အခန်း (၁၀၄၁-၁၀၄၅)
Vol. 42 Ch. 1041-1045
အခန်း(၁,၀၄၁) နောက်ကွယ်က ကြိုးကိုင်သူ
သူမ ဖေဖေနဲ့ ဒေါသထွက်နေသည့် လူအုပ်ကြီးက အနည်းငယ်တော့ ကွာခြားနေပါသည်။
ကံကောင်းစွာဖြင့် သူမ ဖေဖေ ဘေးနားမှာ ဘော်ဒီဂတ်တွေ အများကြီး ရှိနေကြသည်။ ထိုဘော်ဒီဂတ်တွေက အစ်ကိုငယ်ရဲ့ ဘော်ဒီဂတ်တွေဖြစ်မှန်း သူမ မှတ်မိပါသည်။
ထို့ကြောင့် သူမဖေဖေ ဘေးကင်းနေပါသည်။
ထိုအတွေးဖြင့် စူစူလေး လက်သီးများ ပြန်လည်း ပြေလျော့သွားခဲ့ရပါသည်။
ဟူကျစ်ရဲ့ ခေါင်းလေးကို ပွတ်ပေးပြီး စူစူလေး ပြောလိုက်သည်။ “ဟူကျစ် ဟိုမှာကြည့် ဖေဖေ အန္တရာယ်မရှိဘူး”
“မြောင်!”
ဝမ်ချင်းလည်း အခြေအနေတွေကို စောင့်ကြည့်နေသဖြင့် စူစူလေးပြောတာကို မြင်ပါသည်။
ဒီနေ့ ယောက္ခမတွေက ဘော်ဒီဂတ်တွေ အများကြီး ခေါ်လာမှာသိသဖြင့် ဝမ်ချင်း မအံ့ဩခဲ့ပါ။
အဘိုးချင်းက စင်မြင့်ပေါ်မှာ မတ်တပ်ရပ်နေပြီး အလုပ်သမားတွေနဲ့ မီဒီယာတွေရဲ့ မေးခွန်းတွေကို ဖြေရှင်းဖို့ ပြင်ဆင်နေပါသည်။
သူ့ဘေးက လူငယ်မှာ ချင်းယွင်ကျစ်၏ ဘော်ဒီဂတ်ဖြစ်သည်။ ဒီနေ့ သူ့အဖွဲ့ကို ဦးဆောင်ပြီး အဘိုးချင်းနဲ့ အဘွားချင်းတို့ကို ကာကွယ်ပေးဖို့ တာဝန်ယူထားသူလည်း ဖြစ်သည်.
ချင်းယွင်ကျစ်ကိုယ်တိုင်ကတော့ ဘယ်မှာရောက်နေသလဲ မသိနိုင်ပေ။
အဘိုးချင်းက ထောင်ချီနေသည့် လူတွေကို ငုံ့ကြည့်လိုက်သည်။ တချို့က သူတို့ဘက်မှ ရပ်တည်နေသလို တချို့က ထျန်းချွမ်ဆောက်လုပ်ရေးကုမ္ပဏီဘက်မှ ရပ်တည်နေကြပါသည်။
သူတို့ဘက်တွင် ရပ်တည်နေကြသူများအနက် ချိုက်ဟယ်အိမ်ရာမှာ အိမ်ဝယ်ထားကြသူတွေ ပါဝင်ပါသည်။
ထျန်းချွမ်ဆောက်လုပ်ရေးကုမ္ပဏီဘက်မှ ရပ်တည်နေသူ အများစုကို ထျန်းချွမ်ကုမ္ပဏီမှ ငှားရမ်းထားတာ ဖြစ်မှန်း အဘိုးချင်း သိသည်။
တချို့တွေကလည်း အကြောင်းအရင်းအစုံအလင်ကို မသိဘဲ သေဆုံးသွားသည့် အလုပ်သမားအတွက် တရားမျှတမှုကို လိုချင်နေကြသည်။
အနောက်မြောက်ပိုင်းရှိ မိုးမျှော်တိုက်တစ်ခုတွင် အနက်ရောင် သားရေဆိုဖာနဲ့ ၅၅ လက်မ တီဗွီတို့သာ ပါရှိသည့် ရုံးခန်းလေး တစ်ခန်း ရှိနေသည်။
ဆိုဖာပေါ်မှာ လူ ၃ ယောက် ထိုင်နေပါသည်။
“လခွီးပဲ။ သခင်ကြီးချင်းဆိုတဲ့ အဘိုးကြီးက ဒီလို ဟောပြောပွဲလုပ်လိုက်ရုံနဲ့ ပြဿနာတွေ ပြေလည်သွားမယ် ထင်နေလား! စိတ်ကူးယဉ်နေတာပဲ!”
ထျန်းချွမ်ကုမ္ပဏီ၏ စီအီးအိုဖြစ်သူ ကျန်းဝမ်ကျန့်က လှောင်ပြုံးပြုံးကာ ပြောလိုက်ပါသည်။
သူ့မျက်နှာချင်းဆိုင်မှာ ထိုင်နေကြသူတွေက ယန်းမင်အာ၏ လှည့်စားမှုကို ခံခဲ့ကြရသော ကျန့်ထုံနဲ့ သူ့မိန်းမ ရွှယ်ကျန်းတို့ လင်မယားဖြစ်သည်။
ထိုတစ်ခေါက်က အဖြစ်အပျက်ကြောင့် သူတို့ မိသားစုပြဿနာအကြီးအကျယ် တက်သွားခဲ့ပြီး ကုမ္ပဏီလည်း ဒေဝါလီခံရလုနီးပါး ဖြစ်နေပါပြီ။
နှစ်ယောက်စလုံးက အိမ်ခြံမြေလောကမှာ ကျင်လည်နေသူတွေ ဖြစ်ကြသဖြင့် ကျန့်ထုံနဲ့ ကျန်းဝမ်ကျန့်တို့ ရင်းနှီးနေကြတာ အတော်ကြာပါပြီ။
လွန်ခဲ့သည့် နှစ်ပေါင်းများစွာတုန်းက အနောက်မြောက်ပိုင်းနယ်မြေရှိ မြေကွက်တွေကို ကျန်းဝမ်ကျန့် ဝယ်ယူခဲ့ပြီး ချိုက်ဟယ်အိမ်ရာ ပရောဂျက်ကို စတင်ခဲ့ပါသည်။ သို့သော် အနောက်မြောက်ပိုင်းနယ်မြေများ တန်ဖိုးကျလာချိန်တွင် ဆောက်လုပ်ရေးကို ရပ်တန့်ခဲ့ပါသည်။
ထိုအချိန်တုန်းက ချိုက်ဟယ်အိမ်ရာအတွင်းရှိ အိမ်ချေ ၃၀ ရာခိုင်နှုန်းကို ရောင်းချပြီးသွားပြီဖြစ်ကာ အိမ်ထောင်စု များစွာကလည်း စရံငွေချေပြီးသွားကြပြီဖြစ်သည်။
ထိုလူတွေက ချိုက်ဟယ်အိမ်ရာကို ပြီးမြောက်အောင် တည်ဆောက်ပေးဖို့ ထျန်းချွမ်ကုမ္ပဏီကို လာရောက် တောင်းဆိုကြသော်လည်း ကျန်းဝမ်ကျန့်က မသိချင်ယောင် ဆောင်ခဲ့ပါသည်။
ဒီလိုအခြေအနေတွေနဲ့သာ ဆောက်လုပ်ရေးကို ဆက်လုပ်ခဲ့ပါက အရှုံးပေါ်နိုင်မှန်း ကျန်းဝမ်ကျန့် ကောင်းကောင်း သိပါသည်။
ဆောက်လက်စ အဆောက်အဦးတွေကို ဝယ်ယူထားမိသည့် လူတွေကိုလည်း ကျန်းဝမ်ကျန့် ဂရုမစိုက်ပါ။ သူတို့ ပြဿနာ ရှာချင်သလောက် ရှာနိုင်သည်။
ထိုပရောဂျက်ကို နှစ်အတော်ကြာသည်အထိ ရပ်တန့်ထားခဲ့ပြီး မကြာသေးခင်ကမှ အစိုးရက ဦးဆောင်ကာ ချင်းမိသားစုထံသို့ တန်ဖိုးနည်းနည်းဖြင့် ရောင်းချလိုက်ပါသည်။
ထိုအချိန်အထိ ဘာပြဿနာမှ မရှိခဲ့သေးပါ။ ကျန်းဝမ်ကျန့် အလကားနေရင်း ပိုက်ဆံရလိုက်သည်ဟုပင် ခံစားခဲ့ရသည်။
သို့သော်လည်း မကြာသေးခင်ကစလို့ ဟွာချန့်မြို့၏ စီးပွားရေး တိုးတက်လာကာ အနောက်မြောက်ပိုင်း နယ်မြေရှိ အိမ်ရာတန်ဖိုးများလည်း အဆမတန် ထိုးတက်သွားခဲ့လေသည်။
ကျန်းဝမ်ကျန့် သေချာ တွက်ချက်ကြည့်လိုက်ရာ ယွမ် သန်း ၇၀၀ လောက် သူဆုံးရှုံးခဲ့ရတာဖြစ်မှန်း သိလိုက်ရလေသည်။
ကျန့်ထုံက ဝင်ပြောလိုက်သည်။ “ခင်ဗျား သတိကြီးကြီးထားရမယ်နော်။ သူတို့ကို လျှော့မတွက်နဲ့။ အဲ့ဒီ ချင်းမိသားစုက အတော်ယုတ်ညံ့ပြီး ဉာဏ်နီဉာဏ်နက် များကြတဲ့လူတွေ။ ညစ်ပတ်တဲ့ လှည့်ကွက်တွေကို ထုတ်သုံးနေကျပဲ!”
… … …
အခန်း(၁,၀၄၂) အဘိုးချင်းရဲ့ ဖြေရှင်းချက်
“ဘယ်လို လှည့်ကွက်ပဲ သုံးသုံး ချိုက်ဟယ်အိမ်ရာကို ငါပဲ ပိုင်ဆိုင်ရမယ်! မဟုတ်ရင် သူတို့ ချင်းမိသားစု အဲ့ဒီ ပရောဂျက် အောင်မြင်နိုင်ဖို့ စိတ်မကူးကြနဲ့တော့!”။ ကျန်းဝမ်ကျန့်က အံကြိတ်လျက် ပြောလိုက်ပါသည်။
ချင်းမိသားစုကို ရောင်းချလိုက်သည့် ဈေးနဲ့ပဲ ချိုက်ဟယ်အိမ်ရာကို သူပြန်ဝယ်ဖို့ စီစဉ်ထားသည်။
“ခင်ဗျား လူတွေကို ချင်းမိသားစုက ဖမ်းတော့ မဖမ်းမိလောက်ပါဘူးနော်”။ ကျန့်ထုံ အနည်းငယ် စိတ်ပူပန်စွာ မေးလိုက်ပါသည်။
ဒီလို အလုပ်တွေလုပ်ဖို့ ကျန်းဝမ်ကျန့်ဆီမှာ လူတွေရှိနေမှန်း ကျန့်ထုံ ကောင်းကောင်း သိပါသည်။
“စိတ်ချထားစမ်းပါ! သူတို့ကို ငါ တိုက်ရိုက် လွှတ်လိုက်တာလည်း မဟုတ်ဘူး။ အများစုက အဲ့ဒီအချိန်ကတည်းက ဆောက်လုပ်ရေးဆိုက်မှာ အလုပ်လုပ်နေကြတဲ့ အလုပ်သမားအစစ်တွေပဲဥစ္စာ။ သူတို့ လစာတွေ လိုချင်နေကြရုံပဲ!”။ ကျန်းဝမ်ကျန့်က ကောက်ကျစ်သော အပြုံးဖြင့် ပြောလိုက်ပါသည်။
သူ့အကြံအစည်ကိုသူ ယုံကြည်မှုအပြည့်ရှိသည်။
ချင်းမိသားစုကို စာချုပ်စာတမ်းနဲ့ တရားဝင် ရောင်းချခဲ့တာဖြစ်တာကြောင့် ချိုက်ဟယ်အိမ်ရာအား တရားဝင် နည်းလမ်းနဲ့ ပြန်ရယူဖို့ ခဲယဉ်းမှန်း ကျန်းဝမ်ကျန့် သိပါသည်။
ထို့ကြောင့် ကျန်းဝမ်ကျန့် တရားမဝင်နည်းလမ်းကို အသုံးပြုလိုက်ရသည်။ ချိုက်ဟယ်အိမ်ရာ သူ့လက်ထဲမှာ ရှိခဲ့စဉ်တုန်းက အလုပ်သမားခေါင်းဆောင်ကို ကျန်းဝမ်ကျန့် ပြန်ခေါ်ခဲ့သည်။ ထို့နောက် သူပေးဖို့ ကျန်ရှိနေသည့် လုပ်အားခ ကြွေးကျန်များကို ချင်းမိသားစုအပေါ် လွှဲချလိုက်လေသည်။
သူတို့ကို ချင်းမိသာားစုက အခွင့်ကောင်းယူပြီး ထျန်းချွမ်ကုမ္ပဏီအား အခက်အခဲဖြစ်အောင်လုပ်ကာ ချိုက်ဟယ်အိမ်ရာကို တန်ဖိုးအနည်းဆုံးနဲ့ ရောင်းချအောင် ဖိအားပေခဲ့သည်ဟု ဆိုခဲ့သည်။
ချိုက်ဟယ်အိမ်ရာကို သူပြန်လည်ရရှိတာနဲ့ ထိုအလုပ်သမားများကို ပေးဖို့ ကျန်ရှိနေသည့် လုပ်အားခများသာ မကဘဲ လျော်ကြေးငွေတွေပါ ပေးမည်ဟု ကတိပေးခဲ့သေးသည်။
ကျန်းဝမ်ကျန့် အမြင်တွင် ထိုဆောက်လုပ်ရေး အလုပ်သမားများက ပညာသိပ်မတတ်ဘဲ ဒေါသလည်း ဖြစ်လွယ်ကြတာကြောင့် အသုံးချဖို့ လွယ်ကူသည့် သားကောင်များဖြစ်ကြသည်။
ယခုလည်း ကျန်းဝမ်ကျန့် ခန့်မှန်းထားသည့်အတိုင်း ဖြစ်နေပါပြီ။ အလုပ်သမားခေါင်းဆောင်က သူ့လက်အောက်ငယ်သားများကို ခေါ်ယူပြီး ချင်းမိသားစုဝင်တွေကို အတိုက်အခံ လုပ်နေပြီ ဖြစ်သည်။
လူသေဆုံးမှုကိုလည်း ကျန်းဝမ်ကျန့် အနည်းနဲ့အများ စီစဉ်ထားခဲ့တာဖြစ်သည်။ အလုပ်သမားတွေကြားထဲမှာ သူ့လူတွေ ထည့်ထားလိုက်ပြီး ပဋိပက္ခဖြစ်ကြသောအခါ အခွင့်ကောင်းယူကာ လူသေဆုံးမှုဖြစ်အောင် ဖန်တီးခဲ့ကြသည်။
“ခင်ဗျားက တကယ် ဉာဏ်ထက်တဲ့လူပဲ”။ ကျန့်ထုံ အမြန် ချီးကျူးလိုက်ပါသည်။
ရွှယ်ကျန်းကလည်း ဘေးမှ ပြုံးနေသည်။
အရှက်မရှိတာချင်း ယှဉ်ရမည်ဆိုလျှင် ဒီမြေခွေးကြီး ကျန်းဝမ်ကျန့်က အဆင့် ၁ ရလောက်သည်။ အရာရာကို ဘာဂုဏ်သိက္ခာမှ မကြည့်ဘဲ ဆောင်ရွက်တတ်သူဖြစ်သည်။
ချိုက်ဟယ်အိမ်ရာပရောဂျက်ကို ရပ်တန့်ခဲ့ပြီး အကြွေးတွေတင်ကာ အိမ်ဝယ်သူတွေကို လိမ်လည်ခဲ့တာ သူကိုယ်တိုင်ပဲ ဖြစ်သည်။ အလုပ်သမားတွေကို လုပ်ခလစာပေးဖို့ ကြွေးကျန်နေတာလည်း သူပဲ ဖြစ်သည်။ ယခုတော့ သူ့အပြစ်အားလုံးကို ချင်းမိသားစုပေါ် လွှဲချကာ ချိုက်ဟယ်အိမ်ရာကို ပြန်ရယူဖို့ ကြိုးစားနေပါသည်။
ဒီလို အရှက်မရှိမှုက သူမတို့ လင်မယားထက် အများကြီး ပိုသာလွန်ပါသည်။
သို့သော်လည်း အခုချိန်မှာ ချင်းမိသားစုကို တိုက်ခိုက်ဖို့ သူမတို့ လိုအပ်နေသူကလည်း ဒီလို အရှက်မရှိသူမျိုးပဲ ဖြစ်သည်။
မဟုတ်ပါက ဟွာချန့်မြို့တစ်မြို့လုံး ချင်းမိသားစု၏ ပိုင်နက်ဖြစ်သွားတော့မည်ဖြစ်ပြီး တခြားမိသားစုတွေ ရှင်သန်ဖို့ လွယ်ကူမှာ မဟုတ်တော့ပေ။
--- --- ---
အချိန်တန်သောအခါ အဘိုးချင်းက မိုက်ခရိုဖုန်းကို ကိုင်လိုက်ပြီး စတင်စကားပြောလေသည်။
ပထမဆုံးအနေဖြင့် မတော်တဆမှုကြောင့် ဒဏ်ရာရရှိခဲ့သူများနဲ့ လူသေဆုံးမှု ဖြစ်ခဲ့ရတာတွေကို တောင်းပန်ခဲ့သည်။
ထို့နောက် ချိုက်ဟယ်အိမ်ရာကို တရားဝင်သော နည်းလမ်းဖြင့်သာ ဝယ်ယူခဲ့တာဖြစ်သဖြင့် သူတို့ ချင်းမိသားစုသာ ပိုင်ဆိုင်ကြောင်း ရှင်းရှင်းလင်းလင်း ပြောဆိုခဲ့သည်။
ယခင် ဆောက်လုပ်ရေး အလုပ်သမားများအတွက် အဘိုးချင်း စိတ်မကောင်းဖြစ်မိသော်လည်း အကြွေးတွေကို ချေပေးဖို့ ငြင်းဆန်ခဲ့ပါသည်။
အဘိုးချင်းက ဆို၏။ “ခင်ဗျားတို့အတွက် စိတ်မကောင်းစရာကောင်းတာနဲ့ပဲ ခင်ဗျားတို့မှန်တယ်လို့ မဆိုလိုဘူး။ ခင်ဗျားတို့ ဆင်းရဲနေတာနဲ့ပဲ သူများတွေပိုင်ဆိုင်တာကို လုယူခွင့်မရှိဘူး။ ချင်းမိသားစု အိမ်ခြံမြေလုပ်ငန်းရဲ့ စီအီးအိုတစ်ယောက် အနေနဲ့ ဒီလို တောင်းဆိုမှုမျိုးတွေကို ကျုပ်လုံးဝ လိုက်လျောပေးမှာ မဟုတ်ဘူး”
“မတော်တဆမှုမှာ သေဆုံးသွားတဲ့ ပုဂ္ဂိုလ်အတွက် ကျုပ်စိတ်မကောင်းဖြစ်မိပါတယ်။ ဒါပေမယ့် ဒီကိစ္စအတွက် ကျုပ်မှာ တာဝန်မရှိဘူး။ သေဆုံးသွားတဲ့ ပုဂ္ဂိုလ်ရဲ့ မိသားစုဝင်တွေကို ကျုပ်လျော်ကြေးပေးမှာ မဟုတ်ဘူး။ ကျုပ်တို့ရဲ့ ပိုင်ဆိုင်မှုကို ခွန်အားသုံးပြီး အတင်းအကြပ် လုယူဖို့ ကြိုးစားကြမယ်ဆိုရင် လူတွေ ဘယ်နှယောက်ပဲသေသေ ကျုပ်ဘက်က လိုက်လျောပေးမဟုတ်ဘူး”
… … …
အခန်း(၁,၀၄၃) ဒီကိစ္စကြောင့် ချင်းအုပ်စုတစ်ခုလုံး ထိခိုက်မှာ စိုးရိမ်ရတယ်
ထင်မထားစွာဖြင့် အဘိုးချင်း၏ ဖြေရှင်းချက်က ရန်လိုသူတွေ၊ ဆန္ဒပြသူတွေရဲ့ တောင်းဆိုချက်ကို လိုက်လျောပေးဖို့ မဟုတ်ပါ။
အဘိုးချင်း ဆက်ပြောလိုက်သည်။ “ဒီအိမ်ရာဈေးတွေ အဆမတန် ပြန်ကျသွားခဲ့ရင်တောင်၊ လူတွေ အများကြီး သေလို့ ရောင်းချလို့ မရတဲ့အထိ ဆိုးရွားသွားရင်တောင် ကျုပ်ဆုံးဖြတ်ချက်ကို ပြောင်းလဲမှာ မဟုတ်ဘူး။ လူရမ်းကားတွေရဲ့ လက်ထဲ ဒီအိမ်ရာကို ပြန်အပ်မယ့်အစား ကျုပ်လက်ထဲမှာပဲ ပျက်စီးသွားစေရမယ်! လူယုတ်မာတွေရဲ့ လုပ်ရပ်ကို ကျုပ်ဘက်က ခေါင်းငုံ့ခံမှာ မဟုတ်သလို မဖြစ်နိုင်တဲ့ တောင်းဆိုမှုတွေကိုလည်း လိုက်လျောပေးမှာ မဟုတ်ဘူး!”
အဘိုးချင်းက ခေါင်းငုံ့အရှုံးပေးရမည့်အစား နှစ်ဦးနှစ်ဖက် ပျက်စီးဆုံးရှုံးသွားတာမျိုးကိုသာ အဖြစ်ခံလိုက်မည်။
ကားထဲမှာ စူစူလေး အလွန်စိတ်လှုပ်ရှားသွားသည်။ အဘိုးချင်းပြောသည့် စကားလုံးတိုင်းကို စူစူလေး နားမလည်သော်လည်း မကြာခင် ၄ နှစ်တောင် ပြည့်တော့မည်ဖြစ်သဖြင့် အကြမ်းဖျင်း အဓိပ္ပာယ်ကိုတော့ နားလည်ပါသည်။
“ဖေဖေက အရမ်းမိုက်တာပဲ!”။ စူစူလေး ပြောလိုက်သည်။
“မြောင်!”။ (ဟုတ်တယ် အရမ်းမိုက်တယ်! ငါလည်း အဲ့လို မိုက်ချင်လိုက်တာ!)
ဟူကျစ်၏ စကားလုံးများကို ဟဲပေမူ နားထောင်ရင်း ဆွံ့အနေပါသည်။
အပြင်ဘက်က လူအုပ်ကြီးကို ကြည့်ရင်း ဝမ်ချင်း မျက်မှောင်ကြုတ်နေသည်။
ယောက္ခမဖြစ်သူရဲ့ ဆုံးဖြတ်ချက်ကို သူမ ထောက်ခံပါသည်။ သူမတို့ လုံးဝ အလျှော့ပေးလို့ မဖြစ်ပါ။ ငွေတွေ အရှုံးပေါ်ရမည်ဆိုရင်တောင် အရှက်မရှိသည့် ဒီလိုလူတွေကို အကျိုးအမြတ်ရရှိသွားစေလို့ မဖြစ်ပါ။
ယခု စိုးရိမ်စရာက ပြဿနာ ဘယ်လောက်ထိ ကြီးမားသွားနိုင်မလဲဆိုတာပင်။ ဒီနေ့ လူတွေ အများကြီး ရှိနေသဖြင့် နောက်ထပ် ရန်ပွဲတစ်ခု ဖြစ်လာပါက သွေးထွက်သံယိုတွေ ဖြစ်သွားလိမ့်မည်။
ထိုအကြောင်းတွေးရင်း အိမ်မှာ သူမကို ရန်ရှာခဲ့သည့် ယန်းမင်အာကို ဝမ်ချင်း သတိရသွားပါသည်။
အပြောပဲရှိပြီး ဘာလို့ အလုပ်နဲ့ သက်သေမပြသေးတာလဲ!
ဒီလို လေလုံးထွားတတ်ရုံနဲ့များ သူမကို စွပ်စွပ်စွဲစွဲ ပြောရဲသေးတယ်!
တွေးမိလေလေ ယန်းမင်အာကို ဝမ်ချင်း ပိုမုန်းမိလေလေ ဖြစ်သည်။ ထို့နောက် ဝမ်ချင်း ဖုန်းထုတ်ကာ ချင်းရှင်းကျစ်ထံ ဖုန်းဆက်လိုက်ပါသည်။
“ဘာဖြစ်လို့လဲ မိန်းမ”။ ချင်းရှင်းကျစ်၏ လေသံက အနည်းငယ် စိတ်လှုပ်ရှားနေပုံ ရသည်။
သူ့မိန်းမက ကျန်းမာရေးမကောင်းသည့်အပြင် ကိုယ်ဝန်က ၇ လတောင် ရှိနေပါပြီ။ ထို့ကြောင့် ဒီကာလက သူမအတွက် အပင်ပန်းဆုံး ကကာလဖြစ်သည်။
“ချိုက်ဟယ်အိမ်ရာကိစ္စနဲ့ ပတ်သတ်ပြီး မတ်လေးတို့လင်မယားက ဘာလုပ်ဖို့ စီစဉ်ထားကြလဲ”။ ဝမ်ချင်း မေးလိုက်သည်။
“အဲ့တာတော့ ကိုယ်လည်း သေချာ မသိဘူးလေ”
ချင်းရှင်းကျစ်က ချင်းအုပ်စု၏ နည်းပညာပိုင်းကုမ္ပဏီကို ဦးဆောင်ထားရတာဖြစ်သည်။ အိမ်ခြံမြေအပိုင်းကို သူအတတ်နိုင်ဆုံး ဝင်မရှုပ်မိအောင် နေပါသည်။ ထိုအပိုင်းက သူ့ညီရဲ့ တာဝန်ဖြစ်သည်။ သူ့ညီရဲ့ အစွမ်းအစကို အပြည့်အဝ ယုံကြည်ပါသည်။
“ဒီကိစ္စ အရမ်းအရေးကြီးတယ်လို့ ကျွန်မထင်တယ်နော် ယောက်ျား။ ရှင်သေချာ မေးကြည့်သင့်တယ်”။ ဝမ်ချင်း သတိပေးလိုက်ပသါည်။
“ဒါပေမယ့် အဖေနဲ့ အမေတို့က အဲ့ဒီပရောဂျက်ကို ညီလေးတို့လင်မယားလက်ထဲ အပ်ထားပြီးသားလေ။ ကိုယ်ဝင်ပါလို့ ကောင်းပါ့မလား။ ညီလေးတို့ လင်မယားကလည်း ကိုယ်တို့ နည်းပညာကုမ္ပဏီကိစ္စတွေကို ဝင်ပါတာမှ မဟုတ်တာ”။ ချင်းရှင်းကျစ် ရှင်းပြလိုက်ပါသည်။
“ဒီပြဿနာ ပိုကြီးသွားရင် ချင်းအုပ်စု တစ်စုလုံးရဲ့ ဂုဏ်သိက္ခာအပေါ် ထိခိုက်လာနိုင်တယ်။ အဲ့တာဆို ကျွန်မတို့ နည်းပညာကုမ္ပဏီလည်း လွတ်မှာ မဟုတ်ဘူး”
ဝမ်ချင်းက အကြောင်းပြချက်ကောင်းကောင်း ပေးလိုက်ပါသည်။
“အဲ့တာက…”။ ချင်းရှင်းကျစ် ခေတ္တစဉ်းစားလိုက်ပြီး ပြန်ပြောလိုက်ပါသည်။ “အဲ့တာဆိုလည်း ဟုတ်ပါပြီကွာ။ ကိုယ် အလုပ်ပြီးရင် ညီလေးကို စကားပြောကြည့်လိုက်မယ်နော်”
“အင်း”
“အာ့ချင်း ဘာမှ သိပ်စိတ်မပူစမ်းပါနဲ့။ မင်းက အခု ကိုယ်ဝန်ဆောင်ထားရတာ။ ပြီးတော့ ကျန်းမာရေးကလည်း အရေးကြီးတယ်။ မိုးပြိုရင်တောင် အရပ်ရှည်တဲ့လူတွေက ပင့်ထားပေးမှာ။ အဲ့လိုပဲ အိမ်မှာ ဘာပြဿနာတွေပဲဖြစ်ဖြစ် ကိုယ်တို့ ယောက်ျားတွေက ဦးဆောင်ဖြေရှင်းပေးမှာပါ”
ကိုယ်ဝန်ကြောင့် မိန်းမဖြစ်သူရဲ့ ဟော်မုန်းတွေ မတည်မငြိမ်ဖြစ်နေမှန်း သိသဖြင့် ဝမ်ချင်းကို ချင်းရှင်းကျစ် နှစ်သိမ့်ပေးလိုက်ပါသည်။
“အင်းပါ”။ ဝမ်ချင်း ပါးစပ်က သဘောတူလိုက်သော်လည်း ရင်ထဲမှာတော့ ဒီလို မခံစားရပါ။
သူမယောက်ျားနဲ့ သားဖြစ်သူတို့က အလွန် ရိုးအကြသဖြင့် ချင်းယွင်ကျစ်တို့ လင်မယားကို ဘာသံသယမှ ဖြစ်ကြပုံ မပေါ်ပါ။
သူမသာ ကြားထဲက ဝင်စိတ်မပူပေးလျှင် ထိုလင်မယားကြောင့် ချင်းမိသားစုတစ်စုလုံး ပျက်စီးသွားနိုင်သည်။
… … …
အခန်း(၁,၀၄၄) အန္တရာယ်တွေ ချဉ်းကပ်လာပြီ
အဘိုးချင်း၏ စကားကိုကြားပြီးနောက် တီဗွီမှတဆင့် တိုက်ရိုက်ကြည့်ရှုနေသည့် ကျန်းဝမ်ကျန့် ရုတ်တရက် ထခုန်လိုက်မိသည်။
“ဒီအဘိုးကြီး ဘာစကားပြောတာလဲ”။ ကျန်းဝမ်ကျန့် အလွန်ဒေါသထွက်သွားပါသည်။
ကျန့်ထုံလည်း မယုံကြည်နိုင်ဖြစ်ကာ မီးလောင်ရာ လေပင့်ပေးလိုက်သည်။ “ကျုပ်ပြောပါတယ်။ ချင်းမိသားစုက ဒီလိုပဲ။ ကျုပ်တို့ကို ဘာမှမလုပ်နိုင်လောက်ဘူးလို့ တွေးပြီး မောက်မာနေကြတာ”
“ဒါဆိုလည်း ရတယ်လေ! ငါ့ဘက်က အကြမ်းနည်းသုံးမှ အပြစ်လာမတင်နဲ့!”။ ကျန်းဝမ်ကျန့် ခေါင်းမီးတောက်နေပါပြီ.
ရွှယ်ကျန်းက အကြံဝင်ပေးလိုက်သည်။ “အဲ့လောက် ဒေါသမထွက်ပါနဲ့ စီအီးအိုကျန်းရယ်။ ချင်းမိသားစုက ရန်စလို့ကောင်းတဲ့ မိသားစု မဟုတ်ဘူး။ ရှုထျန်းဖေးလို လူမျိုးတောင် ချင်းမိသားစုရဲ့လက်ထဲမှာ ကျဆုံးသွားခဲ့ရတာပဲလေ”
ကျန့်ထုံကလည်း ထောက်ခံသည်။ “ဟုတ်တယ်။ ချင်းမိသားစုက အရမ်း စွမ်းအားကြီးနေပြီ။ ပေကျင်းမြို့က ဟွော်မိသားစုကလည်း သူတို့ဘက်ကပဲ!”
“သောက်ပိုတွေပါကွာ! ဟွော်မိသားစုက တစ်ကမ္ဘာလုံးမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ထားတာ! ဒီအဘိုးကြီးက သူ့သမီးနဲ့ ဟွော်ချန်းယီရဲ့သားတို့ ကစားဖော်ဖြစ်နေတာကို အခွင့်ကောင်းယူလိုက်တာ! သူတို့ကိုယ်တိုင်က ဘာအစွမ်းအစ ရှိလို့လဲ။ ဟွော်ချန်းယီက အရေးတယူတောင် မလုပ်ဘဲ ဒီတိုင်း ပေးကမ်းစွန့်ကြဲလိုက်တာ နေမှာ! သူတို့ တစ်ခုခုဖြစ်သွားလည်း ဟွော်ချန်းယီ ဂရုစိုက်မယ် ထင်လို့လား”
“ဟုတ်ပါတယ် ဟုတ်ပါတယ်။ စီအီးအိုကျန်းပြောတာ မှန်ပါတယ်။ ဒါပေမယ့် အခု အဘိုးကြီးက အလျှော့ပေးဖို့ အစီအစဉ် မရှိဘူးတဲ့။ ဒီတစ်ခေါက် ဖိအားပေးတာ သက်ရောက်မှုမရှိဘဲ သူသာ ဆက်ပြီးခေါင်းမာနေမယ်ဆိုရင် စီအီးအိုကျန်း ရှုံးနိမ့်ရလိမ့်မယ်နော်”
ဒေါသထွက်နေသည့် ကျန်းဝမ်ကျန့်က လက်အောက်ငယ်သားတစ်ယောက်ကို ဖုန်းဆက်လိုက်ပါသည်။ ထို့နောက် ဖုန်းထဲ အမိန့်ပေးလိုက်သည်။ “မင်းလူတွေကို ဦးဆောင်ပြီး အဘိုးကြီးချင်းကို ဝိုင်းတိုက်ခိုက်ကြ! ဒဏ်ရာ ပြင်းပြင်းထန်ထန် ရလေလေ ပိုကောင်းလေလေပဲ! ငါ့ကို အေးအေးချမ်းချမ်းနေခွင့်မပေးတော့ ဒီအဘိုးကြီးလည်း မအေးချမ်းစေရဘူး!”
အဘိုးချင်း စကားအဆုံးသတ်သွားသောအခါ လူအုပ်ကြီး ဆူညံပွက်လောရိုက်သွားခဲ့သည်။
သောင်းကျန်းသူ အလုပ်သမားများက စတိတ်စင်ဆီ အရှိန်အဟုန်ဖြင့် ပြေးလာကြသည်။
ထိုလူတွေကို ဘော်ဒီဂတ်များက ဝိုင်းတားခဲ့ကြပါသည်။ သို့သော်လည်း အလုပ်သမားများက ဒေါသအလွန် ပေါက်ကွဲနေကြသူတွေဖြစ်သည်။
ချင်းယွင်ကျစ်၏ ဘော်ဒီဂတ်တစ်ယောက်ချင်းစီတိုင်းက လူ ၁၀ ယောက်လောက်ကို အသာလေး အနိုင်ယူနိုင်သော်လည်း ဒီအလုပ်သမားတွေက ရန်သူတွေရဲ့ လက်ပါးစေတွေလား၊ သာမန် အလုပ်သမားတွေလားဆိုတာ ဝေခွဲရခက်နေသဖြင့် သူတို့ တုန့်ပြန်မှုကို ထိန်းချုပ်ထားရသည်။
ချင်းယွင်ကျစ်၏ နိုင်ငံခြားသား လက်ထောက်ဖြစ်သူ ဆိုင်မွန်က အဘိုးချင်းကို ပြောလိုက်သည်။ “သခင်ကြီးချင်း။ ကျွန်တော်တို့နဲ့ အရင်လိုက်ခဲ့ပါ။ အခြေအနေတွေက ဗရုသုက္ခဖြစ်လာပြီ။ သခင်ကြီးချင်း ဘေးကင်းအောင် ကျွန်တော်တို့ ကာကွယ်ပေးပါ့မယ်”
အဘိုးချင်းလည်း ခေါင်းငြိမ့်လိုက်ပြီး ဆိုင်မွန်တို့၏ အကာအကွယ်ဖြင့် ထွက်ခွာဖို့ ပြင်လိုက်သည်။
ထိုစဉ် လူအုပ်ကြီးထဲမှတစ်ယောက်က စူစူလေးတို့ ကားကို မြင်သွားလေသည်။
“အဲ့တာ ချင်းမိသားစုပိုင်တဲ့ကားပဲ! ကားထဲကလူတွေကလည်း ချင်းမိသားစုဝင်တွေပဲ!”
ထိုအော်သံကြောင့် ပါကင်ထိုးထားသည့် Mercedes-Benz G-Class ကားဆီ လူတွေ အကြည့်ရောက်သွားကြသည်။
အခြားတစ်ဖက်သို့ ပြေးသွားကြသော လူအုပ်ကြီးကို မြင်သောအခါ အဘိုးချင်းလည်း ခြေလှမ်းများ ရပ်တန့်သွားသည်။ ခပ်လှမ်းလှမ်းမှ Mercedes တစ်စီးကို သူ မြင်သွားသည်။ လိုင်စင်ပြားနံပါတ်ကို မြင်သောအခါ သူတို့ မိသားစုကားမှန်း သိလိုက်ရပါသည်။
“ဒါ… ဒါဘယ်သူလဲကွ။ ဘာလို့ ဒီကို လိုက်လာကြတာလဲ”။ အဘိုးချင်း တုန်လှုပ်သွားလေသည်။
ဒီနေ့အတွက် သူတို့ ကြိုတင်စီစဉ်ထားပြီးသားဖြစ်သည်။ မိသားစုဝင်တိုင်း ဘော်ဒီဂတ်များ၏ ကာကွယ်မှုအောက်မှာ လှုပ်ရှားရမှာဖြစ်သည်။
“မြန်မြန်လုပ်ကြစမ်း! အိမ်ကိုဖုန်းဆက်ပြီး ဒီကားကို ဘယ်သူယူလာတာလဲ မေးလိုက်!”။ အဘိုးချင်း ဘေးကလူကို အမြန် အမိန့်ပေးလိုက်သည်။ ကားထဲမှာ ဘယ်သူရှိနေတာလဲ အမြန်သိဖို့ လိုအပ်သည်။
သူမတို့ကားထံ ဒေါသထွက်နေသည့် အလုပ်သမားပေါင်းများစွာ ပြေးလာကြတာကိုမြင်ပြီး ဝမ်ချင်း ထိတ်လန့် တုန်လှုပ်သွားခဲ့ပါသည်။
သူမတို့ကားကို ဒီလူတွေ သိလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့မိပါ။
ချင်းမိသားစုမှာ ကားတွေအများကြီး၊ လိုင်စင်ပြားတွေ အများကြီး ရှိသည်။ ဒီကားကို မောင်းကြတာလည်း နည်းပါသည်။ ထို့ကြောင့် ဒီလူရမ်းကားတွေက သိနေစရာအကြောင်း မရှိပေ။
… … …
အခန်း(၁,၀၄၅) တစ်၊ နှစ်၊ သုံး ရေမယ်
တစ်စုံတစ်ယောက်က သူမတို့ မိသားစုကားတွေနဲ့ လိုင်စင်ပြားနံပါတ်တွေကို သေချာ စုံစမ်းထားမှသာ ဖြစ်နိုင်လိမ့်မည်။
သို့သော် ဒီလို လူရမ်းကား အလုပ်သမားတွေက ပရော်ဖက်ရှင်နယ်ကျကျ စုံစမ်းနိုင်လိမ့်မည်ဟု ဝမ်ချင်း မထင်မိပါ။
သူမဘေးမှာ ထိုင်နေသည့် ဟဲပေမူကို ဝမ်ချင်း ကြောက်လန့်တကြား လှည့်ကြည့်ကာ မေးလိုက်သည်။ “ငါတို့ ဘာလုပ်ကြမလဲ”
ဟဲပေမူက ခံစားချက်မဲ့စွာ ပြောလိုက်သည်။ “ကျွန်တော် စူစူလေးနဲ့ ဟူကျစ်တို့ကို ခေါ်ပြီး ထွက်ပြေးလို့ရတယ်”
“ငါကကော”။ ဝမ်ချင်း မေးလိုက်သည်။
“ခင်ဗျားကို ကျွန်တော် ကာကွယ်ပေးဖို့ တာဝန်မရှိဘူး”။ ဟဲပေမူ ပြန်ပြောလိုက်သည်။
ဝမ်ချင်း ဒေါသလည်းထွက် ကြောက်လည်း ကြောက်ရွံ့သွားခဲ့ပါသည်။ “နင်ဘယ်လိုစကား ပြောလိုက်တာလဲ။ နင်က ငါတို့အိမ်ရဲ့ ဘော်ဒီဂတ်လေ!”
“ကျွန်တော့်ဆရာရဲ့ အမိန့်ကို နာခံပြီး စူစူလေးကို ကာကွယ်ပေးထားတာ။ ကျွန်တော့်ကို ချင်းမိသားစုက ငှားထားတာ မဟုတ်ဘူး။ အဲ့တာကြောင့် တခြားချင်းမိသားစုဝင်တွေရဲ့ အသက်က ကျွန်တော်နဲ့ ဘာမှ မဆိုင်ဘူး”
ဟဲပေမူ၏ အဖြေကြောင့် ဝမ်ချင်း ဆွံ့အသွားခဲ့ရသည်။
ဒုန်း!
တစ်စုံတစ်ယောက်က ဝမ်ချင်းထိုင်နေသည့် ညာဘက်မှ ပြူတင်းပေါက်မှန်ကို တူဖြင့် ထုရိုက်လိုက်သဖြင့် ဝမ်ချင်း အလွန်ထိတ်လန့်သွားသည်။
ဝမ်ချင်း ကြောက်လန့်တကြား အော်ဟစ်လိုက်ပြီး ဘေးဘက်သို့ ကပ်သွားမိပါသည်။
ထို့နောက် လူတစ်ယောက်က ကားလေကာမှန်ကို တူဖြင့် ထပ်ထုလိုက်ပြန်သည်။
ဒုန်း!
အပြင်ဘက်မှ ဝုန်းဒိုင်းကြဲနေသည့်အသံတွေ ဆက်တိုက်ဆိုသလို ထွက်ပေါ်နေပြီး ဝမ်ချင်း အလွန်ချောက်ချားနေပါပြီ။
ကားဒရိုင်ဘာလည်း အကြောက်လွန်ပြီး အသံတွေ တုန်ယင်နေသည်။ “ကျွန်-ကျွန်တော်တို့… ဘာ…ဘာ လုပ်ကြမလဲ”
စူစူလေး၏ မျက်နှာက တည်ငြိမ်နေသော်လည်း မျက်လုံးထဲမှာတော့ ဒေါသတွေကို သိသိသာသာ မြင်နေရပါသည်။
ဟူကျစ်၏ ကျောကို ပွတ်သပ်ကာ စူစူလေး ပြောလိုက်သည်။ “ဟူကျစ် ငါတို့ ၃ လလောက် လေ့ကျင့်ထားတဲ့ ရလဒ်ကို ထုတ်ပြဖို့ အချိန်ကျပြီ!”
“မြောင်!”
ဟဲပေမူ ပြောလိုက်သည်။ “နင်တို့ လုပ်ချင်တာ လုပ်လို့ရတယ်။ ဒါပေမယ့် ငါနဲ့အဝေးကြီးကို မသွားနဲ့”
စူစူလေးရဲ့ ၃ လတာ လေ့ကျင့်မှုရလဒ်ကို ဟဲပေမူ ကောင်းကောင်း သိပါသည်။ ဘယ်လိုပဲဖြစ်ဖြစ် စူစူလေးကို သူနဲ့ ၁၀ ပေဝန်းကျင်မှာပဲ ရှိနေခွင့်ပေးမည်။
“ရတယ် ကိစ္စမရှိဘူး!”။ စူစူလေး သဘောတူလိုက်သည်။
“ငါ တစ်၊ နှစ်၊ သုံး ရေလိုက်မယ်”။ ဟဲပေမူက ဆိုသည်။
“ဟုတ်ပြီ!”
“နင်တို့နှစ်ယောက် ဘာလုပ်ကြမလို့လဲ”။ ဝမ်ချင်းမျက်လုံးပြူးကာ မေးလိုက်ပါသည်။
တစ်၊ နှစ်၊ သုံးရေပြီး ဘာလုပ်ကြမလို့လဲ။
“နင်တို့ အပြင်ထွက်ဖို့ ကြံနေတာတော့ မဟုတ်ပါဘူးနော်!”။ ဝမ်ချင်း မေးလိုက်သည်။
“အွန်း! သူတို့အကုန်လုံးကို ပြန်ချပစ်လိုက်မယ်!”။ စူစူလေး ပြန်ပြောလိုက်ပါသည်။
“မရဘူး! နင်တို့ ထွက်သွားလို့ မဖြစ်ဘူး! အပြင်မှာ အရမ်းအန္တရာယ်များတယ်! ဒီကားက အကြမ်းခံပါတယ်။ ငါအခု အကူအညီ ခေါ်နေပြီ! စိတ်လိုက်မာန်ပါ မလုပ်ကြနဲ့နော်!”။ ဝမ်ချင်း သတိပေးလိုက်လေသည်။
သို့သော်လည်း ဟဲပေမူနဲ့ စူစူလေးတို့ သူမစကားကို နားမထောင်ကြပေ။
ဟဲပေမူက စတင် ရေတွက်နေပြီဖြစ်သည်။ “တစ်… နှစ်…”
သုံးဟု ဆိုလိုက်တာနဲ့တစ်ပြိုင်နက် ကားတံခါးလော့ခ်တွေကို ထိန်းချုပ်ထားသည့် ခလုတ်အား ဟဲပေမူ လှမ်းနှိပ်လိုက်သည်။
ထို့နောက် စူစူလေးနဲ့ ဟဲပေမူတို့ ကားတံခါးတွေ ဖွင့်လိုက်ကြပြီး အပြင်ကို အမြန်ထွက်ကာ ကားတံခါးတွေကို ချက်ချင်း ပြန်ပိတ်လိုက်သည်။
ထိုမြင်ကွင်းကြောင့် ကားကို ထုရိုက်နေကြသူတွေ ကြက်သေသေသွားကြသည်။
ကားထဲမှထွက်လာသည့် လူနှစ်ယောက်ကို သူတို့ ကြောင်စီစီဖြင့် ကြည့်လိုက်ကြပါသည်။
အသက် ၁၅ နှစ် ၁၆ နှစ်အရွယ်လောက် ရှိမယ့် ကောင်လေးတစ်ယောက်နဲ့ ၃ နှစ် ၄ နှစ်အရွယ်လောက်ပဲ ရှိဦးမယ့် ကလေးမလေးတစ်ယောက်…
ကလေးမလေးရဲ့ ခြေထောက်နားမှာ ကြောင်ဖြူလေး တစ်ကောင်တောင် ပါသေးတယ်…
ကလေး နှစ်ယောက်က အလွန်ပျော့ညံ့မည့်ပုံစံပေါက်သဖြင့် အလုပ်သမားတွေ ချက်ချင်း မတိုက်ခိုက်ကြပါ။
ကားထဲမှ ဝမ်ချင်းက စူစူလေးကို ကြည့်ရင်း စိတ်ဖိစီးစွာ တတွတ်တွတ် ရေရွတ်နေပါသည်။ “ဘာလုပ်ရမလဲ… ဘာလုပ်ရမလဲ… ဘာမှမဖြစ်ကြပါစေနဲ့!”
စူစူလေးကို ဒီခေါ်လာတာ သူမဖြစ်သည်။ စူစူလေးသာ တစ်ခုခုဖြစ်သွားပါက သူမတာဝန်သာ ဖြစ်ပါသည်။
စူစူလေးသာ သူမရဲ့ ထူးထူးဆန်းဆန်း ခွန်အားတွေကို ထုတ်သုံးလိုက်ပါက တစ်နိုင်ငံလုံး မြင်သွားနိုင်သည်။
… … …