← Chapters

အခန်း (၁၀၃၆-၁၀၄၀)

Vol. 42 Ch. 1036-1040

အခန်း (၁၀၃၆-၁၀၄၀)

Vol. 42 Ch. 1036-1040

အခန်း(၁,၀၃၆) ဘာပြဿနာအကြီးကြီးတက်တာလဲ

“မေမေ ဘာမှမဖြစ်ပါဘူး သမီးလေးရဲ့။ ဘာမှ မစိုးရိမ်နဲ့နော်”။ အဘွားချင်းက အားတင်းကာ ပြုံးလိုက်ပြီး ခံစားချက်အစစ်အမှန်ကို စူစူလေး မမြင်အောင် ဖုံးကွယ်လိုက်ပါသည်။

“မေမေ လိမ်နေတာ! သမီးက မျက်လုံးကောင်းပြီးသား! ‌မေမေပျော်နေတာလား စိတ်ညစ်နေတာလားဆိုတာ သိတယ်။ အခု မေမေ စိတ်ညစ်နေတာ သေချာတယ်!”။ စူစူလေး ပြန်ပြောလိုက်သည်။

သမီးဖြစ်သူရဲ့ စကားကြောင့် အဘွားချင်း ကြည်နူးသွားမိသလို စိတ်လည်းဖိစီးသွားခဲ့ပါသည်။ စူစူလေးကို လှမ်းချီကာ သူမ ပေါင်ပေါ်တင်လိုက်ပြီး ခေါင်းလေးကို ပွတ်ပေးလျက် ပြောလိုက်သည်။

“မေမေ့ သမီးလေးက ဉာဏ်ကောင်းလိုက်တာ။ မေမေ ဘာမှ ဖုံးကွယ်ထားလို့ မရဘူး”

“အဲ့တာဆို မေမေ မဖုံးကွယ်ထားနဲ့လေ! သမီးက ၄ နှစ်‌တောင် ပြည့်တော့မှာ! သမီးလည်း ကူညီပေးနိုင်တယ်!”

“မေမေ့သမီးလေး အရမ်းတော်တာပဲ! မေမေ့ကို သမီးလေး ကူညီပေးချင်တာ ဝမ်းသာပါတယ်။ ဒါပေမယ့် ဒါ အလုပ်ကိစ္စလေ။ မေမေ့သမီးလေး အရွယ်ရောကလာမှာ ကူညီပေးနိုင်မှာ”

ဒီစကားချည့်ပဲ။ စူစူလေး နှုတ်ခမ်းစူသွားမိသည်။

“မေမေကလည်း သမီးအရွယ်မရောက်သေးဘူးလို့ပဲ ပြောနေတာပဲ! အဲ့ဆင်ခြေပဲ ပေးနေတာပဲ။ အဲ့တာပဲ ဆက်ပြောနေမယ်ဆိုရင် သမီး စိတ်ဆိုးရလိမ့်မယ်!”။ စူစူလေး မကျေနပ်စွာ ပြောလိုက်ပါသည်။

“အဲ…”။ အဘွားချင်း ဆွံ့အသွားလေသည်။

ဒါကိုမြင်တော့ ယန်းမင်အာက အမြန်ဝင်ပြောလိုက်ပါသည်။ “စူစူလေး ဘာမှ စိတ်မပူနဲ့နော်။ ဒီကိစ္စကို အစ်ကိုငယ်နဲ့ ယောက်မတို့ သေသေချာချာ ဖြေရှင်းလိုက်မယ်။ အမေ စိတ်ညစ်တာ မနက်ဖြန်အထိ မခံစေရဘူး!”

ယန်းမင်အာ၏ လေသံက ယုံကြည်မှုများ ပြည့်နှက်နေပါသည်။

စူစူလေး ဘာမှ ပြန်မပြောနိုင်ခင် ဝမ်ချင်းက ဝင်ပြောလိုက်ပါသည်။ “စူစူလေး စကားနားထောင်နော်။ စူစူလေး အရမ်းတော်တာ ယောက်မတို့ သိပါတယ်။ ဒါပေမယ့် အခုက လူသေတဲ့ကိစ္စဖြစ်နေတာ။ အရမ်း အရေးကြီးတယ်။ စူစူလေး ဖြေရှင်းနိုင်တဲ့ ကိစ္စ မဟုတ်တော့ဘူး”

“လူသေတဲ့ကိစ္စ ဟုတ်လား”။ စူစူလေး မျက်လုံးပြူးသွားသည်။

လူသားတွေအကြောင်း သိပ်နားမလည်သေးသည့် စူစူလေးတောင် လူသေသည့် ကိစ္စက ပေါ့သေးသေး မဟုတ်မှန်း သိပါသည်။

အဘွားချင်းကို စူစူလေး အမြန်ထပ်မေးလိုက်သည်။ “မေမေ တကယ် လူသေတာလား”

အဘွားချင်းက စူစူလေးကို ပြန်မဖြနိုင်ခဲ့ပါ။ အခြေအနေကို ဘယ်လိုရှင်းပြရမှန်းလည်း မသိပါ။ သူမ မျက်နှာ ပဋိပက္ခ ဖြစ်သွားပြီး အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားခဲ့ပါသည်။

ယန်းမင်အာက ဝမ်ချင်းကို မကျေမနပ် စိုက်ကြည့်လိုက်ပါသည်။ ဒီလို လူသေသည့် ကိစ္စကို စူစူလေးရှေ့မှာ ထုတ်ပြောလိုက်သည့်အတွက် အလွန်ဒေါသထွက်သွားသည်။

ဒီမိန်းမ တမင်သက်သက် လုပ်နေတာလား!

ထို့နောက် စူစူ‌လေးကို ယန်းမင်အာ ရှင်းပြလိုက်ပါသည်။ “စိတ်မပူပါနဲ့ စူစူလေးရဲ့။ အစ်ကိုငယ်နဲ့ ယောက်မတို့ ဖြေရှင်းနိုင်ပါတယ်လို့ ပြောပြီးပြီလေ”

ဝမ်ချင်းကလည်း ချက်ချင်း ပြောလိုက်ပါသည်။ “ဟုတ်တယ် ဒီကိစ္စကို ဘာမှ တွေးပူမနေနဲ့။ တွေးပူနေလို့ ဘာမှ အကျိုးထူးမှာ မဟုတ်ဘူး”

စူစူလေးက ယန်းမင်အာနဲ့ ဝမ်ချင်းတို့ကို ကြည့်လိုက်ပြီး မျက်မှောင် အနည်းငယ်ကြုတ်သွားပါသည်။

အချိန်အတော်ကြာအောင် စဉ်းစားပြီးမှ စူစူလေး ပြန်ပြောလိုက်ပါသည်။ “အာ့ဆိုလည်း တတိယယောက်မကိုပဲ ယုံလိုက်တော့မယ်”

ထိုသို့ပြောပြီးနောက် ယန်းမင်အာကို ကြည့်ကာ စူစူလေး ပြောလိုက်သည်။ “ယောက်မကို သမီး အားပေးနေမယ်နေမယ်နော်!”

“အင်းပါ အင်းပါ ကျေးဇူးတင်ပါတယ် စူစူလေး!”။ ယန်းမင်အာ မျက်နှာ တောက်ပသွားခဲ့သည်။ စူစူလေးရဲ့ ယုံကြည်မှုကို ရရှိသွားသည့်အတွက် ပျော်လည်းပျော် ကြည်လည်းကြည်နူးသွားမိသည်။

အဘွားချင်းလည်း စိတ်အေးသွားပါသည်။ “သမီးလေး အပေါ်ထပ်တက်ပြီး အိမ်စာသွားလုပ်တော့လေ။ မေမေနဲ့ ယောက်မနှစ်ယောက် အလုပ်ကိစ္စပြောပြီးမှ သမီးလေးဆီ လာခဲ့မယ်နော်။ ပြီးရင် အိမ်စာလည်း ကူလုပ်ပေးမယ်”

“ဟုတ်ကဲ့!”။ စူစူလေး ခေါင်းငြိမ့်လိုက်ပြီး ကြမ်းပြင်ပေါ် ခုန်ချကာ အပေါ်ထပ် ပြေးတက်သွားတော့သည်။

အပေါ်ထပ်ရောက်တာနဲ့ စူစူလေး အိမ်စာတွေ မထုတ်သေးပါ။ သူမရဲ့ ဖုန်းလေးကိုသာ ထုတ်လိုက်သည်။ ဂိမ်းတွေ ကစားလို့ မရဘဲ ဖုန်းသာခေါ်နိုင်သည့် အထူးဖုန်းလေး ဖြစ်ပါသည်။

ထို့နောက် စန်းကျစ်ကို အမြန်ဖုန်းဆက်လိုက်လေသည်။

“စူစူလေး မမကို ဖုန်းဆက်တာလား”

“အွန်း မမလှလှ။ သမီးတို့မိသားစု ဘာပြဿနာ အကြီးကြီး ကြုံနေရတာလဲဟင်”။ စူစူလေး မေးလိုက်ပါသည်။

… … …

အခန်း(၁,၀၃၇) ပြဿနာကို အတွင်းကျကျ စုံစမ်းခြင်း

တတိယယောက်မကို စူစူလေး ယုံကြည်ပါသည်။ သို့သော် ဘာတွေဖြစ်နေသလဲဆိုတာ သူမ သိချင်မိဆဲဖြစ်၏။ ဒါမှ တတိယယောက်မ အဆင်မပြေလျှင် သူမ ကူညီပေးနိုင်မှာဖြစ်ပါသည်။

စူစူလေး ထိုမေးခွန်းမေးလိုက်သောအခါ စန်းကျစ် အချိန်အတော်ကြာအောင် ပြန်မဖြေခဲ့ပါ။

မမလှလှ ပျောက်သွားသည်ဟု စူစူလေး ထင်သွားသည်။

“မမလှလှ ရှိသေးလား!”

“ရှိပါတယ် ရှိပါတယ် စူစူလေး။ ဒီကိစ္စကို ပြောသင့်လား စဉ်းစားနေတာ”။ စန်းကျစ် ရိုးရိုးသားသား ပြန်ဖြေလိုက်ပါသည်။ သူမက မလိမ်တတ်ပါ။ အထူးသဖြင့် စူစူလေးကိုလည်း မလိမ်ညာချင်ပါ။

“ဘာလို့ စဉ်းစားနေရတာလဲ။ အဲ့ကိစ္စက အရမ်း အန္တရာယ်များလို့လား”။ စူစူလေး မေးလိုက်သည်။

“အန္တရာယ်များလို့ မဟုတ်ပါဘူး။ စူစူလေး စိတ်မပူနဲ့နော်။ လူကြီးတွေဖြေရှင်းရမယ့် ကိစ္စမို့လို့ မမက စဉ်းစားနောပါ။ နည်းနည်းလည်း ရှုပ်ထွေးတယ်”။ စန်းကျစ် အမြန်ရှင်းပြလိုက်သည်။

အပြင်လောကက တကယ်ပဲ ရှုပ်ထွေးပါသည်။ စူစူလေးရဲ့ ကမ္ဘာကတော့ ရိုးရှင်းပြီး လှပသည်။

“ဘာမှမဖြစ်ပါဘူး။ သမီးက လူဆိုးတွေနဲ့ ရှင်းရတာ တော်တယ်! ဘာမှမကြောက်နဲ့ သမီးကိုပြောပြ!”။ စူစူလေး ပြောလိုက်သည်။

“ဒါပေမယ့် စူစူလေးက သေးသေးလေးပဲ ရှိသေးတာ…”

“ဘာလို့ သေးသေးလေးပဲရှိသေးတာလို့ ပြောတာလဲ။ သမီးက မသေးတော့ဘူး”။ စူစူလေး စူပုပ်ကာ ပြောလိုက်ပါသည်။

စူစူလေးရဲ့ ဝမ်းနည်းစိတ်ညစ်သွားသော လေသံကို ကြားသောအခါ စန်းကျစ် အမြန် ပြင်ပြောလိုက်သည််။ “မဟုတ်ပါဘူး စူစူလေးက မသေးပါဘူး။ စူစူလေးက ငယ်သေးတယ်ဆိုပေမယ့် အရမ်း ပါးနပ်တယ်နော်။ မမထက် အတိုက်အခိုက် ပိုတော်ရု့တင်မကဘူး မမထက် နားလည်တာတွေလည်း အများကြီး ပိုရှိတယ်!”

ထိုစကားလုံးများက စူစူလေးကို နှစ်သိမ့်ပေးသည့် စကားလုံးများဖြစ်သော်လည်း စန်းကျစ်၏ ရင်တွင်းဖြစ် ခံစားချက် အစစ်အမှန်များလည်း ဖြစ်ပါသည်။ သူမ အမြဲတမ်း ဒီလိုခံစားခဲ့ရတာဖြစ်သည်။ စူစူလေးက ရိုးသား ဖြူစင် ချစ်ဖို့ကောင်းပြီး သတ္တိလည်း ရှိသည်။

“အာ့ဆို ပြောပြ”

“အင်း…”။ စန်းကျစ် ထုတ်ပြောဖို့ ကြံလိုက်သော်လည်း ချက်ချင်း စိတ်ပြောင်းသွားကာ မသင့်တော်ဘူးဟု ခံစားလိုက်ရပြန်သည်။ “စူစူလေး မေမေ မပြောပြလို့ မမကို လာမေးတာမလား”

“ဟုတ်တယ်!” စူစူလေး ပြန်ဖြေလိုက်ပါသည်။

“အဲ့တာဆို ပြောပြလို့ မရဘူး”။ စန်းကျစ် ငြင်းဆန်လိုက်ရသည်။

“မရဘူး ပြောပြရမယ်။ မပြောပြရင် ကိုယ့်ဖာသာကိုယ် ထွက်ပြေးသွားပြီး စုံစမ်းမှာ”

စူစူလေး စန်းကျစ်ကို ခြိမ်းခြောလိုက်ပါသည်။

“မလုပ်ပါနဲ့ စူစူလေး! တစ်ယောက်တည်း လျှောက်မသွားနဲ့နော်။ အရမ်း အန္တရာယ်များတယ်! လူကြီးတစ်ယောက်ယောက် ပါမှ အပြင်ထွက်ရမယ် ကြားလား”။ စန်းကျစ် အမြန်သတိပေးလိုက်သည်။

“အဲ့တာဆို ပြောပြ။ အန္တရာယ်မရှိဘူးဆိုရင် သမီးလျှောက်မသွားဘူးလို့ ကတိပေးတယ်!”။ စူစူလေး ပြောလိုက်ပါသည်။

“တကယ်လား”

“တကယ်ပေါ့!”

“အင်းပါ… အဲ့တာဆို ပြောပြမယ်နော်”

စန်းကျစ်လည်း ရွေးချယ်စရာ မရှိတော့ဘဲ စူစူလေးကို ပွင့်ပွင့်လင်းလင်း ပြောပြရလေတော့သည်။

စန်းကျစ် ရှင်းမပြခင် စိတ်ထဲမှာ စကားလုံးတွေ အရင်စီလိုက်ပါသည်။ စူစူလေး နားလည်လွယ်အောင် အလွယ်တကူ ရှင်းပြနိုင်စေဖို့ ဖြစ်သည်။

“ဟိုးအရင်တုန်းက အိမ်တွေဆောက်ဖို့ လူတစ်ယောက်က မြေကွက်တွေ ဝယ်ခဲ့တယ်။ ဒါပေမယ့် အိမ်တွေ ဆောက်ရင်း တန်းလန်းနဲ့ သူတို့ ငွေကုန်သွားလို့ ဆောက်လက်စနဲ့ပဲ ရပ်တန့်ခဲ့ရတယ်။ လွန်ခဲ့တဲ့ လပိုင်းလောက်က စူစူလေးရဲ့ ဖေဖေ၊ မေမေနဲ့ တူကြီးတို့ အဲ့ဒီ‌ ဆောက်လက်စ အဆောက်အဦးတွေနဲ့ မြေကွက်တွေကို ဝယ်ပြီး ဆောက်လုပ်ရေး ဆက်လုပ် ခဲ့ကြတယ်လေ”

“အဲ့တာဆို အိမ်တွေအများကြီး ထပ်ရှိလာမှာပေါ့။ အဲ့တာ ပျော်စရာ မဟုတ်ဘူးလား”

“ပျော်စရာတော့ ပျော်စရာပါ။ အထူးသဖြင့် အဲ့မှာနေချင်တဲ့လူတွေအွက်ပေါ့။ ဒါပေမယ့် မကြာသေးခင်က အဲ့ဒီ အဆောက်အဦးတွေကို ပထမဆုံး စဆောက်လုပ်ခဲ့တဲ့ လူ ပြန်ရောက်လာပြီး အဲ့ဒီ အဆောက်အဦးတွေကို ပြန်လိုချင်တယ်လို့ ပြောတယ်”

“ဘာလို့လဲ”။ စူစူလေး မေးလိုက်သည်။

“ဘာလို့လဲဆိုတော့ အိမ်တန်ဖိုးတွေ တက်လာတာကိုး။ ဒီလို ဈေးနိမ့်နိမ့်နဲ့ ရောင်းရမှာ မတန်ဘူးလို့ သူထင်သွားပြီလေ”။ စန်းကျစ် ရှင်းပြလိုက်သည်။

“ဒါမယ့် အဲ့ဒီမြေကို သမီးဖေဖေနဲ့ မေမေပိုင်တာလေ! သူတို့ ပိုက်ဆံပေးဝယ်ထားတာ!”

… … …

အခန်း(၁,၀၃၈) ယောက်မတွေ ရန်ထပ်ဖြစ်ခြင်း

တစ်စုံတစ်ခုကို ပိုက်ဆံပေးဝယ်လိုက်ပါက ကိုယ့်အပိုင်ဖြစ်သွားပြီမှန်း မူကြိုအရွယ် ကလေးတွေတောင် နားလည်ကြပါသည်။

“ဟုတ်တယ် တရားဥပဒေအရ ကြည့်ရင်တော့ စူစူလေးပြောတာ မှန်ပါတယ်။ ဒါပေမယ့် အဲ့ဒီလူက လူကောင်း မဟုတ်ဘူးလေ။ အဲ့ဒီအကြောင်းတွေ စူစူလေး မေ့ထားလိုက်ပါ ဟုတ်ပြီလား”။ စန်းကျစ် ရှင်းပြလိုက်ပြီး စူစူလေးကို ဘာမှ ထပ်မစဉ်းစားအောင် ဖြောင်းဖြလိုက်ပါသည်။

“အဲ့တာဆို ဘာလို့လူတစ်ယောက် သေသွားတာလဲ”။ စူစူလေး ထပ်မေးလိုက်သည်။

“အင်း…”။ စန်းကျစ် ခေတ္တ တွန့်ဆုတ်သွားခဲ့သည်။ “ဘာလို့လဲဆိုတော့ စူစူလေး ဖေဖေနဲ့ မေမေတို့ အဆောက်အဦးတွေ ဆောက်ဖို့ ငှားထားတဲ့ ဆောက်လုပ်ရေးသမားတွေဆီကို အဲ့ဒီလူက သူ့လူတွေ လွှတ်လိုက်လို့လေ။ အဲ့တာကြောင့် ပဋိပက္ခတွေဖြစ်ခဲ့ကြတယ်။ ရန်ဖြစ်ကြရင်းနဲ့ လူတစ်ယောက် အသက်ဆုံးရှုံးသွားတာပဲ”

“ဪ… အဲ့တာဆို ဒီကိစ္စက အရမ်းဆိုးမှာလား”။ စူစူလေး ထပ်မေးလိုက်သည်။

“လောလောဆယ်တော့ ဆိုးနေတယ်”။ စန်ကျစ် ပြန်ဖြေလိုက်သည်။

ထိုမတော်တဆမှုအကြောင်းကို ဟွာချန့်မြို့တစ်မြို့လုံးက သတင်းမီဒီယာတွေ အစီအရင်ခံ တင်ဆက်နေကြပြီ ဖြစ်သည်။ ဆောက်လုပ်ရေးဆိုက်မှာလည်း ဆိုင်းဘုတ်တွေကိုင်လျက် ဆန္ဒပြကာ ဖြေရှင်းချက်ပေးဖို့ တောင်းဆိုနေကြပါသည်။

ပြဿနာတွေ ဒီလောက်ထိ တက်လာသဖြင့် အလွယ်တကူဖြေရှင်းဖို့ဆိုတာ ခက်ခဲသွားခဲ့သည်။

ထို့နောက် စန်းကျစ်က ထပ်ပြောလိုက်ပါသည်။ “ဒါပေမယ့် မမတို့ စိတ်ပူစရာ မလိုပါဘူး။ စူစူလေးတို့ မိသားစုကို ယုံကြည်ထားနော်။ စူစူလေးတို့ မိသားစုက အရမ်းတော်ကြတယ်။ သာမန်လူတွေ မကိုင်တွယ်နိုင်တဲ့ ပြဿနာတွေကို ကိုင်တွယ်နိုင်ကြတယ်။ သူတို့သာ ဦးဆောင်လိုက်ရင် ဘာပြဿနာမှ ဖြစ်လာတော့မှာ မဟုတ်ဘူး”။ စန်းကျစ် အာမခံလိုက်ပါသည်။

ဒီပရောဂျက်အတွက် အဓိက တာဝန်ရှိသူတွေက ချင်းယုဟွိုင်းနဲ့ ချင်းယွင်ကျစ်တို့ လင်မယားဖြစ်ကြသည်။

ချင်းယွင်ကျစ်တို့လင်မယားအကြောင်း စန်းကျစ် သိပ်မသိသော်လည်း သူတို့ ရောက်လာပြီးကတည်းက အနောက်မြောက်ပိုင်း ပရောဂျက် အခြေအနေ အများကြီး တိုးတက်လာသည်ဆိုတာကိုတော့ သိပါသည်။

ထို့အပြင် ချင်းယုဟွိုင်း၏ အစွမ်းအစကိုလည်း သူမ အပြည့်အဝ ယုံကြည်ပါသည်။ ထို့ကြောင့် ဒီပြဿနာကို သူတို့ ချောချောမွေ့မွေ့ ဖြေရှင်းနိုင်လိမ့်မည်ဟု စန်းကျစ် ယုံကြည်သည်။

“အွန်း! သမီး အစ်ကိုငယ်နဲ့ ယောက်မတို့က အရမ်းတော်ကြတယ်!”။ စူစူလေး ထောက်ခံလိုက်ပါသည်။

--- --- ---

အောက်ထပ်တွင် ချွေးမ နှစ်ယောက်နဲ့ အဘွားချင်း စကားခေတ္တပြောခဲ့ကြသည်။ ထို့နောက် အဘွားချင်းက စာကြည့်ခန်းထဲ ဝင်သွားခဲ့ပါသည်။

နှစ်ယောက်တည်း ကျန်ခဲ့သည့် ဝမ်ချင်းနဲ့ ယန်းမင်အာတို့ တစ်ယောက်ကိုယ်တစ်ယောက် မကြည်ဖြူသော မျက်လုံးများဖြင့် ကြည့်နေကြပါသည်။

ယန်းမင်အာက အရင်ဆုံး ပြောလိုက်သည်။ “ယောက်မအကြီးဆုံးက စကားပြော အရမ်းကျွမ်းကျင်တာပဲ။ စူစူလေး စိတ်ဝင်စားသွားစေမယ့် စကားတွေ တမင်သက်သက် ပြောတတ်တယ်နော်”

“မင်မင် နင်ဘယ်လိုစကား ပြောလိုက်တာလဲ။ ငါက စူစူလေးကို ဖြောင်းဖြဖို့ ကူညီပေးတာလဲ။ ငါ့စကားတွေကို ဆတ်ဆတ်ထိမခံတဲ့ နင့်စိတ်က နားလည်မှုလွဲကောင်းလွဲသွားနိုင်တယ်။ ဒါပေမယ့် ငါ့ကို အဲ့လို အပြစ်ပုံချစရာတော့ မလိုဘူးထင်တာပဲ”

“ဒါပေမယ့် ယောက်မအကြီးဆုံးရဲ့ စကားကြောင့် စူစူလေး ဒီပြဿနာကို နားလည်သွားပြီး စိတ်ဖိစိးသွားရပြီလေ”

“ဒီကိစ္စက အသေးအဖွဲမဟုတ်ဘူး။ တစ်မြို့လုံးကလူတွေ ပြောဆိုနေကြတာ။ ငါဘာမှ မပြောရင်တောင် စူစူလေး တစ်နည်းမဟုတ်တစ်နည်းနဲ့ သိသွားမှာပဲ။ စူစူလေးကို စိတ်ဖိစီးစေချင်လို့ ငါတမင်သက်သက် ပြောခဲ့တာ မဟုတ်ဘူး”။ ဝမ်ချင်း ရှင်းပြလိုက်ပါသည်။

“အဲ့တာဆို တကယ် မတော်တဆဆိုတာ သေချာရဲ့လား ယောက်မအကြီးဆုံး”။ ယန်းမင်အာက စူးရှသော မျက်လုံးများဖြင့် ဝမ်ချင်းကို ကြည့်ကာ မေးလိုက်ပါသည်။

“ယောက်မက ဘာပြောချင်နေတာလဲ။ ငါရည်ရွယ်ချက်ရှိရှိ လုပ်လိုက်တယ်လို့ ထင်နေတာလား။ အဲ့တာဆို ပြောစမ်းပါဦး။ စူစူလေးကို စိတ်ဖိစီးအောင်လုပ်လို့ ငါ ဘာအကျိုးထူးတွေ ရသွားမှာမို့လို့လဲ”။ ဝမ်ချင်းက ယန်းမင်အာကို ပြန်မေးလိုက်လေသည်။

“ပုံမှန်ဆိုရင်တော့ ဘာအကျိုးထူးမှ မရလောက်ပါဘူး။ ဒါပေမယ့် တစ်ချိန်တုန်းက စူစူလေးကို မကောင်းဆိုးဝါးလို့တောင် ခေါ်ခဲ့ဖူးတာဆို‌တော့ ပြောလို့မရဘူးလေ။ ကျွန်မမှာ သံသယဖြစ်ခွင့်ရှိတယ်”

“အဲ့တာ ဘယ်လောက်တောင် ကြာနေပြီလဲ။ ဘာလို့ အခုချိန်ထိ အငြှိုးထားနေသေးတာလဲ။ စူစူလေးရဲ့ ခွန်အားက ပုံမှန်မဟုတ်အောင် သန်မာနေလို့ ငါအဲ့လို ပြောခဲ့တာလေ။ ပြီးတော့ နင်ကကော အရင်က ငါ့အပြစ်တွေကို ပြန်ဆွဲထုတ်ပြီး ဘာလုပ်ဖို့ ကြံနေတာလဲ။ အခု ဆောက်လုပ်ရေးမှာ ဖြစ်ခဲ့တဲ့ မတော်တဆမှုအတွက် တာဝန်ရှိတဲ့လူတွေက နင်နဲ့ နင့်ယောက်ျားနော်။ နင်တို့အပြစ်ကို ဖုံးကွယ်ဖို့ ငါ့ကိုလာအပြစ်တင်နေတာလား”

ဝမ်ချင်းက ယန်းမင်အာကို ပြန်လည် စွပ်စွဲလိုက်လေသည်။

… … …

အခန်း(၁,၀၃၉) တွေးမိလေလေ ဒေါသထွက်လေလေ

“ကျွန်မတို့လင်မယား အသုံးမကျလို့ မတော်တဆမှုဖြစ်ခဲ့တာဆိုရင်လည်း ယောက်မအကြီးဆုံး ကျွန်မတို့ကို လက်ညှိုးထိုးပြီး အပြစ်တင်လို့ရတယ်။ ဒါပေမယ့် ကျေးဇူးပြုပြီး စူစူလေးကို ပြဿနာထဲ မလိုအပ်ဘဲ ဆွဲမထည့်ပါနဲ့။ စူစူလေးက ငယ်ငယ်လေးပဲရှိသေးတယ်။ သူသိထားတဲ့ ကမ္ဘာက ဖြူစင်ပြီး လှပတယ်။ အဲ့ဒီအလှတရားကို ကျွန်မ မဖျက်ဆီးချင်ဘူး”။ ယန်းမင်အာ အကြည့်စူးရှစွာ ပြောလိုက်သည်။

ဝမ်ချင်း ဒေါသတကြီး မတ်တပ်ရပ်လိုက်သည်။ “တော်လောက်ပြီ ယန်းမင်အာ။ ငါက နင့်ရဲ့ ယောက်မ အကြီးဆုံးနော်!”

ထို့နောက် နောက်ပြန်လှည့်မကြည့်တော့ဘဲ အပေါ်ထပ်သို့ တက်သွားခဲ့ပါသည်။

သူမ ကိုယ်ဝန်က ၇ လခန့် ရှိနေပြီဖြစ်သဖြင့် ဗိုက်ကလည်း အလွန်သိသာနေပါပြီ။ လက်တစ်ဖက်ဖြင့် ကျောကို ထောက်ကာ လှေကားပေါ်သို့ တက်သွားရသည်။

ယန်းမင်အာက ဝမ်ချင်းကို အေးစက်စက် အကြည့်ဖြင့် ကြည့်လိုက်ပြီး ရေရွတ်လိုက်ပါသည်။ “လက်ပူးလက်ကြပ် မမိစေနဲ့ပေါ့။ သက်သေသာ ရလို့ကတော့ ရှင့်ကို အလွတ်မပေးဘူး!”

ထို့နောက် ယန်းမင်အာ မျက်နှာပေါ် အပြုံးတစ်ခု ပြန်လည်ရောက်ရှိလာပြီး အိမ်ပြင်သို့ ထွက်ကာ သူမယောက်ျားကို ဖုန်းဆက်လိုက်ပါသည်။

ဖုန်းဝင်သွားသောအခါ တစ်ဖက်မှ အေးတိအေးစက် လေသံ ထွက်ပေါ်လာသည်။ “ဘာကိစ္စရှိလို့လဲ”

“ဆောက်လုပ်ရေးဆိုက်က ပြဿနာကို ရှင်မြန်မြန် ဖြေရှင်းမှ ဖြစ်မယ်နော်။ အမေတော်တော် စိတ်ပူနေပြီ။ စူစူလေးလည်း သိသွားပြီ။ စူစူလေးက ကျွန်မတို့ကို ကူညီပေးချင်နေတာ။ ကျွန်မတို့ မြန်မြန်မလုပ်ရင် ပြဿနာတွေကို စူစူလေးကိုယ်တိုင် လိုက်ဖြေရှင်းနေရမယ်”။ ယန်းမင်အာ ကျီစယ်လိုက်ပါသည်။

ချင်းယွင်ကျစ် ခေတ္တတိတ်ဆိတ်သွားခဲ့သည်။

အတန်ကြာမှ ချင်းယွင်ကျစ် ပြန်ပြောလိုက်ပါသည်။ “ဟုတ်ပြီ”

ထို့နောက် သူဖုန်းချလိုက်သည်။

အပေါ်ထပ် ရောက်သောအခါ ဝမ်ချင်း သုန်သုန်မှုန်မှုန်နဲ့ အိပ်ခန်းထဲ ဝင်အောင်းနေခဲ့သည်။ ယန်းမင်အာ၏ စကားကို ပြန်တွေးမိလေလေ ဒေါသထွက်မိလေလေ ဖြစ်နေပါသည်။

ယန်းမင်အာက သူမကို ယောက်မအကြီးဆုံး တစ်ယောက်အနေနဲ့ မလေးစားပါ။ အမေကတောင် ဘာမှ မပြောသွားတာကို သူမက အပြစ်လာတင်နေသည်။

ထိုစဉ် ကော်ရစ်ဒါထဲမှာ ပြေးလွှားနေသည့် စူစူလေးနဲ့ ဟူကျစ်တို့ရဲ့ အသံကို ဝမ်ချင်း ကြားသွားပါသည်။

ဝမ်ချင်း မျက်မှောင်ကြုတ်သွားသည်။ ထို့နောက် ယန်းမင်အာ၏ စကားလုံးတွေကို ပြန်ကြားယောင်မိသည်။ သူမ တွေးမိလေလေ မခံချင်စိတ် ပိုပြင်းပြလာလေလေ ဖြစ်သည်။

ဝမ်ချင်း မတ်တပ်ရပ်လိုက်ပြီး တံခါးဖွင့်ကာ ကော်ရစ်ဒါထဲ ထွက်လာခဲ့ပါသည်။

စူစူလေးနဲ့ ဟူကျစ်တို့က သူမဘက်ကို ပြေးလာနေတာဖြစ်သည်။

ဝမ်ချင်းကို အဝေးမှ လှမ်းမြင်လိုက်သောအခါ စူစူလေးနဲ့ ဟူကျစ်တို့ ပြေးနေတာ ရပ်တန့်သွားကြပါသည်။

ယောက်မအကြီးဆုံးရဲ့ ဗိုက်က အလွန်ကြီးမားနေပြီဖြစ်တာကြောင့် အိမ်ထဲမှာ ပြေးလွှားရင်း ဝင်မတိုက်မိအောင် သတိထားရမည်ဟု လူကြီးမိဘများက မှာထားတာကြောင့် ဖြစ်ပါသည်။

“စူစူလေး”။ ဝမ်ချင်းက စူစူလေးကို လှမ်းခေါ်လိုက်ပါသည်။

“ဟမ်”။ စူစူလေး ခေါင်းလေးစောင်းကာ ပြန်ထူးလိုက်လေသည်။

“ဖေဖေနဲ့ မေမေတို့ကို စူစူလေး ကူညီမပေးချင်ဘူးလား”။ ဝမ်ချင်းမေးလိုက်သည်။

“အွန်း ကူညီပေးးချင်တယ်!”

“အဲ့တာဆို ခဏနေရင် ဆောက်လုပ်ရေးဆိုက်ဆီ အတူတူ လိုက်ခဲ့မလား”။ ဝမ်ချင်း မေးလိုက်သည်။

“ဆောက်လုပ်ရေးဆိုက်ဆီ ဟုတ်လား”

“လူဆိုးတွေ ပြဿနာရှာနေတဲ့ နေရာလေ”

“မလိုက်ပါဘူး”

“ဘာလို့လဲ”

“ဒီပြဿနာ ဖြေရှင်းဖို့ တတိယယောက်မကိုပဲ အားကိုးမယ်လို့ ကတိပေးထားတယ်လေ”။ စူစူလေး ပြန်ဖြေလိုက်ပါသည်။

၃ လအတွင်း စူစူလေးက တတိယယောက်မဟု ပီပီသသ ခေါ်ဆိုနိုင်နေပါပြီ။

သို့သော်လည်း သူမကိုတော့ ‘ယောက်မအကြီးဆုံး’ဟု မခေါ်သေးပါ။

ဝမ်ချင်း အပြုံး အနည်းငယ် တောင့်တင်းသွားရသည်။

“ဒါပေမယ့် ဖေဖေနဲ့ မေမေတို့လည်း ဒီနေ့ သွားကြမှာလေ”။ ဝမ်ချင်း ထပ်ပြောလိုက်သည်။

“ဖေဖေနဲ့ မေမေတို့လည်း သွားကြမှာလား”။ စူစူလေး သတိကြီးသွားလေသည်။

“ဟုတ်တယ်။ ဒီနေ့ အဲ့ဒီ လူဆိုးတွေက ဆောက်လုပ်ရေးဆိုက်မှာ ရောက်နေကြတယ်။ ဖေဖေနဲ့မေမေက အဲ့ဒီလူတွေနဲ့ စကားသွားပြောကြမလို့တဲ့”။ ဝမ်ချင်း ပြောလိုက်သည်။

အဘိုးချင်းနဲ့ အဘွားချင်းတို့ကို မသွားကြဖို့ ချင်းရှင်းကျစ် တားထားသော်လည်း သေဆုံးသွားသည့်လူအတွက် လေးစားမှု ရှိသင့်သည်ဟု အဘိုးချင်းတို့က ထင်နေပါသည်။။

“အဲ့တာဆို အန္တရာယ်များမှာလား”။ စူစူ‌‌လေး စိတ်ပူသွားသည်။

အဲ့ဒီနေရာကြီးမှာ လူတစ်ယောက် သေထားတာ!

အဲ့တာကြောင့် လူဆိုးတွေလည်း အများကြီးရှိမှာပဲ!

အန္တရာယ်အရမ်းများတဲ့ နေရာဖြစ်နိုင်တယ်!

… … …

အခန်း(၁,၀၄၀) ဖေဖေနဲ့ မေမေ့ကို ကာကွယ်ပေးမှဖြစ်မယ်

“အဲ့တာတော့ ယောက်မလည်း သေချာမသိဘူး။ အရမ်းကြီးတော့ အန္တရာယ်မရှိလောက်ပါဘူး”။ ဝမ်ချင်း၏ လေသံက မသေချာ မရေရာဖြစ်နေပါသည်။

“မဖြစ်ဘူး! ဖေဖေနဲ့ မေမေတို့ အန္တရာယ်ရှိတဲ့နေရာဆီ သွားလို့မရဘူး! သမီးလည်း လိုက်သွားမယ်!”။ စူစူလေး အမြန်ပြောလိုက်သည်။

ပြဿနာတွေကို တတိယယောက်မ ဖြေရှင်းနိုင်လိမ့်မည်ဟု စူစူလေး ယုံကြည်ထားသော်လည်း ဖေဖေနဲ့ မေမေတို့ကို ကာကွယ်ပေးရမှာက သူမတာဝန်ဖြစ်ပါသည်။

“လိုက်သွားလို့တော့ ရပါတယ်။ ဒါပေမယ့် ကားထဲမှာပဲ နေပြီး အပြင်မထွက်ပါဘူးလို့ ကတိပေးရမယ်”။ ဝမ်ချင်း ပြောလိုက်သည်။

စူစူလေးကို ထိုနေရာဆီခေါ်သွားပြီး ဘာမှလုပ်ခိုင်းဖို့ အစီအစဉ်မရှိပါ။

ယန်းမင်အာကို အတိုက်အခံလုပ်ချင်တာကြောင့်သာ ဖြစ်သည်။

ယန်းမင်အာက သူမကို မလုပ်စေချင်လေလေ သူမ ပိုလုပ်ချင်လေလေ ဖြစ်သည်။

စူစူလေး ဒါတွေသိသွားတော့ ဘာဖြစ်လဲ။

ဆောက်လုပ်ရေးဆိုက်ကို စူစူလေး သွားတော့ကော ဘာဖြစ်မှာလဲ။

ဒီလိုအသေးအဖွဲကိစ္စများအတွက် ယောက်မအကြီးဆုံးဖြစ်သည့် သူမကို ယန်းမင်အာ ဝေဖန်ပိုင်ခွင့်မရှိပါ။

စူစူလေး ခေတ္တစဉ်းစားလိုက်ပြီး ပြန်ပြောလိုက်သည်။ “ဖေဖေနဲ့ ‌မေမေတို့ အန္တရာယ်မရှိကြဘူးဆိုရင် သမီးကားထဲမှာပဲ နေမယ်။ ဒါမယ့် ဖေဖေနဲ့ မေမေတို့ အန္တရာယ်ရှိနေတယ် ဆိုရင်တော့ သမီး သူတို့ကို ကာကွယ်ပေးမှဖြစ်မှာ!”

“အဲ့တာတော့ ဟုတ်တာပေါ့”။ ဝမ်ချင်း ထောက်ခံလိုက်ပါသည်။

ဒီနေ့ အဘိုးချင်းနဲ့ အဘွားချင်းတို့ ဆောက်လုပ်ရေးဆိုက်ကို သွားကြမှာဖြစ်သော်လည်း လုံခြုံရေးအတွက် အားလုံးစီစဉ်ထားပြီးသား ဖြစ်သည်။ ထို့ကြောင့် အန္တရာယ်ဖြစ်နိုင်ချေက အလွန်နည်းပါသည်။ ထို့ကြောင့် စူစူလေး ကားထဲမှ ထွက်သွားမှာကိုလည်း ဝမ်ချင်း သိပ်စိတ်မပူပါ”။

“ဒါဆို မြန်မြန်သွားကြမယ်လေ!”။ စူစူလေး အလောတကြီး‌ ပြောလိုက်ပါသည်။

“ဟုတ်ပြီ။ ဂိုထောင်ဆီသွားပြီး ဒရိုင်ဘာဦးလေးကြီးကို လိုက်ပို့ခိုင်းရအောင်”။ ဝမ်ချင်း ပြန်ပြောလိုက်သည်။

“အွန်း!”

ကားဂိုထောင်ကို ရောက်သောအခါ ဝမ်ချင်းက Mercedes-Benz G-Class အမျိုးအစားကို ရွေးချယ်လိုက်သည်။ ဆောက်လုပ်ရေးဆိုက်တွေအတွက် သင့်တော်သော ကားအမျိုးအစား ဖြစ်ပါသည်။

စူစူလေးက ဟူကျစ်ကို ပေါင်ပေါ်မှာတင်ပြီး ကားရှေ့ခန်းထဲမှာ ဝင်ထိုင်လိုက်သည်။ ဝမ်ချင်းက ကားနောက်ခန်းထဲမှာ ထိုင်လိုက်ပါသည်။ မပါမဖြစ် ဟဲပေမူလည်း လိုက်လာခဲ့သည်။

စူစူလေးရဲ့ တစ်နေ့တာလုပ်ငန်းတွေကို ဟဲပေမူ နှောင့်ယှက်မှာ မဟုတ်သော်လည်း စူစူလေး အပြင်သွားတိုင်း သူလိုက်ရပါမည်။

ဒရိုင်ဘာဦးလေးကြီးက စူစူလေးကို ကြည့်ပြီး အနည်းငယ် တွန့်ဆုတ်သွားသည်။ “စူစူလေးလည်းလိုက်မှာလား သခင်မ”

“ဘာမှမဖြစ်ပါဘူး။ ငါခေါ်သွားမှာ”။ ဝမ်ချင်း ပြောလိုက်သည်။

ဝမ်ချင်း၏ အာမခံမှုကို ရရှိမှ ဒရိုင်ဘာ ကားစက်နှိုးလိုက်ပါသည်။ ထို့နောက် ဟွာချန့်မြို့ အနောက်မြောက်ပိုင်းနယ်မြေကို ဦးတည်ခဲ့ကြသည်။

နှစ်ဝက်အတွင်း ထိုနေရာကြီးက သိသိသာသာ ပြောင်းလဲသွားခဲ့ပါသည်။ ဆောက်လက်စ အဆောက်အဦးတွေမှာ ယခုဆို အမိုးတွေတောင် ရှိနေပြီဖြစ်ပြီး တချို့နေရာတွေမှာ သစ်ပင်ပန်းပင်တွေကိုတောင် စိုက်ပျိုးထားပြီးပါပြီ။

တချို့နေရာတွေမှာဆို ဆိုင်အသေးစားလေးတွေတောင် ဖွင့်လှစ်နေကြပြီဖြစ်သည်။ ယာယီ နေထိုင်ကြသူတွေလည်း ရှိလာပါပြီ။

ယခင်တုန်းကလို လူသူကင်းမဲ့ ခြောက်သွေ့မနေတော့ဘဲ စည်ကားဖွံ့ဖြိုးလာခဲ့သည်။

အနောက်မြောက်ပိုင်းနယ်မြေကို ရောက်သောအခါ ကားအရှိန်ကျသွားခဲ့သည်။

လမ်းမပေါ်မှာ လူတွေ အများကြီး ဝိုင်းအုံနေကြသဖြင့် ကားဖြတ်သွားဖို့ အလွန်ခဲယဉ်းနေပါသည်။

တချို့က ဆိုင်းဘုတ်တွေ ကိုင်ထားကြပြီး တချို့က နဖူးမှာ အဝတ်နီများပတ်ကာ စာတွေ ရေးထားကြသည်။ တချို့က ပေါက်တူးတွေ၊ တူတွေ ကိုင်ထားကြသည်။

“သူတို့ ဘာလုပ်ကြမလို့လဲ ဘာလို့ ဒေါသထွက်နေတဲ့ပုံ ပေါက်နေကြတာလဲ”။ စူစူလေး မေးလိုက်သည်။

“မြောင်”

“အဲ့တာ ယောက်မတို့ကို ဖြေရှင်းချက်ပေးဖို့ လာဆန္ဒပြနေကြတဲ့လူတွေလေ”။ ဝမ်ချင်း ရှင်းပြလိုက်သည်။

“အဲ့တာဆို သူတို့က ပြဿနာ လာရှာနေကြတာလား”။ စူစူလေး ထပ်မေးလိုက်သည်။

“အဲ့လိုမျိုးပါပဲ”။ ဝမ်ချင်း ပေါ့ပေါ့တန်တန် ပြန်ဖြေလိုက်ပါသည်။

စူစူလေး သတိပိုကြီးသွားခဲ့ရသည်။

ဒေါသတွေနေတဲ့လူတွေ ဒီလောက် များနေရင် သူမ ဖေဖေနဲ့ မေမေတို့ အန္တရာယ်မရှိနိုင်ဘူးလား။

စူစူလေး လက်သီးတွေကို ဆုပ်လိုက်ပါသည်။

၁၀ မိနစ်ခန့် ကြာသောအခါ မတော်တဆမှုဖြစ်ခဲ့သော ချိုက်ဟယ်အိမ်ရာသို့ ရောက်ရှိလာခဲ့သည်။

ဒီနေရာမှာ လူတွေက ပိုတောင်များနေပါသေးသည်။ အိမ်ရာတစ်ခုလုံး လူတွေနဲ့ ပြည့်ကြပ်နေသည်။

အလုပ်သမားတွေသာမကဘဲ သတင်းမီဒီယာတွေလည်း ရှိနေကြပါသည်။

ဒီနေ့ အဘိုးချင်းနဲ့ အဘွားချင်းတို့ ရောက်လာကြမှာကိုသိသဖြင့် ကြိုတင်နေရာယူထားကြပုံရသည်။

စူစူလေး မတ်တပ်ရပ်လိုက်ပြီး လူအုပ်ကြီးထဲကို လှမ်းကြည့်လိုက်ပါသည်။ ထိုစဉ် ခပ်လှမ်းလှမ်းရှိ စင်မြင့်တစ်ခုပေါ်၌ မတ်တပ်ရပ်နေသော အဘိုးချင်းကို မြင်လိုက်ရလေသည်။

… … …

All Chapters