အခန်း (၁၀၇၆-၁၀၈၀)
Vol. 44 Ch. 1076-1080
နတ်သားရဲမလေးရဲ့ကမ္ဘာသစ် Book-44
အခန်း(၁,၀၇၆) ငါ့ညီမလေးကို စိတ်ညစ်အောင် ဘယ်သူလုပ်တာလဲ
ရှောက်ကျင်းယန်၏ ကြွက်သားများက အလွန်ကြံ့ခိုင်သည်။
ထန်ထိုက်မင် မီးသွေးပြာတချို့ကို ယူလိုက်ပြီး ရှောက်ကျင်းယန်၏ ရင်ဘတ်ပေါ်တွင် အသည်းပုံတစ်ခု ဆွဲထားပေးခဲ့ပါသည်။
သူသတိရလာပြီး ဒါကိုမြင်လျှင် အန်ထွက်သွားလောက်သည်။
သူ့ကို ရုပ်ပိုင်းဆိုင်ရာ ထိခိုက်အောင် မလုပ်နိုင်သော်လည်း စိတ်ဒုက္ခတော့ ပေးနိုင်ပါသည်။
ထန်ထိုက်မင် အမှတ်အသား လုပ်ခဲ့ပြီးနောက် ဆက်မနေရဲတော့ဘဲ အမြန် လစ်ထွက်လာခဲ့တော့သည်။
၁၀ မိနစ်ခန့် ကြာပြီးနောက် ရှောက်ကျင်းယန် သတိပြန်လည်လာခဲ့သည်။ သူ့ရင်ဘတ်ပေါ်က အသည်းပုံကို မြင်သောအခါ ခန္ဓာကိုယ်တစ်ခုလုံးက သွေးကြောတွေ ထောင်တက်လာပြီး မျက်နှာတစ်ခုလုံး မှောင်မိုက် သွားခဲ့ပါသည်။ ဒေါသတွေလည်း ငယ်ထိပ်ထိ ရောက်လာခဲ့သည်။
ထိုမျက်နှာအနေအထားနဲ့ တစ်ပတ်လောက်ကြာအောင် သူနေထိုင်ခဲ့သည်။
ရှောက်ကျင်းယန်ကို မြင်သူတိုင်း အသက်ပင် ဝအောင် မရှူရဲခဲ့ကြပါ။
--- --- ---
စူစူလေး၏ ၄ နှစ်ပြည့်မွေးနေ့ကို ရောက်ဖို့ တဖြည်းဖြည်း နီးကပ်လာပြီ ဖြစ်သည်။
ယခင် မွေးနေ့ ၃ ခုတုန်းက စူစူလေး ရှိနေမှန်း တခြားချင်းမိသားစုဝင်တွေ မသိခဲ့ကြပါ။ အခုတော့ အားလုံးသိနေကြပြီ ဖြစ်သဖြင့် စူစူလေးရဲ့ မွေးနေ့ပွဲမှာ အတူရှိနေပေးချင်ကြပါသည်။
အထူးသဖြင့် စူစူလေးက မိသားစုထဲမှာ အငယ်ဆုံး သမီးမိန်းကလေးဖြစ်သဖြင့် တခြားသူတွေထက် ပိုပြီး အလေးပေးရသည်။
ပေကျင်းမြို့မှာ နေထိုင်သည့် ချင်းယန်ကျစ်တို့ မိသားစုလည်း အလုပ်တွေကို ရွှေ့ဆိုင်းပြီး ဟွာချန့်မြို့သို့ ပြန်လာခဲ့ကြသည်။
ချင်းအိမ်တော်ကို ရောက်တာနဲ့ တစ်ပြိုင်နက် ရှောင်းပေပေက ဝမ်ချင်းကို အရင်ဆုံး သွားတွေ့ခဲ့ပါသည်။
ဝမ်ချင်းနဲ့ သူမ သားလေးတို့ ဆေးရုံမှ ဆင်းနိုင်ပြီဖြစ်ပြီး အိမ်မှာ သူနာပြုတစ်ယောက်နဲ့ မိသားစုဆရာဝန် တစ်ယောက်က ပြုစုစောင့်ရှောက်ပေးနေပါသည်။
သားအမိနှစ်ယောက်စလုံး အတော်လေး ကျန်းမာနေကြပြီဖြစ်သည်။ အထူးသဖြင့် ကလေးက ကောင်းကောင်းစား၊ ကောင်းကောင်းအိပ်ပြီး ဖြူဖြူဖွေးဖွေး ပြည့်ပြည့်ဖြိုးဖြိုး ရှိလာပြီ ဖြစ်သည်။
ချင်းယန်ကျစ်က စူစူလေးကို သွားတွေ့ခဲ့ပါသည်။
“ညီမလေးရေ အစ်ကိုလတ် ရောက်လာပြီ”။ စူစူလေး၏ စာကြည့်ခန်း အခန်းတံခါးကို ခေါက်ကာ ချင်းယန်ကျစ် ပြောလိုက်ပါသည်။
“ဝင်ခဲ့ပါ”။ စူစူလေး၏ နူးညံ့ချိုမြိန်သော အသံလေး ထွက်ပေါ်လာခဲ့ပါသည်။
စူစူလေး၏ ခွင့်ပြုချက်ကို ရသောအခါ စာကြည့်ခန်းထဲသို့ ချင်းယန်ကျစ် ဝင်လာခဲ့သည်။
ကြမ်းပြင်ပေါ်မှာ ထိုင်ပြီး ရုပ်ပြစာအုပ်ဖတ်နေသည့် စူစူလေးကို သူမြင်ပါသည်။ ရုပ်ပြစာအုပ် ဖတ်နေသည်ဟု ဆိုသော်လည်း စူစူလေးက စာရွက်တွေကို ခပ်မြန်မြန် လှန်နေတာဖြစ်ပြီး စိတ်သိပ်မပါသလို ဖြစ်နေသည်။
ထို့အပြင် သူအခန်းထဲ ဝင်လာတော့လည်း စူစူလေးက မော့တောင် မကြည့်ပါ။ အရေးအကြီးဆုံးက စူစူလေး မျက်နှာ သိပ်မရွှင်မလန်းဖြစ်နေတာပင်။
စူစူလေးဘေးမှာ ချင်းယန်ကျစ် ဝင်ထိုင်လိုက်ပြီး နူးညံ့သိမ်မွေ့စွာ မေးလိုက်ပါသည်။ “ဘာဖြစ်လို့လဲ ညီမလေး။ စိတ်ညစ်စရာ တစ်ခုခုကြုံနေရလို့လား။ အစ်ကိုလတ်ကို ပြောပြလေ။ အစ်ကိုလတ် ကူညီပေးမှာပေါ့”
စူစူလေး ချင်းယန်ကျစ်ကို မော့ကြည့်လိုက်သည်။ ထို့နောက် ခေါင်းပြန်ငုံ့သွားခဲ့ပါသည်။
ဟာ…! စူစူလေးတကယ် စိတ်ညစ်နေတာပဲ!
“ညီမလေး! ညီမလေးကို ဘယ်သူအနိုင်ကျင့်တာလဲ အစ်ကိုလတ်ကို ပြောစမ်း! အစ်ကိုလတ် သွားဆုံးမပေးမယ်!”။ ချင်းယန်ကျစ် စိတ်ဖိစီးစွာ မေးလိုက်ပါသည်။
“အစ်ကိုလတ်၊ သမီးသူငယ်ချင်း တစ်ယောက်က သမီးကို မခေါ်တော့ဘူး”။ စူစူလေး နှုတ်ခမ်းစူကာ ပြောလိုက်ပါသည်။
“ဘယ်သူလဲ”
ဘယ်ကောင်က ဒီလိုလုပ်ရဲတာလဲ။ သူ့ညီမလေးက ဒီလောက်ချစ်ဖို့ကောင်းတာကို မခေါ်ဘဲ နေနိုင်တဲ့ကောင် ရှိတယ်ပေါ့။
“ဟိုဘက်အိမ်က ကိုကြီးလေ။ သမီးကို သူ မခေါ်တော့ဘူး”
ဂရုမစိုက်ဘူးဟု ကိုယ့်ကိုယ်ကိုယ် မကြာခဏ နှစ်သိမ့်ခဲ့သော်လည်း မွေးနေ့ နီးကပ်လာသောအခါ စူစူလေး တွေးမိလေလေ ပိုပြီး စိတ်ညစ်မိလေလေဖြ်စသည်။
ယခင်ဘဝတုန်းက သူမကို ကန်ထုတ်ခဲ့ပြီး စွန့်ပစ်ခဲ့သည်။
ဒီဘဝကျပြန်တော့လည်း သူငယ်ချင်းတွေ ဖြစ်လာပါလျက်နဲ့ ထွက်ပြေးသွားပြီး သူမကို လျစ်လျူရှုထားခဲ့သည်။
သူမကို ဘာလို့ အမြဲတမ်း ထားသွားခဲ့ရတာလဲ။
“ဟင်။ ဟိုဘက်အိမ်က ဝှီးချဲနဲ့ ကောင်စုတ်လား။ အဲ့ဒီကောင်က ငါ့ညီမလေးကို မခေါ်ဘဲ နေရဲတယ်ပေါ့”
ချင်းယန်ကျစ် အနည်းငယ် စိတ်ရှုပ်သွားပါသည်။ ထိုကောင်စုတ်အတွက် ‘ပင်လယ်ဂါနိုးဒါးမား’ဟူသည့် ဆေးပင်ကို ရှာဖွေရန် သူ့ညီမလေး တောင်ပိုင်းပင်လယ်ပြင်အထိ သွားခဲ့ရမှန်း ချင်းယန်ကျစ် သိသည်။ ထိုကျေးဇူးတစ်ခုတည်းနဲ့ သူ့ညီမလေးကို ဒီကောင်စုတ် တစ်သက်လုံး ကိုးကွယ်သင့်တာဖြစ်သည်။
အခုတော့ သူ့ညီမလေးကို စိတ်ညစ်အောင် လုပ်နေတယ်တဲ့လား။ တရားလွန်လိုက်တာ!
သူ့ညီမလေးရဲ့ မျက်နှာကို ကြည့်ပါဦး! ဝမ်းနည်းညှိုးငယ်နေလိုက်တာ!
သူတို့ မိသားစုဝင်တွေတောင် ညီမလေးကို ဒီလောက်ထိစိတ်ညစ်အောင် မလုပ်ဖူးဘူး!
အဲ့ဒီကောင်စုတ်က လုပ်ရဲတယ်ပေါ့!
… … …
အခန်း(၁,၀၇၇) သူ့ကို သွားရှာကြမယ်
“ညီမလေး ဝမ်းမနည်းပါနဲ့။ အစ်ကိုလတ် ပေကျင်းကို ပြန်ရောက်တဲ့အခါကျရင် အဲ့ကောင်စုတ်ဆီသွားပြီး စာရင်း ရှင်းပေးမယ်နော်”။ ချင်းယန်ကျစ် ဒေါသတကြီး ပြောလိုက်ပါသည်။
“ဒါမယ့် သမီးက သူနဲ့ စာရင်းရှင်းချင်တာမှ မဟုတ်တာ”။ စူစူလေး ပြောလိုက်သည်။
“ဟင် အဲ့တာဆို ညီမလေးက ဘာလုပ်ချင်တာလဲ။ အစ်ကိုလတ်ကို ပြောပြလေ။ ညီမလေး ဖြစ်စေချင်တာ အစ်ကိုလတ် လုပ်ပေးမယ်!”
“မသိဘူး…”
“ဟမ်”။ ချင်းယန်ကျစ် ခေတ္တကြက်သေသေသွားခဲ့သည်။ ထို့နောက် အမြန် ပြောလိုက်ပါသည်။ “ရပါတယ် ရပါတယ်။ ဘာမှမလောနဲ့။ ညီမလေး အချိန်ယူပြီး သေချာစဉ်းစားနော်။ ညီမလေး လိုချင်တာကို သိရပြီဆိုရင် အစ်ကိုလတ်ကို ပြောပြ။ ကျေးဇူးပြုပြီး ဝမ်းမနည်းပါနဲ့!”
“သမီးက ကိုကြီးကို ဒေါသထွက်နေတာ မဟုတ်ဘူး။ ဝမ်းနည်းနေတာ”။ ချင်းယန်ကျစ်ကို ကြည့်လျက် စူစူလေး ပြောလိုက်ပါသည်။
ကောင်းကင်ဘုံမှ ကန်ထုတ်ခံခဲ့ရကတည်းက သူမ ဒေါသထွက်နေတာဟု ထင်ခဲ့မိသည်။
သို့သော်လည်း သူမ ဒေါသထွက်နေတာ မဟုတ်မှန်း စူစူလေး နားလည်သွားပါပြီ။ သူမကို ပစ်ထားခဲ့သည့်အတွက် ဝမ်းနည်းနေတာဖြစ်သည်။
သူမရဲ့ နတ်သားရဲဖေဖေနဲ့ မေမေတို့ကို ဆုံးရှုံးပြီးနောက်ပိုင်း နတ်ယုတ်မာကြီးကသာ သူမကို ပြုစု စောင့်ရှောက်ပေးခဲ့သည်။
သူမအတွက် နတ်ယုတ်မာကြီးက အရင်းနှီးရဆုံးပုဂ္ဂိုလ်ဖြစ်သည်။ အမြဲတမ်း မျက်နှာခက်ထန်ကာ သူမကို တုံးအသည်၊ ဆိုးသွမ်းသည်ဟု ပြောတတ်သော်လည်း နေ့တိုင်း စားစရာတွေ လာပေးတတ်ပါသည်။
သို့သော် တစ်နေ့ကျတော့ သူမကို စွန့်ပစ်သွားခဲ့သည်။
စူစူလေး၏ မသေချာမရေရာသော မျက်လုံးလေးများကို ကြည့်ရင်း ချင်းယန်ကျစ် စိတ်မကောင်း ဖြစ်သွားပါသည်။
စူစူလေး၏ ပခုံးကို ပုတ်ပေးလျက် ချင်းယန်ကျစ် ပြောလိုက်သည်။ “ဟုတ်တယ်။ အဲ့တာ သူက ညီမလေးအတွက် အရမ်း အရမ်း အရေးပါတဲ့လူတစ်ယောက် ဖြစ်နေလို့လေ။ ကိုယ့်အတွက် အရေးပါတဲ့ သူငယ်ချင်းတွေ ထွက်သွားကြတဲ့အခါ ဝမ်းနည်းရတာ ပုံမှန်ပါပဲ”
“အဲ့တာဆို သမီး ဝမ်းမနည်းတော့အောင် ဘာလုပ်ရမလဲ”။ စူစူလေး မေးလိုက်သည်။
“စူစူလေးရဲ့ ကိုကြီးက စူစူလေးကို ဘာလို့မခေါ်တော့တာလဲဆိုတာ မသိချင်ဘူးလား”။ ချင်းယန်ကျစ် မေးလိုက်သည်။
စူစူလေး သေချာစဉ်းစားလိုက်ပြီး ခေါင်းငြိမ့်ပြလိုက်သည်။
သူမ သိချင်ပါသည်။
“ဒါဆို သူ့ကို သွားမေးကြတာပေါ့”။ ချင်းယန်ကျစ် ပြောလိုက်လေသည်။
“ဒါမယ့် ကိုကြီးမှ မရှိတော့တာ”
“သူပေကျင်းမြို့ကို သွားတာဆို။ စူစူလေးကို အစ်ကိုလတ် ပေကျင်းမြို့ဆီ ခေါ်သွားပေးမယ်။ ပြီးရင် သူ့ကို သွားရှာပြီး ငါတို့စူစူလေးကို ဘာလို့ လျစ်လျူရှုထားတာလဲလို့ မေးမယ်”။ ချင်းယန်ကျစ် ပြောလိုက်ပါသည်။
သူ့ညီမလေး တွေးပူနေပြီး စိတ်ညစ်နေရမည့်အစား ဖြစ်ကြောင်းကုန်စင်ကို နားလည်အောင် လုပ်တာ ပိုကောင်းပါသည်။
ပြဿနာက တစ်ဖက်လူဆီမှာ ရှိနေပါက သူတို့နဲ့ အဆက်အသွယ်ဖြတ်လိုက်မည်ပြီး ထပ်ပတ်သတ်တော့မှာ မဟုတ်ပါ။ အခက်အခဲတချို့ရှိတာကြောင့်ဟုဆိုလျှင် ထိုအခက်အခဲများကို သူတို့ ဖြေရှင်းပေးပါမည်။
“ဟုတ်တယ်နော်! သမီးပေကျင်းကို သွားပြီး သူ့ကို ရှာလို့ရတာပဲ!”။ စူစူလေး မျက်လုံးများ တောက်ပသွားခဲ့ပါသည်။
“ဟုတ်ပြီ သွားရှာကြစို့!”။ စူစူလေး မတ်တပ်ရပ်လိုက်သည်။ သူမ ဆုံးဖြတ်ချက် ချပြီးပါပြီ။
--- --- ---
ဝမ်ချင်းကို ရှောင်းပေပေ သွားတွေ့ပြီးနောက် အခန်းထဲမှ ပြန်ထွက်လာစဉ် လျှောက်လမ်းထဲမှာ ယန်းမင်အာနဲ့ သွားဆုံလေသည်။
ရှောင်းပေပေနဲ့ ယန်းမင်အာတို့က သိပ်ပြီး မရင်းနှီးကြပေ။ ယန်းမင်အာနဲ့ ချင်းယွင်ကျစ်တို့ တွဲနေကြချိန်မှာ ရှောင်းပေပေက ပေကျင်းမြို့မှာ နေထိုင်နေတာဖြစ်သည်။ သူမအကြောင်း အများကြီး ကြားဖူးသော်လည်း လူချင်းတော့ မတွေ့ဖူးခဲ့ပါ။
နောက်ပိုင်း ယန်းမင်အာတို့ နိုင်ငံခြားထွက်သွားကြသောအခါ တွေ့ဖို့ အခွင့်အလမ်း လုံးဝ ရှားပါးသွားခဲ့ပါသည်။
ရှောင်းပေပေက လူကြောက်တတ်သူမဟုတ်သဖြင့် ယန်းမင်အာဆီ လျှောက်သွားပြီး ခေါင်းအစ ခြေအဆုံး အကဲခတ်လိုက်ပါသည်။
ယန်းမင်အာကတော့ ကြော့ကြော့ရှင်းရှင်း ခပ်ပြုံးပြုံးဖြင့် ရပ်နေပြီး ရှောင်းပေပေကို အကဲခတ်ခွင့် ပေးလိုက်ပါသည်။
“နင်က ငါတို့ရဲ့ တတိယယောက်မဖြစ်မယ်။ ငါထင်ထားတာနဲ့ တော်တော်ကွာခြားတာပဲ”။ ရှောင်းပေပေက ရိုးရိုးသားသား ပြောလိုက်ပါသည်။
“ဟင် ယောက်မက ဘယ်လိုထင်ထားလို့လဲ”။ ယန်းမင်အာ ပြန်မေးလိုက်ပါသည်။
“နင်နဲ့ မတ်လေးတို့ ရန်ခဏခဏ ဖြစ်တတ်တယ်လို့ ကြားဖူးတယ်။ နင်က အရမ်းသတ္တိရှိ ကြမ်းကြုတ်ပြီး တခြား မိန်းကလေးတွေ မလုပ်ရဲတဲ့ အလုပ်တွေကို လုပ်နိုင်တယ်တဲ့။ အဲ့တာကြောင့် နင့်ကို Punk-rock ဆန်ဆန် ခပ်မိုက်မိုက် ယောက်ျားလျာလေးလို့ ထင်ထားတာ”
… … …
အခန်း(၁,၀၇၈) ငါ့ယောက်ျားက နင့်ယောက်ျားကို ထိုးတော့မယ်တဲ့
“အင်း အရင်ကတော့ အဲ့လို ပုံစံပါပဲ”။ ယန်းမင်အာ ရှင်းပြလိုက်သည်။
စရိုက်မပြောင်းဘဲ အသွင်အပြင်သာ ပြောင်းလဲသွားရုံ ဖြစ်သော်လည်း ဒုတိယယောက်မနဲ့ ပထမဆုံး တွေ့ဆုံခြင်း ဖြစ်သဖြင့် တည်တည်ငြိမ်ငြိမ်နေပြရမည်ဖြစ်သည်။
“ဟုတ်လား…”။ ရှောင်းပေပေ အနည်းငယ် စိတ်ပျက်သွားမိပါသည်။
ဣန္ဒြေသိက္ခာကြီးသည့် လူတစ်ယောက်ကို သူမ ဘယ်လို ဆက်ဆံရမလဲ သိပ်မသိပါ။
“ဪ ဟုတ်သားပဲ! ငါ့ယောက်ျားနဲ့ နင့်ယောက်ျားကို တွေ့မိသေးလား”။ ရှောင်းပေပေ အရေးကြီးကိစ္စတစ်ခုကို ရုတ်တရက် သတိရသွားခဲ့ပါသည်။
“ကျွန်မယောက်ျားကတော့ အိမ်ပြန်မလာသေးဘူး။ ယောက်မယောက်ျားက စူစူလေးအခန်းထဲ ဝင်သွားတယ် ထင်တယ်။ ဘာကိစ္စရှိလို့လဲ”။ ယန်းမင်အာ မေးလိုက်သည်။
“ဘာကိစ္စမှ မရှိပါဘူး သူတို့ ရန်ဖြစ်တာကို ကြည့်ချင်လို့!”။ ရှောင်းပေပေ စိတ်လှုပ်ရှားစွာ ပြောလိုက်ပါသည်
“သူတို့… ရန်ဖြစ်တာကို ကြည့်ချင်လို့ ဟုတ်လား”။
“ဟုတ်တယ်! ငါ့ယောက်ျား ဒီကို မလာခင်တုန်းက သူ့ညီနဲ့ စာရင်းရှင်းဖို့ ရှိတယ်လို့ ပြောတယ်။ နှစ် ၂၀ လောက် ချုပ်တည်းထားရတဲ့ ဒေါသက သူ့ကို ကောင်းကောင်း ထိုးကြိတ်ပြီးမှ ပြေနိုင်မှာတဲ့”။
“ခဲအိုက လေ့ကျင့်ခန်းတွေ ဘာတွေလုပ်ထားသေးလား”။ ယန်းမင်အာ စိတ်ပူစွာ မေးလိုက်သည်။
သူမ မှတ်မိသလောက်ဆို ဒုတိယခဲအိုက အားကစားလိုက်စားသူမဟုတ်ပါ။ တိုက်ခိုက်တတ်ဖို့ဆို ပိုတောင် ဝေးပါသေးသည်။ သူ့ရဲ့ ခွန်အားကလည်း သာမန်ယောက်ျားတစ်ယောက်အဆင့်သာ ရှိပါသည်။
သူမယောက်ျားရဲ့ လက်တစ်ဖက်ကို ချုပ်ထားနိုင်ရင်တောင် ကံကောင်းပြီဟု ဆိုနိုင်သည်။
“သူက မသန်မာပါဘူး။ ငပျော့ကြီး။ ငါ့ကိုတောင် မနိုင်လောက်ဘူး”။ ရှောင်းပေပေက ပွင့်ပွင့်လင်းလင်း ပြောလိုက်ပါသည်။
“အဲ့တာဆို… အခြေအနေ မကောင်းဘူးထင်တယ်နော်…”
“ဒါပေါ့ အခြေအနေ ဘယ်ကောင်းပါ့မလဲ!”။ ရှောင်းပေပေက ပြုံးရွှင်စွာ ပြောလိုက်လေသည်။
“အဲ့တာဆို ဒုတိယယောက်မ ဆိုလိုချင်တာက…”
“ငါ့ယောက်ျား အထိုးခံရတာကို ကြည့်ချင်တာ!”။
ကိုယ့်ယောက်ျား အထိုးခံရမှာကို ဒီလောက်ဝမ်းသာနေသည့် ဇနီးမျိုး ယန်းမင်အာ အခုမှ မြင်ဖူးပါသည်။
“ဒုတိယယောက်မ စိတ်မပူပါနဲ့။ ကျွန်မယောက်ျားက သူ့ခွန်အားသူ ထိန်းချုပ်တတ်ပါတယ်။ ခဲအိုကို ထိခိုက်အောင် လုပ်မှာ မဟုတ်ဘူး”။ ယန်းမင်အာ အာမခံလိုက်ပါသည်။
“အဲ့တာဆိုလည်း ငါ့ယောက်ျား အသည်းအသန်ကြိုးစားပေမယ့် နင့်ယောက်ျားကို လက်ဖျားနဲ့တောင် မထိနိုင်တဲ့ ရှက်စရာ မြင်ကွင်းကို ကြည့်လို့ရတာပေါ့!”။ ရှောင်းပေပေ စိတ်ကူးထဲမှာတောင် မြင်ယောင်နေမိပါပြီ။
ပြောပြောဆိုဆိုနဲ့ ရှောင်းပေပေ ဖုန်းထုတ်လိုက်ကာ မှတ်တမ်းတင်ဖို့ အသင့်ပြင်လိုက်ပါသည်။
ယန်းမင်အာ ရယ်မောမိသွားသည်။ ဒုတိယယောက်မက အတော်လေး စိတ်ဓာတ်တက်ကြွပြီး သွက်သွက်လက်လက်လည်း ရှိသည်။
“ဪ!”။ ရှောင်းပေပေ ရုတ်တရက် ရေရွတ်လိုက်သည်။ “ဒီနေ့ စူစူလေးကို သွားမတွေ့ရသေးဘူးပဲ! စူစူလေးကို သွားဖက်ရဦးမယ်! အဲ့ဒီကောင်စုတ် လက်ဦးသွားပြီထင်တယ်!”
ဒီလိုနဲ့ ယန်းမင်အာ၏ လက်ကိုဆွဲပြီး စူစူလေး အခန်းထဲသို့ ရှောင်းပေပေ ပြေးဝင်လာခဲ့တော့သည်။
ထိုအချိန်တွင် စူစူလေးနဲ့ ချင်းယန်ကျစ်တို့က လုကျန်းယွီကို ရှာဖွေရန် ပေကျင်းမြို့သို့ သွားဖို့ ဆွေးနွေးပြီးနေပြီ ဖြစ်သည်။
ယောက်မနှစ်ယောက် ဝင်လာသောအခါ စူစူလေး စကားပြောချိန်တောင် မရလိုက်ဘဲ ရှောင်းပေပေ၏ ပွေ့ချီမှုကို ခံလိုက်ရပါသည်။
ထို့နောက် သူမ မျက်နှာလေး အနမ်းမိုးတွေအောက်မှာ ပိပြားသွားရသည်။
“အီး…”။ စူစူလေး သနားစရာကောင်းစွာ ငြီးတွားလိုက်မိလေသည်။
ဒုတိယယောက်မ လုပ်ပြန်ပြီ…။
ရှောင်းပေပေ၏ အပြုအမူကြောင့် ယန်းမင်အာ ကြက်သေသေသွားရပါသည်။
သူမကိုယ်သူမ သွက်လက်လှပြီဟု ထင်ထားခဲ့သော်လည်း ဒုတိယယောက်မက ပိုဆိုးနေပါသည်။
စူစူလေးရဲ့ မျက်နှာတစ်ခုလုံးကို အနမ်းမိုးချွေနေသည့် မိန်းမဖြစ်သူကို မြင်ကာ ချင်းယန်ကျစ် အမြန်ဝင်တားလိုက်ပါသည်။ “ပေပေ မင်းမရီးဆီ သတင်းသွားမေးမလို့ဆို။ ဘာလို့ အစောကြီး ပြန်ထွက်လာတာလဲ”
“ဘာမှ မစောဘူး။ ရှင်က စူစူလေးကို အကြာကြီး အပိုင်သိမ်းထားတာကိုး!”။ ရှောင်းပေပေ ပြန်ချေပလိုက်ပါသည်။
“၁၀ မိနစ်ကျော်ကျော်ပဲ ရှိပါသေးတယ်ဟ”
“၁၀ မိနစ်ဆိုတာ နည်းသလား။ မရီးက အခု အားနည်းနေသေးတယ်။ အဲ့တာကြောင့် သူ့အနားယူချိန်ကို နှောင့်ယှက်တာ မကောင်းဘူးလေ”။ ရှောင်းပေပေ အကြောင်းပြချက်ပေးလိုက်ပါသည်။
ထို့နောက် ရှောင်းပေပေ စကားလမ်းကြောင်း အမြန်လွှဲလိုက်လေသည်။ “ဒါနဲ့ ရှင်ပဲ ရှင့်ညီနဲ့ နှစ် ၂၀ ကျော်ကြာ အငြှိုးအတေးကို စာရင်းရှင်းတော့မယ်ဆို”။
… … …
အခန်း(၁,၀၇၉) ချင်းယန်ကျစ်နဲ့ ချင်းယွင်ကျစ်တို့ရဲ့ ရန်ပွဲ (၁)
“စာရင်းရှင်းမယ်ဟုတ်လား ဘာစာရင်းလဲ”။ စူစူလေး အူတူတူဖြင့် ဝင်မေးလိုက်လေသည်။
“ဘာမှမဟုတ်ဘူး ဘာမှမဟုတ်ဘူးနော် စူစူလေး။ စိတ်မပူနဲ့။ စူစူလေးယောက်မနဲ့ အစ်ကိုလတ်တို့ နောက်နေကြတာ”။ ချင်းယန်ကျစ် အမြန်ရှင်းပြလိုက်ပါသည်။ ညီအစ်ကိုနှစ်ယောက် ရန်ဖြစ်တော့မည်ဟု စူစူလေး ထင်သွားမှာ စိုးရိမ်တာကြောင့် ဖြစ်သည်။
သို့သော်လည်း ရှောင်းပေပေက စူစူလေးကို တဲ့တိုး ပြောလိုက်လေသည်။ “စူစူလေးရဲ့ အစ်ကိုငယ်က အရမ်း ဆိုးတာ။ နှစ် ၂၀ ကျော်ကြာမှ အိမ်ပြန်လာတယ်။ အဲ့တာကြောင့် အစ်ကိုလတ်က သူ့ကို ဆုံးမချင်နေတာကြာပြီ။ အခု သူ ပြန်ရောက်လာပြီဆိုတော့ ကောင်းကောင်း ထိုးကြိတ်ပြီး ဒေါသကို ဖြေလျှော့လို့ ရပြီလေ”။
ဟင်။ အစ်ကိုလတ်လည်း အစ်ကိုငယ်ကို စိတ်ဆိုးနေတာလား…
ဟုတ်သားပဲ! အစ်ကိုငယ်ဆိုတာ အစ်ကိုလတ်ရဲ့ ညီပဲဥစ္စာ။ ညီဖြစ်တဲ့သူက အချိန်အကြာကြီး အိမ်ပြန်မလာတော့ စိတ်ဆိုးမှာပေါ့…။
ဘယ်လိုလုပ်ရမလဲ… သူများတွေကို အဲ့ဒီကိစ္စပြောမပြပါဘူးလို့ အစ်ကိုငယ်ကို ကတိပေးထားတယ်…
ခေတ္တစဉ်းစားပြီးနောက် စူစူလေး မေးလိုက်ပါသည်။ “အစ်ကိုလတ်က တိုက်တာခိုက်တာ တော်လား”
စူစူလေးလည်း ယန်းမင်အာလို မေးခွန်းမျိုး မေးလိုက်လေသည်။
“သူက အရမ်းပျောာ့ညံ့တယ်။ မတ်လေး ပြန်မတိုက်ခိုက်မှ သူနိုင်နိုင်ချေရှိမှာ”။ ရှောင်းပေပေက အမှန်တရား ပြောလိုက်ပါသည်။
“ပေပေ!”။ ချင်းယန်ကျစ် ရှက်သွေးဖြာသွားလေသည်။
သူ့မိန်းမ ဘာဖြစ်နေတာလဲ။
သူများတွေရှေ့မှာဖဲ့တာ ကိစ္စမရှိပေမယ့် ညီမလေးရှေ့မှာ ဘာလို့ အရှက်ခွဲနေတာလဲ!
ညီမလေးစိတ်ထဲ သူငပေါကြီးဖြစ်သွားရင် ဘယ်သူတာဝန်ယူမှာလဲ။
“အဲ့တာဆို သူ့ကို ထိုးလိုက်! အားပြင်းပြင်းနဲ့ ထိုးလိုက်! ဒါပေမယ့် ထိုးပြီးရင်တော့ စိတ်မဆိုးနဲ့တော့နော်”။ စူစူလေး ထောက်ခံလိုက်ပါသည်။
အစ်ကိုလတ်က မသန်မာလျှင် ကိစ္စမရှိပါ။ အစ်ကိုငယ် ကြီးကြီးမားမား ထိခိုက်မှာ မဟုတ်ပေ။
စိတ်ကြိုက် ထိုးကြိတ်ပြီးနောက် စိတ်မဆိုးတော့သည့်အခါ အားလုံး ပျော်ရွှင်သွားလိမ့်မည်။
ယန်းမင်အာကလည်း သဘောတူပါသည်။ “အင်း ကျွန်မယောက်ျားကို ဖုန်းဆက်လိုက်မယ်။ အထိုးခံဖို့ ဘယ်တော့ လာမလဲ မေးလိုက်မယ်”
ယောက်ျားဖြစ်သူတွေကို အကွက်ဆင်သည့်နေရာမှာ ယန်းမင်အာနဲ့ ရှောင်းပေပေတို့က အဆင့်တူညီပါသည်။
ဖုန်းဆက်ပြီးနောက် ချင်းယွင်ကျစ်က ချင်းအိမ်တော်ကို ပြန်တောင်ရောက်နေပါပြီ။
“ဒါဆို မြန်မြန်လာခဲ့”။ စူစူလေးက ပြောလိုက်သည်။
ရန်မြန်မြန်ဖြစ်ပြီး မြန်မြန်အဆင်ပြေသွားတာကို သူမ မြင်ချင်ပါသည်။
ချင်းယန်ကျစ် စိတ်ဓာတ်ကျသွားသည်။ ညီဖြစ်သူနဲ့ စာရင်းရှင်းဖို့ စိတ်ကူးရှိခဲ့သော်လည်း ထိုးမည်ကြိတ်မည်ဆိုတာ စကားအဖြစ်ပြောရုံသာ ရှိသည်။
သူ့အကြောင်းသူ ကောင်းကောင်းသိပါသည်။ ခွန်အားပိုင်းနဲ့ ပတ်သတ်လာပါက ညီဖြစ်သူကို မယှဉ်နိုင်ပါ။ ကျောက်တုံးကို ကြက်ဥနဲ့ထုသလိုမျိုး၊ ဒူးရင်းသီးကို ငှက်ပျောသီးနဲ့ ထုသလိုမျိုးဖြစ်သည်။ တစ်ဖက်လူက ပြန်မတုန့်ပြန်ရင်တောင် သူ နာကျင် ထိခိုက်ရပါလိမ့်မည်။
သို့သော် စူစူလေးရဲ့ စိတ်လှုပ်ရှားနေသော မျက်နှာလေးနဲ့ မိန်းမဖြစ်သူရဲ့ ပျော်ရွှင်မြူးထူးနေသော မျက်နှာတို့ကို ကြည့်လိုက်သောအခါ…
ဒီတိုက်ပွဲမှာ သူနောက်ဆုတ်လို့ မဖြစ်ပါ။ နောက်ဆုတ်လိုက်ပါက သိက္ခာကျသွားလိမ့်မည်။
ထို့ကြောင့် ချင်းယန်ကျစ် အံကြိတ်ရင်း အောက်ထပ်သို့ ဆင်းလာခဲ့ပါသည်။
ချင်းယွင်ကျစ်က လှေကားအောက်ဆုံးထပ်မှ သူတို့ကိုစောင့်ကြည့်နေပါသည်။
နောက်ဆုံးတော့ သူ့အစ်ကို ချင်းယန်ကျစ်ဆီ အကြည့်ရောက်သွားသည်။ ညီအစ်ကိုနှစ်ယောက် မတွေ့ရတာ နှစ်ပေါင်းများစွာ ကြာနေပါပြီ။
ချင်းယွင်ကျစ်တို့ တရုတ်ကို ပြန်လာတာ ၃ လကျော်နေပြီ ဖြစ်သော်လည်း ချင်းယန်ကျစ်က ပေကျင်းမြို့မှာ နေထိုင်နေတာ ဖြစ်သဖြင့် သူ့ညီနဲ့ မတွေ့ရသေးပါ။
ချင်းယန်ကျစ်ကလည်း ချင်းယွင်ကျစ်ကို ကြည့်နေပါသည်။ ယခင်တုန်းကထက် ပိုကြံ့ခိုင်လာသည်။ ပိုရင့်ကျက်လာသည်။ အေးတိအေးစက်လည်း ပိုနိုင်လာပါသည်။
ယခင်တုန်းက သူစိမ်းတွေသာ ချင်းယွင်ကျစ်နား မကပ်ရဲကြတာဖြစ်သည်။ အခုတော့ ချင်းယန်ကျစ်တောင် သူ့ညီနား ကပ်ဖို့ တွန့်ဆုတ်နေပါသည်။
ဒီလိုကောင်မျိုးကို ထိုးလိုက်ရင် ငါ့လက်ပါ ကျိုးသွားမလား…
ကိစ္စမရှိပါဘူး… ညီမလေး စောင့်ကြည့်နေတယ်။ အရှက်ကွဲလို့ မဖြစ်ဘူး။
“အဟမ်း”
ချင်းယန်ကျစ် လည်ချောင်းရှင်းလိုက်ပြီး ဒေါသထွက်နေသည့် လေသံမျိုးဖြင့် ချင်းယွင်ကျစ်ကို ပြောလိုက်ပါသည်။
“မင်းဘာကြည့်တာလဲ။ မင်းအစ်ကိုကို မမှတ်မိဘူးလား! ဆန်ကုန်မြေလေးကောင်! ဟုတ်တာပေါ့ နှစ် ၂၀ လောက် မိသားစုကို ရှောင်နေတဲ့ကောင်က ဘယ်သူ့ကို မှတ်မိဦးမှာလဲ!”
… … …
အခန်း(၁,၀၈၀) ချင်းယန်ကျစ်နဲ့ ချင်းယွင်ကျစ်တို့ရဲ့ ရန်ပွဲ (၂)
“မမေ့သေးပါဘူး။ မေ့လည်း မမေ့ရဲပါဘူး”။ ချင်းယွင်ကျစ် ပြန်ပြောလိုက်လေသည်။
“ဟင်း စကားနဲ့ ပြောတော့ လွယ်တာပေါ့”။ ချင်းယန်ကျစ် မကျေမနပ် ပြန်ပြောလိုက်ပါသည်။
“တကယ်ပြောတာပါ”
“စကားလုံး ချိုချိုလေးတွေနဲ့ လာပြောနေလို့ ဘာမှအသုံးမဝင်ဘူးကွ! လက်သီးနဲ့ပဲ စကားပြောလိုက်ရအောင်! လာစမ်း စူစူလေးရဲ့ Gym ဆီသွားကြမယ်”
ချင်းယန်ကျစ်က အသံကျယ်ကျယ်ကို အသုံးပြုကာ ကြောက်စိတ်ကိုဖုံးဖိလိုက်ပါသည်။
“အွန်း! လိုက်ခဲ့ သမီးလမ်းပြမယ်!”
စူစူလေးက လက်မြှောက်ကာ ပြောလိုက်ပြီး ရှောင်းပေပေလက်ထဲမှ ခုန်ဆင်းကာ အစ်ကိုနှစ်ယောက်ကို ခေါ်၍ Gym ဆီ လမ်းပြလိုက်ပါသည်။
ချင်းယန်ကျစ်လည်း သူ့ညီမလေးနောက် လိုက်သွားရသည်။
ချင်းယွင်ကျစ်က ဘာမှမပြောဘဲ သူ့အစ်ကိုဘေးမှာ ကပ်လျှောက်လာခဲ့ပါသည်။
ရှောင်းပေပေနဲ့ ယန်းမင်အာတို့ကတော့ ရယ်မောနေကြသည်။ တစ်ယောက်ရယ်သံတစ်ယောက်ကြားပြီး ယောက်မ နှစ်ယောက် အချင်းချင်း ပြန်ကြည့်ကာ ပိုမိုကျယ်လောင်စွာ ရယ်မောလိုက်ကြပါသည်။
စူစူလေး၏ Gym ဆီ ရောက်သောအခါ ကော်ဇောခင်းထားသည့် နေရာတစ်ခုသို့ စူစူလေး ညွှန်ပြလိုက်ပြီး ပြောလိုက်သည်။ “အစ်ကိုလတ်နဲ့ အစ်ကိုငယ်တို့ အဲ့မှာချကြ။ ကြမ်းပြင်ပေါ် ပြုတ်ကျရင် မနာဘူး”
စူစူလေး ညွှန်ပြသည့်နေရာသို့ ချင်းယန်ကျစ်နဲ့ ချင်းယွင်ကျစ်တို့ လျှောက်သွားလိုက်ကြသည်။
မျက်နှာချင်းဆိုင် ရပ်ပြီးနောက် ချင်းယန်ကျစ်၏ ပုံစံက ခွတီးခွကျဖြစ်နေပါသည်။
“အစ်ကိုလတ်က ဘယ်လို တိုက်ခိုက်ချင်လို့လဲ”
ချင်းယန်ကျစ်၏ အခက်အခဲကို သတိထားမိသဖြင့် ချင်းယွင်ကျစ် မေးလိုက်ပါသည်။
“မင်းဘာမှ မေးစရာမလိုဘူး။ ငါက အစ်ကို၊ မင်းကညီ။ မင်းမလိမ္မာရင် ဆုံးမရမှာ ငါ့တာဝန်ပဲကွ!”
ချင်းယန်ကျစ် လူရှိန်စရာကောင်းအောင် အသံကျယ်ကျယ်ဖြင့် ထပ်ပြောလိုက်ပါသည်။
သိုင်းတွေဘာတွေ နားမလည်ဘဲ ချင်းယွင်ကျစ်၏ ရင်ဘတ်တည့်တည့်ကို သူပြေးထိုးလိုက်သည်။
ချင်းယွင်ကျစ်က ရှောင်လည်းမရှောင် လှုပ်လည်းမလှုပ်ပါ။
ချင်းယွင်ကျစ်၏ ရင်ဘတ်ကို လက်သီးဖြင့် ထိုးမိသောအခါ ချင်းယန်ကျစ် ကြက်သေသေသွားခဲ့ရသည်။
ဘာကြီးလဲ… ဒါကျောက်တုံးကြီးလား…
နာလိုက်တာ… ငါ့လက်ချောင်းတွေ ကျိုးသွားသလို ခံစားရတယ်…
ချင်းယန်ကျစ် မျက်နှာရှုံ့မဲ့မသွားအောင် မနည်းထိန်းထားရသည်။ အော်ချင်သော်လည်း ရင်ထဲမှာသာ အော်ဟစ်လိုက်ပါသည်။
လခွီးထဲမှ… သူ့ညီ နိုင်ငံခြားမှာ ဘာတွေ စားလာတာလဲ။
ခန္ဓာကိုယ်က ဘာလို့ ဒီလောက် မာကျောနေရတာလဲ။
ဒီကောင်ငယ်ငယ်လေးကတည်းက အနိုင်ကျင့်ထားခဲ့ရင်ကောင်းသား!
အခုတော့ ထိလို့တောင် မရတော့ဘူး!
“အစ်ကိုလတ် အားတင်းထား! ကြိုးစားထား!”
ဘေးမှာ စူစူလေးက ချင်းယန်ကျစ်ကို အားပေးနေပါသည်။
ရှောင်းပေပေက ယောက်ျားဖြစ်သူရဲ့ အခြေအနေကို ဖုန်းဖြင့် ဗီဒီယိုရိုက် မှတ်တမ်းတင်ရင်း ယန်းမင်အာကို ရယ်မောကာ ပြောလိုက်သည်။
“ကြည့်ပါဦး။ ငါ့ယောက်ျား မျက်နှာကြီး တည်သွားတာ! သူ့ရင်ထဲ ငိုယိုဆဲဆိုနေလောက်ပြီ!”
ယန်းမင်အာလည်း ရယ်မောကာ ရှင်းပြလိုက်ပါသည်။ “ကျွန်မယောက်ျားကလည်း ဟန်ဆောင်ကောင်းတယ်။ သူ့ပုံစံက အပေါ်ယံမှာ တည်ငြိမ်နေတဲ့ပုံစံပေါက်ပေမယ့် ရင်ထဲမှာတော့ သူ့အစ်ကိုအတွက် စိတ်မကောင်းဖြစ်နေမှာ သေချာတယ်။ သူ့မိသားစု ပင်ပန်းဆင်းရဲနေတာကို မြင်ရတာ အမုန်းဆုံးပဲလေ”
“ဟုတ်တယ်နော်။ ချင်းမိသားစုက ယောက်ျားလေးတွေ အကုန်လုံး တော်တော်ခေါင်းမာပြီး မာနကြီးကြတယ်။ ဒါပေမယ့် ခေါင်းမာတဲ့ပုံစံချင်းတော့ မတူဘူးပေါ့”။ ရှောင်းပေပေ ထောက်ခံလိုက်ပါသည်။
“ဟုတ်တယ် ဟုတ်တယ်။ သူတို့ကိုက အကျင့်မကောင်းတာပါ!’။ ယန်းမင်အာကလည်း အပြည့်အဝ ထောက်ခံလေသည်။
ချင်းယန်ကျစ် လက်နာကျင်မှုကို အောင့်ခံရင်း ချင်းယွင်ကျစ်ကို ထပ်ထိုးလိုက်ပါသည်။
ဒီတစ်ခါတော့ ချင်းယွင်ကျစ် ရှောင်လိုက်သည်။ ထို့နောက် သူ့ညာဘက်ခြေထောက်ကို ဘယ်ဘက်ခြေထောက်ဖြင့် မတော်တဆ နင်းမိချင်ယောင်ဆောင်ပြီး ဟန်ချက်ပျက်ကာ ကော်ဇောပေါ် လဲကျသွားခဲ့ပါသည်။
ရှောင်းပေပေနဲ့ ယန်းမင်အာတို့ မယုံကြည်နိုင်အောင် ဖြစ်သွားကြလေသည်။
သရုပ်ဆောင်ညံ့လိုက်တာ!
စူစူလေးတစ်ယောက်တည်းသာ ဒီလောက်ဆိုးရွားသည့် သရုပ်ဆောင်စွမ်းရည်ကို ယုံကြည်သွားသည်။ သူမ အစ်ကိုငယ်အတွက် တကယ် စိတ်ပူသွားပါသည်။
“အစ်ကိုငယ် ဘာဖြစ်သွားသေးလဲ!”
… … …