အခန်း (၁၀၆၆-၁၀၇၀)
Vol. 43 Ch. 1066-1070
အခန်း(၁,၀၆၆) ကလေးအခြေအနေ ဘယ်လိုရှိလဲ
“ဒီလူဆိုးကောင်ကို အိပ်ခွင့်မပေးရုံပါပဲ”။ ရှောက်ကျင်းယန်က စူစူလေးကို ရှင်းပြလိုက်ပါသည်။
“အဲ့တာဆို မနာဘူးပေါ့”
“အင်း မနာဘူး။ ဒါပေမယ့် အချိန်အတော်ကြာရင် အရမ်းနေရခက်လာလိမ့်မယ်။ အဲ့တာကြောင့် လူဆိုးတွေနဲ့ ရင်ဆိုင်တဲ့အခါမှာ ထိုးတာကြိတ်တာက တစ်ခုတည်းသော နည်းလမ်းမဟုတ်ဘူး စူစူလေး။ တခြားနည်းလမ်းတွေ အများကြီးရှိတယ်”
“ဪ…”။ စူစူလေး တချို့တဝက် နားလည်သွားပြီး ခေါင်းငြိမ့်လိုက်ပါသည်။
ထို့နောက် ရှောက်ကျင်းယန်က စူစူလေးကို အိမ်ထဲ ပြန်ခေါ်သွားပါသည်။ ထန်ထိုက်မင်ကို စောင့်ကြည့်ဖို့အတွက် ဟဲပေမူကို ထားခဲ့ပါသည်။
နာရီဝက်ခန့်ကြာပြီးနောက် ရှောက်ကျင်းယန်ရဲ့ အဖွဲ့သားတွေလည်း ရောက်လာကြသည်။
ခေါင်းဆောင်ရှောက် ခက်ခက်ခဲခဲ စုံစမ်းခဲ့ရသည့် ထန်ထိုက်မင်ကို ဖမ်းမိထားမှန်း မြင်ကြသောအခါ အားလုံး ပျော်ရွှင်မြူးထူးသွားကြသည်။
သူတို့ ပျော်လေလေ ထန်ထိုက်မင် မျက်နှာ အေးစက်သွားလေလေ ဖြစ်သည်။
ငါ့လို မသေမျိုးတစ်ယောက်က ဒီလိုကောင်တွေရဲ့ နှိပ်စက်တာကို ခံရမှာလား!
ကျိန်စာကြောင့် ငါ့စွမ်းအားတွေ လျော့နည်းနေတုန်းကတောင် ဒီလောက်ထိ အရှက်မကွဲဖူးဘူး။
ရှောက်ကျင်းယန် လခွီးပဲ! မင်းလုပ်ထားဦးပေါ့ကွာ!
--- --- ---
ဝမ်ချင်း တစ်ညလုံး အတွေးတွေ လွန်နေခဲ့သော်လည်း မီးဖွားထားရသည့် ပင်ပန်းမှုကြောင့် အိပ်ပျော်သွားခဲ့ကာ နောက်တစ်နေ့ မွန်းတည့်ချိန်ရောက်မှ အိပ်ရာနိုးလာခဲ့ပါသည်။
သူမ အိပ်ပျော်နေစဉ် အိပ်မက်တွေလည်း မက်ခဲ့သည်။ အိပ်မက်ထဲမှာ ယောက္ခမတွေက သူမကို အပြစ်တင်ကြပြီး ယောက်ျားနဲ့ သားတွေက သူမကို ထားခဲ့ကြပါသည်။
ဝမ်ချင်း မျက်လုံးတွေ ပွင့်လာပြီး ဗလာကျင်းဖြစ်နေသော အခန်းကို မြင်လိုက်ရသောအခါ ကြောက်ရွံ့တုန်လှုပ် သွားခဲ့ပါသည်။
ယောက်ျားဘယ်မှာလဲ။ ငါ့သားတွေကော ဘယ်မှာလဲ။
အားလုံး ဘယ်ရောက်သွားကြတာလဲ!
အမှားလုပ်မိပြီး ဝန်မခံလို့ သူမကို အားလုံး စွန့်ပစ်သွားခဲ့ကြတာလား!
အိပ်မက်ဆိုးတွေက တကယ်ဖြစ်လာခဲ့ပြီလား။
“မထားခဲ့ပါနဲ့! ငါ့ကို မထားခဲ့ကြပါနဲ့!”။ ဝမ်ချင်း ကြောက်လန့်တကြား အော်ဟစ်လိုက်ပါသည်။
“အာ့ချင်း!”
ချင်းရှင်းကျစ် အခန်းထဲ ပြေးဝင်လာပြီး ဝမ်ချင်းကို ပွေ့ဖက်လိုက်ပါသည်။
“ယောက်ျား! ကျွန်မကို မထားခဲ့ပါနဲ့!”။ ဝမ်ချင်း ငိုယိုကာ တောင်းပန်လိုက်ပါသည်။
“ကိုယ် ဘယ်မှ မသွားပါဘူး။ သန့်စင်ခန်းထဲ ခဏဝင်နေတာပါ”။ ချင်းရှင်းကျစ် ရှင်းပြလိုက်ပါသည်။
ယောက်ျားဖြစ်သူကို မြင်လိုက်ရမှ ဝမ်ချင်း စိတ်အနည်းငယ် ပြန်တည်ငြိမ်သွားခဲ့သည်။
ယောက်ျားဖြစ်သူရဲ့ မျက်နှာပေါ်မှာ ပင်ပန်းမှုတွေ နွမ်းနယ်မှုတွေကို ဝမ်ချင်း မြင်လိုက်ရပါသည်။
ထိုအချိန်တွင် သူမ ယောက်ျားကော သူမကော အသက်တွေ မငယ်ကြတော့မှန်း နားလည်လိုက်ရသည်။
သူမကြောင့် ယောက်ျားဖြစ်သူ တစ်ညလုံး အိပ်မပျော်နိုင်ဘဲ မျက်တွင်းတွေကျကာ ပင်ပန်းနွမ်းနယ်နေမှာ သေချာပါသည်။
“ယောက်ျား…”
“ဘာမှမဖြစ်ပါဘူး လျှောက်မတွေးနဲ့နော်။ မင်းကျန်းမာရေး ပြန်ကောင်းလာအောင်သာ ဂရုစိုက်ပါ”
ချင်းရှင်းကျစ်က ဝမ်ချင်း နောက်ကျောမှာ ခေါင်းအုံးခံပေးလိုက်ပြီး ရေတစ်ခွက် ငှဲ့ပေးဖို့ ပြင်လိုက်ပါသည်။
သူကျောခိုင်းလိုက်တာနဲ့ တစ်ပြိုင်နက် ဝမ်ချင်းက သူ့အင်္ကျီစကို လှမ်းဆွဲလိုက်ပါသည်။ “မသွားပါနဲ့! ကျွန်မကို မထားခဲ့ပါနဲ့!”
“ဘယ်မှ မသွားပါဘူး။ ဒီမှာ ရေငှဲ့ပေးမလို့ လုပ်နေတာ”။ ချင်းရှင်းကျစ် ပြန်ပြောလိုက်သည်။
ထိုအခါမှ ဝမ်ချင်းလည်း ဆွဲထားတာကို ဖြည်းညှင်းစွာ ပြန်လွှတ်ပေးလိုက်ပါသည်။
ချင်းရှင်းကျစ် ရေတစ်ခွက်နဲ့ ပြန်လာသောအခါ ဝမ်ချင်း လည်ချောင်းရှင်းဖို့အတွက် တစ်ငုံနှစ်ငုံ သောက်လိုက်သည်။
ထို့နောက် ချင်းရှင်းကျစ်ကို ဝမ်ချင်း မေးလိုက်သည်။ “ယောက်ျား၊ ကလေးအခြေအနေ ဘယ်လိုရှိလဲ”
“ဘာမှမပူပါနဲ့။ အားဆုံးအဆင်ပြေသွားမှာပါ”။ ချင်းရှင်းကျစ်က မရေမရာ ပြန်ဖြေလေသည်။
“ယောက်ျား ကလေးတစ်ခုခု ဖြစ်လို့လား”။ တစ်ခုခုမူမမှန်တာကို ဝမ်ချင်း သတိထားမိပါသည်။
“မဟုတ်ပါဘူး။ ကလေးက အခု ဖန်ပေါင်းချောင်ထဲမှာပဲ ရှိသေးတယ်။ ဒီနေ့မနက်တုန်းက ဆရာဝန်ကို မေးကြည့်တော့ ဘာမှ စိုးရိမ်စရာ မလိုပါဘူးတဲ့”
အခြေအနေက တကယ်ပဲ မကောင်းပါ။ ဆရာကြီးရှုယီကို ဆေးရုံသို့ခေါ်ပြီး ကလေးအခြေအနေအား စစ်ဆေးကြည့်ခိုင်းဖို့ ပြင်ထားသည်။ သို့သော် သူ့မိန်းမကို ချင်းရှင်ကျစ် အသိမပေးချင်ပေ။
ဝမ်ချင်းကတော့ မယုံကြည်နိုင်ပေ။ လေသံကလည်း ပိုမိုတင်းမလာပါသည်။ “ယောက်ျား ရှင်တစ်ခုခု ဖုံးကွယ်နေတာ! ကျွန်မကို မလိမ်နဲ့! ရှင်လိမ်ရင် ကျွန်မကို မျက်လုံးချင်ဆုံအောင် မကြည့်ရဲဘူး!”
… … …
အခန်း(၁,၀၆၇) ဝမ်ချင်းကို ဆရာကြီးရှုယီ ဆုံးမခြင်း
အိမ်တော်သက်လည်း မနည်းတော့သဖြင့် ချင်းရှင်းကျစ်၏ အမူအကျင့်တွေ အားလုံးကို ဝမ်ချင်း သိနေပါသည်။
“အာ့ချင်း စိတ်အေးအေးထားပါ စိတ်အေးအေးထားနော်!”။ ဝမ်ချင်းကို နှစ်သိမ့်ပေးဖို့ ချင်းရှင်းကျစ် ကြိုးစားလိုက်သည်။
“ကျွန်မကို ကလေးဆီ ခေါ်သွား! ကလေးဆီခေါ်သွားပေး!”
“အာ့ချင်း မလှုပ်နဲ့! ချုပ်ရိုးက အနာကျက်သေးတာ မဟုတ်ဘူး။ ဒီလို လျှောက်သွားနေလို့ မရဘူး! ကလေးက တကယ် ဘာမှမဖြစ်ဘူး။ မိန်းမ တွေ့ချင်တယ်ဆိုရင် ယုဟန်ကို ကိုယ် ဗီဒီယိုကော ခေါ်ပြမယ်။ သူ့ညီလေးကို စောင့်ပေးနေတာ”
ဝမ်ချင်း စိတ်အေးသွားစေဖို့အတွက် ချင်းယုဟန်ကို ချင်းရှင်းကျစ် ဗီဒီယိုကော ခေါ်ပြလိုက်ပါသည်။
ဗီဒီယိုထဲတွင် ဖန်သားပြူတင်းပေါက်မှတဆင့် ဖန်ပေါင်းချောင်ကို ဝမ်ချင်း လှမ်းမြင်နေရပါသည်။
ဒီတိုင်း ကြည့်ရရုံနဲ့ ကလေးလေး တကယ် အဆင်ပြေရဲ့လား ဝမ်ချင်း သေချာ မပြောနိုင်ပါ။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာကိုသာ မြင်သည်။
သေချာစဉ်းစားပြီးနောက် ဝမ်ချင်း ထပ်တောင်းပန်လို်ကပါသည်။ “ယောက်ျား ဆရာကြီးရှုယီကို ခေါ်ပေးပါနော်”
ကလေးမမွေးခင်ကတည်းက ဆရာကြီးရှုယီကို သူမ မြင်ချင်ခဲ့သော်လည်း အခုချိန်ထိ မမြင်ရသေးပါ။ ဆရာကြီး ရှုယီ ပေးခဲ့သည့် ဆေးကိုသာ ရရှိခဲ့သည်။
ချင်းရှင်းကျစ်လည်း ခေတ္တစဉ်းစားချင့်ချိန်လိုက်ပြီး သဘောတူလိုက်ပါသည်။ “ဟုတ်ပါပြီ။ ဆရာကြီးရှုယီကို ကိုယ် စကားပြောကြည့်လိုက်မယ်နော်”
ဆေးရုံသို့ ဆရာကြီးရှုယီ ရောက်လာသောအခါ ဆရာဝန်တွေနဲ့ စကားပြောခဲ့ပြီး ဝမ်ချင်းရဲ့ ကလေးအခြေအနေကို နားလည်သွားခဲ့သည်။ ထို့နောက် ကုသမှုအစီအစဉ်အား ဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေးခဲ့ပါသည်။
ထို့နောက် ချင်းရှင်းကျစ်၏ တောင်းဆိုမှုကြောင့် ဝမ်ချင်း၏ လူနာခန်းဆီကို ဆရာကြီးရှုယီ လိုက်လာခဲ့ပါသည်။
“ဆရာကြီးရှုယီ!”။ ကုတင်ပေါ်မှာ လှဲလျောင်းနေသည့် ဝမ်ချင်းလည်း ဆရာကြီးရှုယီကို မြင်တာနဲ့တစ်ပြိုင်နက် ချက်ချင်းထဖို့ ကြိုးစားလိုက်ပါသည်။
“မလှုပ်နဲ့လေ! ကိုယ့်ကိုယ်ကိုယ် ဘယ်လိုအခြေအနေ ထင်နေလဲ။ ဆရာဝန်စကား နားမထောင်တဲ့ လူနာတွေကို ငါအမုန်းဆုံးပဲ!”
ဆရာကြီးရှုယီက ဝမ်ချင်းကို အမြန်တားလိုက်ပါသည်။
ဝမ်ချင်းလည်း ချက်ချင်း ငြိမ်ကျသွားခဲ့ပါသည်။
“ကဲပြော ငါ့ကို ဘာမေးချင်လို့လဲ”။ ဆရာကြီးရှုယီက အချိန်မဖြုန်းဘဲ လိုရင်းကိုမေးလိုက်ပါသည်။
“ဆရာကြီးရှုယီ ကျွန်မကလေး ကျန်းမာရေးမကောင်းဘူးလား။ သူအန္တရာယ်ရှိနေလား။ သူ့ကိုကယ်ဖို့ ဆရာကြီးရှုယီ နည်းလမ်းရှာပေးလို့ မရဘူးလား”။ ဝမ်ချင်း တောင်းတောင်းပန်ပန် မေးလိုက်လေသည်။
“ဒီကဆရာဝန်တွေနဲ့ ကလေးရဲ့အခြေအနေကို ငါဆွေးနွေးပြီးသွားပြီ။ သူ့နှလုံးသွေးကြောစနစ်မှာ ချွတ်ယွင်းချက် ရှိနေတယ်။ အဲ့တာကြောင့် သူကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာနိုင်မလားဆိုတာ ဘယ်သူမှ အာမ မခံနိုင်ဘူး”။ ဆရာကြီးရှုယီ ပွင့်ပွင့်လင်းလင်း ပြောလိုက်ပါသည်။
ထိုစကားတွေကို ကြားသောအခါ ဝမ်ချင်း အမြင်အာရုံများ အမှောင်ကျသွားပြီး ကမ္ဘာကြီးတစ်ခုလုံး လည်ပတ်သွားသလို ခံစားလိုက်ရသည်။
အချိန်အတော်ကြာမှ သူမ စိတ်ပြန်ထိန်းနိုင်ခဲ့ပြီး ဆရာကြီးရှုယီကို ထပ်မေးလိုက်ပါသည်။ “ဆရာကြီးရှုယီမှာ နည်းလမ်းရှိတာ ကျွန်မသိတယ်။ ကျွန်မတောင်းပန်ပါတယ်။ ဒီကလေးကို ဒီအချိန်ထိ အသက်ရှင်အောင် ဆရာကြီးရှုယီပဲ စောင့်ရှောက်ပေးခဲ့တာ မဟုတ်ဘူးလား။ သူ့ကို ဒီလို အခြေအနေမျိုးနဲ့ ဆရာကြီးရှုယီလည်း မမြင်ချင်မှာ သေချာတယ်”
“အဲ့တာဆို အမေဖြစ်တဲ့ နင်က ဘာလို့ လက်လွတ်စပယ်ပြုမူခဲ့တာလဲ။ လူတစ်ယောက်ကို မကျေမနပ်ဖြစ်တာနဲ့ပဲ အသေးအဖွဲကိစ္စလေးတစ်ခုအတွက် စူစူလေးကိုပါခေါ်ပြီး ဘာလို့ အဲ့ဒီနေရာကို သွားခဲ့တာလဲ။ အခု နင်ဝဋ်ပြန်လည်ပြီး နင့်ကလေး လမစေ့ဘဲ မွေးလာတော့ ဘယ်သူ့ကို အပြစ်တင်လို့ရလဲ”
ဆရာကြီးရှုယီက ချင်းမိသားစုဝင် မဟုတ်ပေ။ ထို့ကြောင့် ဝမ်ချင်းရဲ့ ခံစားချက်တွေကို ထည့်တွက်စရာ မလိုပါ။ သူ့စိတ်ထဲမှာ ရှိသည့်အတိုင်း ပြောလိုက်ပါသည်။
“ကျွန်မ… ကျွန်မ… အဲ့လို မရည်ရွယ်ပါဘူး…”။ ဝမ်ချင်းကြောက်ရွံ့စွာ ပြောလိုက်ပါသည်။
သူမ အသံက တဖြည်းဖြည်းတိုးညှင်းသွားခဲ့လေသည်။
“နင်ငြင်းချင် ငြင်းလို့ရတယ်။ နင့်အလိမ်အညာတွေကို နင့်ယောက်ျားနဲ့ သားတွေက ယုံကြည်ချင် ယုံကြည်လိမ့်မယ်။ ဒါပေမယ့် ကောင်းကင်ဘုံကတော့ ယုံကြည်မှာ မဟုတ်ဘူး”
“ဒါပေမယ့်… ကျွန်မတကယ် မရည်ရွယ်ခဲ့ပါဘူး”။ ဝမ်ချင်းက အဓိကပြဿနာကို မပြောချင်ပါ။
“ဘာကို မရည်ရွယ်တာလဲ။ စူစူလေးကို အဲ့ဒီအလုပ်သမားတွေဆီ ခေါ်သွားဖို့ မရည်ရွယ်ခဲ့တာလား။ ကလေးကို လမစေ့ဘဲ မွေးပေးဖို့ မရည်ရွယ်ခဲ့တာလား။ ဒါမှမဟုတ် ကိုယ့်အမှားကိုယ် ဝန်မခံဘဲ လိမ်ညာဖို့ မရည်ရွယ်တာလား”။ ဆရာကြီးရှုယီ ထပ်မေးလိုက်လေသည်။
… … …
အခန်း(၁,၀၆၈) အမှားကို ဝန်ခံတာက တစ်ခုတည်းသော နည်းလမ်းပဲ (၁)
ဆရာကြီးရှုယီရဲ့ မေးခွန်းတွေကြောင့် ဝမ်ချင်း မျက်နှာ တစ်စတစ်စ ပဲ့ပြိုကျသွားခဲ့ရသည်။
“မဟုတ်ဘူး… အဲ့လို… မဟုတ်ပါဘူး”
“မဟုတ်ဘူးတွေ ဒါပေမယ့်တွေ နင်ကြိုက်သလောက် ပြောလို့ရတယ်။ ဒါပေမယ့် နင်ပြောတဲ့စကားတိုင်း ငါနားထောင်ဖို့တော့ အချိန်မရှိဘူး”။ ဆရာကြီးရှုယီက တဲ့တိုးပြောလိုက်ပါသည်။ ဝမ်ချင်းရဲ့ ငိုကြွေးမြည်တမ်းမှုတွေကို သူနားထောင်ဖို့ တကယ်အချိန်မရှိပါ။
သူမရဲ့ သနားစရာကောင်းသော အပြုအမူများက သူမကိုချစ်မြတ်နိုးသူတွေအပေါ်မှာသာ သက်ရောက်မှုရှိချင် ရှိနိုင်သည်။ သေဆုံးခြင်းနဲ့ ရှင်သန်ခြင်းများစွာကို မြင်ဖူးသော သူ့လို အဘိုးကြီးအပေါ်မှာတော့ သက်ရောက်မှု ရှိမှာ မဟုတ်ပါ။
ချင်းရှင်းကျစ်၏ တောင်းဆိုချက်ကို လိုက်လျောပြီး ဒီအထိ လိုက်လာခဲ့ရတာလည်း ဝမ်ချင်း ကိုယ့်အမှားကိုယ် ဝန်ခံမလားဆိုတာ သိချင်တာကြောင့် ဖြစ်သည်။
တစ်ခါတလေ ကိုယ်လုပ်မိသည့် အမှားထက် ထိုအမှားကို ဝန်ခံလိုစိတ်က ပိုအရေးကြီးပါသည်။
လူသားဆိုတာ အမှားနဲ့မကင်းပါ။ အမှားလုပ်မိခြင်းက ကြောက်ဖို့မကောင်းပါ။ ကြောက်ဖို့ကောင်းတာက ကိုယ့်အမှားတွေကို ဝန်မခံဘဲ ဖုံးဖိကာ ပိုမိုကြီးမားသည့် အမှားတွေကို လုပ်မိနေခြင်းဖြစ်သည်။
ဆရာကြီးရှုယီ ပြောစရာရှိတာပြောပြီးနောက် လှည့်ထွက်သွားခဲ့ပါသည်။
ဝမ်ချင်းက သူ့ကို တားချင်ခဲ့သော်လည်း ပါးစပ်ထဲမှ ဘာစကားလုံးမှ ထွက်မလာခဲ့ပါ။ သူမ ပေးချင်သည့် ဆင်ခြေတွေကိုလည်း ဆရာကြီးရှုယီက ပိတ်ပင်ထားပြီးသား ဖြစ်သည်။
နောက်ဆုံးမှာတော့ ဆရာကြီးရှုယီ ထွက်သွားတာကို ဒီတိုင်း ငေးကြည့်နေခဲ့ရပါသည်။
“ယောက်ျား…”။ ကုတင်ဘေးမှာထိုင်နေသည့် ချင်းရှင်းကျစ်ကို ဝမ်ချင်းကြည့်လိုက်သည်။
ချင်းရှင်းကျစ်၏ မျက်နှာမှာလည်း ခါးသီးမှုတွေ ရှိနေပါသည်။ နဂိုကတည်းက ခြေကုန်လက်ပမ်းကျနေတာ ဖြစ်သဖြင့် မိန်းမဖြစ်သူရဲ့ စိတ်ဓာတ်ကျနေသော မျက်နှာကို မြင်ပြီး ဘာပြောရမှန်း မသိတော့ပေ။
ကုမ္ပဏီအလုပ်တွေ ဘယ်လောက်များပါစေ ချင်းရှင်းကျစ် တစ်ခါမှ မပင်ပန်းခဲ့ဖူးပါ။ သို့သော် ဒီ ၂ ရက်အတွင်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်တွေက သူ့အားအင်တွေ အကုန်လုံးကို ကုန်ခမ်းသွားစေခဲ့ပါသည်။
ဝမ်ချင်းလည်း စိတ်ပိုင်းဆိုင်ရာကော ရုပ်ပိုင်းဆိုင်ရာကော ထိခိုက်နာကျင်ခဲ့ရပါသည်။
မနေ့ညက အိပ်မက်ထဲမှ ကြောက်စရာကောင်းသည့် မြင်ကွင်းတွေကို ပြန်မြင်ယောင်လာမိသည်။
သူမ ဒီလိုတွေ ဖြစ်မလာချင်ပါ။
--- --- ---
ယန်းမင်အာက ဝမ်ချင်းကို လူနာသတင်း သွားမမေးခဲ့ပေ။ သူမ ဝမ်ချင်းကို သဘောမကျဘဲ ဝမ်ချင်းကလည်း သူမကို သဘောမကျတာကြောင့် ဒီလိုအချိန်မှာ ရန်သွားမစချင်ပါ။
သို့သော်လည်း ဒီ ၂ ရက်အတွင်း ဆေးရုံသို့ ယန်းမင်အာ ခေါက်တုန့်ခေါက်ပြန်သွားခဲ့ပါသည်။ ဖန်ပေါင်းချောင်ထဲက သူမ တူလေးရဲ့ အခြေအနေကို စောင့်ကြည့်ပေးနေတာဖြစ်သည်။
မိတ်ဆွေတစ်ယောက်၏ အကူအညီဖြင့် နိုင်ငံခြားမှ ပါရဂူတစ်ယောက်ကို ဆက်သွယ်ပြီး Private လေယာဉ်ဖြင့် သွားကြိုကာ လက်ရှိ ဆေးရုံသို့ ပင့်ဖို့ ယန်းမင်အာ စီစဉ်ထားပါသည်။ ဒီကဆရာဝန်တွေနဲ့ တိုင်ပင်ပြီး ကလေးလေးရဲ့ အခြေအနေကို တိုးတက်လာအောင် လုပ်ပေးနိုင်ဖို့ ဖြစ်ပါသည်။
ထိုသတင်းကို ကြားသောအခါ ဝမ်ချင်း မယုံကြည်နိုင်ဖြစ်သွားသည်။ “ယန်းမင်အာက… အဲ့လောက်ထိ စိတ်ထား ကောင်းပါ့မလား”
ချင်းယုဟွိုင်းနဲ့ ချင်းယုဟန်တို့ကို ဝမ်ချင်း ပြောလိုက်ခြင်းဖြစ်သည်။ သူမအသံက အလွန် မယုံကြည်နိုင် ဖြစ်နေပါသည်။
ဒီနေ့ ချင်းရှင်းကျစ်ကိုယ်စား ညီအစ်ကိုနှစ်ယောက် လူနာလာစောင့်ပေးကြခြင်းဖြစ်သည်။ အဖေဖြစ်သူကိုတော့ အနားယူခိုင်းဖို့အတွက် အိမ်ပြန်ပို့ခဲ့ပါသည်။
ချင်းရှင်းကျစ် နောက်တစ်ရက်လောက်သာ မနားဘဲ နေလျှင် သတိလစ်သွားနိုင်တာကို သူတို့ သိနေပါသည်။
ချင်းယုဟွိုင်း၏ မျက်နှာက အလွန်တည်တံ့နေပါသည်။ “သတိထားတာ ကောင်းပါတယ်။ အမေဒီလိုတွေးတာ ပြဿနာ မရှိဘူး။ ဒါပေမယ့် အခု ညီလေးရဲ့အသက်ကို ကယ်တင်နိုင်မယ့် ကိစ္စနဲ့ ပတ်သတ်ပြီး ဒေါ်လေးလုပ်တာ ဘာမှ မမှားဘူး။ သူဘယ်နေရာမှာ အမှားအယွင်းလုပ်နိုင်လဲဆိုတာ အမေ ပြောပြနိုင်ရင်တော့ တစ်မျိုးပေါ့”
“သူ…”။ ဝမ်ချင်း ဘာမှ မစဉ်းစားနိုင်ပါ။
ခေတ္တရပ်တန့်သွားပြီးနောက် ဝမ်ချင်း ဆက်ပြောလိုက်သည်။ “ဒါပေမယ့် သူက အရင်တုန်းက မျက်နှာနှစ်ဖက်နဲ့ လူလေ။ နင်တို့ရှေ့မှာကျတော့ ချွေးမကောင်း၊ ဒေါ်လေးကောင်းဖြစ်အောင် နေပြပြီး ငါ့ကိုကျတော့ အမြဲတမ်း ရန်လိုနေတာ။ ငါ့ကို ဒီမိသားစုထဲမှာ မရှိစေချင်တော့တဲ့ပုံစံနဲ့!”
ချင်းယုဟွိုင်း ပြန်ပြောလိုက်ပါသည်။ “အမေ သူများတွေကို သံသယဖြစ်တာ ကျွန်တော် မကန့်ကွက်ချင်ဘူး။ ဒေါ်လေးမှာသာ တကယ် ယုတ်ညံ့တဲ့ အကြံအစည်ရှိနေရင် ကျွန်တော်တို့အားလုံး အမေ့ဘက်က ကူညီပေးမှာ။ ဒါပေမယ့် သက်သေခိုင်ခိုင်လုံလုံတော့ ရှိရမယ်။ ကိုယ့်အထင်အမြင်နဲ့ ဘယ်အရာကိုမှ တပ်အပ်ပြောလို့ မရဘူး”
ချင်းယုဟန်ကလည်း ဝင်ပြောလိုက်သည်။ “အစ်ကိုကြီးပြောတာ မှန်တယ်အမေ။ မိသားစုဝင်အချင်းချင်း ပဋိပက္ခ ဖြစ်တာ မထူးဆန်းဘူး။ ဒေါ်လေးသာ တကယ် အပြစ်ရှိတဲ့လူဆိုရင် ကျွန်တော်တို့ အပြစ်ပေးလိုက်မယ်။ ဒါပေမယ့် သူ့ကို အတိုက်အခံလုပ်ချင်တာနဲ့ပဲ အမေ စိတ်လိုက်မာန်ပါတွေ မလုပ်ပါနဲ့။ ပြီးတော့ တခြားသူတွေကိုလည်း ပြဿနာထဲ ဆွဲမထည့်နဲ့။ အထူးသဖြင့် စူစူလေးပေါ့။ သူများတွေနဲ့ အမေဖြစ်တဲ့ ပြဿနာကြောင့် စူစူလေး ထိခိုက်သွားလို့ မဖြစ်ဘူး”
… … …
အခန်း(၁,၀၆၉) အမှားကို ဝန်ခံတာက တစ်ခုတည်းသော နည်းလမ်းပဲ (၂)
ဒီတစ်ခါတော့ ညီအစ်ကိုနှစ်ယောက်က ဝမ်ချင်း ပြောသမျှကို မထောက်ခံတော့ပါ။ အခုချိန်မှာ သူတို့အမေ နှစ်သိမ့်ပေးမှုကို လိုအပ်နေမှန်း သိသော်လည်း မထောက်ခံနိုင်ပါ။
သေချာစဉ်းစားချင့်ချိန်ပြီးနောက် အမေဖြစ်သူရဲ့ အမြင်မှားတွေနဲ့ ခံယူချက်အမှားတွေကို ပြုပြင်ပေးဖို့ လိုအပ်သည်ဟု သူတို့ ဆုံးဖြတ်ခဲ့ကြသည်။ ဒါမှ သူမကိုယ်တိုင်အတွက်ကော၊ ကလေးအတွက်ကော၊ တစ်မိသားစုလုံးအတွက်ပါ ပိုကောင်းနိုင်မှာ ဖြစ်ပါသည်။
သူမ ပြောသမျှကို ထောက်ခံပေးမည့်အစား ပြဿနာကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ရမည်။ ကြားထဲမှာ စိတ်သောက ရောက်နိုင်သော်လည်း နောက်ဆုံးရလဒ်က အဖိုးမဖြတ်နိုင်အောင် ဖြစ်ပါလိမ့်မည်။
ဝမ်ချင်း ရှက်ကိုးရှက်ကန်းဖြင့် မျက်နှာလွှဲလိုက်ပြီး သားနှစ်ယောက်ကို တိုးညှင်းစွာ မေးလိုက်သည်။ “အဲ့တာဆို… ငါဘာဆက်လုပ်သင့်လဲ”
“အမေ သေချာစဉ်းစားပြီးပြီဆိုရင် စူစူလေးကို အရင်တောင်းပန်သင့်တယ်။ အရင်တစ်ခေါက်က စူစူလေး လာမေးတုန်းက အမေ ခေါင်းမာပြီး ငြင်းခဲ့တာလေ။ အဲ့တာကြောင့် စူစူလေး စိတ်ထိခိုက်သွားနိုင်တယ်”။ ချင်းယုဟန် အကြံပေးလိုက်ပါသည်။
တတိယဒေါ်လေးနဲ့ ပြဿနာတက်တာက တခြားကဏ္ဍဖြစ်သည်။ သို့သော် စူစူလေးကို လိမ်ညာပြီး မိသားစုကိုလည်း အကြောင်းမကြားဘဲ ဆောက်လုပ်ရေးဆိုက်သို့ ခေါ်ဆောင်သွားခဲ့တာကတော့ အမှန်တရားပင်ဖြစ်သည်။ စူစူလေး မေးခဲ့တုန်းကလည်း ဝမ်ချင်း လိမ်ညာငြင်းဆန်ခဲ့ပါသည်။
သားဖြစ်သူ၏ စကားကို ကြားတော့ ဝမ်ချင်း ခေါင်းခါချင်ခဲ့သည်။ သို့သော် ဖန်ပေါင်းချောင်ထဲမှာ ရှိနေဆဲဖြစ်သည့် သူမ ကလေးလေး၊ အိပ်မက်ဆိုးများနဲ့ ဆရာကြီးရှုယီ ပြောခဲ့သည့် စကားတွေ အားလုံးကို ပြန်သတိရကာ သူမ နှလုံးသားကို ဓားဖြင့် ထိုးစိုက်နေသလို ခံစားလိုက်ရပါသည်။
အချိန်အကြာကြီး စဉ်းစားပြီးနောက်မှာတော့ ဝမ်ချင်း ခေါင်းငုံ့လိုက်တော့သည်။ “ငါနားလည်ပါတယ်။ စူစူလေးကို ခေါ်ပေးပါ။ ငါသူနဲ့ စကားပြောချင်တယ်”
“ဟုတ်ပြီ”။ ချင်းယုဟန် ပြုံးသွားပါသည်။ သူတို့အမေ ကိုယ့်အမှားကိုယ် ဝန်ခံနိုင်ခြင်းက ပထမဆုံး ခြေလှမ်း ဖြစ်သည်။
စူစူလေးလည်း ယခု ဆေးရုံမှာ ရှိနေပါသည်။ အဘွားချင်း၊ ယန်းမင်အာတို့နဲ့အတူတူ ဖန်ပေါင်းချောင်ထဲက သူမ တူသေးသေးလေးကို ကြည့်နေသည်။
တူသေးသေးလေးက တကယ်ပဲ သေးငယ်ပါသည်။
“သူရုပ်မဆိုးတော့ဘူးနော်”။ စူစူလေး အံ့အားသင့်စွာ ပြောလိုက်သည်။ တူသေးသေးလေးက တကယ်ပဲ အသားဖြူလာပြီး ပိုကြည့်ကောင်းလာပါသည်။
“သမီးလေး။ ကလေးတိုင်းက မွေးခါစဆိုရင် နီနီရဲရဲ ရှုံ့ရှုံ့တွတွလေးတွေလေ။ ရက်ပိုင်းလောက်ကြာမှ ချစ်စရာ ကောင်းလာကြတာ”။ အဘွားချင်း ရှင်းပြလိုက်ပါသည်။
“အာ့ဆို သမီးမွေးခါစတုန်းကကော အဲ့လိုပဲလား”။ စူစူလေး ထပ်မေးလိုက်သည်။
“မေမေ့ သမီးလေးကတော့ ထူးခြားတယ်။ မွေးလာကတည်းက ဖြူဖွေးနူးညံ့ပြီး ချစ်စရာကောင်းနေတာ”
အဘွားချင်း အမှန်တိုင်း ပြောနေခြင်းဖြစ်ပါသည်။ သူမ ဘဝမှာ ကလေးများစွာကို မြင်ဖူးသော်လည်း မွေးခါစကတည်းက ဖြူဖွေး နူးညံ့နေသည့် စူစူလေးလို ကလေးမျိုးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
“အွန်း ဟုတ်တယ်!” စူစူလေး ဂုဏ်ယူဝံ့ကြွားစွာ ခေါင်းငြိမ့်လိုက်ပါသည်။
ထိုစဉ် ချင်းယုဟန် ရောက်လာပြီး စူစူလေးကို တောင်းပန်ချင်သည့် ဝမ်ချင်း၏ ဆန္ဒအား အဘွားချင်းတို့ကို ပြောပြလိုက်ပါသည်။
အဘွားချင်းက ဘာမှ မဆုံးဖြတ်သေးဘဲ စူစူလေးကို မေးလိုက်သည်။ “သမီးလေး သွားချင်လား”
“အင်း…”။ စူစူလေး မေးထောက်ကာ လေးလေးနက်နက် စဉ်းစားလိုက်ပါသည်။ “သွားလိုက်ပါမယ်”
“ဟုတ်ပြီ။ အဲ့တာဆို သွားကြစို့”။ သမီးဖြစ်သူရဲ့ ဆုံးဖြတ်ချက်ကို အဘွားချင်း အပြည့်အဝ ထောက်ခံပါသည်။
“အမေ။ စူစူလေးကို သမီးလိုက်ပို့မယ်။ လူနာခန်းထဲတော့ မဝင်ဘူး။ အပြင်မှာပဲ စောင့်နေမယ်”။ ယန်းမင်အာ ဝင်ပြောလိုက်သည်။
စူစူလေးကို ဝမ်ချင်း မသင့်တော်တာတွေ ထပ်ပြောလိုက်မှာ ယန်းမင်အာ စိုးရိမ်နေပါသည်။
အဘွားချင်းလည်း ခေါင်းငြိမ့်လိုက်သည်။ “ဟုတ်ပါပြီ။ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက် လေးစားမှုတော့ ရှိကြနော်”
“သမီးသိပါတယ်”။ ဒီလိုအချိန်မျိုးမှာ ဝမ်ချင်းကို အကြောင်းအရင်းမရှိဘဲ သူမ ရန်စမှာ မဟုတ်ပါ။
ထို့နောက် ယန်းမင်အာ၊ ချင်းယုဟန်တို့နဲ့အတူတူ ဝမ်ချင်း၏ VIP လူနာခန်းသို့ စူစူလေး ရောက်လာခဲ့ပါသည်။
ယန်းမင်အာက လူနာခန်းအရှေ့မှာသာ စောာင့်နေပါသည်။ စူစူလေးနဲ့ ချင်းယုဟန်တို့ကတော့ အခန်းထဲ ဝင်သွားကြပါသည်။
အခန်းထဲမှာ ဝမ်ချင်းနဲ့ ချင်းယုဟွိုင်းတို့သာ ရှိနေကြသည်။
စူစူလေး အခန်းထဲကို ရောက်တာနဲ့ ဝမ်ချင်းအား တဲ့တိုး မေးလိုက်ပါသည်။ “သမီးကို တောင်းပန်မလို့ဆို”
… … …
အခန်း(၁,၀၇၀) တောင်းပန်ခြင်း
ဝမ်ချင်း အနည်းငယ်တွန့်ဆုတ်သွားသည်။ ထို့နောက် ခေါင်းငုံ့ကာ တီးတိုး ပြောလိုက်ပါသည်။ “အင်း… ဟုတ်ပါတယ်…”
“ဒါဆို တောင်းပန်လေ”။ စူစူလေး ပြောလိုက်သည်။
စူစူလေးက အလွန်ရဲရင့် ပွင့်လင်းနေပါသည်။
“စူ… စူစူလေး… အရင်တစ်ခေါက်… မေးခဲ့တုန်းက…”
ဝမ်ချင်းကတော့ အလွန်တွန့်ဆုတ်နေပြီး စကားတွေတောင် ထစ်နေလေသည်။
“တောင်းပန်ချင်တာဆို ခေါင်းမော့ထားမှ ဖြစ်မှာပေါ့။ သမီးမျက်လုံးထဲကို သေချာကြည့်ပြီး တောင်းပန်မှရမှာ။ ဆရာမက အဲ့လို သင်ပေးထားတယ်”။
ဝမ်ချင်း ရှက်ရွံ့သွားပြီး ခေါင်းမော့ဖို့ အချိန်အတော်ကြာအောင် ယူခဲ့ရပါသည်။
ထိုစဉ် ချင်းယုဟန်က ဝင်ပြောလိုက်လေသည်။ “အမေက လူကြီးတစ်ယောက်နော်။ ကိုယ့်လုပ်မိတဲ့အမှားကို တာဝန်ယူတတ်ရမှာပေါ့။ အမှားကို ဝန်ခံတာ ရှက်စရာမဟုတ်ဘူး။ ကိုယ့်အမှားကိုယ် ဝန်ခံဖို့ ကြောက်နေတာကမှ ရှက်စရာ ကောင်းတာ!”
သားဖြစ်သူ၏ စကားကိုကြားပြီး ဝမ်ချင်း အံကြိတ်ကာ ခေါင်းမော့ကြည့်လိုက်ပြီးနောက် စူစူလေးကို ပြောလိုက်ပါသည်။ “စူစူလေး ယောက်မ တောင်းပန်ပါတယ်…”
သူမ လေသံကတော့ အလွန်တိုးညှင်း ပျော့ပြောင်းနေဆဲဖြစ်သည်။
“ဘာအတွက် တောင်းပန်တာလဲ”။ စူစူလေး ထပ်မေးလိုက်သည်။
အမှားက ဘာလဲဆိုတာ သူမ သိဖို့လိုတယ် မဟုတ်လား။
အမှားကို အမှန်မပြင်ဘဲ တောင်းပန်ပါတယ် ပြောနေလို့ ဘာမှ မထူးဘူး။
“အဲ့လို အန္တရာယ်များတဲ့ နေရာဆီ စူစူလေးကို ခေါ်မသွားခဲ့သင့်ဘူး”။ ဝမ်ချင်း ပြောလိုက်သည်။
စူစူလေး ခေါင်းခါလိုက်ပါသည်။ “အဲ့တာ အမှားမဟုတ်ဘူး။ သမီးကို ခေါ်သွားတုန်းက ဖေဖေနဲ့ မေမေတို့ကို ကာကွယ်ပေးဖို့လို့ ပြောခဲ့တာ။ ဒါပေမယ့် တကယ်တမ်းကျတော့ တတိယယောက်မကို စိတ်ညစ်အောင် လုပ်ချင်လို့ မလား”
စူစူလေး၏ လေးနက်နေသော မျက်နှာလေးကို ကြည့်ကာ ဝမ်ချင်း ထပ်တောင်းပန်လိုက်ရပါသည်။ “အဲ့… အဲ့တာဆို စူစူလေးကို လိမ်မိတဲ့အတွက် တောင်းပန်ပါတယ်…”
“ပြီးတော့ကော”။ စူစူလေး မေးလိုက်သည်။
“ပြီးတော့ ဘာဖြစ်လဲ”
“အမှားတစ်ခု ကျန်သေးတယ်လေ”
“ဘာ… ဘာအမှားလဲ”
“အရင်တစ်ခေါက်က သမီးမေးတုန်းက ယောက်မ ခေါင်းခါပြီး ငြင်းခဲ့တယ်။ အမှားလုပ်ထားမှန်း သိရဲ့သားနဲ့ အမှန်မပြင်ခဲ့ဘူး။ အဲ့ဒီအပြစ်က ပိုကြီးတယ်”။ စူစူလေး ခက်ထန်စွာ ပြောလိုက်သည်။
ဝမ်ချင်း ရှက်ကိုးရှက်ကန်းဖြစ်သွားပါသည်။ သူမဘက်က အမှားမှန်းသိသဖြင့် တောင်းပန်သင့်တာ မှန်ပါသည်။
သို့သော် ကိုယ်လုပ်ထားသည့် အမှားကို ဒီလိုပြန်ရွတ်ပြရမှာက သူမအတွက် အလွန်ခက်ခဲသည်။ သူမ တစ်ဘဝလုံးမှာ သူများကို ဒီလို ကျိုးကျိုးနွံနွံ တစ်ခါမှ မတောင်းပန်ခဲ့ဖူးပေ။
ဝမ်ချင်းအချိန်အတော်ကြာအောင် တိတ်ဆိတ်သွားခဲ့ရာ ချင်းယုဟွိုင်းက ဝင်သတိပေးလိုက်ပါသည်။ “အမေ ကျွန်တော်တို့ကို ကတိပေးထားတာ မမေ့နဲ့နော်”
ဝမ်ချင်း ဆုံးဖြတ်ချက်ကြီးကြီးမာမား တစ်ခုကို ချလိုက်ရသကဲ့သို့ နှုတ်ခမ်းကိုက်လိုက်ပါသည်။ ထို့နောက် စိတ်အားတင်းကာ စူစူလေးကို ပြောလိုက်လေသည်။
“စူစူလေး အရင်တစ်ခေါက်မေးတုန်းက ယောက်မ ဝန်မခံဘဲ ဆင်ခြေပေးခဲ့မိတာ မှားပါတယ်”
“အွန်း! အခု ကိုယ့်အမှားကိုယ် သိပြီလား”။ စူစူလေး ထပ်မေးလိုက်သည်။
“အင်း… သိပါပြီ”။ ဝမ်ချင်း တိုးညှင်းစွာ ပြန်ဖြေလိုက်သည်။ သူမ လေသံက အနည်းငယ် တွန့်ဆုတ်နေဆဲဖြစ်သော်လည်း သူများကို တစ်ခါမှ မတောင်းပန်ဖူးသည့် ဝမ်ချင်းအတွက် တိုးတက်မှုတစ်ခုဟု ဆိုနိုင်ပါသည်။
“ဘယ်တော့မှ ထပ်မလုပ်တော့ဘူးလို့ ကတိပေးနိုင်လား” စူစူလေး ထပ်မေးလိုက်သည်။
“ကတိပေးပါတယ်…”။ ဝမ်ချင်း တိုးညှင်းစွာ ပြန်ဖြေလိုက်ပါသည်။
“အွန်း အဲ့တာဆို ခွင့်လွှတ်တယ်!”
စူစူလေးက အလွန်ပြတ်သားသည်။ သူမ ကြားချင်သည့် အဖြေကို ကြားလိုက်ရပြီဖြစ်သဖြင့် ချက်ချင်း ခွင့်လွှတ်ပေးဖို့ ဆုံးဖြတ်ခဲ့ပါသည်။
စူစူလေးကို ဝမ်ချင်း အံ့အားသင့်စွာ ကြည့်လိုက်သည်။ စူစူလေးရဲ့ မျက်နှာလေးက အပြစ်ကင်းစင်ပြီး ယုံကြည်ချက် အပြည့် ရှိနေသည်။
ထိုအချိန်တွင် တစ်ချိန်လုံး တွန့်ဆုတ်နေမိခဲ့သည့် ကိုယ့်ကိုယ်ကိုယ် ဝမ်ချင်း ရှက်ရွံ့မိသွားပါသည်။”
“တူကြီးနဲ့ တူလိမ္မာလေးတို့ ကိုယ့်အမေကိုယ် ဂရုစိုက်ကြနော်။ ဒေါ်လေးက တူသေးသေးလေးကို သွားကြည့်လိုက်ဦးမယ်”
တူနှစ်ယောက်ကို စူစူလေး ပြောလိုက်သည်။ သူမလေသံက လူငယ်တွေကို လူကြီးတစ်ယောက်မှ ညွှန်ကြားနေသကဲ့သို့ ဖြစ်ပါသည်။
သို့သော်လည်း စူစူလေးရဲ့ အသံက အလွန်နူးညံ့ချိုမြိန်လေသည်။
ထို့နောက် စူစူလေး အခန်းပြင်ကို ပြန်ထွက်သွားပြီး ယန်းမင်အာ၏ လက်ကို ဆွဲလိုက်သည်။ “မေမေ့ဆီ ပြန်သွားကြစို့”
ယန်းမင်အာလည်း စူစူလေးနောက်လိုက်လာခဲ့ပြီး မေးလိုက်သည်။ “ယောက်မအကြီးဆုံးကို စူစူလေး ခွင့်လွှတ်ပေးလိုက်တာလား”
… … …