ့ လုံးဝ မပတ်သတ်တော့ဘူး။ ကျွန်တော့် မိန်းမကို ဖုန်းတောင် ဆက်ခွင့်မပေးဘူး!”
လင်မယားနှစ်ယောက်၏ သဘောထားက ရှင်းလင်းနေပါပြီ။ ပြောချင်တာ ပြောပြီးနောက် ချင်းယွင်ကျစ်၏ အဖြေကို သူတို့ စိုးရိမ်ပူပန်စွာ စောင့်မျှော်နေကြလေသည်။
… … …
အခန်း(၁,၀၁၂) ကျောင်းလည်း ထုတ်ခံလိုက်ရပြီ
ချင်းယွင်ကျစ်က တိတ်ဆိတ်နေဆဲဖြစ်သည်။ ချိုးရွှမ်နဲ့ ဝမ်ရှင်းမင်တို့ လင်မယားနှစ်ယောက် သံပြင်းပူပေါ်မှာ မတ်တပ်ရပ်နေရသကဲ့သို့ စက္ကန့်တိုင်းမှာ ပူလောင်ပြင်းပြနေကြပါသည်။
“လက်ခံပေးလို့ရပါတယ်”
နောက်ဆုံးတော့ ချိုးရွှမ်နဲ့ ဝမ်ရှင်းမင်တို့ ကြားချင်နေသည့် အဖြေကို ချင်းယွင်ကျစ် ပေးလိုက်ပါသည်။
ထို့နောက် ဝမ်ရှင်းမင်ကို လွှတ်ပေးလိုက်ဖို့ သူ့လက်အောက်ငယ်သားများအား ချင်းယွင်ကျစ် အချက်ပေးလိုက်သည်။
ဝမ်ရှင်းမင် လွတ်သွားတာနဲ့တစ်ပြိုင်နက် ချိုးရွှမ်က ပြေးဖက်လေသည်။ “ယောက်ျား! အဆင်ပြေရဲ့လား”
ဝမ်ရှင်းမင်က ချိုးရွှမ်နဲ့ ကြည်နူးဖို့ အချိန်မရှိသေးဘဲ ချင်းယွင်ကျစ်ကိုသာ ဆက်ကြည့်နေပါသည်။ ချင်းယွင်ကျစ် စိတ်ပြောင်းသွားမှာကို သူကြောက်နေသည်။
ချင်းယွင်ကျစ်က သူတို့နဲ့ အချိန်ဆက်မဖြုန်းတော့ပါ။ သူ့ဆုံးဖြတ်ချက်ကို ပြောပြပြီးနောက် မူကြိုပြင်ပသို့ ဆက်လျှောက်သွားခဲ့ပါသည်။
သူ့လက်အောက်ငယ်သားတွေလည်း နောက်က လိုက်သွားခဲ့ကြပါသည်။ စူစူလေးနဲ့ စူယွီယွမ်လေးတို့ကို ကျောင်းဆင်းသည့်အချိန်ထိ စောင့်ကြပ်ပေးဖို့ လူ ၃ ယောက်လောက်သာ ချန်ထားခဲ့သည်။
ဝမ်ရှင်းမင်နဲ့ ချိုးရွှမ်တို့ ဘေးပတ်လည်ကို ဝေ့ကြည့်လိုက်ကြသည်။ ဘေးကင်းလုံခြုံမှန်း သေချာမှ သူတို့လည်း အမြန် ထွက်သွားဖို့ ပြင်လိုက်ကြပါသည်။
“ခင်ဗျားတို့ သမီးကို ခေါ်သွားဦး”။ ချင်းယွင်ကျစ်ထားခဲ့သည့် လူတစ်ယောက်မှ လှမ်းအော်ကာ သတိပေးလိုက်သည်။
“သူနဲ့ အဆက်အသွယ်ဖြတ်ဖို့ မစ္စတာချင်းကို ကျုပ်တို့ ကတိပေးပြီးပြီလေ။ သူ့ကိစ္စက ကျုပ်တို့နဲ့ ဘာမှ မဆိုင်တော့ဘူး”။ ဝမ်ရှင်းမင် သူ့ဘက်က ကတိတည်ကြောင်း အမြန်ရှင်းပြလိုက်သည်။
“ဘာပဲဖြစ်ဖြစ် သူ့ကို တစ်နေရာရာမှာ နေဖို့ စီစဉ်ပေးလိုက်ပါ။ ဒီနေ့ကစပြီး သူက ဟုံဖုန်းမူကြိုကျောင်းသူ မဟုတ်တော့ဘူး။ သူဒီမှာ ဆက်နေရင် ဆရာ ဆရာမတွေ အနှောင့်အယှက် ဖြစ်လိမ့်မယ်”။ ထိုလူ ရှင်းပြလိုက်သည်။
ဘာ…
သူမကို ကျောင်းထုတ်လိုက်ကြပြီလား။
ဝမ်ရှင်းမင်နဲ့ ချိုးရွှမ်တို့ ၃ စက္ကန့်လောက် အံ့အားသင့်သွားကြသည်။ သို့သော် ဒါ ပြဿနာကြီးကြီးမားမား မဟုတ်ဘူးဟု ခံစားလိုက်ရပါသည်။
ဝမ်ရှင်းမင်ကို ချင်းယွင်ကျစ် လုပ်ခဲ့တာတွေနဲ့ ယှဉ်လိုက်လျှင် ဒီလိုကျောင်းထုတ်ခံရတာလောက်က မပြောပလောက်ပေ။
ထို့ကြောင့် ဝမ်ရှင်းမင်တို့လင်မယား နှစ်ယောက် ကြက်သေသေနေသည့် ချူးယန်ရှီကို ဆွဲခေါ်ပြီး မူကြိုအပြင်မှာ ရပ်ထားသည့် ကားပေါ် တက်သွားကြတော့သည်။
ကားထဲရောက်မှ ချူးယန်ရှီ တုန်လှုပ်ချောက်ချားမှုများ ပျောက်ကွယ်ကာ အသိစိတ်ပြန်ကပ်သွားခဲ့ပါသည်။
“မေကြီးတို့ ဒုက္ခရောက်နေတာ သမီးသိပါတယ်။ ဒါပေမယ့် သမီးနဲ့ အဆက်အသွယ်ဖြတ်စရာတော့ မလိုဘူးမလား။ ခုနကလူကို ဒီတိုင်း လိမ်လိုက်လို့ ရတာပဲ။ ပြဿနာတွေ မေ့မေ့ပျောက်ပျောက်ဖြစ်သွားရင် သမီးကို ပြန်ခေါ်လို့ မရဘူးလား”
ဘေးမှာထိုင်သေနည့် ချိုးရွှမ်ကို ချူးယန်ရှီ နူးနူးညံ့ညံ့ တောင်းပန်လိုက်ပါသည်။
ချိုးရွှမ်က သွေးအေးစွာ ပြန်ပြောလိုက်လေသည်။ “နင်ပါးစပ်ပိတ်ထား။ ငါတော်တော် စိတ်ကုန်သွားပြီ! နင့်ကို မတွေ့ခင်က ငါ့ယောက်ျားနဲ့ငါ ဘာပြဿနာမှမရှိဘဲ သာသာယာယာ နေနိုင်ခဲ့တာ စီးပွားရေးတွေလည်း ဖြစ်ထွန်းလို့။ နင်နဲ့တွေ့တာ လဝက်တောင်မရှိသေးဘူး ငါတို့မိသားစု ပျက်စီးတော့မလိုတောင် ဖြစ်သွားတာလေ!”
ချူးယန်ရှီ၏ မျက်နှာ စာရွက်တမျှ ဖြူဖပ်သွားသည်။ မျက်လုံးထဲမှာလည်း အကြောက်တရားများဖြင့် ပြည့်နှက်သွားပါသည်။ ချိုးရွှမ်၏ လက်ကို ကိုင်ကာ ဆက်တောင်းပန်လိုက်သည်။ “ဒါပေမယ့် မေကြီး… သမီးမှာ မေကြီး တစ်ယောက်ပဲ ရှိတာလေ။ မေကြီး သမီးကို ထားခဲ့ရင် သမီး ဘာလုပ်ရမလဲ။ သမီး ရှင်သန်နိုင်မှာ မဟုတ်ဘူး…”
“နင်ရှိနေလည်း ငါတို့လင်မယား ရှင်သန်နိုင်မှာ မဟုတ်ဘူး!”။ ချိုးရွှမ်က သက်ညှာမှုမရှိဘဲ ချူးယန်ရှီ၏ လက်ကို ဆွဲခွာလိုက်ပါသည်။
တရားဥပဒေအရ ဒီအတိုင်း စွန့်ပစ်လိုက်လို့ မရတာကြောင့်သာ ဒီကားထဲမှာ ခေါ်လာရခြင်းဖြစ်သည်။
“မေကြီး! အဲ့လိုလုပ်လို့ မရဘူးလေ! သမီးအဖေ သေသွားပြီဆိုတော့ သမီးကို စောင့်ရှောက်ဖို့ မေကြီးမှာ တရားဥပဒေအရ တာဝန်ရှိတယ်!”။ အသနားခံတာ အလုပ်မဖြစ်မှန်း သိလိုက်ရသဖြင့် ချူးယန်ရှီ တရားဥပဒေနဲ့ ခြိမ်းခြောက်ဖို့ ကြိုးစားပါသည်။
“စိတ်မပူပါနဲ့ ငါနင့်အတွက် အိမ်တစ်လုံး စီစဉ်ပေးမယ်။ ပြီးရင် တစ်လကို ယွမ် ၂,၀၀၀ ထောက်ပံ့မယ်။ နင်ငတ်မသေပါဘူး!”။ ချိုးရွှမ် အားလုံး ဆုံးဖြတ်ထားပြီးသား ဖြစ်သည်။
“ယွမ် ၂,၀၀၀ ဟုတ်လား။ တစ်လကို ယွမ် ၂,၀၀၀ ပဲပေးပြီး စွန့်ပစ်လိုက်မယ်ပေါ့။ လူစိတ်မရှိဘူးလား!”။ ချူးယန်ရှီ ဒေါသတကြီး မေးလိုက်လေသည်။
… … …
အခန်း(၁,၀၁၃) ချူးယန်ရှီရဲ့ ကံကြမ္မာ
ချိုးရွှမ် အံ့ဩ မှင်သက်သွားပြီး ချူးယန်ရှီကို လှည့်ကြည့်လိုက်သည်။ သူမ ရင်ထဲမှာ တစ်ခုခု မူမမှန်သလို လေးလံသွားပါသည်။
“ဘယ်လိုစကား ပြောလိုက်တာလဲ။ နင်ငါ့သမီးကော ဟုတ်ရဲ့လား”
သူမကို စကားပြောနေသည့် ချူးယန်ရှီက အသက် ၄ နှစ်သာ ရှိသေးသော်လည်း စကားလုံးတွေ၊ လေသံတွေ၊ အမူအရာတွေက လူကြီးတစ်ယောက်လို ဖြစ်နေမှန်း ချိုးရွှမ် သတိထားမိသွားသည်။
ယခင်တုန်းက တွေ့ခဲ့ရသည့် ချိုမြိန်မှု၊ ချစ်စရာကောင်းမှု၊ နားလည်သိတတ်မှုတွေ မရှိတော့ပါ။
ချူးယန်ရှီလည်း တုန်လှုပ်သွားသည်။ သူမ ဒေါသအထွက်လွန်ပြီး ၄ နှစ်သမီးအဖြစ် ဟန်ဆောင်ဖို့ပင် မေ့သွားပါသည်။
ချိုးရွှမ်ရဲ့ မျက်လုံးထဲက အကြောက်တရားတွေ သံသယတွေကို မြင်ပြီး ချူးယန်ရှီ အလွန် ပျာယာခတ်သွားလေသည်။
သူမရဲ့ လျှို့ဝှက်ချက်ကို သူတို့သိသွားကြပြီလား…
ချူးဟမ့်ကို အမှန်အတိုင်း ပြောရဲခဲ့တာက ချူးဟမ့်နဲ့ သူမ အကျင့်စရိုက်ခြင်း တူညီတာကြောင့်သာ ဖြစ်သည်။ ချိုးရွှမ်ရဲ့ အကြောင်းကို သူမ သေချာ မသိသေးပေ။
ချူးယန်ရှီကို အချိန်အတော်ကြာအောင် စိုက်ကြည့်ပြီးနောက် ချိုးရွှမ် သက်ပြင်းချလိုက်ပါသည်။ “ထားလိုက်တော့။ နင့်အဖေက ပေါက်လွှတ်ပဲစား ကလေကချေပဲဥစ္စာ။ သူ့လိုကောင် ပျိုးထောင်ထားတဲ့ ကလေးက ဒီအသက်အရွယ်နဲ့ လိမ်တတ်ညာတတ် ရိုင်းစိုင်းတတ်နေတာ မထူးဆန်းပါဘူး”
ချိုးရွှမ် ပင်ပန်းလွန်းနေသဖြင့် ဘာကိုမှ ထပ်မစဉ်းစားချင်တော့ပေ။ ဒီနေ့ သူမ စိတ်ဒုက္ခရောက်ခဲ့ရတာနဲ့တင် လုံလောက်ပါပြီ။
ချိုးရွှမ် စကားပြောတာ ရပ်တန့်သွားသောအခါ ချူးယန်ရှီ ကြက်သီးမွေးညှင်းများ ထသွားခဲ့ပါသည်။
ချိုးရွှမ်ကို သူမ ထပ်ပြီး မခြိမ်းခြောက်ရဲတော့ပါ။ စကားတစ်ခွန်းနှစ်ခွန်းလောက် အမှားထပ်ပါတာနဲ့ သူမကို သုတေသန အဖွဲ့အစည်းများက ဖမ်းခေါ်သွားပြီး ထူးထူးဆန်းဆန်း သတ္တဝါတစ်ကောင်လို သုတေသန လုပ်ကြမှာကို ကြောက်ရွံ့နေပါသည်။
ဟွာချန့်မြို့တွင် ဝမ်ချင်းမင်နဲ့ ချိုးရွှမ်တို့ ယာယီနေထိုင်နေသော အိမ်သို့ ပြန်ရောက်လာကြသည်။
အိမ်ပြန်ရောက်တာနဲ့တစ်ပြိုင်နက် ချိုးရွှမ်က အိမ်စေတစ်ယောက်ကို ချက်ချင်း ခေါ်လိုက်ပါသည်။
ထို့နောက် ချူးယန်ရှီကို အိမ်စေလက်ထဲ ထည့်ပေးကာ ပြောလိုက်သည်။ “ဒီနေ့က စပြီး နင့်လစာ ၂ ဆ တိုးပြီ။ ဒါပေမယ့် နင့်အလုပ်တော့ ပြောင်းသွားမယ်။ ထျန်ဟိုင်းမြို့မှာ အိမ်တစ်လုံးငှားပြီး သူ့ကို စောင့်ရှောက်လိုက်”
ထျန်ဟိုင်းမြို့ဆိုတာ ချူးယန်ရှီရဲ့ မွေးရပ်မြေဖြစ်ပါသည်။
ချူးဟမ့် သေဆုံးသွားပြီးနောက် ကုမ္ပဏီလည်း ဒေဝါလီခံသွားခဲ့ရသည်။ မိသားစုပိုင် အိမ်တွေ အကုန်လုံးကိုလည်း လေလံတင် ရောင်းချခဲ့ကြသည်။ ယခု ထျန်ဟိုင်းမြို့မှာ ချူးမိသားစု ဘာမှ မပိုင်ဆိုင်တော့ပါ။
“သခင်မ အဲ့တာက…”။ အိမ်စေ မှင်သက်သွားလေသည်။
“ဘာမှ မမေးနဲ့။ နင့်လစာနဲ့ နေစရိတ်စားစရိတ်တွေကို ငါပုံမှန် ပို့ပေးမယ်။ သူ့တစ်နေတာ လိုအပ်ချက်တွေကိုပဲ ဖြည့်ဆည်းပေးဖို့ နင့်မှာတာဝန်ရှိတယ်။ ဘာမှ ပြန်မမေးနဲ့။ ပြီးတော့ ငါ့ကိုလည်း ဘာမှ အစီရင်ခံစရာ မလိုဘူး။ ငါသူ့ကို ထပ်မမြင်ချင်ဘူး”။ ချိုးရွှမ် ပြတ်ပြတ်သားသား ပြောလိုက်ပါသည်။
ထို့နောက် ချူးယန်ရှီနဲ့ အိမ်စေတို့ကို ထျန်ဟိုင်းမြို့သို့ ပို့ဖို့အတွက် ရထားလက်မှတ် ဝယ်ယူရန် ပြင်ဆင်လေသည်။ ချူးယန်ရှီကို သူမ တစ်ချက်တောင် ထပ်မကြည့်ချင်တော့ပါ။
ချူးယန်ရှီ လက်မလျှော့သေးဘဲ ချိုးရွှမ်နောက်သို့ ပြေးလိုက်ကာ လက်ကို ဆွဲလိုက်ပါသည်။ “မေကြီး! သမီးက မေကြီးရဲ့ သမီးအရင်းလေ! မနေ့ကပြောတော့ သမီးကို အရမ်းချစ်ပေးမယ်ဆို!!”
“ငါ့ဘဝကို လာမဖျက်ဆီးနဲ့! နင့်ကို မသေအောင် မွေးပေးမယ်လို့ပဲ ကတိပေးနိုင်တယ်! မဟုတ်ရင် ငါတို့အကုန် သေရလိမ့်မယ်!”
“မဟုတ်ဘူး… ဒီလို လုပ်လို့ မရဘူး! သမီး မသွားချင်ဘူး!”။ ချူးယန်ရှီ သွေးပျက်စွာ အော်ဟစ်နေလေသည်။
ဒီတစ်ခါတော့ ချူးယန်ရှီ အားကုန်ထုတ်သုံးပြီး ချိုးရွှမ်၏ လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပါသည်။ ချိုးရွှမ် ခါထုတ်ဖို့ ကြိုးစားသော်လည်း မရပေ။
ထို့ကြောင့် အိမ်စေကို ချိုးရွှမ် အမြန် အမိန့်ပေးလိုက်သည်။ “သူ့ကို မြန်မြန်လာခေါ်စမ်း!”
ထိတ်လန့်သွားသည့် အိမ်စေလည်း ချူးယန်ရှီကို လာဆွဲခေါ်လိုက်လေသည်။
ချိုးရွှမ်၏ လက်ပေါ်မှ ချူးယန်ရှီ၏ လက်ကို ဖယ်ရှားနိုင်ခဲ့သော်လည်း ချူးယန်ရှီက ချိုးရွှမ်၏ ဂါဝန်စကို ဆွဲထားပြန်ပါသည်။
ချိုးရွှမ် အလွန်ဒေါသထွက်သွားပြီး စားပွဲပေါ်မှ ကတ်ကြေးတစ်ချောင်းကို ယူလျက် သူမရဲ့ ဂါဝန်ကို ညှပ်ထုတ်ပစ်လိုက်လေသည်။
လက်ထဲပါလာသည့် ဂါဝန်အပြဲစတွေကို ကြည့်ရင်း ချူးယန်ရှီ မျက်နှာ အမှောင်ကျသွားလေတော့သည်။
သူမအမေအရင်းကတောင် သူမကို တကယ် မလိုချင်တော့ဘူးပဲ…
ဘာလို့ ဒီလိုတွေ ဖြစ်သွားခဲ့ရတာလဲ… အသူရာချောက်နက်ထဲက သူမ ပြန်တက်လာနိုင်ခဲ့တယ်လေ!
ဘာလို့ အခု အောက်ဆုံးကို ပြန်ရောက်သွားရတာလဲ။
ဒီလိုဖြစ်မယ်မှန်းသာ သိရင် ဟုံဖုန်းမူကြိုဆီ ပြန်မသွားခဲ့ပါဘူး!
ချင်းစူစူနဲ့ ချင်းမိသားစုတို့ကိုသာ သူမ မေ့ထားခဲ့ရင် ဒီကြမ္မာဆိုးကြီးတစ်ခုလုံးကို ရှောင်ရှားနိုင်ခဲ့မှာလား…
… … …
အခန်း(၁,၀၁၄) စူစူလေး ကျေးဇူးကြောင့်
ချင်းစူစူကို သူမ မုန်းတီးသော်လည်း ကလဲ့စားချေစရာ မလိုခဲ့ပါ။ ချင်းစူစူကို ကလဲ့စားချေဖို့အတွက် သူမ တစ်ဘဝလုံးကို ပေးဆပ်ခဲ့ရတာ မတန်ပါ။
နောင်တရလိုက်တာ… တကယ်နောင်တရတယ်!
“သမီးမှားပါတယ် သမီးမှားသွားပါတယ်!”။ ချူးယန်ရှီ ငိုယို အော်ဟစ်လိုက်လေသည်။ သူမ ဘယ်သူ့ကို တောင်းပန်နေမှန်းတောင် မသိတော့ပါ။
အရာရာကို အစက ပြန်စချင်သည်။ သူမကို သူမအမေ ချစ်ခဲ့တုန်းက အချိန်ကို ပြန်သွားချင်သည်။
သို့သော်လည်း ချိုးရွှမ်က ချူးယန်ရှီကို အရေးမစိုက်တော့ပါ။ သမီးဖြစ်သူကို ဆုံးရှုံးရမှာထက် သူမ ပိုင်ဆိုင်ထားသည့် အရာအားလုံးကို ဆုံးရှုံးရမှာ ပိုကြောက်ပါသည်။
အိမ်စေတွေက အကြောင်းစုံ မသိရသော်လည်း ချိုးရွှမ်၏ သဘောထားကို နားလည်ပါသည်။ ထို့ကြောင့် ချိုးရွှမ်၏ အမိန့်ကို သူတို့ လိုက်နာခဲ့ကြသည်။
ချိုးရွှမ်ကို စိတ်ပြောင်းလဲအောင် မလုပ်နိုင်ခဲ့သည့် ချူးယန်ရှီအား အိမ်စေက ရထားဘူတာသို့ ထွက်ခွာမည့် ကားထဲ အတင်းဆွဲခေါ်သွားခဲ့လေတော့သည်။
--- --- ---
ကျောင်းဆင်းသောအခါ စူစူလေးနဲ့ စူယွီယွမ်တို့ ချင်းအိမ်တော်သို့ ပြန်လာခဲ့ကြသည်။ ဟဲပေမူနဲ့ ချင်းယွင်ကျစ် ချန်ထားခဲ့သော လူ ၃ ယောက်က လိုက်ပို့ပေးခြင်း ဖြစ်ပါသည်။
ဧည့်ခန်းထဲတွင် အဘွားချင်းက အရင်ကလို စာရွက်စာတမ်းတွေနဲ့ အလုပ်ရှုပ်မနေဘဲ ဒီနေ့တော့ လက်ဘက်ရည် အေးအေးဆေးဆေး ထိုင်သောက်နေလေသည်။
“မေမေ ဒီနေ့ အလုပ်လုပ်စရာ မရှိဘူးလား”။ စူစူလေး မေးလိုက်ပါသည်။
“မရှိဘူး။ သမီးရဲ့ ယောက်မ… အဲလေ ယွမ်ယွမ်ရဲ့ မေမေကို အကုန်လုပ်ခိုင်းထားတယ်”
“ယွမ်ယွမ်ရဲ့ မေမေက တော်လိုက်တာ!”။ စူစူလေး ချီးကျူးလိုက်ပါသည်။
ယွမ်ယွမ်ရဲ့ ဖေဖေကလည်း ဒီနေ့ အလွန်တော်ခဲ့သည်။ ထို့ကြောင့် အစ်ကိုငယ်နဲ့ ယောက်မတို့ကို စူစူလေး တကယ် သဘောကျပါသည်။
“သာမန်ပါပဲ”။ အဘွားချင်း ပြန်ပြောလိုက်လေသည်။
ယောက္ခမဖြစ်သူနဲ့ ယောက်မလေးတို့ စကားပြောနေကြတာကို အပေါ်ထပ်မှ ဆင်းလာသည့် ယန်းမင်အာ ကြားသွားကာ အပြုံးဖြင့် ဝင်ပြောလိုက်ပါသည်။ “အမေတို့နဲ့ ယှဉ်လိုက်ရင် သမီးက ဘာမှ မဟုတ်ပါဘူး။ သမီးကို သာမန်ပါပဲလို့ ပြောတာတောင် ချီးကျူးရာကျနေပြီ!”
“အွန်း ဟုတ်တယ်။ မေမေက အရမ်းတော်တာ!”။ စူစူလေးလည်း ထောက်ခံလိုက်ပါသည်။
ယောက်မတွေးတာက သူမတွေးတာနဲ့ တူညီသည်။
သားဖြစ်သူကို ကျော်သွားပြီး စူစူလေးအား ယန်းမင်အာ ပွေ့ချီလိုက်ပါသည်။ “စူစူလေး ဒီနေ့ မူကြိုမှာ ယောက်မရဲ့သား လိမ်လိမ်မာမာ နေရဲ့လား”
“လိမ္မာပါတယ်!”။ စူစူလေး ပြောလိုက်သည်။
“အဲ့တာ စူစူလေး ကျေးဇူးကြောင့် ဖြစ်မှာပေါ့” ယန်းမင်အာ ချီးကျူးလိုက်လေသည်။
“ဒါပေမယ့် ယွမ်ယွမ်လေးကို ကလေးဆိုးတစ်ယောက်က ချော်လဲသွားအောင် လုပ်လိုက်တယ်”။ စူစူလေး ပြောလိုက်သည်။
“အင်း ဘာမှ မဖြစ်ပါဘူး။ ယွမ်ယွမ်က ယောက်ျားလေးပဲဥစ္စာ။ အရေထူပြီးသား။ ဘာမှ မဖြစ်ဘူး”။ ယန်းမင်အာ ဂရုမစိုက်ဘဲ ပြောလိုက်သည်။
အရေထူတယ်ဆိုတာ ဘာမှန်းနားမလည်သော စူယွီယွမ်လည်း သူ့အမေပြောတာမှန်သမျှကို ခေါင်းလိုက်ညိတ်လိုက်ပါသည်။
ဘေးမှ အဘွားချင်း ဆွံ့အသွားသည်။ သူမမြေးလေးရဲ့ ဝဝတုတ်တုတ် ဖြူဖြူဖွေးဖွေး မျက်နှာလေးကို အရေထူတယ်လို့ ပြောရက်တယ်လား။
“အွန်း ယွမ်ယွမ်လေး ဘာမှမဖြစ်ဘူးဆိုရင်တောင် အဲ့ကလေးဆိုးကို အပြစ်ပေးမှဖြစ်မယ်!”။ စူစူလေး ပြတ်သားစွာ ပြောလိုက်သည်။
တခြားကိစ္စတွေကို သူမ ခွင့်လွှတ်ပေးနိုင်သော်လည်း သူများကို တမင်သက်သက် ချော်လဲအောင် လုပ်တာက ကလေးဆိုး တစ်ယောက်ရဲ့ လုပ်ရပ်ဖြစ်သဖြင့် ကျိန်းသေပေါက် အပြစ်ပေးရမည်။
“ဟုတ်တာပေါ့ ဟုတ်တာပေါ့”။ ယန်းမင်အာလည်း ခေါင်းတညိတ်ညိတ်နဲ့ ထောက်ခံလိုက်ပါသည်။ ထို့နောက် သူမသားကို ငုံ့ကြည့်ကာ မေးလိုက်သည်။ “ယွမ်ယွမ်လေး ဒီနေ့ ဒေါ်လေးကို ကျေးဇူးတင်စကား ပြောပြီးပြီလား”
စူယွီယွမ်လေး ၂ စက္ကန့်လောက် အူတူတူဖြစ်သွားပြီး ခေါင်းခါလိုက်ပါသည်။
“ဒါဆို ဒေါ်လေးစူစူကို ကျေးဇူးတင်လိုက်ဦးလေ။ ယွမ်ယွမ်လေးကို ကူညီပေးတဲ့အတွက်နဲ့ ကလေးဆိုးကို ဆုံးမပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်လို့ ပြောလိုက်”။ ယန်းမင်အာ သင်ပေးလိုက်သည်။
စူယွီယွမ်လေး ၂ စက္ကန့်လောက် ထပ်စဉ်းစားလိုက်ပြီး ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ် ဒေါ်လေး”
စူယွယွမ်လေးရဲ့ တုန့်ပြန်မှုက လူတိုင်းထက် ၂ စက္ကန့်လောက် နောက်ကျပါသည်။
ခပ်လှမ်းလှမ်းမှာ ထိုင်နေသည့် ဝမ်ချင်း မျက်နှာ တစ်မျိုးဖြစ်သွားသည်။ စူစူလေးကို မျက်နှာလို မျက်နှာရလုပ်ဖို့ ယန်းမင်အာ ကြိုးစားနေသည့် နည်းလမ်းကို သူမ သဘောမကျပါ။ သို့သော် ဘာမှ ဝင်မပြောခဲ့ပေ။
… … …
အခန်း(၁,၀၁၅) စူစူလေးက တကယ့် နတ်သမီးလေးပဲ
စူစူလေးနဲ့ စကားပြောပြီးနောက် ယန်းမင်အာ ခေါင်းမော့ကြည့်လိုက်ရာ သူမကို ထူးထူးဆန်းဆန်း အကြည့်နဲ့ ကြည့်နေသော ဝမ်ချင်းကို မြင်သွားပါသည်။
ယန်းမင်အာ၏ အပြုံးက ပိုမို ကြော့ရှင်းသွားလေသည်။
ထို့နောက် အဘွားချင်းကို ယန်းမင်အာ လှည့်ပြောလိုက်သည်။ “အမေ သမီးဒီနေ့ ဒါတွေ အပြီးသတ်နိုင်ခဲ့တယ်။ စစ်ကြည့်ပါဦး”။
စာရွက်စာတမ်းတချို့ကို အဘွားချင်းထံ တင်ပြလိုက်ပါသည်။
ယန်းမင်အာက တစ်နေကုန် ချင်းအိမ်တော်မှာ ရောက်နေခဲ့တာ ဖြစ်သည်။ ဟိုပြေးလိုက် ဒီပြေးလိုက်နဲ့ အလွန် အလုပ်များနေခဲ့သည်။ အိမ်အပြင် မထွက်ရသော်လည်း အိမ်ထဲမှာပင် အိမ်ခြံမြေ နယ်ပယ်အတွင်းက စီအီးအို များစွာနဲ့ အစည်းအဝေးထိုင်ကာ အလုပ်ကိစ္စ ဆွေးနွေးခဲ့ရပါသည်။
နည်းနည်းလေးတောင် မနားဘဲ တစ်နေကုန် အလုပ်လုပ်ခဲ့သဖြင့် အလုပ်တွေလည်း အတော်ပြီးမြောက်ပါသည်။
အဘွားချင်းက ယန်းမင်အာ၏ သပ်သပ်ရပ်ရပ်ရှိလှသော အစီရင်ခံစာတွေကို ကြည့်ရင်း ကျေနပ်သွားပါသည်။
ယန်းမင်အာ၏ အစွမ်းအစကို သဘောကျသော်လည်း အဘွားချင်း စိတ်ဆိုးမပြေသေးသဖြင့် ရုပ်တည်တည်သာ ထားပြီး ဂရုမစိုက်သလို နေလိုက်သည်။
“မဆိုးပါဘူး”။ အဘွားချင်း ပြန်ပြောလိုက်သည်။
“အင်း အဲ့တာဆို မနက်ဖြန် ဒီ့ထက် ပိုကြိုးစားပေးမယ်နော်”။ ယန်းမင်အာ အပြုံးဖြင့် ပြောလိုက်သည်။ ယောက္ခမဖြစ်သူ သူမကို အသိအမှတ်ပြုမှန်း ယန်းမင်အာ သိပါသည်။ သို့သော် စိတ်ဆိုးမပြေသေးသဖြင့် ဒီ့ထက် ပိုကြိုးစားပြရမည်။
“ဟင်း”။ အဘွားချင်းက ဂရုမစိုက်ချင်ယောင် ဆောင်လိုက်လေသည်။
ဝမ်ချင်း နှုတ်ခမ်းများ စည်းတင်းသွား၏။ ယန်းမင်အာ တမင်သက်သက် ရန်စနေတာဖြစ်မှန်း သိသော်လည်း သူမ ဘာမှ မတတ်နိုင်ပေ။
အရင်တုန်းက ကုမ္ပဏီကိစ္စတွေကို ဝမ်ချင်း ကူညီနိုင်ခဲ့သည်။ သို့သော် ယခု နာမကျန်းဖြစ်တာကြောင့်ကော၊ ကိုယ်ဝန်ဆောင်ထားရတာကြောင့်ကော ဘာမှ မလုပ်နိုင်ဘဲ ဒီတိုင်း ထိုင်နေရပါသည်။ ထို့ကြောင့် ယန်းမင်အာက အဖေနဲ့ အမေတို့ရှေ့မှာ မျက်နှာလိုမျက်နှာရ လုပ်နေနိုင်တာ ဖြစ်သည်။
ဒီလို ဘာမှ မလုပ်နိုင်သည့် ခံစားချက်ကြီးက သူမကို စိတ်ရှုပ်ထွေးစေပါသည်။
စူစူလေးက တတိယယောက်မနဲ့ သူမမေမေတို့ကို တလှည့်စီ ကြည့်နေပါသည်။
“မေမေ ဒီနေ့ည သမီးကို ရုပ်ပြစာအုပ် ဖတ်ပြပါလား။ သမီးကို ဖတ်မပြတာ တော်တော်ကြာနေပြီ”
အဘွားချင်းရင်ထဲ လေးလံသွားသည်။ ခုတလော သူမ အလွန်အလုပ်များနေခဲ့သဖြင့် သမီးလေးကို ရုပ်ပြစာအုပ်် ဖတ်မပြရတာတောင် အတော်ကြာနေပါပြီ။
“ဟုတ်ပြီ ဟုတ်ပြီ မေမေ ဖတ်ပြမယ်နော်”။ အဘွားချင်း ချက်ချင်း သဘောတူလိုက်သည်။
“အာ့ဆို ယွမ်ယွမ်လေးလည်း အတူတူ နားထောင်လို့ရလား”။ စူယွီယွမ်လေးရဲ့ လက်ကို ဆွဲကာ စူစူလေး မေးလိုက်သည်။
ပျော်စရာကောင်းတာ လုပ်ဖို့ဆို သူမတူလေး ယွမ်ယွမ်ကို စူစူလေး မေ့မှာ မဟုတ်ပါ။
အဘွားချင်းက မြေးဖြစ်သူရဲ့ အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းသော မျက်နှာလေးကို ကြည့်ရင်း တွန့်ဆုတ်သွားသည်။
သူမရဲ့ မြေးလေးကို ရုပ်ပြစာအုပ်ဖတ်ရတာ ကိစ္စမရှိပါ။ သို့သော်လည်း…
“သမီးလေး ယွမ်ယွမ်လေးကို သူ့ဖေဖေနဲ့ မေမေတို့ ဖတ်ပြလို့ရတယ်လေ”။ အဘွားချင်း ရှင်းပြလိုက်သည်။
“ဒါမယ့် ယွမ်ယွမ်လေးရဲ့ မေမေက အလုပ်များနေတယ်လေ။ ရုပ်ပြစာအုပ် ဖတ်ပြဖို့ အချိန်မှ မရှိတာ”။ စူစူလေး ပြန်ပြောလိုက်သည်။
“ဒါပေမယ့် ယွမ်ယွမ်လေးက ညဘက်ကျရင် အိမ်ပြန်ရဦးမယ်လေ”။
အဘွားတစ်ယောက်အနေနဲ့ သူမမြေးလေးကို ခေါ်ထားချင်သော်လည်း ဒီအသက်အရွယ် ကလေးတစ်ယောက်က မိဘတွေနဲ့ အတူရှိသင့်ပါသည်။
“ရပါတယ် ရပါတယ်။ ယွမ်ယွမ်လေး ဒီနေ့ည ဒီမှာ အိပ်လို့ရတယ်”။ ယန်းမင်အာ အမြန်ပြောလိုက်သည်။
“ယွမ်ယွမ်လေးကို နင်တို့ ပြန်ခေါ်မသွားဘူးလား။ ဒီအရွယ် ကလေးတွေကို အဖေအမေတွေနဲ့ မခွဲသင့်ဘူးနော်။ ဒါပေမယ့် နင်တို့က ကလေးမထိန်းချင်လို့ ဆိုရင်တော့ ငါတို့ဆီ ထားခဲ့လို့ရတယ်”
“မဟုတ်ပါဘူး မထိန်းချင်လို့ မဟုတ်ပါဘူး။။ အမေ ဆုံးမထားတာတောင် သမီး မှတ်မိသေးတယ်။ ကလေးတွေ ကျောင်းမထားခင် မိဘတွေကိုယ်တိုင်က အိမ်မှာ အရင် ဆုံးမသင်ကြားပေးသင့်တယ်တဲ့။ သားသမီးတိုင်းက ကောင်းကင်ဘုံက ပေးတဲ့ ဆုလာဘ်တွေမို့ တန်ဖိုးထားရမယ်တဲ့”။ ယန်းမင်အာ အမြန်ရှင်းပြလိုက်ပါသည်။
စူစူလေးက ဖြေရှင်းချက်တစ်ခုကို ချက်ချင်း စဉ်းစားလိုက်ပါသည်။ “ဒါဆို အားလုံး ဒီမှာပဲ အိပ်ကြလေ! ယွမ်ယွမ်လေးနဲ့ သမီးနဲ့က ပုံပြင်အတူတူ နားထောင်ကြမယ်။ ပြီးရင် ယွမ်ယွမ်လေးက သူ့ဖေဖေ မေမေတို့နဲ့ အတူအိပ်ပေါ့!”
ယန်းမင်အာ ရင်ထဲမှ အောင်ပွဲခံလိုက်လေသည်။ ဒီလောက်ချစ်ဖို့ကောင်းပြီး သိတတ်တဲ့ ကလေးလေး ကမ္ဘာပေါ်မှာ ရှိပါဦးမလား!!
စူစူလေးက တကယ့်နတ်သမီးလေးပဲ!!
ထို့နောက် အဘွားချင်းကို ယန်းမင်အာ မျှော်လင့်တကြီး ကြည့်လိုက်သည်။
… … …