← Chapters

အခန်း (၁၀၃၁-၁၀၃၅)

Vol. 42 Ch. 1031-1035

အခန်း (၁၀၃၁-၁၀၃၅)

Vol. 42 Ch. 1031-1035

အခန်း(၁,၀၃၁) လျှို့ဝှက်အကြံအစည်တွေ ရှိနေမှာစိုးတယ်

“အဟွတ် အဟွတ် အစ်ကိုကြီး EQ နိမ့်တာ မှန်ပေမယ့် တခြားအကြောင်းပဲ ပြောကြရအောင်လေ”

“ပြီးတာပဲ နင်အဲ့လောက် သိချင်နေရင် ငါပြောပြမယ်။ ကြီးကြီးမားမား မဟုတ်ပါဘူး။ နင့်ဦးလေးငယ်နဲ့ ဒေါ်လေးတို့ ငယ်ငယ်တုန်းက အရမ်းဆိုးကြတာ။ သူတို့ အထက်တန်းကျောင်းမှာကတည်းက တွဲခဲ့ကြတာလေ။ အဲ့ဒီအချိန် နင့်ဦးလေးက ရန်ဖြစ်တတ်နေပြီ။ နင့်ဒေါ်လေးလည်း ပါတယ်။ ပြဿနာကြီးတဲ့အချိန်တွေဆို ရဲစခန်းကိုတောင် လိုက်ခေါ်ရတာ”

ချင်းယုကျီး မျက်လုံးပြူးသွားသည်။

ဒီဇာတ်လမ်းကို ကြားဖူးသလိုပဲ…

သူ့ဦးလေးက ချင်းယုကျီးရဲ့အကျင့်နဲ့ တူနေပါသည်။ သို့သော် ချင်းယုကျီးကတော့ ရည်းစား မရခဲ့ပါ။

ဝမ်ချင်း ဆက်ပြောလိုက်သည်။ “အဲ့တာကြောင့် သူတို့အခုလို ကြီးပွားနေတာမြင်တော့ ငါမယုံသင်္ကာဖြစ်နေတယ်။ သူတို့ တစ်ခုခု ကြံစည်နေကြတယ်လို့လည်း သံသယဖြစ်မိတယ်။ နင့်အဘိုးအဘွားတွေရဲ့ ပိုင်ဆိုင်မှုတွေကို ပစ်မှတ်ထားနေတာ ဖြစ်နိုင်တယ်လေ”

ချင်းယွင်ကျစ်နဲ့ ယန်းမင်အာတို့ နိုင်ငံခြားမှာ အလွယ်တကူ ကြီးပွားချမ်းသာလာပြီး ပြန်လာကြသည်ဆိုတာကို ဝမ်ချင်း မယုံကြည်နိုင်ပါ။

“ဒါပေမယ့် အဲ့တာတွေက ပြီးခဲ့ပြီလေ။ ကျွန်တော့်ကိုပဲ ကြည့်လိုက်။ ကျွန်တော်လည်း ပြောင်းလဲသွားပြီ မဟုတ်ဘူးလား။ ဦးလေးငယ်နဲ့ ဒေါ်လေးတို့လည်း စိတ်သစ်လူသစ်တွေ ဖြစ်သွားကြပြီနေမှာပေါ့”

“သူတို့ တကယ် အဆင်ပြေနေတာဆိုရင် နှစ် ၂၀ လုံးလုံး ဘာလို့ ပေါ်မလာကြတာလဲ။ ဘယ်လောက်ပဲ အလုပ်များနေပါစေ အားလပ်ရက်တွေ နေ့ထူးနေ့မြတ် ရက်တွေဆိုရင်တော့ နင့်အဘိုးအဘွားတွေဆီ ပြန်လာသင့်တာပေါ့။ အခုမှ ပြန်လာပြီး လိမ္မာချင်ယောင် ဟန်ဆောင်လေလေ ငါက ပိုမယုံလေလေပဲ။ မိဘအပေါ် တကယ်သိတတ်တဲ့ သားသမီးတွေက နှစ် ၂၀ လောက် ပစ်ထားမှာ မဟုတ်ဘူး”

“အဲ့တာက…”။ ချင်းယုကျီးလည်း ဘယ်လိုချေပရမလဲ မသိပါ။ သူ့အမေပြောတာလည်း မှန်ပါသည်။

သူ့ဦးလေးငယ်နဲ့ ဒေါ်လေးတို့ နှစ် ၂၀ လုံးလုံးပျောက်သွားသည့် ကိစ္စက ထူးဆန်းလွန်းပါသည်။

“ပထမတော့ ငါ့ကို ရန်စတယ်။ ပြီးတော့ စူစူလေးကို ကပ်ဖားလျက်ဖား လုပ်ကြတယ်။ အခု နင့်အဘိုးအဘွားတွေရှေ့မှာ သိတတ်ချင်ယောင် ဆောင်နေကြပြီ။ သူတို့မှာ လျှို့ဝှက်အကြံအစည်ရှိတယ်လို့ ငါသံသယဖြစ်တာ မမှားဘူး။ စူစူလေးက အရမ်းငယ်သေးတော့ သူတို့ဘက် ပါအောင် ဘယ်လိုပြောလိုက်ကြလဲ မသိဘူး။ အဲ့တာတွေကို ကြည့်ပြီး ငါစိတ်မပူဘဲ နေမလား”

“အမေပြောတာ မှန်ရင်တောင် အရမ်းကြီး တွေးပူမနေပါနဲ့။ အမေက ညီလေးကို လွယ်ထားရတာ။ စိတ်ပူပန်နေတာ ကလေးအတွက်ကော အမေအတွက်ကော မကောင်းဘူး”။ ချင်းယုကျီး ပြောလိုက်သည်။

သူ့ညီလေးက စူစူလေးလောက် ချစ်ဖို့ မကောင်းနိုင်သော်လည်း အစ်ကိုကြီးတစ်ယောက်အနေနဲ့ သူ့ကျန်းမာရေးကို စောင့်ရှောက်ပေးရပါမည်။

“ကလေးတွေ နားလည်မယ့် ကိစ္စ မဟုတ်ပါဘူး။ ငါမှ စိတ်မပူရင် ဒီမိသားစုထဲမှာ ဘယ်သူ စိတ်ပူမှာလဲ”။ ဒီမိသားစုထဲက တခြားသူတွေမှာ သူမလို အရိပ်အကဲမကြည့်တတ်ဘူးဟု ဝမ်ချင်းထင်နေသည်။

သူမသာ သတိမထားလျှင် ချင်းမိသားစုကို အပြင်လူတွေ ဝင်ရောက် ဖျက်ဆီးသွားနိုင်သည်။

“ဒါပေမယ့်…”

ချင်းယုကျီးက ထပ်ဖြောင်းဖြဖို့ ကြိုးစားသော်လည်း ဝမ်ချင်း ချက်ချ်ငး တားလိုက်ပါသည်။ “အဲ့ကိစ္စ စိတ်ပူမနေစမ်းပါနဲ့။ နင့်အမေမှာ ကိုယ့်အစီအစဉ်နဲ့ကိုယ်ရှိတယ်”

ချင်းယုကျီး သေချာစဉ်းစားလိုက်သည်။ လောလောဆယ် သူ့အမေကို ဖြောင်းဖြနိုင်မှာ မဟုတ်မှန်း သိသဖြင့် ချင်းယုကျီး ခဏ မေ့ထားလိုက်ရတော့သည်။

--- --- ---

ချင်းယွင်ကျစ်နဲ့ ယန်းမင်အာတို့ ကတိတည်ခဲ့ကြပါသည်။ နောက်တစ်နေ့ မိုးလင်းတာနဲ့ ရွှေပုံးတွေ၊ အိမ်စာချုပ်တွေနဲ့ စူစူလေးကို လာတွေ့ကြပါသည်။

အဘိုးချင်းနဲ့ အဘွားချင်းတို့ အောက်ထပ်သို့ ဆင်းလာရာ ဧည့်ခန်းထဲ ချထားသည့် သစ်သားရွှေပုံးကြီးနှစ်ပုံးကို မြင်လိုက်ရလေသည်။

အဘွားချင်းက မကျေမနပ်ပြောလိုက်ပါသည်။ “ငါတို့အိမ် ကြမ်းပြင် ဘယ်လောက်ခိုင်လဲ လာစစ်နေကြတာလား”

သူတို့သာ ဒီလိုတွေ ဆက်ဝယ်ပေးနေလျှင် စူစူလေးရဲ့ အခန်းကို ပထမထပ်သို့ ပြောင်းရပါတော့မည်။ အပေါ်ထပ်မှာ ဒီလောက်လေးလံသည့် ပစ္စည်းတွေ တင်ထားပါက ကြမ်းပြင်ကျွံကျသွားနိုင်သည်။

ယန်းမင်အာက အပြုံးဖြင့် ပြန်ပြောလိုက်ပါသည်။ “စူစူလေး တစ်ခုခု ပူဆာတယ်ဆိုတာ ရှားတယ်မလား။ အဲ့တာကြောင့် သမီးတို့က အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးတာပါ”

“ချွေးမကောင်းဖြစ်အောင်တော့ မနေတတ်သေးဘူး။ ယောက်မကောင်းဖြစ်အောင် နေတတ်နေပြီပေါ့ ဟုတ်လား” အဘွားချင်း မကျေမနပ် ပြောလိုက်ပါသည်။

… … …

အခန်း(၁,၀၃၂) စကားတည်တယ်

နှစ် ၂၀ တောင် ပျောက်သွားခဲ့တာ! ၂ လ မဟုတ် ၂ နှစ်မဟုတ်တဲ့ နှစ် ၂၀ ကြီးများတောင်!

ထိုအကြောင်း စဉ်းစားမိရုံနဲ့ အဘွားချင်းဒေါသထွက်ရပါသည်။

ကျေးဇူးမသိတတ်တဲ့ဟာတွေ! ကျွေးမွေးစောင့်ရှောက်ခဲ့ရတာ အလကားပဲ!

“အမေကလည်း သမီး ချွေးမကောင်းဖြစ်အောင် သင်ယူနေပါတယ်။ သမီးလိုအပ်တဲ့နေရာရှိရင် ပြောလေ။ သေချာပေါက် ပိုကြိုးစားပါ့မယ်”။ ယန်းမင်အာ အမြန် ကတိပေးလိုက်ပါသည်။

“ဟင်း”။ အဘွားချင်းက သိပ်မကျေနပ်သေးပါ။

စူစူလေးလည်း အောက်ထပ်သို့ ဆင်းလာသည်။ စူစူလေးကို မြင်တော့ ယန်းမင်အာက အိမ်ပိုင်ဆိုင်မှုစာချုပ်ကို စူစူလေး လက်ထဲ ထည့်ပေးလိုက်ပါသည်။

“စူစူလေး ဒီစာချုပ်ကို သေချာ သိမ်းထားနော်။ အဲ့ဒီဗီလာကြီးကို စူစူလေး ပိုင်တယ်ဆိုတဲ့ သက်သေပဲ။ ပြီးတော့ ဒီပုံးတွေထဲမှာ စူစူလေး သဘောကျတဲ့ အဝါရောင်ပစ္စည်းလေးတွေပါတယ်’

အဘွားချင်းက စာချုပ်ကို မယုံသင်္ကာကြည့်လိုက်သည်။ “အိမ်ဝယ်တာ အဲ့လောက်မြန်သလား”

ယန်းမင်အာ အပြုံးဖြင် ရှင်းပြလိုက်သည်။ “ဟုတ်တယ် အိမ်ပိုင်ရှင်နဲ့ ညှိနှိုင်းတာ အရမ်း အဆင်ပြေလို့လေ။ ဒီနေ့မနက် မိုးလင်းတာနဲ့ စာချုပ်စာတမ်းကိစ္စ အားလုံး ဖြေရှင်းပြီးသွားပြီ”

ငွေသာရှိရင် ကျန်တာ ဘာမှ မခက်ခဲပါ။

စူစူလေးက စာချုပ်ကို သိပ်ဂရုမစိုက်ဘဲ တောက်ပနေသည့် ရွှေတွေဆီကိုသာ အာရုံရောက်သွားပါသည်။

နတ်သားရဲဖြစ်သည့် စူစူလေးက အသိုက်ဆောက်ဖို့အတွက် တောက်တောက်ပပနဲ့ အလွန်လှပသည့် ရွှေတွေ၊ ငွေတွေ၊ ကျောက်မျက်ရတနာတွေကို စုဆောင်းရတာ သဘောကျသည်။ လူသားကလေး ဖြစ်သွားရင်တောင် ထိုအလေ့အထက ပျောက်မသွားသေးပါ။

စူစူလေး၏ ပျော်ရွှင်နေသော မျက်နှာလေးကို မြင်ကာ ယန်းမင်အာလည်း‌ ပျော်ရွှင်သွားပါသည်။

ယောက်မလေးက အလွန်ချစ်ဖို့ကောင်းပါသည်။ ဒီလို ချစ်ဖို့ကောင်းသည့် ယောက်မလေးကို လက်ဆောင်တွေ ပေးနိုင်တာ သူမအတွက် ဝမ်းသာစရာ ဖြစ်သည်။

ထို့အပြင် ယောက်မလေးက သူမတို့ လင်မယားအပေါ်လည်း အလွန်ကောင်းပြီး အဖေနဲ့ အမေတို့ကို ကူညီ တောင်းပန်ပေးခဲ့သည်။

အဘိုးချင်းက စူစူလေးကို လှမ်းခေါ်လိုက်ပါသည်။ “သမီးလေး”

“ဖေဖေ!”။ စူစူလေးက ရွှေချောင်းတွေကို ပြန်ချလိုက်ပြီး အဘိုးချင်းဆီ ပြေးသွားပါသည်။

“သမီးလေး သဘောကျရင် အကုန်လုံးကို အခန်းထဲ ယူသွား။ အဲ့ဒီ ဆန်ကုန်မြေ- အဲ‌လေ ယွမ်ယွမ်လေးဖေဖေနဲ့ မေမေကို ဘာမှ အားနာနေစရာမလိုဘူး။ ယူချင်တာ အကုန်ယူ ကြားလား”။ အဘိုးချင်းက နည်းနည်းလေးမှ အားမနာပါ။

“အွန်း အွန်း!”။ စူစူလေး ခေါင်းငြိမ့်လိုက်ပါသည်။

ထို့နောက် အပေါ်ထပ်သို့ ပြေးတက်သွားခဲ့သည်။

စူစူလေး ပျော်ရွှင်တက်ကြွနေပုံကို မြင်ပြီး အဘိုးချင်းလည်း ကြည်နူးသွားခဲ့ပါသည်။

ထို့နောက် ချင်းယွင်ကျစ်နဲ့ ယန်းမင်အာတို့ကို မော့ကြည့်လိုက်ပြီး နှစ် ၂၀ အကြာမှာ ပထမဆုံးအကြိမ်အဖြစ် ချီးကျူးလိုက်ပါသည်။ “အနည်းဆုံးတော့ မင်းတို့ စကားတည်သားပဲ”

“အင်း”။ ချင်းယွင်ကျစ်၏ မျက်နှာက တည်တံ့နေဆဲ ဖြစ်သော်လည်း မျက်လုံးတွေကတော့ အလွန် နွေးထွေးနေခဲ့သည်။

--- --- ---

ညနေခင်းတွင် မိသားစုဝင်များ ညစာစားပြီးနောက် လက်ဘက်ရည်ခန်းထဲ အတူတူထိုင်ကာ စကားပြောခဲ့ကြသည်။

လူကြီးတွေက လက်ဘက်ရည်သောက်နေပြီး ကလေးတွေကတော့ ဒိန်ချဉ်တွေ၊ နို့တွေ သောက်နေကာ လူကြီးတွေ စကားပြောတာကို နားထောင်နေကြပါသည်။

စကားပြောဆိုနေကြစဉ် စူစူလေး တစ်ခုခု သတိရသွားပြီး အဘိုးချင်းထံ ပြေးသွားလေသည်။

“ဖေဖေ သမီး ယွမ်ယွမ်လေးဖေဖေဆီက ကိုယ်ခံပညာ သင်ချင်တယ်!”

“သမီးလေး… ယွမ်ယွမ်လေးဖေဖေ ငယ်ငယ်က ပြဿနာအိုးလေ။ အဲ့တာကြောင့် သူ့ဆီက ဘာမှ မသင်ယူသင့်ဘူး”။ အဘိုးချင်း ကန့်ကွက်လိုက်ပါသည်။

“ပြဿနာအိုးဆိုတာ ဘာလဲ”။ စူစူလေး ပြန်မေးလိုက်သည်။

“ပြဿနာအိုးဆိုတာ… သမီးတူလေး ယုကျီးလိုပေါ့။ အမြဲတမ်း ရန်ဖြစ်ပြီး ပြဿနာလိုက်ရှာနေတာကို ပြောတာ”။ အဘိုးချင်း သာဓကပေးပြီး ရှင်းပြလိုက်ပါသည်။

ဘေးမှ ချင်းယုကျီး မျက်လုံးပြူးသွားလေသည်။

ဘာလဲဟ… သူလည်း ဘာမှ ဝင်မပြောရသေးပါဘူး!

အလကားနေရင်း ဘာလို့ အဖဲ့ခံလိုက်ရတာလဲ။

“အဲ့တာဆို ဘာမှမဖြစ်ပါဘူး။ တူလေးယုကျီးက အခု အရမ်းလိမ္မာနေပြီပဲဥစ္စာ!”။ စူစူလေး ချီးကျူးလိုက်ပါသည်။

ချင်းယုကျီး မျက်နှာ ချက်ချင်း ရွှင်လန်းသွားခဲ့သည်။

“ဟုတ်တယ် ဟုတ်တယ် ဒေါ်လေးပြောတာ အမြဲတမ်း မှန်တယ်”

ချင်းယုကျီး စကားမဆုံးခင် အဘိုးချင်း၏ စူးစူးဝါးဝါး စိုက်ကြည့်မှုကို ခံလိုက်ရပါသည်။

အရိပ်အကဲမကြည့်တတ်ရင် စကားဝင်မပြောနဲ့ကွ!

ဘာတွေဖြစ်နေသလဲ နားမလည်ဘူးလား!

… … …

အခန်း(၁,၀၃၃) ဒီ့ထက်တောင် ပိုသန်မာလာချင်တာ

ချင်းယုကျီး ချက်ချင်း ပါးစပ်ပိတ်သွားသည်။

ထို့နောက် အဘိုးချင်းက စူစူလေးကို အပြုံးဖြင့် ထပ်ရှင်းပြလိုက်ပါသည်။ “သမီးလေး။ ယွမ်ယွမ်လေးဖေဖေနဲ့ ယုကျီးက မတူဘူးလေ။ သမီးတူလေးက ငယ်သေးတော့ ပြောင်းလဲလို့ ရသေးတယ်။ အမှားလုပ်မိရင် အမှန်ပြင်ဖို့ အချိန် ရှိသေးတယ်။ ဒါပေမယ့် ယွမ်ယွမ်လေးဖေဖေက အသက်ကြီးနေတာတောင် အမှားတွေ လုပ်နေတုန်းပဲဆိုတော့ ကယ်လို့ မရတော့ဘူး”

“မဟုတ်ပါဘူး ယွမ်ယွမ်လေးဖေဖေက မဆိုးပါဘူး!”

“အဲ…”။ သမီးဖြစ်သူရဲ့ ယုံကြည်မှုအပြည့်ရှိသော မျက်နှာလေးကို ကြည့်ရင်း အဘိုးချင်း သားငယ်ကို မကောင်းပြောဖို့ ကြံထားတာတွေ ပြန်မျိုသိပ်လိုက်ရပါသည်။

ဟူး… စူစူလေးကို သူ့သားနဲ့ သူနဲ့ကြားက ပြဿနာတွေ ပြောမပြသင့်ဘူး…

ထို့အပြင် မကြာသေးခင်က အဖြစ်အပျက်တွေကို ကြည့်ခြင်းအားဖြင့် စူစူလေးကို ချင်းယွင်ကျစ်တို့ လင်မယား အလွန်ချစ်မြတ်နိုးမှန်း သိသာပါသည်။

သူတို့ သမီးလေးကို ချစ်မြတ်နိုးသူတစ်ယောက် တိုးလာလျှင် အဘိုးချင်းတို့ တစ်ခါထပ်ပျော်ရပါသည်။

“သမီးလေးက သန်မာပြီးသားပဲဥစ္စာ။ အသက်နည်းနည်းကြီးမှ ထပ်သင်ပါလား”။ အဘိုးချင်း အကြံပေးလိုက်သည်။

သူတို့ သမီးလေးက အလွန်‌သေးငယ်ပါသေးသည်။ ကိုယ်ခံပညာ သင်ယူရတာ ပင်ပန်းလိမ့်မည်။

ထို့အပြင် ဒဏ်ရာတွေရသွားမှာလည်း ကြောက်ရသည်။ သူတို့သမီးလေး အလွန်နာကျင်ရလိမ့်မည်။

“မသန်မာသေးပါဘူး။ သမီးက ဒီ့ထက်တောင် ပိုသန်မာလာချင်တာ!”။ စူစူလေးမှာ ပန်းတိုင်တစ်ခုရှိသည်။ “သမီးက တစ်ကမ္ဘာလုံးမှာ အသန်မာဆုံးဖြစ်ချင်တာ!”

နတ်ယုတ်မာကြီးကိုတောင် လွင့်ထွက်သွားအောင် လုပ်နိုင်မယ့်သူမျိုး!

သူမကို ထားခဲ့ပြီး မခေါ်ဘဲ နေရဲဦးမလား ကြည့်ကြသေးတာပေါ့!

အဘိုးချင်း အခက်တွေ့သွားသည်။ သူ မဆုံးဖြတ်နိုင်တော့သဖြင့် မိန်းမဖြစ်သူကို လှည့်ကြည့်လိုက်ပါသည်။

အဘွားချင်း ဘာမှ မပြောနိုင်ခင် ဝမ်ချင်းက ဝင်ပြောလိုက်လေသည်။ “စူစူလေးက မိန်းကလေးလေ။ မိန်းကလေးတွေက အဲ့လောက်ကြီး သန်မာဖို့ မလိုပါဘူး”

“မဟုတ်ပါဘူး မိန်းကလေးနဲ့ ယောက်ျားလေးတွေက ဘာမှ မကွာခြားဘူး။ မိန်းကလေးတွေလည်း သန်မာလို့ ရတယ်!”။ စူစူလေး ပြန်ပြောလိုက်သည်။

“ဒါပေမယ့် စူစူလေး ဖေဖေနဲ့ မေမေက အရမ်းစိတ်ပူနေမှာနော်။ ဖေဖေနဲ့ မေမေက စူစူလေးကို ဒီတိုင်း ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်နဲ့ ရှိနေစေချင်တာ”။ ဝမ်ရှင်း ရှင်းပြလိုက်ပါသည်။

“ဒါမယ့် သမီး မတိုက်ခိုက်တတ်ရင် လူဆိုးတွေနဲ့ တွေ့တဲ့အခါ ရှုံးသွားမှာပေါ့!”။ စူစူလေးက လက်မခံနိုင်သေးပါ။

စူစူလေးရဲ့ အသံက ကလေးဆန်သော်လည်း သူမစကားကြောင့် ဝမ်ချင်း ပြန်ချေပဖို့ ခက်ခဲသွားပါသည်။

စူစူလေးကြောင့် ဝမ်ချင်း ဆွံ့အသွားတာကို ကြည့်ရင်း ယန်းမင်အာ စိတ်ထဲ ကြိတ်ရယ်လိုက်ပါသည်။

သူမယောက်ျားထံမှ စူစူလေး ကိုယ်ခံပညာသင်တာကို ပေါ်တင် ထောက်ခံပေးလို့ မကောင်းတာကြောင့်သာ မဟုတ်လျှင် ဝမ်ချင်းကို ယန်းမင်အာ အတိုက်အခံပြောနေမှာ ဖြစ်သည်။

အဘွားချင်း ခေတ္တစဉ်းစားလိုက်ပြီး ပြောလိုက်သည်။ “သမီးလေး ယွမ်ယွမ်လေးဖေဖေဆီက ကိုယ်ခံပညာ သင်ချင်တယ်ဆို ရပါတယ်။ ဒါပေမယ့် လိုက်နာရမယ့် စည်းကမ်းချက်တွေတော့ ရှိတယ်”

“စည်းကမ်းချက်ဟုတ်လား ဘယ်လို စည်းကမ်းချက်တွေလဲ”။ စူစူလေး မေးလိုက်သည်။

“စည်းကမ်း နံပါတ် ၁၊ သမီးလေး အပင်ပန်းခံလို့ မရဘူး။ စည်းကမ်း နံပါတ် ၂၊ သမီးလေး သွေးထွက်သံယို ဖြစ်မှာတွေ အကြမ်းပတမ်း နိုင်တာတွေ သင်ယူလို့ မရဘူး။ စည်းကမ်း နံပါတ် ၃၊ ဖေဖေနဲ့ မေမေတို့ အမြဲတမ်း ပြောခဲ့သလိုမျိုးပဲ အန္တရာယ်ကြုံလာတဲ့အခါကျရင် ဖေဖေ၊ မေမေနဲ့ တခြားမိသားစုဝင်တွေကို အရင်သတိရနော်။ ပြဿနာကို ကိုယ်တိုင် ဖြေရှင်းဖို့ မကြိုးစားနဲ့”

အဘွားချင်း စည်းကမ်းချက် သုံးခု ထုတ်လိုက်ပါသည်။

စူစူလေး နှုတ်ခမ်းစူလိုက်ပြီး ချက်ချင်း သဘောမတူသေးပါ။ ထို့နောက် သူမဖေဖေကို လှည့်ကြည့်လိုက်သည်။

“ဖေဖေ့ကို လာမကြည့်နဲ့လေ။ ဖေဖေလည်း မေမေနဲ့ သဘောထားချင်းတူတူပဲ”။ အဘိုးချင်း မျက်နှာလွှဲလိုက်ပါသည်။

မကြည့်နဲ့… မကြည့်နဲ့…။ သမီးလေး မျက်နှာက ချစ်ဖို့ကောင်းလွန်းလို့ တစ်ချက် ကြည့်လိုက်တာနဲ့ နှလုံးသား အရည်ပျော်သွားပြီး အလျှော့ပေးမိသွားနိုင်တယ်…

“ဒါ့မယ့် ဖေဖေ၊ သမီးက လူကြီးဖြစ်နေပြီလေ”။ စူစူလေး အကြောင်းပြချက် ပေးလိုက်သည်။

နောက်လလောက်ဆို ၄ နှစ်တောင် ပြည့်တော့မည်။

သူမက ကလေးမဟုတ်တော့ပါ။ ကိုယ့်ကိုယ်ကိုယ် တာဝန်ယူနိုင်နေပါပြီ။

“သမီးက အဲ့လောက် မကြီးသေးပါဘူး။ ဒီ့ထက် ပိုကြီးလာမှဖြစ်မယ်။ ဖေဖေနဲ့ မေမေတို့လောက် အရပ်ရှည်လာမှ လူကြီးဖြစ်ပြီလို့ သတ်မှတ်နိုင်မှာ” အဘိုးချင်း ရှင်းပြလိုက်ပါသည်။

--- ---- ---

အခန်း(၁,၀၃၄) အစ်ကိုကြီး ဝယ်ပေးထားတာတွေကို ကြွားဝါခြင်း

စူစူလေး နှုတ်ခမ်းစူသွားသည်။ ဒီစည်းကမ်းချက်တွေကို သိပ်လက်မခံချင်ပါ။

သူမ ဖေဖေနဲ့ မေမေတို့လောက် အရပ်ရှည်လာဖို့ဆို အချိန်တွေ အကြာကြီး စောင့်ရလိမ့်မည်။

လူသားတွေက လူကြီးဖြစ်မဖြစ်ကို ဘာလို့ အရပ်နဲ့ပဲ တိုင်းကြတာလဲ။

သူမ နတ်သားရဲဘဝတုန်းကလည်း နတ်ယုတ်မာကြီးက သူမကို အရွယ်မရောက်သေးဘူးဟု ဆိုခဲ့သည်။ သို့သော် နတ်ယုတ်မာကြီးက သူမရဲ့ နတ်စွမ်းအင်ကို တိုင်းတာပြီး ပြောခဲ့တာဖြစ်သည်။

ယခု သူမရဲ့ နတ်စွမ်းအင်တွေ တိုးမြင့်သွားပြန်တော့လည်း အရပ်ရှည်လာမှ လူကြီးဖြစ်မည်ဟု ပြောကြပြန်သည်။

မတရားလိုက်တာ!

စူစူလေးကို အားလုံး စိတ်ဖိစီးစွာ စောင့်ကြည့်နေကြသည်။ သူမရဲ့ မျက်နှာလေး ရှုံ့မဲ့သွားတာကို မြင်ရလျှင် သူတို့ စိတ်ပျော့သွားကာ အလျှော့ပေးလိုက်မိနိုင်သည်။

“အင်းပါ အဲ့တာဆို ဖေဖေနဲ့ မေမေတို့ ပြောတဲ့အတိုင်း လုပ်မယ်!”။ စူစူလေး ဆုံးဖြတ်လိုက်ပါသည်။

ဒါကိုကြားတော့ အဘိုးချင်းနဲ့ အဘွားချင်းတို့သာမကဘဲ ချင်းယွင်ကျစ်နဲ့ ယန်းမင်အာတို့ပါ စိတ်အေးသွားရပါသည်။

“အဲ့တာဆို ဒီနေ့ကစပြီး ညစာစားပြီးတိုင်း စူစူလေးကို ကျွန်တော် ကိုယ်ခံပညာ သင်ပေးလိုက်မယ်”။ ချင်းယွင်ကျစ် ပြောလိုက်ပါသည်။

အဘိုးချင်းက ချင်းယွင်ကျစ်ကို မျက်စောင်းထိုးကာ သတိပေးလိုက်ပါသည်။ “ငါမင်းကို သတိပေးထားမယ်နော်။ ငါ့သမီးလေး ဘာဒဏ်ရာမှ မရစေနဲ့။ သူ့ဆံပင်တစ်မွေးလောက် ကျွတ်သွားတာနဲ့ မင်းကို ကတုံးတုံးပစ်မယ်!”

“ဟုတ်ကဲ့ပါ”

“ရေး!!”။ စူစူလေး ပျော်ရွှင်သွားပြီး ချင်းယွင်ကျစ်၏ အသားမာတက်နေသော လက်ကို သွားဆွဲလိုက်ပါသည်။

“ယွမ်ယွမ်လေးဖေဖေ သွားကြစို့! သမီးတို့ လေ့ကျင့်ရမယ့် နေရာကို သွားကြည့်ကြမယ်! သမီးအတွက် အစ်ကိုကြီး လုပ်ပေးထားတဲ့ အခန်းလေးလေ!”

“အင်း”။ ချင်းယွင်ကျစ် ခေါင်းငြိမ့်လိုက်ပြီး အဘိုးချင်းနဲ့ အဘွားချင်းတို့ကို မော့ကြည့်လိုက်ပါသည်။

အဘိုးချင်းတို့ လင်မယား မျက်နှာ သိပ်မကောင်းကြသော်လည်း ကန့်ကွက်ခြင်းတော့ မရှိပေ။

ထို့ကြောင့် စူစူလေးနောက်ကို ချင်းယွင်ကျစ် လိုက်သွားခဲ့ပြီး ချင်ရှင်းကျစ် စူစူလေးအတွက် ဖန်တီးပေးထားသည့် Gym လေးထဲ တင်သွားပါသည်။

စူစူလေးနဲ့ ချင်းယွင်ကျစ်တို့ကို ငေးကြည့်ကာ ဝမ်ချင်းမျက်လုံးများ မှောင်မိုက်သွားလေသည်။

စူစူလေး ချင်းယွင်ကျစ်ကို ခေါ်သွားပြီးနောက် သူမရဲ့ သီးသန့် Gym လေးကို ကြွားလိုက်ပါသည်။

“အစ်ကိုငယ် ဟိုမှာကြည့်။ အဲ့တာ သမီးပြေးဖို့ အစ်ကိုကြီး ဝယ်ပေးထားတဲ့ ပြေးစက်လေးလေ”

ပြေးစက်အသေးစားလေး တစ်လုံးကို လက်ညှိုးထိုးကာ စူစူလေး ပြောလိုက်ပါသည်။

ဒီပြေးစက်က သာမန် ပြေးစက်တွေထက် အရွယ်အစား သေးငယ်ပြီး စူစူလေးအတွက် ချင်းရှင်းကျစ် ငှားရမ်းထားသော အင်ဂျင်နီယာများက သီးသန့် ဖန်တီးပေးထားခြင်းဖြစ်သည်။

“ပြီးတော့ ဒါက စက်ဘီးလေ! စက်ဘီးက မရွေ့ဘူးဆို‌တော့ သမီးအမြဲတမ်း နင်းနေလို့ ရတယ်!”

ထို့နောက် လေ့ကျင့်ခန်း စက်ဘီးလေးဆီ စူစူလေး ပြေးသွားလိုက်ပါသည်။ ပြေးစက်လေးလိုပဲ ဒီလေ့ကျင့်ခန်း စက်ဘီးလေးကလည်း ပုံမှန်ထက် သေးငယ်ပါသည်။

“ပြီးတော့ ဒီမှာ နံရံတက်လေ့ကျင့်လို့ရတယ်။ အောက်မှာ အစ်ကိုကြီးက ဖော့တွေတောင် ခံထားပေးသေးတယ်။ သမီးပြုတ်ကျမှာစိုးလို့လေ။ ဒါပေမယ့် သမီးက အရမ်းတော်တော့ တစ်ခါမှ ပြုတ်မကျဖူးဘူး!”

စူစူလေး ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်ပါသည်။

“အင်း အစ်ကိုကြီးက အရမ်းတော်တာပဲနော်”။ ချင်းယွင်ကျစ် ချီးကျူးလိုက်ပါသည်။

သူမရှိသည့် အချိန်တောအတွင်း သူ့အစ်ကိုကြီးနဲ့ အစ်ကိုလတ်တို့ မိသားစုကို ဘယ်လို စောင့်ရှောက်ခဲ့သလဲဆိုတာ တွေးမိပြီး ချင်းယွင်ကျစ် မျက်နှာ မှေးမှိန်းခဲ့သည်။ သူကတော့ တာဝန်ကျေသည့် သားတစ်ယောက် မဖြစ်ခဲ့ပါ။

ချင်းယွင်ကျစ် အတွေးလွန်နေစဉ် စူစူလေးက သူ့ပေါင်ကို ၂ ချက်လောက် လာရိုက်လိုက်သည်။

“အစ်ကိုငယ် ဝမ်းမနည်းပါနဲ့။ အစ်ကိုငယ်ကလည်း တော်ပါတယ်”

အစက သူ့ပခုံးကို ပုတ်ပေးချင်တာဖြစ်သော်လည်း စူစူလေး အရပ်မမှီသဖြင့် ပေါင်ကိုသာ ပုတ်ပေးလိုက်ရပါသည်။

ဒါကိုမြင်တော့ ချင်းယွင်ကျစ်လည်း ရယ်မောမိလေသည်။

--- --- ---

အခန်း(၁,၀၃၅) ချင်းမိသားစု အနောက်မြောက်ပိုင်း ပရောဂျက်တိုးတက်လာခြင်း

ချင်းယွင်ကျစ်၏ ရယ်သံကို ကြားသောအခါ စူစူလေး မော့ကြည့်လိုက်ပါသည်။

“အစ်ကိုငယ် ရယ်နေတယ်!”။ ထူးထူးဆန်းဆန်း အရာတစ်ခုကို မြင်လိုက်ရသလိုမျိုး စူစူလေး အံ့အားသင့်စွာ ပြောလိုက်ပါသည်။

“အင်း…”။ ချင်းယွင်ကျစ် ပါးများ အနည်းငယ် နီမြန်းသွားပါသည်။

“အစ်ကိုငယ် ပြုံးတာ လှတယ်!” စူစူလေး ချီးကျူးလိုက်သည်။

တကယ်ကြည့်ကောင်းသည့်လူတွေကို စူစူလေး ချီးကျူးဖို့ မတွ့န်တိုပါ။

စူစူလေးရဲ့ တောက်တောက်ပပ မျက်လုံးလေးများကို ချင်းယွင်ကျစ် စိုက်ကြည့်လိုက်ပါသည်။

“အင်း…”။ ချင်းယွင်ကျစ် အသံတိုးတိုး ပြောလိုက်ကာ စကားလမ်းကြောင်းပြောင်းလိုက်လေသည်။ “စကြစို့စေ”

“ဟုတ်ပြီ!”။ စူစူလေးလည်း ကိုယ်ခံပညာသင်ရဖို့ မစောင့်နိုင်တော့ပေ။

--- --- ---

ချင်းယွင်ကျစ်နဲ့ ယန်းမင်အာတို့၏ အကူအညီကြောင့် ဒီရက်ပိုင်းထဲ အနောက်မြောက်ပိုင်း ပရောဂျက်အခြေအနေ အတော်လေး တိုးတက်သွားခဲ့သည်။

ထိုပရောဂျက်နှင့် ပတ်သတ်၍ ယခင်တုန်းက ချင်းမိသားစု ကြုံခဲ့ရသည့် အခက်အခဲတွေလည်း ချင်းယွင်ကျစ်တို့ လင်မယား ရောက်လာတာနဲ့ တစ်ပြိုင်နက် ပြေလည်သွားခဲ့ပါသည်။

အခက်အခဲတွေကို ဖြေရှင်းဖို့ ဒီလင်မယား အဆက်အသွယ်တွေကို အသုံးချနေမှန်း အဘိုးချင်း ကောင်းကောင်း သိပါသည်။

ချင်းယွင်ကျစ်တို့ လင်မယား ဒါကို ဝန်မခံကြသော်လည်း အဘိုးချင်းတို့ကတော့ မသိချင်ယောင် ဆောင်ပေးလိုက်ကြပါသည်။

သို့သော်လည်း ချင်းယွင်ကျစ်နဲ့ ယန်းမင်အာတို့အပေါ် အဘိုးချင်းတို့လင်မယားရဲ့ သဘောထားကတော့ အတော်လေး တိုးတက်လာကြသည်။ အထူးသဖြင့် စူစူလေးနဲ့ ချင်းယွင်ကျစ်တို့ အဆင်ပြေနေကြတာကို မြင်ရတာ ဝမ်းသာဖို့ ကောင်းပါသည်။

တစ်လကျော်ကျော်လောက် ကုန်ဆုံးသွားပြီဖြစ်ကာ အဘိုးချင်းတို့ထံမှ အနောက်မြောက်ပိုင်း ပရောဂျက်ကို ချင်းယွင်ကျစ်တို့ လက်လွှဲယူနိုင်သွားပြီဖြစ်သည်။

တစ်ချိန်တည်းမှာပင် အနောက်မြောက်ပိုင်း ပရောဂျက်၏ အလားအလာကောင်းမှုကို ဟွာချန့်တစ်မြို့လုံးအား ပြသနိုင်ခဲ့သည်။ အရှေ့တောင်ပိုင်းနယ်မြေကိုပါ ပြသနိုင်ခဲ့ပါသည်။

အစက ချင်းမိသားစုကို မယုံကြည်ခဲ့ကြသူတွေလည်း ချက်ချင်း စိတ်ပြောင်းသွားကြပြီး ရင်းနှီးမြှုပ်နှံသူများ ပိုမို ရောက်ရှိလာကြသည်။

လုပ်ငန်းအဆောက်အအုံများ တည်ဆောက်မှု အဆင်ပြေချောမွေ့ခဲ့သည်။ အစက လူနေအဆောက်အအုံများ တည်ဆောက်မှု ရပ်တန့်ထားခဲ့ရသော်လည်း ယခုတော့ ဆက်လက် ဆောက်လုပ်နေပြီ ဖြစ်ကာ တန်ဖိုးများကပါ ၅၀ ရာခိုင်နှုန်းအထိ တက်သွားခဲ့သည်။

အစကတည်းက အနောက်မြောက်ပိုင်းနယ်မြေမှာ အိမ်ဝယ်ထားကြသူတွေအတွက် သတင်းကောင်းတစ်ခု ဖြစ်ပါသည်။

သို့သော် အရာရာ အဆင်ပြေချောမွေ့နေချိန်တွင် ဆောက်လုပ်ရေး၌ မတော်တဆမှုတစ်ခု ကြီးကြီးမားမား ဖြစ်ပွားခဲ့သည်။

ထို့ကြောင့် ဆောက်လုပ်ရေးအဖွဲ့ အလုပ်တွေကို ရပ်တန့်ခဲ့ရပြီး ချင်းမိသားစုကိုလည်း လူပြောများလာခဲ့ကြသည်။

စူစူလေး မူကြိုမှ အိမ်ပြန်လာသောအခါ သူမ မိသားစုဝင်တွေ ဧည့်ခန်းထဲမှာ စကားပြောဆိုနေကြပါသည်။

“အမေ ဘာမှမပူနဲ့နော်။ ဒီကိစ္စကို သမီးတို့တာဝန်သာထားလိုက်။ ယွင်ကျစ်နဲ့ သမီးနဲ့ အမြန်ဆုံး ဖြေရှင်းလိုက်မယ်”။ ယန်းမင်အာက အဘွားချင်းကို အာမခံကာ ပြောလိုက်ပါသည်။

ယန်းမင်အာက အလွန်ယုံကြည်ချက်ပြည့်ဝနေပါသည်။ မျက်နှာထားကော လေသံကော ခိုင်မာ ပြတ်သားသည်။

သူမတို့ လင်မယားအတွက် နိုင်ငံခြားမှာ ကောက်ကျစ်မှုများစွာ၊ ယုတ်ညံ့မှုများစွာကို ရင်ဆိုင်ခဲ့ရပြီးသားဖြစ်သည်။ ထို့ကြောင့် ဒီလိုလှည့်ကွက်မျိုးကို သူမတို့ မှုစရာ မလိုပါ။

သို့သော်လည်း တခြားချင်းမိသားစုဝင်တွေအတွက်တော့ ခြားနားပါသည်။ ယခင်တုန်းက ထိခိုက်ဒဏ်ရာ ရရှိသည့် မတော်တဆမှုများ ရှိခဲ့သော်လည်း လူသေမှုကတော့ ဒါပထမဆုံးပဲ ဖြစ်သည်။

“မင်မင်၊ ဒါဟာသလုပ်စရာ မဟုတ်ဘူး။ လူတစ်ယောက် သေသွားတာ။ အခု ဆောက်လုပ်ရေးဆိုက်မှာ အဖွဲ့နှစ်ဖွဲ့ ပဋိပက္ခဖြစ်နေကြတယ်။ ပြဿနာတွေတက်လာနိုင်တယ်။ ကောင်းကောင်း မဖြေရှင်းရင် ငါတို့ ချင်းမိသားစုပါ တရားစွဲခံရနိုင်တယ်”။ ဝမ်ချင်းက သတိပေးလိုက်သည်။

“ကျွန်မ သိပါတယ်”။ ယန်းမင်အာ ပြန်ပြောလိုက်သည်။ ဆောက်လုပ်ရေးဆိုက်မှာ ဘာတွေဖြစ်နေသလဲဆိုတာ သိရုံတင် မကဘဲ သူမရှေ့က ယောက်မက သူမကျရှုံးတာကို မြင်ချင်နေမှန်းလည်း ယန်းမင်အာ သိပါသည်။

စူစူလေး ဧည့်ခန်းထဲ ပြေးဝင်လာပြီး ဆိုဖာပေါ် လွယ်အိတ်တင်ကာ အဘွားချင်းဘေးမှာ ဝင်ထိုင်လိုက်ပါသည်။

“မေမေတို့ ဘာတွေပြောနေကြတာလဲ”။ စူစူလေးက အဘွားချင်းကို သေချာကြည့်ကာ မေးလိုက်ပါသည်။

မေမေ့ မျက်နှာမကောင်းဘူး။ တစ်ယောက်ယောက်ကြောင့်လား။

… … …

All Chapters