အခန်း (၁၀၆၁-၁၀၆၅)
Vol. 43 Ch. 1061-1065
အခန်း(၁,၀၆၁) မသေမျိုး မက်မွန်သီး
“ဒီမှာကြည့်! ဒါ မသေမျိုး မက်မွန်သီးလေ! ဒါကို ရဖို့ ငါအသည်းအသန်ကြိုးစားခဲ့ရတာ!” ထန်ထိုက်မင် အမြန် ရှင်းပြလိုက်ပါသည်။
စူစူလေး ခေတ္တစဉ်းစားလိုက်ပြီး ရှေ့သို့ ဖြည်းညှင်းစွာ တိုးလာပြီး မက်မွန်သီးကို အနံ့ခံကြည့်လိုက်ပါသည်။ တကယ်ပဲ မသေမျိုး မက်မွန်သီးအစစ် ဖြစ်ပုံရသည်။
ဟူကျစ်က စိတ်မရှည်စွာဖြင့် ထန်ထိုက်မင်၏ လက်ပေါ် ခုန်တက်လိုက်ပါသည်။ မျက််နှာကလည်း အတော်လေး စိတ်လှုပ်ရှားနေပုံပေါက်သည်။
“မြောင်!”။ တကယ် မသေမျိုး မက်မွန်သီးပဲ! မသေမျိုး မက်မွန်သိး!
“တွေ့လာ တကယ့်အစစ်ပါ။ ငါနင့်ကို လှည့်စားနေတာ မဟုတ်ဘူး။ ငါပြောင်းလဲသွားပါပြီလို့ ပြောသားပဲ။ ဒါ နင့်ရဲ့ ၄ နှစ်ပြည့် မွေးနေ့အတွက် မွေးနေ့လက်ဆောင်ပါ”။ ထန်ထိုက်မင် ရှင်းပြလိုက်ပါသည်။
စူစူလေးက လှမ်းယူချင်သော်လည်း လမ်းတစ်ဝက်လောက်မှာ လက်ကို ပြန်ရုတ်သိမ်းလိုက်ပါသည်။
မဖြစ်ဘူး မဖြစ်ဘူး! နတ်ယုတ်မာလေးကို အလွယ်တကူ ယုံကြည်လို့ မဖြစ်ဘူး!
“ငါ့ကိုဘာလို့ မွေးနေ့လက်ဆောင် ပေးနေတာလဲ။ ရင်းလည်း မရင်းနှီးဘဲနဲ့!”။ စူစူလေး မေးလိုက်သည်။
“အင်း…”။ ထန်ထိုက်မင် မျက်လုံးများ ဂနာမငြိမ်ဖြစ်သွားပြီး နှာခေါင်းကို ပွတ်လိုက်ပါသည်။
“ဘာလဲ”။ စူစူလေး ခါးထောက်လျက် သတိကြီးကြီးထားကာ မေးလိုက်ပါသည်။
“အရင်တုန်းက ငါအမှားလုပ်ဖူးလို့လေ။ အဲ့တာကြောင့် ပြန်တောင်းပန်ချင်လို့။ ပြီးတော့… ပြီးတော့…”
“ပြီးတော့ဘာဖြစ်လဲ”။ ထန်ထိုက်မင်ကို စူစူလေး မယုံသင်္ကာကြည့်လိုက်သည်။
သူ့ပုံစံက ဘာလို့ လိမ်နေတဲ့ပုံပေါက်နေတာလဲ။
မဟုတ်တာ လုပ်ဖို့ ကြံစည်နေပြန်ပြီလား။
“ပြီးတော့ ငါ့အစ်ကို ကိုယ်စား လက်ဆောင် လာပေးတာလည်း ပါပါတယ်”။ ထန်ထိုက်မင် တိုးညှင်းစွာ ပြောလိုက်သည်။ စူစူလေးရဲ့မျက်နှာကို လိပ်ပြာမလုံသည့်ပုံစံနဲ့ ကြည့်ပင်မကြည့်ပါ။
“သူ့ဖာသာသူ လာပေးလို့ မရဘူးလား”။ စူစူလေးက နှုတ်ခမ်းစူ ပါးဖောင်းလျက် မေးလိုက်ပါသည်။
“မြောင်!”။ ဟူကျစ်ကလည်း ထောက်ခံပါသည်။
“ဘာလို့လဲဆိုတော့… ငါ့အစ်ကို နည်းနည်း အလုပ်ရှုပ်နေလို့လေ။ နင်သိတဲ့အတိုင်း သူက အမြဲတမ်း အလုပ်များတဲ့သူပဲ ဥစ္စာ”
စူစူလေး၏ ကြည်လင်တောက်ပနေသော မျက်ဝန်းလေးများကို ကြည့်ရင်း ထန်ထိုက်မင် အလွန် အပြစ်ရှိသလို ခံစားလိုက်ရပါသည်။
“ဟွန်း!”။ စူစူလေး လက်ပိုက်လိုက်ပြီး မျက်နှာလွှဲလိုက်ပါသည်။
စူစူလေးရဲ့ အပြုအမူကို မြင်တာနဲ့ ထန်ထိုက်မင် အနားတိုးလာပြီး မသေမျိုး မက်မွန်သီးကို ကမ်းလှမ်းလိုက်သည်။ “စူစူလေး နတ်သားရဲမလေး၊ ဒီ မသေမျိုး မက်မွန်သီးလေးက အရမ်းချိုပြီး အရမ်းမွှေးပါတယ်”
စူစူလေးရဲ့ နှာခေါင်းသေးသေးလေးကလည်း ထန်ထိုက်မင် လက်ထဲက မသေမျိုးမက်မွန်သီး ရနံ့ကို ရှူကြည့်မိပါသည်။ မသေမျိုးမက်မွန်သီးထံမှ ထွက်နေသည့် ချိုချိုမြိန်မြိန်ရနံ့က လူသားတွေရဲ့ ဘယ်လိုသစ်သီးထက်မဆို ပိုမွှေးပျံ့ပါသည်။
“စူစူလေး မြန်မြန်ယူလိုက်ပါ။ ယူပြီးရင်လည်း ငါ့ကို စိတ်မဆိုးနဲ့တော့နော်”။ ထန်ထိုက်မင် အပြုံးဖြင့် ပြောလိုက်သည်။
“ဟွန်း! နင့်ကို ထိုးစရာရှိတာကိုတော့ ထိုးရမှာပဲ!”။ စူစူလေးက အလျှော့မပေးပါ။
“ဟုတ်ပါပြီ။ စူစူလေးဆီမှာ အထိုးခံပါ့မယ်”
သူ့ရုပ်ပိုင်းဆိုင်ရာ အခြေအနေ ပိုတိုးတက်လာသည့်အချိန်ထိ ထန်ထိုက်မင် စောင့်ရပါမည်။ မဟုတ်ပါက စူစူလေးရဲ့ ထိုးချက်ကြောင့် သူအသက်ပျောက်သွားနိုင်သည်။
စူစူလေးလည်း သူ့အဖြေကို သဘောကျသွားပြီး မသေမျိုး မက်မွန်သီးကို လှမ်းယူလိုက်ပါသည်။ မက်မွန်သီးက အလွန်ကြီးမားလွန်းသဖြင့် လက်နှစ်ဖက်ဖြင့် ကိုင်ထားရသည်။
“မြောင်! မြောင်!”။ ဟူကျစ် ခုန်ပေါက်နေပြီး စူစူလေးလက်ထဲက မက်မွန်သီးကို အငမ်းမရ ကြည့်နေပါသည်။
“ဟူကျစ် မလောနဲ့။ နင့်ကို တစ်ဝက်ကျွေးမယ်!”။ စူစူလေး ပြောလိုက်လေသည်။
… … …
အခန်း(၁,၀၆၂) ထန်ထိုက်မင်ကို ရှောက်ကျင်းယန် လာဖမ်းခြင်း
သူမအတွက် စားစရာရှိလာတိုင်း ဟူကျစ်ကို ကျွေးဖို့ မေ့လို့ မရပါ။
“မြောင်!”
ဟူကျစ် ပျော်ရွှင်သွားပြီး ခုန်ပေါက်နေလေသည်။
စူစူလေး ဝရန်တာ ကြမ်းပြင်မှာ ထိုင်လိုက်ပြီး မက်မွန်သီးကို ဟူကျစ်နဲ့အတူတူ စားလိုက်လေသည်။
သူတို့နှစ်ယောက်ကို ကြည့်ရင်း ထန်ထိုက်မင် ပြုံးမိသွားသည်။
သူပြုံးနေစဉ် စူစူလေးအခန်းထဲသို့ လူတစ်ယောက် ရုတ်တရက် ဝင်ရောက်လာပြီး ဝရန်တာမှာ ရှိနေသည့် ထန်ထိုက်မင်ရှေ့သို့ ရောက်လာခဲ့သည်။
တစ်ယောက်ယောက် ချဉ်းကပ်လာတာကို ထန်ထိုက်မင် အာရုံရမိသောာ်လည်း နောက်ကျသွားပါပြီ။ ရှောက်ကျင်းယန်က သူ့ရှေ့ကို ရောက်နေပြီ ဖြစ်သည်။
လောကသုံးပါး နိယာမအရ သေမျိုးတွေကို တိုက်ခိုက်ဖို့အတွက် နတ်စွမ်းအင်တွေကို အလွယ်တကူ အသုံးပြုလို့ မဖြစ်ပါ။ မဟုတ်ပါက လောာကသုံးပါး၏ ပြစ်ဒဏ်ခတ်မှုကို ထပ်ခံရလိုက်မည်။
အရင်တစ်ခေါက်က ရှင်သန်နိုင်ခဲ့သော်လည်း နောက်တစ်ခေါက် ဆိုလျှင်တော့ မသေချာတော့ပေ။
“ဒီငတုံးကောင် ဘာလို့ ဒီလောက်မြန်မြန် ရောက်လာတာလဲ စူစူလေး။ သူဒီမှာ နေနေတာလား”
ထန်ထိုက်မင်၏ အကြည့်က ရှောက်ကျင်းယန်ဆီမှာသာ ရှိနေပါသည်။ စူစူလေးကို စကားပြောနေတာတောင် အကြည့်မလွှဲရဲပါ။
“အစ်ကိုကြီးက ငါတို့နဲ့မနေပါဘူး။ ဟိုဘက်အိမ်မှာ နေတာ”။ စူစူလေး ပြန်ဖြေလိုက်ပါသည်။
အဲ့တာအတူတူပဲ မဟုတ်ဘူးလား…။
“အဲ့တာဆို ငါရောက်နေမှန်း ဘယ်လိုလုပ်သိတာလဲ”
“အိမ်မှာ မျက်နှာတွေကို ဓာတ်ပုံရိုက်လို့ရတဲ့ ပစ္စည်းတွေတပ်ထားတယ်လေ”။ စူစူလေး ပြောလိုက်သည်။
“ဘယ်နားမှာ တပ်ထားတာလဲ”။ ထန်ထိုက်မင် မေးလိုက်သည်။ သူဒီကိုမလာခင်ကတည်းက နတ်အာရုံကို အသုံးချပြီး သတိကြီးကြီးထားခဲ့တာဖြစ်သည်။
“အိမ်ပတ်လည်မှာ!”
“အဲ့လောက်နဲ့ ငါ့ကို မဖမ်းနိုင်ပါဘူး”
“အွန်း အာ့ကြောင့် အသိပေးစနစ်ကိုလည်း နှိပ်ခဲ့တာ!”။ စူစူလေး ရိုးရိုးသားသား ဝန်ခံလိုက်ပါသည်။
ပြောပြောဆိုဆိုနဲ့ စူစူလေး ညာဘက်လက်ကို ထောင်ပြကာ သူမရဲ့ လက်ပတ်နာရီလေးကို ပြသလိုက်ပါသည်။
ထန်ထိုက်မင် မျက်နှာတောင့်တင်းသွားပြီး စိတ်မကောင်းဖြစ်သွားသည်။ မျက်နှာပေါ်မှာ အနေခက်သော အပြုံးတစ်ခုသာ ရှိတော့သည်။
ရှောက်ကျင်းယန်က သူ့ကို အကောင်လိုက် မျိုချတော့မည့် ပုံစံမျိုးနဲ့ ကြည့်နေပါသည်။
“ငတုံးမလေး ငါ့ကို ဒီလိုချောက်ချတာ နှလုံးသားမဲ့လွန်းတယ် မထင်ဘူးလား”
“မထင်ပါဘူး!”။ စူစူလေး တွန့်ဆုတ်မှုမရှိဘဲ ခေါင်းငြိမ့်လိုက်ပါသည်။
လူဆိုးတစ်ယောက်ကို သဘောကောင်းပြစရာမှ မလိုတာ!
“ခဏနေရင် သူနဲ့ငါနဲ့ တိုက်ခိုက်တဲ့အခါ ဘယ်သူ့ဘက်ကို အားပေးမှာလဲ။ ငါ့ကိုလား သူ့ကိုလား”။ ထန်ထိုက်မင် အလျှော့မပေးသေးဘဲ မေးလိုက်ပါသည်။
ခုနက သူလက်ဆောင်ပေးထားသည့် မက်မွန်သီးကို စားပြီး စူစူလေး စိတ်ပြောင်းသွားနိုင်သေးသည်ဟု ထန်ထိုက်မင် မျှော်လင့်နေဆဲဖြစ်သည်။
“နင်က လူဆိုးလေ! သူက လူကောင်း။ အာ့ကြောင့် အစ်ကိုကြီးကိုပဲ အားပေးမှာပေါ့!”။
စူစူလေး လုံးဝ တွန့်ဆုတ်မှုမရှိပါ။ သူမက အမှန်တရားဘက်တော်သား ဖြစ်သည်။
မသေမျိုး မက်မွန်သီးနဲ့ လာဘ်ထိုးလို့ မရပါ။
စူစူလေး၏ စကားကြောင့် ထန်ထိုက်မင် ဆွံ့အသွားလေသည်။
“စူစူလေး ဒီကိုလာခဲ့”။ ထန်ထိုက်မင်ကို သေချာစောင့်ကြည့်ရင်း စူစူလေးကို ရှောက်ကျင်းယန် ခေါ်လိုက်သည်။
“ခေါင်းဆောင်ရှောက် စိတ်အေးအေးထားစမ်းပါ။ ဒီနေ့ စူစူလေးကို ထိခိုက်အောင်လုပ်ဖို့ လာခဲ့တာ မဟုတ်ဘူး”။ ထန်ထိုက်မင်က ကျီစယ်သော အပြုံးဖြင့် ပြောလိုက်ပါသည်။
“မင်းစကားတွေကို ယုံမယ့်အစား ဟူကျစ် လူစကားပြောတတ်တယ်ဆိုတာကိုပဲ ပိုယုံလိုက်မယ်”။ ရှောက်ကျင်းယန်် ခက်ထန်စွာ ပြောလိုက်ပါသည်။
“မြောင်”။ ဟူကျစ်ကလည်း အူတူတူဖြင့် မော့ကြည့်နေပါသည်။
ထန်ထိုက်မင် နှာခေါင်းပွတ်လျက် တိုးညှင်းစွာ ရယ်မောလိုက်သည်။ “အဲ့တာတော့ မဖြစ်နိုင်ဘူးလေ…”
“စူစူလေး ဒီကိုလာခဲ့လို့ ပြောနေတယ်”။ စူစူလေးကို ရှောက်ကျင်းယန် ထပ်ခေါ်လိုက်ပါသည်။
ထန်ထိုက်မင်က အန္တရာယ်များလွန်းသည်။ ထို့ကြောင့် သူ့နားမှာ စူစူလေး ရှိနေလို့မဖြစ်ပါ။
“အစ်ကိုကြီး မကြောက်နဲ့။ သူသမီးကို မနိုင်ပါဘူး!”
ယခင်တစ်ခေါက်တုန်းက နတ်ယုတ်မာလေးကို သူမ အနိုင်ယူဖူးသည်။ ယခုဆို သူမ ပိုသန်မာလာပြီ ဖြစ်တာကြောင့် ဘာမှ စိတ်ပူစရာ မလိုပါ။
ခေတ္တစဉ်းစားပြီးနောက် ရှောက်ကျင်းယန်ကို စူစူလေး ပြောလိုက်သည်။ “အစ်ကိုကြီး သူ့ကို သမီး ကူဖမ်းပေးမယ်!”
… … …
အခန်း(၁,၀၆၃) ရှက်စရာကောင်းလိုက်တာ
စူစူလေးကို ထန်ထိုက်မင် အံ့အားသင့်စွာ ကြည့်လိုက်သည်။ “မဟုတ်တာ… ခုနလေးတင် ငါနင့်ကို…”
သူကျွေးသည့် မသေမျိုး မက်မွန်သီးကို စားပြီး သူ့ကို တကယ်ကြီး ဒီလိုလုပ်တော့မှာလား။
စူစူလေးကြောင့် ထန်ထိုက်မင်အာရုံလွဲနေစဉ် ရှောက်ကျင်းယန်က အခွင့်ကောင်းယူပြီး တဟုန်ထိုး ပြေးသွားခဲ့သည်။
သို့သော် ထန်ထိုက်မင်က အမြန်ရှောင်ရှားလိုက်ပါသည်။
ရှောက်ကျင်းယန်က အရပ်ရှည်ပြီး ကြံ့ခိုင်သန်မာသည်။ သူ့လက်သီးတွေကလည်း သံမဏိလုံးတွေလို ဖြစ်ပြီး ထိုးချက်တိုင်းက အရိုးကျိုးသွားသလို နာကျင်စေသည်။
ထန်ထိုက်မင် နတ်စွမ်းအင်တွေကို အသုံးချလို့ မရပေ။ သူ့လူသား ခန္ဓာကိုယ်ကြံ့ခိုင်မှုကလည်း သာမန်အဆင့်သာ ရှိပါသည်။
ယခင်တစ်ခေါက် ရှောက်ကျင်းယန်နဲ့ ဆုံခဲ့စဉ်တုန်းက ထန်ထိုက်မင် လှည့်ကွက်တွေသုံးပြီး ရှောက်ကျင်းယန်ကို အိပ်မွေ့သာ ချနိုင်ခဲ့သည်။ သူ မတိုက်ခိုက်ချင်တာ မဟုတ်ဘဲ နတ်စွမ်းအင်တွေကို မသုံးပါက ရှောက်ကျင်းယန်ကို အနိုင်ယူဖို့ ခက်ခဲတာကြောင့် ဖြစ်သည်။
တိုက်ကွက်တချို့ကို ရှောင်ရှားပြီးနောက် ထန်ထိုက်မင် ဆက်မရှောင်နိုင်တော့ပေ။ ရှောက်ကျင်းယန်က သူ့ဝမ်းဗိုက် ညာဘက်ကို အားပြင်းပြင်းဖြင့် ထိုးနှက်လိုက်ပါသည်။
ထန်ထိုက်မင် မျက်နှာတစ်ခုလုံး အကျည်းတန်သွားခဲ့သည်။
ဒီလက်သီးချက်ကြောင့် သူ့ခန္ဓာကိုယ် ကြီးကြီးမားမား မထိခိုက်နိုင်သော်လည်း နာကျင်မှုကိုတော့ တကယ်ခံစားရတာ ဖြစ်ပါသည်။
ရှောက်ကျင်းယန်က ရပ်တန့်ဖို့ စိတ်ကူးမရှိပေ။ ထန်ထိုက်မင်၏ ရင်ဘတ်ကို ခြေထောက်ဖြင့် ဆက်ကန်လိုက်ပါသည်။
ထန်ထိုက်မင် နောက်သို့ လွင့်ထွက်သွားပြီး နောက်ကျောနဲ့ ဝရန်တာ လက်ရန်းနဲ့ ရိုက်မိသွားလေသည်။
“အောင်မယ်လေး…”။ ထန်ထိုက်မင် နာကျင်မှုဖြင့် ရေရွတ်လိုက်ပါသည်။
ခေါင်းမော့ကြည့်လိုက်ရာ သူ့ထံ တဟုန်ထိုး ထပ်ပြေးလာသည့် ရှောက်ကျင်းယန်ကို ထပ်မြင်လိုက်ရသည်။
ထန်ထိက်မင် စဉ်းစားစရာ အချိန်မရှိတော့ပေ။ ဝရန်တာကိုကျော်၍ အောက်သို့ ခုန်ချလိုက်တော့သည်။
ရှောက်ကျင်းယန်လည်း ဝရန်တာမှ တဆင့် အောက်ကို ငုံ့ကြည့်လိုက်ပါသည်။
အောက်မှာ ချင်းမိသားစု၏ဥယျာဉ်ရှိနေသည်။ လရောင်လည်းရှိ၊ ဥယျာဉ်ထဲက မီးအလင်းရောင်တွေလည်း ရှိနေတာကြောင့် ဥယျာဉ်တစ်ခုလုံးကို ရှင်းရှင်းလင်းလင်း မြင်နေရပါသည်။
သို့သော် ထန်ထိုက်မင်ကိုတော့ ရှောက်ကျင်းယန် မတွေ့ရတော့ပေ။
ဒီလို အမြင့်ကနေခုန်ချလိုက်ပါက ဘယ်လောက်ပဲ သွက်လက်မှုရှိပါစေ ကျိန်းသေပေါက် ဒဏ်ရာ ရရှိမှာဖြစ်သည်။ အခုလို ပျောက်ခြင်းမလှပျောက်သွားဖို့ဆိုတာ မဖြစ်နိုင်ပါ။
ထိုစဉ် တစ်နေရာရာမှ ထန်ထိုက်မင်၏ အသံ ထွက်ပေါ်လာသည်။ “ငါ့မှာလုပ်စရာတွေ ရှိသေးလို့ မင်းနဲ့ မကစားတော့ဘူး။ ဒီနေ့ ထိုးချက်နဲ့ ကန်ကချက်အတွက် မင်းကို နောက်တစ်ခေါက်မှ ကလဲ့စား ပြန်ချေမယ်”
ရှောက်ကျင်းယန် အောက်ထပ်သို့ ပြေးဆင်းဖို့ ကြံလိုက်သည်။
သို့သော် ခြေလှမ်း ၂ လှမ်း လှမ်းပြီးနောက် စူစူလေးဆီ ပြန်ပြေးသွားပြီး ပွေ့ချီလိုက်ပါသည်။
ထန်ထိုက်မင်က လှည့်စားတတ်သူဖြစ်သဖြင့် သူအောက်ထပ်သို့ ဆင်းသွားချိန် စူစူလေးကို ဖမ်းခေါ်သွားမှာ စိုးရိမ်ရပါသည်။
ဥယျာဉ်ထဲသို့ ရှောက်ကျင်းယန် ရောက်သောအခါ ထန်ထိုက်မင်ကို မတွေ့မိသေးပါ။
ချင်းအိမ်တော်တဝိုက် လုံခြုံရေးတွေ တင်းတင်းကြပ်ကြပ် ချထားသော်လည်း ထန်ထိုက်မင် ဘာကြောင့် အလွယ်တကူ ဝင်ထွက်သွားလာလို့ ရနေသလဲဆိုတာ ရှောက်ကျင်းယန် နားမလည်နိုင်ပေ။
ထန်ထိုက်မင်က အဝေးကြီးကို မရောက်သေးပါ။ ချင်းမိသားစုဥယျာဉ်ထဲရှိ အကြီးဆုံး ပရုတ်ပင်ကြီးပေါ်မှာ တက်ပုန်းနေတာ ဖြစ်သည်။
“မင်းက ငါ့ကို ဖမ်းချင်တယ်ပေါ့။ ဆုတောင်းလိုက်လေ! လောကသုံးပါးရဲ့ စည်းမျဉ်းစည်းကမ်းတွေကြောင့်သာ မဟုတ်ရင် မင်းကို ဒူးထောက်တောင်းပန်ရအောင် လုပ်ပစ်လိုက်တာ ကြာပြီ!”
“မြောင်”
ထိုစဉ် သူ့နားထဲ ကြောင်အော်သံတစ်သံ ကြားလိုက်ရပါသည်။
ထန်ထိုက်မင် အံ့အားသင့်သွားပြီး ဘေးကို လှည့်ကြည့်လိုက်ရာ သစ်ကိုင်းတစ်ကိုင်းပေါ် တက်ထိုင်နေသည့် ဟူကျစ်ကို မြင်လိုက်ရပါသည်။
“ဘာလဲဟ မင်းဒီကို ဘယ်လိုရောက်လာတာလဲ”
“မြောင်!”။ ငါလည်း ခုန်ချလာခဲ့တာ!
“တိုးတိုးနေ! အဲ့ဒီကောင် ငါ့ကို တွေ့သွားရင် ငါ့နတ်စွမ်းအင်တွေ ထပ်သုံးလို့ရမှာ မဟုတ်ဘူး!”။ ဟူကျစ်ကို ထန်ထိုက်မင် အမြန်သတိပေးလိုက်ပါသည်။
“မြောင် မြောင် မြောင် မြောင်!!”။ မရဘူး! သခင်က အစ်ကိုကြီးရှောက်ကို ကူညီပေးမယ်လို့ပြောတယ်။ အဲ့တာကြောင့် ငါလည်း ကူညီပေးရမယ်!
ထန်ထိုက်မင်က တိုးတိုးနေခိုင်းသော်လည်း ဟူကျစ်အော်သံ ပိုကျယ်လောင်လာပါသည်။
ဥယျာဉ်ထဲမှာ လိုက်လံရှာဖွေနေသည့် ရှောက်ကျင်းယန်လည်း ဟူကျစ်အော်သံနောက်ကို လိုက်ကြည့်လိုက်ရာ ပရုတ်ပင်ပေါ် ပုန်းနေသည့် ထန်ထိုက်မင်ကို မြင်သွားပါသည်။
… … …
အခန်း(၁,၀၆၄) ဖမ်းမိသွားပြီ
လရောင်အောက်မှာ သူတို့ အကြည့်ချင်းဆုံသွားကြပြီး ထန်ထိုက်မင်၏ အပြုံး အေးခဲသွားပါသည်။
“ဟင်းဟင်း… တိုက်ဆိုင်လိုက်တာ။ ငါတို့ ထပ်တွေ့ကြပြန်ပြီ’
ရှောက်ကျင်းယန်က ဘာမှမပြောဘဲ စူစူလေးကို မြေကြီးပေါ် ချပေးလိုက်ပြီး သစ်ပင်ပေါ် အမြန်ခုန်တက်ကာ ထန်ထိုက်မင်ရှေ့သို့ ရောက်ရှိသွားလေသည်။
ထန်ထိုက်မင် မပြုံးနိုင်တော့ပေ။
သစ်ကိုင်းနှစ်ကိုင်းပေါ်မှာ မျက်နှာချင်းဆိုင်ထိုင်နေသည့် သူတို့အကွာအဝေးက ၂၀ စင်တီမီတာခန့်သာ ရှိတော့သည်။
“ငါ့ထိုးချက်နဲ့ ကန်ချက်တွေအတွက် ကလဲ့စားချေချင်တယ်ဆို”။ ရှောက်ကျင်းယန် မေးလိုက်သည်။
“ကလဲ့စားချေဖို့ဆိုတာ အလောတကြီး လုပ်စရာ မလိုဘူး။ ၁၀ နှစ်ကြာအောင် စောင့်ရရင်တောင် ကိစ္စမရှိဘူး။ ဒီနေ့ချက်ချင်း မင်းကို ကလဲ့စားချေမယ်လို့ မပြောမိပါဘူး။ ဒီနေ့ ငါမအားဘူးလေ”။ ထန်ထိုက်မင် ရယ်ရယ်မောမောဖြင့် ပြောလိုက်ပါသည်။
ရှောက်ကျင်းယန်၏ မျက်နှာကတော့ အလွန်ခက်ထန်နေသည်။ ထန်ထိုက်မင်ကို လစ်သီးတစ်ချက် ရုတ်တရက် ပစ်ထိုးလိုက်ပသါည်။
မြေပြန့်ပေါ်မှာကတည်းက မရှောင်နိုင်သဖြင့် သစ်ပင်ပေါ် ရောက်နေသောအခါ ထန်ထိုက်မင် အခွင့်အရေး ပိုနည်းပါးသွားခဲ့သည်။
ထန်ထိုက်မင် ခြေချော်သွားပြီး သစ်ပင်ပေါ်မှ နောက်ပြန်ပြုတ်ကျသွားခဲ့သည်။
လေထဲမှာ ထန်ထိုက်မင် ဂယောင်ချောက်ချားဖြစ်သွားခဲ့၏။ သူသာ နတ်စွမ်းအင်တွေကို သုံးခွင့်ရှိပါက အခုချက်ချင်း ထွက်သွားလို့ရသည်။
အခုတော့ သူ့အတွက်တစ်ခုတည်းသော ရွေးချယ်မှုက တင်ပါးကို အနာခံမလား၊ နောက်ကျောကို အနာခံမလား ဆိုတာပင်။
ထန်ထိုက်မင် တင်ပါးကိုသာ အနာခံဖို့ ဆုံးဖြတ်လိုက်ပါသည်။ သို့သော် သူ့တင်ပါးနဲ့ မြေကြီးနဲ့ ထိမိသွားတာနဲ့တစ်ပြိုင်နက် ထန်ထိုက်မင် နောင်တရသွားခြံသည်။
နာလိုက်တာ!!
ထန်ထိုက်မင် ၂ စက္ကန့်တောင် ညီးတွားချိန် မရလိုက်ဘဲ ရှောက်ကျင်းယန်လည်း သစ်ပင်ပေါ်မှ ခုန်ဆင်းလာခဲ့ပါသည်။
မြေကြီးပေါ်မှာ မလှုပ်မယှက်ထိုင်နေသည့် ထန်ထိုက်မင်ဆီသို့ ရှောက်ကျင်းယန် တည်တည်ငြိမ်ငြိမ် လျှောက်လာခဲ့သည်။
စူစူလေးနဲ့ ဟူကျစ်တို့လည်း ရောက်လာကြသည်။
ထန်ထိုက်မင်ရဲ့ မျက်နှာကို မြင်သောအခါ စူစူလေးနဲ့ ဟူကျစ်တို့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြပါသည်။
သူတို့လုပ်တာ နည်းနည်းများ လွန်သွားသလား။
မလွန်ပါဘူး! အရင်တုန်းက ကိုကြီးနဲ့ ဘော်ဒီဂတ်လေးတို့ကို ဒီ့ထက်နာအောင် လုပ်ခဲ့တာပဲကို!
ထန်ထိုက်မင်၏ နှိပ်စက်မှုကို ခံခဲ့ရသော လုကျန်းယွီနဲ့ ဟဲပေမူတို့အကြောင်းကို ပြန်တွေးမိပြီး စူစူလေး စိတ်ဓာတ် ပြန်လည်ခိုင်မာသွားခဲ့ပါသည်။
ဆူညံသံတွေကြောင့် ဟဲပေမူလည်း ရောက်လာခဲ့သည်။
သူ့ကိုတစ်ချိန်က နှိပ်စက်ခဲ့ဖူးသော ထန်ထိုက်မင်ကို မြင်သောအခါ ဟဲပေမူက အံ့အားသင့်ဖို့ကောင်းလောက်အောင် တည်ငြိမ်နေလေသည်။
သို့သော်လည်း သူ့မျက်လုံးတွေကို မြင်ချိန်မှာတော့ ထန်ထိုက်မင် အလွန်ကြောက်လန့်သွားခဲ့ပါသည်။
ရှောက်ကျင်းယန် ရှေ့တိုးလာပြီး ထန်ထိုက်မင်ကို လက်ထိပ်ခတ်လိုက်ပါသည်။
ထန်ထိုက်မင် မြက်ခင်းပေါ်မှာ ထိုင်ရင်း သက်ပြင်းချလိုက်ပါသည်။ “မင်းတို့ငါ့ကို ဘာဆက်လုပ်ကြမှာလဲ”
သူအခုချိန် ထွက်ပြေးလို့ မရမှန်း သိသည်။ အားလုံး အိပ်ပျော်သွားသည့်အချိန်၊ သူ့နားမှ ဘယ်သူမှ မရှိတော့သည့် အချိန်ကျမှ ကြံဖန်နိုင်ပါလိမ့်မည်။
“မင်းဘယ်သူလဲ၊ မင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ။ မင်းလက်အောက်ငယ်သားတွေ ဘယ်မှာလဲဆိုတာ ပြောပြ”။ ရှောက်ကျင်းယန် မေးလိုက်သည်။
“ငါဘယ်သူလဲဆိုတာတော့ ပြောလို့မရဘူး။ ပြောလည်း ဘာမှထူးမှာ မဟုတ်ဘူး ငါ့ရည်ရွယ်ချက်ကတော့ စူစူလေးကို ပြောပြပြီးသွားပြီ။ အဲ့ဒီရည်ရွယ်ချက်လည်း အထမြောက်ပြီးသွားပြီ။ အဲ့တာကြောင့် ငါမင်းတို့ကို ပြဿနာ ထပ်ရှာမှာ မဟုတ်ဘူး။ မယုံရင် စူစူလေးကိုသာ မေးကြည့်လိုက်”။ ထန်ထိုက်မင် ရှင်းပြလိုက်ပါသည်။
“အွန်း အွန်း! သူပြောတာမှန်တယ်! သူက အရင်ကလောက် မဆိုးတော့လို့ မကောင်းတာတွေ မလုပ်တော့ဘူး!”။ စူစူလေး ထောက်ခံပေးလိုက်ပါသည်။
“စူစူလေးကို ဆွဲမထည့်နဲ့။ ငါမင်းကို မေးနေတာ”။ ရှောက်ကျင်းယန် ခက်ထန်စွာ ပြောလိုက်သည်။
“မင်းမေးခွန်းတွေကို ငါဖြေပြီးပြီလေ။ မယုံရင်တော့ ငါလည်း ဘာမှမတတ်နိုင်ဘူး”။ ထန်ထိုက်မင် စိတ်ပျက်လက်ပျက် ပြောလိုက်ပါသည်။
“စကားအပိုမပြောနဲ့! မေးတာသာဖြေ!”။ ရှောက်ကျင်းယန် မျက်လုံးဖြင့် သတိပေးလိုက်သည်။
“ဟူး…”။ ထန်ထိုက်မင် သက်ပြင်းချလိုက်သည်။ “မင်းငါ့ကို ဒီလောက်ထိ အားကြိုးမာန်တက် လိုက်ဖမ်းနေရတာ ငါ့ကို သဘောကျနေလို့လား။ ငါယောက်ျားလေးတွေကို စိတ်မဝင်စားဘူးနော်”
… … …
အခန်း(၁,၀၆၅) လင်းယုန်ကို လေ့ကျင့်ပေးနည်း
ရှောက်ကျင်းယန်က အေးစက်စွာ ပြန်ပြောလိုက်သည်။ “မင်းသေချင်နေတာပဲ”
“ဟုတ်တယ် ငါသေချင်နေတာ။ ငါ့ကို သတ်လိုက်လေ။ ရင်ဘတ်တည့်တည့်ကို ဓားနဲ့ထိုးလိုက်။ တိတိကျကျ ထိုးနော် မလွဲစေနဲ့”။ ထန်ထိုက်မင် ပြောလိုက်သည်။
အနည်းငယ် နာကျင်ရနိုင်သော်လည်း အနည်းဆုံးတော့ သူလွတ်မြောက်နိုင်ပါသည်။
“ငါက မင်းလို မဟုတ်ဘူး။ လူ့အသက်တွေကို ကစားပွဲတစ်ခုလို သဘောမထားဘူး။ အဲ့လို ဥပဒေနဲ့ မညီတဲ့လုပ်ရပ်တွေ မလုပ်နိုင်ဘူး”
ရှောက်ကျင်းယန်၏ စကားကြောင့် ထန်ထိုက်မင် ဒေါသထွက်သွားပါသည်။
မင်းပဲတော်တယ် မင်းပဲမြင့်မြတ်ပါတယ်။ ငါ့ကို ချနင်းပြီး မင်းကိုယ်မင်း ဖြောင့်မတ်တဲ့ပုံစံဖြစ်အောင် လုပ်ပြနေတာပဲ!
ထန်ထိုက်မင် အံကြိတ်ကာ မေးလိုက်သည်။ “အဲ့တာဆို မင်းဘာလိုချင်တာလဲ။ ငါ့ကို ထိုးချင်ထိုး၊ သတ်ချင်သတ်၊ ရဲစခန်းပို့ချင် ပို့လိုက်။ ဒါမှမဟုတ် မြစ်ထဲကို ပစ်ချချင် ပစ်ချလိုက်။ ငါ့ကို အဖြေတစ်ခုတော့ ပေးရမယ်!”
ဘာပဲလုပ်ခံရရပါစေ ဒီလို မြက်ခင်းပေါ်မှာထိုင်ပြီး သူများစောင့်ကြည့်တာကို ခံနေရမှာထက် ပိုသာပါသေးသည်။
“အခုလက်ရှိအခြေအနေကို မင်းတော်တော် သဘောမကျတဲ့ပုံပဲ”။ ရှောက်ကျင်းယန်က အကဲခတ်ကောင်းစွာ ပြောလိုက်ပါသည်။
“မဟုတ်ဘူး”။ ထန်ထိုက်မင် ငြင်းဆန်လိုကသည်။
ထို့နောက် ရှောက်ကျင်းယန် အချိန်အကြာကြီး တိတ်ဆိတ်သွားသဖြင့် ထန်ထိုက်မင် စိတ်ထဲလေးလံသွားပါသည်။ ထန်ထိုက်မင် မော့ကြည့်လိုက်ရာ ရှောက်ကျင်းယန်က သူ့စိတ်ကို ဖောက်ထွင်းမြင်နေသကဲ့သို့ ပြုံးကြည့်နေပါသည်။
ထန်ထိုက်မင် ကြက်သီးမွေးညှင်းများ ထသွား၏။ “မင်းဘာတွေ ကြံနေတာလဲ။ ငါ့ကို အဲ့လိုလာမကြည့်နဲ့! ငါမင်းကို စိတ်မဝင်စားဘူးလို့ ပြောပြီးသွားပြီနော်!”
ဟဲပေမူကို ရှောက်ကျင်းယန်လှည့်ပြောလိုက်သည်။ “ငါသူ့ကို ဒီမှာ ကြိုးချည်ထားလိုက်မယ်။ ပြီးရင် အလှည့်ကျ သူ့ကို စောင့်ကြည့်ကြမယ်။ သူ့ကို စားစရာသောက်စရာ ပေးမယ် ဒါပေမယ့် အိပ်ခွင့်တော့ မပေးဘူး။ ဘယ်လို သဘောရလဲ”
ထန်ထိုက်မင်ကို ဘယ်လို လက်တုန့်ပြန်ရမလဲဆိုတာ ဟဲပေမူ ဆုံးဖြတ်ခွင့်ရှိပသါည်။
“သိမ်းငှက်တွေကို လေ့ကျင့်ပေးသလိုလာား”။ ဟဲပေမူ ပြန်မေးလိုက်ပါသည်။
“ဟုတ်တယ်”။
သွေးထွက်သံယိုဖြစ်စရာမလိုဘဲ ရက်စက်နိုင်မည့် နည်းလမ်းဖြစ်သည်။
ထန်ထိုက်မင်ကို ဟဲပေမူ အကဲခတ်ကာ ပြန်ဖြေလိုက်ပါသည်။ “အဆင်ပြေပါတယ်”
“ငါ့လူတွေကို ခေါ်လိုက်မယ်။ လူ ၇ ယောက် ၈ ယောက်လောက် အလှည့်ကျ ကင်းစောင့်ကြမယ်”။ ရှောက်ကျင်းယန် ပြောလိုက်ပါသည်။
ထန်ထိုက်မင် မျက်နှာဖြူဖွေးသွားပါသည်။ သေမျိုးတွေလက်ထဲမှာ သူသေရမှာ မကြောက်ပေ။ သို့သော် ရှောက်ကျင်းယန် အသုံးပြုတော့မည့် နည်းလမ်းက သူအကြောက်ဆုံးနည်းလမ်း ဖြစ်ပါသည်။
သူတို့ စောင့်ကြည့်တာကို အမြဲတမ်း ခံနေရမည်ဆိုလျှင် လက်ချောင်းတွေတောင် လှုပ်ခွင့်ရှိမှာ မဟုတ်ပါ။ ထွက်ပြေးလို့ မရသလို အိပ်လို့တောင် မရပါ။ အလွန်ရက်စက်ကြမ်းကြုတ်လွန်းပါသည်။
“ရှောက်ကျင်းယန် မင်းကနှာဘူးလား”။ ထန်ထိုက်မင် မေးလိုက်ပါသည်။
“မင်းဘယ်လိုထင်လို့လဲ”
“မင်းတကယ် နှာဘူးပဲ! ငါ့ကို သတ်သာ သတ်ပစ်လိုက်စမ်းပါ!”
“ငါ့ကို နှာဘူးလို့ ထင်ရင် မင်းထင်တဲ့အတိုင်း ဖြစ်စေရမယ်”
ရှောက်ကျင်းယန် ထပ်ပြုံးလိုက်ပါသည်။
ထန်ထိုက်မင်၏ စကားတွေကို နားထောင်ကြည့်ခြင်းအားဖြင့် ထန်ထိုက်မင်က မြန်ဆန်သည့် အပြစ်ပေးမှုမျိုးကို ပိုလိုချင်တာ ဖြစ်မှန်း ရှောက်ကျင်းယန် သိနိုင်ပါသည်။
ယခင်တုန်းက ထန်ထိုက်မင် ဘယ်သူနဲ့မှ တိုက်ခိုက်လေ့မရှိဘဲ အမြဲတမ်း ထွက်ပြေးသွားလေ့ ရှိသည်။
ဒါကို ကြည့်ခြင်းအားဖြင့် လူတွေ မမြင်သည့်အချိန်မှာ ထန်ထိုက်မင် အစွမ်းတစ်ခုခု သုံးနိုင်သည့် သဘောဖြစ်သည်။
ထို့ကြောင့် ရှောက်ကျင်းယန် ရွေးချယ်လိုက်သည့် နည်းလမ်းက မှန်ကန်ပါသည်။
စူစူလေး အူတူတူဖြင့် နားထောင်ရင်း ဝင်မေးလိုက်လေသည်။ “သိမ်းငှက်ကို ဘယ်လိုလေ့ကျင့်ပေးတာလဲ အစ်ကိုကြီး”
… … ….