အခန်း (၁၀၁၆-၁၀၂၀)
Vol. 41 Ch. 1016-1020
အခန်း(၁,၀၁၆) အစ်ကိုငယ်နဲ့ ယောက်မတို့ကို လာဘ်ထိုးခြင်း
“မဖြစ်ပါဘူး။ ပုံပြင်နားထောင်ပြီးရင် မိဘတွေက အိမ်ပြန်ခေါ်သွားတာပဲ ကောင်းတယ်။ အိမ်ကလည်း နီးနီးလေးပဲကို”။ အဘွားချင်း ပြောလိုက်ပါသည်။
တစ်ရက်တည်းနဲ့ လက်နက်ချရမည့် အခြေအနေကို သူမ ပိတ်ပင်လိုက်ပါသည်။
ဒီလူဆိုးနှစ်ယောက်ကို အနည်းဆုံး ၁ လလောက် ခွင့်မလွှတ်ဘဲထားမည်ဟု အဘိုးကြီးနဲ့ သူမနဲ့ သဘောတူညီချက် ယူထားကြသည်။
အခုမှ ၂ ရက်သာ ရှိသေးသော်လည်း အိမ်ထဲတောင် ပြန်ဝင်ခွင့်ရနေကြပါပြီ။ ညပါ အိပ်ခွင့်ပေးလိုက်ပါက လက်နက်ချရတော့မှာ သေချာသည်။
အဘွားချင်းက ယန်းမင်အာကို မျက်စောင်းပင် ထိုးလိုက်ပါသည်။
တော်ရုံပဲကောင်းတယ်နော်! စိတ်ပြောင်းအောင် လာမလုပ်နဲ့!
ယန်းမင်အာ အမြန်ပြုံးပြလိုက်သည်။ သူမ စိတ်ပျက်သွားသော်လည်း အားတော့မလျော့ပါ။ ဒီကိစ္စကို လောစရာ မလိုပေ။ ယောက္ခမဖြစ်သူကို ဖြည်းဖြည်းချင်း ပြန်ချော့လို့ ရပါသည်။
“အင်းပါ အင်းပါ။ အဲ့တာဆို ယွမ်ယွမ်လေး ပုံပြင် နားထောင်ပြီးရင် သမီးတို့ အိမ်ပြန်ခေါ်သွားလိုက်မယ်နော်။ သမီးနဲ့ ယွင်ကျစ်တို့လည်း ဒီနေ့ည အလုပ်ဆက်လုပ်ကြဦးမလို့လေ”။ ယန်းမင်အာ ပြောလိုက်သည်။
“ဟင်း”။ အဘွားချင်းက ဂရုမစိုက်ချင်ယောင် ဆောင်နေသော်လည်း စိတ်ထဲမှ သဘောတူလိုက်ပါသည်။
--- --- ---
ညစာစားပြီးနောက် ချင်းအိမ်တော်ရှိ အစည်းအဝေးခန်းထဲမှာ ချင်းယွင်ကျစ်နဲ့ ယန်းမင်အာတို့ အလုပ်များနေကြသည်။
လင်မယားနှစ်ယောက် အလုပ်လုပ်မည်ဆိုတာ စကားအဖြစ် ပြောခြင်းမဟုတ်ဘဲ တကယ် အလုပ်လုပ်နေကြတာ ဖြစ်သည်။
ထိုစဉ် အစည်းအဝေးခန်း တံခါးခေါက်သံ ထွက်ပေါ်လာသဖြင့် ချင်းယွင်ကျစ် ပြောလိုက်သည်။ “ဝင်ခဲ့”
ထို့နောက် တံခါးကိုဖွင့်ဖို့ အပြင်ကလူ ခက်ခက်ခဲခဲ ကြိုးစားနေရတာကို သတိထားမိသွားသည်။ စက္ကန့်ပိုင်းလောက် ကြာမှ တံခါးပွင့်သွားခဲ့ပါသည်။
လင်မယားနှစ်ယောက်စလုံး တံခါးဆီ လှမ်းကြည့်လိုက်ရာ လင်ဗန်းလေးတစ်ခုကိုင်လျက် ဂရုတစိုက် ဝင်လာသော စူစူလေးအား မြင်လိုက်ရပါသည်။
လင်ဗန်းထဲမှာ ချစ်စရာကောင်းသည့် ကာတွန်းပုံ၊ တိရိစ္ဆာန်ပုံ ကိတ်မုန့်လေးများ ထည့်ထားသည်။
မီးဖိုဆောင်က စူစူလေးအတွက် ပြင်ဆင်ပေးထားသော မုန့်များဖြစ်မှန်း သိသာပါသည်။
ကလေးမလေးကလည်း သူမကိုင်ထားသည့် မုန့်တွေလိုပဲ ချစ်စရာကောင်းလွန်းသဖြင့် ယန်းမင်အာ နှလုံးသားတွေ အရည်ပျော်မတတ်ဖြစ်သွားခဲ့သည်။
စူစူလေးဆီက လင်ဗန်းကို သွားကူသယ်ပေးရမလား ယန်းမင်အာ စဉ်းစားရခက်နေပါသည်။ စူစူလေးက ဒီမုန့်တွေကို သူမတို့အဖို့ ယူလာပေးတာ မဟုတ်ပါက မုန့်တွေလုစားဖို့ကြိုးစားနေသည်ဟု စူစူလေး ထင်သွားလိမ့်မည်။
“ယွမ်ယွမ်လေးရဲ့ ဖေဖေနဲ့ မေမေ စားပါဦး”။ စူစူလေး ပြောလိုက်သည်။
“စူစူလေး ယောက်မတို့အတွက် ယူလာပေးတာလား”။ ယန်းမင်အာ အပျော်လွန်သွားလေသည်။
“အွန်း!”။ စူစူလေး ခေါင်းငြိမ့်လျက် အတည်ပြုလိုက်ပါသည်။
“စူစူလေးက အရမ်းလိမ္မာတာပဲ!”
ယန်းမင်အာ ကြည်နူးသွားပါသည်။ သမီးမိန်းကလေးတွေက သားယောက်ျားလေးတွေထက် တကယ် ပိုချိုမြိန်သည်။
သူမရဲ့ သား ၃ ယောက်စလုံး ဒီလို ကြည်နူးစရာလုပ်ရပ်မျိုး တစ်ခါမှ လုပ်မပြဖူးပါ။
ချင်းယွင်ကျစ်ကတော့ ဘာမှ မပြောပေ။ သို့သော် ဗန်းထဲက ကိတ်မုန့်လေးကိုတော့ ရတနာတစ်ခုလို နူးနူးညံ့ညံ့ ကိုင်တွယ်ခဲ့ပါသည်။
စူစူလေးက တိုက်တွန်းလိုက်သည်။ “မြန်မြန်စားလေ”
“အင်းပါ အင်းပါ ဟုတ်ပါပြီ”။ ယန်းမင်အာလည်း ကိတ်မုန့်လေးတစ်တုံး ယူလိုက်ပြီး ပါးစပ်ထဲ ထည့်လိုက်ပါသည်။
ကိတ်မုန့်လေးက အလွန်ချိုပါသည်။ သူမ အချိုသိပ်မကြိုက်သော်လည်း ယောက်မလေး ပေးတာ ဖြစ်သဖြင့် အလွန် အရသာရှိနေပါသည်။
နှစ်ယောက်စလုံး ကိတ်မုန့်စားပြီးတာကို မြင်သောအခါ စူစူလေး ပြောလိုက်လေသည်။ “သမီးမုန့်တွေ စားလိုက်ပြီ ဆိုတော့ သမီးကို ကူညီရမယ်!”
“အဟွတ် အဟွတ် အဟွတ်!”။ ယန်းမင်အာ ကိတ်မုန့်နင်သွားလေသည်။
အပေးအယူလုပ်ဖို့ ကိတ်မုန့်လာကျွေးတာလား…
ချင်းယွင်ကျစ်လည်း စားနေတာ ရပ်လိုက်ပြီး စူစူလေးကို ကြည့်လိုက်သည်။
စူစူလေးက ချင်းယွင်ကျစ်တို့ လင်မယားကို မျက်လုံးပြူးပြူးလေးများဖြင့် ကြည့်နေပါသည်။
ယန်းမင်အာ ရယ်ရခက် ငိုရခက် ဖြစ်သွားသည်။ ကိတ်မုန့်ကို ပြီးအောင် စားလိုက်ပြီး ရေတစ်ခွက် သောက်လိုက်ပါသည်။
ထို့နောက် စူစူလေးကို သူမ မေးလိုက်၏။ “စူစူလေးက ဘာလိုချင်လို့လဲ။ ပွင့်ပွင့်လင်းလင်းသာ ပြော။ အစ်ကိုငယ်နဲ့ ယောက်မတို့က အစွမ်းကုန် ကူညီပေးမှာ!”
… … ….
အခန်း(၁,၀၁၇) စူစူလေးရဲ့ တောင်းဆိုမှု
“ပေကျင်းမြို့ဆီ သွားပြီး သမီးကို မဆက်သွယ်တော့တဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်။ သူ့အကြောင်း သိချင်လို့”။ စူစူလေး တီးတိုး ရှင်းပြလိုက်ပါသည်။
အရင်တစ်ခေါက်က မခေါ်တော့ဖို့ ဆုံးဖြတ်ထားသော်လည်း ဘာတွေဖြစ်နေသလဲ သူမ သိချင်ပါသည်။
“အဲ့တာဆို… စူစူလေးရဲ့ ဖေဖေနဲ့ မေမေတို့ကို မမေးကြည့်ဘူးလား”။ ယန်းမင်အာ မေးလိုက်လေသည်။
စူစူလေး ခေါင်းခါလိုက်သည်။ “သမီး ဝမ်းနည်းနေတာကို ဖေဖေနဲ့ မေမေတို့ သိသွားလို့ မဖြစ်ဘူး။ သူတို့ စိတ်ပူသွားကြလိမ့်မယ်။ သမီးက လူကြီးဖြစ်နေပြီ။ ဖေဖေနဲ့ မေမေတို့ကို စိတ်ပူအောင် လုပ်လို့ မဖြစ်ဘူး”
စူစူလေးရဲ့ လိမ္မာပါးနပ်မှုကို မြင်ပြီး ယန်းမင်အာ ပွေ့ဖက်လိုက်ပါသည်။ “စူစူလေးက လိမ္မာလိုက်တာ။ အရမ်း တော်တာပဲ”
“စိတ်မပူနဲ့။ စူစူလေးသိချင်တာကို အစ်ကိုငယ် သေချာစုံစမ်းပေးမယ်။ မနက်ဖြန်ကျရင် အဖြေသိရမယ်”။ ချင်းယွင်ကျစ် ကတိပေးလိုက်လေသည်။
“အွန်း! ကျေးဇူးတင်ပါတယ် ယွမ်ယွမ်ရဲ့ ဖေဖေ!”။ စူစူလေး ပျော်ရွှင်သွားပြီး ချင်းယွင်ကျစ်ဆီ လျှောက်လာကာ ခြေထောက်ကို ဖက်လိုက်ပါသည်။
ချင်းယွင်ကျစ်က စူစူလေးကို ပွေ့ချီဖို့ ကြိုးစားလိုက်သော်လည်း စူစူလေးက ရှောင်လိုက်လေသည်။ ထို့နောက် စူစူလေး အခန်းပြင်သို့ ပျော်ပျော်ရွှင်ရွှင် ပြေးထွက်သွားလေတော့သည်။
ယန်းမင်အာက ရယ်မောလိုက်ပြီး ချင်းယွင်ကျစ်ကို ပြောလိုက်ပါသည်။ “ယောက်ျား ရှင်ဒီလို ရှက်သွားတာကို မမြင်ရတာတောင် ကြာပြီပဲ”
“ဘာမှ ရှက်စရာမရှိဘူး”။ ချင်းယွင်ကျစ် မျက်နှာလွှဲလိုက်ပါသည်။
“ရှင် စူစူလေးကို ဖက်နမ်းချင်နေတာ မဟုတ်ဘူးလား”။ ယန်းမင်အာ ကျီစယ်လျက် မေးလိုက်သည်။
“လျှောက်ပြောမနေနဲ့”။ ချင်းယွင်ကျစ်က ငြင်းဆန်နေဆဲဖြစ်သည်။
သူ့ရဲ့ အေးတိအေးစက် စကားလုံးတွေက တခြားသူတွေပေါ်မှာသာ သက်ရောက်မှုရှိနိုင်သော်လည်း ယန်းမင်အာ အပေါ်မှာတော့ သက်ရောက်မှု မရှိပါ။
ယန်းမင်အာ မတ်တပ်ရပ်လိုက်ပြီး ချင်းယွင်ကျစ်ဆီ လျှောက်သွားကာ သူ့ပေါင်ပေါ် ထိုင်လိုက်ပါသည်။ ထို့နောက် သူ့လည်ပင်းကို သိုင်းဖက်လျက် ပြောလိုက်သည်။ “ရှင့်ညီမလေးကို ဖက်လို့ မရလည်း ကျွန်မကို ဖက်လို့ရပါတယ်”
ချင်းယွင်ကျစ် မျက်မှောင်ကြုတ်သွားပါသည်။
ထို့နောက် ချက်ချင်းဆိုသလို ယန်းမင်အာကို ပွေ့ချီလိုက်ပြီး အစည်းအဝေးစားပွဲပေါ်တင်ကာ နမ်းရှိုက်လိုက်လေသည်။
ယန်းမင်အာ ပထမတော့ မျက်လုံးပြူးကာ အံ့အားသင့်သွားသည်။ နောက်တော့ ပြုံးလိုက်ပြီး မျက်လုံးတွေကို မှိတ်ထားလိုက်ပါသည်။
“ယွမ်ယွမ်လေးရဲ့ ဖေဖေနဲ့ မေမေ ဘာလုပ်နေကြတာလဲ”
စူစူလေး အခန်းထဲ ပြန်ဝင်လာပါသည်။ အစ်ကိုငယ်က သူမယောက်မကို စားပွဲပေါ်မှာ ဖိထားပြီး ကြမ်းကြမ်းကြုတ်ကြုတ် ကိုက်စားနေသည်။
ဒီလို မြင်ကွင်းမျိုးကို စူစူလေး မြင်ဖူးပါသည်။ အမဲလိုက်သားရဲတွေ သားကောင်ဖမ်းမိသောအခါ ဒီလို ကိုက်စားတတ်ပါသည်။
ဒါပေမယ့် အစ်ကိုငယ်နဲ့ ယောက်မတို့က လူသားတွေ မဟုတ်ဘူးလား။ ယောက်မကို အစ်ကိုငယ်က ဘာလို့ ကိုက်စားနေတာလဲ။
ချင်းယွင်ကျစ်နဲ့ ယန်းမင်အာတို့ အမြန်ခွာလိုက်ကြသည်။ ချင်းယွင်ကျစ်က စူစူလေးကို ရှင်းပြဖို့ ကြိုးစားလိုက်သော်လည်း စူစူလေးက ပြန်လှည့်ပြေးသွားပါပြီ။
“မေမေရေ! မေမေ! ယွမ်ယွမ်လေးရဲ့ဖေဖေ လူသားစားနေတယ်!”
စူစူလေး လက်ဘက်ရည်ခန်းထဲထိရောက်အောင် ပြေးသွားခဲ့သည်။
စူစူလေးကို မြင်တော့ အဘွားချင်း မှင်သက်သွားပါသည်။ “ဘာဖြစ်လို့လဲ သမီးလေး။ လူသားစားတယ် ဟုတ်လား”
ယွင်ကျစ်က အနည်းငယ် ဆိုးသွမ်းသော်လည်း လူသားစားတာတဲ့အထိတော့ မဟုတ်လောက်ဘူး မလား။
“ယွမ်ယွမ်လေးရဲ့ဖေဖေ သူများကို ကိုက်စားနေတာ မြင်ခဲ့တယ်… ဘယ်လိုကြီးလဲဆိုတော့…”
စူစူလေး ဘယ်လိုရှင်းပြရမလဲ စဉ်းစားလိုက်သည်။ ထို့နောက် ဘေးနားမှာ ရှိနေသည့် စူယွီယွမ်လေးကို ဆွဲခေါ်လိုက်ပြီး ကော်ဖီစားပွဲပေါ်တင်လိုက်ပါသည်။
ထို့နောက် စူယွီယွမ်လေးကို အပေါ်မှ ဖိကာ ခုနက မြင်ခဲ့ရသည့်အတိုင်း အသေးစိတ် လုပ်ပြလိုက်သည်။
“ဒီလိုမျိုးကြီး! ပြီးတော့ ယွမ်ယွမ်လေးရဲ့ ဖေဖေက ယွမ်ယွမ်လေးရဲ့ မေမေ ပါးစပ်ကို ကိုက်စားနေတာ”
စူစူလေး ဒါကိုတော့ သရုပ်မပြခဲ့ပါ။ သူမ လူသား မစားချင်ပေ။
… … …
အခန်း(၁,၀၁၈) အသက်ကြီးမှ လုပ်လို့ရမယ်
ကော်ဖီစားပွဲပေါ် အလှဲခံထားရသည့် စူယွီယွမ်လေးက မျက်တောင်တဖျပ်ဖျပ်ခတ်ကာ ဘာမှနားမလည်ဘဲ အူတူတူ ဖြစ်နေပါသည်။
သို့သော် လက်ဘက်ရည်ခန်းထဲက လူကြီးတွေ အားလုံးကတော့ မျက်လုံးပြူးကုန်ကြပါပြီ.
ဒါ… ဒါ…
“စူစူလေး!”။ စူစူလေးထံ ချင်းယုကျီး ပြေးလာပြီး ပုခုံးများကို ဆုပ်ကိုင်လိုက်ပါသည်။
“ဟင်”
“မြင်ခဲ့တာတွေ အကုန် မေ့ပစ်လိုက်! မေ့ပစ်လိုက်တော့! လုံးဝ မေ့ပစ်လိုက်နော်!”။ ချင်းယုကျီးက စူစူလေးကို အိပ်မွေ့ချနေသလိုမျိုး ထပ်ခါထပ်ခါ ပြောလိုက်ပါသည်။
“ဟမ်”။ စူစူလေး နားမလည်နိုင်သဖြင့် ခေါင်းလေးစောင်းကာ ကြည့်လိုက်ပါသည်။
“တူလေးယုကျီး ဘာဖြစ်နေတာလဲ ယွမ်ယွမ်လေးရဲ့ဖေဖေ လူသားစားတာကို ပြောလို့မရဘူးလား”။ စူစူလေး မေးလိုက်သည်။
ဟုတ်တယ် လူသားစားတယ်ဆိုတာ မကောင်းဘူး၊
သူမ နတ်သားရဲဘဝတုန်းကလည်း လူသားမစားရဘူးလို့ နတ်ယုတ်မာကြီးက သင်ပေးထားတယ်
ယွမ်ယွမ်လေးရဲ့ ဖေဖေက လူသားမို့လို့ ပိုလို့တောင် မလုပ်သင့်သေးတယ်
“အဲ့လို မဟုတ်ဘူး။ ယွမ်ယွမ်လေးရဲ့ ဖေဖေက လူသားစားနေတာ မဟုတ်ဘူး။ ကလေးတွေ မြင်လို့မရတာ တစ်ခုခု လုပ်နေတာ။ စူစူလေး သွားကြည့်ရင် မျက်စိစွန်သွားမယ်နော်!”။ ချင်းယုကျီး ရှင်းပြလိုက်သည်။
“အဲ့တာဆို ယွမ်ယွမ်လေးရဲ့ ဖေဖေက မကောင်းတာတွေ လုပ်နေတာလား”။ စူစူလေး မေးလိုက်သည်။
“အဲ… မကောင်းတာ မဟုတ်ပါဘူး။ သူသဘောကျတဲ့သူကို လုပ်တာဆိုရင် မကောင်းတာ မဟုတ်ဘူး”။ ချင်းယုကျီး ပြန်ဖြေလိုက်ပါသည်။
“တကယ်လား”။ အဘွားချင်းကို စူစူလေး လှည့်ကြည့်လိုက်သည်။
“ဟုတ်တယ် ဟုတ်တယ်။ တူလေးယုကျီး ပြောတာ မှန်တယ်!”။ အဘွားချင်း အမြန်ထောက်ခံလိုက်ပါသည်။
“အဲ့တာဆို သမီးသဘောကျတဲ့လူတွေကိုလည်း အဲ့လိုလုပ်လို့ရတယ်ပေါ့”။ စူစူလေး မေးလိုက်သည်။
နည်းနည်းထူးဆန်းသော်လည်း သဘောကျကြောင်း ပြသဖို့ လုပ်တာဆိုလျှင် စူစူလေးလည်း လုပ်ချင်ပါသည်။
“မရဘူး!!”
အဘွားချင်းနဲ့ ညီအစ်ကို သုံးယောက် ပြိုင်တူ အော်လိုက်ကြသည်။
“ဘာလို့လဲ”။ စူစူလေး ပြန်မေးလိုက်ပါသည်။
မတရားလိုက်တာ!
ယွမ်ယွမ်လေးရဲ့ ဖေဖေကျတော့ လုပ်လို့ရပြီး သူမကျတော့ ဘာလို့လုပ်လို့မရတာလဲ။
သူမတို့က မောင်နှမတွေ မဟုတ်ဘူးလား!
“စူစူလေးက ငယ်သေးလို့လေ! ဒီလိုကိစ္စမျိုးက အသက်ကြီးမှ လုပ်လို့ရတာ!”။ ချင်းယုကျီး အမြန် ထပ်ရှင်းပြလိုက်သည်။
“အဲ့တာဆို အသက်ကြီးတဲ့အထိ စောင့်ရဦးမှာပေါ့…”။
ဘာလို့ အသက်ကြီးမှ လုပ်လို့ရတာတွေပဲ များနေတာလဲ!
သူမ ဘယ်တော့မှ အသက်ကြီးလာမှာလဲ။
“ဟုတ်တယ် စူစူလေး အသက်ကြီးလာမှ လုပ်လို့ရမှာ”။ ချင်းယုကျီး အတည်ပြုပေးလိုက်သည်။
“ဘယ်လောက်ထိ ကြီးရင် ရပြီလဲ”။ စူစူလေး ထပ်မေးလိုက်သည်။
“ဘယ်လောက်ထိ ကြီးရင်ရပြီလဲ ဆိုတော့…”။ ချင်းယုကျီး ဘယ်ညာ ဝေ့ကြည့်လိုက်ပြီး ခေတ္တစဉ်းစားကာ ပြန်ဖြေလိုက်ပါသည်။ “ငါ့အစ်ကိုကြီးလောက် ကြီးရင်ရပြီ။ အဲ့တာဆို လုံလောက်ပြီ!”
အစက သူ့ကိုယ်သူ နမူနာပေးဖို့ ချင်းယုကျီး စဉ်းစားမိပါသေးသည်။ သူလည်း အရွယ်ရောက်နေပြီဖြစ်သည်။ သို့သော် စူစူလေး အသက် ၁၈ နှစ်ပြည့်တာနဲ့ သူများတွေကို လိုက်နမ်းနေလျှင် ဘယ်လိုလုပ်မည်နည်း။
၁၈ နှစ်က စောလွန်းသေးသည်။ သူဒေါ်လေး ငယ်ငယ်ရွယ်ရွယ်နဲ့ ရည်းစားမထားသင့်ပါ။ အသက်ငယ်လျှင် သူများ လှည့်စားတာ ခံရနိုင်သည်။
ထို့နောက် ဆိုဖာပေါ် တည်တည်ငြိမ်ငြိမ်ထိုင်နေသည့် ချင်းယုဟွိုင်းကို လှည့်ကြည့်လိုက်ပြီး စူစူလေး မေးလိုက်ပါသည်။ “သူ့လောက်ကြီးရင် ရပြီလား”
အဲ့တာဆို အကြာကြီး စောင့်ရမှာပဲ…။
ဟူး… စိတ်ပင်ပန်းလိုက်တာ။
“ဟုတ်တယ်! အဲ့လောက်ကြီးရင် ရပြီနော်။ အဲ့တာကြောင့် ခုနက မြင်လိုက်တာကို မေ့ထားလိုက်တော့။ စူစူလေး စဉ်းစားဖို့ စောလွန်းသေးတယ် ဘာမှ အသုံးမဝင်ဘူး!”။ ချင်းယုကျီး ပြတ်ပြတ်သားသား ပြောလိုက်လေသည်။
“ဟုတ်တယ် သမီး တူလေးယုကျီး ပြောတာမှန်တယ်” အဘွားချင်းကလည်း အခိုင်အမာ ထောက်ခံပါသည်။
“ဪ အင်းပါလေ”။ စူစူလေး စိတ်မပါလက်မပါ ခေါင်းငြိမ့်လိုက်တော့သည်။
“ဒေါ်လေး SpongeBob သွားကြည့်ရအောင်လေ! ယွမ်ယွမ်လေးလည်း ရောက်နေတာဆိုတော့ ယွမ်ယွမ်လေးနဲ့ အတူတူ SpongeBob တစ်ပိုင်းအပို ကြည့်ခွင့်ပေးမယ်!”။ ချင်းယုကျီး ပြောလိုက်သည်။
သူ့ဒေါ်လေးကို ကာတွန်းကား ပေးကြည့်ပြီး မှတ်ဉာဏ်ထဲက ညစ်တီးညစ်ပတ်ပုံရိပ်တွေ ပျောက်သွားအောင် လုပ်ပေးရမည်။
“ဟုတ်တယ်! ရှောင်ကျီး နင့်ဒေါ်လေးကို ကာတွန်းကား သွာပြလိုက်”။ အဘွားချင်းကလည်း အရိပ်အကဲ နားလည်ပါသည်။
“ရေး!!”။ စူစူလေး ပျော်ရွှင်သွားပြီး စူယွီယွမ်လေး၏ လက်ကိုတွဲလျက် ချင်းယုကျီးနဲ့အတူတူ အပေါ်ထပ် တက်သွားလေတော့သည်။
လက်ဘက်ရည်ခန်းထဲသို့ ချင်းယွင်ကျစ်နဲ့ ယန်းမင်အာတို့ ဝင်လာကြသောအခါ အခန်းထဲကလူတွေ အားလုံး သူတို့ လင်မယားကို မျက်နှာပူမှု၊ အနေခက်မှု၊ ဒေါသထွက်မှုတွေနဲ့ ကြည့်လိုက်ကြလေသည်။
… … …
အခန်း(၁,၀၁၉) ညီမလေးကို ပြောပြလိုက်ရမလား
ချင်းယုကျီးနဲ့ ချင်းယုဟန်တို့ ညီအစ်ကိုနှစ်ယောက်က မျက်နှာတွေ လွှဲထားကြပါသည်။ တစ်ယောက်က ဖုန်းကို ကြည့်နေပြီး တစ်ယောက်က မျက်လုံးပြူးပြီး လက်ဘက်ရည်သောက်ကာ ဘာမှ မသိချင်ယောင် ဆောင်နေပါသည်။
တူတွေဖြစ်သည့် သူတို့က ဦးလေးနဲ့ ဒေါ်လေးတို့ရဲ့ ချစ်ခြင်းမေတ္တာကို ဝေဖန်ခွင့်မရှိပါ။ သူ့ဦးလေးနဲ့ ဒေါ်လေးတို့ကို ဒေါသထွက်နေသည့် အဘွားဖြစ်သူကိုလည်း အပြစ်တင်လို့ မရပါ။ ထို့ကြောင့် ကိုယ်ပျောက်ချင်ယောင် ဆောင်နေခြင်းကသာ အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည်။
“နင်တို့နှစ်ယောက် ဘာဖြစ်နေကြတာလဲ။ အိမ်မှာ ကလေးတွေရှိနေတာတောင် ထိန်းထိန်းသိမ်းသိမ်း မနေနိုင်ကြဘူးလား”။ အဘွားချင်းက အပြစ်တင်လိုက်လေသည်။
“တောင်းပန်ပါတယ် အမေ။ သမီးတို့ နောက်တစ်ခါ ဆင်ခြင်ပါ့မယ်”။ ယန်းမင်အာ ရှက်လွန်းသဖြင့် ခေါင်းတောင် မဖော်ရဲတော့ဘဲ တောင်းပန်လိုက်ပါသည်။
တခြားသူတွေသာဆို သူမ ငြိမ်ခံနေမှာ မဟုတ်ပါ။ ကိုယ့်ယောက်ျားကိုယ် နမ်းတာ အပြစ်တင်စရာမဟုတ်ပေ။
သို့သော်လည်း ယောက္ခမနဲ့ ယောက်မလေးတို့ကို ရင်ဆိုင်ရချိန်မှာတော့ သူမ လက်နက်ချဖို့သာ ရှိပါသည်။
ထို့အပြင် ဖြူစင် အပြစ်ကင်းသည့် စူစူလေးကို ဒီလိုမြင်ကွင်းတွေ သူမလည်း မမြင်စေပါ။
“သွားကြ သွားကြ! ငါ့သမီးလေး ရှက်စရာတွေ ထပ်မြင်ရင် ငါတို့အိမ်မှာ နင်တို့လာအိပ်ဖို့ မစဉ်းစားနဲ့တော့!”။ အဘွားချင်း မျက်မှောင်ကြုတ်လျက် သတိပေးလိုက်ပါသည်။
အိမ်ကို အခုမှ ပြန်ရောက်ကြတာတောင် အရှက်မရှိ လုပ်နေကြပြီဖြစ်သည်။ လင်မယားအချင်းချင်း ချစ်တာ ချစ်လို့ ရသော်လည်း စူစူလေး မြင်သွားလို့တော့ မဖြစ်ပါ။
“ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ”။ ယန်းမင်အာ အဘွားချင်းနဲ့ မျက်လုံးချင်းမဆုံရဲဘဲ ခေါင်းငြိမ့်လိုက်လေသည်။
“ဟင်း! အခု သွားကြတော့လေ! ဒီနေ့ မကုန်မချင်း နင်တို့ကို ထပ်မမြင်ချင်ဘူး!”။ အဘွားချင်း မောင်းထုတ်လိုက်လေသည်။
နောက်တစ်နေ့ကူးဖို့ ၄ နာရီကျန်ပါသေးသည်။
“ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ”။ ယန်းမင်အာလည်း အမြန် ခေါင်းငြိမ့်လိုက်ပြီး ယောက်ျားဖြစ်သူကို ပျာပျာယာယာ ဆွဲခေါ်သွားတော့သည်။
--- --- ---
ချင်းယွင်ကျစ်က ပေးထားသည့် ကတိကို တည်ခဲ့ပြီး နောက်တစ်နေ့ မနက်မိုးလွန်းတာနဲ့ စူစူလေး စုံစမ်းခိုင်းထားသည့် ကိစ္စကို စုံစမ်းနိုင်ခဲ့ပါသည်။
အစက စူစူလေးကို ဒီတိုင်းပြောပြဖို့ ကြံထားသော်လည်း ရလဒ်တွေကို သိလိုက်ရပြီးနောက်မှာတော့ ပြောသင့် မပြောသင့် ဝေခွဲရခက်သွားပါသည်။
“သမီးလေးက နင့်ကို စုံစမ်းခိုင်းတာလား”။ ချင်းယွင်ကျစ် ရှင်းပြတာကို နားထောင်ပြီး အဘွားချင်း မျက်မှောင် ကြုတ်သွားလေသည်။
“အင်း”
အဘွားချင်း သက်ပြင်းချလိုက်ပါသည်။ “သူ့သူငယ်ချင်းကို သမီးလေး အရမ်းဂရုစိုက်မှန်း ငါသိတယ်။ သူဝမ်းမနည်းဘူးဆိုတာ ငါတို့ကို စိတ်မကောင်းမဖြစ်စေချင်လို့သာ လိမ်ပြောခဲ့တာ”
“အင်း ညီမလေးက အရမ်းလိမ္မာတယ်”
“ဒါပေါ့! နင့်လို လူဆိုးလူမိုက်ထက် အဆပေါင်း တစ်သန်းလောက် ပိုသာတယ်!”
“အင်း”
“ဟင်း! နင့်ကို မြင်ရတာနဲ့တင် ဒေါသထွက်လာတယ်!”။ သားအငယ်ဆုံးရဲ့ မျက်နှာကို ကြည့်မိလေလေ ရိုက်ချင်လာလေလေ ဖြစ်သည်။
“အင်း”
“တော်တော့! သမီးလေးကို ဘယ်လိုပြောရမလဲ ငါသင်ပေးမယ်။ ရုတ်တရက်ကြီး သွားမပြောနဲ့နော်။ ငါ့သမီးလေး ဝမ်းနည်းသွားတာ ငိုသွားတာမျိုးဖြစ်ရင် နင်တို့နှစ်ယောက်လုံး နိုင်ငံခြားကို လေးဖက်ထောက် ပြန်ရမယ်မှတ်!”။ အဘွားချင်း သတိပေးလိုက်သည်။
“နားလည်ပါပြီ”
အဘွားချင်းနဲ့ စကားပြောပြီးနောက် စူစူလေးဆီ ချင်းယွင်ကျစ် လာခဲ့သည်။
စူစူလေးက စာကြည့်ခန်းထဲရှိ ကော်ဇောပေါ်တွင် မှောက်ခုံ လှဲနေပြီး ခြေထောက်နှစ်ချောင်း ထောင်လျက် ရုပ်ပြစာအုပ် ဖတ်နေပါသည်။
တံခါးဖွင့်သံကြားသောအခါ စူစူလေး လှည့်ကြည့်လိုက်သည်။ ချင်းယွင်ကျစ်ဖြစ်မှန်း မြင်လိုက်ရတော့ စူစူလေး ပျော်ရွှင်သွားပါသည်။ “ယွမ်ယွမ်လေးရဲ့ ဖေဖေ!”
“အင်း”။ ချင်းယွင်ကျစ် ပြန်ထူးလိုက်ပြီး စူစူလေးဘေးမှာ ဝင်ထိုင်လိုက်ပါသည်။
“ညီမလေး”။ ချင်းယွင်ကျစ် စကားစလိုက််သည်။
“အင်း”။ စူစူလေး ထူးလိုက်သည်။ သို့သော် တစ်ခုခုကို သတိရသွားပြီး ပြန်ပြောလိုက်ပါသည်။ “ညီမလေးလို့ ခေါ်လို့ မရသေးဘူး။ မေမေတို့ ခွင့်လွှတ်တဲ့ထိ စောင့်ရဦးမယ်။ မေမေနဲ့ သမီးနဲ့က တစ်ဖွဲ့တည်းပဲ!”
စူစူလေးက ခိုင်ခိုင်မာမာ ပြောဆိုလိုက်ပါသည်။
“အင်းပါ”။ စူစူလေး၏ ခေါင်းကို ချင်းယွင်ကျစ် ပွတ်သပ်ပေးလိုက်ပါသည်။
စူစူလေးကလည်း မခုခံခဲ့ပါ။ သူမ အသိအမှတ်မပြုရသေးရင်တောင် ချင်းယွင်ကျစ်က သူမရဲ့ အစ်ကိုငယ် ဖြစ်သည်။ အစ်ကိုတစ်ယောက်က သူမခေါင်းကို လာကိုင်တာ ကိစ္စမရှိပါ။
“မနေ့က စုံစမ်းခိုင်းထားတဲ့ ကိစ္စ သိခဲ့ရပြီ”
“ဘာတဲ့လဲ ဘာတဲ့လဲ”။ စူစူလေး အလွန်စိတ်လှုပ်ရှားသွားပြီး မေးလိုက်ပါသည်။
… … …
အခန်း(၁,၀၂၀) ချင်းယွင်ကျစ်ရဲ့ အတိတ်
“စူစူလေးရဲ့ ကိုကြီးက နေကောင်းပါတယ်။ ဒါပေမယ့် တခြားကိစ္စတွေကြောင့် အလုပ်များနေလို့ ဟွာချန့်ကို ပြန်လာနိုင်မှာ မဟုတ်သေးဘူး”
“အဲ့တာဆို သူက သမီးနဲ့ သူငယ်ချင်း မလုပ်တော့ဘူးလား” စူစူလေး မေးလိုက်သည်။
“မဟုတ်ပါဘူး သူဒီတိုင်း အလုပ်မျာားနေလို့ပါ။ သူကျောင်းတက်နေပြီလေ။ ပေကျင်းမြို့မှာ ကျောင်းတက်ရတာ ဖိအား အရမ်းများတယ်။ အိမ်စာတွေလည်း အများကြီး လုပ်ရတယ်။ နေ့တိုင်း အတန်းတွေအများကြီးလည်း တက်ရတော့ သူ့မှာ အချိန်မရှိလို့ပါ”။ ချင်းယွင်ကျစ် ရှင်းပြလိုက်သည်။
“ပေကျင်းမြို့မှာ ကျောင်းတက်ရတာ အဲ့လောက်ပင်ပန်းတာလား။ အဲ့တာကြောင့် ထျင်းထျင်း ပေကျင်းကို ပြန်မသွားချင်ဘဲ ဒီမှာပဲ ကျောင်းတက်တာဖြစ်မယ်နော်”။
“ဟုတ်တယ်။ အရမ်း ပင်ပန်းတယ်”။
“အာ့ဆိုလည်း ဟုတ်ပါပြီ။ သူနေကောင်းရင် ပြီးရော”။ စူစူလေး ပြန်ပြောလိုက်သည်။ ရင်ထဲမှာတော့ အနည်းငယ် နေရခက်သွားသော်လည်း ကိစ္စမရှိပါ။ သူမ ယခု အဆင်ပြေနေပါသည်။
သူမ အသက်ကြီးသွားပြီး နတ်ယုတ်မာကြီးကို တွေ့မှာ သေချာ ပြန်ဆုံးမလိုက်မည်။
စူစူလေးရဲ့ မျက်နှာလေးကို ကြည့်ရင်း ချင်းယွင်ကျစ် စိတ်မထိန်းနိုင်တော့ဘဲ ပွေ့ဖက်လိုက်ပါသည်။ ထို့နောက် စူစူလေးရဲ့ ခေါင်းလေးကို ပွတ်သပ်ကာ နှစ်သိမ့်ပေးလိုက်သည်။
စူစူလေး ခေါင်းမော့ကြည့်လိုက်ရာ အစ်ကိုငယ်ရဲ့ မေးစေ့ကိုသာ မြင်ရသည်။
သို့သော် ရုတ်တရက်ဆိုသလို သူမအစ်ကိုငယ်ရဲ့ ခေါင်းပေါ် မြူခိုးမြူငွေ့တချို့ ပေါ်လာသည်။ ထိုအခိုးအငွေ့တွေထဲမှာ အစ်ကိုငယ်ရဲ့ ပုံရိပ်ကို မြင်နေရပါသည်။
ပုံရိပ်က တဖြည်းဖြည်း ရှင်းလင်းလာခဲ့သည်။ မှောင်မိုက်နေသည့် လမ်းကြိုလမ်းကြားတစ်ခုထဲ သူမအစ်ကိုငယ်နဲ့ ယောက်မတို့ ထွက်ပြေးနေကြရသည်။ နိုင်ငံခြားသား လူမိုက်တချို့က လက်နက်တွေကိုင်ပြီး သူတို့နောက် ပြေးလိုက်နေကြပါသည်။
ထို့နောက် ပုံရိပ်က ပြောင်းလဲသွားခဲ့ပြီး အစ်ကိုငယ် ဆေးရုံကုတင်ပေါ်မှာ လှဲလျောင်းနေရသည့် မြင်ကွင်း ဖြစ်သွားသည်။
ယောက်မက ကုတင်ဘေးမှာ ငိုကြွေးနေပြီး ဆရာဝန်နဲ့ တစ်ခုခု ပြောနေပါသည်။
ထို့နောက် အစ်ကိုငယ် သတိရလာပြီး ယောက်မက အစ်ကိုငယ်ကို ဖက်ကာ ငိုကြွေးနေပါသည်။
ထိုပုံရိပ်တွေထဲက အစ်ကိုငယ်နဲ့ ယောက်မတို့မှာ ငယ်ရွယ်နေသဖြင့် အတိတ်က ပုံရိပ်တွေ ဖြစ်ရမည်။
စူစူလေးက ချင်းယွင်ကျစ်ကို မျက်လုံးလေးပြူးကာ စိုက်ကြည့်နေပါသည်။
“ဘာလဲ စူစူလေး”။ ချင်းယွင်ကျစ်က တိုးညှင်း သိမ်မွေ့သော လေသံဖြင့် မေးလိုက်သည်။
“ယွမ်ယွမ်လေးရဲ့ ဖေဖေ။ သမီးမေမေကို ဘာလို့ နှစ်တွေအကြာကြီး မဆက်သွယ်ဘဲ နေခဲ့တာလဲ”။ စူစူလေး မေးလိုက်ပါသည်။
“…”။ ချင်းယွင်ကျစ် တိတ်ဆိတ်သွားခဲ့သည်။
“ယွမ်ယွမ်လေးရဲ့ ဖေဖေ ဘာလို့ မဖြေတာလဲ”။ စူစူလေး ထပ်မေးလိုက်သည်။
“ပုံမှန်မဟုတ်တဲ့ အကြောင်းအရင်းတစ်ခုကြောင့်ပါ”။ ချင်းယွင်ကျစ် မေးခွန်းကို ပြန်မဖြေဘဲ ရှောင်လိုက်သည်။
“ဘယ်လို ပုံမှန်မဟုတ်တဲ့ အကြောင်းအရင်းလဲ”။ စူစူလေးက ဆက်မေးသည်။ ဒီကိစ္စကို သူမ သိရမှ ဖြစ်ပါမည်။
“ညီမလေးက ဘာလို့ သိချင်တာလဲ”။ ချင်းယွင်ကျစ်က ပြန်မေးလိုက်သည်။
“ယွမ်ယွမ်လေးရဲ့ ဖေဖေက သမီးဖေဖေနဲ့ မေမေတို့ရဲ့ သားဖြစ်နေလို့လေ။ ယွမ်ယွမ်လေးရဲ့ ဖေဖေ နှစ်တွေအကြာကြီး အိမ်ပြန်မလာလို့ ဖေဖေနဲ့ မေမေက စိတ်ဆိုးနေတာ။ ဖေဖေနဲ့ မေမေတို့ စိတ်မညစ်အောင် ဘယ်လိုလုပ်ပေးရမလဲ သိချင်လို့”
မူလ စကားများခဲ့ရသည့် အကြောင်းအရင်းက သိပ်ပြီး အရေးမပါတော့ပါ။ နှစ် ၂၀ ကျော်ကြာအောင် ခွဲခွာခဲ့တာကို အဘိုးချင်းတို့က လက်မခံနိုင်တာ ဖြစ်သည်။
စူစူလေး၏ ဉာဏ်ထက်မြက်သော မျက်လုံးများကိုကြည့်ရင်း ချင်းယွင်ကျစ် ပြောလိုက်သည်။ “အဲ့တာတွေ မမေးနဲ့နော် ညီမလေး။ ဖေဖေနဲ့ မေမေတို့အတွက် ဒီအတိုင်းက ပိုကောင်းပါတယ်”
“မရဘူး! သိရမှဖြစ်မယ်! ဖေဖေနဲ့ မေမေတို့ကိုတောင် မမေးကြည့်ဘဲနဲ့ သူတို့အတွက် ပိုကောင်းမယ်လို့ ဘယ်လို သိတာလဲ။ မယုံဘူးး!”။ စူစူလေး ခေါင်းမာစွာ ပြန်ပြောလိုက်သည်။
ထို့နောက် စူစူလေး မတ်တပ်ရပ်ကာ ခါးထောက်လျက် ခြိမ်းခြောက်လိုက်သည်။ “ယွမ်ယွမ်လေးရဲ့ ဖေဖေ ပြောပြနော်။ မပြောပြရင် ထွက်သွားခွင့်မပေးဘူး!”
“ညှိနှိုင်းလို့ မရဘူးလား”
“မရဘူး! သမီးပြောတဲ့အတိုင်း လုပ်ရမယ်! ဘာမှ ညှိနှိုင်းလို့ မရဘူး!”
စူစူလေးက အရှိန်အဝါကြီးသည့် စကားလုံးများကို ချိုချိုသာသာ အသံလေးနဲ့ ပြောလိုက်ပါသည်။
… … …