အခန်း (၁၀၂၁-၁၀၂၅)
Vol. 41 Ch. 1021-1025
အခန်း(၁,၀၂၁) ချင်းယွင်ကျစ်နဲ့ ယန်းမင်အာတို့ ပြန်မလာရတဲ့ အကြောင်းအရင်း
စူစူလေးရဲ့ မျက်နှာလေးက ဘယ်လောက်ပဲ သေးငယ်နေပါစေ သူမရဲ့ အရှိန်အဝါကို ခံစားရသည်။
ချင်းယွင်ကျစ် သေချာစဉ်းစားလိုက်ပြီး စူစူလေးကို သူ့အနား ထပ်ဆွဲခေါ်လိုက်ပါသည်။
ချင်းယွင်ကျစ်က ထိုင်နေတာဖြစ်ပြီး စူစူလေးက မတ်တပ်ရပ်နေတာဖြစ်သဖြင့် မျက်နှာချင်းဆိုင် ဖြစ်သွားခဲ့သည်။
စူစူလေးကို ပြန်ထိုင်ခိုင်းလို့ မရသဖြင့် ချင်းယွင်ကျစ်လည်း မတ်တပ်ရပ်ကာ ထွက်သွားဖို့ ပြင်လိုက်ပါသည်။
သူ မတ်တပ်ရပ်လိုက်စဉ် စူစူလေးက ပြေးလာပြီး သူ့ခြေထောက်ကို ဖက်ထားလိုက်သည်။
“သွားလို့ မရဘူး!”။ စူစူလေးက သူ့ခြေထောက်ကို ဖက်ထားပြီး ကြုံးဝါးလိုက်လေသည်။
ချင်းယွင်ကျစ်က စူစူလေးကို ဖယ်ဖို့ အကြိမ်ကြိမ် ကြိုးစားသောလည်း မအောင်မြင်ပါ။ ထို့ကြောင့် စူစူလေးကို ပွေ့ချီလိုက်ဖို့ ကြံလိုက်စဉ် စူစူလေးက လက်တစ်ဖက်ဖြင့် တံခါးဘောင်ကို လှမ်းကိုင်ထားလိုက်ပါသည်။
သူ့ညီမလေးမှာ သာမန်ထက်ထူးကဲသည့် ခွန်အားတွေရှိနေမှန်း ချင်းယွင်ကျစ်သိပါသည်။ သို့သော်လည်း ကိုယ်တိုင် ကြုံမှ သူမ ဘယ်လောက်သန်မာသလဲဆိုတာ နားလည်ခဲ့ရသည်။
“အရင်တစ်ခေါက်က သမီးခွန်အားအပြည့်ကိုတောင် ထုတ်မသုံးခဲ့ဘူး။ ခွန်အားအပြည့်သာ ထုတ်သုံးလိုက်ရင် ယွမ်ယွမ်လေးရဲ့ ဖေဖေ နိုင်မှာ မဟုတ်ဘူး!”။ စူစူလေးက ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်ပါသည်။
ကိုယ်ခံပညာအရတော့ စူစူလေးက ချင်းယွင်ကျစ်လောက် မတော်နိုင်ပါ။
သို့သော် ခွန်အားပိုင်းမှာတော့ ချင်းယွင်ကျစ်ကို စူစူလေး အသာလေး အနိုင်ယူနိုင်သည်။
ချင်းယွင်ကျစ်လည်း မလွတ်နိုင်တော့မှန်း သိသဖြင့် စူစူလေးကို စကားပြန်ပြောလိုက်ရပါသည်။ “ညီမလေး၊ တချို့ ကိစ္စတွေက အရမ်းရှုပ်ထွေးတယ်။ အချိန်တွေလည်း ကြာခဲ့ပြီ။ အခုပြန်ပြောနေဖို့ မလိုတော့ပါဘူး”
“မရဘူး ကြားချင်တယ် ကြားချင်တယ်!”။ အစ်ကိုငယ် ဘာပဲပြောပြော ဂရုမစိုက်ပါ။ သူမ သိချင်တာ သိရမှ ဖြစ်မည်။
“ညီမလေး…”
“ပြောပြနော်! မပြောပြရင်း ယွမ်ယွမ်လေးဖေဖေရဲ့ ညီမလေး မလုပ်တော့ဘူး ဟွန်း!”။ စူစူလေး ခြိမ်းခြောက်လိုက်ပါသည်။
ထိုချစ်စရာကောင်းသည့် ခြိမ်းခြောက်စကားက ချင်းယွင်ကျစ်ရဲ့ နှလုံးသားကို တိုက်ရိုက်ထိမှန်သွားပါသည်။
ပုံမှန်ဆို စိတ်ဓာတ်မာကျောပြီး ဘယ်သူမှ အနိုင်မယူနိုင်သည့် ချင်းယွင်ကျစ်က ဒီနေ့တော့ စူစူလေးကို အကြွင်းမဲ့ အရှုံးပေးခဲ့ရလေသည်။
“ဒါပေမယ့် အစ်ကိုငယ်ပြောတာကို စူစူလေး နားလည်မှာမဟုတ်ဘူး”။ ချင်းယွင်ကျစ် ပြောလိုက်သည်။
“အဲ့တာတွေ ဂရုမစိုက်ဘူး။ နားလည်တာ မလည်တာ သမီးကိစ္စ၊ ပြောပြရမှာ ယွမ်ယွမ်လေးဖေဖေရဲ့ ကိစ္စ!”။ စူစူလေး ခေါင်းမာစွာ ပြောလိုက်ပါသည်။
အတိုချုန်းအားဖြင့် သူမကို ဈေးလာဆစ်လို့ မရပါ။
ချင်းယွင်ကျစ် အချိန်အတော်ကြာအောင် စဉ်းစားလိုက်ပြီး စူစူလေးကို အရှုံးပေးလိုက်ပါတော့သည်။ “အဲ့တာဆို အစ်ကိုငယ် ပြောပြမယ်။ ဖေဖေနဲ့ မေမေတို့ကို ပြန်ပြောသင့် မပြောသင့် စူစူလေးပဲ ဆုံးဖြတ်လိုက်ပေါ့ ဟုတ်ပြီလား”
“အွန်း အွန်း!”။ စူစူလေး ခေါင်းငြိမ့်လိုက်သည်။
ဒီလိုမှပေါ့!
“ဒါဆို လွှတ်ပေးဦး။ ထိုင်ပြီး သေချာ ရှင်းပြပေးမယ်”
“လွှတ်ပေးလိုက်ရင် ထွက်မပြေးနဲ့နော်!”
“မပြေးပါဘူး။ ဒီနေ့ ထွက်ပြေးသွားလည်း မနက်ဖြန်ရှိသေးတာပဲ။ မနက်ဖြန် ထွက်ပြေးသွားလည်း သန်ဘက်ခါ ရောက်လာဦးမှာပဲ။ နေ့တိုင်း စူစူလေးကို လာတွေ့ရမှာပဲ ဥစ္စာ”
“အာ့ဆိုလည်း ပြီးရော”။ စူစူလေး သဘောတူလိုက်ပြီး ချင်းယွင်ကျစ်ခြေထောက်ကို လွှတ်ပေးလိုက်ပါသည်။
ချင်းယွင်ကျစ်လည်း ကော်ဇောပေါ်မှာ ပြန်ထိုင်လိုက်ပြီး စူစူလေးကို ပေါင်ပေါ်တင်လျက် လွန်ခဲ့သည့် နှစ် ၂၀ တုန်းက ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များအကြောင်း ဖြည်းဖြည်းချင်း ပြန်ပြောပြလေတော့သည်။
ပြဿနာအားလုံးရဲ့အစက ချင်းယွင်ကျစ် နိုင်ငံခြားမှာ အလုပ်သွားလုပ်ချင်သည့် ကိစ္စမှ စတင်ခဲ့သည်။ အဘိုးချင်းက အလျှင်းကန့်ကွက်တာတော့ မဟုတ်သော်လည်း စည်းကမ်းချက်တချို့ ချခဲ့သည်။
သို့သော် သားအဖနှစ်ယောက် စကားများခဲ့ကြပြီး ရန်ပွဲအတော်လေး ပြင်းထန်သွားကာ နောက်ဆုံးတော့ ချင်းယွင်ကျစ် အထုတ်အပိုးများ ပြင်ပြီး ညားခါစ ယန်းမင်အာကို ခေါ်ကာ နိုင်ငံခြားသို့ ချက်ချင်း ထွက်သွားလေတော့သည်။
အစတော့ မာနကြောင့် မိဘတွေကို မဆက်သွယ်ခဲ့တာဖြစ်သည်။ သို့သော် နောက်ဆက်တွဲ ဖြစ်လာသည့် ပြဿနာများကြောင့် မိဘတွေကို ဆက်သွယ်ချင်တောင် ဆက်သွယ်လို့ မရခဲ့ပါ။
နိုင်ငံခြားမှာ ချင်းယွင်ကျစ်က စီးပွားရေး အမြင်ထက်မြက်မှုကို အသုံးချလျက် လူလတ်တန်းစားများအတွက် အဆင်ပြေ လွယ်ကူနိုင်မည့် အစားအသောက်လုပ်ငန်း တစ်ခုကို တည်ထောင်ခဲ့ပါသည်။ ထိုအခါ နိုင်ငံခြားရှိ ရာဇဝတ်ဂိုဏ်းတစ်ခု၏ အကျိုးစီးပွားကို တိုက်ခိုက်မိသလို ဖြစ်ကာ သူတို့ လက်တုန့်ပြန်တာကို ခံခဲ့ရပါသည်။
ထိုဂိုဏ်းက သူတို့အိမ်ကို နေ့တိုင်းလူတွေလွှတ်ပြီး ပြူတင်းပေါက်တွေရိုက်ခွဲ၊ တံခါးတွေ ရိုက်ချိုးကာ နည်းလမ်း ပေါင်းစုံနဲ့ ခြိမ်းခြောက်ခဲ့သည်။
ဖုန်းအဆက်အသွယ်တွေကိုလည်း ကြားဖြတ်နားထောင်ပြီး သူတို့ရဲ့ မိတ်ဆွေတွေကိုတောင် ခြိမ်းခြောက်ခဲ့ကြပါသည်။
… … …
အခန်း(၁,၀၂၂) အစ်ကိုငယ်လို့ ခေါ်မှာလား (၁)
ထို့ကြောင့် ချင်းယွင်ကျစ်နဲ့ ယန်းမင်အာတို့ နေ့တိုင်း ပုန်းအောင်းနေခဲ့ရသည်။ ထို့အပြင် မိသားစုကို ဆက်သွယ်လိုက်ပါက မိသားစုပါ ပစ်မှတ်ထားခံရမည်စိုးသဖြင့် မဆက်သွယ်ခဲ့ကြပါ။
သို့သော် ဘယ်လောက်ပဲ ပုန်းအောင်းနေပါစေ ရန်သူတွေက အလွတ်မပေးခဲ့ပါ။ ၂ နှစ်လောက်အထိ သူတို့လင်မယား တိမ်းရှောင် နေထိုင်ခဲ့ရသည်။
တစ်နေ့တော့ လူမိုက်တွေရဲ့ လက်ချက်ကြောင့် ချင်းယွင်ကျစ် အပြင်းအထန် ထိခိုက်ဒဏ်ရာရသွားခဲ့ပြီး ဆေးရုံတင်လိုက်ရသည်။ ချင်းယွင်ကျစ် ကိုမာဝင်သွားခဲ့ပြီး ၂ နှစ်လောက်ကြာမှ သတိပြန်လည်လာခဲ့ပါသည်။
သတိပြန်လည်လာသောအခါ ချင်းယွင်ကျစ် စိတ်ဓာတ် မာကျောသွားခဲ့သည်။ ရန်သူထက် ပိုပြီး ရက်စက်ကြမ်းကြုတ်မှ ဒီလောကမှာ ရှင်သန်နိုင်မှာ ဖြစ်မှန်း သူနားလည်သွားပါသည်။
ထို့နောက် အေးအေးချမ်းချမ်း စီးပွားရေးလုပ်သည့် လမ်းကြောင်းမှ သွေးစွန်းရသော အလုပ်တွေဆီ ချင်းယွင်ကျစ် လမ်းကြောင်းပြောင်းသွားခဲ့သည်။
ထိုကာလအတွင်း သူ့မိသားစုကို ရန်သူတွေ လက်တုန့်ပြန်မှာ စိုးရိမ်သဖြင့် အိမ်ကို တတ်နိုင်သမျှ မဆက်သွယ်ခဲ့ပါ။
ရံဖန်ရံခါမှသာ ဓာတ်ပုံတချို့နဲ့ အသံမက်ဆေ့တချို့ကို ပို့ခဲ့ပြီး သူတို့လင်မယား အဆင်ပြေနေသည်ဟု အကြောင်းကြားခဲ့ပါသည်။
နှစ် ၂၀ ကျော်ကြာသွားပြီး အခြေအနေတွေ တည်ငြိမ်သွားခါမှ ချင်းယွင်ကျစ် အိမ်ပြန်လာရဲခဲ့တာဖြစ်သည်။
သို့သော် အိမ်နဲ့ နှစ်ပေါင်းများစွာ ဝေးကွာနေခဲ့သဖြင့် အိမ်ကိုပြန်လိုစိတ်မှာ စိုးရိမ်ပူပန်မှုအဖြစ် ပြောင်းလဲသွားခဲ့သည်။
ရန်သူတွေရဲ့ ဓားသွားတွေ၊ ကျည်ဆံတွေကို သူမကြောက်ရွံ့ပါ။ သို့သော် မိသားစုရဲ့ သွေးအေး သူစိမ်းဆန်သော အကြည့်တွေကိုတော့ သူကြောက်ရွံ့ပါသည်။
ဒီအိမ်က သူ့အိမ် မဟုတ်တော့ဘဲ အိမ်ထဲကလူတွေကလည်း သူသိသည့် လူတွေ မဟုတ်တော့မှာကို ကြောက်ရွံ့နေခဲ့သည်။
နိုင်ငံခြားမှ ပြန်မလာခင်ကတည်းက အရာရာကို သူစုံစမ်းခဲ့ပါသည်။
သူ့မိဘတွေ ကျန်းကျန်းမာမာရှိနေဆဲဖြစ်ပြီး သူ့အစ်ကိုကြီးတွေနဲ့ မရီးတွေလည်း ကျန်းမာကြသည်။ တူလေးတွေလည်း အရွယ်ရောက်လာပြီဖြစ်ကာ ချစ်စရာကောင်းသည့် ညီမလေးတစ်ယောက်ပါ ရရှိထားပြီဖြစ်မှန်း သိခဲ့ရသည်။
သူတို့ ချင်းမိသားစု ငြိမ်းငြိမ်းချမ်းချမ်း ရှိနေပါသည်။ ထို့ကြောင့် သူတို့လင်မယား ပြန်လာခဲ့ကြခြင်း ဖြစ်သည်။
ချင်းယွင်ကျစ်ရဲ့ ဇာတ်လမ်းကို စူစူလေး စိတ်ပါဝင်စားစွာ နားထောင်နေပါသည်။ သူမ နားမလည်သည့် အသေးစိတ် အချက်တွေ အများကြီး ရှိသော်လည်း ယေဘုယျ အကြမ်းဖျင်းတော့ နားလည်ပါသည်။
သူမအစ်ကိုငယ်နဲ့ ယောက်မတို့က ပြန်မလာချင်တာ မဟုတ်ဘဲ ပြန်မလာရဲကြတာ ဖြစ်သည်။ ဖေဖေနဲ့ မေမေတို့ကို မုန်းတီးလို့ မဟုတ်ဘဲ ကာကွယ်ပေးချင်တာကြောင့်သာ ဖြစ်ပါသည်။
“ညီမလေး နားလည်ရဲ့လား”။ ချင်းယွင်ကျစ် စူစူလေးကို ငုံ့ကြည့်လိုက်ပြီး မေးလိုက်ပါသည်။ သူပြောပြတာတွေကို သူ့ညီမလေး နားလည်နိုင်ပါ့မလားဆိုတာ မသေချာပါ။
“နားလည်တယ်!”။ စူစူလေး ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်သည်။
“တကယ်လား”
“တကယ်ပေါ့!”
“အဲ့တာဆို ကောင်းတာပေါ့”
“တစ်ခုမေးစရာ ရှိသေးတယ်! ဖေဖေနဲ့ မေမေ့ကို ဘာလို့ မပြောပြတာလဲ” စူစူလေး မေးလိုက်သည်။
“ဖေဖေနဲ့ မေမေ့ကို အဲ့တာတွေပြောလိုက်ရင် သူတို့ ဝမ်းနည်းသွားလိမ့်မယ်လို့ ညီမလေး မထင်ဘူးလား”။ ချင်းယွင်ကျစ်က ပြန်မေးလိုက်ပါသည်။
သူ မပြောရက်ပါ။ နိုင်ငံခြားမှာ သူသေလုမျောပါး ဖြစ်ခဲ့ရသည့် အကြောင်းတွေကို သူ့မိဘတွေကို ဘယ်လို အသိပေးရမှာလဲ။
သူတို့ရဲ့ သားနဲ့ ချွေးမတို့ ရာဇဝတ်ဂိုဏ်းတွေရဲ့ လက်ကနေ လွတ်မြောက်အောင် မှောင်မိုက်နေတဲ့ မြေအောက်ခန်းတွေထဲ ဝင်ပုန်းနေခဲ့ရတာ၊ သူတို့သား ၂ နှစ်လောက် ကိုမာဝင်ပြီး သတိလစ်နေခဲ့တာတွေကို ဘယ်လို ပြောပြရမှာလဲ။
ထိုစကားလုံးတွေကို ချင်းယွင်ကျစ် ဘယ်လိုမှ မပြောနိုင်ပါ။
ယခု သူ့အဖေနဲ့ အမေက သူတို့ကို မသိတတ်သည့် သားသမီးဟု အပြစ်တင်ပြီး ဒေါသထွက်နေကြခြင်းသာဖြစ်သည်။ ဒီအမှန်တရားတွေသာ ပြောပြလိုက်ပါက သူ့မိဘတွေ ဒီ့ထက် နာကျင်ခံစားသွားရလိမ့်မည်။
အစကတည်းက သူ့မိဘတွေကို နာကျင်မှုတွေ အများကြီး ပေးခဲ့ပြီးပြီဖြစ်သဖြင့် ထပ်ပြီး ဝမ်းမနည်းစေချင်တော့ပါ။
စူစူလေး ခေါင်းငုံ့သွားပြီး သေချာ စဉ်းစားလိုက်သည်။
ခဏကြာတော့ စူစူလေး ပြောလိုက်ပါသည်။ “ယွမ်ယွမ်လေးဖေဖေ ပြောတာ အဓိပ္ပာယ်ရှိပါတယ်။ ယွမ်ယွမ်လေးဖေဖေတို့ သေမလို ဖြစ်ခဲ့တာ သိသွားရင် ဖေဖေနဲ့ မေမေတို့ ငိုကြလိမ့်မယ်။ ဖေဖေနဲ့ မေမေတို့ကို ငိုအောင်လုပ်လို့ မဖြစ်ဘူး”
စူစူလေး၏ စကားကြောင့် ချင်းယွင်ကျစ် ရင်ထဲ နွေးထွေးသွားသည်။ ထို့နောက် မနေနိုင်ဘဲ စူစူလေးရဲ့ ခေါင်းလေးကို ညှင်ညှင်သာသာ ပွတ်သပ်ပေးမိပါသည်။
“အင်း ဟုတ်တယ်”
“အဲ့တာဆို… အစ်ကိုငယ်၊ ဖေဖေနဲ့ မေမေတို့နဲ့ ပြန်အဆင်ပြေအောင် သမီးကူညီပေးမယ်! အစ်ကိုငယ်ကို ဖေဖေနဲ့ မေမေတို့ စိတ်မဆိုးတော့အောင် သမီး ကူညီပေးမယ်!”။ စူစူလေး ကတိပေးလိုက်လေသည်။
“ညီမလေး ဘယ်လိုခေါ်လိုက်တာ…”။ ချင်းယွင်ကျစ် မှင်သက်သွားခဲ့သည်။ သူ့ရင်ခွင်ထဲက နူးညံ့ပြီး ချစ်ဖို့ကောင်းသည့် ညီမလေးက သူ့ကို ‘အစ်ကိုငယ်’ဟု ခေါ်လိုက်သည့်ပုံပင်။
… … …
အခန်း(၁,၀၂၃) အစ်ကိုငယ်လို့ ခေါ်မှာလား (၂)
“အစ်ကိုငယ်!”။ စူစူလေး ထပ်ခေါ်လိုက်သည်။
ချင်းယွင်ကျစ် ၂ စက္ကန့်လောက် ရပ်တန့်သွားပြီး နူးညံ့သိမ်မွေ့စွာ ထပ်မေးလိုက်ပါသည်။ “ညီမလေးက အစ်ကိုငယ်လို့ တကယ်ခေါ်တော့မှာလား”
“အွန်း! တကယ်ခေါ်မှာ! သမီးတို့နဲ့ ခွဲချင်လို့ ခွဲခဲ့တာ မဟုတ်မှန်း သိပြီးပြီလေ! ပြီးတော့ ဖေဖေနဲ့ မေမေတို့ကိုလည်း တမင်သက်သက် ဝမ်းနည်းအောင် လုပ်တာ မဟုတ်ဘူးဆိုတော့ ခွင့်လွှတ်ပါတယ်!”
ထို့နောက် စူစူလေး အင်္ကျီအိတ်ကပ်ထဲ မွှေနှောက်လိုက်ပြီး သကြားလုံး တစ်လုံး ထုတ်လိုက်ပါသည်။
ထို့နောက် သကြားလုံးကို အခွံခွာကာ ချင်းယွင်ကျစ် ပါးစပ်နား တေ့ပေးလိုက်သည်။ “သကြားလုံးစား!”
စူစူလေး လက်ထဲက သကြားလုံးကို ချင်းယွင်ကျစ် စိုက်ကြည့်လိုက်ပြီး ခေတ္တ မှင်သက်သွားခဲ့သည်။ ထို့နောက် ပါးစပ်ဟကာ သကြားလုံးကို စားလိုက်ပါသည်။
အလွန်ချိုမြိန်ပြီး စိတ်ကိုပါ လန်းဆန်းသွားစေသည့် အရသာလေးဖြစ်သည်။ ဒီလိုသကြားလုံးမျိုး သူတစ်ခါမှ မစားဖူးပါ။
တကယ်ချိုမြိန်ပြီး အရသာရှိပါသည်။
သို့သော် သကြားလုံးထက် ပိုချိုမြိန်တာက သူ့ညီမလေးရဲ့ ‘အစ်ကိုငယ်’ဟူသော ခေါ်သံဖြစ်ပြီး သူ့ညီမလေးရဲ့ ချစ်စရာ အပြုံးလေးများသာ ဖြစ်သည်။
မောင်နှမနှစ်ယောက် ရယ်ရယ်မောမော ပျော်ပျော်ရွှင်ရွှင် စကားပြောနေကြစဉ် ချင်းယုကျီးက အခန်းထဲဝင်လာပြီး မေးလိုက်ပါသည်။ “ဒေါ်လေး ငါတို့ကို အဲ့လောက်မြန်မြန်ကြီး သစ္စာဖောက်သွားတာလား”
“ဟီးဟီး တူလေးယုကျီး သိလား။ အစ်ကိုငယ်က လူဆိုး မဟုတ်ဘူး။ ဒေါ်လေး သူ့ကို ခွင့်လွှတ်ပေးလိုက်ပြီ!”။ စူစူလေးက ပြောပြလိုက်ပါသည်။
“သူ့ကို အစ်ကိုငယ်လို့တောင် ခေါ်နေပြီပေါ့”
ချင်းယုကျီးလေသံက မချိုမချဉ်ဖြစ်သွားပါသည်။
အထူးသဖြင့် ကြမ်းပြင်ပေါ်က သကြားလုံးအခွံကို တွေ့သောအခါ ချင်းယုကျီး ပိုလို့တောင် မကျေမနပ် ဖြစ်သွားပါသည်။
လူတိုင်းက ဘာလို့ သူ့ထက်ပိုမြန်နေတာလဲ။
သူ့ဒေါ်လေးက သူ့ကို နောက်ဆုံးမှ အသိအမှတ်ပြုမှာလား။
ဪ နေပါဦး မူမူလေး ကျန်သေးတာပဲ
သူ့ကိုလည်း ဒေါ်လေးက အသိအမှတ်ပြုသေးဘူး
ဟုတ်တယ် ဟုတ်တယ် သူ့အောက်မှာ တစ်ယောက်ရှိသေးတယ်!
ထိုသို့တွေးလိုက်မှ ချင်းယုကျီး အနည်းငယ် စိတ်ကြည်လင်သွားသည်။
“အစ်ကိုငယ်က မဆိုးပါဘူး!’။ စူစူလေး ထပ်ပြောလိုက်ပါသည်။
“သူဆိုးတာ မဆိုးတာ နင်ဘယ်လိုသိလဲ။ သူများတွေပြောတာ အလွယ်တကူ မယုံနဲ့နော်။ မဟုတ်ရင် သူများ လှည့်စားတာ ခံရလိမ့်မယ်။ ပြီးတော့ ငါတို့ကို သစ္စာဖောက်တာ မစောလွန်းဘူးလား”
“ဒီတိုင်း သိနေတာ!”
“နင်က ဘာသိလို့လဲ။ သူ လာဘ်ထိုးထားတာလား”။ ချင်းယုကျီးက မချိုမချဉ်လေသံဖြင့် ထပ်မေးလိုက်ပါသည်။
“မပြောပြဘူး! အဲ့တာ အစ်ကိုငယ်ရဲ့ လျှို့ဝှက်ချက်!”။ စူစူလေး ခေါင်းမော့ရင်ကော့လျက် ပြန်ပြောလိုက်လေသည်။
“လျှို့ဝှက်ချက်တွေတောင် ရှိနေကြပြီပေါ့လေ!”။ ချင်းယုကျီး ပိုတောင် မနာလိုဖြစ်သွားသည်။
“ဟီးဟီး”။ စူစူလေးက ပြုံးပြလိုက်ပါသည်။
ချင်းယုကျီးလည်း ဒေါသတွေ ချက်ချင်းပျောက်သွားသည်။ စူစူလေးရဲ့ ရယ်သံကို ကြားလိုက်တာနဲ့ သူအလျှော့မပေးဘဲ မနေနိုင်တော့ပါ။
“ပြီးရော ပြီးရော။ ညစာစားဖို့အချိန်ရောက်ပြီလို့ လာပြောတာ”
“ညစာသွားစားကြစို့ အစ်ကိုငယ်!”
စူစူလေး မတ်တပ်ရပ်လိုက်ပြီး ချင်းယွင်ကျစ်၏ လက်ကိုတွဲကာ အောက်ထပ်သို့ ဆင်းလာခဲ့ပါသည်။
ချင်းယုကျီးတစ်ယောက်တည်း မှင်သက်လျက်သာ ကျန်ခဲ့တော့သည်။
ဘာလဲဟ မိန်းကလေးတွေက ဘယ်အသက်အရွယ်ပဲဖြစ်ဖြစ် အေးတိအေးစက် ခက်ခက်ထန်ထန် နေတတ်တဲ့ ယောက်ျားလေးတွေကိုပဲ သဘောကျတာလား။
ဦးလေးငယ်က ယောက်ျားပီသလို့ သူ့ဒေါ်လေး သဘောကျတာလား။
မဖြစ်နိုင်ပါဘူး ဟုတ်တယ်မလား…
ချင်းယုကျီးတစ်ယောက်တည်း အတွေးများနေစဉ် စူစူလေးနဲ့ ချင်းယွင်ကျစ်တို့ အောက်ထပ်တောင် ရောက်နေကြပါပြီ။
ချင်းယုကျီးလည်း တစ်ယောက်တည်း ချန်ထားမခံချင်သဖြင့် အမြန်ပြေးလိုက်ရတော့သည်။ “ဒေါ်လေး ငါ့လက်ကိုကျတော့ ဘာလို့မတွဲတာလဲ!!”
--- --- ---
နောက်တစ်နေ့ မနက်မိုးလင်းသောအခါ မနက်စာစားပြီးနောက် စာကြည့်ခန်းထဲမှာ ဟူကျစ်နဲ့အတူတူ စူစူလေး ပုန်းနေခဲ့သည်။
ထို့နောက် သူမ ပုံဆွဲသည့် စာရွက်နဲ့ ခဲတံတို့ကို ထုတ်ကာ အစီအစဉ် စတင်ရေးဆွဲလေသည်။
သူမအစ်ကိုငယ်နဲ့ ယောက်မတို့ကို ကူညီပေးဖို့အတွက် အစီအစဉ်ဆွဲရမည်။
“ဟူကျစ်၊ ငါတို့ အစ်ကိုငယ်နဲ့ ယောက်မတို့ကို အိမ်ပြန်ခေါ်နိုင်အောင် လုပ်ရမယ်! မဟုတ်ရင် သူတို့ အရမ်း သနားစရာ ကောင်းသွားမှာ!”။ စူစူလေးက အားအင်အပြည့်နဲ့ ပြောလိုက်ပါသည်။
“မြောင်!”။ ဟူကျစ်လည်း ထောက်ခံပါသည်။
သူ့သခင်ပြောတာ အကုန်မှန်သည်။
“အဲ့တာဆို ငါတို့ ဘာလုပ်ရမလဲ”။ စူစူလေး ခဲတံဖင်ကို ကိုက်လျက် မျက်မှောင်ကြုတ်ကာ သေသေချာချာ စဉ်းစားလိုက်ပါသည်။
… … …
အခန်း(၁,၀၂၄) အစ်ကိုငယ်နဲ့ ယောက်မတို့ကို ကူညီဖို့ နည်းလမ်းစဉ်းစားခြင်း
ခက်ခဲလိုက်တာ…
တစ်ခါမှ ဒါမျိုး မစဉ်းစားဖူးဘူး။
“မြောင်!”။ ငါလည်း မသိဘူး!
“အစ်ကိုငယ်သာ တူချောလေးလောက် ဟင်းချက်တော်ရင် ဖေဖေနဲ့ မေမေတို့ကို အရသာရှိတာတွေ ချက်ကျွေးပြီး တောင်းပန်လို့ရတယ် အရသာရှိတာတွေ စားပြီးရင် ဖေဖေနဲ့ မေမေက ပျော်သွားမှာ”။ စူစူလေး ပွစိပွစိ ပြောလိုက်သည်။
“မြောင်!”။ ဟုတ်တယ် ဟုတ်တယ်! အရသာရှိတာတွေ စားရတာ ပျော်ဖို့ကောင်းတယ်!
“ဒါမယ့် သူတို့မှ ဟင်းချက်မတော်တာ”
“မြောင်”
“ငါ့ဆယ်လီတူလေးလို သီချင်းအဆိုတော်ရင်လည်း ဖေဖေနဲ့ မေမေတို့အတွက် သီချင်းကောင်းကောင်းလေး ဆိုပြပြီး တောင်းပန်လို့ရတယ်။ သီချင်းနားထောင်ပြီးရင် ဖေဖေနဲ့ မေမေက ပျော်သွားမှာ”
“မြောင်!” ဟုတ်တယ် ဟုတ်တယ်။ သီချင်းနားထောင်ရတာလည်း ပျော်ဖို့ကောင်းတယ်!
“ဒါမယ့် သူတို့ သီချင်းလည်း ဆိုတတ်မယ့်ပုံ မပေါ်ဘူး”
“မြောင်”
“ကိုကြီးလို ရွှံ့စေးရုပ်လေးတွေ လုပ်တတ်ရင်လည်း ချစ်စရာကောင်းတဲ့ SpongeBob အရုပ်လေးတွေ လုပ်ပြီး ဖေဖေနဲ့ မေမေတို့ကို တောင်းပန်လို့ရတယ်။ ဖေဖေနဲ့ မေမေတို့ အရုပ်လေးတွေ လက်ဆောင်ရရင် ပျော်သွားမှာ”။
“မြောင်!”။ ဟုတ်တယ် ဟုတ်တယ်။ ချစ်စရာကောင်းတဲ့ အရုပ်လေးတွေ လက်ဆောင်ပေးရမယ်။
“ဒါပေမယ့် သူတို့ အရုပ်လည်း မလုပ်တတ်လောက်ဘူး။ ပြီးတော့ ငါက ဘာလို့ ကိုကြီးအကြောင်း စဉ်းစားနေတာလဲ။ သူက ဒီလောက် ဆိုးတာကို”။ စူစူလေး တီးတိုး ရေရွတ်လိုက်ပါသည်။
အစ်ကိုငယ်နဲ့ ယောက်မတို့ကို ကူညီပေးဖို့ စဉ်းစားနေရင်းက ဘာလို့ ကိုကြီးဆီ အတွေးရောက်သွားရတာလဲ။
ကိုကြီးက သူမကိုတောင် စကားမပြောတော့ပါ။ သူလုပ်ပေးထားသည့် SpongeBob အရုပ်လေးတွေကိုလည်း တခြား ကလေးတွေကို ပေးပစ်မှာဖြစ်သည်။ ထို့ကြောင့် သူ့အကြောင်း စဉ်းစားစရာ မလိုပါ။
ဟွန်း! အရင်တုန်းကပဲဖြစ်ဖြစ် အခုပဲဖြစ်ဖြစ် နတ်ယုတ်မာကြီးက နတ်ယုတ်မာကြီးပဲ! မုန်းလိုက်တာ!
စူစူလေး စိတ်ဓာတ်ကျသွားပြီး မျက်နှာလေး ညှိုးငယ်သွားပါသည်။
“မြောင်…”
စူစူလေးနဲ့ ဟူကျစ်တို့ အချိန်အတော်ကြာအောင် တိုင်ပင်ခဲ့သော်လည်း အသုံးဝင်သည့်အကြံဉာဏ် ဘာမှ မရခဲ့ပါ။
ထိုစဉ် စာကြည့်ခန်းရှေ့မှ ဖြတ်သွားသည့် ဝမ်ချင်းတစ်ယောက် စူစူလေး တစ်ယောက်တည်း စကားပြောနေတာကို ကြားသွားပါသည်။
သူမ စိတ်ဝင်တစားဖြစ်သွားပြီး စာကြည့်ခန်းထဲ ဝင်လာခဲ့သည်။
“စူစူလေး”
စူစူလေး လှည့်ကြည့်လိုက်ရာ ဝမ်ချင်းကို မြင်သွားသည်။ “အင်း”
“ဘာတွေ စဉ်းစားနေတာလဲ”။ ဝမ်ချင်း အပြုံးဖြင့် မေးလိုက်ပါသည်။
“အစ်ကိုငယ်နဲ့ ယောက်မငယ်တို့ကို ဖေဖေနဲ့ မေမေတို့ ခွင့်လွှတ်အောင် ဘယ်လို ကူညီရမလဲ စဉ်းစားနေတာ”။ စူစူလေး ပြန်ဖြေလိုက်ပါသည်။
ဝမ်ချင်း အပြုံး အနည်းငယ် တောင့်တင်းသွားသည်။ စူစူလေးက သူမကိုတောင် ယောက်မဟု သေသေချာချာ ခေါ်ဖူးတာ ရှားပါသည်။ သို့သော် ယန်းမင်အာကိုတော့ အလွယ်တကူပဲ ယောက်မငယ်ဟု ခေါ်ဆိုနေလေပြီ။
ဝမ်ချင်း ထပ်မေးလိုက်သည်။ “အစ်ကိုငယ်နဲ့ ယောက်မငယ်တို့ကို ဘာလို့ ခွင့်လွှတ်ပေးစေချင်တာလဲ။ စူစူလေးပဲ ဖေဖေ မေမေတို့ဘက်က ရပ်တည်ပြီး သူတို့ကို အသိအမှတ်မပြုဘူးဆို”
“ပြောပြလို့ မရဘူး”။ စူစူလေးက နှုတ်လုံပါသည်။ အစ်ကိုငယ်ရဲ့ လျှို့ဝှက်ချက်ကို သူမ အလွယ်တကူ ပြောပြမှာ မဟုတ်ပါ။
“ပြောပြလို့ မရဘူး ဟုတ်လား”။ ဝမ်ချင်း အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
“အွန်း! ပြောပြလို့ မရဘူး!”။ အစ်ကိုငယ်ကို ကတိပေးထားသဖြင့် လုံးဝ ပြောပြလို့ မရပါ။ သူမက ကတိတည်သည်။
“ဘာလို့ ပြောပြလို့ မရတာလဲ။ ယောက်မကိုတောင် ပြောပြလို့ မရဘူးလားဟင်”။ ဝမ်ချင်း အနေခက်သွားသော်လည်း အားတင်းကာ ပြုံးလိုက်ပြီး မေးလိုက်ပါသည်။
“သမီးနဲ့ အစ်ကိုငယ်တို့ရဲ့ လျှို့ဝှက်ချက် မို့လို့!”
ဒီလျှို့ဝှက်ချက်ကို ဖေဖေနဲ့ မေမေတို့ကိုတောင် ပြောပြလို့ မရပါ။
“ဟုတ်… ဟုတ်လား”။ ဝမ်ချင်း အနေခက်စွာ ပြုံးလိုက်သည်။ ခေတ္တစဉ်းစားပြီးနောက် သူမ ဆက်ပြောလိုက်ပါသည်။ “အဲ့တာဆို ယောက်မက စူစူလေးကို အကြံ ကူစဉ်းစားပေးမယ်လေ”
“အွန်း”။ စူစူလေး ခေါင်းငြိမ့်လိုက်ပါသည်။ သူမနဲ့ ဟူကျစ်တို့ နှစ်ယောက်တည်း စဉ်းစားလို့မရသဖြင့် အကူအညီ လိုအပ်ပါသည်။
“ဒါမယ့် အစ်ကိုငယ်နဲ့ ယောက်မငယ်တို့ကို သမီးကူညီနေတယ်လို့ ဖေဖေနဲ့ မေမေ့ကို ပြောပြလို့ မရဘူးနော်!”။ စူစူလေးမှာ စည်းကမ်းတစ်ခုတော့ ရှိပါသည်။
“အင်းပါ မပြောပြဘူးနော်”။ ဝမ်ချင်း သဘောတူလိုက်သည်။
“အဲ့တာဆို အကြံပေး!”
“ဟုတ်ပြီ ဒီလိုလုပ်ကြည့်လိုက် စူစူလေး…”။ ဝမ်ချင်းက စူစူလေးကို အကြံကူစဉ်းစားပေးလိုက်သည်။
ဝမ်ချင်း၏ အကြံကို ကြားပြီးနောက် စူစူလေးမျက်နှာ ဇဝေဇဝါဖြစ်သွားပါသည်။ “အဲ့လိုလုပ်လိုက်ရင် ဖေဖေနဲ့ မေမေတို့က အစ်ကိုငယ်တို့ကို တကယ်ခွင့်လွှတ်မှာလား”
… … …
အခန်း(၁,၀၂၅) စူစူလေး ဘာဝယ်ချင်သလဲ
“အင်း အကူအညီဖြစ်လိမ့်မယ်။ ဖေဖေနဲ့ မေမေတို့က စူစူလေးကို အရမ်းချစ်တယ်မလား။ အဲ့တာကြောင့် သူတို့ကိုလည်း ဖေဖေနဲ့ မေမေတို့ ခွင့်လွှတ်ပေးမှာပါ”။ ဝမ်ချင်း ရှင်းပြလိုက်သည်။
စူစူလေး ခေတ္တစဉ်းစားလိုက်ပြီး ခေါင်းငြိမ့်လိုက်လေသည်။ “အဲ့တာဆို စမ်းကြည့်လိုက်မယ်!”
“အင်း စမ်းကြည့်လိုက်!”။ ဝမ်ချင်း မသိမသာ ပြုံးမိသွားသည်။ ဘာတွေဆက်ဖြစ်လာမလဲ သူမ သိချင်နေပါပြီ။
--- --- ---
ညနေခင်း ညစာစားချိန်ရောက်သောအခါ ချင်းမိသားစုဝင်တို့ ညစာစားပွဲဝိုင်းတွင် စုစည်းမိကြသည်။
ပုံမှန်ဆို မိသားစုဝင်အများစုက အိမ်မှာမရှိကြပါ။ အိမ်မှာ ပုံမှန် ရှိတတ်သူဆိုလို့ အဘိုးချင်းနဲ့ အဘွားချင်း၊ စူစူလေး၊ ချင်းရှင်းကျစ်၊ ဝမ်ချင်း၊ ချင်းယုဟွိုင်းနဲ့ ချင်းယုကျီးတို့သာ ရှိသည်။ ထို့ကြောင့် ဧရာမ ညစာစားပွဲဝိုင်းကြီးက အနည်းငယ် ခြောက်ကပ်သလို ခံစားခဲ့ရပါသည်။
သို့သော် မကြာသေးခင်က ချင်းယွင်ကျစ်တို့ မိသားစုဝင် သုံးယောက်ပါ ထပ်တိုးလာသဖြင့် ပိုမို စည်ကားလာခဲ့သည်။
ပထမဆုံးနေ့ကထက် စာလျှင်တော့ အခြေအနေတွေက ပိုမိုတိုးတက်လာသည်ဟု ဆိုနိုင်သည်။
အသိသာဆုံး ပြောင်းလဲမှုက ချင်းယွင်ကျစ် အသားဟင်းတွေ စားနိုင်ပြီဖြစ်သည်။ ပဲပင်ပေါက်ပဲ စားစရာ မလိုတော့ပါ။
မိသားစုဝင်အားလုံး ညစာစားရင်း စကားမပြောဖို့ စည်းကမ်းကိုလိုက်နာကာ အေးအေးချမ်းချမ်း စားခဲ့ကြပါသည်။ ထို့နောက် အိမ်စေတွေ သစ်သီး ယူလာမည့်အချိန်ကို စောင့်နေခဲ့ကြသည်။
စူစူလေးက ဖရဲသီးစိပ်တစ်စိပ်ကို ကိုင်လျက် ချင်းယွင်ကျစ်အား ပြောလိုက်ပါသည်။ “ယွမ်ယွမ်လေးဖေဖေ၊ သမီး အိမ်အကြီးကြီး လိုချင်တယ်!”
မိသားစုဝင်အားလုံး ကြက်သေသေသွားကြပြီး ဖရဲသီးစားနေသည့် စူစူလေးကို ဝိုင်းကြည့်လိုက်ကြသည်။
စူစူလေးက အိမ်တစ်လုံး လိုချင်တယ်ဟုတ်လား
ဒါ စူစူလေး တောင်းဆိုတတ်တဲ့ တောင်းဆိုမှုမျိုး မဟုတ်ပါဘူး…
စူစူလေးက ဘာကိုမှ မပူဆာတတ်တာများသည်။ ပူဆာလျှင်လည်း ကာတွန်းအရုပ်တွေ၊ ရုပ်ပြစာအုပ်တွေ၊ မီးလင်းသည့် စနိကာဖိနပ်တွေ စသည်တို့ကိုသာ ပူဆာတတ်ပါသည်။
ထို့ကြောင့် စူစူလေး၏ စကားကို ကြားကာ အားလုံး အံ့အားသင့်သွားခဲ့ရခြင်းဖြစ်သည်။
ဘာတွေဖြစ်နေသလဲဆိုတာ ဝမ်ချင်းတစ်ယောက်တည်းသာ သိနေပါသည်။ စူစူလေးကို သူမကိုယ်တိုင် ဒီအကြံ ပေးထားတာကြောင့် ဖြစ်သည်။
စူစူလေးကို ချင်းယွင်ကျစ်နဲ့ ယန်းမင်အာတို့ထံမှ ပိုက်ဆံနဲ့ ပစ္စည်းတွေ ဝယ်ယူဖို့ တောင်းဆိုခိုင်းခဲ့ခြင်းဖြစ်သည်။ ဒါမှ စူစူလေးကို ချင်းယွင်ကျစ်တို့ လင်မယားက ဘယ်လောက်ချစ်သလဲဆိုတာ အဘိုးချင်းတို့မြင်သွားပြီး ခွင့်လွှတ်ပေးကြလိမ့်မည်ဟု ဝမ်ချင်း အကြံပေးခဲ့ပါသည်။
တကယ်တော့ ချင်းယွင်ကျစ်နဲ့ ယန်းမင်အာတို့ နိုင်ငံခြားမှ ချမ်းချမ်းသာသာ ခေါင်းမော့ရင်ကော့ပြီး ပြန်လာသည်ဟု ဝမ်ချင်း မယုံကြည်ပါ။ ထို့ကြောင့် စူစူလေးက ဒီလိုတွေ ပူဆာလိုက်သောအခါ သူတို့ရဲ့ ငွေရေးကြေးရေး အခြေအနေနဲ့ ရည်ရွယ်ချက် အစစ်အမှန်တွေ ပေါ်လာပါလိမ့်မည်။
ယခု ချင်းယွင်ကျစ်နဲ့ ယန်းမင်အာတို့ရဲ့ တုန့်ပြန်မှုကို သူမ စောင့်ကြည့်ဖို့သာ လိုပါတော့သည်။
စူစူလေးက ချင်းယွင်ကျစ်နဲ့ ယန်းမင်အာတို့ကို မျှော်လင့်တကြီး ကြည့်နေပါသည်။
အားလုံးရှေ့မှာ ယန်းမင်အာ ပြုံးလိုက်ပြီး စူစူလေးကို မေးလိုက်သည်။ “စူစူလေးက ဘယ်လို အိမ်မျိုးလိုချင်တာလဲ။ ခဏနေရင် ယောက်မ ဓာတ်ပုံလေးတွေပြမယ်။ စူစူလေး ကြိုက်တာ ရွေးလိုက်”။
ယန်းမင်အာက အလွယ်တကူ လိုက်လျောလိုက်လေသည်။
“အကြီးကြီးနဲ့ အရမ်းလှတဲ့ အိမ်လိုချင်တာ!”။ စူစူလေး ပြောလိုက်သည်။
“ကိစ္စမရှိဘူး!”။ ယန်းမင်အာ တွန့်ဆုတ်မှု မရှိဘဲ သဘောတူလိုက်သည်။
ဒေါသထွက်ဖို့နေနေသာသာ သူမ စိတ်ထဲမှာ ကြိတ်ပျော်နေတာဖြစ်သည်။
“ပြီးတော့ အဝါရောင်ပစ္စည်းလေးတွေလည်း လိုချင်တယ်”။ စူစူလေး ထပ်ပူဆာလိုက်သည်။
“အဝါရောင်ပစ္စည်းလေးတွေ ဟုတ်လား။ ဘာကို ပြောတာလဲ”။ ယန်းမင်အာ နားမလည်သဖြင့် ပြန်မေးလိုက်ပါသည်။
“ဒီဟာလေ ဒီဟာ…”။ စူစူလေး အိတ်ကပ်ထဲ မွှေနှောက်ရှာဖွေလိုက်ပြီး ရွှေသော့လေး တစ်ချောင်းကို ထုတ်ပြလိုက်ပါသည်။ “ဒီလိုမျိုးလေး!”
ရွှေကိုပြောတာကိုး! အဲ့တာဆို လွယ်ပါတယ်!
ယန်းမင်အာ ချက်ချင်း ပြန်ပြောလိုက်သည်။ “ရတယ် ကိစ္စမရှိဘူး! စူစူလေးရဲ့ အစ်ကိုငယ်ကို အခုချက်ချင်း ယူလာခိုင်းလိုက်မယ်။ ထပ်လိုချင်သေးရင် မနက်ဖြန် ယောက်မ လိုက်ဝယ်ပေးမယ်”
ငွေနဲ့ ဝယ်ယူလို့ရတာမှန်သမျှကို ယန်းမင်အာတို့ ဖြည့်ဆည်းပေးနိုင်သည်။
ယခု အိမ်မှာလည်း ရွှေတချို့ ရှိနေပါသည်။ အများကြီး မဟုတ်သော်လည်း စူစူလေးကို အရင်ပေးထားလို့ရသည်။
ရွှေချောင်း ရွှေတုံးတွေ ပေါင်းလိုက်ရင် ဆယ်ပေါင်ကျော်ကျော်လောက်တော့ ရှိမှာပါ ဟုတ်တယ်မလား…
ပြီးတော့ မနက်ဖြန်လည်း ထပ်ဝယ်ပေးဦးမှာပဲ ဥစ္စာ။
ချင်းယွင်ကျစ် ခေါင်းငြိမ့်လိုက်ပြီး မတ်တပ်ထရပ်လိုက်သည်။
ဝမ်ချင်း တုန်လှုပ်သွားပါသည်။
သူတကယ်ကြီး သွားယူမလို့လား။
သူတို့မှာ တကယ်ရှိတာလား
ပြီးတော့ စူစူလေးကို အဲ့လောက် ငွေတွေအများကြီး တကယ်ပေးချင်ကြတာလား။
… … …