← Chapters

အခန်း (၁၀၅၁-၁၀၅၅)

Vol. 43 Ch. 1051-1055

အခန်း (၁၀၅၁-၁၀၅၅)

Vol. 43 Ch. 1051-1055

နတ်သားရဲမလေးရဲ့ ကမ္ဘာသစ် Book-43

အခန်း(၁,၀၅၁) ဖြစ်ချင်တာနဲ့ တခြားစီ

စူစူလေးရဲ့ တိုက်ကွက်လှလှများ၊ ခပ်လန်းလန်း ခပ်မိုက်မိုက် အမူအရာလေးများ၊ တိုက်ခိုက်နေစဉ် အမှိုက်သိမ်းဖို့ပင် သတိရသေးသည့် အပြုအမူလေးတွေကို ချင်းယွင်ကျစ် အကုန်မြင်ပါသည်။

“ဒါဆို ရှင်ဘာလုပ်နေတာလဲ စူစူလေးကို အမြန်သွားကယ်လေ!”။ ယန်းမင်အာ စိတ်မရှည်စွာ ပြောလိုက်ပါသည်။

“သူဘာမှ မဖြစ်ပါဘူး။ အဲ့ဒီလူတွေ သူ့ကို မထိနိုင်ဘူး”

“သေချာရဲ့လား။ စူစူလေးကို မထိခိုက်စေနဲ့နော်။ သူက ကျွန်မတို့ မိသားစုရဲ့ ရတနာလေး။ သူတစ်ခုခု ဖြစ်တာနဲ့ အဖေကော အမေကော ကျွန်မကော ရင်ကွဲရမှာ!”။ ယန်းမင်အာ ပြောလိုက်ပါသည်။

“သေချာပါတယ်”

ယောက်ျားဖြစ်သူရဲ့ အတည်ပြုစကားကို ကြားတော့ ယန်းမင်အာလည်း ချက်ချင်း ပြန်တည်ငြိမ်သွားခဲ့ပါသည်။ မကြာသေးခင်က ဂယောင်ချောက်ချားဖြစ်နေခဲ့သော်လည်း အခုတော့ ပြန်လည်ကြော့ရှင်းသွားပြီ ဖြစ်သည်။

“အဲ့တာဆိုလည်း ပြီးရော။ ရှင်လုပ်စရာရှိတာ ဆက်လုပ်”

ထို့နောက် ယန်းမင်အာ ဖုန်းချလိုက်ပါသည်။

ဖုန်းကို ပြန်သိမ်းပြီးနောက် ချင်းယွင်ကျစ် တီဗွီဖန်သားပြင်ကို ပြန်ကြည့်လိုက်လေသည်။

--- --- ---

စူစူလေးဘေးသို့ ဆိုင်မွန်တို့လူတွေ ရောက်လာကြပြီဖြစ်သည်။

“သခင်မလေး ဘယ်နား ထိခိုက်သွားသေးလဲ”။ ဆိုင်မွန်က မေးလိုက်ပါသည်။

သူ့လေသံက နိုင်ငံခြားသံပေါက်သော်လည်း တရုတ်ဘာသာကို ကျွမ်းကျင်သဖြင့် စူစူလေး နားလည်နိုင်ပါသည်။

“ဘယ်နားမှ မထိခိုက်ဘူး။ လျှောက်ပြေးမနေကြနဲ့ ငါတိုက်ခိုက်လို့ မပြီးသေးဘူး”။ စူစူလေး သတိပေးလိုက်သည်။

စူစူလေးကို ကာကွယ်ပေးဖို့ လာခဲ့ကြသူတွေလည်း စူစူလေး ဆုံးမတာကို ခံလိုက်ရပါသည်။

“ဟုတ်ကဲ့ပါ”

ဆိုင်မွန် ခေါင်းငြိမ့်ကာ စကားနားထောင်လိုက်သည်။ ထို့နောက် သူ့လက်အောက်ငယ်သားတွေကိုပါ အမိန့် ပေးလိုက်ပါသည်။ “သခင်မလေး ပြောတာ ကြားကြလား။ လျှောက်ပြေးလွှားပြီး သခင်မလေးကို စိတ်အနှောင့်အယှက် ဖြစ်အောင် မလုပ်ကြနဲ့”

“ဟုတ်ကဲ့ပါ!”

အပြင်က အခြေအနေတွေ ပြန်လည်တည်ငြိမ်သွားတာကို မြင်သောအခါ ဝမ်ချင်း လက်ရှိအကြပ်အတည်းမှ ဘယ်လို လွတ်မြောက်အောင် လုပ်ရမှန်းမသိ ဖြစ်သွားခဲ့သည်။

သူမ တစ်ခုခု ပြန်လုပ်ပေးမှ ဖြစ်ပါမည်။ စူစူလေးကို သူမ အပြင်ခေါ်ထုတ်လာခဲ့မှန်း အဘိုးချင်းတို့လည်း သိပြီးသွားလောက်ပြီ ဖြစ်သည်။

အိမ်ပြန်ရောက်သည့်အခါ အဘိုးချင်းတို့ကို သူမ တောင်းပန်နိုင်မှာ မဟုတ်ပါ။

ဝမ်ချင်း ခေတ္တ တွန့်ဆုတ်သွားပြီး ကားတံခါးဖွင့်ကာ အပြင်သို့ ထွက်လာသည်။ ထို့နောက် အလုပ်သမားတွေကို ပြောလိုက်ပါသည်။ “အားလုံးပဲ… ကျွန်မတို့ နားလည်မှုလွဲနေတာလေး ရှိနေပြီ ထင်တယ်”

“ဘာကို နားလည်မှုလွဲတာလဲ’

“ဟုတ်တယ်! ခင်ဗျားတို့ ချင်းမိသားစုရဲ့ ဆောက်လုပ်ရေးဆိုက်မှာ ကျုပ်တို့ ညီအစ်ကိုတစ်ယောက် သေသွားခဲ့ရတာ။ ဘာနားလည်မှုလွဲစရာ ရှိသေးလို့လဲ”

“အခုလေးတင် ခင်ဗျားတို့ အဘိုးကြီးက ကျုပ်တို့ကို ဘာလျော်ကြေးမှ မပေးဘူးလို့ ပြောသွားတယ်! အဲ့တာ ဘာကို နားလည်မှုလွဲရမှာလဲ”

“…”

ဝမ်ချင်း၏ စကားကို လူအုပ်ကြီးက ချက်ချင်း ကန့်ကွက်လိုက်ကြသည်။ သူတို့ရဲ့ မကျေနပ်ချက်တွေကို တစ်ယောက်ပြီး တစ်ယောက် ထုတ်ပြောလာကြပါသည်။

“ဒီလိုပါ ပထမဆုံးအနေနဲ့ ဆောက်လုပ်ရေးဆိုက်မှာ ဖြစ်ခဲ့တဲ့ ပြဿနာက မတော်တဆမှုလေ။ ချင်းမိသားစု ထိန်းချုပ်လို့ ရတဲ့အရာမှ မဟုတ်တာ။ ပြီးတော့ ချင်းမိသားစုက အလုပ်သမားတွေကို မတော်မတရား ခိုင်းစေခဲ့တာမျိုး မရှိဘူး”

ဝမ်ချင်းက အလုပ်သမားတွေကို စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြလိုက်ပါသည်။

သူမလည်း သူမယောက်ျားနဲ့အတူ ကုမ္ပဏီတစ်ခုကို နှစ်ပေါင်းများစွာ စီမံဖူးသဖြင့် အလုပ်သမားတွေနဲ့ ဆက်ဆံရတာ အတွေ့အကြုံရှိပါသည်။

“ဒုတိယအနေနဲ့ အလုပ်သမားတွေကို ပေးဖို့ ကျန်နေတဲ့ လုပ်ခလစာ ကြွေးကျန်တွေက ကျွန်မတို့ ချင်းမိသားစုနဲ့ ဘာမှ မသက်ဆိုင်ဘူး။ ချိုက်ဟယ်အိမ်ရာ ပရောဂျက်ကို နှစ်ပေါင်းများစွာ ရပ်တန့်ထားခဲ့တာ။ ကျွန်မတို့ ချင်းမိသားစုသာ လက်လွှဲမယူခဲ့ရင် အခုချိန်ထိ ဆောက်လက်စ အဆောက်အဦးတွေအဖြစ် ရှိနေဦးမှာပဲ။ ရှင်တို့ရဲ့ လုပ်ခလစာကို ရှင်တို့ကို ပေးစရာရှိတဲ့လူဆီမှာပဲ သွားတောင်းသင့်တာ။ ဒီပရောဂျက်ကို ကျွန်မတို့ လက်လွှဲယူလိုက်တာနဲ့ပဲ အဲ့ဒီအကြွေးတွေက ကျွန်မတို့ဆီ ရောက်မလာဘူး”

“သောက်ပိုတွေ! ခင်ဗျားတို့ ထျန်းချွမ်ကုမ္ပဏီကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့ကြလို့ သူတို့ ပရောဂျက်ကို ရပ်တန့်ခဲ့ရတာတဲ့။ အဲ့ဒီအချိန်ကျမှ ခင်ဗျားတို့က ဈေးပေါပေါနဲ့ ဝင်လုခဲ့ကြတာမလား!”

“အမှန်ပဲ ကျုပ်လည်း ကြားမိတယ်! ဒီနားက အိမ်ခြံမြေ ပရောဂျက်တွေ အားလုံးလည်း ခင်ဗျားတို့ကြောင့် ပြဿနာ တက်ကုန်ပြီ! ခင်ဗျားတို့က ငွေတစ်မျက်နှာတည်းပဲကြည့်တယ်! လူစိတ်မရှိတဲ့ မိသားစု!”

“လူစိတ်မရှိတဲ့ မိသားစု! လူစိတ်မရှိတဲ့ မိသားစု!”

“…”

လူတစ်စုက ပြိုင်တူ အော်ဟစ်ကြလေသည်။

ဝမ်ချင်း စိတ်ရှုပ်ထွေးလာပြီး မျက်မှောင်ကြုတ်သွားခဲ့လေသည်။

… … …

အခန်း(၁,၀၅၂) ကြိုးသင့်ကြောင်းသင့်ပြောလို့ အသုံးမဝင်ဘူး

ဒီလူတွေကို သူမ စိတ်ရှည်ရှည်ထားပြီး ရှင်းပြဖို့ ကြိုးစားသော်လည်း ဘယ်သူမှ နားမထောင်ကြပေ။

ကျန်းဝမ်ကျန့်လို လူယုတ်မာမျိုးရဲ့ အလိမ်အညာတွေကိုကျတော့ အလွယ်တကူ ယုံကြည်နေကြသည်။

ထိုစဉ် ဟဲပေမူက ဝမ်ချင်းကို ပြောလိုက်ပါသည်။ “သူတို့ကို ကြိုးသင့်ကြောင်းသင့် ရှင်းပြဖို့ ကြိုးစာမးနေနဲ့။ သူတို့သာ ကြိုးသင့်ကြောင်းသင့် စဉ်းစားတတ်ရင် ဒီနေ့ ဒီနေရာမှာ အခုလို မတ်တပ်ရပ်နေကြမှာ မဟုတ်ဘူး။ ပြီးတော့ သူတို့ အမှန်တရားကို လိုချင်တာလည်း မဖြစ်နိုင်ဘူး။ ငွေပဲ လိုချင်နေကြတာ”

ဟဲပေမူက ငယ်ရွယ်သော်လည်း အတွေ့အကြုံအများကြီး ရင့်ကျက်နေသူ ဖြစ်သည်။

လူသားတွေရဲ့ အမှောင်ခြမ်းအကြောင်း သူကောင်းကောင်း နားလည်ပါသည်။ ကောက်ကျစ်သည့် လုပ်ရပ်တွေကို လုပ်သူတိုင်းက သူတို့ မှားယွင်းမှန်း သိကြသော်လည်း ဝန်ခံမှာ မဟုတ်ပါ။ သူတို့ရဲ့ မှားယွင်းမှုကို အမှန်ဟု ထင်ရအောင် အကြောင်းပြချက်တွေ မျိုးစုံ ပေးကြလိမ့်မည်။

ဝမ်ချင်းက လက်မလျှော့ချင်သေးဘဲ ဆက်ရှင်းပြလိုက်ပါသည်။ “ရှင်တို့ရဲ့ လုပ်ခလစာတွေကို ပေးရမယ့် ကုမ္ပဏီက ထျန်းချွမ်ကုမ္ပဏီလေ။ ကျွန်မတို့ကိုကျတော့ မယုံကြည်ဘဲ ရှင်တို့ကို လစာမပေးဘဲထားတဲ့ ထျန်းချွမ်ကုမ္ပဏီကိုကျတော့ ယုံကြည်နေကြတယ်ပေါ့။ ဘယ်လိုတွေလဲ”

“ထျန်းချွမ်ကုမ္ပဏီက ကျုပ်တို့ကို မလိမ်ဘူး!။ ခင်ဗျားတို့ကို ချိုက်ဟယ်အိမ်ရာရောင်းလို့ ရလာတဲ့ ငွေတွေ ကျုပ်တို့ကို ခွဲဝေပေးပြီးသား။ ဒါပေမယ့် ခင်ဗျားတို့က ဈေးပေါပေါနဲ့ ဝယ်သွားတာဆိုတော့ ကျုပ်တို့အတွက် မလုံလောက်ဘူး!”

“ခင်ဗျားတို့သာ ပုံမှန်ဈေးနဲ့ ဝယ်ခဲ့ရင် ထျန်းချွမ်ကုမ္ပဏီကလည်း ကျုပ်တို့ကို လစာအပြည့် ပြန်ပေးမှာပဲ! ကျုပ်တို့ ပိုက်ဆံတွေ ပြန်ပေး!”

“ဟုတ်တယ် ပိုက်ဆံပြန်ပေး!”

“ပိုက်ဆံပြန်ပေး! ပိုက်ဆံပြန်ပေး! ပိုက်ဆံပြန်ပေး!”

ဝမ်ချင်း ဆွံ့အသွားခဲ့သည်။ စိတ်ထဲမှလည်း တတွတ်တွတ် ရေရွတ်နေပါသည်။

ငတုံးတွေနဲ့ ရန်မဖြစ်နဲ့… ငတုံးတွေနဲ့ ရန်မဖြစ်နဲ့…

ထိုစဉ် ခုနက ငြိမ်ကျသွားခဲ့သည့် အလုပ်သမားတွေလည်း အော်သံတွေကြောင့် ဒေါသပြန်ထွက်လာခဲ့ပါသည်။

“အားလုံး တစ်ပြိုင်တည်း ဝင်တိုက်ကြရအောင်! သူတို့ ဘယ်လောက်ပဲ တော်နေပါစေ ငါတို့ဘက်က လူအင်အား အများကြီး သာတယ်! ငါတို့ တစ်ပြိုင်တည်း ဝင်လုံးရင် အနိုင်ရနိုင်တယ်! သူတို့အကုန်လုံးကို ဖမ်းပြီးတာနဲ့ ငါတို့လစာတွေ ပြန်တောင်းလို့ရလိမ့်မယ်!”

တစ်စုံတစ်ယောက်၏ အော်သံကြောင့် လူအုပ်ကြီးလည်း ဝမ်ချင်းတို့ထံ တစ်ပြိုင်နက်တည်း ပြေးလာကြပါသည်။

သူမတို့ထံ ပြေးလာသော လူအုပ်ကြီးကို မြင်သောအခါ ဝမ်ချင်း ကြက်သေသေသွားခဲ့သည်။ ကားအပြင်ကို ရောက်ခါမှ သူတို့ရဲ့ ရမ်းကားသော အပြုအမူတွေက ပိုပြီး ကြောက်ဖို့ကောင်းနေပါသည်။

ဝမ်ချင်း ထိတ်လန့်သွားပြီး ကားတံခါးကို အမြန်ပြန်ဖွင့်ကာ အထဲ ပြန်ဝင်သွားလေသည်။

အပြင်မှာ ရှိနေသေးသည့် ဟဲပေမူ၊ စူစူလေး၊ ဆိုင်မွန်နဲ့အဖွဲ့တို့က သောင်းကျန်းသူတွေကို တစ်ယောက်ပြီးတစ်ယောက် နှိမ်နင်းခဲ့ကြသည်။

သောင်းကျန်းသူတွေ ဘယ်လောက်ပဲ များပြားနေပါစေ သူတို့လူနည်းစုရဲ့ တိုက်ကွက်တွေက အကြောက်တရား ကင်းမဲ့ပြီး သွက်လက်ချက်ချာသည်။ တိကျမှု ရှိသည်။

တစ်ခုတည်းသော ပြဿနာက လူတွေများလွန်းနေသဖြင့် စူစူလေး အမှိုက်သိမ်းဖို့ အချိန် မရှိတော့တာပင်။

ထို့အပြင် ဒီလူတွေက ကိုယ်ခံပညာမတတ်သည့် သာမန်လူတွေနဲ့တူသဖြင့် အသာတိုက်ခိုက်ဖို့ စူစူလေးကို ဟဲပေမူ သတိပေးခဲ့သည်။

ဟူး… အစကတည်းက အားသိပ်မသုံးတာကို အခု အသာတိုက်ခိုက်ရဦးမယ်တဲ့…

သူမ ဘာအတွေ့အကြုံမှ မရပါ။ အစ်ကိုငယ်နဲ့ လေ့ကျင့်တာလောက်တောင် ပျော်စရာ မကောင်းပါ။

၁၀ မိနစ်ခန့် တိုက်ခိုက်ပြီးနောက် အားလုံး တိတ်ဆိတ်သွားခဲ့သည်။

လူအများစုက မြေကြီးပေါ်မှာ လဲကျနေပြီး နာကျင်မှုဖြင့် ညီးတွားနေကြသည်။ မတ်တပ်ရပ်နေသေးသူတွေကလည်း အနည်းနဲ့အများ ဒဏ်ရာ ရရှိထားကြပါသည်။

ထိုစဉ် လောက်စပီကာတစ်ခုမှ ယန်းမင်အာ၏ အသံ ရုတ်တရက် ထွက်ပေါ်လာသည်။ “အားလုံး ရပ်ကြစမ်း! ထျန်းချွမ်ကုမ္ပဏီကို ကျွန်မတို့ စုံစမ်းပြီးသွားပြီ။ သူတို့ တရားမဝင်တဲ့ အလုပ်တွေ လုပ်ထားပြီး အလုပ်သမားတွေရဲ့ လစာကိုလည်း တမင်သက်သက် မပေးဘဲ ထားတယ်ဆိုတာ အတည်ပြုနိုင်ပြီ”

“အခု သူတို့ရဲ့ ရာဇဝတ်မှု သက်သေတွေကို ရဲတွေလက်ထဲ အပ်ပြီးသွားပြီ။ သက်သေတွေသာ အစစ်အမှန်ဆိုရင် ထျန်းချွမ်ကုမ္ပဏီပိုင် ဘက်ဂျက်ထဲကနေ ရှင်တို့အပေါ် အကြွေးတင်နေတဲ့ လစာတွေ အညီအမျှ ခွဲဝေပေးမယ်လို့ ရဲတွေက ကတိပေးထားတယ်။ ပြီးရင် လိုအပ်တဲ့ လျော်ကြေးတွေလည်း ပေးလိမ့်မယ်”

… … …

အခန်း(၁,၀၅၃) လမစေ့ဘဲ မွေးဖွားခြင်း (၁)

ယန်းမင်အာ စကားပြောပြီးတာနဲ့တစ်ပြိုင်နက် ကျန်းဝမ်ကျန့်၏ ဝန်ခံမှုအား အသံဖမ်းထားသည့်ဖိုင်ကို ဖွင့်ပြလိုက်ပါသည်။

“ဟုတ်တယ် သူတို့ကို တမင်သက်သက် လစာမပေးခဲ့တာ။ ငါ့ကို သူတို့ ဘာမှ မလုပ်နိုင်မှန်းသိလို့ အဲ့ဒီငွေတွေကို ငါ့မိန်းမ နာမည်အောက်ထဲ လွှဲပြောင်းပေးခဲ့တာ။ ငါ့မိန်းမနဲ့ ကလေးတွေ နိုင်ငံခြားမှာ ပြောင်းရွှေ့နေထိုင်နေကြတယ်။ ငါနဲ့ ကွာရှင်းစာချုပ်အတုတောင် လုပ်ထားသေးတယ်။ ငါ့မှာ ပိုက်ဆံရှိပါတယ်။ ငါသူတို့ကို ပြန်ပေးမှာပါ! ကျေးဇူးပြုပြီး ငါ့ကို လွှတ်ပေးပါကွာ! ငါ့ကို လွှတ်ပေးကြပါ!”

ထိုဝန်ခံမှုကို ကြားသောအခါ အလုပ်သမားတွေ မျက်နှာ ပြောင်းလဲသွားကြသည်။ တစ်ယောက်ကိုတစ်ယောက် ပြန်ကြည့်လိုက်ကြပြီး ချင်းမိသားစုဝန်တွေကိုလည်း ကြည့်လိုက်ကြသည်။

ထို့နောက် လက်ထဲမှာ ကိုင်ထားသည့် ပေါက်တူးများ၊ တူများကို တစ်ယောက်ပြီးတစ်ယောက် ပစ်ချလိုက်ပါသည်။ သူတို့ အညံ့ခံလိုက်ပါပြီ။

အလုပ်သမားတွေထဲမှာ ရောယှက်နေသည့် ကျန်းဝမ်ကျန့်တပည့်တွေလည်း အရှုံးပေးလိုက်ကြသည်။

ကျန်းဝမ်ကျန့်ကိုယ်တိုင်ကတောင် ဒီလို အဖမ်းခံလိုက်ရပြီး တောင်းတောင်းပန်ပန် ပြောနေရလျှင် သူတို့ ပြဿနာ ဆက်ရှာပါက ဒုက္ခကြီးလိမ့်မည်။

ချင်းယွင်ကျစ်၏ အမိန့်ကို ဆိုင်မွန် ရရှိခဲ့သည်။ ဆောက်လုပ်ရေးဆိုက်က လူတွေကို အမြန်ဆုံး ပြန်လွှတ်လိုက်ဖို့ ဖြစ်ပါသည်။

ဒဏ်ရာရရှိနေသူတွေကိုလည်း ချင်းယွင်ကျစ်၏ အမိန့်အရ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ဆေးဖိုးဝါးခများ ဖြေရှင်းပေးကာ လျော်ကြေးတချို့ ပေးခဲ့ပါသည်။

ဒါကိုကြားတော့ ငွေညှစ်ဖို့ကြိုးစားခဲ့ကြသည့် အလုပ်သမားတွေလည်း လိပ်ပြာမလုံတော့ဘဲ ထွက်ပြေးသွားကြသည်။

ထိုလူတွေကို ဖမ်းဆီးပြီး နောက်မှ စာရင်းရှင်းဖို့ ဆိုင်မွန် စီစဉ်လိုက်ပါသည်။

စူစူလေး ပုံထားသည့် လူပုံကြီးကိုတော့ ဘယ်သူက လူကောင်း လူဆိုးမှန်း ခွဲခြားမရသဖြင့် လောလောဆယ် ဖြေရှင်းရ ခက်နေပါသည်။

ဆောက်လုပ်ရေးဆိုက်က လူတွေ ရှင်းလင်းသွားသောအခါ အဘိုးချင်းက သူ့ဘော်ဒီဂတ်တွေနဲ့အတူ စူစူလေးနားသို့ လျှောက်လာခဲ့ပါသည်။

“သမီးလေး ငါ့သမီးလေး!”။ စူစူလေးကို အဘိုးချင်း ပွေ့ချီလိုက်ပြီး တင်းကြပ်စွာ ဖက်ထားလိုက်ပါသည်။

“ဖေဖေ!”

“လူဆိုးမလေး! ဖေဖေ့ကို လန့်သေအောင် လုပ်ပြန်ပြီလား!”။ အဘိုးချင်း စိတ်လည်းပူ စိတ်လည်းရှုပ်သွားသည်။

“ဖေဖေ မကြောက်ပါနဲ့! သမီးက စွမ်းအားကြီးပြီးသားပါလို့ ပြောသားပဲ!”။ စူစူလေးက အဘိုးချင်း၏ ကျောကို ပုတ်ပေးရင်း နှစ်သိမ့်ပေးလိုက်ပါသည်။

“သမီး ဘယ်လောက်ပဲ စွမ်းအားကြီးကြီး သူတို့က တူတွေ လက်နက်တွေ ကိုင်ထားကြတာ! သမီးလေးမှာ ဒီ လက်သီး သေးသေးလေးတွေပဲ ရှိတယ်! အနာတရဖြစ်သွားရင် ဘယ်လိုလုပ်မလဲ”

သူ့စိတ်ထဲမှာတော့ သူ့သမီးလေးက အနူးညံ့ဆုံး၊ အပျော့ပြောင်းဆုံးနဲ့ ကာကွယ်ပေးဖို့ အလိုအပ်ဆုံး ကလေးလေး ဖြစ်ပါသည်။ ထိုအနူးညံ့ဆုံးလေးက တစ်ခါတလေ သူများခြေတွေလက်တွေ ရိုက်ချိုးတတ်လည်း ကိစ္စ မရှိပါ။

“မဖြစ်ပါဘူး! ဒီနေ့ သမီး အရမ်းတော်ခဲ့တာ!”။ စူစူလေးက ခေါင်းမော့ ရင်ကော့လျက် ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်ပါသည်။

သူ့ရင်ခွင်ထဲက ချစ်ဖို့ကောင်းပြီး ယုံကြည်မှုအပြည့်နဲ့ သမီးလေးကို ကြည့်ရင်း အဘိုးချင်း မျက်ဝန်းများ စိုစွတ်လာပါသည်။

ဒါ ဝမ်းသာခြင်းမျက်ရည်များ ဖြစ်သည်။

“သခင်ကြီးနဲ့ သခင်မလေးတို့ ဒီမှာ သိပ်မလုံခြုံသေးဘူး။ ကားထဲဝင်ကြပါ။ လုံခြုံတဲ့နေရာရောက်မှ စကားအေးဆေး ဆက်ပြောလို့ရတယ်”။ ဆိုင်မွန်က သတိပေးလိုက်ပါသည်။

“ဟုတ်ပြီ!”

စူစူလေး ခေါင်းငြိမ့်လိုက်ပြီး ကားတံခါးဖွင့်ကာ ကားထဲ ပြန်ဝင်လိုက်ပါသည်။

စူစူလေး ရှေ့ခန်းထဲမှာ ဝင်ထိုင်လိုက်တာနဲ့တစ်ပြိုင်နက် ကားနောက်ခန်းထဲမှာ ထိုင်နေသည့် ဝမ်ချင်း၏ အော်သံကို ကြားလိုက်ရပါသည်။

“နာတယ်… ဗိုက်… ဗိုက်အရမ်းနာတယ်…”

စူစူလေးက အမြန်အော်ခေါ်လိုက်လေသည်။ “ဖေဖေ! ဘော်ဒီဂတ်လေး! ဆိုင်မွန်!”

အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး ကားတံခါးကို ဖွင့်ကြည့်လိုက်ရာ မျက်နှာတစ်ခုလုံး ဖြူဖွေးနေပြီး ချွေးတွေ စိုရွှဲနေသော ဝမ်ချင်းကို မြင်လိုက်ရသည်။

“ဗိုက်… ဗိုက်နာတယ်!”

ဝမ်ချင်း ထိုင်ခုံအောက်သို့ ငုံ့ကြည့်လိုက်ရာ သူမ ရေမြွှာပေါက်နေပြီ ဖြစ်မှန်း သိလိုက်ရပါသည်။

ဘယ်လိုဖြစ်တာလဲ…

ကိုယ်ဝန်က ၇ လ ပဲ ရှိသေးတာ!

… … …

အခန်း(၁,၀၅၄) လမစေ့ဘဲ မွေးဖွားခြင်း (၂)

“အဖေ! သမီးကို ကယ်ပါဦး! ကလေးကို ကယ်ပါဦး!”။ ကားအပြင်ရှိ အဘိုးချင်းကို ကြည့်ကာ ဝမ်ချင်း အမြန် အကူအညီ တောင်းလိုက်ပါသည်

“မြန်မြန်လုပ်ကြ! အာ့ချင်းကို ဆေးရုံအမြန်ပို့ကြစမ်း!”။ အဘိုးချင်းလည်း ကားဒရိုင်ဘာနဲ့ ဆိုင်မွန်တို့ကို အမိန့်ပေးလိုက်ပါသည်။

အဘိုးချင်း၊ စူစူလေးနဲ့ ဟဲပေမူတို့က ကားနောက်တစ်စီးဖြင့် အနောက်မှ လိုက်လာခဲ့ကြသည်။

ဝမ်ချင်း ဆေးရုံကို ရောက်သည့်အခါ အကြောင်းကြားခံထားရသည့် ချင်းရှင်းကျစ်က ဆေးရုံဝင်ပေါက်မှာ ကြိုရောက်နေပါသည်။

ချင်းယုဟွိုင်း၊ ချင်းယုဟန်နဲ့ တခြားသူတွေလည်း လိုက်လာနေကြပြီ ဖြစ်သည်.

ဝမ်ချင်းကို မြင်လိုက်တာနဲ့ တစ်ပြိုင်နက် ချင်းရှင်းကျစ်ပြေးသွားပြီး လက်ကို ကိုင်ထားလိုက်သည်။

“ယောက်ျား။ ကလေး… ကလေးက…”။ ဝမ်ချင်း မျက်နှာတစ်ခုလုံး မျက်ရည်များဖြင့် ပြည့်နှက်နေသည်။ ခန္ဓာကိုယ်ကော အသံကော တုန်ယင်နေပါသည်။

“ဘာမှ မဖြစ်ဘူး ဘာမှ မဖြစ်ဘူး။ စိတ်မပူနဲ့နော်!”။ ချင်းရှင်းကျစ်ကိုယ်တိုင်က စိုးရိမ်ပူပန်နေသော်လည်း ဝမ်ချင်းကို အားပေးလိုက်ပါည်။

“ယောက်ျား ဆရာကြီးရှုယီ… ဆရာကြီးရှုယီကို သွားခေါ်ပေးပါ။ သူရှိနေမှ စိတ်အေးနိုင်မှာ…”။ ဝမ်ချင်း စိတ်ချောက်ချားနေချိန် ဆရာကြီးရှုယီကိုသာ သတိရမိပါသည်။

ဒီနေ့ဒီအချိန်ထိ ဒီကလေးကို လွယ်ထားနိုင်တာ ဆရာကြီးရှုယီကြောင့်ဖြစ်သည်။ ယခုလို အခြေအနေမျိုးမှာလည်း ဝမ်ချင်း အယုံကြည်ဆုံးက ဆရာကြီးရှုယီကို ဖြစ်ပါသည်။

“ဟုတ်ပါပြီ။ ကိုယ်သွားခေါ်လိုက်မယ်နော်။ ဘာမှ စိတ်မပူနဲ့!”

ဇနီးဖြစ်သူကို နှစ်သိမ့်ပေးရင်း တခြားသူတွေနဲ့အတူတူ သူမကို အရေးပေါ်ခန်းထဲ ချင်းရှင်းကျစ် လိုက်ပို့ပေးခဲ့ပါသည်။

ဆရာဝန်တွေက ဝမ်ချင်းရဲ့ သွေးဖိအား၊ နှလုံးခုန်နှုန်း အစရှိသည်တို့ကို စစ်ဆေးနေကြသည်။

ထို့နောက် သားအိမ်ခေါင်းကို စစ်ဆေးကြည့်လိုက်ရာ အချိန်မတိုင်ခင် ရေမြွှာပေါက်ခဲ့ကြောင်း အတည်ပြုနိုင်ခဲ့သည်။ ကလေးက ဆုံပိုင်းကျနေပြီ ဖြစ်သဖြင့် ခွဲမွေးဖို့ လိုအပ်ပါသည်။

ဝမ်ချင်းကို တစ်နာရီအတွင်း ခွဲစိတ်ပေးဖို့ အမြန်ပြင်ဆင်ကြသသည်။

ထိုသတင်းကြားသောအခါ ချင်းရှင်းကျစ် အရိုးထဲထိ ကြက်သီးမွေးညှင်းများ ထသွားခဲ့သည်။ ယခင်တုန်းက သူ့မိန်းမ သား ၃ ယောက် မွေးပေးခဲ့ဖူးသော်လည်း အားလုံးကို သဘာဝအတိုင်း မွေးပေးခဲ့တာ ဖြစ်သည်။ အခုမှ လမစေ့ဘဲ မွေးဖွားလာသဖြင့် ခွဲမွေးဖို့ လိုအပ်တာမျိုး ကြုံရခြင်းဖြစ်သည်။

သို့သော်လည်း ချင်းရှင်းကျစ် စိတ်ကို အမြန်ထိန်းလိုက်ပါသည်။ သူ့ရင်ထဲ ဘယ်လောက် ပူလောင်နေပါစေ မိန်းမဖြစ်သူကို စိတ်ပိုဖိစီးသွားအောင် လုပ်လို့ မရပါ။

စိတ်ကို ပြင်ဆင်ပြီးနောက် ဝမ်ချင်းကို အားပေးဖို့ ချင်းရှင်းကျစ် အရေးပေါ်ခန်းထဲ ထပ်ဝင်သွားခဲ့ပါသည်။

စူစူလေးလည်း အရေးပေါ် အခန်းတံခါးဝကို စိုက်ကြည့်နေပါသည်။ လူတွေအများကြီးရှိနေပြီး အနက်ရောင် အခိုးအငွေ့တွေလည်း မြင်နေရသည်။

ထိုအခိုးအငွေ့တွေကို ကြည့်ခြင်းအားဖြင့် အခန်းထဲက လူတွေ ကံဆိုးမှုကို ကြုံတွေ့နေရမှန်း စူစူလေး သိနိုင်သည်။ အခြေအနေတွေ ပိုဆိုးရွားလာနိုင်သည်။ သူမရဲ့ ယောက်မအကြီးဆုံးလည်း အပါအဝင် ဖြစ်ပါသည်။

စူစူလေးက အဘိုးချင်းကို လှည့်မေးလိုက်ပါသည်။ “ဖေဖေ အန္တရာယ်ရှိလို့လားဟင်”

အဘိုးချင်းက စူစူလေးကို အနားမှာခေါ်ထားပြီး ခေါင်းလေးကို ပွတ်သပ်ပေးလိုက်သည်။ “သမီးလေး ဘာမှ စိတ်မပူနဲ့နော်။ ဖေဖေတို့ လုပ်နိုင်တာမှန်သမျှ လုပ်ပေးမှာပါ”

စူစူလေးရဲ့ မေးခွန်းကို အဘိုးချင်း တိတိကျကျမ ဖြေနိုင်ပါ။

အဘိုးချင်း၏ မျက်နှာနဲ့ အရေးပေါ်ခန်းထဲက အခိုးအငွေ့တွေကို ကြည့်ပြီး စူစူလေး အဓိပ္ပာယ်တချို့ ခန့်မှန်းနိုင်ပါသည်။ သို့သော် သူမ တိတ်တိတ်ဆိတ်ဆိတ်သာ ဆက်နေခဲ့သည်။

ခဏကြာတော့ ချင်းယုဟွိုင်း၊ ချင်းယုဟန်၊ ချင်းယုကျီးတို့ ညီအစ်ကို သုံးယောက်နဲ့ ချင်းယွင်ကျစ်တို့ လင်မယားပါ ဆက်တိုက် ရောက်ရှိလာကြသည်။

“စူစူလေး ဒီကိုလာ ယောက်မ ချီပေးထားမယ်”။ ယန်းမင်အာ ရောက်လာတာနဲ့တစ်ပြိုင်နက် စူစူလေးကို ခေါ်လိုက်ပါသည်။

စူစူလေးကို ချီထားရသဖြင့် အဘိုးချင်းပင်ပန်းနေမှာ စိုးရိမ်ပြီး စူစူလေးတစ်ယောက်တည်း မတ်တပ်ရပ်နေတာကလည်း ဘေးကင်းမှာမဟုတ်ဟု ခံစားမိတာကြောင့် ဖြစ်သည်။ ထို့ကြောင့် သူမ ချီထားတာ အကောာင်းဆုံး ဖြစ်ပါလိမ့်မည်.။

အရေးပေါ် အခန်းထဲက ဝမ်ချင်းကို အားလုံး စိတ်ပူနေကြသော်လည်း ယန်းမင်အာက စိတ်လည်းမပူ လှောင်လည်း မလှောင်ပြောင်ပါ။

သူမက ယောက်မအကြီးဆုံးနဲ့ အဆင်မပြေသူဖြစသ်ည်။ ဒီလိုအရေးပေါ်အခြေအနေမှာ စူစူလေးကို ဆောက်လုပ်ရေး ဆိုက်သို့ ခေါ်သွားရသည့် အကြောင်းအရင်းကို မေးမြန်းလို့ မရသော်လည်း သူမထံမှ စိုးရိမ်ပူပန်မှုကို မျှော်လင့်လို့ မရပေ။

ခဏကြာ‌တော့ ဆရာကြီးရှုယီလည်း ရောက်ရှိလာခဲ့ပါသည်။

ဆရာကြီးရှုယီကိုမြင်သောအခါ စိတ်ဖိစီးနေကြသည့် ချင်းမိသားစုဝင်တွေအားလုံး အားကိုးရာတစ်ခု ရရှိလိုက်သလို အားတက်သွားကြပါသည်။

… … …

အခန်း(၁,၀၅၅) စူစူလေးရဲ့ ခန့်မှန်းချက်

“ဆရာကြီးရှုယီ…”

အဘိုးချင်း စကားပြောဖို့ ပြင်လိုက်သော်လည်း ဆရာကြီးရှုယီက လက်ပြတားလိုက်ပါသည်။

“ခွဲစိတ်မယ့်ကိစ္စအတွက် ဆေးရုံကိုပဲ အားကိုးလို့ရမယ်။ ကျုပ်က ဆေးဖော်‌ ဆေးညွှန်းပေးဖို့ပဲ တတ်နိုင်တယ်။ ကလေးမွေးပေးတာမျိုး မလုပ်တတ်ဘူး”။ ဆရာကြီးရှုယီ ရှင်းပြလိုက်ပါသည်။

ဆရာကြီးရှုုယီ၏ စကားကြောင့် ဝမ်ချင်းအတွက် ချင်းမိသားစု အကူအညီတောင်းဖို့ ကြံစည်ထားတာတွေ ပျက်ပြယ်သွားရပါသည်။

ခေတ္တစဉ်းစားပြီးနောက် ချင်းယုဟွိုင်း ဝင်မေးလိုက်သည်။ “ဆရာကြီးရှုယီရဲ့ အသိမိတ်ဆွေထဲမှာ ထိပ်တန်း သားဖွားမီးယပ်အထူးကုတွေ ရှိကြလား။ ရှိတယ်ဆိုရင် သူတို့ကို အကူအညီတောင်းပေးလို့ရမလား။ ကျွန်တော်တို့ ဘယ်လောက်ပဲ ပေးရပေးရ ကိစ္စမရှိပါဘူး”

“ဆရာဝန်ကြီးကို မင်းတို့ ဆက်သွယ်ပြီးပြီ မဟုတ်ဘူးလား။ သူက ဒီဆေးရုံမှာ အတော်ဆုံး သားဖွားမီးယပ် ဆရာဝန်ပဲ။ ခဏနေ တခြားဌာနတွေက ထိပ်တန်းဆရာဝန်တွေလည်း ရောက်လာကြမယ်။ ဒါနဲ့မလုံလောက်သေးဘူးဆိုရင် တခြား ဆေးရုံတွေ တခြားမြို့တွေမှာပဲ သွားရှာရလိမ့်မယ်။ ဒါပေမယ့် အချိန်က နောက်ကျနေပြီ”။ ဆရာကြီးရှုယီ ပြန်ဖြေလိုက်သည်။

ဒီဆေးရုံမှာ သူအလုပ်လုပ်ဖူးသဖြင့် ဆရာဝန်များရဲ့ အရည်အချင်းကို ကောင်းကောာင်း နားလည်သဖြင့် အာမခံပေးလို့ ရသည်။

“ဒါဆို ကျွန်တော်တို့အမေနဲ့ ညီလေးတို့ရဲ့ အသက်ကို ကယ်တင်ဖို့ အောင်မြင်နိုင်ချေ ဘယ်လောက်ရှိမယ်လို့ ထင်လဲ ဆရာကြီးရှုယီ…”။ ချင်းယုဟန်က ဝင်မေးလိုက်ပါသည်။

“ငါ့ကို အဲ့တာတွေ လာမမေးနဲ့။ ဘာမှ အသုံးဝင်မှာ မဟုတ်ဘူး။ သူဒီလို လမစေ့ဘဲ မွေးလိမ့်မယ်လို့ ငါလည်း ကြိုမမြင်ထားဘူး။ အဲ့တာကြောင့် အခုလက်ရှိ သူ့အခြေအနေကို ငါလည်း မခန့်မှန်းတတ်ဘူး”

ထို့နောက် ဆရာကြီးရှုယီက ကြွေပုလင်းလေးတစ်လုံးကို ထုတ်လိုက်သည်။ “ဒီဆေးက အားအင်တွေ ပြန်ပြည့်စေတယ်။ အထဲကို ယူသွားလိုက်။ ခဏနေရင် သူ့ကို ရေနဲ့ တိုက်လိုက်။ သူ့ခန္ဓာကိုယ်အတွက် အားဖြစ်စေလိမ့်မယ်။ ငါလုပ်ပေးနိုင်တာ ဒါအကုန်ပဲ။ သူနဲ့သူ့ကလေး ရှင်သန်နိုင်ချေက ခွဲစိတ်ကုသမှုအပေါ်မှာပဲ မူတည်တယ်”

ထိုပုလင်းလေးကို ချင်းယုဟန်ယူလိုက်ပြီး ဝမ်ချင်းကို အမြန်သွားတိုက်လိုက်ပါသည်။

ထို့နောက် စူစူလေးထံ ဆရာကြီးရှုယီ လျှောက်သွားလိုက်သည်။

စူစူလေးကို ယန်းမင်အာက ပွေ့ချီထားပါသည်။ ဆရာကြီးရှုယီက စူစူလေးကို ခေါ်ဖို့ မကြိုးစားဘဲ လေးလေးနက်နက် မေးခွန်းတစ်ခု မေးလိုက်ပါသည်။

“စူစူလေး… စူစူလေးရဲ့ ယောက်မအကြီးဆုံးနဲ့ တူသေးသေးလေးတို့ ဒီအခက်အခဲကို ကျော်လွှားနိုင်မယ် ထင်လား”

စူစူလေး တွန့်ဆုတ်သွားပြီး သူမတစ်ယောက်တည်းသာ မြင်နိုင်သည့် အနက်ရောင်နဲ့ မီးခိုးရောင် အခိုးအငွေ့တွေကို လှမ်းကြည့်လိုက်ပါသည်။

အစကတော့ အခိုးအငွေ့တွေက ရောယှက်နေသဖြင့် စူစူလေး ဘာမှ ရှင်းရှင်းလင်းလင်း မမြင်ခဲ့ရပေ။

သို့သော် ဆရာကြီးရှုယီ၏ မေးခွန်းကြောင့် စူစူလေး အာရုံစိုက်လိုက်ပြီး တစ်ချိန်တုန်းက မြင်ဖူးသည့် သူမရဲ့ တူသေးသေးလေးကို မြင်ယောင်ကြည့်လိုက်ပါသည်။

စူစူလေး အာရုံထပ်စိုက်လိုက်ပြီး ရှာဖွေဖို့ အစွမ်းကုန် ကြိုးစားလိုက်သည်။

တခြားအခိုးအငွေ့တွေကြားထဲမှာ အကြီးဆုံးယောက်မရဲ့ အခိုးအငွေ့တွေကို စူစူလေး မြင်လာရပါသည်။

အနက်ရောင်နဲ့ မီးခိုးရောင် အခိုးအငွေ့တွေထဲမှာ ချစ်စရာကလေးလေးတစ်ယောက်က သူမကို ပြုံးပြနေပါသည်။

ဆရာကြီးရှုယီကို စူစူလေး ပြန်ဖြေလိုက်သည်။ “သူတို့ အဆင်ပြေမှာပါ!”

“ကလေးကော အမေကော ဘေးကင်းမှာလား”။ ဆရာကြီးရှုယီ ထပ်မေးလိုက်သည်။

“အဲ့တာက…”။ စူစူလေး လေးလေးနက်နက် ထပ်စဉ်းစားလိုက်သည်။ နာကျင်နေရတာာကလွဲပြီး ကျန်တာ ဘေးကင်းတယ်လို့ ပြောလို့ရရဲ့လား။

စူစူလေး ပြန်ဖြေလိုက်ပါသည်။ “သူတို့ ဘေးကင်းမှာပါ! ဒါပေမယ့် ကလေးလေးက နီနီရဲရဲ ရှုံ့ရှုံ့တွတွနဲ့ ရုပ်ဆိုးလေး ဖြစ်မှာ!”

ယခင်တုန်းက အခိုးအငွေ့တွေထဲမှာ စူစူလေး မြင်ခဲ့ရသည့် တူသေးသေးလေးက အသားဖြူဖြူ၊ နူးနူးညံ့ညံ့နဲ့ ကြည့်လို့ ကောင်းပါသည်။ သို့သော်လည်း ယခုတူသေးသေးလေးက ကြွက်ပေါက်လေးတစ်ကောင်လို နီရဲနေပြီး ကြည့်လို့လည်း မလှပေ။

ဒီလောက်ရုပ်ဆိုးတဲ့ တူလေးကို ဘယ်လိုလုပ်ရပါ့မလဲ။

သူမရဲ့ တူကြီးက ရုပ်ချောတာတောင် မိန်းမ မရသေးဘူး ဒီတူရုပ်ဆိုးလေးဆို ဘယ်လိုလုပ်မလဲ။

ဒီလိုသာဆို ဒေါ်လေးတစ်ယောက်အနေနဲ့ သူမတူလေးကို တစ်သက်လုံး စောင့်ရှောက်ပေးရပါလိမ့်မည်။

… … …

All Chapters