အခန်း (၁၀၄၆-၁၀၅၀)
Vol. 42 Ch. 1046-1050
အခန်း(၁,၀၄၆) ၃ လတာ လေ့ကျင့်မှုရဲ့ ရလဒ် (၁)
အရင်တစ်ခေါက် လူတစ်ယောက်ရဲ့ အသက်ကို ကယ်ဖို့အတွက် သူမ ခွန်အားကို ထုတ်သုံးခဲ့စဉ်တုန်းက အင်တာနက်ပေါ်မှာ ပွက်လောရိုက်သွားခဲ့သေးသည်။
ကံကောင်းစွာဖြင့် ထိုအချိန်တုန်းက မျက်မြင်သက်သေ မရှိသလောက် နည်းပါးခဲ့သည်။ အခုတော့ လူတွေ အများကြီး ရှိနေပြီး သတင်းမီဒီယာတွေလည်း ရောက်နေသဖြင့် စူစူလေးသာ ခွန်အားကို ထုတ်သုံးလိုက်လျှင် ဖုံးကွယ်ဖို့ ခက်ခဲ သွားပါလိမ့်မည်။
ဝမ်ချင်း အလွန် ကြောက်ရွံ့နေသည်။ စူစူလေး ဒဏ်ရာရမှာကို စိုးရိမ်တာလား စူစူလေးရဲ့ အကြောင်းကို တစ်နိုင်ငံလုံး သိသွားမှာကို စိုးရိမ်နေတာလား ဝေခွဲမရပါ။
“အဲ့တာ အဘိုးကြီးချင်းရဲ့ သမီးပဲ! သူ့ကို ဖမ်းလိုက်ရင် အဘိုးကြီးချင်း ငါတို့တောင်းဆိုတာ လိုက်လျောပေးလိမ့်မယ်!”
လူအုပ်ကြီးထဲမှ လူတစ်ယောက်က စူစူလေးအကြောင်းကို ဖော်ထုတ်လိုက်ပါသည်။
နောက်တစ်ယောက်ကလည်း အော်ပြောလိုက်သည်။ “အဘိုးကြီးချင်းက နှလုံးသားမဲ့ပြမှတော့ ငါတို့ကလည်း ရက်စက်ပြရသေးတာပေါ့! ငါတို့ ပင်ပင်ပန်းပန်း ရှာဖွေထားရတဲ့ လုပ်အားခတွေကို ထုတ်မပေးဘူး! သူတို့ သားသမီးတွေကျတော့ ကောင်းကောင်းအိပ် ကောင်းကောင်းစားပြီး အဆင့်မြင့်ကျောင်းတွေ တက်နိုင်ကြတာ။ ငါတို့ သားသမိးတွေကျတော့ ကျောင်းတောင် ကောင်းကောင်းမထားနိုင်ဘူး!”
“ချင်းမိသားစုက တော်တော် လူသားမဆန်တာပဲ! ဂုတ်သွေးစုပ်တဲ့ မိသားစု!”
“…”
ထိုအော်သံများကြောင့် အစက ကလေးတစ်ယောက်ကို တိုက်ခိုက်ဖို့ စိတ်ပျော့နေကြသူတွေပါ ဒေါသမီး တောက်လောင်သွားခဲ့ပါသည်။
စူစူလေးကို ကြည့်သော အကြည့်များက အမျက်ဒေါသများဖြင့် ပြည့်နှက်နေခဲ့သည်။
စတိတ်စင်ပေါ်မှာ ရပ်နေသည့် အဘိုးချင်းလည်း အိမ်ကို ဖုန်းဆက်မေးစရာ မလိုတော့ပေ။ ရမ်းကား ကြမ်းကြုတ်နေသည့် အလုပ်သမားတွေကြားထဲမှာ သူ့သမီးလေး မတ်တပ်ရပ်နေတာကို မြင်လိုက်ရလေသည်။
အဘိုးချင်း နှလုံး ရပ်မတန့် ဖြစ်သွားခဲ့သည်။
“မြန်မြန်… တစ်ခုခု လုပ်ကြစမ်း…”။ အဘိုးချင်း၏ အသံတွေ တုန်ယင်နေပါပြီ။
အခြေအနေကို မြင်တော့ ဆိုင်မွန်က တည်ငြိမ်စွာ ပြောလိုက်သည်။ “သခင်ကြီး ဘာမှစိတ်မပူပါနဲ့။ သခင်မလေးစူစူက သန်မာပြီးသားပါ”
ချင်းယွင်ကျစ်၏ လက်အောက်ငယ်သားဖြစ်သူ ဆိုင်မွန်က ဒီ ၃ လတာ ကာလအတွင်း စူစူလေးရဲ့ တိုးတက် ပြောင်းလဲလာမှုကို ကောင်းကောင်း နားလည်ထားပါသည်။
သူ့ဘော့စ်ရဲ့ ညီမလေးလည်းဖြစ် တပည့်လည်းဖြစ်သူက ဒီလို ဘာကိုယ်ခံပညာမှ မတတ်သည့် အလုပ်သမားတွေနဲ့ ရင်ဆိုင်ရမှာ ပြဿနာ မရှိနိုင်ပါ။
“သူဘယ်လောက်ပဲ သန်မာပါစေ ကလေးပဲရှိသေးတာကွ! နောက်လမှ အသက် ၄ နှစ်ပြည့်မှာ! ဒီလောက် ရမ်းကား ကြမ်းကြုတ်နေတဲ့လူတွေကြားထဲ ငါ့သမီးလေး ရောက်နေတာ ငါဘယ်လိုလုပ် စိတ်မပူဘဲ နေနိုင်မှာလဲ!”
အဘိုးချင်း သည်းမခံနိုင်တော့ပါ။ ဆိုင်မွန်တို့ကို တွန်းထုတ်ပြီး စူစူလေးထံ သွားဖို့ ပြင်လိုက်သည်။
ဆိုင်မွန်က အဘိုးချင်းကို ချက်ချင်း တားလိုက်ပါသည်။ “သခင်ကြီး ခဏနေပါဦး။ သခင်မလေးစူစူဆီ ကျွန်တော့်လူတွေ လွှတ်ပေးလိုက်မယ်။ သခင်ကြီးက ဒီမှာပဲနေပါ။ အဲ့တာမှ သခင်မလေးစူစူကို ကျွန်တော်တို့ ကယ်ထုတ်ဖို့ ပိုလွယ်ကူမယ်”
စူစူလေး တိုက်ခိုက်တတ်သလားဆိုတာ မသိနိုင်သေးသော်လည်း အဘိုးချင်း မတိုက်ခိုက်နိုင်တာကတော့ သေချာပါသည်။
အဘိုးချင်းသာ လူအုပ်ကြီးထဲ ပြေးဝင်သွားလျှင် ဆိုင်မွန်တို့လည်း ဘာမှ တတ်နိုင်မည် မဟုတ်ပါ။
အဘိုးချင်းက အမြန်ပြောလိုက်သည်။ “အဲ့တာဆိုလည်း မြန်မြန်လုပ်ကြလေကွာ! နောက်ကျသွားရင် ငါ့သမီးလေး ထိခိုက်ဒဏ်ရာ ရသွားမယ်!”
“ဟုတ်ကဲ့ပါ”။ ဆိုင်မွန် ခေါင်းငြိမ့်လိုက်ပြီး သူ့အဖွဲ့သားတချို့ကို စူစူလေးထံ လွှတ်ဖို့ ပြင်လိုက်သည်။
ထိုအချိန်တွင် စူစူလေးက ကားတံခါးရှေ့မှာ မတ်တပ်ရပ်နေပြီး ရှေ့ကလူတွေကို အကဲခတ်နေပါသည်။
သူမရဲ့ မျက်နှာလေးက အလွန်တည်တံ့နေပြီး ကြောက်ရွံ့မှု လုံးဝ မရှိပေ။
စူစူလေးရဲ့ အကြည့်က သားကောင်ချောင်းနေသော သိမ်းငှက်တစ်ကောင်နဲ့ ပိုတူပါသည်။
ထိုစဉ် လူတစ်ယောက်က လူအုပ်ကြီးထဲမှ ရုတ်တရက် တွန်းထွက်လာပြီး စူစူလေးအား ခုန်အုပ်လိုက်ပါသည်။
စူစူလေးက မတုန်လှုပ်ပါ။ သူမဆီ ထိုလူရောက်လာမည့်အချိန်ထိစောင့်ကာ ဘေးဘက်သို့ ရှောင်လိုက်ပြီး သူမရဲ့ ညာဘက် ခြေထောက်နဲ့ ထိုလူ့ရဲ့ ဒူးခေါက်ခွက်ကို ဆောင့်ကန်လိုက်ပါသည်။
ဒူးခေါက်ခွက်ဆိုတာ လူ့ခန္ဓာကိုယ်ရှိ အကာအကွယ်အမဲ့ဆုံး အစိတ်အပိုင်းထဲမှာ ပါဝင်သည်။ လူတစ်ယောက်ရဲ့ ခြေထောက်တွေ ဘယ်လောက်ပဲ သန်မာနေပါစေ၊ ဒူးခေါက်ခွက်ကို ကန်လိုက်ပါက ဒူးခေါင်းတွေ ရှေ့ကို ကွေးသွားလိမ့်မည်။ အားနည်းနည်းလောက် ထုတ်သုံးလိုက်လျှင် သူတို့ ဒူးထောက်လျက်သား ကျသွားနိုင်ပါသည်။
ထိုလူ ဒူးထောက်လျက်သား ကျသွားရုံတင်မကဘဲ မျက်နှာကလည်း မြေကြီးပေါ်ကျကာ ဖင်ထောင်လျက်သား အနေအထား ဖြစ်သွားလေသည်။
… … …
အခန်း(၁,၀၄၇) ၃ လတာ လေ့ကျင့်မှုရဲ့ ရလဒ် (၂)
ဒီလူ ဘာလို့ မြေကြီးပေါ် ရုတ်တရက်ကြီး ပြုတ်ကျသွားပြီး ရှက်စရာကောင်းတဲ့ အနေအထား ဘာလို့ ဖြစ်သွားတာလဲ…။
စူစူလေးရဲ့ တိုက်ကွက်ကို ဘယ်သူမှ မမြင်လိုက်ကြပေ။ သူမ ခန္ဓာကိုယ် ရွေ့လျားသွားတာကိုသာ မြင်ကြပါသည်။
လူတစ်ယောက်ကို စူစူလေး လက်တုန့်ပြန်လိုက်သည့် မြင်ကွင်းအား ကားထဲမှ ဝမ်ချင်း မြင်သွားသည်။ သူမ အံ့အားသင့်မိသလို စိတ်လည်း ပူပန်သွားပါသည်။
စူစူလေးရဲ့ အစွမ်းအစကြောင့် အံ့အားသင့်မိသွားတာဖြစ်ပြီး ဒီကိစ္စက ကြက်ကန်းဆန်အိုးတိုး ဖြစ်နေမှာကို စိတ်ပူပန်မိပါသည်။
ဘေးမှာ လူရမ်းကားတွေ အများကြီး ရှိနေသေးသဖြင့် အားလုံးကို စူစူလေး ဒီနည်းနဲ့ နှိမ်နင်းနိုင်မှာ မဟုတ်ပါ။
လူအုပ်ကြီးထဲမှာ ရောယှက်နေသည့် ကျန်းဝမ်ကျန့်၏ လက်အောက်ငယ်သားများက အခြေအနေကို နားမလည်ကြသေးပေ။
လူအုပ်ကြီးထဲမှ လူတစ်ယောက် ထပ်ထွက်လာပြီး စူစူလေးထံ ဒေါသတကြီး ပြေးလာသည်။ ကြက်ပေါက်လေး တစ်ကောင်ကို ဖမ်းစားဖို့ ကြံနေသည့် စွန်ရဲတစ်ကောင်လို ကြမ်းကြုတ်လွန်းလှသည်။
ဒီတစ်ခါတော့ စူစူလေးက မရှောင်ခဲ့ပါ။ ထိုလူ အနားရောက်လာသောအခါ သူမခြေထောက်ကို မြှောက်လိုက်ပြီး အပေါ်သို့ ပင့်ကန်လိုက်သည်။
အဖြူရောင် စနိကာလေး စီးထားသည့် သူမ ခြေထောက်က သူမခေါင်းထက် ပိုမြင့်သွားပြီး ထိုလူ့၏ ဝမ်းဗိုက်ကို တည့်တည့် ထိမှန်သွားပါသည်။
ထိုလူတစ်ကိုယ်လုံး တောင့်တင်းသွားကာ မလှုပ်မရှားနိုင်တော့ဘဲ မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားလေသည်။
ဝမ်းဗိုက်နာကျင်လွန်းသဖြင့် အော်ပင် မအော်နိုင်တော့ချေ။ မျက်နှာတစ်ခုလုံး ဖြူဖွေးသွားကာ ခြေထောက်တွေလည်း တုန်ယင်သွားပါသည်။
ထို့နောက် စူစူလေးက ထိုလူ့ ခြေသလုံးကို အားပြင်းပြင်း ဝိုက်ကန်လိုက်ရာ ထိုလူ ဘေးတစောင်းလဲကျသွားပြီး ဖုန်ထူနေသော မြေကြီးနဲ့ ခေါင်းနဲ့ ရိုက်မိသွားလေသည်။
လူတွေအားလုံး မျက်လုံးများ ပြူးကျယ်သွားကြပါသည်။
ဒီတစ်ခါတော့ သူတို့ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ အရွယ်ရောက်ပြီးသား ယောက်ျားရင့်မာကြီး နှစ်ယောက်ကို လဲကျသွားအောင် ဒီကလေးမလေး ကန်လိုက်တာ ဖြစ်ပါသည်။
စူစူလေးက တည်တည်ငြိမ်ငြိမ်ဖြင့် မေးလိုက်လေသည်။ “ဘယ်သူ တိုက်ခိုက်ချင်သေးလဲ”
စူစူလေး၏ အသံက ကလေးဆန်ပြီး ချစ်ဖို့ကောင်းပါသည်။ သို့သော်လည်း သူမရဲ့ တိုက်ကွက်တွေကို မြင်ဖူးပြီးသွားပြီ ဖြစ်သဖြင့် အထင်မသေးရဲကြတော့ပေ။
တစ်ဖက်မှာလည်း ဟဲပေမူက အေးစက်သော လေသံဖြင့် ပြောလိုက်သည်။ “သေရမှာ မကြောက်တဲ့လူတွေ ရှေ့တိုးလာလို့ ရတယ်”
အများစုက သာမန် အရပ်သားတွေဖြစ်ကြသဖြင့် သူတို့ဘက်မှ မတိုက်ခိုက်မချင်း ဟဲပေမူ တုန့်ပြန်မှာ မဟုတ်ပါ။
ကားကို ဝန်းရံထားကြသည့် အလုပ်သမားတွေ အနည်းငယ် ကြောက်ရွံ့သွားကြသည်။
သို့သော်လည်း လူအုပ်ကြီးထဲ ပြန့်ကြဲနေသော လူတချို့က ကောက်ကျစ်သော မျက်လုံးများဖြင့် အချင်းချင်းကြည့်ကာ ဆက်သွယ်နေကြသည်။
ထို့နောက် ထိုလူတွေအားလုံး တစ်ပြိုင်နက်တည်း လှုပ်ရှားလိုက်ကြပြီး ဟဲပေမူထံ တဟုန်ထိုး ပြေးလာခဲ့ကြလေသည်။
ဟဲပေမူ ခြေနှစ်ဖက် လက်နှစ်ဖက်စလုံးကို အသုံးပြုပြီး အလုပ်သမားယောင် ဟန်ဆောင်ထားသည့် ထိုလူမိုက်တွေကို နှိမ်နင်းခဲ့ပါသည်။
ဟဲပေမူရှေ့မှာ ထိုလူတွေက တိုက်ခိုက်နိုင်စွမ်းမရှိသည့် ကလေးတွေလို ဖြစ်သွားကြသည်။
ဟဲပေမူ လက်စသတ်ပြီးသွားသောအခါ ရှေ့ကလူတွေအားလုံး ကြက်သေသေသွားကြပါသည်။ သို့သော် ထိုလူတွေက ဟဲပေမူကို ကြည့်နေကြတာ မဟုတ်ပါ။ စူစူလေးနဲ့ ဟူကျစ်တို့ကို ကြည့်နေကြတာ ဖြစ်သည်။
ဟဲပေမူ နောက်လှည့်ကြည့်လိုက်ရာ စူစူလေးရှေ့မှာလည်း လူပုံကြီးတစ်ပုံ ရှိနေတာကို မြင်လိုက်ရသည်။
သူမကြောင့် မှောက်သွားသူတိုင်းကို စူစူလေးက အပုံလိုက်စီရီထားတာ ဖြစ်သည်။
“နင်ဘာတွေ လုပ်နေတာလဲ”။ ဟဲပေမူ မေးလိုက်သည်။
“မေမေက အမှိုက်မဖွရဘူးလို့ သင်ပေးထားတယ်”။ စူစူလေး ရှင်းပြလိုက်သည်။
ဒီနားမှာ အမှိုက်ပုံးမရှိသဖြင့် လောလောဆယ်တော့ ဒီလို ပုံထားရုံသာ ရှိသည်။
စူစူလေးရဲ့ လုပ်ရပ်ကို ဆန့်ကျင်ဖို့ ဟဲပေမူ အကြောင်းပြချက် ရှာမရပေ။
စူစူလေးက အတော်လေး ကြောက်ဖို့ကောင်းနေပြီဆိုတာကိုသာ ဟဲပေမူ သိသည်။ တိုက်ခိုက်နေရင်း တန်းလန်းတောင် အမှိုက်သိမ်းရကောင်းမှန်း သတိရပါသေးသည်။
ဟဲပေမူ မေးတာကို စူစူလေး ပြန်ဖြေနေစဉ် လှုပ်ရှားနိုင်သေးသည့် လူတစ်ယောက်က လူပုံကြီးပေါ်မှ ဒလိမ့်ခေါက်ကွေး ပြုတ်ကျလာပါသည်။
စူစူလေး ထိုလူ့ထံ ပြေးသွားကာ ပြောလိုက်သည်။ “ငြိမ်ငြိမ်နေစမ်း! နင်လျှောက်လှုပ်နေရင် ငါအမှိုက်သိမ်းရတာ ခက်တယ်”
ထိုလူ မလှုပ်ရှားနိုင်တော့အောင် တခြားလူတွေရဲ့ အောက်ဆုံးမှာ ထားဖို့ စူစူလေး ဆုံးဖြတ်လိုက်ပါသည်။
ဟဲပေမူလည်း စူစူလေးထံမှ အကြည့်ခွာကာ လူအုပ်ကြီးကို ပြန်ကြည့်လိုက်သည်။ “ဘယ်သူ စမ်းကြည့်ချင်သေးလဲ”
… … …
အခန်း(၁,၀၄၈) ချင်းယွင်ကျစ်ကို အထင်သေးမိခြင်း (၁)
ဘယ်သူမှ ပြန်မဖြေခဲ့ကြပါ။ နောက်ထပ်လည်း ဘယ်သူမှ မတိုက်ခိုက်ရဲကြတော့ပါ။
စူစူလေးနဲ့ ဟဲပေမူတို့ရဲ့ တုန့်ပြန်မှုကြောင့် အစက မကောင်းကြံစည်ထားကြသူတွေပါ ကြံရာမရ ဖြစ်သွားကြသည်။
အလုပ်သမားအများစုက သွေးထိုးလှုံ့ဆောင်ပေးမှုများကြောင့် ဒေါသထွက်ခဲ့ကြတာဖြစ်သဖြင့် ယခု ဦးဆောင်မည့်သူ မရှိတော့သောအခါ ပြန်လည်ငြိမ်ကျသွားခဲ့ပါသည်။
ဆိုင်မွန်နဲ့ လက်အောက်ငယ်သားများလည်း စူစူလေးထံရောက်ရှိလာကြပြီး ကြက်သေသေသွားကြလေသည်။
စူစူလေးရဲ့ အစွမ်းအစကို မြင်ရဖို့ မျှော်လင့်ထားကြပြီးသားဖြစ်သော်လည်း သတိလစ်နေသည့် လူပုံကြီးကို မြင်သောအခါ မှင်သက်သွားမိကြဆဲဖြစ်သည်။
သူတို့ဘော့စ်ရဲ့ ညီမလေးဟု ခေါ်ထိုက်ပါပေသည်။
ဝမ်ချင်းလည်း ဆွံ့အသွားသည်။ စူစူလေးက ဒီလောက်ထိတောင် တော်လာပြီလား….။
ဝမ်ချင်းအမြင်မှာ စူစူလေးက ဘာပညာမှ မရှိသည့် ခွန်အားသက်သက်ကိုသာ အသုံးချတတ်ခဲ့သူ ဖြစ်သည်။
ယခုတော့ စူစူလေးက ကိုယ်ခံပညာတွေတောင် ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်နေလေပြီ။
--- --- ---
ရုံးခန်းထဲတွင် တီဗွီထဲက မြင်ကွင်းကို မြင်ပြီး ကျန်းဝမ်ကျန့် သွေးတွေတောင် တက်လာပါသည်။
“ဒီအမှိုက်သရိုက်ကောင်တွေကတော့! အထက်တန်းကျောင်းသား တစ်ယောက်နဲ့ ကလေးမလေးတစ်ယောက်ကိုတောင် ဘာလို့ မနိုင်ကြတာလဲ! မင်းတို့ကိုအစား ခွေးမွေးထားတာကမှ ပိုအသုံးဝင်ဦးမယ်!”
ကျန့်ထုံ မတ်တပ်ရပ်လိုက်ပြီး ကျန်းဝမ်ကျန့်အား နှစ်သိမ့်ပေးလိုက်ပါသည်။ “စီအီးအိုကျန်း ဒေါသမထွက်ပါနဲ့ဗျာ။ ဒေါသထွက်နေလို့ ပြဿနာတွေ ပြေလည်မသွားပါဘူး။ အခုက ကျွန်တော်တို့ လိုချင်တဲ့ ရန်ပွဲအကြီးစား မဟုတ်သေးဘူး။ အဲ့တာကြောင့် ချင်းစူစူကို မဖမ်းနိုင်လည်း ကိစ္စမရှိသေးပါဘူး”
ကျန့်ထုံ၏ စကားကို ကြားတော့ ကျန်းဝမ်ကျန့် အနည်းငယ် စိတ်တည်ငြိမ်သွားခဲ့သည်။ “မင်းပြောတာမှန်တယ်။ အဲ့ဒီ ကလေးစုတ်ကို မဖမ်းနိုင်ရင်တောင် ချင်းမိသားစု အေးအေးချမ်းချမ်း မနေနိုင်စေရဘူး!”
ချင်းမိသားစုကို စီးပွားရေးအပိုင်းမှာ ရိုးရိုးသားသား မယှဉ်ပြိုင်နိုင်သော်လည်း ဉာဏ်နီဉာဏ်နက်အပိုင်းနဲ့ ပတ်သတ်လာရင်တော့ သူတို့ကို ချင်းမိသားစု ယှဉ်နိုင်မှာ မဟုတ်ပါ။
“ဟုတ်တယ် ဟုတ်တယ်! ခင်ဗျားအဲ့လိုတွေးတာ မှန်တယ်! ဒီကိစ္စတွေက အသေးအဖွဲတွေပါ။ အဓိက ပြဿနာမှာ ကျုပ်တို့ မရှုံးသေးသရွေ့ ချင်းမိသားစု ဘာမှ တတ်နိုင်မှာ မဟုတ်ဘူး”။ ကျန့်ထုံကလည်း ထောက်ခံ အားပေးလိုက်ပါသည်။
ကျန်းဝမ်ကျန့် လှောင်ပြုံးပြုံးလိုက်ပါည်။ “အဘိုးကြီးချင်းက ဒီနေ့ တော်တော် သတ္တိတွေရှိနေတာ။ ဒါပေမယ့် သူပြောလိုက်တဲ့စကားကြောင့် သူ့ကို စောင့်ကြိုနေတဲ့ အန္တရာယ်တွေ ပိုကြီးမားသွားရုံပဲရှိမယ်!”
“သူ့စကားကို အသုံးချပြီး အဲ့ဒီအဘိုးကြီး ဘယ်လောက် သွေးအေး ရက်စက်သလဲဆိုတာ တစ်မြို့လုံးသိအောင် လုပ်ပေးမယ်! သူ့ကြောင့် လူတွေ သေသွားတာတောင် တစ်ကိုယ်ကောင်းဆန်ပြီး လျော်ကြေးလေးတောင် မပေးခဲ့ဘူး။ အဲ့ဒီတစ်ချက်တည်းနဲ့ သူ့ကို အမှောက်သိပ်နိုင်တယ်!”
“အမှန်ပဲ! ဒီနေ့ မီဒီယာတွေလည်း ရှိနေတယ်။ မီဒီယာတွေကို ကျုပ်တို့ ဆက်သွယ်လိုက်မယ်! သူ့စကားကို တချို့တဝက် ပြောင်းပစ်ပြီး ဒေါသထွက်စရာကောင်းအောင် လုပ်လိုက်တာနဲ့ လူတွေ ကျိန်းသေပေါက် သည်းခံနိုင်မှာ မဟုတ်ဘူး! သူတို့အတွက် အကောင်းဆုံးရလဒ်က ချိုက်ဟယ်အိမ်ရာပရောဂျက် နှောင့်နှေးသွားရလိမ့်မယ်! အဆိုးဆုံး ရလဒ်ကတော့ အနောက်မြောက်ပိုင်း ပရောဂျက်တစ်ခုလုံးကို ချောင်ထိုးထားရလိမ့်မယ်!”။ ကျန့်ထုံ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ထို့နောက် ရွှယ်ကျန်းက စားပွဲပေါ်ရှိ ဝိုင်ခွက်ကို ကိုင်လိုက်သည်။ “ဒါဆို ချင်းမိသားစုရဲ့ ကျရှုံးမှုအတွက် ကြိုတင် အောင်ပွဲခံလိုက်ရအောင်”
“ဟားဟားဟားဟား မင်းတို့တွေလည်း ချင်းမိသားစုကို အမြန်ဆုံး ကလဲ့စားချေနိုင်တော့မှာပါ”။ ကျန်းဝမ်ကျန့်က ရယ်မောကာ ပြောလိုက်ပါသည်။
သူတို့ သုံးယောက် ဝိုင်ခွက်ချင်း တိုက်လိုက်ကြတာနဲ့တစ်ပြိုင်နက် အခန်းအပြင်မှ ဆူညံသံများ ထွက်ပေါ်လာလေသည်။
စူးစူးဝါးဝါးအော်သံတွေ တစ်သံပြီးတစ်သံ ထွက်ပေါ်လာသည်။ ကျန်းဝမ်ကျန့်တို့ သုံးယောက် ထိတ်လန့်သွားပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပါသည်။
“စီအီးအိုကျန်း ဘာတွေဖြစ်နေတာလဲ။ ခင်ဗျား တပည့်တွေ အပြင်မှာ ကစားနေကြတာလား”။ ကျန့်ထုံ မေးလိုက်သည်။
“မဖြစ်နိုင်တာ။ ဒီကောင်တွေ အလုပ်ချိန်မှာ အလေမလွင့်ရဲပါဘူး”။ ကျန်းဝမ်ကျန့် သေချာစွာ ပြောလိုက်သည်။
“ဒါဆို အပြင်မှာ ဘာတွေဖြစ်နေတာလဲ”
ကျန်းဝမ်ကျန့်လည်း မသိပါ။ တံခါးကိုသာ စိုက်ကြည့်နေနိုင်သည်။ ကျန်းဝမ်ကျန့် ခြေတစ်လှမ်းတိုးလိုက်စဉ် တံခါးဆီ ချဉ်းကပ်လာသည့် ခြေသံတွေကို ကြားလိုက်ရပါသည်။
… … …
အခန်း(၁,၀၄၉) ချင်းယွင်ကျစ်ကို အထင်သေးမိပြီ (၂)
ထို့နောက် သူတို့ရှေ့မှောက်သို့ လူတစ်ယောက် ရောက်ရှိလာသည်။
သူ့ပုံစံက အရပ်ရှည်ပြီး အေးစက် စူးရှသော မျက်လုံးများ ရှိကာ ကြက်သီးထစရာကောင်းသည့် အရှိန်အဝါတစ်ခုလည်း ရှိနေသည်။
“ချင်း… ချင်းယွင်ကျစ်လား”။ ထိုလူ့ကိုမြင်တာနဲ့ ကျန်းဝမ်ကျန်း ချက်ချင်း မှတ်မိသွားပါသည်။
ဒီလူ ဒီနေရာကို ဘယ်လိုသိသွားတာလဲ။
ကျန့်ထုံနဲ့ ရွှယ်ကျန်းတို့လည်း ထိုနည်းလည်းကောင်း ထိတ်လန့်သွားပြီး တစ်နေရာရာမှာ ဝင်ပုန်းချင်စိတ် ပေါ်သွားကြသည်။
သို့သော်လည်း အခန်းထဲမှာ ယာယီချထားသော ပရိဘောဂများမှအပ တခြားဘာမှမရှိဘဲ ဗလာကျင်းဖြစ်နေသဖြင့် ပုန်းစရာနေရာ မရှိပါ။
ချင်းယွင်ကျစ်၏ နဂိုကတည်းက ခက်ထန်နေသော မျက်နှာမှာ အလွန်မှောင်မိုက်နေပါသည်။ အခန်းထဲမှာ ရှိနေသည့် တစ်လုံးတည်းသော ဆိုဖာထံသို့ သူလျှောက်သွားလိုက်သည်။
ဆိုဖာပေါ်မှာ ချင်းယွင်ကျစ် ထိုင်လိုက်တာနဲ့ တစ်ပြိုင်နက် အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် လူတွေက ကျန်းဝမ်ကျန့်၊ ကျန့်ထုံနဲ့ ရွှယ်ကျန်းတို့ သုံးယောက်ကို အမြန် ဖမ်းချုပ်လိုက်ကြပါသည်။
သူတို့ သုံးယောက်စလုံးရဲ့ လက်တွေကို နောက်ကျောဘက်မှာ လက်ထိပ်ခတ်ထားလိုက်သည်။
ထို့နောက် သူတို့ ခြေထောက်တွေကို အနောက်မှ ဆောင့်ကန်လိုက်ရာ ချင်းယွင်ကျစ်ရှေ့မှာ ဒူးထောက်လျက်သား ဖြစ်သွားကြလေသည်။
ထို့နောက် သူတို့ သုံးယောက် ချင်းယွင်ကျစ်ကို မော့ကြည့်လိုက်ကြပါသည်။
“ချင်းယွင်ကျစ် မင်းဘာလိုချင်လို့လဲ”။ ကျန်းဝမ်ကျန့် အလွန်စိတ်ချောက်ချားနေသော်လည်း စိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင်ထားကာ ချင်းယွင်ကျစ်အား မေးလိုက်ပါသည်။
ကျန့်ထုံနဲ့ ရွှယ်ကျန်းတို့လည်း မျက်လုံးပြူးကာ ကြောက်လန့်နေကြပါသည်။
ယန်းမင်အာရဲ့ ရူးသွပ်မှုကို သူတို့ မြင်ဖူးပြီးသား ဖြစ်သည်။
ယန်းမင်အာရဲ့ ယောက်ျားဖြစ်သူ ချင်းယွင်ကျစ်ကကော သူ့မိန်းမလိုပဲ ရူးသွပ်နေမလားဆိုတာ သူတို့ မသိကြပေ။
ချင်းယွင်ကျစ်က ဘာမှ မပြောပါ။ ထို့အစား သူ့ဘေးမှ ရပ်နေသည့် လူတစ်ယောက်က သက်သေဖိုင်တွဲတချို့ကို ကျန်းဝမ်ကျန့်ရှေ့ ပစ်ချပေးလိုက်ပါသည်။
ဓာတ်ပုံတွေနဲ့ မက်ဆေ့ပို့ထားသည့် မှတ်တမ်းတွေကို ကျန်းဝမ်ကျန့် ကြည့်လိုက်သည်။ မက်ဆေ့တွေက ချိုက်ဟယ် အိမ်ရာမှာ ပြဿနာရှာဖို့ သူ့လူတွေကို စီစဉ်ခိုင်းထားသည့် မက်ဆေ့တွေ ဖြစ်ပါသည်။
ကျန်းဝမ်ကျန့် လွတ်လမ်းမရှိတော့မှန်း နားလည်သွားပါသည်။
“ငါသတိပေးထားမယ်နော်! ကျန်းဝမ်ကျန့်ဆိုတဲ့ငါက ဟွာချန့်မြို့မှာ ပေါ့သေးသေး မဟုတ်ူဘး! ငါ့လက်အောက်မှာ လူပေါင်း ရာနဲ့ချီပြီး အလုပ်လုပ်နေတာ! ငါ့ကို လာရှုပ်ရင် မင်းနဲ့ မင်းတို့မိသားစု တစ်သက်လုံး မငြိမ်းချမ်းနိုင်အောင် ငါ့လူတွေက ကလဲ့စားပြန်ချေလိမ့်မယ်!”
ကျန်းဝမ်ကျန့် စကားဆုံးတာနဲ့တစ်ပြိုင်နက် ဆိုဖာပေါ်ထိုင်နေသည့် ချင်းယွင်ကျစ်က သူ့ခြေတံရှည်ရှည်ကို မြှောက်ကာ ကျန်းဝမ်ကျန့် မျက်နှာပေါ် ဖိနပ်ဖြင့် ဖိလိုက်ပါသည်။
ကျန်းဝမ်ကျန့်က ခုခံဖို့ ကြိုးစားသော်လည်း ဘေးကလူတွေက သူ့ကို အခိုင်အမာ ဝိုင်းချုပ်ထားကြသဖြင့် ဘာမှ မတတ်နိုင်ခဲ့ပေ။
ခဏကြာမှ ချင်းယွင်ကျစ် သူ့ခြေထောက်ကို ဖယ်လိုက်ပါသည်။
ကျန်းဝမ်ကျန့်လည်း ပါးစပ်ထဲက ဖုန်တွေ သဲတွေကို အသည်းအသန် ထွေးထုတ်လိုက်ပြီး ချင်းယွင်ကျစ်ကို စူးစူးဝါးဝါး ကြည့်လိုက်သည်။
သူ့မျက်နှာပေါ် ဒေါသတွေ၊ အရှက်ရမှုတွေ၊ မယုံကြည်နိုင်မှုတွေအားလုံး ရောယှက် ပေါ်လွင်နေပါသည်။
ကျန်းဝမ်ကျန့် ဆဲဆိုဖို့ ကြံလိုက်စဉ် ချင်းယွင်ကျစ်က ကျန်းဝမ်ကျန့်အနောက်ရှိ လူကို မျက်လုံးဖြင့် အချက်ပြလိုက်ပါသည်။
ထိုအခါ ကျန်းဝမ်ကျန့်၏ နောက်ကျောမှ စူးစူးရှရှ နာကျင်မှုတစ်ခု ဖြစ်ပေါ်လာလေသည်။
သူ့နောက်မှာ ရပ်နေသည့်လူက ၃ လက်မလောက် ရှည်သည့် အပ်ချောင်းတစ်ချောင်းကို သူ့နောက်ကျောထဲ ထိုးစိုက်လိုက်တာဖြစ်ပါသည်။ အရိုးထဲထိ စူးနစ်သွားသည့် နာကျင်မှုကြောင့် ကျန်းဝမ်ကျန့်တစ်ယောက် ငယ်သံပါအောင် အော်ဟစ်လိုက်မိလေသည်။
ဒီနာကျင်မှုက သာမန် အပ်စူးသလို နာကျင်မှုမျိုး မဟုတ်ပါ။ အာရုံကြောတစ်ခုခုရှိသည့်နေရာကို ပစ်မှတ်ထားပြီး ထိုးစိုက်လိုက်သဖြင့် သူ့ခန္ဓာကိုယ်တစ်ကိုယ်လုံး တစ်ပြိုင်နက်တည်း နာကျင်သွားခြင်းဖြစ်သည်။ ကြွက်သားတွေ ပြတ်ထွက်ကာ အရိုးတွေ ကျိုးကြေသွားလောက်သည့်အထိ နာကျင်သွားခဲ့ပါသည်။
နာကျင်မှုကြောင့် ကျန်းဝမ်ကျန့် သတိလစ်လုဆဲဆဲ ဖြစ်သွားမှ အပ်ကို ပြန်ဆွဲထုတ်လိုက်လေသည်။
ကျန်းဝမ်ကျန့် မျက်နှာ ဖြူဖပ်နေပါပြီ။ အသက်ကိုလည်း မနည်းလုရှူနေရသည်။ ခန္ဓာကိုယ်တစ်ခုလုံး ဝိညာဉ် လွင့်မတတ်ဖြစ်သွားခဲ့ပါသည်။
ကျန်းဝမ်ကျန့်ကို ကျန့်ထုံနဲ့ ရွှယ်ကျန်းတို့ စိုက်ကြည့်နေကြသည်။ အပ်ကလေးတစ်ချောင်းစူးတာ ဒီလောက် နာကျင်ရသလားဟုလည်း မယုံသင်္ကာဖြစ်သွားကြသည်။
အချိန်အတော်ကြာမှ ကျန်းဝမ်ကျန့် အားပြန်ပြည့်လာပြီး ချင်းယွင်ကျစ်ကို ကြောက်လန့်တကြား မော့ကြည့်လိုက်ပါသည်။ “ချင်း… ချင်းယွင်ကျစ်… မင်းရူးနေလား”
… … …
အခန်း(၁,၀၅၀) ချင်းယွင်ကျစ်ကို အထင်သေးမိခြင်း (၃)
ကျန်းဝမ်ကျန့်၏ လေသံကို နားထောင်ကြည့်ခြင်းအားဖြင့် အသက်ရှူနှုန်းတွေ အားနည်းနေမှန်း သိသာပါသည်။
“မင်းက ငါ့မိသားစုကို တစ်သက်လုံး အေးအေးချမ်းချမ်း မနေရအောင် လုပ်ချင်တယ်ပေါ့”။ ချင်းယွင်ကျစ် မေးလိုက်သည်။ သူ့နှုတ်ဖျားမှ ထွက်လာသည့် ထိုစကားက အလွန် ကြက်သီးထစရာ ကောင်းလှပါသည်။
“ငါ…”။ ကျန်းဝမ်ကျန့် စိတ်ထဲ ဗလာကျင်းဖြစ်သွားလေသည်။ သူပြောချင်သည့် စကားတွေကိုတောင် မပြောနိုင်တော့ပါ။
“မင်းမိန်းမနဲ့ ကလေးတွေ နိုင်ငံခြားမှာ ရှိတယ်မလား”။ ချင်းယွင်ကျစ် ထပ်မေးလိုက်သည်။
ကျန်းဝမ်ကျန့် မျက်လုံးများ ရုတ်တရက်ပြူးကျယ်သွားပါသည်။ “မင်းဘာလုပ်မလို့လဲ။ ငါ့မိန်းမနဲ့ ကလေးတွေကို မထိနဲ့နော်!”
“ထိပြီးသွားပြီ”
“ဘာကွ! မင်း… မင်းလိမ်နေတာမလား။ မင်း အဲ့လောက်ထိ လုပ်နိုင်မှာ မဟုတ်ဘူး။ ပြီးတော့ အချိန်တိုအတွင်း… ဘယ်လိုလုပ်…”။ ကျန်းဝမ်ကျန့် ငြင်းဆန်ဖို့ ကြိုးစားပါသည်။
သူ့မိန်းမနဲ့ ကလေးတွေက နိုင်ငံခြားမှာ ရှိနေကြတာဖြစ်သည်။ သူတို့ကို ချင်းယွင်ကျစ် ပစ်မှတ်ထားဖို့ လုံးဝ မဖြစ်နိုင်ပါ။
ချင်းယွင်ကျစ်က ဖုန်းကို အေးအေးဆေးဆေး ထုတ်လိုက်သည်။ ထို့နောက် ဗီဒီယိုကောတစ်ခု ခေါ်လိုက်ပါသည်။ ဗီဒီယိုထဲမှာ ကျန်းဝမ်ကျန့် မိန်းမနဲ့ ကလေးတွေ ပါဝင်နေသည်။
သို့သော်လည်း ဆိုးဆိုးရွားရွား ဘာမှ မဖြစ်သေးပါ။ ချင်းယွင်ကျစ်လူတွေက ကျန်းဝမ်ကျန့် မိန်းမထံ သွားရောက်လည်ပတ်ရုံသာ ဖြစ်ပြီး ဘာမှ ထိခိုက်အောင် မလုပ်ရသေးပါ။
အခုတော့ သူ့ကို ကျန်းဝမ်ကျန့် ယုံကြည်သွားပါပြီ။ ချင်းယွင်ကျစ်က သူ့မိန်းမနဲ့ ကလေးတွေကို ရအောင် ရှာနိုင်သည်။
ကျန်းဝမ်ကျန့် ကြက်သေသေသွား၏။ သူလုပ်ချင်သည့် အရာတွေကို ချင်းယွင်ကျစ်က အရင်ဦးအောင် လုပ်ပြီးသွားလေပြီ။
ဒီလူက သူ့ထက်ပိုပြီး ရက်စက်ကြမ်းကြုတ်သည်။ ဉာဏ်နီဉာဏ်နက် ပိုများသည်။
ကျန်းဝမ်ကျန့်က သူ့ကိုယ်သူ ဟွာချန့်မြို့အတွင်း ထိပ်တန်း ဗီလိန်တစ်ယောက်ဟု သတ်မှတ်ထားခဲ့တာ ဖြစ်ပါသည်။ သို့သော်လည်း အခုတော့ သူ့ရှေ့မှာ ထိုင်နေသည့် လူကြောင့် သူ့ရင်ထဲ တစ်ခါမှ မခံစားဖူးသည့် အကြောက်တရားတစ်ခု ပေါ်လာပါပြီ။
ထိုစဉ် ချင်းယွင်ကျစ်၏ အကြည့်က ကျန့်ထုံနဲ့ ရွှယ်ကျန်းတို့လင်မယားတွေဆီ ရောက်သွားသည်။
ကျန့်ထုံက အမြန်ရှင်းပြလိုက်ပါသည်။ “ငါနဲ့ ဘာမှမဆိုင်ဘူး! ဒါတွေအကုန်လုံး ကျန်းဝမ်ကျန့်ရဲ့ အကြံအစည်တွေပဲ! ငါတို့ကို မင်းမိန်းမ လှည့်စားသွားတဲ့နောက်ပိုင်း ကုမ္ပဏီလည်း ဒေဝါလီခံရလုနီးပါး ဖြစ်နေပြီ။ အဲ့တာကြောင့် ဒီလိုတွေ စီစဉ်နိုင်စွမ်း ငါတို့မှာ မရှိဘူး!”
ရွှယ်ကျန်းကလည်း အမြန်ထောက်ခံလိုက်ပါသည်။ “ဟုတ်ပါတယ်! ကျွန်မတို့မှာ ဒီလိုတွေလုပ်ဖို့ ငွေအင်အားကော လူအင်အားကော မရှိပါဘူး။ အားလုံး ကျန်းဝမ်ကျန့်ရဲ့ အကြံတွေပဲ။ ရှင်ကလဲ့စားချေချင်ရင် သူ့ကိုပဲ ချေသင့်တယ်!’
ကျန်းဝမ်ကျန့်ကို မကြာသေးခင်ကမှ ကပ်ဖားလျက်ဖားလုပ်ခဲ့ပြီး ဝိုင်ခွက်ချင်း အတူတူတိုက်ကာ အောင်ပွဲခံနေခဲ့ကြသူတွေက ယခုတော့ သူ့တစ်ယောက်တည်းအပေါ် အပြစ်တွေ ပုံချနေကြပါပြီ.
ချင်းယွင်ကျစ်က သူတို့လင်မယားနှစ်ယောက်ကို ကြည့်ကာ လက်ဖျောက်တီးလိုက်ပါသည်။
ထို့နောက် ကျန့်ထုံနဲ့ ရွှယ်ကျန်းတို့လည်း ကျောဘက်မှ အရိုးထဲထိ စူးဝင်နေသော နာကျင်မှုတွေ ခံစားလိုက်ရသည်။ ထိုနာကျင်မှုကြောင့် နှစ်ယောက်စလုံး ငယ်သံပါအောင် အော်ဟစ်မိကြလေသည်။
ရွှယ်ကျန်းက စက္ကန့် ၃၀ လောက်အကြာမှာ သတိလစ်သွားပါသည်။
ကျန့်ထုံလည်း စက္ကူတစ်ရွက်လို တစ်ကိုယ်လုံး ဖြူဖွေးနေပါပြီ။
ယခုတော့ သူတို့ နားလည်သွားကြပြီ ဖြစ်သည်။ ကျန်းဝမ်ကျန့်က ဟန်ဆောင်နေတာ မဟုတ်သလို ပျော့ညံ့နေတာလည်း မဟုတ်ပါ။ ဒီ အပ်တစ်ချောင်းက သာမန် ထိုးကြိတ်ခံရတာထက် အဆပေါင်း ၁,၀၀၀ လောက် ပိုနာကျင်ရသည်။
ချင်းယွင်ကျစ်က ကျန့်ထုံကို ရေခဲတမျှ အေးစက်သော မျက်လုံးများဖြင့် စိုက်ကြည့်နေပါသည်။
ထိုစဉ် သူ့ဖုန်းသံ မြည်လာခဲ့သည်။ သူ့မိန်းမ ဗီဒီယိုကော ခေါ်ဆိုနေတာဖြစ်ပါသည်။
ချင်းယွင်ကျစ် ဖုန်းကိုင်လိုက်သည်။ သူ့မျက်နှာက ခံစားချက်မဲ့နေဆဲဖြစ်သော်လည်း မျက်လုံးထဲက အေးစက်မှုတွေတော့ ပျောက်ကွယ်သွားပါပြီ။
“ဘာဖြစ်လို့လဲ”
“ပြဿနာတက်နေပြီ! ယောက်မအကြီးဆုံးက စူစူလေးကို ဆောက်လုပ်ရေးဆိုက်ဆီ ခေါ်သွားတယ်! စူစူလေး အခု အဲ့ဒီမှာ ရောက်နေပြီ! အဲ့မှာ အရမ်းအန္တရာယ်များတာ! အဲ့ဒီ ကျန်းဝမ်ကျန့်ဆိုတဲ့ လူယုတ်မာက လူရမ်းကားတွေ ဘယ်လောက်တောင် ငှားထားသလဲ မသိဘူး။ သူတို့ စူစူလေးကို တစ်ခုခု လုပ်လိုက်ရင် ဘယ်လိုလုပ်မလဲ!”
“ငါအားလုံး မြင်ပြီးပြီ”။ ချင်းယွင်ကျစ် ပြောလိုက်ပါသည်။
ကျန်းဝမ်ကျန့်ဆီ မလာခင်ကတည်းက သူအားလုံး သိပြီးသား ဖြစ်ပါသည်။
ထို့အပြင် ကျန်းဝမ်ကျန့် ရုံးခန်းထဲမှာ ဆောက်လုပ်ရေးဆိုက်ကို တိုက်ရိုက်ထုတ်လွှင့်နေသော တီဗွီတစ်လုံးလည်းရှိသည်။ ထို့ကြောင့် ကျန်းဝမ်ကျန့်တို့ကို အပြစ်ပေးနေရင်း သူ့ညီမလေးကိုလည်း ချင်းယွင်ကျစ် မြင်နေရပါသည်။
… … …