အခန်း (၁၀၅၆-၁၀၆၀)
Vol. 43 Ch. 1056-1060
အခန်း(၁,၀၅၆) ဝမ်ချင်းရဲ့ နောင်တ (၁)
ဆရာကြီးရှုယီက ဝမ်ချင်းတို့သားအမိ ဘေးကင်းပါ့မလားဟူ၍သာ မေးမြန်းခဲ့သော်လည်း စူစူလေးကတော့ သူမတူလေးကို မိန်းမ ရှာပေးဖို့အထိ စဉ်းစားနေပါပြီ။
စူစူလေး၏ အဖြေကို ကြားသောအခါ ဆရာကြီးရှုယီလည်း စိတ်ရွှင်မြူးသွားပါသည်။ “ဟားဟားဟား ဘေးကင်းတယ်ဆို ကောင်းတာပေါ့။ ငါတို့စူစူလေးရဲ့ ရွှေပါးစပ်လေးက ဘေးကင်းတယ်လို့ ပြောရင် သေချာပေါက် ဘေးကင်းမှာပဲ! စိတ်မပူနဲ့နော်”
ဆရာကြီးရှုယီ ပျော်ရွှင်သွားရတာက ဝမ်ချင်းတို့ သားအမိဘေးကင်းမှာကြောင့်သာ မဟုတ်ဘဲ စူစူလေး အနာဂတ်ကို ခန့်မှန်းနိုင်နေပြီ ဖြစ်တာကြောင့်လည်း ပါဝင်ပါသည်။
ထို့နောက် အဘိုးချင်း၊ ချင်းယုဟွိုင်းနဲ့ တခြားသူတွေကို ဆရာကြီးရှုယီ လှည့်ပြောလိုက်သည်။ “ကလေးလေးတွေ ပြောတဲ့စကားက မှန်တတ်တယ်လို့ ရှေးလူကြီးတွေ ပြောလေ့ရှိကြတယ်။ စူစူလေးက အဆင်ပြေမယ်လို့ ပြောတော့ သူတို့ ၉၉.၉၉ ရာခိုင်နှုန်းလောက်ထိ အဆင်ပြေနိုင်ချေ ရှိတယ်။ မင်းတို့တွေ စိတ်ဖိစီးမနေကြပါနဲ့”
အဘိုးချင်းတို့ ဘာမှ ပြန်မပြောခဲ့ကြပါ။ စူစူလေး ပြောတာ မှန်ပါစေဟု အားလုံး ဆုတောင်းမိကြသည်။
သို့သော် သိပ္ပံနည်းကျ သက်သေပြလို့ရသည့် အရာမဟုတ်သဖြင့် ဘယ်သူမှ စိတ်အေးလက်အေး မနေနိုင်ကြသေးပါ။ စူစူလေး ခန့်မှန်းထားသည့်အတိုင်း တကယ်ဖြစ်လာပါစေဟုသာ ရင်ထဲမှ ဆုတောင်းမိကြတော့သည်။
ခွဲခန်းပြင်ပမှာ အားလုံး စိုးရိမ်ပူပန်စွာ စောင့်နေခဲ့ကြသည်။
၁ နာရီကျော်အောင် ကြာမြင့်ပြီးနောက် လမစေ့သေးသည့် ကလေးကို မွေးထုတ်ပေးနိုင်ခဲ့ပါသည်။
ထို့နောက် အရေးပေါ်ခန်းထဲမှ ကလေးကို ဖန်ပေါင်းချောင်ထဲ ပြောင်းရွှေ့ခဲ့ကြသည်။
ကလေးလေးကို မြင်လိုက်တာနဲ့တစ်ပြိုင်နက် ချင်းရှင်းကျစ် မျက်ရည်များ စီးကျလာပါသည်။
အခုချိန်မှာ ကလေးက ယောက်ျားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် အရေးမကြီးတော့ပါ။ ဘေးကင်းကင်းနဲ့ မွေးဖွားလာနိုင်ဖို့က သူ့ဆန္ဒဖြစ်ပါသည်။
စူစူလေးလည်း ကလေးလေးကို လှမ်းကြည့်လိုက်သည်။ သူမ မြင်ခဲ့သလိုပဲ နီနီရဲရဲ ရှုံ့ရှုံ့တွတွ ရုပ်ဆိုးလေး ဖြစ်နေပါသည်။
ဟူး… မတတ်နိုင်ဘူးလေ။
ဒီတူသေးသေးလေးကို အရသာရှိတာတွေ ဝယ်ကျွေးဖို့ ပိုက်ဆံကြိုးစားပမ်းစားစုမှ ဖြစ်မယ်!
ပြီးတော့ ရုပ်ဆိုးလို့ အနိုင်ကျင့်မခံရအောင်လည်း ကာကွယ်ပေးရမယ်!
၁၅ မိနစ်ခန့် ကြာပြီးနောက် ဝမ်ချင်းကိုလည်း ခွဲခန်းမှ သာမန်လူနာခန်းသို့ ပြန်လည်ပြောင်းရွှေ့ခဲ့ကြပါသည်။
စူစူလေး ပြောခဲ့သလိုပဲ ကလေးကော အမေကော ဘေးကင်းလုံခြုံကြလေသည်။
သို့သော်လည်း ဝမ်ချင်း၏ ကျန်းမာရေးအခြေအနေက အနည်းငယ် ဆိုးရွားပါသည်။ ခွဲစိတ်ကုသမှုအတွင်း သွေးယိုစိမ့်မှု ပြင်းပြင်းထန်ထန်ကြုံတွေ့ခဲ့ရသဖြင့် ဆရာဝန်တွေက သားအိမ်ကိုပါ ထုတ်လိုက်ရပါသည်။
ဝမ်ချင်း မေ့ဆေးပြယ်၍ သတိရလာသောအခါ ညတောင်မျိုးချုပ်နေပါပြီ။
VIP လူနာခန်းထဲတွင် ယောက်ျားဖြစ်သူနဲ့ သားသုံးယောက်တို့ ရှိနေကြသည်။ ယောက်ျားဖြစ်သူက ကုတင်ဘေးမှာ ထိုင်နေပြီး သားသုံးယောက်က ဆိုဖာပေါ်မှာ ထိုင်နေပါသည်။
ဝမ်ချင်းသတိရလာတာနဲ့တစ်ပြိုင်နက် လေးယောက်စလုံး ပြေးလာခဲ့ကြပါသည်။
“မိန်းမ အဆင်ပြေရဲ့လား”
“အမေ ဘယ်လိုနေလဲ။ ဘယ်နေရာ နေရခက်နေလဲ”
“အမေ ခဏစောင့်ဦး။ ကျွန်တော် ဆရာဝန် သွားခေါ်လိုက်မယ်”
“ကျွန်တော်တို့ အားလုံးရှိတယ်နော် အမေ”
သူမကို ချစ်မြတ်နိုးပြီး ဂရုစိုက်ကြသည့် လူ လေးယောက်ကို ကြည့်ပြီး ဝမ်ချင်း မျက်ရည်များ ဝဲလာပါသည်။
ထို့နောက် သူမရဲ့ မွေးကင်းစ ကလေးကို အသည်းအသန် ရှာဖွေလိုက်သည်။
“ကလေးဘယ်မှာလဲ။ ကျွန်မ ကလေးဘယ်မှာလဲ”
“အာ့ချင်း ဘာမှ မပူနဲ့နော်။ ကလေးကို ဖန်ပေါင်းချောင်ထဲ ထည့်ထားတယ်။ သာမန်ကလေးတွေထက် နည်းနည်း အားနည်းနေလို့ အထူးဂရုစိုက်ဖို့ပဲ လိုအပ်တာ။ သူနည်းနည်း သန်စွမ်းလာတာနဲ့ ခေါ်လာလို့ ရပြီနော်”
“ရှင်လိမ်နေတာမလား။ ကလေးတစ်ခုခု ဖြစ်သွားတယ်မလား။ ကျွန်မကြောင့် ကလေးတစ်ခုခု ဖြစ်သွားတယ်မလားလို့”။ ချင်းရှင်းကျစ်၏ လက်ကို ဝမ်ချင်း တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပါသည်။
“ကိုယ်မလိမ်ပါဘူး။ ကိုယ့်ကို မယုံရင် ယုဟွိုင်းနဲ့ ယုဟန်တို့ကို မေးကြည့်လိုက်! သူတို့ညီလေး တကယ် ဘာမှ မဖြစ်ဘူး”
‘အမေ စိတ်မပူနဲ့။ ညီလေးဘာမှမဖြစ်ဘူး။ မကြာခင် ဖန်ပေါင်းချောင်ထဲက ထုတ်လို့ရလိမ့်မယ်!”။ ချင်းယုဟန် ပြန်ပြောလိုက်ပါသည်။
“ဟုတ်တယ်အမေ ဘာမှမကြောက်နဲ့။ ဆရာကြီးရှုယီလည်း ဆေးရုံမှာရှိနေတယ်”။ အခုချိန်မှာ သူ့အမေ အယုံကြည်ဆုံး ဆရာဝန်က ဆရာကြီးရှုယီသာဖြစ်မှန်း သိသဖြင့် ချင်းယုကျီး အာမခံလိုက်ပါသည်။
… … …
အခန်း(၁,၀၅၇) ဝမ်ချင်းရဲ့ နောင်တ (၂)
ထင်ထားသည့်အတိုင်းပဲ ဆရာကြီးရှုယီ၏ အမည်ကို ကြားမှ ဝမ်ချင်း အနည်းငယ် စိတ်တည်ငြိမ်သွားခဲ့ပါသည်။
ထို့နောက် သူမ မေးလိုက်သည်။ “အဲ့တာဆို ကလေးအခြေအနေ ဘယ်လိုရှိလဲ။ သူအဆင်ပြေရဲ့လား”
“နှလုံးခုန်နှုန်း နည်းနည်းအားနည်းနေတယ်လို့ ဆရာဝန်ကတော့ ပြောတယ်။ ဒါပေမယ့် ဒီခေတ်ကြီးထဲ နည်းပညာ အရမ်းမြင့်နေပြီဆိုတော့ ဘာမှ စိုးရိမ်စရာမရှိဘူး။ အမြန်ဆုံး အခြေအနေ ကောင်းလာမှာပါ”။ ချင်းရှင်းကျစ်က မိန်းမဖြစ်သူကို နှစ်သိမ့်ပေးလိုက်ပါသည်။
ယောက်ျားဖြစ်သူ၏ စကားကိုကြားပြီး ဝမ်ချင်း မျက်ရည်များ စီးကျလာသည်။ “ကျွန်မအပြစ်တွေပါ အားလုံး ကျွန်မ အပြစ်တွေပဲ! ကျွန်မကြောင့် ကျွန်မကလေး ထိခိုက်ခဲ့ရတာ! အဲ့ဒီကိုကျွန်မ မသွားခဲ့သင့်ဘူး!”
ချင်းရှင်းကျစ်က ဝမ်ချင်း၏ လက်ကို အမြန်ဆွဲကာ တားလိုက်ပါသည်။ “အာ့ချင်း အဲ့လိုတွေ လျှောက်မတွေးစမ်းပါနဲ့။ အခု မင်းကောင်းကောင်းအနားယူဖို့ပဲ လိုအပ်တယ်။ ကျန်တာအားလုံး သူ့အလိုလို အဆင်ပြေသွားလိမ့်မယ်နော်”
ဝမ်ချင်းက အလွန်ဝမ်းနည်းနေဆဲဖြစ်သည်။ “သူ့ကို သဘာဝအတိုင်း မွေးလို့ရရဲ့သားနဲ့… အခုတော့ ၂ လလောက် စောပြီး မွေးလိုက်ရတယ်! တခြားကလေးတွေထက် သူပိုချူချာတော့မှာ! ကျွန်မကြောင့် အဲ့လိုဖြစ်ရတာ။ ကျွန်မသာ အဲ့ဒီကို မသွားခဲ့ရင် ဒါတွေဖြစ်လာမှာ မဟုတ်ဘူး!”
လူနာခန်းထဲသို့ အဘွားချင်းနဲ့ စူစူလေးတို့ ဝင်လာသောအခါ ဝမ်ချင်း၏ စကားများကို ကြားသွားပါသည်။
အဘွားချင်းနဲ့ စူစူလေးတို့ကို မြင်သောအခါ ဝမ်ချင်း ငိုကြွေးနေတာ ချက်ချင်း ရပ်တန့်သွားပါသည်။
စိတ်ညှို့ခံထားရသကဲ့သို့ စူစူလေးကိုသာ သူမ စိုက်ကြည့်နေခဲ့ပြီး အချိန်အတော်ကြာသည်အထိ မလှုပ်ရှားခဲ့ပါ။
စူစူလေးကလည်း ဝမ်ချင်းကို ကြည့်နေပါသည်။ သို့သော် လူကို ကြည့်နေတာ မဟုတ်ဘဲ သူမ ဘေးနားက အနက်ရောင်၊ မီးခိုးရောင်၊ အဖြူရောင် အခိုးအငွေ့တွေကို ကြည့်နေတာဖြစ်သည်။
ယခင်တုန်းက လူတစ်ယောက်ရဲ့ အခိုးအငွေ့တွေကို စူစူလေး သေချာ မမြင်နိုင်ခဲ့သော်လည်း အခုတော့ ရှင်းရှင်းလင်းလင်း မြင်နေရပြီဖြစ်သည်။
ဝမ်ချင်းက စူစူလေးကို လှမ်းခေါ်လိုက်သည်။ “စူစူလေး ယောက်မဆီကို လာပါဦး”
စူစူလေးကို ကြည့်နေသည့် ဝမ်ချင်း၏ မျက်လုံးများက တောက်ပနေပါသည်။
စူစူလေးက ချက်ချင်း မသွားသေးဘဲ အဘွားချင်းကို မော့ကြည့်လိုက်သည်။
ချွေးမဖြစ်သူ ဘာဖြစ်ချင်နေတာလဲမသိသဖြင့် အဘွားချင်း မေးလိုက်ပါသည်။ “အာ့ချင်း နင်ဘာလိုချင်လို့လဲ”
“အမေ စူစူလေးကို ခဏလောက် ချီခွင့်ပေးပါ။ သူ့ရဲ့ကံကောင်းမှုတွေ နည်းနည်းလောက် စုပ်ယူခွင့်ပေးပါ”။ ဝမ်ချင်း ပြောလိုက်ပါသည်။
ဒါကိုကြားတော့ အဘွားချင်း မျက်မှောင်ကြုတ်သွားသည်။ စူစူလေးရဲ့ လက်ကို မလွှတ်ပေးဘဲ ပိုမိုတင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။
ချင်းယုကျီးလည်း ဝင်ပြောလိုက်ပါသည်။ “အမေ စူစူလေးက ကံကောင်းတာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ နေမကောင်းဖြစ်ရင် ဆရာဝန်ကို ပြရမယ်။ ထိခိုက်ဒဏ်ရာရရင် ဒဏ်ရာကို ကုသရမယ်။ အဲ့ဒီ ကိစ္စတွေအတွက် စူစူလေးကို အားကိုးလို့ မရဘူးလေ”
“ယုကျီးပြောတာ မှန်တယ်အမေ။ ကောင်းကောင်းအနားယူပြီး စိတ်ကို လျှော့ထားပါ။ မကြာခင် အမေ နေပြန်ကောင်းသွားပါလိမ့်မယ်”။ ချင်းယုဟန်ကလည်း ထောက်ခံပါသည်။
ညီအစ်ကိုနှစ်ယောက်က အတွေးချင်း တူညီကြပါသည်။
ဝမ်ချင်းက ခေါင်းခါလိုက်ပါသည်။ “ငါ့ကို စိတ်မပူနဲ့။ နင်တို့ ညီလေးကို သွားကြည့်လိုက်ကြ! ငါ့ဖို့ ဓာတ်ပုံ ရိုက်ခဲ့… မဟုတ်ဘူး ဗီဒီယိုပါ ရိုက်ခဲ့။ သူဘေးကင်းလုံခြုံသလားဆိုတာ သိရမှဖြစ်မယ်!”
ချင်းယုဟွိုင်း၊ ချင်းယုဟန်နဲ့ ချင်းယုကျီးတို့ ညီအစ်ကိုသုံးယောက်စလုံး မလှုပ်ကြပါ။ ပရော်ဖက်ရှင်နယ် ဆရာဝန်များမှ စောင့်ကြည့်ပေးထားသည့် သူတို့ညီလေးနဲ့ ယှဉ်လိုက်လျှင် သူတို့အမေရဲ့ စိတ်အခြေအနေကို ပိုစိတ်ပူရပါသည်။
အားလုံး တွန့်ဆုတ်နေကြစဉ် စူစူလေးက အဘွားချင်းလက်ကို လွှတ်ကာ ဝမ်ချင်းထံဖြည်းညှင်းစွာ လျှောက်လာခဲ့ပါသည်။
ဝမ်ချင်းက စူစူလေး လျှောက်လာတာကို မျှော်လင့်တကြီး ငေးကြည့်နေခဲ့သည်။ သို့သော် စူစူလေးက လမ်းလယ်လောက်မှာ ရပ်တန့်သွားပါသည်။
“စူစူလေး… ထပ်တိုးလာခဲ့ပါဦး။ ယောက်မ စူစူလေးကို ကိုင်ထားချင်လို့”။ ဝမ်ချင်း ပြောလိုက်သည်။
“လူဆိုးတွေရှိတဲ့နေရာဆီ သမီးကို တမင်သက်သက် ခေါ်သွားတာလား။ ဖေဖေ့ကို ကာကွယ်ပေးစေချင်လို့ မဟုတ်ဘဲ တတိယယောက်မကို စိတ်ညစ်အောင် လုပ်ချင်လို့ ခေါ်သွားတာမလား”။ စူစူလေး မေးလိုက်သည်။
… … …
အခန်း(၁,၀၅၈) အမှားကို အမှန်မပြင်နိုင်တဲ့လူတွေကို ဂရုမစိုက်ဘူး
ဝမ်ချင်း မျက်လုံးများ ပြူးကျယ်သွားပြီး နဂိုကတည်းက ဖြူဖွေးနေသည့် မျက်နှာ ပိုမိုသွေးမဲ့သွားခဲ့ပါသည်။
“အဲ့လို ဘယ်သူပြောတာလဲ။ တတိယယောက်မက ပြောတာလား”။ ဝမ်ချင်း ချက်ချင်း မေးလိုက်သည်။
စူစူလေး ခေါင်းခါလိုက်သည်။ “တတိယယောက်မ ပြောတာ မဟုတ်ပါဘူး”
သူမ ကိုယ်တိုင် မြင်လိုက်ရတာဖြစ်သည်။ လူတစ်ယောက်ရဲ့ အနက်ရောင် အခိုးအငွေ့တွေကို သူမ ပထမဆုံးအကြိမ် ရှင်းရှင်းလင်းလင်း မြင်လိုက်ရတာဖြစ်သည်။
“အဲ့တာဆို ဘယ်သူပြောတာလဲ”။
ဝမ်ချင်း မေးလိုက်ပြီး မျက်လုံးများ ဂနာမငြိမ်ဖြစ်လာပါသည်။ ထို့ကြောင့် လူနာခန်းထဲကလူတွေအားလုံးလည်း သံသယ ဝင်သွားခဲ့ကြသည်။
“သမီးဖာသာ သိတာ။ ဟုတ်လားပဲ ပြောပါ”။ စူစူလေးက ပြန်မေးလိုက်ပါသည်။
ဝမ်ချင်း အသည်းအသန် ငြင်းဆန်လိုက်ပါသည်။ “အဓိပ္ပာယ်မရှိတာတွေ မပြောပါနဲ့! ယောက်မ အဲ့လိုမျိုးတွေ မလုပ်ဘူး!”
ဒါကိုကြားတော့ လူနာခန်းထဲက လူတွေအားလုံး မျက်မှောင်ကြုတ်သွားခဲ့ကြလေသည်။
ဝမ်ချင်း၏ အလိမ်အညာက စူစူလေးအပေါ်မှာသာ သက်ရောက်မှုရှိနိုင်ပါသည်။ သို့သော် စူစူလေးကို ခေါ်ယူသွားတာ သူမ ဖြစ်ကြောင်း သိလိုက်ရပြီးကတည်းက အားလုံးနားလည်ခဲ့ကြသည်။
သို့သော် ဝမ်ချင်းနဲ့ မွေးကင်းစ ကလေးတို့ရဲ့ အခြေအနေကို အားလုံး စိတ်ပူနေကြသဖြင့် ထိုအကြောင်းကို ထုတ်မပြောရသေးခြင်း ဖြစ်သည်။
သို့သော် စူစူလေး မေးမြန်းချိန်မှာတော့ ဝမ်ချင်း လိမ်ညာငြင်းဆန်လိမ့်မည်ဟု ဘယ်သူမှ ထင်မထားခဲ့ကြပါ။
ချင်းရှင်းကျစ် စိတ်မကောင်းဖြစ်သွားသော်လည်း ခွဲစိတ်မှု ခံယူပြီးခါစ မိန်းမဖြစ်သူကို စကားလုံးကြမ်းကြမ်းတမ်းတမ်းတွေ မပြောရက်သဖြင့် နာကျင်မှုဖြင့်သာ တိတ်ဆိတ်နေခဲ့ရပါသည်။
ချင်းယုဟွိုင်း၊ ချင်းယုဟန်နဲ့ ချင်းယုကျီးတို့လည်း မျက်နှာတွေ မကောင်းကြပါ။ သူတို့အမေ တမင်သက်သက် လုပ်ခဲ့တာ ဖြစ်မှန်း သူတို့လည်း သိကြပါသည်။
သူတို့အဖေလိုပဲ သူတို့လည်း အမေဖြစ်သူကို စိတ်မထိခိုက်စေချင်ပါ။
စူစူလေး မျက်မှောင်ကြုတ်သွားပြီး ခေတ္တစဉ်းစားလိုက်သည်။ ထို့နောက် ဝမ်ချင်းကို မော့ကြည့်ကာ ပြောလိုက်သည်။ “အာ့ဆို ယောက်မကို မဖက်နိုင်ဘူး”
“ဘာ… ဘာလို့လဲ”။ ဝမ်ချင်း မယုံကြည်နိုင်စွာ မေးလိုက်သည်။
“ယောက်မက အမှားလုပ်ထားတာကိို အမှန်မပြင်ဘဲ အခုထိ လိမ်နေတုန်းမို့လို့လေ”
“အဲ့လို မဟုတ်ဘူး!”။ ဝမ်ချင်းက ငြင်းဆန်လိုက်ပါသည်။
ဝမ်ချင်း၏ ငြင်းဆန်မှုကြောင့် စူစူလေး ဆုံးဖြတ်ချက် ပိုမိုပြတ်သားသွားခဲ့သည်။
အဘွားချင်းထံ စူစူလေး ပြန်လျှောက်သွားပြီး လက်ကို ကိုင်လိုက်သည်။ “မေမေ အိမ်ပြန်ကြစို့။ မလိမ္မာတဲ့လူတွေကို သမီးဂရုမစိုက်ဘူး”
“အင်းပါ ပြန်ကြစို့နော်”
အဘွားချင်းလည်း စကားအများကြီး မပြောခဲ့ပါ။
ယောက္ခမတစ်ယောက်အနေနဲ့ ချွေးမဖြစ်သူ ကျန်းမာရေးမကောင်းချိန်မှာ အပြစ်တင် မဆုံးမ သင့်ပေ။
သို့သော် အမေတစ်ယောက်အနေနဲ့တော့ ဝမ်ချင်း၏ လုပ်ရပ်တွေကို ခွင့်မလွှတ်နိုင်ပါ။
ထို့ကြောင့် သူမ ဘာမှ ဝင်မပြောခဲ့ဘဲ စူစူလေးရဲ့ ဆုံးဖြတ်ချက်ကိုသာ ထောက်ခံခဲ့ပါသည်။
အဘွားချင်းနဲ့ စူစူလေးတို့ လှည့်ထွက်သွားတာကို မြင်သောအခါ ဝမ်ချင်းရင်ထဲ အကြောက်တရားတစ်ခု ဖြစ်ပေါ်လာပါသည်။ ယောက္ခမဖြစ်သူရဲ့ ဒေါသကိုကြောက်တာလား စူစူလေးရဲ့ ကံကောင်းမှုတွေကို မရရှိတော့မှာ ကြောက်တာလား ဝေခွဲမရပါ။
ဝမ်ချင်းက သူတို့နှစ်ယောက်ကို တားဆီးချင်သော်လည်း မကြာသေးခင်ကမှ ခွဲစိတ်မှုခံယူထားတာ ဖြစ်သဖြင့် ကုတင်ပေါ်ကတောင် ထလို့ မရပါ။
“ယောက်ျား! အမေနဲ့ စူစူလေးတို့နောက် အမြန်လိုက်ပါဦး!” ချင်းရှင်းကျစ်ကို ဝမ်ချင်း အကူအညီတောင်းလိုက်ပါသည်။
သို့သော် ချင်းရှင်းကျစ်က မလှုပ်မရှားဘဲ ဒီတိုင်းရပ်နေသည်။ အမေဖြစ်သူတို့နောက်ကို လိုက်မသွားဘဲ ဝမ်ချင်းကိုသာ စိုးရိမ်ပူပန်စွာ ပြောလိုက်ပါသည်။ “အာ့ချင်း မင်းအရင် အနားယူလိုက်ပါဦး”
“အမေနဲ့ စူစူလေးတို့ကို သွားပြန်ခေါ်လာခဲ့! သူတို့ ကျွန်မကို စိတ်ဆိုးနေတာ! ကျွန်မကို စိတ်ဆိုးသွားလို့ မဖြစ်ဘူး! မြန်မြန် ပြန်ခေါ်ပေးပါ!”။ ဝမ်ချင်း စိုးရိမ်တကြီး အော်ဟစ်လိုက်လေသည်။
ချင်းရှင်းကျစ်က မလှုပ်သေးပေ။
ထို့နောက် ချင်းယုဟွိုင်း၊ ချင်းယုဟန်နဲ့ ချင်းယုကျီးတို့ကို ဝမ်ချင်း အော်ပြောလိုက်ပါသည်။ “ယုဟွိုင်း၊ ယုဟန်နဲ့ ယုကျီးတို့ နင်တို့အဘွားနဲ့ စူစူလေးတို့နောက် လိုက်ပြီး မြန်မြန်ပြန်ခေါ်လာခဲ့စမ်း! မြန်မြန်လုပ်!”
… … …
အခန်း(၁,၀၅၉) လွမ်းဆွတ်တမ်းတ သတိရခြင်း
ညီအစ်ကို သုံးယောက်ကလည်း မလှုပ်ကြပေ။
ချင်းယုဟွိုင်းက လေသံတိုးတိုဖြင့် ပြောလိုက်ပါသည်။ “စူစူလေးပြောတာ မှန်တယ်အမေ။ မလိမ္မာတဲ့လူတွေက သူ့ဂရုစိုက်မှုနဲ့ မတန်ဘူး”
ချင်းယုဟွိုင်း ဘာမှ ဆက်မပြောတော့ပါ။ သူ့ညီနှစ်ယောက်ကို ခေါ်ပြီး မွေးကင်းစ ညီလေးကို သွားကြည့်ဖို့ဟုဆိုကာ ထွက်သွားလေသည်။
သားသုံးယောက် တိတ်တဆိတ်ထွက်သွားတာကို ကြည့်ရင်း ဝမ်ချင်း နှလုံးသားထဲ နာကျင်သွားပါသည်။
ချုပ်ရိုး၏ နာကျင်မှုနဲ့ နှလုံးသား နာကျင်မှုတို့ပေါင်းစပ်ပြီး ဝမ်ချင်း မျက်ရည်များ မထိန်းချုပ်နိုင်အောင် စီးကျလာခဲ့သည်။
“ယောက်ျား…”။ ချင်းရှင်းကျစ်၏ လက်ကို ဝမ်ချင်း တင်းကျပ်စွာ ဆုပ်ကိုင်ထားပါသည်။ ယောက်ျားဖြစ်သူကပါ သူမကို ထားသွားခဲ့မှာ စိုးရိမ်နေသည်။
ချင်းရှင်းကျစ်က ထွက်မသွားဘဲ ဝမ်ချင်း၏ ပါးကို ပွတ်သပ်ပေးကာ နှစ်သိမ့်လိုက်ပါသည်။
“ယောက်ျား ရှင်လည်း ကျွန်မမှားတယ်လို့ ထင်နေတယ်မလား”။ ဝမ်ချင်း မေးလိုက်သည်။
ချင်းရှင်းကျစ်က မိန်းမဖြစ်သူရဲ့ မေးခွန်းကို တိုက်ရိုက်ပြန်မဖြေဘဲ ပြောလိုက်သည်။ “အာ့ချင်း ကျန်းမာရေးကိုပဲ ဂရုစိုက်ပါ။ နေပြန်ကောင်းတဲ့အခါကျမှ အဲ့ကိစ္စတွေ ပြောလို့ မရဘူးလား”
“ကျွန်မ အမှားလုပ်မိတယ်လို့ ရှင်တကယ်ထင်တာလား”
“အာ့ချင်း အဲ့ဒီမေးခွန်းအတွက်အဖြေ မင်းရင်ထဲမှာ ရှိနေပြီးသား မဟုတ်ဘူးလား။။ ညီမလေးကို မင်းခေါ်သွားတာ အမှန်တရားပဲ။ မင်းအမှားလုပ်မိတယ်ဆိုတဲ့ အမှန်တရားပဲ။ ယန်းမင်အာတို့ကို စိတ်ညစ်အောင်လုပ်ဖို့ ဒီလို ကြံစည်ခဲ့တာ ဆိုတဲ့ စူစူလေးရဲ့ ခန့်မှန်းချက်ကိုတော့ မင်းပဲ မှန်မမှန် သိနိုင်မှာ”
“ကျွန်မ…”။ ယောက်ျားဖြစ်သူ၏ သုန်မှုန်နေသော မျက်နှာကို ကြည့်ရင်း ဝမ်ချင်း ဘာပြောရမှန်း မသိတော့ပေ။
မိန်းမဖြစ်သူရဲ့ မျက်နှာကို ကြည့်ရင်း ချင်းရှင်းကျစ် ပြောလိုက်ပါသည်။ “စူစူလေးက ကံကောင်းတဲ့လူလို့ မင်းယုံကြည်နေပြီဆိုတော့ စေတနာနဲ့ မေတ္တာတရားတွေ စစ်မှန်မှ ကံကောင်းမှုဆိုတာ ရှိလာနိုင်တယ် ဆိုတာကိုလည်း ယုံကြည်သင့်တယ်”
ဝမ်ချင်း မှင်သက်သွားခဲ့ပြီး ချင်းရှင်းကျစ်၏ မျက်နှာကို အချိန်အတော်ကြာအောင် စိုက်ကြည့်နေမိခဲ့သည်။
--- --- ---
ဝမ်ချင်း၏ လူနာခန်းထဲမှ ထွက်လာပြီးနောက် အဘွားချင်းတို့နဲ့အတူတူ စူစူလေး အိမ်ပြန်လာခဲ့သည်။
ဒီနေ့ည ချင်းအိမ်တော်မှာ အတော်လေး တိတ်ဆိတ်နေခဲပပါသည်။ မိသားစုဝင် အားလုံးနီးပါး ဆေးရုံမှာ ရောက်နေတာကြောင့် ဖြစ်သည်။
အဘွားချင်းက စူစူလေးကို ရုပ်ပြစာအုပ်ဖတ်ပြပြီး အိပ်ခန်းမီး ပိတ်ပေးခဲ့သည်။
အရင်တုန်းကလိုမဟုတ်ဘဲ စူစူလေး ဒီနေ့ည ကောင်းကောင်း အိပ်မပျော်ပါ။
အဘွားချင်း ထွက်သွားသောအခါ စူစူလေး ကုတင်ပေါ်မှ ဆင်းလိုက်ပြီး အိမ်စီးဖိနပ်များစီးလျက် ဝရန်တာဆီ ထွက်လိုက်ပါသည်။
ဝရန်တာကို မှီရင်း ကောင်းကင်ကြီးကို စူစူလေး မော့ကြည့်လိုက်သည်။
စူစူလေး၏ ပုံမှန်မဟုတ်သော အပြုအမူကို မြင်ပြီး ဟူကျစ်လည်း အနောက်က လိုက်လာခဲ့ပါသည်။
“မြောင်…”။ သခင် ဘာဖြစ်လို့လဲ။
“ဟူကျစ် ငါ အသက် ၄ နှစ်တောင် ပြည့်တော့မယ်”။ စူစူလေး မေးလိုက်သည်။
“မြောင်!” ကောင်းတာပေါ့! အသက်ကြီးလာပြီ!
“ကိုကြီးက ငါ့ကို တကယ်မခေါ်တော့ဘူးလား”။ စူစူလေး ထပ်မေးလိုက်ပါသည်။
မြောင်…”
“နတ်ယုတ်မာကြီးဘဝတုန်းကတောင် ငါ့မွေးနေ့တိုင်း အတူတူ ရှိပေးခဲ့တာ”။ စူစူလေး တီးတိုး ပြောလိုက်ပါသည်။
သို့သော်လည်း စူစူလေး လူသားဖြစ်လာပြီးနောက် မွေးနေ့တိုင်း သူရောက်မလာတော့ပါ။
သူမကို ကန်ထုတ်ခဲ့သဖြင့် စိတ်ဆိုးသော်လည်း အရမ်းကြီး စိတ်ဆိုးနေတာ မဟုတ်ပေ။ သူမ မွေးနေ့တွေကို မသိချင်ယောင် ဆောင်ထားတာ ပိုစိတ်ဆိုးချင်စရာ ကောင်းပါသည်။
တစ်နှစ်ထက်တစ်နှစ် ဒေါသ ပိုကြီးမားလာခဲ့သည်။
၃ နှစ်ပြည့်သောအခါ သူ့ကို စကားမပြောတော့ဘူးဟု စူစူလေး ဆုံးဖြတ်ခဲ့သည်။
သို့သော် နတ်ယုတ်မာကြီးက ကိုကြီးအသွင်နဲ့ သူမထံ ပြန်လာခဲ့ပါသည်။
ဒီနှစ်တော့ မွေးနေ့ကို သူနဲ့အတူတူ ဖြတ်သန်းရလိမ့်မည်ဟု ထင်ထားခဲ့သည်…။
“မြောင်!”။ သခင့်မွေးနေ့မှာ ငါရှိနေပေးမယ်!
“ငါလည်းပါတယ်”
ထိုစဉ် စူစူလေး ခေါင်းပေါ်မှ ယောက်ျားတစ်ဦး၏ အသံကို ရုတ်တရက် ကြားလိုက်ရသည်။
စူစူလေး မော့ကြည့်လိုက်ရာ ကြယ်တွေစုံလင်နေသော ကောင်းကင်ကြီးကိုသာ မြင်နေရပါသည်။ တခြား ဘယ်သူမှ မရှိပေ။
“ငတုံးမလေး ငါက အောက်မှာ”
ထိုအသံထွက်ပေါ်လာတာနဲ့ တစ်ပြိုင်နက် စူစူလေးရှေ့သို့ မီးခိုးရောင်ဝတ်စုံနဲ့ လူတစ်ယောက် ရောက်လာခဲ့ပါသည်။
… … …
အခန်း(၁,၀၆၀) စူစူလေးအတွက် မွေးနေ့လက်ဆောင်
စူစူလေး သေချာ ကြည့်လိုက်ရာ တခြားသူမဟုတ်ဘဲ မတွေ့ရတာကြာပြီဖြစ်သည့် ထန်ထိုက်မင် ဖြစ်နေပါသည်။
“နတ်ယုတ်မာလေး!”။ စူစူလေး အော်ခေါ်လိုက်သည်။
“ငါက ဘာလို့ နတ်ယုတ်မာလေး ဖြစ်သွားတာလဲ။ အဲ့နာမည်ကြီး မမိုက်ပါဘူး”။ ထန်ထိုက်မင် ပြုံးကာ ပြောလိုက်ပါသည်။
အရင်တုန်းကဆို စူစူလေးက သူ့ကို “ဆရာလူဆိုး”ဟု ခေါ်နေကျဖြစ်သည်။ ခဏလောက် ပျောက်သွားတာနဲ့ပဲ သူ့အဆင့် တစ်ဆင့် ထပ်ကျသွားခဲ့ပါသည်။
“နတ်ယုတ်မာကြီးရဲ့ ညီလေးက နတ်ယုတ်မာလေးပေါ့။ နင်က နတ်ယုတ်မာကြီးရဲ့ ညီလေး မဟုတ်ဘူးလား”။ စူစူလေး မေးလိုက်သည်။
“အင်း… အဲ့လိုဆိုတော့လည်း မှန်ပါတယ်”။ ထန်ထိုက်မင် အပြုံးဖြင့် ပြောလိုက်ပါသည်။
အခုတလော သူစိတ်ရွှင်နေပုံရသည်။ အရင်တုန်းကလို မှုန်ကုပ်ကုပ်ပုံစံ မရှိတော့ပါ။
“နင်ဒီမှာ ဘာလုပ်နေတာလဲ။ အစ်ကိုကြီးကို ခေါ်ပြီး ဖမ်းခိုင်းလိုက်မှာနော်!”။ စူစူလေး အတည်ပေါက် ပြောလိုက်ပါသည်။
“နင်ပြောတဲ့ အစ်ကိုကြီးဆိုတာ ခန္ဓာကိုယ်ကြံ့ခိုင်တာကလွဲပြီး ဘာမှသုံးစားမရတဲ့ ငတုံး ခေါင်းဆောင်ရှောက်ကို ပြောတာလား”။ ထန်ထိုက်မင် ရယ်မောကာ ပြောလိုက်သည်။
ရှောက်ကျင်းယန်ရဲ့ နာမည်ကို ကြားရတာ ထန်ထိုက်မင် ရယ်ချင်ပါသည်။
သူ့အကြောင်းကို ထိုလူ အဆက်မပြတ် စုံစမ်းနေမှန်း ထန်ထိုက်မင် သိသည်။ တခြားအမှုတွေ လိုက်တာတောင် ရပ်ဆိုင်းခဲ့ပြီး သူ့ကို ရေဆုံးမြေဆုံးထိ လိုက်ဖို့ ဆုံးဖြတ်ထားသူ ဖြစ်ပါသည်။
သို့သော်လည်း ကံမကောင်းစွာနဲ့ ခေါင်းဆောင်ရှောက်က သူ့အင်္ကျီတွေကိုတောင် လာမထိနိုင်ပါ။
“အွန်း!”။ စူစူလေး ခေါင်းငြိမ့်လိုက်သည်။ ထို့နောက် ခေါင်းအမြန်ပြန်ခါလိုက်ပါသည်။ “နေပါဦး မဟုတ်ပါဘူး! အစ်ကိုကြီးက ငတုံးမဟုတ်ဘူး။ ဉာဏ်အရမ်းကောင်းတာ!”
“လူသားတွေကြားထဲမှာတော့ ဉာဏ်ကောင်းချင် ကောင်းမှာပေါ့။ အရင်တုန်းက ငါ့ကိုသာ သူဖမ်းချင် ဖမ်းမိနိုင်လိမ့်မယ်။ အခု ဖမ်းနိုင်ဦးမယ် ထင်နေတာလား”။ ထန်ထိုက်မင်က သရော်ပြုံးဖြင့် ပြောလိုက်ပါသည်။
“ဟွန်း! အဲ့တာ ကိုကြီး ကူညီပေးထားလို့ပါ”။ စူစူလေး မကျေနပ်စွာ ပြောလိုက်သည်။
သူမ ကိုကြီးသာ မကူညီပေးခဲ့လျှင် ဒီထန်ထိုက်မင် သေသွားခဲ့တာ ကြာပါပြီ။
“ငါ့ကို နည်းနည်းပါးပါး မျက်နှာသာလေးတောင် မပေးဘူးလား”။ ထန်ထိုက်မင် မေးလိုက်သည်။
“နတ်ယုတ်မာလေးကို ဘာမျက်နှာသာမှ မပေးနိုင်ဘူးး!’။ စူစူလေး မျက်နှာလွှဲကာ ပြောလိုက်ပါသည်။
“နင်က ငါ့အစ်ကိုကို ကိုကြီးလို့ခေါ်တယ်။ အဲ့ဒီ ငတုံးကောင်ကိုလည်း အစ်ကိုကြီးလို့ ခေါ်တယ်။ ငါ့အဆင့်က အဲ့ဒီ ငတုံးကောင် ရှောက်ကျင်းယန်လောက်တောင် မရှိဘူးလား”။ ထန်ထိုက်မင် ထပ်မေးလိုက်ပါသည်။
“နင်က နတ်ယုတ်မာလေး! နင့်စကား နားမထောင်ဘူး!”။ စူစူလေး ပြောလိုက်သည်။
“ငတုံးမလေး နင်တော်တော် နှလုံးသားမဲ့တာပါလား။ ငါပြောင်းလဲသွားပါပြီလို့ အရင်တစ်ခေါက်က ပြောထားတယ်လေ”
“နင့်ကို ထိုးကြိတ်ခွင့်ပေးမယ်လို့ ကတိပေးထားတယ်နော်! နင့်ကို ထိုးကြိတ်ပြီးမှ ကျန်တာ ဆက်ပြော!”။ စူစူလေး ပြောလိုက်ပါသည်။
“အဲ… အဲ့တာကို ခဏလောက် မေ့ထားလိုက်ရအောင်”
“ဟွန်း! အဲ့တာဆို နင်က နတ်ယုတ်မာလေးပဲ!”
“အင်းပါ အင်းပါ”
ထန်ထိုက်မင် အရှုံးပေးလိုက်ရသည်။ ဘယ်လိုပဲဖြစ်ဖြစ် သူ့အစ်ကိုကလည်း နတ်ယုတ်မာကြီးဖြစ်နေသဖြင့် အနည်းဆုံးတော့ အဖော်ရှိပါသေးသည်။
“နတ်ယုတ်မာလေး ဘာလို့ ငါ့အိမ်ထဲ ခိုးဝင်လာတာလဲ။ မကောင်းတာ တစ်ခုခု ကြံစည်နေပြန်ပြီလား”။ စူစူလေး မေးလိုက်သည်။
“ဒီကိုလာရတဲ့ အကြောင်းအရင်းကိုတောင် မေ့တော့မလို့။ ဒီမှာ နင့်အတွက်”။ ထန်ထိုက်မင် ဘူးလေးတစ်ဘူး ထုတ်ကာ စူစူလေးအား ပေးလိုက်ပါသည်။
စူစူလေးက ဘူးကို မယူဘဲ ခြေတစ်လှမ်း နောက်ဆုတ်လိုက်ပြီး ထိုဘူးနဲ့ ခပ်ခွာခွာနေလိုက်ပါသည်။
သူမ အရင်တစ်ခေါက်ကတည်းက သင်ခန်းစာရပြီးသား ဖြစ်သည်။ ဘယ်လိုဘူးကိုမှ အလွယ်တကူ မဖွင့်ရဲတော့ပါ။
“နင်ဘာလုပ်နေတာလဲ။ ငါဘာမှ မဟုတ်တာ မလုပ်ပါဘူး! ဒါနင့်အတွက် မွေးနေ့လက်ဆောင်လေ”။ ထန်ထိုက်မင် ပြောလိုက်သည်။
သေချာပြန်စဉ်းစားကြည့်မှ စူစူလေး ဒီလိုတုန့်ပြန်ရတာ သူ့အပြစ်ပဲ ဖြ်စသည်။
သူ့ကို စူစူလေး ယုံကြည်စေဖို့အတွက် ထန်ထိုက်မင်လည်း ရွေးချယ်စရာ မရှိတော့ဘဲ ဘူးကို ဖွင့်ပြလိုက်ရတော့သည်။
… … …