← Chapters

အခန်း (၁၀၇၁-၁၀၇၅)

Vol. 43 Ch. 1071-1075

အခန်း (၁၀၇၁-၁၀၇၅)

Vol. 43 Ch. 1071-1075

အခန်း(၁,၀၇၁) ဆက်ပြီးစောင့်ကြည့်ရမယ်

“ဒီတစ်ခါတော့ ခွင့်လွှတ်ပေးလိုက်တယ်။ လူတိုင်းက အမှားလုပ်ဖူးကြတယ်လေ။ ကိုယ့်အမှားကိုယ် နားလည်တယ် ဆိုရင် အမှန်ပြင်ဖို့ အခွင့်အရေး ပေးသင့်တယ်”။ စူစူလေး ပြန်ဖြေလိုက်ပါသည်။

စူစူလေး သေချာစဉ်းစားပြီး ဆက်ပြောလိုက်သည်။ “ဒါပေမယ့် အခွင့်အရေးက အများကြီးမရဘူး။ အမှားတွေ အမှားကြီး ထပ်ကျူးလွန်ရင် ခွင့်လွှတ်ပေးလို့ မရဘူး။ ပြီးတော့ လုပ်ထားတဲ့ အမှားကလည်း ကြီးကြီးမားမား ဖြစ်လို့ မရဘူး။ အမှား ကြီးကြီးမားမားဆိုရင်လည်း အခွင့်အရေးတစ်ခါတောင် မပေးဘူး”

စူစူလေးစိတ်ထဲမှာ ကိုယ့်ခံယူချက်နဲ့ကိုယ် ရှိပါသည်။

ယန်းမင်အာ ပြုံးလိုက်ပြီး ချီးကျူးလိုက်သည်။ “စူစူလေးက အရမ်းပါးနပ်တာပဲ!”

“ပြီးတော့ သူ့ကိုခွင့်လွှတ်တယ်ဆိုပေမယ့် ယောက်မအကြီးဆုံးလို့ မခေါ်နိုင်သေးဘူး။ နောက်ပိုင်း သူ့အခြေအနေကို ဆက်စောင့်ကြည့်ရမယ်။ သမီးရဲ့ ယောက်မအကြီးဆုံး ဖြစ်လာဖို့ စံနှုန်းတွေ အများကြီးပြည့်မှီမှ ရမှာ!”။ စူစူလေး ထပ်ပြောလိုက်ပါသည်။

“ဒါဆို စူစူလေးက ယောက်မကိုကျတော့ တတိယယောက်မလို့ ခေါ်တော့ စူစူလေးရဲ့ စံနှုန်းတွေကို ပြည့်မှီပြီးသား ဆိုတဲ့သဘောလား”။ ယန်းမင်အာ အံ့အားသင့်စွာ မေးလိုက်သည်။

“အွန်း! ယောက်မက စံနှုန်းပြည့်မှီပြီးသား”။ စူစူလေးက အတည်ပြုပေးလိုက်ပါသည်။

“ဟားဟားဟား အဲ့တာဆို အရမ်းပျော်သွားပြီ”။ ယန်းမင်အာ ရယ်မောလျက် ပြောလိုက်လေသည်။

“တတိယယောက်မကကော သူ့ကို စိတ်ဆိုးနေတုန်းပဲလား”။ စူစူလေးက ပြန်မေးလိုက်ပါသည်။

“စိတ်ဆိုးတုန်းပဲ။ အရင်တုန်းက စူစူလေးကို သူ မကောင်းဆိုးဝါးလို့ ခေါ်ခဲ့တာလေ။ အဲ့ဒီစကားတွေကြောင့် စူစူလေးကော အဖေနဲ့ အမေတို့ကော စိတ်ထိခိုက်ခဲ့ရတယ်။ ဒီတစ်ခါလည်း အဖေနဲ့ အမေတို့စကားကို နားမထောင်ဘဲ စူစူလေးကို အပြင်ခိုးခေါ်သွားခဲ့တယ်။ အဲ့တာကြောင့် အဖေနဲ့ အမေတို့ ထပ်စိတ်ညစ်ရပြန်ကော။ ယောက်မရဲ့ မိသားစုကို ထိခိုက်အောင်လုပ်တဲ့လူတိုင်းကို ခွင့်မလွှတ်နိုင်ဘူး”

တတိယယောက်မ ပြောတာလည်း မှန်ပါတယ်။ သူ့ကို စိတ်ဆိုးနေတာ မမှားဘူး။ လူတိုင်းမှာ မတူညီတဲ့ အမြင်တွေ ရှိတယ်လို့ မေမေက ပြောတယ်။ အဲ့တာကြောင့် ကိုယ့်အမြင်က မှန်တယ် မှားတယ်ဆိုတာ မရှိဘူးတဲ့”

စူစူလေးခေါင်းကို ယန်းမင်အာ ပွတ်သပ်ပေးလိုက်ပါသည်။

“ဟုတ်တာပေါ့။ ဒါပေမယ့် စိတ်မပူနဲ့နော် စူစူလေး။ သူ့ဘက်က ထပ်ပြီး ပြဿနာမရှာသရွေ့ ယောက်မလည်း ပြဿနာ ရှာမှာ မဟုတ်ဘူး။ သူသာ သူ့အမှားကို တကယ် နားလည်ပြီး ထပ်မကျူးလွန်ဘူးဆိုရင် သူ့ကို ယောက်မအကြီးဆုံး အဖြစ် ပြန်လက်ခံပေးမယ်”

“အွန်း!”။ စူစူလေး ခေါင်းငြိမ့်လိုက်ပါသည်။ “တူတူပဲ! လက်ဝါးချင်း ရိုက်ကြမယ်!”

စူစူလေး လက်ဝါးဖြန့်ကာ ယန်းမင်အာနဲ့ လက်ဝါးချင်း ရိုက်လိုက်လေသည်။

ထိုနေ့ညနေခင်းတွင် သားဖြစ်သူ အခြေအနေတိုးတက်လာပြီဟု ဝမ်ချင်း သတင်းကောင်း ကြားခဲ့ရပါသည်။

ဆရာကြီးရှုယီ ပြောခဲ့တာ မှန်ပါသည်။ ကောင်းကင်ဘုံက အရာရာကို စောင့်ကြည့်နေသည်။

စူစူလေးကို တောင်းပန်လိုက်တာကြောင့် သူမ သားလေး အခြေအနေတိုးတက်လာခဲ့တာဖြစ်ကြောင်း သိပ္ပံနည်းကျ သက်သေပြလို့ မရသော်လည်း တစ်ခုခု ဆက်နွယ်နေလိမ့်မည်ဟု ဝမ်ချင်း ယုံကြည်မိပါသည်။

သူမ တကယ် အမှားလုပ်မိပြီး အငြှိုးအတေးတွေ ထားလွန်းခဲ့တာကြောင့် ဝဋ်လည်ခဲ့တာ တကယ် ဖြစ်နိုင်ပါသည်။

သားဖြစ်သူနဲ့ မိသားစုရဲ့ ဘေးကင်းလုံခြုံမှုနဲ့ ယှဉ်လိုက်လျှင် သူမ မာနက အရေးမပါတော့ပါ။

ထိုစဉ် ချင်းမိသားစု ဥယျာဉ်ထဲ၌ ကြိုးတုပ်ခံထားရဆဲဖြစ်သည့် ထန်ထိုက်မင်လည်း စကားတွေ မရပ်မနား ပြောနေပါသည်။

“ဘဝမှာ အရေးအကြီးဆုံးက ဘာလဲ သိလား။ စားဖို့သောက်ဖို့လည်း မဟုတ်ဘူး။ အိပ်ဖို့လည်း မဟုတ်ဘူး။ လွတ်လပ်ဖို့က အရေးအကြီးဆုံးကွ!”

“လွန်လပ်ခြင်းမရှိတဲ့ လူတစ်ယောက်က ဘယ်လောက်ထိ နာကျင်ခံစားရသလဲဆိုတာ မသိကြဘူးလား”

“…”

ထန်ထိုက်မင် ရှေ့တွင် ကြိမ်စားပွဲများ ထိုင်ခုံများ ခင်းထားပါသည်။ စားပွဲပေါ်မှာ အချိုမုန့်များ၊ မြေပဲများ၊ ဖရုံစေ့များ၊ လက်ဘက်ရည်များ တည်ခင်းထားသည်။

ရှောက်ကျင်းယန်က ကြိမ်ခုံတစ်လုံးပေါ်မှာထိုင်နေပါသည်။ ထန်ထိုက်မင် ဘာတွေပဲပြောပြော သူ မလှုပ်ခဲ့ပါ။

အခြေအနေ ဘာမှ မထူးမှန်း မြင်သောအခါ ထန်ထိုက်မင် ဗျူဟာ ပြောင်းလဲလိုက်လေသည်။

ရိသဲ့သဲ့ ပြုံးလိုက်ပြီးနောက် ရှောက်ကျင်းယန်ကို သူရန်ထပ်စလိုက်ပါသည်။ “ရှောက်ကျင်းယန်။ မင်းငါ့ကို တစ်နေကုန် ဒီလို စိုက်ကြည့်နေတာဆိုတော့ ငါ့ကို တကယ်သဘောကျနေတာ ဖြစ်နိုင်တယ်နော်”

… … …

အခန်း(၁,၀၇၂) အနိုင်ကျင့်ခံရမှာကို လာကြည့်တာ

ရှောက်ကျင်းယန် မျက်ခုံးလှုပ်သွားသည်။

အခြေအနေကောင်းမှန်း မြင်သဖြင့် ထန်ထိုက်မင် ရန်ထပ်စလိုက်ပါသည်။ “မင်းက မငယ်တော့ဘူးနော်။ အသက် ၃၀ ဝန်းကျင်ရှိနေပြီဆို။ တစ်ခါမှ ရည်းစားမထားဖူးဘူးလား”

ရှောက်ကျင်းယန် နှုတ်ခမ်း အနည်းငယ် တွန့်သွားသည်။

ထန်ထိုက်မင်က မီးလောင်ရာလေပင့်လျက် ဆက်ပြောလိုက်ပါသည်။ “ခေါင်းဆောင်ရှောက်၊ မင်း လူပျိုရည်တောင် မပျက်သေးဘူးမလား”

“မဖြေနိုင်ဘူးလား။ ငါ့မေးခွန်းက ချက်ကောင်းထိသွားလို့လား။ မင်းကို ကြိုက်တဲ့ ကောင်မလေး တစ်ယောက်မှ မရှိဘူးလား။ ဒါမှမဟုတ် မင်းက ရှက်တတ်လို့လား။ ဒီလောက် ကြံ့ခိုင်သန်မာတဲ့ ခေါင်းဆောင်ရှောက်က ရှက်တတ်မှန်း ငါမသိခဲ့ဘူး”

“တော်လောက်ပြီ!”။ ရှောက်ကျင်းယန် စားပွဲကို ထုရိုက်ကာ ချက်ချင်း မတ်တပ်ရပ်လိုက်ပါသည်။

ထို့နောက် သစ်ပင်ပေါ်မှာ တွဲလောင်းကြိုးတုပ်ခံထားရသည့် ထန်ထိုက်မင်အား ပြောလိုက်သည်။ “နောက်တစ်ခွန်း ထပ်ပြောရဲပြောကြည့်။ မင်းရဲ့ နောက်ဆုံးစကား ဖြစ်သွားစေရမယ်”

“မင်းဘာမှ မလုပ်နိုင်ပါဘူး။ ငါ့ရဲ့ လက်ချောင်းလေး တစ်ချောင်းကိုတောင် မဖြတ်ရဲဘဲနဲ့များ”။ ထန်ထိုက်မင် အကြောက်တရားကင်းမဲ့စွာ ပြောလိုက်သည်။

“မင်းက ပါးစပ်ကနေ လေလည်တတ်တဲ့ကောင်ပဲ”

“ငါ့ပါးစပ်က စကားပဲပြောတာ ကျန်တာ ဘာမှ မထွက်ဘူး”။ ထန်ထိုက်မင် ရယ်ရယ်မောမောဖြင့် ပြောလိုက်သည်။

ထိုစဉ် စူစူလေးရောက်လာပြီး ရှောက်ကျင်းယန်နဲ့ ထန်ထိုက်မင်တို့ လေလည်သည့်အကြောင်း ပြောနေတာကို ကြားသွားပါသည်။ “နတ်ယုတ်မာလေးက ပါးစပ်ကနေ အီးပေါက်တာလား”

“အဟွတ်… ငါ့ပါးစပ်က စကားပဲပြောတာပါဆို ဘာအီးမှမပေါက်ဘူး။ ပြီးတော့ အီးပေါက်တယ် ဆိုတဲ့ စကားလုံးမျိုး မပြောရဘူး။ စူစူလေးလို ချစ်စရာကောင်းတဲ့ ကလေးလေးပါးစပ်က ဒီလိုရိုင်းရိုင်းစိုင်းစိုင်း စကားမျိုး မထွက်သင့်ဘူး”။ ထန်ထိုက်မင် ဆုံးမလိုက်လေသည်။

“စူစူလေး ဘာလို့လာခဲ့တာလဲ။ အစ်ကိုကြီးကို လာရှာတာလား”

ရှောက်ကျင်းယန်က စကားလမ်းကြောင်းလွှဲကာ မေးလိုက်ပါသည်။

“မဟုတ်ပါဘူး။ ဒီနတ်ယုတ်မာလေးကို လာတွေ့တာ”။ စူစူလေး ပြောလိုက်သည်

ဒါကိုကြားတော့ ထန်ထိုက်မင် ပြုံးလိုက်သည်။ “ကြားလား ခေါင်းဆောင်ရှောက် ငတုံး‌ကောင်။ စူစူလေးက မင်းကို လာတွေ့တာ မဟုတ်ဘူး။ ငါ့ကို လာတွေ့တာတဲ့”

ထို့နောက် စူစူလေးကို သူမေးလိုက်ပါသည်။ “စူစူလေး ငါ့ဆီ ဘာလို့ လာခဲ့တာလဲ။ သတိရလို့လား”

“သတိမရပါဘူး။ နင်အနိုင်ကျင့်ခံရတာကို ကြည့်ဖို့ လာခဲ့တာ”။ စူစူလေး ပြတ်ပြတ်သားသား ပြောလိုက်ပါသည်။

ထန်ထိုက်မင် ဟန်ဆောင်သာ ရယ်မောနိုင်တော့သည်။ “ဟုတ်ပါပြီ ကြည့်ပါ ကြည့်ပါ”

ဘယ်သူ့ကို အပြင်လို့ရမှာလဲ။ ငါ့ထိုက်နဲ့ငါ့ကံပဲဥစ္စာ…။

အကောင်းဘက်က ကြည့်ရရင်တော့ ဒီလို အကြမ်းပတမ်းကောင်တွေအစား စူစူလေးလို ချစ်စရာကောင်းတဲ့ ကလေးမလေးကို မြင်နေရတာ ပိုကောင်းပါတယ်…။

“ပြီးတော့ အစားအစာတွေလည်း ယူလာတယ်”။ စူစူလေးထပ်ပြောလိုက်သည်။

ဒါကိုကြားတော့ ထန်ထိုက်မင် ရင်ထဲ နွေးထွေးသွားခဲ့သည်။

စူစူလေးက သူ့ကို ဖမ်းဆီးဖို့ မညှာမတာ ကူညီပေးခဲ့သော်လည်း သဘောကောင်း ကြင်နာစွာဖြင့် စားစရာတော့ လာကျွေးပါသေးသည်။

သူမကို မသေမျိုးမက်မွန်သီးတစ်လုံး လက်ဆောင်ပေးခဲ့တာ သဲထဲရေသွန်မဖြစ်ခဲ့ပေ။

ထို့နောက် စူစူလေးက အိတ်ကပ်ထဲမှ ကြွေပုလင်းလေးတစ်လုံး ထုတ်ကာ ပြောလိုက်ပါသည်။ “ဒီဟာက အရမ်း အရမ်း ခါးတယ်လို့ ဦးလေးပိုင်ဟူကျစ်ပြောလိုက်တာလား”

ထန်ထိုက်မင်၏ အပြုံး ချက်ချင်း အေးခဲသွားပါသည်။

“ငါ့အတွက် ခါးတာတွေ ယူလာပေးတာလား”

“အွန်း!”။ စူစူလေး ခေါင်းညိတ်လိုက်ပါသည်။

ဘာပဲဖြစ်ဖြစ် သူမကိုကြီးနဲ့ ဘော်ဒီဂတ်လေးအတွက် ကလဲ့စား ပြန်ချေပေးရဦးမှာဖြစ်သည်။

“စူစူလေး… ငါနင့်ကို အရမ်းမွှေးပြီး ချိုတဲ့ မက်မွန်သီးလေး ကျွေးခဲ့တာလေ။ ဒီလို ပုံစံမျိုးနဲ့ ကျေးဇူး ပြန်ဆပ်လိုက်တာလား”

မသေမျိုး မက်မွန်သီး ပြန်မပေးနိုင်ရင်တောင် ချိုမြိန်တဲ့ အစားအသောက်တစ်ခုခု ယူလာပေးသင့်တယ် မဟုတ်လား”

“အွန်း ဟုတ်တယ်! နင်က လူဆိုးလေ! လူဆိုးတွေကို ခါးတဲ့အရာတွေ ပေးပြီး အပြစ်ပေးရမှာ! လိမ္မာတဲ့ ကလေးတွေပဲ ချိုတာကို စားရတာာလေ”။ စူစူလေး ရှင်းပြလိုက်ပါသည်။

“စူစူလေး အဲ့တာ အစ်ကိုကြီးကိုပေး။ သူ့ကို အစ်ကိုကြီး ကျွေးလိုက်မယ်”

ရှောက်ကျင်းယန် ပြုံးလိုက်ပါသည်။ ထို့နောက် အမည်မသိ တိုင်းရင်းဆေးတစ်မျိုး ထည့်ထားသည့် ပုလင်းအား စူစူလေးလက်ထဲမှ ရှောက်ကျင်းယန်ယူလိုက်သည်။ ထို့နောက် ထန်ထိုက်မင်ဆီ လျှောက်သွားပါသည်။

“မင်းဖာသာမင်း အသာတကြည်စားမလား။ မင်းလည်ချောင်းထဲ အတင်းထည့်ပေးရမလား”

… … …

အခန်း(၁,၀၇၃) ထန်ထိုက်မင်ကို အပြစ်ပေးခြင်း (၁)

ထန်ထိုက်မင်က ပြတ်ပြတ်သားသား ငြင်းဆန်လိုက်လေသည်။ “ဆုတောင်းလေ! ငါ့ကို ဒီလိုပုံစံမျိုးနဲ့ သိက္ခာချလို့ရမယ် ထင်နေလား!”

ထို့နောက် သူ့ပါးစပ်သူ လုံအောင် ပိတ်ထားလိုက်ပါသည်။

ဒီဆရာကြီးရှုယီက သာမန်သမားတော်ကြီး မဟုတ်ပေ။ သူဖော်စပ်ထားသည့် ဆေးလုံးတွေက ဘယ်လို အာနိသင်တွေ ရှိနေမလဲ မသိနိုင်ပါ။

သာမန် ခါးသက်တာဆိုလျှင် ကိစ္စမရှိသော်လည်း အာနိသင်တစ်ခုခု ရှိပါက ပြဿနာ တက်နိုင်ပါသည်။

“မင်းက သိက္ခာရှိတဲ့ကောင်ပေါ့ ဟုတ်လား။ မင်းက ကောက်ကျစ်တဲ့ လုပ်ရပ်ပေါင်းစုံလုပ်ထားတဲ့ကောင်။ တခြားသူတွေကို အရှက်ခွဲဖို့နဲ့ နှိပ်စက်ဖို့ကျတော့ မင်းဒီလို မဟုတ်ပါဘူး”။ ရှောက်ကျင်းယန် အေးစက်စွာ ပြောလိုက်ပါသည်။

ထန်ထိုက်မင် ပါးစပ်ကို တင်းကြပ်စွာ ပိတ်ထားဆဲဖြစ်သည်။ ရှောက်ကျင်းယန် ဘာပဲပြောပြော သူ့ပါးစပ်ကို ထပ်ဟမှာ မဟုတ်ပါ။

“အစ်ကိုကြီး သမီးမှာ နည်းလမ်းရှိတယ်!”။ စူစူလေး ရုတ်တရက် ဝင်ပြောလိုက်သည်။

“ဘာနည်းလမ်းလဲ စူစူလေး!”

“သူ့ခြေသလုံးမွေးကို ဆွဲနှုတ်ပစ်လိုက်! အဲ့တာဆို သူအော်လိမ့်မယ်။ သူ့အော်မှ ပါးစပ်ထဲကို ဆေးလုံး အမြန်ထည့်လိုက်”

ယောက်ျားတစ်ယောက်ရဲ့ ခြေသလုံးမွေးကို နှုတ်တာ အလွန်ရက်စက်ကြောင်း တူလေးယုကျီးက ပြောဖူးပါသည်။

ယခု စူစူလေးမှာ ခြေသလုံးမွေးမရှိသော်လည်း အရင်တုန်းက သားမွေးတွေ အများကြီး ရှိသဖြင့် ထိုသားမွေးတွေကို လာဆွဲနှုတ်လျှင်လည်း နာမှာ ကျိန်းသေပေါသည်။

ထို့ကြောင့် တူလေးယုကျီး ဆုံးမပြီးနောက်ပိုင်း သူများခြေသလုံးမွေးတွေကို စူစူ‌လေး လိုက်မနှုတ်တော့ပါ။

သို့သော် လူဆိုးတွေကတော့ ခြွင်းချက်ဖြစ်ပါသည်။ ထန်ထိုက်မင်ကလည်း လူဆိုးတစ်ယောက်ဖြစ်သည်။ လူကောင်းတွေကို လုပ်လို့မရသည့် ကိစ္စတွေအကုန် လူဆိုးတွေကို လုပ်နိုင်ပါသည်။

“စူစူလေးပြောတာ အဓိပ္ပာယ်ရှိတယ်။ စမ်းကြည့်လိုက်မယ်”။ စူစူလေးရဲ့ အကြံအတိုင်း လုပ်ကြည့်ဖို့ ရှောက်ကျင်းယန် ဆုံးဖြတ်လိုက်ပါသည်။

အလုပ်ဖြစ်တာ မဖြစ်တာ ကိစ္စမရှိသော်လည်း စူစူလေး၏ အကြံဖြစ်သဖြင့် စမ်းကြည့်သင့်သည်။

ထို့နောက် ထန်ထိုက်မင်၏ ဘောင်းဘီတစ်ဖက်ကို ဆွဲတင်ဖို့ ရှောက်ကျင်းယန်က အဖွဲ့သားတစ်ယောက်အား အမိန့် ပေးလိုက်ပါသည်။

ထန်ထိုက်မင်၏ ခြေထောက်မှာ ခြေသလုံးမွေးများဖြင့် ပြည့်နှက်နေသည်။ ထို့ကြောင့် သူတို့ စမ်းချင်သလောက် စမ်းသပ်လို့ ရပါသည်။

အဖွဲ့သားတစ်ယောက်ကို ခြေသလုံးမွေးနှုတ်ဖို့ ရှောက်ကျင်းယန် အမိန့်ပေးလိုက်ပြီး ထန်ထိုက်မင် ပါးစပ်ဟမည့် အချိန်ကို စောင့်နေလိုက်သည်။

ထန်ထိုက်မင် အံကြိတ်ထားပါသည်။ သူ့ခြေထောက်တွေ ဘယ်လောက်ပဲ နာကျင်နေပါစေ ပါးစပ်ကို ဟမှာ မဟုတ်ပါ။

နှစ်ပေါင်း ၃၀၀ ကျော်လောက်အထိ နာကျင်မှုကို သည်းခံထားခဲ့ရတာဖြစ်သည်။ ဒီလို ခြေသလုံးမွေး နှုတ်ခံရသည့် နာကျင်မှုလေးကိုတောင် သည်းမခံနိုင်ပါက သိက္ခာကျပါလိမ့်မည်။

ရှောက်ကျင်းယန်က ထန်ထိုက်မင်နားကပ်ကာ တီးတိုးပြောလိုက်သည်။ “စူစူလေး ခိုင်းတဲ့အတိုင်းလုပ်တာ ပိုကောင်းမယ်နော်။ ငါမင်းပါးစပ်ထဲ ဒီဆေးလုံး မထည့်နိုင်ရင် ပြွန်တစ်ခုရှာပြီး မင်းနှာခေါင်းထဲ ထိုးထည့်မှာ။ ပြီးရင် ဆေးလုံးကို အမှုန့်ကြိတ် ရေနဲ့ရောပြီး ပြွန်ထဲ လောင်းထည့်လိုက်မယ်”

ထန်ထိုက်မင် မျက်လုံးများ ပြူးကျယ်သွားခဲ့ပါသည်။

နှာခေါင်းကနေ ထည့်မှာဟုတ်လား။

အဲ့လိုမျိုး လုပ်လို့ ရလို့လား။

ရှောက်ကျင်းယန် အတည်ပေါက်ပြောနေမှန်း သိသာပါသည်။

ရှောက်ကျင်းယန်က သူ့ကို မရက်စက်နိုင်တာ မဟုတ်ဘဲ မရက်စက်သေးတာဖြစ်မှန်း ထန်ထိုက်မင် နားလည်သွားခဲ့သည်။

ထန်ထိုက်မင် ပါးစပ်ဟလိုက်တာနဲ့တစ်ပြိုင်နက် ပါးစပ်ထဲ ဆေးလုံးတန်းဝင်သွားခဲ့သည်။ ချက်ချင်းဆိုသလို အလွန် ပြင်းထန်သည့် ခါးသက်မှုတမျိုးကို ခံစားလိုက်ရကာ မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားပါသည်။

ခါးလိုက်တာ!

ထန်ထိုက်မင် ဒေါသထွက်လွန်းသဖြင့် ကျိန်ဆဲချင်စိတ်ပါ ပေါက်သွားလေသည်။

စူစူလေးသာ မရှိပါက သူတကယ် ဆဲမိလောက်သည်။

ဒီဆေးလုံးက ခါးသက်ရုံသာ ရှိမည်ဟု ထန်ထိုက်မင် ထင်ထားခဲ့သော်လည်း ချက်ချင်းဆိုသလို လည်ချောင်းထဲမှတဆင့် ဝမ်းဗိုက်ထဲအထိ မီးလောင်နေသလို ပူလောင်ပြင်းပြသွားခဲ့သည်။

“ဒါဘာကြီးလဲ! အသက်ရှူလို့တောင် မရတော့ဘူး!”

“ငါ့ကို အနိုင်ကျင့်တဲ့လူတွေအတွက် သီးသန့်ဖော်စပ်ပေးထားတဲ့ ဆေးလုံးလို့ ဦးလေးပိုင်ဟူကျစ်က ပြောတယ်! သေအောင်တော့ မလုပ်နိုင်ပေမယ့် ခဏလောက် နေရထိုင်ရ ခက်သွားအောင် လုပ်ပစ်နိုင်တယ်တဲ့”။ စူစူလေး ရှင်းပြလိုက်ပါသည်။

“သေချာရဲ့လား။ ငါ့ရင်ဘတ်တစ်ခုလုံး မီးတောက်နေသလို ခံစားနေရတယ်!”

လူသားတစ်ယောက် ဖော်စပ်ထားသည့် ဆေးလုံးကြောင့် သူ့ခန္ဓာကိုယ် တကယ် မီးမလောင်နိုင်မှန်း ထန်ထိုက်မင် သိပါသည်။ သို့သော်လည်း ဒီခံစားချက်ကြီးက သူ့တစ်ကိုယ်လုံး မီးလောင်နေသလို ခံစားချက်ကြီး ဖြစ်သည်။

… … …

အခန်း(၁,၀၇၄) ထန်ထိုက်မင်ကို အပြစ်ပေးခြင်း (၂)

“ဘာမှ လုပ်လို့ မရဘူး။ နင်ငါ့ ဘော်ဒီဂတ်လေးကို အနိုင်ကျင့်ခဲ့တာ။ ဒါနင်နဲ့ ထိုက်တန်တဲ့ အပြစ်ဒဏ်ပဲ!”။ စူစူလေး ပြောလိုက်သည်။

“အင်း စူစူလေးပြောတာ မှန်တယ်”။ ရှောက်ကျင်းယန်က ထောက်ခံလိုက်ပါသည်။ “ဒီနေ့ စူစူလေး ယူလာပေးတဲ့ ဆေးလုံးနဲ့ စူစူလေးရဲ့ အကြံကြောင့် ဒီလူဆိုးကောင် အနိုင်ကျင့်ခဲ့တဲ့လူတွေအတွက် ကလဲ့စားပြန်ချေနိုင်ခဲ့ပြီ”

“အွန်း အွန်း!”။ စူစူလေး ခေါင်းငြိမ့်လိုက်ပါသည်။

၇ မိနစ် ၈ မိနစ်ခန့်ကြာမှ ထန်ထိုက်မင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားလေသည်။

သူ့ရှေ့က နူးညံ့သိမ်မွေ့ပြီး ချစ်ဖို့ကောင်းသော စူစူလေးကို ကြည့်ရင်း ထန်ထိုက်မင် အကြံတစ်ခု ရသွားပါသည်။

“စူစူလေး။ ငါပြောစရာရှိတယ်။ လျှို့ဝှက်ချက်တစ်ခု ပြောပြမယ်။ ထိုင်ခုံလေးတစ်ခု ရွှေ့လာခဲ့… အဲ ထိုင်ခုံနဲ့ မမှီဘူး။ စားပွဲတစ်လုံး ရွှေ့လာခဲ့။ ပြီးရင် စားပွဲပေါ်တက်လိုက်။ ငါလျှို့ဝှက်ချက် တစ်ခု ပြောပြမယ်နော်”

“မင်းဘာလုပ်ဖို့ ကြံနေတာလဲ”။ ရှောက်ကျင်းယန် သတိကြီးစွာ မေးလိုက်ပါသည်။

“ငါ့ခြေတွေ လုပ်တွေ အကုန် ကြိုးတုပ်ခံထားရတာ ပြီးတော့ မင်းတို့တွေလည်း မျက်စိဒေါက်ထောက် စောင့်ကြည့်နေတ ငါဘာလုပ်နိုင်မှာလဲ။ စူစူလေးကို ပြောစရာရှိလို့ပါ။ ငါတို့နှစ်ယောက်တည်း သိလို့ရမယ့် ကိစ္စ။ မယုံရင် စူစူလေးကို မင်းမေးကြည့်လိုက်”။ ထန်ထိုက်မင် ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်ပါသည်။

ရှောက်ကျင်းယန်က စူစူလေးကို ကြည့်လိုက်သည်။ စူစူလေးက ခေါင်းငြိမ့်ပြလိုက်ပါသည်။ “ဟုတ်တယ် အစ်ကိုကြီး။ နတ်ယုတ်မာလေးနဲ့ သမီးမှာ လျှို့ဝှက်ချက် တစ်ခုရှိတယ်”

ထို့နောက် ထန်ထိုက်မင်ကို ရှောက်ကျင်းယန်‌ အေးစက်စွာ သတိပေးလိုက်ပါသည်။ “မင်းပြောစရာရှိရင် ဒီတိုင်း ပြောလိုက်။ စူစူလေးကို လှည့်စားဖို့ မကြိုးစားနဲ့”

“မင်းတို့ ကြားလို့မရဘူး။ ပြီးတာပဲ ငါမပြောတော့ဘူး”။ ထန်ထိုက်မင် မျက်နှာလွှဲလိုက်သည်။

ထို့နောက် စူစူလေးကို သူပြောလိုက်ပါသည်။ “နင့်မွေးနေ့ကို နင့်ကိုကြီး ဘာလို့ မလာနိုင်တာလဲဆိုတာ မသိချင်ဘူးလား။ စားပွဲခုံတစ်လုံး ယူလာခဲ့ရင် ငါပြောပြမယ်”

ဒါကိုကြား‌တော့ စူစူလေး မစောင့်နိုင်တော့ပါ။ စားပွဲတစ်လုံးကို အမြန်သွားသယ်လိုက်ပြီး ထန်ထိုက်မင်ရှေ့မှာချကာ စားပွဲပေါ်တက်လိုက်ပါသည်။

ရှောက်ကျင်းယန် မျက်နှာ ခက်ထန်သွားသော်လည်း စူစူလေးကို သူမတားနိုင်ပေ။ ထို့ကြောင့် ထန်ထိုက်မင်၏ လှုပ်ရှားမှုတိုင်းကို မျက်တောင်မခတ် စောင့်ကြည့်နေခဲ့ပါသည်။

ထန်ထိုက်မင်က ရှောက်ကျင်းယန်ကို သရော်ပြုံး ပြုံးပြလိုက်ပြီး စူစူလေးအား တစ်ခုခု တီးတိုးပြောလိုက်ပါသည်။

စူစူလေး မျက်နှာ ဇဝေဇဝါဖြစ်သွားကာ မေးလိုက်သည်။ “နတ်ယုတ်မာလေး တကယ်ပြောတာလား”

“တကယ်ပြောတာပေါ့။ အဲ့ဒီဆေးလုံးကို ကျွေးမယ့်အစား ဒီလိုပဲ လုပ်လိုက်ပါ”။ ထန်ထိုက်မင် ပြတ်သားစွာ ပြောလိုက်ပါသည်။

“ဒါပေမယ့် ကိုကြီးအကြောင်း ပြောမပြရသေးဘူးလေ”

“ငါ့အကြွေးတွေ ပြန်ဆပ်ပြီး နင်လည်း ဒေါသမထွက်တော့ဘူးဆိုမှ အားလုံး ပြောပြမယ်”။ ထန်ထိုက်မင် ပြောလိုက်သည်။

“အာ့ဆိုလည်း ပြီးရော”။ စူစူလေး သဘောတူလိုက်ပါသည်။

ထို့နောက် စားပွဲပေါ်မှ စူစူလေး ပြန်ဆင်းလာသည်။

“စူစူလေး ဟိုကောင် ဘာပြောလိုက်တာလဲ”။ ရှောက်ကျင်းယန် မေးလိုက်၏။

“သူ့ကို သမီးနည်းလမ်းနဲ့ အပြစ်ပေးဖို့ ပြောတာ”။ စူစူလေး ပြောလိုက်သည်။

နတ်ယုတ်မာလေးက ကောင်းကင်ဘုံမိုးကြိုးတွေကို အသုံးပြုပြီး သူ့ကို အပြစ်ပေးဖို့ ပြောခဲ့တာဖြစ်သည်။ သို့သော် သူမ ကောင်းကင်ဘုံမိုးကြိုးတွေကို ဆင့်ခေါ်နိုင်သည့်အကြောင်း သူများတွေကို ပြောပြလို့ မဖြစ်ပေ။

ဒါက သူ့အတွက် အပြစ်ဒဏ်ဖြစ်သလို သူမရဲ့ စွမ်းအင်ကိုလည်း စမ်းသပ်ဖို့ဖြစ်ကြောင်း နတ်ယုတ်မာလေးက ပြောခဲ့ပါသည်။

“အဲ့တာပဲလား”

“အွန်း အဲ့တာပဲ”

ဒီလောက် မရိုးရှင်းနိုင်ဘူးဟု ရှောက်ကျင်းယန် ခံစားမိပါသည်။ ဉာဏ်နီဉာဏ်နက်များသည့် ထန်ထိုက်မင် တစ်ခုခု ကြံစည်နေတာဖြစ်မည်။ သို့သော် သူသက်သေမပြနိုင်ပါ။

အချိန်အတော်ကြာအောင် စဉ်းစားပြီးနောက် စူစူလေးကို ရှောက်ကျင်းယန် ပြောလိုက်ပါသည်။ “ဟုတ်ပြီ။ ဒီကောင့်ကို အပြစ်ပေးတာ ခဏနားမယ်။ စူစူလေး အိမ်ထဲဝင်တော့လေ။ ကျန်တာ အစ်ကိုကြီးတို့ တာဝန်ထားလိုက်”

“အွန်း”။ စူစူလေး ခေါင်းငြိမ့်လိုက်ပြီး ဆေးလုံးထည့်ထားသည့် ပုလင်းကို သိမ်းလိုက်ပါသည်။

… … …

အခန်း(၁,၀၇၅) ဉာဏ်နီဉာဏ်နက်ကို အသုံးချပြီး ထွက်ပြေးခြင်း

စူစူလေး စိတ်ထဲမှ တွေးလိုက်ပါသည်။

ဒီဆေးပုလင်းကို သေချာသိမ်းထားရမယ်! နောက်ပိုင်း သူမကို အနိုင်ကျင့်ရဲတဲ့လူရှိရင် ပြန်သုံးလို့ရတယ်!

စူစူလေး၏ အပြုအမူကို ထန်ထိုက်မင်လှမ်းမြင်သွားပြီး သူ့အစ်ကိုအတွက် စိုးရိမ်ပူပန်သွားမိလေသည်။

--- --- ---

ညမိုးချုပ်သောအခါ ချင်းမိသားစုဝင်အားလုံး အိပ်ပျော်နေချိန် ထန်ထိုက်မင်ကတော့ သစ်ပင်ပေါ်မှာ တွဲလောင်း ဆွဲခံထားရဆဲဖြစ်သည်။

ထိုသစ်ပင်အောက်တွင် ရှောက်ကျင်းယန် တဲတစ်လုံးထိုးခဲ့ပြီး အကင်စက်တစ်လုံး ထောင်ကာ အသားတွေ ကင်စားနေလိုက်ပါသည်။

ရှောက်ကျင်းယန်က သူ့ကို တမင်သက်သက် နှိပ်စက်နေတာဖြစ်မှန်း ထန်ထိုက်မင် သိပါသည်။ ကံကောင်းစွာဖြင့် သူက သာမန်လူသား မဟုတ်ပေ။ ရက်နည်းနည်းလောက် အငတ်ခံလိုက်တာနဲ့ ဘာမှ မထိခိုက်နိုင်ပါ။

အသားကင်ရင်း သူ့ကို စောင့်ကြည့်နေသည့် ရှောက်ကျင်းယန်ကို ကြည့်ကာ ထန်ထိုက်မင် ပြုံးလိုက်ပါသည်။

ရှောက်ကျင်းယန် မျက်နှာမှောင်မိုက်သွားပြီး စိတ်ထဲ လေးလံသွားပါသည်။

ထန်ထိုက်မင်က ပြောလိုက်၏။ “ငါ့ကို ဒီလိုတွဲလောင်းဆွဲထားတာ ငါဘယ်သူလဲဆိုတာ သိချင်လို့မလား။ ပြီးတော့ ငါ့ရည်ရွယ်ချက် အစစ်အမှန်နဲ့ ငါ့လူတွေ ဘယ်မှာလဲ ဆိုတာပါ သိချင်နေတယ်မလား။ ပြီးတော့ မင်းလက်က ငါဘာလို့ အကြိမ်ကြိမ် လွတ်သွားရတာလဲဆိုတာလည်း သိချင်သေးတယ်မလား”

“မင်းအလျှော့ပေးတော့မလို့လား”။ ရှောက်ကျင်းယန် မေးလိုက်သည်။

“မဟုတ်ပါဘူး”။ ထန်ထိုက်မင် ကောင်းကင်ကြီးကို မော့ကြည့်ရင်း ပြောလိုက်သည်။ “မင်းနဲ့ငါနဲ့ အလောင်းအစား လုပ်ကြမလား ခေါင်းဆောင်ရှောက်။ ဒီနေ့ည မိုးကြိုးတွေ ပစ်လိမ့်မယ်”

အခုချိန်မှာ ကောင်းကင်ကြီးက အလွန်ကြည်လင်နေပြီး ကြယ်တွေနဲ့ ပြည့်နှက်နေတာဖြစ်သည်။ မိုးရွာမည့် အရိပ်အယောင် လုံးဝ မရှိပါ။

“မင်းဘာလုပ်ဖို့ ကြံနေတာလဲ။ ငါ့ကို အာရုံမလွှဲနဲ့”

“ငါမင်းနဲ့ တကယ် အလောင်းအစား လုပ်ချင်နေတာ။ ဒီနေ့ည မိုးကြိုးပစ်မယ်ဆိုရင် ငါ့ကို လွှတ်ပေးပြီး ဘယ်တော့မှ ထပ်မဖမ်းမတော့ဘူးလို့ ကတိပေးမလား”

“ပေါက်ကရတွေ ပြောမနေနဲ့။ ဒီမှာ မင်းလှည့်ကွက်ထဲ ထပ်မိမယ့်လူ မရှိဘူး”

“အဲ့တာတော့ တပ်အပ်ပြောလို့ ဘယ်ရမလဲ”။ ထန်ထိုက်မင် လျှို့ဝှက်စွာ ပြောလိုက်သည်။

ထိုစဉ် ကောင်းကင်ပေါ်မှာ အပြာရောင် လျှပ်စီးများ ရုတ်တရက် လင်းသွားလေသည်။

လျှပ်စီးတွေ လက်နေတာလား…။

ထန်ထိုက်မင် အပြုံးပိုကျယ်သွားပြီး ရှောက်ကျင်းယန်လည်း ရင်ထဲ လေးလံသွားခဲ့သည်။ ဘာတွေဖြစ်နေတာလဲဆိုတာ နားမလည်သော်လည်း ဆိုးရွားတာတစ်ခုခုဖြစ်တော့မည်ဟု ခံစားနေရပါသည်။

စက္ကန့်ပိုင်းလောက် ကြာပြီးနောက် ဆူညံသံကြီးတစ်ခုနဲ့အတူ မိုးကြိုးပစ်ချလေသည်။

မိုးကြိုးက ရှောက်ကျင်းယန်နဲ့ တခြားသူတွေကို ရှောင်ရှားပြီး ထန်ထိုက်မင်ကို တည့်တည့် ပစ်ချသွားတာတ ဖြစ်ပါသည်။

ရှောက်ကျင်းယန် မိုးကြိုးနဲ့ မထိတွေ့သော်လည်း စူးစူးဝါးဝါး အလင်းရောင်ကြောင့် မျက်လုံးတွေ ဖွင့်မရ ဖြစ်သွားခဲ့ပါသည်။

မိုးကြိုးတွေက တစ်ချက်ပြီးတစ်ချက် ပစ်ချနေသဖြင့် နားတွေတောင် လေးလံသွားရသည်။

နောက်ဆုံး မိုးကြိုးတစ်ချက် ပစ်ချပြီးနောက် ရှောက်ကျင်းယန်လည်း သတိလစ်သွားလေသည်။

ထန်ထိုက်မင်လည်း မြက်ခင်းပေါ် မတ်တပ်ရပ်လျက်သား ပြုတ်ကျလာသည်။ ဘေးက ဘယ်သူမှ မထိခိုက်သော်လည်း သူနဲ့ မြက်ခင်းပြင်တွေကတော့ မည်းကြုတ်သွားခဲ့ပါသည်။

စူစူလေးရဲ့ မိုးကြိုးထိန်းချုပ်နိုင်စွမ်းက တကယ်တိကျပြီး အထင်ကြီးဖို့ကောင်းပါသည်။ သူ့တစ်ယောက်တည်းကိုသာ ပစ်မှတ်ထားပြီး တိုက်ခိုက်နိုင်ခဲ့သည်။ တစ်ချက်မှ မလွဲခဲ့ပါ။

ထန်ထိုက်မင် ရှေ့သို့တစ်လှမ်းတိုးလိုက်သည်။ ဒူးတွေ ချောင်နေသဖြင့် ဒူးထောက်လဲကျမသွားအောင် အားတင်း ထားခဲ့ရပါသည်။

သူကိုယ်တိုင် တောင်းဆိုခဲ့တာ မှန်သော်လည်း တကယ် မိုးကြိုးပစ်ချခံရပြီးနောက် ခန္ဓာကိုယ်တစ်ခုလုံး အင်အား ချည့်နဲ့သွားခဲ့ရသည်။

မိုးကြိုးစွမ်းအားက အလွန်ကြီးမားလွန်းပါသည်။

သတိလစ်နေသည့် ရှောက်ကျင်းယန်ဆီ ထန်ထိုက်မင် ဒယိမ်းဒယိုင် လျှောက်သွားခဲ့ပါသည်။

သူ့လို မသေမျိုးတစ်ယောက်က ဒီလို လူသားတွေဆီမှာ အနှိပ်စက်ခံ၊ အချုပ်နှောင်ခံခဲ့ရတာတွေအားလုံး ရှောက်ကျင်းယန်၏ အပြစ်သာ ဖြစ်သည်။

ကံကောင်းစွာဖြင့် သူ့မှာ စူစူလေးရှိနေသေးသည်။ စူစူလေးကို အသုံးချပြီး ကျန်ချင်းမိသားစုဝင်တွေကိုပါ ထန်ထိုက်မင် အိပ်မွေ့ချနိုင်ခဲ့ပါသည်။

ထန်ထိုက်မင် ခြေတစ်ဖက်မြှောက်ကာ ရှောက်ကျင်းယန်၏ ရင်ဘတ်ကို ကလဲ့စားချေသည့်အနေဖြင့် တက်နင်းလိုက်လေသည်။

တက်နင်းရုံနဲ့တင် မလုံလောက်သေးသဖြင့် ရှောက်ကျင်းယန်၏ အင်္ကျီကို ဆွဲဖြဲပစ်လိုက်ပါသည်။

… … …

All Chapters